Transparency Myanmar

transparency.myanmar@gmail.com

The Straits Times, From AFP, 18th December 2010

ယခင် အမေရိကန် သမ္မတ ကတော်ဟောင်း Laura Bush က သူမသည် မြန်မာ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် ပထမဆုံးအကြိမ် စကား ပြောဆိုခဲ့ပြီး၊ လူသားတို့၏ လွတ်လပ်ခွင့် အတွက် လှုံ့ဆော် ဦးဆောင်သူဟု ခေါ်ဝေါ် ချီးကျူးခဲ့ကြောင်း သောကြာနေ့က ပြောကြားသည်။

"ဒီနေ့ မနက်ပိုင်းမှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ ပထမဆုံးအကြိမ် စကား ပြောခဲ့ရပါတယ်။  ဒီလိုမျိုး လူသားတို့ရဲ့ လွတ်လပ်ခွင့်အတွက် လှုံ့ဆော် ဦးဆောင်သူ တစ်ဦးရဲ့ စိတ်အား ထက်သန်မှုနဲ့ သြဇာ ပြည့်ဝတဲ့ အသံကို ကြားရတာ ကျွန်မ အားတက်မိပါတယ်" ဟု Laura Bush က ကြေညာချက်တွင် ပြောဆိုသည်။

"သူမမှာ မျှော်လင့်ချက် ပျောက်ဆုံးတာမျိုး၊ မြန်မာနိုင်ငံ လွတ်လပ်ခွင့် အတွက် ယုံကြည်နေမှု ရပ်ဆိုင်း သွားတာမျိုး လုံးဝ မရှိပါဘူး။ ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်လာတဲ့ အတွက် ကျွန်မ အားတက်မိပါတယ်။ သူမနဲ့ သူမချစ်တဲ့ တိုင်းပြည် လွတ်လပ်ခွင့် ရမယ့် ရက်ကို ကျွန်မ မျှော်ကြည့်နေပါတယ်"  ဟု Laura Bush က ဆက်လက် ပြောကြားသည်။

လွန်ခဲ့သော ၂၁ နှစ် အတွင်း ၁၅ နှစ်ခန့် ထိန်းသိမ်းခြင်း ခံခဲ့ရသူ ဒေါ်အောင်ဆန်းစုကြည်အား စစ်ဖက် အုပ်ချုပ်သူများက နောက်ဆုံး ၇ နှစ် ဆက်တိုက် ထိန်းသိမ်းထားရာမှ နိုဝင်ဘာ ၁၃ ရက်တွင် လွှတ်ပေးခဲ့ခြင်း ဖြစ်သည်။ အမေရိကန် သမ္မတ ဘားရက် အိုဘားမား အစိုးရက မြန်မာ စစ်အစိုးရကို ပစ်ပယ်ထားရန် အနောက် နိုင်ငံများ၏ ကြိုးပမ်းမှုသည် အနည်းငယ်မျှသာ အောင်မြင်မှုသာ ရရှိကြောင်း ကောက်ချက် ချခဲ့ပြီးနောက် မြန်မာ စစ်ဖက် အုပ်ချုပ်သူများနှင့် တွေ့ဆုံညှိနှိုင်းမှုကို မနှစ်က စတင် ပြုလုပ်ခဲ့သည်။

သို့သော်လည်း ဒီမိုကရေစီ အရေးနှင့် အခြား စိုးရိမ်စရာ ကိစ္စရပ်များတွင် တိုးတက် ပြောင်းလဲမှု ရှိမှသာ အပြန်အလှန် အားဖြင့် ပိတ်ဆို့မှုများကို ရုတ်သိမ်းပေးမည်ဟု အမေရိကန်တို့က ပြောကြားထားသည်။

စစ်ဘက် အုပ်ချုပ်သူများ အပေါ် ဒဏ်ခတ်သည့် ဆောင်ရွက်ချက်များကို နှစ်ပေါင်းများစွာ အားပေး ထောက်ခံခဲ့သော ဒေါ်အောင်ဆန်းစုကြည်သည် သူမလွတ်မြောက်လာပြီးနောက် ၎င်းကိစ္စ အပေါ် အနည်းငယ်မျှသာ ပြောဆိုခဲ့သော်လည်း အဆိုပါ ဆောင်ရွက်ချက်များနှင့် ပတ်သက်၍ သူမ၏ ရပ်တည်မှု သဘောထား ပျော့ပြောင်းလာသည့် လက္ခဏာများကို ပြသခဲ့သည်။

