Transparency Myanmar

transparency.myanmar@gmail.com

BBC News, 10th August 2010

အမေရိကန် ပြည်ထောင်စုနှင့် ဗီယက်နမ် တို့သည် တောင်တရုတ် ပင်လယ် အတွင်း ပူးတွဲ ရေတပ် စစ်ရေး လေ့ကျင့်ခန်းများ ပြုလုပ်လျက် ရှိရာ၊ ယခင် ရန်သူ နှစ်နိုင်ငံ အကြား စစ်ဖက် ဆက်ဆံရေး တိုးတက်လာသည့် လက္ခဏာပင် ဖြစ်သည်။

သီတင်း တစ်ပတ်ကြာ လေ့ကျင့်မှုများတွင် တိုက်ခိုက် ချေမှုန်းခြင်း မဟုတ်သည့် လေ့ကျင့်ခန်းများ အဓိက ပါဝင်ပြီး ဝါရှင်တန်နှင့် ဟနွိုင်းအကြား ၁၅ နှစ်မြောက် သံတမန် ဆက်ဆံရေး အထိမ်းအမှတ် တစ်စိတ်တစ်ပိုင်း အဖြစ် ပြုလုပ်ခြင်း ဖြစ်သည်။

သို့သော်လည်း အဆိုပါ နယ်မြေ အတွင်းရှိ ကျွန်းများနှင့် ပတ်သက်၍ ဗီယက်နမ်နှင့် အငြင်းပွားနေသော တရုတ်နိုင်ငံကို စိတ်ဆိုး ဒေါသ ထွက်စေနိုင်သည်ဟု သတင်းထောက်များက ပြောကြားသည်။

တောင်တရုတ် ပင်လယ် အတွင်းရှိ ပိုင်နက် နယ်မြေများနှင့် ပတ်သက်သည့် တင်းမာမှုများမှာ လတ်တလော မြင့်မားလာခဲ့သည်။

ယခု လေ့ကျင့်ခန်းများသည် ထိခိုက်မှု ထိန်းချုပ်ရေးနှင့် ရှာဖွေ ကယ်ဆယ်ရေး အပေါ်တွင်သာ အဓိက အာရုံစိုက်သည့် ရေတပ် လေ့ကျင့်ခန်း အတွဲများ ဖြစ်သည်ဟု အမေရိကန် ပြည်ထောင်စုက ရှင်းလင်း ပြောကြားသည်။

ဂျပန် ပင်လယ်တွင် တောင်ကိုရီးယားနှင့် ရေတပ် လေ့ကျင့်မှု ပြုလုပ်ပြီး ပြန်လာသော လေယာဉ်တင် သင်္ဘော ဂျော့ဝါရှင်တန် ပေါ်တွင် အမေရိကန် ရေတပ်က ဗီယက်နမ် စစ်ဖက်နှင့် အစိုးရ အရာရှိများကို တနင်္ဂနွေနေ့က ကြိုဆို ဧည့်ခံခဲ့သည်။

ဖျက်သင်္ဘော ၃ စင်း ပါဝင်သည့် ရေတပ် တိုက်ခိုက်ရေး သင်္ဘောစုက တောင်တရုတ် ပင်လယ် အတွင်း ရှိနေချိန်တွင် USS Tohn SM Cain စစ်သင်္ဘောက ဗီယက်နမ် ဒါနန်း ဆိပ်ကမ်းတွင် အင်္ဂါနေ့ ညနေပိုင်း၌ အသင့် ဆိုက်ကပ် ထားသည်။

ယခု စစ်ရေး လေ့ကျင့်မှုသည် အမေရိကန်နှင့် ဗီယက်နမ် အကြား သိသိသာသာ ဆက်ဆံရေး နွေးထွေးလာမှုကို ပြသခြင်း ဖြစ်သည်ဟု BBC ဗီယက်နမ် သတင်းထောက် ဝါဖန်က ပြောကြားသည်။

