Transparency Myanmar

transparency.myanmar@gmail.com

BBC News, 16th December 2010

အိန္ဒိယနှင့်​ တရုတ်နိုင်ငံ တို့သည် နှစ်နိုင်ငံကြား ကုန်သွယ်ရေးကို ၂၀၁၀ တွင် ဒေါ်လာ ၆၀ ဘီလီယံ ထားရှိခဲ့ရာမှ ၂၀၁၅ တွင် ဒေါ်လာ ၁၀၀ ဘီလီယံ အထိ တိုးမြှင့်ရန် သဘောတူညီမှု အသစ် ရရှိခဲ့သည်။

နှစ်ဘက် စလုံးက အိန္ဒိယ၏ ကုန်သွယ်မှုတွင် ကွာဟမှုကို လျှော့ချရန် အိန္ဒိယ ပို့ကုန်များ ပိုမို တင်ပို့ရေး အတွက် မြှင့်တင်ရန် သဘောတူခဲ့ကြသည်။

တရုတ် ဝန်ကြီးချုပ် ဝမ်ကြားပေါင်၏ တရားဝင် သုံးရက်တာ အလည် အပတ် ခရီးစဉ်၏ ပထမနေ့တွင်ပင် ကုမ္ပဏီများသည် ဒေါ်လာ ၁၆ ဘီလီယံ တန်ဖိုးရှိ စီးပွားရေး သဘော တူညီချက်များ လက်မှတ် ရေးထိုးနိုင်ခဲ့သည်။

ဝမ်ကြားပေါင်၏ အိန္ဒိယသို့ လာရောက်သော ခရီးစဉ်တွင် တရုတ် စီးပွားရေး လုပ်ငန်းရှင် ၄၀၀ ခန့် လိုက်ပါလာကြသည်။

တရုတ်သည် အိန္ဒိယ၏ အကြီးဆုံး ကုန်သွယ်ဖက် နိုင်ငံ ဖြစ်သည်။

စစ်ရေး တည်ဆောက်မှု

ကြာသပတေးနေ့က လက်မှတ် ရေးထိုးခဲ့သော နှစ်နိုင်ငံ ပူးတွဲ ကြေညာချက်တွင် ၎င်းတို့သည် အခြေခံ အဆောက်အဦ၊ ပတ်ဝန်းကျင်ဆိုင်ရာ၊ သတင်း အချက်အလက် နည်းပညာ၊ တယ်လီဖုန်း ဆက်သွယ်ရေး၊ ရင်းနှီး မြှုပ်နှံမှုနှင့် ငွေကြေး ဆိုင်ရာများတွင် ပူးပေါင်း ဆောင်ရွက်မှု တိုးချဲ့ရန် သဘော တူခဲ့သည်ဟု ဆိုသည်။

တစ်နိုင်ငံစီ၏ အင်အားများကို အပြန်အလှန် အသုံးချ၍ နှစ်နိုင်ငံ အကျိုး ရှိစေမည့် ရလဒ် (win-win result) များ ရလိုကြောင်း ကြေညာချက်တွင် ဖော်ပြထားသည်။

ဝမ်ကြားပေါင်သည် ကြာသပတေးနေ့က အိန္ဒိယ ဝန်ကြီးချုပ် မန်မိုဟန်ဆင်းနှင့် တွေ့ဆုံ ဆွေးနွေးခဲ့ကြသည်။

ခေါင်းဆောင် နှစ်ဦးတို့သည် ကာလ ရှည်ကြာ အငြင်း ပွားနေသော နယ်စပ် ကိစ္စ အပါအဝင် ကိုင်တွယ်ရ ခက်သော ကိစ္စရပ်များကို ဆွေးနွေးခဲ့ကြသည်။

နယ်စပ် ကိစ္စကို ဖြေရှင်းရန် အချိန် လိုအပ်ကြောင်း နှစ်ဖက်စလုံးက ပြောခဲ့သည်။

BBC မှ Sanjoy Majumder က ဒေလီတွင် ပြောကြားခဲ့ရာ၌ တရုတ် ဝန်ကြီးချုပ်၏ ခရီးစဉ်သည် အငြင်းပွားဖွယ် ကိစ္စရပ်များ ရှိနေသေးသော်လည်း အာရှ၏ နိုင်ငံကြီး နှစ်ခုကြား စီးပွားရေး အရ ဆက်ဆံရေး အတွက် အားကောင်းသော ထောက်ခံမှု တစ်ခု ဖြစ်ကြောင်း ပြောခဲ့သည်။

အငြင်းပွားဖွယ် ကိစ္စများတွင် နယ်စပ်တွင် တရုတ်က စစ်အင်အား တည်ဆောက်မှုနှင့် အိန္ဒိယက ဒလိုင်းလားမားအား ထောက်ခံမှုတို့ ပါဝင်သည်။

ဗုဒ္ဓဟူးနေ့ ညနေက မြို့တော် ဒေလီတွင် ကျင်းပ ပြီးစီးသော စီးပွားရေး ကွန်ဖရင့်တွင် Mr. Wen တက်ရောက်ပြီးနောက် နှစ်နိုင်ငံသည် ပါဝါ၊ တယ်လီဖုန်း ဆက်သွယ်ရေး၊ သံမဏိ၊ လေစွမ်းအင်၊ စားနပ်ရိက္ခာနှင့် ရေထွက်ပစ္စည်းများ တန်ဖိုး ဒေါ်လာ ၁၆ ဘီလီယံရှိ စာချုပ် ၅၀ ခန့် လက်မှတ် ရေးထိုးခဲ့ကြသည်။

