Transparency Myanmar

transparency.myanmar@gmail.com

The Korea Times, By Nehginpao Kipgen, 23rd May 2010

မြန်မာ အစိုးရ အပေါ် ထားရှိသော အမေရိကန် ပြည်ထောင်စု၏ နိုင်ငံခြားရေး မူဝါဒကို မြန်မာလူထုကရော နိုင်ငံတကာ အသိုင်းအဝိုင်းကပါ အပေါင်းလက္ခဏာဆောင်သော တိုးတက်မှုများ ထွက်ပေါ်လာလေမလားဟု သေချာစွာ စောင့်ကြည့်နေကြသည်။

အဆင့်မြင့် ပုဂ္ဂိုလ်များကြား ဆက်ဆံရေးများ ရှိနေသော်လည်း သမ္မတ Obama သည် မေလ ၁၄ ရက်နေ့က ထိပ်တန်းအမိန့် (Executive Order) ဖြင့် အရေးပေါ် သက်တမ်း တိုးခဲ့သည်။ မေလ ၂၀ ရက်တွင် သက်တမ်း ကုန်ဆုံးမည် ဖြစ်၍ သက်တမ်းတိုးခြင်း ဖြစ်သည်။

အမေရိကန် ကွန်ဂရက်သို့ ပေးပို့သော သတင်းတွင် Obama က ပြောကြားရာတွင် ယခု အရေးယူမှုများနှင့် မူဝါဒများသည် မြန်မာနိုင်ငံအနေဖြင့် အမေရိကန်၏ နိုင်ငံခြားရေး မူဝါဒနှင့် အမျိုးသား လုံခြုံရေးကို သမရိုးကျ မဟုတ်ဘဲ အထူးခြိမ်းခြောက်မှုများ ရှိလာပြီး အမေရိကန်တို့၏ အကျိုးစီးပွားကို ဆန့်ကျင်လာသောကြောင့် ချမှတ်ရခြင်း ဖြစ်ကြောင်း ဖော်ပြထားသည်။

မူလအစ ကြေညာစဉ်က မြန်မာအစိုးရ၏ ဒီမိုကရေစီ အတိုက်အခံကို ဖိနှိပ်ခြင်းများ အပါအဝင်၊ လုပ်ဆောင်မှုများနှင့် မူဝါဒများ၏ အကျိုးဆက်များ ဖြစ်ကြောင်း ဖော်ပြခဲ့သည်။

ပထမဆုံး အမိန့်ကို ၁၉၉၇ ခုနှစ် မေလ ၂၀ ရက်နေ့က ကြေညာခဲ့ပြီး၊ ၎င်းကို ပြန်လည် မွမ်းမံပြီး ချဲ့ထွင်ကာ ထိပ်တန်း အုပ်ချုပ်ရေး အမိန့် အမှတ် ၁၃၃၁၀ ဖြင့် ၂၀၀၃ ခုနှစ် ဇူလိုင်လ ၂၈ ရက်နေ့တွင် ထုတ်ပြန်ခဲ့သည်။ အမိန့်အမှတ် ၁၃၄၄၈ ကို ၂၀၀၇ ခုနှစ် အောက်တိုဘာ ၈ ရက်တွင် လည်းကောင်း၊ အမိန့်အမှတ် ၁၃၄၆၄ ကို ၂၀၀၈ ခုနှစ် ဧပြီလ ၃၀ ရက်တွင်လည်းကောင်း ထုတ်ပြန်ခဲ့သည်။

အဆိုပါ ပိတ်ဆို့ အရေးယူမှုများတွင် အမေရိကန် ရင်းနှီးမြှုပ်နှံမှုများ မြန်မာနိုင်ငံတွင် ပြုလုပ်ခြင်း မပြုရန်နှင့် မြန်မာပို့ကုန်များ အမေရိကန်သို့ တင်ပို့ခြင်း မပြုနိုင်အောင် တားမြစ်ထားသည်။ စစ်အစိုးရနှင့် ပတ်သက်နေသော ပုဂ္ဂိုလ်တစ်ဦးချင်းကိုလည်း ချမှတ်ထားသည်။

ပြီးခဲ့သည့် မေလ ၉ - ၁၀ ရက်နေ့များက အမေရိကန် လက်ထောက် နိုင်ငံခြားရေးဝန်ကြီး Kurt Campbell ၏ မြန်မာပြည် ခရီးစဉ်သည် Obama အစိုးရ၏ မြန်မာနိုင်ငံတွင် စစ်အုပ်ချုပ်သူများနှင့် အတိုက်အခံ အုပ်စုများ အားလုံး ပါဝင်နိုင်သည့် နိုင်ငံရေး ဝန်းကျင်တစ်ခု ဖန်တီးရန် ဆက်လက် ကြိုးစားနေမှုကို ပြသလိုက်ခြင်းပင် ဖြစ်သည်။

မြန်မာနိုင်ငံတွင် ရှုပ်ထွေးနေသော နိုင်ငံရေး အခြေအနေများ ဆက်လက် ဖြစ်ပေါ်နေမှု အပေါ် မြန်မာနိုင်ငံသားများက သာမက အမေရိကန် ပြည်ထောင်စုကပါ စိတ်ပျက်လက်ပျက် ဖြစ်နေခြင်းကို ခံစား သိရှိနိုင်သည်။

မြန်မာနိုင်ငံသို့ ခရီးစဉ် အပြီးတွင် Campbell က ပြောကြားရာ၌ "ကျွန်တော့်ရဲ့ မြန်မာနိုင်ငံ ခရီးစဉ် အဓိက ဦးတည်ချက်ကတော့ ကျွန်တော်တို့ ဆက်ဆံရေး မူဝါဒရဲ့ ရည်ရွယ်ချက်တွေနဲ့ မူတွေကို အလေးအနက်ထား ရှင်းပြလိုတာရယ်။ ဒီနေ့အထိ မြင်တွေ့ရတာတွေက ကျွန်တော်တို့ အထူးစိတ်ပျက်ရခြင်း အတွက် အကြောင်းပြချက်တွေ ချပြချင်တာရယ်ပါပဲ" ဟု ပြောခဲ့သည်။

စစ်အစိုးရ၏ အပြောင်းအလဲ မလုပ်လိုသော သဘာဝကို စိတ်ပျက်သော စကားလုံးများ ဖော်ပြရုံ၊ ဖိအားပေးရုံဖြင့် စစ်ခေါင်းဆောင်များကို ပြောင်းလဲအောင် ပြုလုပ်နိုင်လိမ့်မည် မဟုတ်ပေ။ အမေရိကန်၏ အရေးယူ ပိတ်ဆို့မှုဖြင့် ဗိုလ်ချုပ်များ၏ အကြွင်းမဲ့အာဏာနှင့် လက်ရှိ ၎င်းတို့ ခံစားနေသော အခွင့်ထူးများကို လဲလှယ်ရန် ကြိုးစားမှုကို ဗိုလ်ချုပ်များ စိတ်မဝင်စားလှပေ။

အမေရိကန်၏ အရေးယူမှုများသည် မြန်မာနိုင်ငံအပေါ် ကြီးမားသော သက်ရောက်မှုများ မရှိပေ။ အဘယ်ကြောင့်ဆိုသော် တရုတ်၊ အိန္ဒိယနှင့် အာဆီယံ အဖွဲ့ဝင်နိုင်ငံများမှ ရင်းနှီးမြှုပ်နှံမှုများနှင့် စီးပွားရေးအရ ပူးပေါင်း ဆောင်ရွက်မှုများ ရှိနေခြင်းကြောင့် ဖြစ်သည်။