တရုတ်နိုင်ငံနှင့် အရှေ့တောင် အာရှနိုင်ငံများ ယှဉ်ပြိုင်လျက် ရှိကြသည့် အဆိုပါ ပင်လယ်ပြင်တွင် လွတ်လပ်သော ရေကြောင်း သွားလာမှုကို ကာကွယ်မည့် ဝါရှင်တန်၏ ဆုံးဖြတ်ချက်ကို ပြသလိုက်ခြင်းလည်း ဖြစ်သည်ဟု BBC သတင်းထောက်က ဆိုသည်။

မတ်လ အတွင်းက ချိုနန် စစ်သင်္ဘော နစ်မြုပ်ခဲ့ခြင်း အတွက် အပြစ်တင်ခံ နေရသော မြောက်ကိုရီးယား အပေါ် တောင်ကိုရီးယားက ကန့်ကွက်နေခြင်းကို ထောက်ခံကြောင်း ပြသမှု တစိတ်တပိုင်း အဖြစ် အမေရိကန် ပြည်ထောင်စုက ဒေသတွင်း ၎င်း၏ ရပ်တည်မှုကို လက်ရှိ လများ အတွင်း တိုးမြှင့်နေခြင်း ဖြစ်သည်။

ဂျော့ရှ်ဝါရှင်တန် လေယာဉ်တင် သင်္ဘောမှ ရေယာဉ်မှူး David Lausman က "ဒီရေပြင်ကို ဘယ်သူမှ မပိုင်ပါဘူး။ အားလုံးနဲ့သာ သက်ဆိုင်ပါတယ်" ဟု တနင်္ဂနွေနေ့တွင် ပြောကြားလိုက်သည်။

"ဒီနယ်မြေမှာ ကျွန်တော်တို့ လုပ်သလို၊ ကမ္ဘာပေါ်က တခြားနိုင်ငံတွေ လုပ်သလို၊ တရုတ်နိုင်ငံလည်း လုပ်ပိုင်ခွင့် ရှိပါတယ်" ဟု ၎င်းက ဖြည့်စွက် ပြောကြားသည်။

အငြင်းပွား နယ်မြေရှိ Paracel ကျွန်းစု တဝိုက်တွင် တရုတ် သင်္ဘောများက တိုင်းတာရေး လုပ်ငန်းများ လုပ်ဆောင်ခဲ့ခြင်းသည် ဗီယက်နမ်၏ အချုပ်အခြာကို ချိုးဖောက်ခြင်း ဖြစ်သည်ဟု ဗီယက်နမ် နိုင်ငံခြားရေး ဝန်ကြီးဌာနက ယခင် အပတ်တွင် ပြောကြားခဲ့သည်။

တောင်တရုတ် ပင်လယ်ပြင် ပိုင်နက် အငြင်းပွားမှုတွင် အခြားနိုင်ငံများ ပါဝင် ပတ်သက်ခြင်းကို တရုတ်နိုင်ငံက အမြဲတမ်း ဆန့်ကျင် ကန့်ကွက်ခဲ့ပြီး "သက်ဆိုင်ရာ နှစ်နိုင်ငံ စေ့စပ် ညှိနှိုင်းရမည့် ကိစ္စသာ ဖြစ်သည်" ဟု ပြောကြားခဲ့သည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

CNN, 11th August 2010

တောင်အာဖရိကတွင် ပြုလုပ်ခဲ့သော ၂၀၁၀ ကမ္ဘာ့ဖလား ဘောလုံးပြိုင်ပွဲတွင် ရှုံးနိမ့်ခဲ့သော မြောက်ကိုရီးယား ဘောလုံးအသင်းနှင့် နည်းပြကို ၎င်းတို့ အစိုးရက ဆင့်ခေါ် စစ်ဆေးနေကြောင်း သတင်းများ ထွက်ပေါ်လာသဖြင့် ကမ္ဘာ့ဘောလုံး အဖွဲ့ချုပ်က စုံစမ်းမှု ပြုလုပ်နေသည်။