မြန်မာ အစိုးရနှင့် အမေရိကန် ပြည်ထောင်စုတို့၏ အသစ်ထပ်မံ တွေ့ဆုံ ညှိနှိုင်းမှုကို ဒေါ်အောင်ဆန်းစုကြည်က ကြိုဆိုလိုက်သော်လည်း လိုသည်ထက် ပို၍ အကောင်းမြင်မှုကို ကန့်ကွက် သတိပေးခဲ့ပြီး ကြီးမားသော လူ့အခွင့်အရေးနှင့် စီးပွားရေးဆိုင်ရာ တိုးတက် ပြောင်းလဲမှုများ လိုအပ်နေဆဲ ဖြစ်ကြောင်း ပြောကြားလိုက်သည်။ သူမ၏ ပါတီသည် ၁၉၉၀ ရွေးကောက်ပွဲတွင် အနိုင် ရရှိခဲ့သော်လည်း စစ်ဖက် အုပ်ချုပ်သူများ၏ "အာဏာလွှဲ မပေးနိုင်" ဟု မျက်စိမှိတ် ငြင်းဆိုခြင်းကို ခံခဲ့ရသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

Reuters, 18th December 2010

တောင်နှင့်မြောက် ကိုရီးယား နှစ်နိုင်ငံ အကြား အသစ် ထပ်မံ ဖြစ်ပွားနိုင်ချေ ရှိသော ပဋိပက္ခသည် ဒေသတွင်း တည်ငြိမ်မှုကို ပျက်ပြားစေနိုင်သည်ဟု တရုတ်နိုင်ငံက စနေနေ့တွင် သတိပေးလိုက်ပြီး တင်းမာမှု မြင့်မားသွားစေလိမ့်မည်ဟု ၎င်းကပြောဆိုထားသော လုပ်ရပ်များကို ရှောင်ရှားကြရန် အစိုးရ နှစ်ဖွဲ့စလုံးကို တရုတ်က တိုက်တွန်းလိုက်သည်။

ကိုရီးယား ကျွန်းဆွယ် နှစ်နိုင်ငံ အကြား ရုတ်တရက် ဆိုးဝါးလာနိုင်သော သွေးကွဲမှုကို ရည်ညွှန်းသည့် ဘီဂျင်း၏ လက်ရှောင်သည့် သဘောထားကို ထင်ဟပ်သော တရုတ် နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ဂျန်ဟု၏ ထုတ်ပြန်ချက်တွင် လက်တွေ့ ပစ်ခတ်သော စစ်ရေး လေ့ကျင့်ခန်း ပြုလုပ်မည့် ဆိုးလ်၏ အစီအစဉ်ကို ဖြစ်စေ၊ စစ်ရေး လေ့ကျင့်ခန်း ပြုလုပ်ပါက တိုက်ခိုက်မည်ဟု ဆိုသော ပြုံယမ်း၏ ခြိမ်းခြောက်မှုကို ဖြစ်စေ တိုက်ရိုက် ဝေဖန် ပြစ်တင်ခြင်း မရှိပေ။

သို့သော်လည်း ဝန်ကြီးဌာန ဝက်ဘ်ဆိုက် www.mfa.gov.cn တွင် ဖော်ပြထားသော ဂျန်ဟု၏ ထုတ်ပြန်ချက်တွင် ယခင်လက ဖြစ်ပွားခဲ့သော တောင်ကိုရီးယား၏ စစ်ရေး လေ့ကျင့်မှု အပြီး တောင်ကိုရီးယား ကျွန်းကို မြောက်ကိုရီးယားတို့က အမြောက်ဖြင့် ပစ်ခတ်ခြင်းကဲ့သို့ ထိပ်တိုက် ရင်ဆိုင်မှုမျိုး ထပ်မံ ဖြစ်ပွားမည်ကို ဘီဂျင်းက စိုးရိမ်ကြောင်း ပွင့်လင်းစွာ ပြောဆိုထားသည်။

"ကိုရီးယား ကျွန်းဆွယ်ရဲ့ လက်ရှိ အနေအထားက အလွန် ရှုပ်ထွေးပြီး အထိမခံတဲ့ အနေအထားပါ။ တရုတ်နိုင်ငံက အလွန်အမင်း စိုးရိမ် ပူပန်နေပါတယ်" ဟု ဂျန်ဟုက ဆိုသည်။

