Transparency Myanmar

transparency.myanmar@gmail.com

The Straits Times, 1st October 2010

မြန်မာ့ ဒီမိုကရေစီ အရေး လှုပ်ရှား တက်ကြွသော အမေရိကန် လွှတ်တော် အမတ်တစ်ဦးက မြန်မာစစ်ဖက် အစိုးရသည် ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ပေးမည်ဟု သတင်းလွှင့်ပြီး ၎င်းတို့၏ ရွေးကောက်ပွဲ အတုကို တရားဝင် အသိအမှတ် ပြုခံရအောင် ပရိယာယ် ဆင်နေသည်ဟု ကြာသပတေးနေ့တွင် စွပ်စွဲလိုက်သည်။

နိုဝင်ဘာလတွင် ရွေးကောက်ပွဲ အပြီး ရက်ပိုင်းအတွင်း ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ပေးမည် ဖြစ်ကြောင်း မြန်မာနိုင်ငံမှ တာဝန်ရှိသူ အချို့က ပြောကြားခဲ့သည်ဟု သိရှိရသည်။ သူမ၏ ပါတီ ၁၉၉၀ ရွေးကောက်ပွဲတွင် အောင်ပွဲခံခဲ့ပြီးနောက် အစိုးရက ပါတီကို အာဏာ လွှဲမပေးဘဲ ပါတီခေါင်းဆောင် သူမကို ယခုအချိန်အထိ ဖမ်းဆီး ထိန်းသိမ်းထားခဲ့ခြင်း ဖြစ်သည်။

"ဒီကိစ္စဟာ မြန်မာ စစ်အစိုးရရဲ့ "ဖမ်းတမ်း လွှတ်တမ်း ကစားပွဲ"လို့ အရင်ကတည်းက ကျွန်တော်တို့ ရှုမြင်ထားပါတယ်။ သူတို့က အပြောင်းအလဲကို ဗန်းပြ ဖန်တီးဖို့ အတွက် ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ပေးပြီးရင် သူမကို တရားမျှတမှု ကင်းမဲ့စွာ ထပ်ပြီး ဖမ်းဆီးလေ့ ရှိပါတယ်" ဟု မြန်မာ အစိုးရ အပေါ် ပြင်းထန်စွာ ဒဏ်ခတ် အရေးယူမှုကို ထောက်ခံသူ နယူးယောက် ဒီမိုကရက်တစ် လွှတ်တော်အမတ် Joseph Crowley က ပြောကြားသည်။

"တကယ်လို့ စစ်အစိုးရက အပြောင်းအလဲ ပြုလုပ်ဖို့နဲ့ ဒီမိုကရေစီ ပြည့်ဝမျှတတဲ့ ရွေးကောက်ပွဲတွေ ကျင်းပပေးဖို့ အမှန်တကယ် လိုလားတယ် ဆိုရင် သူမနဲ့ သူမရဲ့ ပါတီဝင်တွေကို အခု လွှတ်ပေးရမှာပါ၊ အခုတော့ သူမကို လွှတ်ပေးမယ်လို့ ပြောတာဟာ မမျှတတဲ့ ရွေးကောက်ပွဲတွေ တရားဝင်အောင် ပရိယာယ် ဆင်မှု တစ်ခု ဖြစ်နေကာ စစ်အစိုးရက အာဏာကို ဆက်လက် ရယူဖို့အတွက် ဘာမဆို လုပ်မယ်၊ ပြောမယ် ဆိုတဲ့အချက် ထင်ရှားနေတာ တို့ကတော့ စိတ်မကောင်း စရာပါပဲ" ဟု Crowley က ဆိုသည်။

ဒေါ်အောင်ဆန်းစုကြည်၏ NLD ပါတီက ရွေးကောက်ပွဲသည် စစ်အုပ်ချုပ်ရေးကို တရားဝင်စေမည့် လီဆယ်မှု တစ်ခုဟု ပြစ်တင် ဝေဖန်ကာ နိုဝင်ဘာ ၇ ရက် ရွေးကောက်ပွဲကို သပိတ် မှောက်ထားသည်။ အမေရိကန် ပြည်ထောင်စု သမ္မတ ဘားရက် အိုဘားမား အစိုးရကလည်း မြန်မာ အစိုးရအား ပစ်ပယ်ခြင်းထက် ယခုနည်းဖြင့် သိမ်းသွင်းရန် ရည်ရွယ်ကာ ဒိုင်ယာလော့ ဆွေးနွေးမှုကို ယခင်နှစ်က စတင်ခဲ့သော်လည်း လာမည့် ရွေးကောက်ပွဲ၏ လက်ခံ ယုံကြည်နိုင်မှု သိက္ခာအပေါ် သံသယ ရှိကြောင်း ထုတ်ဖော် ပြောကြားထားသည်။

သို့သော်လည်း အိန္ဒိယ အမျိုးသား လုံခြုံရေး အကြံပေး Shivshankar Menon က မြန်မာ ရွေးကောက်ပွဲသည် ဒီမိုကရေစီသို့ ရှေ့ရှုသည့် အရေးပါသော အဆင့်တစ်ဆင့် ဖြစ်နိုင်ကြောင်း ကြာသပတေးနေ့က ဝါရှင်တန်တွင် ပြောကြားခဲ့သည်။ အိန္ဒိယသည် ၎င်း၏ အရှေ့ဖက် အိမ်နီးချင်း မြန်မာနိုင်ငံနှင့် တွေ့ဆုံ ညှိနှိုင်းရေး မူဝါဒကို လတ်တလော ပြောင်းလဲ ကျင့်သုံးနေသည့် နိုင်ငံ ဖြစ်သည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

0 comments:

Post a Comment