မြောက်ကိုရီးယား ဘောလုံးအသင်းသည် ၁၉၆၆ ခုနှစ် နောက်ပိုင်း ပထမဆုံး အကြိမ်အဖြစ် ကမ္ဘာ့ဖလားပြိုင်ပွဲ ဝင်ခဲ့ရာ ပေါ်တူဂီကို ၇ - ၀ ဖြင့် စိတ်ပျက်ဖွယ် ရှုံးနိမ့်ခဲ့ပြီး ကမ္ဘာ့ဖလား ၅ ကြိမ် ချန်ပီယံ ဘရာဇီးနှင့် အိုင်ဗရီကိုစ့် တို့ကိုပါ ရှုံးနိမ့်ခဲ့ခြင်း ဖြစ်သည်။

ဂျပန်နိုင်ငံဖွား ဂျောင်တေအီနှင့် အင်ယွန်ဟတ်တို့မှ လွဲ၍ ကျန်ကစားသမားများကို ယခင်လက ပြုံးယမ်းသို့ ပြန်ရောက်အပြီး ကြီးမားသော ကဇာတ်ရုံသို့ ဆင့်ခေါ်ကာ ၆ နာရီကြာ စစ်ဆေး မေးမြန်းခဲ့သည်ဟု RFA သတင်းများအးရ သိရှိရသည်။

နည်းပြ ကင်ဂျုံဟွန်မှာ အလုပ်သမားပါတီမှ ထုတ်ပယ်ခြင်း ခံရပြီး အလုပ်ကြမ်း ပြစ်ဒစ်ပေးခြင်း ခံရသည်ဟု သတင်းများက ဆိုသည်။ ၎င်းသည် အာဏာရှင် သက်တော်ရှည် ခေါင်းဆောင်ကြီး ကင်ဂျုံအီ၏ ဘိသိတ်မြောက် အမွေခံ မျိုးဆက်သစ် ကင်ဂျုံအန်း အပေါ် သစ္စာဖောက်မှုဖြင့် စွပ်စွဲခံရခြင်း ဖြစ်သည်ဟု သိရှိရသည်။

FIFA ဥက္ကဋ္ဌ ဆက်ဘလတ္တာက စင်္ကာပူတွင် ဗုဒ္ဓဟူးနေ့က ပြုလုပ်သော သတင်းစာ ရှင်းလင်းပွဲတွင် မိမိတို့ ဘောလုံး အဖွဲ့ချုပ်က မြောက်ကိုရီးယား ဘောလုံး အဖွဲ့ချုပ်နှင့် အဆက်အသွယ် ပြုလုပ်ခဲ့သည်ဟု ပြောကြားသည်။

"တကယ်လို့ မီဒီယာတွေက စွပ်စွဲတဲ့အတိုင်း ဘောလုံးသမားတွေနဲ့ နည်းပြကို ပြစ်တင် ရှုတ်ချပြီး အပြစ်ပေးခဲ့တာ မှန်တယ်ဆိုရင် ဥက္ကဋ္ဌ အသစ် တင်မြောက်မှုနှင့် ပတ်သက်ပြီး ကျွန်တော်တို့ကို ရှင်းလင်းပြောကြားဖို့ သူတို့ကို ဆက်သွယ်ခဲ့ပါတယ်" ဟု ဘလတ္တာက ပြောကြားခဲ့ကြောင်း UK Press Assoication က ထုတ်ပြန်သည်။

"ပထမ အဆင့် အနေနဲ့ကတော့ အဖွဲ့ချုပ်ကိုပါပဲ။ ကျွန်တော်တို့ အဖြေ ဘာလဲဆိုတာ တွေ့ရပါလိမ့်မယ်။ ဒီနောက်မှ အကျယ်ချဲ့ပြီး ဆက်လုပ်ရပါမယ်"  ဟု ပြောသည်။

ဘလတ္တာက ပြောကြားရာတွင် FIFA သည် ၎င်း၏ အဖွဲ့ချုပ်များ၏ အရေးကိစ္စများတွင် အစိုးရ၏ ပါဝင် ပတ်သက်မှု မရှိစေရန် တင်းကြပ်သော ဥပဒေများ ထုတ်ပြန်ထားသည့် အလျောက်၊ အထက်ပါ သတင်းများနှင့် ပတ်သက်၍ တရားဝင် သတင်း ထုတ်ပြန်ချက် ပြုလုပ်နိုင်ရန် သေချာစွာ စောင့်ကြည့်လျက် ရှိသည်ဟု ဆိုသည်။