"တကယ်လို့ သွေးစွန်းတဲ့ ပဋိပက္ခတွေ ကျွန်းဆွယ်မှာ ဖြစ်ပွားလာမယ် ဆိုရင် ပထမဆုံး ထိခိုက်မည့် သူတွေက ကျွန်းဆွယ် နှစ်နိုင်ငံက ပြည်သူတွေပါ။ ဒေသတွင် တည်ငြိမ်မှုနဲ့ ငြိမ်းချမ်းမှုကို သေချာပေါက် ပျက်ပြားစေမှာ ဖြစ်သလို အိမ်နီးချင်း တိုင်းပြည်တွေကိုလည်း အန္တရာယ် ဖြစ်စေပါတယ်" ဟု ၎င်းက ဆက်လက် ပြောဆိုသည်။

တရုတ် နိုင်ငံက ၎င်း၏ ရေရှည် မဟာမိတ် ပြုံယမ်းနှင့် ဆိုးလ် အကြား ထိပ်တိုက် ရင်ဆိုင် တင်းမာမှုကို စနက်တံ ဖြုတ်ရန် ဆွေးနွေးပွဲများ ကျင်းပရေး တောင်းဆိုထားခြင်းကို ဂျန်ဟုက ထပ်မံ တောင်းဆိုလိုက်ပြီး "ကျွန်းဆွယ် အနေအထားကို ပျက်ယွင်းပြီး တင်းမာစေမယ်။ ဒေသတွင်း တည်ငြိမ်မှု၊ ငြိမ်းချမ်းမှုကို ပျက်ပြားစေမယ့် ဘယ်လို လှုပ်ရှားမှု ကိုမဆို တရုတ်နိုင်ငံက အနည်းဆု့း ဒွိဟ ဖြစ်စရာ မရှိ လုံးဝ ဆန့်ကျင်ပါတယ်" ဟု ပြောကြားခဲ့သည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

Daily Mirror, By Dr. Tint Swe, 16th December 2010

မြန်မာ နိုင်ငံတွင် စစ်အာဏာရှင်သည် တိုင်းပြည် စီးပွားရေးကို မှားယွင်းစွာ စီမံ ခန့်ခွဲနေမှုအား ကြည့်ရမည့် အစား၊ အဟာရ မပြည့်သည့် ကလေးများ၊ သန်းနှင့် ချီသော ရွှေ့ပြောင်း လုပ်သားများနှင့် ဒုက္ခသည်များကို ကြည့်၍ မြန်မာနိုင်ငံ အပေါ် ချမှတ်ထားသော အရေးယူမှုများ အပေါ် အပြစ် ပုံချလိုသော လူများစွာ ရှိသည်။ မြန်မာနိုင်ငံ အပေါ် ချမှတ်ထားသော အရေးယူမှုများ အကြောင်းကို ပြောမည်ဆိုလျှင် ပညာရှင်များ မြင်သော အမြင်နှင့် အစိုးရ ဘက်တော်သား၊ စီးပွားရေး အကျိုးဆောင်များ မြင်သော အမြင်မှာ နိုင်ငံရေး ရှုဒေါင့်များ၌ လုံးဝ ခြားနားသည်။

မြန်မာနိုင်ငံသို့ နှစ်ပတ် ဗီဇာဖြင့် တစ်ခေါက် နှစ်ခေါက် လာခဲ့သော နိုင်ငံခြားသားများ ရေးသော စာတမ်းများ၊ အင်္ဂလိပ်လို ပြောတတ်သော မြန်မာများကို မေးမြန်းပြီး ရေးသားထားသော သုတေသန စာတမ်းများကို နားလည်ပေး နိုင်ပါသည်။ တစ်ချိန်တည်းမှာပင် အစိုးရနှင့် နိုင်ငံရေး နောက်ခံ ရှိသူများရော မရှိသူများနှင့် ပညာတတ် မြန်မာများကလည်း ပါဝင်နေခြင်းကို ဆိုလိုသည်။

ဆင်းရဲ မွဲတေမှုနှင့် အရေးယူ ပိတ်ဆို့မှုများ

အများစုက ဆင်းရဲမွဲတေမှုကို အရေးယူမှုကြောင့်ဟု အပြစ်တင်ကြသည်။ သို့သော် မြန်မာနိုင်ငံသည် ဖွံ့ဖြိုး တိုးတက်မှု အနည်းဆုံးနိုင်ငံ (LDC) ဘဝသို့ ၁၉၈၇ ခုနှစ် ဆိုရှယ်လစ်စနစ် လက်အောက် ကတည်းက ရောက်ရှိခဲ့ပြီး၊ နှစ်ပေါင်းနှစ်ဆယ် ဈေးကွက် စီးပွားရေး ဖွင့်ပေးခဲ့သည့်တိုင် LDC ဘဝမှ ရုန်းမထွက် နိုင်သေးသည်ကို တွေ့ရသည်။