ယခု ကိစ္စမှာ နိုင်ငံတကာမှ ပူးပေါင်း၍ ချဉ်းကပ်မှု တည်ဆောက်ရန် အရေးကြီးသည်။ Obama အစိုးရသည် မြောက်ကိုရီးယားကို ခြောက်နိုင်ငံ ဆွေးနွေးပွဲဖြင့် စဉ်းစားလျက် ရှိနေသည်။ အဆိုပါ ခြောက်နိုင်ငံတွင် အမေရိကန် ပြည်ထောင်စု၊ ဥရောပသမဂ္ဂ၊ အာဆီယံ၊ တရုတ်၊ အိန္ဒိယနှင့် မြန်မာနိုင်ငံတို့ ပါဝင်သင့်သည်။

အိမ်ဖြူတော် အနေဖြင့် ယခု အရေးယူမှု တစ်ခုတည်းဖြင့်တော့ မြန်မာနိုင်ငံတွင် အောင်မြင်မှု ရရှိလိမ့်မည် မဟုတ်ပေ။ စစ်အစိုးရ အနေဖြင့် ဖိအားပေးမှုများကို အလေးဂရုပြုလာစေရန်

(၁)   ဆွေးနွေးမှု မအောင်မြင်လျှင် အမေရိကန်က စစ်အင်အား အသုံးပြုမည်ဟု အားလုံးက ဆုံးဖြတ်လျှင်

(၂)   ကုလသမဂ္ဂ ချာတာ အခန်း (၇) တွင် စုပေါင်း ဆုံးဖြတ်ချက်အရ ကုလသမဂ္ဂ လုံခြုံရေး ကောင်စီ အဖွဲ့ဝင်များကို ဝင်ရောက် စွက်ဖက် ခွင့်ပြုရန် ကုလသမဂ္ဂကို အမေရိကန်က ပြောနိုင်လျှင်

(၃)   မြန်မာ စစ်ဗိုလ်ချုပ်များကို နိုင်ငံတကာ တရားရုံး (ICC) တွင် ရုံးတင် စစ်ဆေးနိုင်ခဲ့လျှင် ဂရုပြုလာနိုင်သည်။ သို့သော် အထက်ပါ အတိုင်း ဖြစ်လာစေရန် အခွင့်အလမ်း အတော် နည်းပါးသည်။ အနာဂတ်ကို စောင့်ကြည့်လျှင်တောင် မဖြစ်နိုင်ကြောင်း တွေ့ရလိမ့်မည်။

ခိုင်မာသော အပေါင်းလက္ခဏာ ဆောင်သည့် ရလဒ်များ ထွက်ပေါ်လာခြင်း မရှိသည့်တိုင် အမေရိကန်၏ ဆက်ဆံရေး မူဝါဒမှ ကြိုဆိုသင့်သော ချဉ်းကပ်မှု တစ်ခု ဖြစ်သည်။ အဆိုပါ မူဝါဒအား မြန်မာလူမျိုးများ အပါအဝင် စစ်အစိုးရကရော တိုင်းရင်းသားများ အပါအဝင် အတိုက်အခံများကပါ ထောက်ခံကြသည်။

နှစ်ပေါင်းများစွာ ဖိအားပေးမှုများ ဝေဖန်မှုများနှင့် ရင်ဆိုင်နေသည့် ကြားမှ စစ်အစိုးရသည် နိုင်ငံတကာတွင် ၎င်းတို့ တရားဝင်စေရေး ကြိုးစားမှု အနေဖြင့် အထွေထွေ ရွေးကောက်ပွဲ ကျင်းပရန် ပြင်ဆင်လျက် ရှိသည်။

၁၉၉၀ ခုနှစ်က ရွေးကောက်ပွဲတွင် သင်ခန်းစာ ရခဲ့ပြီး ဖြစ်၍ စစ်တပ်သည် ထိုကဲ့သို့ ပြန်မဖြစ်ရန် ပြင်ဆင်လျက် ရှိသည်။ ၎င်းတို့၏ အာဏာဆုပ်ကိုင်မှု တည်မြဲရေး အတွက်၊ အစိုးရသည် အခြေခံ ဥပဒေတွင် ပါလီမန်၏ ၂၅ % ကို စစ်တပ် အတွက် နေရာပေးရန် ထည့်သွင်းရေးဆွဲခဲ့သည်။

တဖန် အစိုးရသည် ဒေါ်အောင်ဆန်းစုကြည်နှင့် အခြားနိုင်ငံရေး အကျဉ်းသားများကို ရွေးကောက်ပွဲ ဥပဒေဖြင့် မပါဝင်နိုင်ရန် ပြုလုပ်ခဲ့သည်။ ထို့ကြောင့်ပင် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်နှင့် ရှမ်းအမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်တို့ကဲ့သို့ ပါတီများ ဖျက်သိမ်းသွားခဲ့သည်။ ၎င်းတို့ပါတီကြီး နှစ်ခုသည် ၁၉၉၀ ရွေးကောက်ပွဲ၌ အမတ်နေရာ အများဆုံးနှင့် ဒုတိယ အများဆုံး ရရှိထားသော ပါတီကြီးများ ဖြစ်သည်။

အဆိုပါ ပါတီကြီးများ ယခုလာမည့် ရွေးကောက်ပွဲတွင် ပါဝင်ခြင်း မပြုသည့် အတွက် စစ်အစိုးရအဖို့ ဝမ်းသာနေသည့် နည်းတူ စိတ်ကသိကအောက် ခံစားရသည်။ ၎င်းတို့ မပါဝင်သည့် အတွက် စစ်တပ်မှ ရွေးကောက်ပွဲတွင် အနိုင်ရနိုင်ပေသည်။

အကယ်၍ အမေရိကန် ပြည်ထောင်စုနှင့် ဥရောပ သမဂ္ဂ အပါအဝင် နိုင်ငံတကာက ကန့်သတ်မှုများသော ရွေးကောက်ပွဲ ဥပဒေအရ ကျင်းပမည့် ရွေးကောက်ပွဲ ရလဒ်ကို အသိအမှတ် မပြုရန် ဆုံးဖြတ်ခဲ့လျှင် အစိုးရ လိုလားသော နိုင်ငံတကာတွင် တရားဝင်မှုကို ရရှိလိမ့်မည် မဟုတ်ပေ။

အမေရိကန်၏ ဆက်ဆံရေး မူဝါဒသည် အစိုးရကိုသာ အာရုံထားရုံမက တိုင်းရင်းသားများ အပေါ်တွင်ပါ အာရုံပြုထားသဖြင့် အားရမိသေးတော့သည်။ ဆယ်စုနှစ်များစွာ ကြာနေသော မြန်မာနိုင်ငံ၏ ပြဿနာများတွင် သဘာဝအရ တိုင်းရင်းသားများနှင့် ပတ်သက်သော နိုင်ငံရေး ပါဝင်နေသည်ဖြစ်ရာ၊ တိုင်းရင်းသားများ၏ အရေးကိစ္စကို ထည့်သွင်း စဉ်းစားခြင်း မပြုပါက ဖြေရှင်းနိုင်လိမ့်မည် မဟုတ်ပေ။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