"ကျွန်တော်တို့ တစ်ခါက တခြားတိုင်းပြည် တစ်ခုမှာ ကစားသမားတွေကို ပြစ်တင်ခဲ့ပြီး ကာယကံမြောက် ဖိအားပေးမှုတွေ ရှိတယ်ဆိုလို့ လူလွှတ်ပြီး စုံစမ်းတော့ မဟုတ်ခဲ့ပါဘူး" ဟု ၎င်းက ပြောသည်ဟု AFP က ပြောသည်။

"ဒီတော့ တရားဝင် ကြေညာချက် မထုတ်ခင် ဘာတွေ ကြားရမလဲဆိုတာ စောင့်ကြည့်ကြတာပေါ့" ဟု ဘလတ္တာက ပြောသည်။

ဘလတ္တာသည် လူငယ် အိုလံပစ် ကစားပွဲ၏ ဘောလုံးပြိုင်ပွဲ အတွက် စင်္ကာပူတွင် ရောက်ရှိနေပြီး၊ ယခုအခါ နိုင်ငံတကာ ဘောလုံးဘုတ်အဖွဲ့သည် ဂိုးစည်း နည်းပညာကို အောက်တိုဘာလ အစည်းအဝေးတွင် ဆွေးနွေးမည် ဖြစ်ကြောင်း အတည်ပြုခဲ့သည်။

ထိုကိစ္စမှာ ကမ္ဘာ့ဖလားတွင် အင်္ဂလန်က ဂျာမနီအပေါ် ရသင့်သည့် ဂိုးမရခြင်းနှင့် အာဂျင်တီးနားက မက္ကဆီကိုအား လူကျွံဘောမှ ဂိုးရခဲ့ခြင်းတို့ကြောင့် ဆွေးနွေးရန် ကိစ္စ ဖြစ်လာခဲ့သည်။

 

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

Mizzama News, 11th August 2010

မြန်မာ စစ်တပ်၏ ကွပ်ကဲမှု အောက်တွင် ထားရှိမည့် မြန်မာနိုင်ငံ ရှေ့ပိုင်းရှိ အထူး နယ်စပ် တပ်ဖွဲ့သို့ ပူးပေါင်းရန် တောင်းဆို ခံနေရသော အစိုးရ မဟာမိတ် DKBA တပ်ဖွဲ့မှ အရာရှိများနှင့် စစ်သားများသည် အစိုးရ ကမ်းလှမ်းမှုကို ငြင်းပယ်ထားသော တပ်မဟာသို့ အလုံးအရင်းလိုက် လာရောက် ပူးပေါင်းလျက် ရှိသည်ဟု ကရင်သတင်း ရပ်ကွက်မှ သိရှိရသည်။

နယ်ခြားစောင့် တပ်ဖွဲ့ အဖြစ် အသွင်ပြောင်းရန် တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့များ အားလုံးအား ညွှန်ကြားသည့် အစိုးရ၏ ကမ်းလှမ်းမှုကို ပယ်ချခဲ့သော ဗိုလ်မှူးကြီး စောလှဖွေး၏ တပ်မဟာ ၅ သို့ လာရောက် ပူးပေါင်းနေကြခြင်း ဖြစ်သည်။

ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီး အခြေစိုက် အမှတ် ၈ စစ်ဆင်ရေး ကွပ်ကဲမှု ဌာနချုပ်မှူး ဗိုလ်မှူးချုပ် သန်းစိုးက စောလှဖွေးအား နယ်ခြားစောင့်တပ်သို့ ယနေ့ အသွင်ပြောင်း ပူးပေါင်းရန် ရာဇသံ ပေးထားသည်ဟု ကရင်သတင်းဌာနက မနေ့က ပြောကြားခဲ့သည်။