မြန်မာနိုင်ငံသည် ၂၀၀၇-၀၈ ၌ သဘာဝဓာတ်ငွေ့ ၁၀၀၀ ကုဗပေလျှင် ၄.၄၁ ဒေါ်လာနှုန်းဖြင့် ထိုင်းနိုင်ငံသို့ ဓာတ်ငွေ့ တင်ပို့ ရောင်းချခြင်းမှ အမေရိကန် ဒေါ်လာ ၂.၆ ဘီလီယံ ရရှိသည်။ မြန်မာနိုင်ငံသည် နှစ်ပေါင်း နှစ်ဆယ် ကန်ထရိုက်မှ ဒေါ်လာ ၂၄ ဘီလီယံ ရရှိမည် ဖြစ်ပြီး၊ ရွှေသဘာဝ ဓာတ်ငွေ့မှ တစ်နှစ်လျှင် ဒေါ်လာ ၁.၂ ဘီလီယံ ရရှိမည် ဖြစ်သည်။ စစ်တပ်ပိုင် မြန်မာ စီးပွားရေး ဦးပိုင် လီမိတက်သည် ကျောက်စိမ်း ရောင်းရငွေ၏ ၆၀ % ရရှိသည်။ နှစ်စဉ် ကျောက်စိမ်း ရောင်းရငွေမှ ဒေါ်လာ သန်း ၁၀၀ အခွန်ငွေ ရရှိသည်။

အစိုးရထံတွင် နိုင်ငံခြားငွေ အရန်  ဒေါ်လာ ၆ ဘီလီယံကျော် ရှိနေရာ၊  ပြည်သူများ၏ ဘဝနှင့် လွန်စွာ ခြားနားသည်။ အစိုးရကမူ မြောက်ကိုရီးယား၏ အကူအညီဖြင့် ဥမင်လှိုဏ် ကွန်ယက်များ တည်ဆောက်ရာတွင် ဒေါ်လာ ၃ ဘီလီယံကျော် သုံးစွဲနေသည်။ လေတပ်အတွက် ရုရှားလုပ် MIG-29 တိုက်လေယာဉ်များ ဝယ်ယူရာတွင် ယူရို သန်း ၄၀၀ အသုံးပြုနေသည်။ သို့သော် အစိုးရ အသုံးစရိတ်တွင် ကျန်းမာရေးနှင့် ပတ်သက်၍ ၁ % အောက်သာ သုံးစွဲပြီး၊ ပညာရေး အတွက် GDP ၏ ၂ % အောက်သာ သုံးစွဲသည်။ စစ်အသုံးစရိတ်မှာမူ ၂၀၀၃-၀၄ တွင် ၄၀ % ကျော် ရှိသည်။

၁၈-၁-၂၀၀၈ ရက်စွဲပါ WikiLeaks ၏ အဆိုအရ အစိုးရသည် ရေနံနှင့် သဘာဝ ဓာတ်ငွေ့မှ ဝင်ငွေများ တိုး၍ ရရှိနေသော်လည်း မြန်မာ ပြည်သူများ၏ ဘဝ တိုးတက်ရေး အတွက် ဘာမှ လုပ်မပေး ဆိုသည်ကို တရုတ် သံအမတ်ကြီးက သိရှိသည်ဟု ဆိုသည်။

မြန်မာနိုင်ငံနှင့် တိုး၍ ကုန်သွယ်ခြင်းသည် နိုင်ငံရေး ပြုပြင် ပြောင်းလဲမှုများကို မဖြစ်စေနိုင်ပါ။ အဘယ်ကြောင့် ဆိုသော် စီးပွားရေး လုပ်ငန်း အများစုကို အစိုးရနှင့် ၎င်း၏ အလိုကျ စီးပွားရေး သမားများကသာ ချုပ်ကိုင် ထားခြင်းကြောင့် ဖြစ်သည်။ စီးပွားရေးအရ အရေးယူမှုများသည် ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်မှုကို အထောက်အကူ ပြုသည် ဟူသော အမြင်ကတောင် ကိုက်ညီ မှန်ကန်မှု ရှိနေသေးသည်။ ပြီးခဲ့သည့် နှစ်က သူမသည် အရေးယူမှုများ ရုတ်သိမ်းရေး အတွက် အကူအညီများ ပေးမည်ဟု ဗိုလ်ချုပ်မှူးကြီး သန်းရွှေထံ အဆိုပြုခဲ့သည်။ "အကယ်၍ လူတွေက အရေးယူမှု ရုတ်သိမ်းဖို့ အမှန်တကယ် အလို ရှိရင် ကျွန်မ စဉ်းစားပေးပါ့မယ်" ဟု သူမ လွတ်မြောက်ပြီးနောက် ပြောကြားခဲ့သည်။