ဘင်္ဂလားဒေ့ရှ် နိုင်ငံတွင်း ပထမဆုံး နျူကလီယာ စွမ်းအင်သုံး လျှပ်စစ် ဓာတ်အားပေး စက်ရုံများ တည်ဆောက်ရန် ဒါကာ အစိုးရနှင့် ရုရှားနိုင်ငံတို့ သဘောတူစာချုပ် ချုပ်ဆိုလိုက်ပြီ ဖြစ်ကြောင်း ဘင်္ဂလားဒေ့ရှ် အစိုးရ အရာရှိတစ်ဦးက ပြောကြားသည်။ စွမ်းအင် လိုအပ်ချက် ကြီးမားလျက် ရှိသော တောင်အာရှနိုင်ငံ ဘင်္ဂလားဒေ့ရှ် အနေဖြင့် ပထမဆုံး နျူကလီယာ စွမ်းအင်သုံး လျှပ်စစ် ဓာတ်အား ထုတ်လုပ်ရေး စက်ရုံ တည်ဆောက်ရန် ရုရှားနှင့် ယင်းသို့ လက်မှတ် ရေးထိုးခဲ့ခြင်း ဖြစ်သည်။

ဘင်္ဂလားဒေ့ရှ် အဏုမြူ စွမ်းအင် ကော်မရှင်မှ အရာရှိကြီးတစ်ဦးက နျူကလီယာ ပူးပေါင်း ဆောင်ရွက်ရေးအတွက် ဆွေးနွေးမှု အခြေအနေများ တိုးတက်လျက် ရှိကြောင်း AP သတင်းဌာနသို့ ပြောကြားသည်။

"ရုရှားနဲ့ ကျွန်တော်တို့ နျူကလီယာ ပူးပေါင်း ဆောင်ရွက်မှု နောက်ဆုံးအဆင့်ကို ရောက်ရှိဖို့ အတွက် စာချုပ် အနည်းငယ် ထပ်ချုပ်ဖို့သာ လိုပါတော့တယ်" ဟု အမည် မဖော်လိုသူ ဘင်္ဂလားဒေ့ရှ် အရာရှိတစ်ဦးက ဆိုသည်။

နှစ်နိုင်ငံ သဘော တူညီချက်အရ  ရုရှားနှင့် ဘင်္ဂလားဒေ့ရှ်တို့သည် နျူကလီယာ စက်ရုံ ဒီဇိုင်း ရေးဆွဲခြင်း၊ တည်ဆောက်ခြင်း၊ လည်ပတ်ခြင်း တို့ကို ပူးပေါင်း ဆောင်ရွက်မည် ဖြစ်ပြီး ရုရှားနိုင်ငံက ဘင်္ဂလားဒေ့ရှ် အရာရှိများနှင့် အင်ဂျင်နီယာများကို နည်းပညာ ဆိုင်ရာများ သင်တန်း ပို့ချပေးခြင်း၊ စက်ရုံ ပြုပြင် ထိန်းသိမ်းရေးအတွက် တာဝန်ယူ ဆောင်ရွက်ခြင်းများ ပြုလုပ်ပေးသွားမည် ဖြစ်သည်။

ယခု မေလ နောက်ဆုံးပတ်အတွင်း ဘင်္ဂလားဒေ့ရှ် ဝန်ကြီးချုပ် Sheikh Hasina ရုရှားနိုင်ငံသို့ သွားရောက် လည်ပတ်မည့် ခရီးစဉ်အတွင်း နျူကလီယာ သဘော တူညီမှုများကို အဆုံးသတ် လက်မှတ် ရေးထိုးနိုင်မည်ဟု ဆိုသည်။

ရုရှားနှင့် ပူးပေါင်း ဆောင်ရွက်မည့် ကိစ္စအတွက် အစီရင်ခံစာ မူကြမ်းကို ဘင်္ဂလားဒေ့ရှ် အစိုးရက ပြီးခဲ့သည့် ဧပြီလတွင် လက်ခံ အတည်ပြုခဲ့သည်။

ဘင်္ဂလားဒေ့ရှ် နိုင်ငံတွင်း ဖြစ်ပေါ်နေသော စွမ်းအင် လိုအပ်ချက်များကို ဖြည့်တင်းနိုင်ရန် ဘင်္ဂလားဒေ့ရှ် အစိုးရက မြို့တော် ဒါကာ မြောက်ဘက် ၇၅ မိုင် အကွာအဝေးရှိ Rooppur မြို့တွင် နျူကလီယာ စက်ရုံ တည်ဆောက်လိုသည်။ ဘင်္ဂလားဒေ့ရှ် နိုင်ငံမှ စွန့်ဦး တီထွင် စီးပွားရေး သမားများက စွမ်းအင် လိုအပ်ချက်ကြောင့် နိုင်ငံတွင်း စက်ရုံ အလုပ်ရုံများ၏ ကုန်ထုတ်လုပ်မှုကို လွန်စွာ ထိခိုက်စေကြောင်း၊ နှစ်ပေါင်းများစွာ ကြာပြီဖြစ်သော စွမ်းအင်စက်ရုံများနှင့် ဓာတ်ငွေ့ စွမ်းအင်သုံး စက်ရုံများသည် လုံလောက်သော လျှပ်စစ်စွမ်းအင်ကို ထုတ်လုပ်ပေးနိုင်ခြင်း မရှိတော့ကြောင်း ပြောကြားသည်။

လူဦးရေ သန်း ၁၅၀ ခန့် ရှိသော ဘင်္ဂလားဒေ့ရှ် နိုင်ငံအတွက် တစ်နေ့လျှင် လျှပ်စစ်စွမ်းအင် မီဂါဝပ် ၂၀၀၀ ခန့် လိုအပ်လျက် ရှိသည်။ ဘင်္ဂလားဒေ့ရှ် အစိုးရက ယခုနှစ်များ အတွင်း သဘာဝဓာတ်ငွေ့ ထုတ်လုပ်မှု လျော့ကျသွားခဲ့ကြောင်း ပြောဆိုသည်။

ဘင်္ဂလားဒေ့ရှ်သည် ယခုအခါ နျူကလီယာ စွမ်းအင် အပါအဝင် ကျောက်မီးသွေး စွမ်းအင် စက်ရုံများလည်း တည်ဆောက်ရန် နည်းလမ်း ရှာဖွေလျက် ရှိသည်။ ဘင်္ဂလားဒေ့ရှ်တွင် ကျောက်မီးသွေးတွင်း ၆ ခု ရှိပြီး တန်ချိန် ၃ ဒဿမ ၃ ဘီလီယံ ခန့် ထုတ်ယူရန် ကျန်ရှိသေးကြောင်း စာရင်း ဇယားများအရ သိရသည်။

AP သတင်းကို ဘာသာပြန်ဆိုသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

BBC News, 23rd May 2010

မြောက်ကိုရီးယား အပေါ် အပြစ်တင်ထားသော စစ်သင်္ဘော နစ်မြုပ်မှု အပေါ် တောင်ကိုရီးယားက တုန့်ပြန်မည့် အစီအစဉ်ကို ထုတ်ပြန်ရန် သမ္မတ လီမြောက်ဘက်က စီစဉ်နေသည်။

သင်္ဘောသား ၄၆ ဦး သေဆုံးခဲ့သည့် ချိုနန်သင်္ဘော တိုက်ခိုက်ခံရမှုနှင့် စပ်လျဉ်းသည့် စွပ်စွဲချက်ကို ကုလသမဂ္ဂ လုံခြုံရေး ကောင်စီသို့ တင်ပြရန် ဆိုးလ်က မျှော်လင့်ထားသည်။

ဆက်လက် အရေးယူမည့် အစီအစဉ်များတွင် တောင်ကိုရီးယား ရေပြင်သို့ မြောက်ကိုရီးယား သင်္ဘောများ မဝင်ရန် တားဆီးရေးကို ထည့်သွင်းမည်ဟု မျှော်လင့်ရသည်။

အမေရိကန်၊ ယူကေ၊ သြစတြေးလျနှင့် ဆွီဒင်နိုင်ငံများမှ ကျွမ်းကျင်သူများက ချိုနန်သင်္ဘောကို တိုပီဒို ထိမှန်ခဲ့ခြင်း ဖြစ်သည်ဟု ယခင်အပတ်က အစီရင်ခံစာတွင် ပြောကြားခဲ့သည်။