သို့သော်လည်း DKBA ၉၉၉ တပ်မမှ ဗိုလ်မှူးကြီး စောချစ်သူ ဦးဆောင်သည့် တပ်ဖွဲ့ဝင် ၁၉ ဦး၊ တပ်မဟာ ၅ ကလိုတူးပေါ်၏ မဟာဗျူဟာ ကွပ်ကဲရေး ဌာနသို့ လာရောက် ပူးပေါင်းခဲ့ခြင်းကြောင့် နယ်ခြားစောင့်တပ် အစီအစဉ် အပေါ် ဆန့်ကျင်မှုများ ကြီးထွားလာခဲ့သည်။ ၎င်းတို့တွင် ဒုံးပစ်လောင်ချာများ၊ M 79 လောင်ချာများ၊ M-16 နှင့် AK 47 ရိုင်ဖယ် သေနတ်များ ၂၀ ကျော် ပါလာသည်ဟု DKBA အရာရှိက ပြောကြားသည်။

တစ်ချိန်တည်းတွင် DKBA တပ်ထောက် တပ်ကြပ်ကြီး စောဖလိုး ကလည်း သီးခြား အဖွဲ့ကို ဦးဆောင်ကာ တပ်မဟာ ၅ သို့ ယနေ့ လာရောက် ပူးပေါင်းသည်ဟု အဆိုပါ အရာရှိက ပြောကြားသည်။

"သူတို့ မိသားစုတွေလည်း ပါလာကြပါတယ်။ သူတို့ရဲ့ အရင် ရာထူးအဆင့် ပြန်ပေးမယ်လို့ ကျွန်တော်တို့ ကမ်းလှမ်းထားပါတယ်။ သူတို့ရဲ့ လုံခြုံရေး အတွက် ကျွန်တော်တို့ ကြိုတင် စီစဉ်ထားပြီးသားပါ" ဟု တပ်မဟာ ၅ မှ ဒီကေဘီအေ အရာရှိက ဆိုသည်။

နိုင်ငံတဝှမ်း တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့များနှင့် အပစ်အခတ် ရပ်စဲရေး သဘောတူညီချက် အရ မြန်မာ အစိုးရက DKBA တပ်ဖွဲ့ကို မြန်မာနိုင်ငံ အရှေ့ပိုင်းကို ထိန်းချုပ်နှင့် ပေးခဲ့ပြီး အခွန်ကောက်ယူခွင့်နှင့် စီးပွားရေး အခွင့်အလမ်းများ ပေးခဲ့သည်။

အစိုးရ၏ နယ်ခြားစောင့် တပ်ဖွဲ့သို့ ပူးပေါင်းရန် အဆိုပြုချက်ကို DKBA ထိပ်ပိုင်း အရာရှိများက လက်ခံခဲ့သော်လည်း လက်နက် ဖြုတ်သိမ်းမည်ကို စိုးရိမ်သော အဖွဲ့များက အဆိုပြုချက်ကို ပယ်ချရန် ကြိုးစားခဲ့ကြပြီး ဗိုလ်မှူးကြီး စောလှဖွေးသည်လည်း အဆိုပြုချက်ကို ပြတ်သားစွာ ပယ်ချခဲ့သူ ဖြစ်သည်။

ဤကိစ္စနှင့် ပတ်သက်၍ ကြားသိရသော သတင်းတစ်ခု အရ တပ်မတော် စစ်ဖက်ရေးရာ လုံခြုံရေး အကြီးအကဲ ဒုတိယ ဗိုလ်မှူးကြီး ရဲမြင့်သည် နယ်ခြားစောင့်တပ် အစီအစဉ်ကို ဆွဲဆောင် စည်းရုံးရန် အတွက် ထိုင်းနယ်စပ် မြဝတီသို့ ထွက်ခွာလာစဉ် KNU တပ်ဖွဲ့၏ ခြုံခို တိုက်ခိုက်မှုကြောင့် စစ်သား တစ်ဦး သေဆုံးခဲ့သည်ဟု သိရှိရသည်။