ယခု လက်မှတ် ရေးထိုးခဲ့သော တန်ဖိုးသည် မကြာသေးမီက အမေရိကန် သမ္မတ Barack Obama အိန္ဒိယသို့ လာရောက်စဉ် အိန္ဒိယနှင့် အမေရိကန် စီးပွားရေး လုပ်ငန်းရှင်များကြားတွင် လက်မှတ် ရေးထိုးခဲ့သော တန်ဖိုး ဒေါ်လာ ၁၀ ဘီလီယံထက် ကျော်လွန်ခဲ့သည်။

"တရုတ်နဲ့ အိန္ဒိယတို့ ဖွံ့ဖြိုး တိုးတက်ရေး အတွက် ကမ္ဘာကြီးမှာ လုံလောက်တဲ့ ကွက်လပ်တွေ ရှိသလို၊ နှစ်နိုင်ငံ ပူးပေါင်း ဆောင်ရွက်ဖို့ လုံလောက်တဲ့ ဧရိယာတွေ ရှိပါတယ်" ဟု Wen က စီးပွားရေး ကွန်ဖရင့်တွင် ပြောကြားခဲ့သည်။

Mr Singh က ပြောကြားရာတွင် နှစ်နိုင်ငံ၏ အားကောင်းသော ပါတနာရှစ်သည် အာရှနှင့် ကမ္ဘာကြီး အတွက် ရေရှည် ငြိမ်းချမ်းမှု၊ တည်ငြိမ်မှု၊ ဖွံ့ဖြိုးတိုးတက်မှုနှင့် အလားအလာကောင်းများ အတွက် များစွာ အထောက်အကူ ပြုကြောင်း ပြောကြားခဲ့သည်။ Mr Singh သည် လွန်ခဲ့သော ငါးနှစ် အတွင်း Mr Wen နှင့် ယခု အကြိမ် အပါအဝင် ၁၁ ကြိမ် တွေ့ဆုံခဲ့ပြီး ဖြစ်သည်။

များပြားလှသော ကိုယ်စားလှယ် အဖွဲ့ကြီး

ယခု တရုတ် ကိုယ်စားလှယ် အဖွဲ့ကြီးသည် မကြာသေးခင် ကာလများက အိန္ဒိယသို့ လာရောက်ခဲ့သော အဖွဲ့ဝင် ၂၁၅ ဦး ပါသော အမေရိကန် သမ္မတ Barack Obama ၏ ကိုယ်စားလှယ် အဖွဲ့၊ အဖွဲ့ဝင် ၆၀ ကျော် ပါဝင်သော ပြင်သစ်သမ္မတ Nicolas Sarkozy နှင့်အဖွဲ့၊ အဖွဲ့ဝင် ၄၀ ခန့် ပါဝင်သော ဗြိတိသျှ ဝန်ကြီးချုပ် David Cameron နှင့် အဖွဲ့များထက် စာလျှင် ပိုမို ကြီးမားသည်။

ကြေညာချက်၌ နှစ်ဘက်စလုံးသည် နှစ်နိုင်ငံ ခေါင်းဆောင်များနှင့် အစိုးရများ အပြန်အလှန် ပုံမှန် လည်ပတ်ရေး ယန္တရားကို ထူထောင်သွားရန် ဆုံးဖြတ်ကြသည်ဟု ဖော်ပြထားသည်။

နှစ်ဦးနှစ်ဖက်က နှစ်နိုင်ငံ ဝန်ကြီးချုပ်များ ကြားတွင် တယ်လီဖုန်း Hot line ဖွင့်လှစ်ခြင်း အတွက် ကြိုဆိုခဲ့ကြပြီး၊ နှစ်နိုင်ငံ အတွက် အရေးကြီးသော ကိစ္စများတွင် နှစ်နိုင်ငံ ခေါင်းဆောင် နှစ်ဦး ပုံမှန် တိုင်ပင် အကြံဥာဏ် ယူရန် သဘောတူခဲ့ကြောင်း ကြေညာချက်၌ ဖော်ပြထားသည်။

ထို့ပြင် နှစ်နိုင်ငံ နိုင်ငံခြားရေး ဝန်ကြီးများ ပုံမှန် အပြန်အလှန် လည်ပတ်ရေး ယန္တရား ထူထောင်ရန် သဘောတူခဲ့ကြသည်။

တရုတ် ဝန်ကြီးချုပ်သည် ကြာသပတေးနေ့တွင် အိန္ဒိယ ပြည်ပရေးရာ ဝန်ကြီး SM Krishna နှင့် ကွန်ဂရက်ပါတီ ခေါင်းဆောင် ဆိုနီယာ ဂန္ဒီတို့နှင့် တွေ့ဆုံမည် ဖြစ်သည်။

သောကြာနေ့တွင် ဝမ်သည် အိန္ဒိယ၏ အိမ်နီးချင်းနှင့် ပြိုင်ဖက်ဖြစ်သော နျူကလီယာ ပိုင်ဆိုင်သည့် ပါကစ္စတန် နိုင်ငံသို့ နှစ်ရက်တာ တရားဝင် လည်ပတ်မည် ဖြစ်သည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

0 comments:

Post a Comment