ပင်လယ်ကြမ်းပြင်မှ ဆယ်ယူရရှိသော တိုပီဒို အပိုင်းအစများတွင် မြောက်ကိုရီးယား ဒီဇိုင်းစာလုံးများ ပါရှိသည်ဟု ၎င်းတို့က အစီရင်ခံ တင်ပြခဲ့သည်။

အထက်ပါ နစ်မြုပ်မှုတွင် တစ်စုံတစ်ရာ ပတ်သက်ခြင်း မရှိဟု မြောက်ကိုရီးယားက ငြင်းဆိုခဲ့ပြီး စုံစမ်း စစ်ဆေးရေး ရလဒ်များမှာ လုပ်ကြံ ဖန်တီးထားခြင်းသာ ဖြစ်ကြောင်းနှင့် အကယ်၍ အရေးယူမှုများ ပြုလုပ်ပါက စစ်ဖြစ်လိမ့်မည်ဟု ခြိမ်းခြောက်လိုက်သည်။

မြောက်ကိုရီးယား အနေဖြင့် အထက်ပါဖြစ်ရပ်နှင့် ပတ်သက်ပြီး နိုင်ငံတကာဆိုင်ရာ အကျိုးဆက်များနှင့် ရင်ဆိုင်ရလိမ့်မည်ဟု အမေရိကန်က သတိပေး ပြောကြားလိုက်သည်။

"သမ္မတကြီး ကြေညာမယ့် အရေးယူ အစီအစဉ်တွေမှာ တချို့ကိစ္စတွေကို ကျွန်တော်တို့ ကိုယ်တိုင် လုပ်ဆောင်မှာ ဖြစ်ပြီး တခြား ကိစ္စတွေကတော့ နိုင်ငံတကာ ပူးပေါင်း ဆောင်ရွက်မှုက တဆင့် ဆောင်ရွက်သွားမှာပါ" ဟု တောင်ကိုရီးယား အစိုးရ ပြောရေးဆိုခွင့်ရှိသူ လီဒေါင်ကွမ်က ကြေညာချက်တွင် ပြောကြားခဲ့သည်။

၎င်းက အထက်ပါ ဖြစ်ရပ်ကို မြောက်ကိုရီးယား၏ သိသာ ထင်ရှားသော လက်နက်ကိုင် ရန်စမှု အဖြစ် သတ်မှတ်လိုက်ပြီး အာဏာရှင် အစိုးရကို ပြင်းထန်စွာ တုန့်ပြန် အရေးယူရန် ဆုံးဖြတ်ထားသည်ဟု ထုတ်ဖော် ပြောကြားလိုက်သည်။ "ကုလသမဂ္ဂ လုံခြုံရေးကောင်စီကို တင်ပြမယ့် အစီအစဉ်ကိုလည်း သမ္မတကြီးက ပြောကြားပါလိမ့်မယ်" ဟု ၎င်းက ဖြည့်စွက်သည်။

ပြုံးယမ်း အပေါ် ချမှတ်ထားသော အရေးယူ ပိတ်ဆို့မှုများကို ပိုမို တင်းကြပ်ရန် နိုင်ငံတကာ သဘောတူညီမှု ရရှိရေး အတွက် ဆိုးလ်က တွန်းအားပေးမည့် လက္ခဏာ ရှိသည်ဟု ဆိုးလ်မြို့တော်မှ BBC သတင်းထောက် Joh Sudworth က ပြောကြားသည်။

ရေပြင် နယ်နမိတ် အနီး၌ ရေငုတ်သင်္ဘော တိုက်ဖျက်ရေး ကိရိယာများကို အမေရိကန်နှင့် ပူးပေါင်း တပ်ဆင်ရေး အပါအဝင် အခြား အစီအစဉ်များကိုလည်း ကြေညာလိမ့်မည်ဟု မျှော်လင့်ရသည်။

သို့ရာတွင် စစ်ရေးအရ အရေးယူ ဆောင်ရွက်ခြင်းမှာမူ မြောက်ကိုရီးယား၏ ညစ်ကျယ်ကျယ် တုန့်ပြန်တတ်သည့် အပြုအမူကို ဆွပေးရာ ရောက်ပြီး ပြဿနာကို ပိုမို ကြီးထွားစေနိုင်သဖြင့် ဖြစ်နိုင်ခြေ မရှိဟု ရှုမြင် သုံးသပ်ကြသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

The Associated Press, 23rd May 2010

မြန်မာနိုင်ငံ၏ အရင်းနှီးဆုံး အင်အားကြီး မဟာမိတ် တရုတ် ဝန်ကြီးချုပ် ဝမ်ကျားပေါင်သည် မြန်မာ စစ်ဖက် ခေါင်းဆောင်များထံ ဇွန်လတွင် တရားဝင် ခရီးစဉ် လာရောက်မည် ဖြစ်ပြီး လွန်ခဲ့သော ၁၆ နှစ် အတွင်း မီဒီယာများ၏ စိတ်ဝင်စားမှုကို ပထမဆုံး ရရှိသော တရုတ်တို့၏ မြန်မာ ခရီးစဉ် ဖြစ်သည်ဟု သံတမန် တစ်ဦးက တနင်္ဂနွေနေ့တွင် ပြောကြားသည်။

မြန်မာနိုင်ငံသည် ၎င်း၏ ဆိုးဝါးသော လူ့အခွင့်အရေး ချိုးဖောက်မှု မှတ်တမ်းများနှင့် ဒီမိုကရေစီ အစိုးရကို အာဏာလွှဲပေးရန် ပျက်ကွက်ခဲ့ခြင်း တို့ကြောင့် အနောက်နိုင်ငံများ၏ ပစ်ပယ် ရှောင်ရှားခြင်းကို ခံခဲ့ရသော်လည်း တရုတ်နိုင်ငံကမူ နိုင်ငံရေး မဟာမိတ်နှင့် ကုန်သွယ်ဘက်အဖြစ် မပြောင်းမလဲ ရပ်တည်ခဲ့သည်။

ထို့နောက်တွင် ဝန်ကြီးချုပ် လီပင်းက ၁၉၉၄ တွင် ၎င်း၊ သမ္မတ ကျန်ဇီမင်းက ၂၀၀၁ ဒီဇင်ဘာတွင်၎င်း အသီးသီး လာရောက် လည်ပတ်ခဲ့ကြသည်။

ဝမ်ကျားပေါင်သည် တောင်ကိုရီးယား၊ ဂျပန်နှင့် မွန်ဂိုလီးယား နိုင်ငံများ ပါဝင်သော ၎င်း၏ အာရှ ခရီးစဉ်၏ နောက်ဆုံး ခရီးတစ်ထောက် အဖြစ် မြန်မာနိုင်ငံသို့ ဇွန်လ ၂ ရက်တွင် ရောက်ရှိလိမ့်မည်ဟု ပြောကြားခဲ့သော အာရှ သံတမန်က အဆိုပါ ခရီးသည် တရားဝင် ကြေညာခြင်း မရှိသေးသောကြောင့် ၎င်း၏ အမည်ကို ဖော်ပြလိုခြင်း မရှိပါ။

ဝမ်သည် ၎င်း၏ ၂ ရက်ကြာ ခရီးစဉ်အတွင်း မြန်မာအစိုးရ ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေနှင့် ဝန်ကြီးချုပ် ဦးသိန်းစိန်တို့ အပါအဝင် ထိပ်ပိုင်း စစ်ဘက် အရာရှိကြီးများနှင့် တွေ့အုံးမည်ဟု ၎င်းသံတမန်က ပြောကြားသည်။