ကရင် အုပ်စု တစ်ခု ဖြစ်သည့် ကရင် ငြိမ်းချမ်းရေး တပ်ဖွဲ့က နယ်ခြားစောင့်တပ်သို့ တနင်္လာနေ့တွင် လည်းကောင်း၊ DKBA တပ်ဖွဲ့က ဗုဒ္ဓဟူးနေ့တွင် လည်းကောင်း တရားဝင် အခမ်းအနားဖြင့် ပူးပေါင်းကြရန် နေပြည်တော်က စီစဉ်ထားခြင်း ဖြစ်သည်။

အစိုးရ၏ အစီအစဉ်ကို လက်ခံခြင်းထက် တောထဲသို့ ပြန်ဝင်ရန် DKBA တပ်ဖွဲ့ဝင်များက လိုလားကြသည်ဟု သတင်းများ ပျံ့နှံ့ခဲ့ပြီးနောက် မြန်မာ စစ်တပ်နှင့် DKBA တပ်ဖွဲ့အကြား တင်းမာမှုများ လအတန်ကြာ ကြီးထွားခဲ့သည်။

DKBA တပ်ရင်းများသည် ၁၉၉၄ တွင် KNU မှ ခွဲထွက် ခဲ့ပြီးနောက် ယခုအခါ ပြန်လည် ပူးပေါင်းရန် အတွက် ဆက်သွယ်ရန် ကြိုးစားနေကြသည်ဟု ဘားအံခရိုင် KNU ဥက္ကဌ ဖဒိုစောမော်အေးက မဉ္ဇိမ သတင်းဌာနသို့ ပြောကြားသည်။

"ကျွန်တော်တို့ရဲ့ ကရင်လူမျိုးတွေကို ကျွန်တော်တို့ လက်ခံမှာပါ။ တချို့လည်း ကျွန်တော်တို့ဆီ ဆက်သွယ် လာကြပါတယ်။ KNU မှာ တာဝန် ထမ်းမယ် ဆိုရင်လည်း လက်ခံမှာပါ။ KNU နဲ့ အလုပ် မလုပ်ချင်ဘူး ဆိုရင်တောင် သူတို့ မိသားစုတွေနဲ့ အတူ ဘေးကင်းတဲ့ နေရာမှာ နေထိုင်နိုင်အောင် စီစဉ် ပေးမှာပါ" ဟု ဖဒိုစောမော်အေးက ပြောကြားသည်။

နယ်ခြားစောင့်တပ်သို့ ပူးပေါင်းရန် ဆုံးဖြတ်ခဲ့သော တပ်မဟာ ၉၉၉ လက်အောက်ခံ တပ်ရင်း ၇ တပ်ရင်းမှူး လိုက်သိမ့်က "KNU နဲ့ သွားပေါင်းကြတဲ့ တပ်ဖွဲ့ဝင်တွေကတော့ သူတို့ ကြမ္မာ သူတို့ သတ်မှတ်တာပါ။ တကယ်လို့ တစ်စုံတစ်ခု မှားယွင်းခဲ့ရင် ကျွန်တော်တို့ မကယ်နိုင်ပါဘူး။ သူတို့လမ်းကို သူတို့ ရွေးတာပါ" ဟု ပြောကြားသည်။

၁၉၉၄ ခုနှစ်က KNU ခရစ်ယာန် ခေါင်းဆောင်ပိုင်းသည် ဗုဒ္ဓဘာသာ တပ်ဖွဲ့ဝင်များ အပေါ် ခွဲခြား ဆက်ဆံသည် ဟူသော အကြောင်းပြချက်ဖြင့် မြိုင်ကြီးငူ ဆရာတော် ဦးသုဇန ဦးဆောင်သော အဖွဲ့ဝင်များက KNU မှ ခွဲထွက်ကာ DKBA ကို ဖွဲ့စည်းခဲ့ခြင်း ဖြစ်သည်။ ထို့နောက်တွင် DKBA က အစိုးရနှင့် အပစ်ရပ် သဘော တူညီချက် လက်မှတ်ထိုးခဲ့သည်။

