Transparency Myanmar

transparency.myanmar@gmail.com

နှစ်နိုင်ငံ နယ်စပ် ဒေသ လုံခြုံရေး တင်းကြပ်ရန် ဟူသော ဦးတည်ချက်ဖြင့် အိန္ဒိယနှင့် မြန်မာ အစိုးရ အရာရှိများ တွေ့ဆုံ ဆွေးနွေးပွဲကို ဒီဇင်ဘာလ ၁၄ ရက်နေ့က မီဇိုရမ် ပြည်နယ် အရှေ့ပိုင်း၊ Champha မြို့ မဟာမင်းကြီး ရုံးတွင် ကျင်းပ ပြုလုပ်ခဲ့ကြောင်း သိရသည်။ ယင်းဆွေးနွေးပွဲကို နယ်စပ်ဒေသ ပြန်ကြားရေး အရာရှိကြီးများ ပထမဆုံး ဆွေးနွေးပွဲဟု ခေါ်ပြီး ဆွေးနွေးပွဲ၌ နယ်စပ်ဒေသ လုံခြုံရေးနှင့် မီဇိုရမ်ဒေသ ထိရောက်သော စီမံ ခန့်ခွဲမှုများ ကျင့်သုံးရေးကို အဓိကထား ဆွေးနွေးခဲ့ကြောင်း တရားဝင် ကြေညာချက် ထုတ်ပြန်သည်။

ဆွေးနွေးပွဲ၌ အိန္ဒိယ ကိုယ်စားလှယ်များ အဖွဲ့ကို ပြည်ထဲရေး ဝန်ကြီးဌာန ပူးတွဲ အတွင်းရေးမှူး S Singh က ဦးဆောင်ပြီး မြန်မာ အာဏာပိုင်များ အဖွဲ့ကို ချင်းပြည်နယ် အုပ်ချုပ်ရေးမှူး ဦးနေအောင်က ဦးဆောင်ကြောင်း၊ လုံခြုံရေး ကိစ္စများ၊ မူးယစ်ဆေးဝါး မှောင်ခိုကူးမှု တားဆီး ကာကွယ်ရေး၊ နယ်စပ်ဒေသ စီမံခန့်ခွဲရေး အစရှိသည် တို့ကို ဆောက်ရွက်ရန် အသေးစိတ် ဆွေးနွေးခဲ့ကြကြောင်း ကြေညာချက်တွင် ဖော်ပြထားသည်။

ဦးနေအောင်က မိမိသည် ချင်းပြည်နယ်ကိုသာ ကိုယ်စားပြုသူ ဖြစ်ပြီး ဆွေးနွေးပွဲ၌ ညှိနှိုင်းသော အရေးကိစ္စများကို မြန်မာ အဆင့်မြင့် အာဏာပိုင်ကြီး များထံသို့ အစီရင်ခံ တင်ပြသွားမည် ဖြစ်သည်ဟု အိန္ဒိယ ကိုယ်စားလှယ်များကို ပြောကြားသည်။ ချင်းပြည်နယ် အာဏာပိုင်များနှင့် Champha ခရိုင်ဒေသ အာဏာပိုင်များ အကြား အပြန်အလှန် အဆက်အသွယ် ရရှိနိုင်ရေး အတွက် Code Division Multiple Access (CDMA) ဆယ်လူလာ ဆက်သွယ်ရေး စနစ် အသုံးပြုရန် အစည်းအဝေးတွင် သဘော တူညီမှု ရရှိခဲ့သည်။

ဆွေးနွေးပွဲတွင် အဆိုပါ CDMA ဆက်သွယ်မှုစနစ် လက်တွေ့ အသုံးပြုပုံများ ကိုလည်း ပြုလုပ်ခဲ့ကြသည်။ နယ်စပ် ဖြတ်ကျော် အကြမ်းဖက် သမားများ လှုပ်ရှားမှုနှင့် မီဇိုရမ်မှ တစ်ဆင့် လက်နက် မှောင်ခိုကူးမှု ကိစ္စများကိုလည်း ထည့်သွင်း ဆွေးနွေးခဲ့သည်ဟု ဆိုသည်။

"မီဇိုရမ်သည် အိန္ဒိယ အရှေ့မြောက်ပိုင်း ဒေသတွင် ခွဲထွက်ရေး သမားများ လှုပ်ရှားမှု ကင်းစင်သော နယ်မြေ ဖြစ်သည့်တိုင် အခြားဒေသမှ လက်နက်ကိုင် အကြမ်းဖက် သမားများက ယင်းဒေသကို ခိုလှုံစရာ ဒေသတစ်ခု အဖြစ် အသုံးပြုလျက် ရှိသည်" ဟု ပြည်ထဲရေး ဝန်ကြီးဌာနမှ အရာရှိကြီးများက ထောက်ပြသည်။

နယ်စပ် ဖြတ်ကျော် အကြမ်းဖက် လှုပ်ရှားမှုများ ပပျောက်ရေး တိုက်ဖျက်ရန် နှစ်နိုင်ငံ အာဏာပိုင်များ သဘော တူညီမှု ရရှိခဲ့ကြောင်း ၎င်းတို့၏ အဆိုအရ သိရသည်။ နှစ်နိုင်ငံ အကြား ဆက်သွယ်ရေး ပြုလုပ်ရာတွင် ဘာသာစကား အခက်အခဲ မရှိစေရန် မြန်မာ လုံခြုံရေး အာဏာပိုင်များ အနေဖြင့် Champhai တွင် အင်္ဂလိပ် ဘာသာ သို့မဟုတ် ဟိန္ဒူဘာသာ လေ့လာ သင်ယူမည် ဟုလည်း ဆိုသည်။

လက်ရှိ အနေအထားတွင် မီဇိုဘာသာ စကားကို ကြားခံ ဘာသာစကား တစ်ခုအဖြစ် လက်ခံထားကြသည်။ ဆွေးနွေးပွဲ ပြီးဆုံးသောအခါ အိန္ဒိယ အာဏာပိုင်များက မြန်မာ အာဏာပိုင်များကို လက်ဆောင်များ ပေးအပ်ပြီး အဆိုပါ လက်ဆောင်များတွင် Bolero LX အမျိုးအစား ဗင်ကား တစ်စီး၊ Super Splender မော်တော် ဆိုက်ကယ် သုံးစီး၊ 6KVA ဒီဇယ် မီးစက်တစ်လုံး၊ ကွန်ပျူတာ သုံးလုံးနှင့် ဝါယာလက် စနစ် အစုံခြောက်စုံ တို့လည်း ပါဝင်ကြောင်း၊ ငွေတန်ဖိုးအားဖြင့် ရူပီးငွေ သိန်း ၂၀ တန်ဖိုး ရှိကြောင်း အိန္ဒိယ အာဏာပိုင်များက ဆိုသည်။

နှစ်နိုင်ငံ အာဏာပိုင်များ နောက်တစ်ကြိမ် အစည်းအဝေးကို လာမည့် ၂၀၁၁ ခုနှစ်၊ ဧပြီလတွင် ကျင်းပ ပြုလုပ်ရန် စီစဉ်ထားသည်ဟု သိရသည်။

New Kerala မှ သတင်းကို ဘာသာ ပြန်ဆိုသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

0 comments:

Post a Comment