မြန်မာနိုင်ငံနှင့် ၁၃၇၀ မိုင် (၂၁၉၀ ကီလိုမီတာ) ခန့် နယ်စပ်ခြင်း ထိစပ်နေသော တရုတ်နိုင်ငံသည် ထိုင်းနှင့် စင်္ကာပူ ပြီးလျှင် မြန်မာနိုင်ငံ၏ တတိယ အကြီးဆုံး ကုန်သွယ်ဖက် ဖြစ်သည့် တရုတ်နှင့် မြန်မာ ကုန်သွယ်ရေး တန်ဖိုးသည် ၂၀၀၉ ခုနှစ်က ဒေါ်လာ ၁.၈ ဘီလျံသို့ ရောက်ရှိခဲ့သည်ဟု တရားဝင် စာရင်းဇယားများအရ သိရှိရသည်။

ဝေဖန် ဆန်းစစ်သူများက အတုအယောင်ဟု ပြစ်တင် စွပ်စွဲထားကြသည့် အထွေထွေ ရွေးကောက်ပွဲများကို မြန်မာအစိုးရက ယခုနှစ်ကုန် တချိန်ချိန်တွင် ကျင်းပရန် ပြင်ဆင်နေခြင်းကြောင့် ဝမ်၏ ခရီးစဉ် ထွက်ပေါ်လာခြင်း ဖြစ်သည်။ ၁၉၆၂ ကပင် အာဏာသိမ်းခဲ့သည့် တပ်မတော်သည် စစ်အုပ်ချုပ်ရေး အဆုံးသတ်မည် ဖြစ်ကြောင်း စိတ်မပါ လက်မပါ၊ အနည်းငယ်သာ အရိပ်အယောင်ပြခဲ့ပြီး အတိုက်အခံ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ရွေးကောက်ပွဲ မဝင်နိုင်အောင် တားဆီးရန် နည်းလမ်း ပေါင်းစုံဖြင့် ကြိုးပမ်းခဲ့သည်ဟု ဝေဖန်သူများက ပြောကြားခဲ့သည်။

ရွေးကောက်ပွဲ ကျင်းပမည့် ရက်ကို ကြေညာခြင်း မရှိသေးသော်လည်း ဒေါ်အောင်ဆန်းစုကြည်၏ NLD ပါတီက ရွေးကောက်ပွဲကို သပိတ်မှောက်သည့် အနေဖြင့် ပါတီ မှတ်ပုံမတင်ရန် ဆုံးဖြတ်ခဲ့သည်။ ရွေးကောက်ပွဲ ဥပဒေများသည် တရားမျှတမှု မရှိ။ ဒီမိုကရေစီ မပြည့်ဝဟု ပါတီက ပြောကြားခဲ့သည်။

၁၉၉၀ ခုနှစ်က နောက်ဆုံး ကျင်းပခဲ့သော ရွေးကောက်ပွဲများတွင် NLD ပါတီက ဦးဆောင် အနိုင်ရရှိခဲ့သော်လည်း အဆိုပါ ရလဒ်များကို အသိအမှတ်ပြုရန် တပ်မတော်က ငြင်းဆန်ခဲ့သည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

BBC News, 23rd May 2010

ထိုင်းနိုင်ငံ၌ အစိုးရ ဆန့်ကျင် ဆန္ဒပြသူ ရှပ်နီများကြောင့် ဖြစ်ပွားခဲ့သော မငြိမ်သက်မှုများ ပြီးဆုံးပြီး တပတ်အကြာ တနင်္လာနေ့တွင် ဘန်ကောက်မှ စီးပွားရေး လုပ်ငန်းများနှင့် အစိုးရ ရုံးများ ပြန်လည် ဖွင့်လှစ်ရန် စီစဉ်နေကြသည်။

မြို့တော် နေထိုင်သူများက ရှင်းလင်း သန့်စင်မှု ပြုလုပ်နေခြင်း နှင့်အတူ ဘန်ကောက် မြို့တော်သည် ပုံမှန် အခြေအနေသို့ ပြန်သွားနေသည်ဟု ဝန်ကြီးချုပ် အဘီဆစ် ဗဲ့ဂျာဂျီဗားက ပြောကြားလိုက်သည်။

လူပေါင်း ၅၀ ကျော် သေဆုံးခဲ့ရသော အကြမ်းဖက် ဖြိုခွဲမှုများ အပြီးတွင် ထောင်ပေါင်း များစွာသော ပြည်သူများက တံမြက်စည်းများ၊ ရေပုံးများဖြင့် လမ်းများကို သန့်စင်ခဲ့ကြသည်။

သို့ရာတွင် မြို့တော်တွင်း ညမထွက်ရ အမိန့်ကိုမူ နောက်ထပ် ၂ ည သက်တမ်း တိုးထားသည်။

"အရာအားလုံး အေးချမ်းပြီး ပုံမှန် ပြန်ဖြစ်နေပါပြီ" ဟု ဝန်ကြီးချုပ်က တနင်္ဂနွေနေ့ ရုပ်သံမိန့်ခွန်းတွင် ထုတ်လွှင့်သွားသည်။

ဝန်ကြီးချုပ်က ဆန္ဒပြပွဲများ အတွင်း ပုန်းအောင်းနေခဲ့သော စစ်တပ် အခြေစိုက် စခန်းမှ ၎င်း၏ ရုံးခန်းသို့ ပြန်တော့မည်ဟု ပြောကြားခဲ့ကြောင်း AP သတင်းဌာနက ဖော်ပြသည်။

 

တုန်လှုပ်သွားခဲ့ကြ

မြို့တော်၏ အဓိက ရပ်ကွက်များကို ၂ လကြာ သိမ်းပိုက်ထားခဲ့သော အစိုးရ ဆန့်ကျင် ဆန္ဒပြသူများကို အကြမ်းဖက် ဖြိုခွဲခဲ့စဉ် အတွင်း လုံခြုံရေး တပ်ဖွဲ့များ၏ လုပ်ဆောင်ချက် အပြုအမှုများကို ဝန်ကြီးချုပ် အဘီဆစ်က ကာကွယ် ပြောကြားခဲ့သည်။

လုံခြုံရေး တပ်ဖွဲ့များ၏ ပစ်ခတ်စီးနင်းမှုကြောင့် ရှပ်နီ ခေါင်းဆောင်များ အညံ့ခံခဲ့ပြီးနောက်တွင် ဒေါသထွက်နေသော ဆန္ဒပြသူ အချို့က မြို့လယ်ခေါင် ဆိုင်များ၊ ကုန်တိုက်များနှင့် စီးပွားရေး လုပ်ငန်းများကို မီးရှို့ခဲ့ကြသည်။

တာယာပုံ အတားအဆီးများ မီးလောင်မှုကြောင့် ကျန်ရစ်ခဲ့သော ကျပ်ခိုးများကို ရှင်းလင်းရန် အချို့ ဆိုင်ဝင်ပေါက်များတွင် ကြမ်းပြင်ဆေး လျှပ်စစ်ကိရိယာများဖြင့် ပွတ်တိုက် ဆေးကြောခဲ့သလို၊ အညစ်အကြေး၊ အမှိုက်များကို သန့်ရှင်းရန်အတွက် အင်အားပြင်း ရေပိုက်ခေါင်းများ အသုံးပြုခဲ့ရသည်ဟု ရိုက်တာ သတင်းဌာနက ဖော်ပြသည်။