DKBA တပ်ဖွဲ့တွင် တပ်ဖွဲ့ဝင် အင်အား ၇၀၀၀ ကျော် ရှိမည်ဟု စစ်ရေး ကျွမ်းကျင်သူများက ခန့်မှန်းထားသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

Human Rights Watch, 11th August 2010

ဥရောပ သမဂ္ဂ အဖွဲ့ဝင် နိုင်ငံများ အနေဖြင့် စက်တင်ဘာလတွင် ကျင်းပမည့် ကုလသမဂ္ဂ အထွေထွေ ညီလာခံ မတိုင်မီ မြန်မာနိုင်ငံ အပေါ် ၎င်း၏ လူသားချင်း မစာနာသည့် ရာဇဝတ်မှုများနှင့် စစ်ရာဇဝတ်မှုများအား စုံစမ်း စစ်ဆေးရန် နိုင်ငံတကာ စုံစမ်းရေး ကော်မရှင် ဖွဲ့သင့်ကြောင်း လူသိရှင်ကြား ထောက်ခံသင့်သည်ဟု Human Rights Watch က အီးယူ နိုင်ငံခြားရေး ဝန်ကြီးများထံသို့ ယနေ့ စာရေးသား ပေးပို့ခဲ့သည်။

အထွေထွေ ညီလာခံတွင် မြန်မာနိုင်ငံ အပေါ် ဆုံးဖြတ်ချက် မူကြမ်းတွင် စုံစမ်းရေး ကော်မရှင်ကိုပါ ထည့်သွင်းရန် Human Rights Watch က အီးယူသို့ တိုက်တွန်းခဲ့သည်။ ထိုသို့သော တောင်းဆိုမှုမျိုးကို ပြီးခဲ့သည့် မတ်လက မြန်မာနိုင်ငံ အတွက် ကုလသမဂ္ဂ လူ့အခွင့်အရေး အထူး ကိုယ်စားလှယ် Tomas Ojea Quintana က ၎င်း၏ သတင်း ထုတ်ပြန်ချက်တွင် ဖော်ပြခဲ့ဖူးရာ၊ ကုလသမဂ္ဂ အနေဖြင့် မြန်မာနိုင်ငံက နိုင်ငံတကာ ဥပဒေ ချိုးဖောက်သော ရာဇဝတ်မှုများကို စုံစမ်းရေး ကော်မရှင် ဖွဲ့စည်းရေး စဉ်းစားပေးရန် တောင်းဆိုခဲ့သည်။

"အထွေညီလာခံ ဆုံးဖြတ်ချက်မှာ နှစ်စဉ် လုပ်နေကြအတိုင်း မြန်မာနိုင်ငံ အပေါ် ရှုတ်ချ ကန့်ကွက်ရုံနဲ့ မလုံလောက်တော့ပါဘူး။ ကျူးလွန်မှုတွေ အတွက် တန်ဖိုးကြီးကြီး ပေးဆပ်နိုင်ဖို့ သူတို့ကို စပြီး စုံစမ်း စစ်ဆေးရပါမယ်" ဟု Human Rights Watch မှ အမှုဆောင် ဒါရိုက်တာ Kenneth Roth က ပြောသည်။

Quintana ၏ တောင်းဆိုမှုအား ထောက်ခံသည့် အနေဖြင့် ဥရောပ ပါလီမန်သည် မေလ ၂၀ ရက်နေ့က မြန်မာနိုင်ငံ အပေါ် ဆုံးဖြတ်ချက် တစ်ခု အတည်ပြုခဲ့ရာ အီးယူ အဆင့်မြင့် ကိုယ်စားလှယ်နှင့် အဖွဲ့ဝင် နိုင်ငံများအား မြန်မာနိုင်ငံ အပေါ် ကုလသမဂ္ဂ၏ စုံစမ်းရေး ကော်မရှင် ဖွဲ့စည်းမှုအား လူသိရှင်ကြား ထောက်ခံရန်နှင့် အထွေထွေ ညီလာခံ၏ ဆုံးဖြတ်ချက် မူကြမ်းတွင် ထိုတောင်းဆိုမှုအား ထည့်သွင်းရန် ဖော်ပြခဲ့သည်။