နံရံများနှင့် လမ်းများပေါ်မှ နိုင်ငံရေး ပိုစတာများ ဖြုတ်ခွာရန်နှင့် ဆေးရေးစာများကို ဆေးကြောရန် အတွက် စည်ပင်သာယာ လုပ်သားများကို စေတနာ့ဝန်ထမ်း ပြည်သူများက ကူညီခဲ့ကြသည်။

"ပထမတော့ ဘာတွေ ဖြစ်နေလဲဆိုပြီးတော့ ကြောင်သွားတယ်။ ဒါပေမယ့် နောက်တော့ ဘန်ကောက်မြို့သားတွေ အများကြီး ကူညီဖို့ ထွက်လာတာကို မြင်ရပြီးတော့ အင်အားတွေ ပြည့်သွားသလို ခံစားလိုက်ရတယ်" ဟု ရေလုံရာဘာ ဖိနပ်နှင့် နှာခေါင်းစည်း ဝတ်ဆင်ထားသူ အသက် ၄၀ အရွယ် ဝါနာပေါင်ဆူခိုပန်က AP သို့ ပြောကြားခဲ့သည်။

ဘန်ကောက် မိုးပျံရထား အချို့မှာ တနင်္ဂနွေနေ့တွင် ပြန်လည် ဖွင့်လှစ်ခဲ့သည်ဟု သိရသည်။

မြို့တော်ကို ဆေးကြော သန့်ရှင်းခြင်းသည် လွယ်ကူသော အလုပ် မဟုတ်သကဲ့သို့ လူ့အဖွဲ့အစည်း တခုလုံး အတွင်းမှ အကွဲအပြဲများကို ကုသရေးမှာလည်း စိမ်ခေါ်မှုများ ပိုများလာလိမ့်မည်ဟု ဘန်ကောက်မှ BBC သတင်းထောက် ကရစ်ရှုမား ဗာစဝါနီက ပြောကြားသည်။

တိုင်းပြည်တွင်း ပြဿနာများမှာ ပြီးဆုံးရန် မလွယ်ကူဟု ဘန်ကောက်မှ ပြည်သူ အများစုက ယူဆနေကြကြောင်း သူမက ပြောကြားလိုက်သည်။

တရားမဝင် အာဏာရလာသော အဘီဆစ် အစိုးရ နုတ်ထွက်ပေးရန် ရှပ်နီများက တောင်းဆိုနေသည်။

ဝန်ကြီးချုပ် အဘီဆစ်က နိုဝင်ဘာလတွင် ရွေးကောက်ပွဲများ ကျင်းပပေးမည်ဟု ယခင်က ကမ်းလှမ်းခဲ့သော်လည်း ဆန္ဒပြပွဲများ အဆုံးသတ်ရန် ရှပ်နီများက ငြင်းဆန်ခဲ့ပြီးနောက် ကမ်းလှမ်းမှု ရုတ်သိမ်းခဲ့သည်။

၂၀၀၆ ခုနှစ် စစ်တပ် အာဏာသိမ်းမှုတွင် တိမ်းရှောင်သွားခဲ့သော ဝန်ကြီးချုပ်ဟောင်း သက်ဆင်ရှင်နာဝပ်ထရာကို ထောက်ခံခဲ့သည်။ ထိုင်းနိုင်ငံ မြောက်ပိုင်းနှင့် အရှေ့မြောက်ပိုင်းမှ ဘန်ကောက်သို့ ရောက်လာသည့် ဆန္ဒပြသူ အများစုမှာ ခိုင်မာ အားကောင်းနေဆဲ ဖြစ်သည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

တောင်ကိုရီးယား ရေတပ် စစ်သင်္ဘော တိုက်ခိုက်ခံရပြီး နစ်မြုပ်ခဲ့မှုတွင် မြောက်ကိုရီးယား အနေဖြင့် နှစ်နိုင်ငံ စစ်ရပ်ဆိုင်းရန် သဘောတူညီမှု ဖောက်ဖျက်ခြင်း ရှိ၊မရှိ ဟူသော ကိစ္စကို ကုလသမဂ္ဂ ဌာနချုပ်က စုံစမ်း စစ်ဆေးလျက် ရှိကြောင်း သိရသည်။

ကုလသမဂ္ဂသည် ယခုအခါ နိုင်ငံပေါင်း ၁၁ နိုင်ငံမှ အထူး စုံစမ်း စစ်ဆေးရေး အဖွဲ့များကို စုရုံးကာ တောင်ကိုရီးယား စစ်သင်္ဘော နစ်မြုပ်မှု အပါအဝင် နှစ်နိုင်ငံ စစ်ရပ်ဆိုင်းရေး သဘောတူညီချက် အပေါ် မြောက်ကိုရီးယား နိုင်ငံက ချိုးဖောက်မှု ရှိ၊မရှိ ဟူသော ကိစ္စကို စုံစမ်း စစ်ဆေးလျက် ရှိကြောင်း ကုလသမဂ္ဂက ဆိုသည်။

      စုံစမ်း စစ်ဆေးမှုများ ပြုလုပ်ပေးနေသည့် နိုင်ငံပေါင်း ၁၁ နိုင်ငံမှာ သြစတြေးလျ၊ ကနေဒါ၊ ဒိန်းမတ်၊ ပြင်သစ်၊ နယူးဇီလန်၊ တောင်ကိုရီးယား၊ တူရကီ၊ ဗြိတိန်၊ အမေရိကန် ပြည်ထောင်စု၊ ဆွီဒင်နှင့် ဆွစ်ဇာလန်တို့ ဖြစ်သည်။ စုံစမ်း စစ်ဆေးမှုကို တောင်ကိုရီးယား နိုင်ငံက ဦးဆောင်မှု ပြုသည်ဟု သိရသည်။

      လတ်တလော စုံစမ်း စစ်ဆေးမှုများအရ မတ်လ  ၂၆ ရက်နေ့က နစ်မြုပ်ခဲ့သော Cheonan အမည်ရ တောင်ကိုရီးယား စစ်သင်္ဘောသည် မြောက်ကိုရီးယားက တော်ပီတို ဒုံးကျည်ဖြင့် တိုက်ခိုက် ခံခဲ့ရကြောင်း သိရသည်။ ထိုဖြစ်ရပ်ကြောင့် Cheonan စစ်သင်္ဘောပေါ်မှ သင်္ဘောသား ၄၆ ဦး သေဆုံးခဲ့သည်။

      မြောက်ကိုရီးယား အစိုးရကမူ လက်ရှိ စွပ်စွဲ ပြောဆိုချက်များကို ငြင်းပယ်ထားသည်။

      မြောက်ကိုရီးယားက အဆိုပါ ကိစ္စကို စုံစမ်းစစ်ဆေးရန် မိမိတို့ဘက်မှ အထူး စုံစမ်းစစ်ဆေးရေး အဖွဲ့ စေလွှတ်လိုသည်ဟု ဆိုသော်လည်း တောင်ကိုရီးယားက လက်မခံပေ။ အကြောင်းမှာ ယခု ကိစ္စကို စစ်ရပ်ဆိုင်းရန် သဘောတူညီမှု ဘောင်အတွင်းကပင် ဖြေရှင်း လိုသောကြောင့်ဟု တောင်ကိုရီးယားက ဆိုသည်။

      "မြောက်ကိုရီးယား နိုင်ငံအနေဖြင့် ခိုင်မာစွာ ပြောလိုသည်မှာ ယခုကိစ္စသည် စစ်ရပ်ဆိုင်းရေး သဘောတူညီချက် ဟူသော အကြောင်းပြချက်ဖြင့် ဖြေရှင်းရသည်အထိ အကျိုးအကြောင်း ဆက်စပ်မှုမရှိ ဟူသော အချက်ပင် ဖြစ်သည်။ တောင်ကိုရီးယား၏ လုပ်ကြံ ဖန်တီးမှုသာ ဖြစ်သည်" ဟု မြောက်ကိုရီးယား အစိုးရက ဆိုသည်။