အချို့ အီးယူ အဖွဲ့ဝင် နိုင်ငံများနှင့် သြစတြေးလျ အစိုးရတို့သည် မြန်မာနိုင်ငံ အပေါ် နိုင်ငံတကာ ကော်မရှင် အတွက် ၎င်းတို့၏ ထောက်ခံမှုကို လူသိရှင်ကြား ကြေညာခဲ့ကြသည်။

ပြီးခဲ့သည့် ဇွန်လက နိုင်ငံတကာ ရာဇဝတ်မှု တရားရုံး (ICC) ၏ ရောမ ဥပဒေကို ပြန်လည် သုံးသပ်သည့် ကွန်ဖရင့်တွင် Kampala ကြေညာချက် ထုတ်ပြန်ခဲ့ရာ ICC အဖွဲ့ဝင် ၁၁၁ နိုင်ငံက နိုင်ငံတကာက စိုးရိမ် ပူပန်ရသော ရာဇဝတ်မှုကြီးများကို ကျူးလွန်နေသော အာဏာရှင်များ၏ တရား ဥပဒေမဲ့ လုပ်ရပ်များကို ရပ်တန့်စေရမည်ဟု ထပ်မံ ကတိပြုခဲ့ကြသည်။ အီးယူနိုင်ငံ အားလုံးသည် ICC အဖွဲ့ဝင်များလည်း ဖြစ်ကြရာ၊ ၎င်းတို့ အနေဖြင့် အထက်ပါ ကတိကဝတ်ကို မြန်မာနိုင်ငံက ကျူးလွန်နေသော ရာဇဝတ်မှုများကို စုံစမ်း စစ်ဆေးရန် နိုင်ငံတကာ ကော်မရှင် ထူထောင်ရေးကို ရှေ့တန်းမှ တွန်းအားပေးခြင်းဖြင့် ပြကြရန် လိုသည်ဟု Human Rights Watch က ပြောသည်။

ကုလသမဂ္ဂ အထူး ယန္တရားဖြစ်သော Human Right Watch နှင့် အခြား အဖွဲ့များသည် မြန်မာနိုင်ငံတွင် စနစ်တကျ၊  ကျယ်ကျယ်ပြန့်ပြန့်၊ စိုးရိမ်ဖွယ် ကျူးလွန်မှုများ အတွက် အထောက်အထား နှင့်တကွ လူသိရှင်ကြား သတင်းထုတ်ခဲ့သည်။ ကုလသမဂ္ဂ အထွေထွေ ညီလာခံ တစ်ခုတည်းကပင် ၁၉၉၂ ကတည်းက မြန်မာနိုင်ငံ အပေါ် ဆုံးဖြတ်ချက် ၁၉ ခု ချခဲ့ပြီး ဖြစ်သည်။

Human Rights Watch ကလည်း ယနေ့ ကျယ်ကျယ်ပြန့်ပြန့် ဖော်ပြထားသော အမေးအဖြေကို ယနေ့ ထုတ်ပြန်ခဲ့ရာ နိုင်ငံတကာ ဥပဒေကို ချိုးဖောက်မှု အတွက် တာဝန်ရှိမှုနှင့် ပတ်သက်သော ကိစ္စအမျိုးမျိုးကို ဖော်ပြထားသည်။

"မြန်မာနိုင်ငံမှာ လုပ်သမျှဟာ လူ့အခွင့်အရေး ချိုးဖောက်သူများ အဖြစ် ပိုမို ထင်ရှား လာစေပါတယ်။ နိုင်ငံတကာ စုံစမ်းရေး ကော်မရှင် ဖွဲ့စည်းခြင်းဟာ မြန်မာနိုင်ငံက ချိုးဖောက်သူများကို တရားဥပဒေ ရှေ့မှောက်ပို့ဖို့နဲ့ ဥပဒေမဲ့ လုပ်ရပ်များ ရပ်သွားစေဖို့ အရေးကြီးတဲ့ ပထမခြေလှမ်း ဖြစ်ပါတယ်" ဟု Roth က ပြောသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.