      တောင်ကိုရီးယား အနေဖြင့် ယုံမှားသံသယ ဖြစ်မှုများ မထားရှိဘဲ သက်သေ အထောက်အထား များကို ထုတ်ဖော် ပြသနိုင်ရန် မြောက်ကိုရီးယား စုံစမ်း စစ်ဆေးရေး အဖွဲ့ကို  လက်ခံသင့်သည်ဟု ပြုံးယမ်း အစိုးရက ဆိုသည်။

CNN သတင်းကို ဘာသာပြန်ဆိုသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

DVB, By Maung Htoo, 22nd May 2010

ရန်ကုန်တောင်ပိုင်းခရိုင် သုံးခွမြို့နယ် မြို့ပေါ်ရပ်ကွက်တွေနဲ့ ကျေးရွာအုပ်စု ရယက အဖွဲ့ဝင်တွေဟာ အများအပြား နုတ်ထွက်စာ တင်နေကြပါတယ်။

ရန်ကုန်တိုင်း၊ သုံးခွမြို့ပေါ်မှာက မြို့ပေါ်ရပ်ကွက် ၁၂ ခုနဲ့ ရှိနေပါတယ်။ ဒီ ၁၂ ခုထဲက ရပ်ကွက် ၁ဝ ခုက  ရယက ဥက္ကဋ္ဌ ၁ဝ ယောက် အပါအဝင် ရယက အဖွဲ့ဝင်တွေ နုတ်ထွက် နေကြပါတယ်။ ကိုယ်တိုင် နုတ်ထွက်စာ တင်ထားတဲ့ ရယက အဖွဲ့ဝင် တစ်ယောက်က အခုလို ပြောပြပါတယ်။

"ဥက္ကဋ္ဌတွေပါ ထွက်တယ်။ ဥက္ကဋ္ဌတွေ ၁ဝ ရပ်ကွက်လုံးပေါ့။ ၁ ကနေ ၁၂ ရပ်ကွက်ထိ ရှိတယ်။ ရပ်ကွက် ၁၂ ခုလုံးမှာ ၂ နဲ့ ၉ ပဲ ကျန်တယ်။ ကျန်တဲ့ ရပ်ကွက်တွေ အကုန်လုံး တင်တယ်။ ဟိုတစ်နေ့က ၁၂ ရပ်ကွက်ပါ တင်တယ်။ ပြီးခဲ့တဲ့ တစ်လလောက်က ၃ ရပ်ကွက်က နှစ်ကြိမ်တောင် တင်တယ်။"

ဘာကြောင့် အခုလို နုတ်ထွက်ချင်နေရတယ် ဆိုတာကိုလည်း အခုလို ဆက်ပြောပြ ပါသေးတယ်။

"ကျနော်တို့ လုံးဝ ဒီအဖွဲ့အစည်းမှာ ပြည်သူတွေရဲ့ ငြိုငြင်ခံရတယ်။ ကျနော်တို့ ရယက ဥက္ကဋ္ဌ တစ်ယောက်ရဲ့ ပါဝါလည်း မရှိဘူး။ အာဏာလည်း မရှိဘူး။ ကျနော်တို့က လူကြီး လုံခြုံရေးတွေ၊ လူကြီးကတော် (အမျိုးသမီး)တွေ လာရင် လုံခြုံရေးတွေ ယူပေးရတယ်။ ဗုံးခွဲမှု ကိစ္စတွေ၊ မသင်္ကာတဲ့ လူတွေ လုံခြုံရေးတွေ လုပ်ရတယ်။"

"ဘုရားကြို ဘုရားကြားတွေ၊ ရပ်ကွက် လက်ဖက်ရည်ဆိုင်တွေ၊ ရန်ကုန်က လုံခြုံရေး လိုရင် သွားခေါ် ၂၄ နာရီလုံးလုံး လိုက်လုပ်ရတာပေါ့။ အဲဒါတွေကို အယုံအကြည် မရှိတဲ့အတွက်ကြောင့် ကျနော်တို့ ကိုယ်တိုင် ပြတ်ပြတ်သားသား အကြောင်း အမျိုးမျိုးနဲ့ နုတ်ထွက်ကြတာပေါ့။"

အောက်ခြေ အုပ်ချုပ်ရေး ရပ်ကျေးအဖွဲ့ဝင်တွေ နုတ်ထွက်နေတာနဲ့ ပတ်သက်လို့ သုံးခွမြို့နယ် မယက ကို ဒီနေ့ ဆက်သွယ် မေးမြန်းခဲ့ပေမဲ့ တာဝန်ခံ ဖြေဆိုမယ့်သူ မရှိခဲ့ပါဘူး။ တကယ်တမ်း ကျတော့ ကျေးရွာအဆင့်တွေပါ နုတ်ထွက်နေကြတာ ဖြစ်ပါတယ်။

နုတ်ထွက်စာ တင်ထားတဲ့ ရယက အဖွဲ့ဝင်တစ်ဦးက ... "အခု ရပ်ကွက် ၁ဝ ရပ်ကွက်က တင်တာပေါ့။ ကျေးရွာ ၆၄ ရွာ ရှိတယ်။ အဲဒီရွာတွေကလည်း မယကမှာ ရွာတွေကပါ တင်ထားတယ်။ မယက ဥက္ကဋ္ဌ ခေါင်းကျိန်းနေတယ်။ ဒုက္ခရောက်နေတယ်တဲ့။ အထက်ကို တင်ပြတော့လည်း အထက်က လက်မခံဘူးတဲ့။"

အလားတူ နုတ်ထွက်စာ တင်ထားတဲ့ ရယက အဖွဲ့ဝင် နောက်တစ်ယောက်ကလည်း သူ့ ခံစားချက်ကို အခုလို ပြောပြပါသေးတယ်။

"အတွေ့အကြုံကို ပြောရမယ်ဆိုရင် ကျနော်တို့ ရပ်ကွက်မှာ ကျနော်လည်း ရယက အဖွဲ့ဝင်တစ်ယောက်ပါပဲ။ ရပ်ကွက်ထဲမှာ ရယက အဖွဲ့ဝင်တစ်ယောက်ရဲ့ လုပ်ပိုင်ခွင့်ပေါ့။ မရှိဘူးဗျ။ မယက က ခိုင်းထားလို့ လုပ်ရပေမယ့် ပြည်သူလူထုကနေပြီးတော့ ဆဲလိုက် ဆူလိုက်၊ ကြိမ်းမောင်းလိုက် အဲဒါတွေကို ခံနေရတယ်ဗျ။ အဲဒီ အခါမျိုးမှာ ကျနော်တို့လည်း တဖြည်းဖြည်း စိတ်တွေ ကုန်လာတယ်။ မလုပ်ချင်တော့ဘူး။"

 ဒါပေမဲ့လည်း မယက က နုတ်ထွက်ခွင့် မပေးတာမို့ စိတ်ပျက်နေကြပါတယ်။

"မယက ဥက္ကဋ္ဌ ဦးကျော်သောင်းကနေပြီးတော့ ပေးမထွက်နိုင်ဘူးတဲ့။ ၂ဝ၁ဝ ရွေးကောက်ပွဲ ပြီးမှ ပေးထွက်မယ်တဲ့။ ထွက်ခွင့်မပေးဘူး။ ဆက်လုပ်ခိုင်းတယ်။ ကျနော်တို့လည်း ဆက်မလုပ်ချင်တော့ဘူး။ ကျနော်တို့ ၂ဝ၁ဝ ရွေးကောက်ပွဲ ပြီးမှ ထွက်ရမယ့် ပုံစံမျိုး ဖြစ်နေတယ်။ ကိုယ့်စိတ်ထဲမှာ မပါတဲ့ အလုပ် မလုပ်ချင်တော့လို့ ကိုယ့်သဘောနဲ့ကိုယ် ထွက်စာတင်တယ်။"

အလားတူပဲ ကြံ့ဖွံ့လို့ ခေါ်တဲ့ ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေး အသင်းကလည်း ပါတီကို ပြောင်းလိုက်တဲ့ အခါ အသင်းမှာပဲ နေချင်သူတွေနဲ့ ပါတီပြောင်းပြီး ရွေးကောက်ပွဲ ဝင်ချင်တဲ့သူတွေ ကြားမှာ နှစ်ခြမ်းကွဲ ပြဿနာ တက်နေကြတယ်လို့လည်း သူတို့က ပြောပြသွားခဲ့ပါသေးတယ်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

      ပြီးခဲ့သည့် ဂျပန် ရွေးကောက်ပွဲတွင် အိုကီနာဝါကျွန်းရှိ အမေရိကန် စစ်အခြေစိုက် စခန်းကို ရွှေ့ပြောင်းပေးမည်ဟု ကတိပြုခဲ့သော်လည်း အဆိုပါ ကတိ ပျက်ကွက်ခဲ့သည့် အတွက်ကြောင့် ဝန်ကြီးချုပ် Yukio Hatoyama က မေလ ၂၃ ရက်နေ့တွင် တောင်းပန်လိုက်ကြောင်း သတင်း ရရှိသည်။

      ဝန်ကြီးချုပ် Hatoyama သည် အဆိုပါ အိုကီနာဝါကျွန်းသို့ သွားရောက် လည်ပတ်ခဲ့ပြီး ဒေသ အုပ်ချုပ်ရေးမှူး Hirokazu Nakaima နှင့်လည်း တွေ့ဆုံခဲ့သည်။ အိုကီနာဝါ အုပ်ချုပ်ရေးမှူး အပါအဝင် ဒေသခံများက အမေရိကန် စစ်အခြေစိုက် စခန်း တပ်စွဲထားသည့် ကိစ္စကို ဆန့်ကျင်ကြပြီး ဝန်ကြီးချုပ်၏ ဆုံးဖြတ်ချက်ကို လက်ခံရန် ခက်ခဲမည် ဖြစ်ကြောင်း ပြောကြားသည်။

      ဒုတိယ ကမ္ဘာစစ် ပြီးဆုံးချိန်ကတည်းက မဟာမိတ်များ ဖြစ်ခဲ့ကြသော ဂျပန်နှင့် အမေရိကန် ပြည်ထောင်စုတို့က အဆိုပါ အိုကီနာဝါကျွန်းရှိ စစ်အခြေစိုက် စခန်းသည် ဒေသတွင်း လုံခြုံရေး အတွက် လိုအပ်ချက် တစ်ခု ဖြစ်ကြောင်း အာမခံ ပြောဆိုထားသည်။

      ဝန်ကြီးချုပ် Hatoyama သည် ရွေးကောက်ပွဲကာလ မဲဆွယ်ရာတွင် အိုကီနာဝါကျွန်းရှိ အမေရိကန် စစ်အခြေစိုက် စခန်းကို ဖယ်ရှား ပြောင်းလဲပေးမည် ဖြစ်ကြောင်း ကတိကဝတ်ပြု ပြောဆိုခဲ့ဖူးသည်။

      သို့သော် အဆိုပါ ကိစ္စအတွက် အမေရိကန် ပြည်ထောင်စုနှင့် ဂျပန်နှစ်နိုင်ငံ ဆွေးနွေးပြီးနောက် ဝန်ကြီးချုပ်က အကယ်၍ လူသူ ထူထပ်မှု နည်းပါးသော ဟီနိုကို ကမ်းခြေဒေသသို့ စစ်အခြေစိုက် စခန်း ပြောင်းရွှေ့သည့်တိုင် အိုကီနာဝါတွင် ယင်းစစ်အခြေစိုက် စခန်းကို ဆက်လက် ထားရှိရမည် ဖြစ်ကြောင်း ပြောဆိုသည်။ ယင်းသို့ ထားရှိရခြင်းမှာ ၂၀၀၆ ခုနှစ်တွင် ကြေညာခဲ့သော  အစီအစဉ်အရ ဖြစ်ကြောင်း ၎င်းက ဆိုသည်။

      ဤသို့ အိုကီနာဝါ ကျွန်းတွင် အမေရိကန် စစ်အခြေစိုက် စခန်း ဆက်လက် ထားရှိရန် ဆုံးဖြတ်ရသည့် အကြောင်းမှာ အရှေ့အာရှ ဒေသ လုံခြုံရေး အခြေအနေမှာ ကောင်းမွန်မှု မရှိသောကြောင့် ဖြစ်သည်ဟု ဝန်ကြီးချုပ်က ဆိုသည်။

      "ကျွန်တော် ကတိပေးခဲ့တဲ့ အတိုင်း မလုပ်ပေးနိုင်ခဲ့တဲ့ အတွက် အိုကီနာဝါ ပြည်သူ ပြည်သားတွေကို တောင်းပန်ပါတယ်။ ခင်ဗျားတို့ အားလုံးရဲ့ ဆုံးဖြတ်ချက်အတိုင်း လုပ်ဆောင်ပေးဖို့ အင်မတန် ခက်ခဲတယ် ဆိုတာကို ပြောလိုပါတယ်" ဟု ဝန်ကြီးချုပ်က စိတ်မကောင်း ဖြစ်သည့် မျက်နှာထားဖြင့် ပြောဆိုသည်။

      ဝန်ကြီးချုပ် Hatoyama မိန့်ခွန်း ပြောဆိုနေသည့် အဆောက်အအုံ ပြင်ပတွင် ဆန္ဒပြ သမားများက "Hatoyama အိမ်ပဲပြန်ပါတော့" ဟု အော်ဟစ် ပြောဆိုကြသည်။

      ပြီးခဲ့သည့် ဧပြီလ အတွင်းကလည်း တောင်ပိုင်းဒေသမှ လူပေါင်း တစ်သိန်းခန့် ဆန္ဒပြခဲ့ကြသည်။ အမေရိကန် စစ်အခြေစိုက်စခန်း ရွှေ့ပြောင်းပေးရန် ဆန္ဒပြခြင်း ဖြစ်သည်ဟု သိရသည်။

      အမေရိကန် စစ်အခြေစိုက် စခန်း ရှိခြင်းကြောင့် အိုကီနာဝါကျွန်းတွင် နေထိုင်သူများမှာ လွန်စွာ ဒေါသ ထွက်လျက် ရှိသည်။ ၁၉၉၅ ခုနှစ်တွင် အဆိုပါကျွန်းမှ ၁၂ နှစ်အရွယ် မိန်းကလေးငယ် တစ်ဦးကို အမေရိကန် စစ်သား တစ်ဦးက မုဒိမ်းပြုကျင့်ခဲ့ပြီး ၂၀၀၄ ခုနှစ်တွင်လည်း ရဟတ်ယာဉ် တစ်စင်း ပျက်ကျခဲ့ဖူးသောကြောင့် ကန် စစ်အခြေစိုက် စခန်းကို ဒေသခံများက ရွှေ့ပြောင်း စေလိုကြခြင်း ဖြစ်သည်။

BBC သတင်းကို ဘာသာပြန်ဆိုသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.