မြန်မာနိုင်ငံ အပေါ် ချမှတ်ထားသော အရေးယူမှုများ ဖယ်ရှားလိုက်ခြင်းဖြင့် ဆန္ဒပြမှုများကို နှိပ်ကွပ်မှုများ မရှိတော့၊ အတင်းအဓမ္မ လုပ်အားပေး စေခိုင်းမှုများ လျော့သွားမည်လား။ ကုလသမဂ္ဂ အထွေထွေ ညီလာခံ၏ တတိယ ကော်မတီသည် ၁၈-၁၁-၂၀၁၀ နေ့က မြန်မာနိုင်ငံ၏ လူ့အခွင့်အရေး အခြေအနေများနှင့် ပတ်သက်၍ ဆုံးဖြတ်ချက်များ အတည်ပြုစဉ်က၊ ၁၉၂ နိုင်ငံ အနက် မည်သူကမျှ လူ့အခွင့်အရေး ကိစ္စများ တိုးတက်လာကြောင်း မပြောခဲ့ပေ။ ဒေါ်အောင်ဆန်းစုကြည်အား နောက်ထပ် မတိုက်ခိုက်တော့၊ မဖမ်းတော့၊ မလုပ်ကြံတော့ဟု မည်သူ အာမခံ နိုင်မည်နည်း။ မေလ ၃၀ ရက်၊ ၂၀၀၃ ခုနှစ်က ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးအသင်းမှ စွမ်းအားရှင်များသည် ဒေါ်အောင်ဆန်းစုကြည်အား လုပ်ကြံခဲ့မှုအား အမှတ်ရမိသည်။ ယခု USDA သည် ပါတီ အသွင်ပြောင်း၍ ၎င်း၏ အဖွဲ့ဝင်များသည် ကက်ဘိနက်နှင့် အစိုးရ အတွင်းတွင် နေရာယူကြတော့မည် ဖြစ်သည်။

ယခု အထိမူ အရေးယူမှုများသည် အလုပ် မဖြစ်ပါ။ ထိုနည်းတူစွာပင် ဆက်ဆံရေးနည်းဖြင့် ချဉ်းကပ်မှုများကလည်း မအောင်မြင်ပါ။ အနောက်နိုင်ငံများမှ ပိတ်ဆို့မှုများ မထိရောက်ခြင်းမှာ တရုတ်၊ အာဆီယံနှင့် အိန္ဒိယတို့က မြန်မာနိုင်ငံတွင် ရင်းနှီး မြှုပ်နှံနေခြင်းကြောင့် ဖြစ်သည်။

တရုတ်၏ အခန်းကဏ္ဍ

အနောက်နိုင်ငံများ၏ အရေးယူမှုများသည် မြန်မာအစိုးရအား တရုတ်အပေါ် မှီခိုမှု ဖြစ်စေပြီး၊ အရေးယူမှုများ ရုတ်သိမ်းလိုက်ပါက တရုတ်အပေါ် မှီခိုမှု လျော့သွားမည်ဟု စဉ်းစားမှုများ ရှိခဲ့သည်။ သို့သော် ၁၇-၁၁-၂၀၀၇ က တရုတ် နိုင်ငံခြားရေးဌာန ပြောခွင့်ရ ပုဂ္ဂိုလ် Qin Gang က ပြောကြားရာတွင် "ကျွန်တော်တို့ဟာ မြန်မာနိုင်ငံ ငြိမ်းချမ်းရေး၊ တည်ငြိမ်ရေး၊ ဒီမိုကရက်တစ် ဖြစ်ရေးကို မျှော်လင့်ပါတယ်။ ဒါပေမယ့် ကျွန်တော်တို့ အရေးယူမှုတွေကို ဆန့်ကျင်ပါတယ်" ဟု ဆိုသည်။ ထို့ကြောင့် အရေးယူမှုများ ရုတ်သိမ်းသွားပါက တရုတ်က ဝမ်းသာလိမ့်မည် ဖြစ်သည်။

သို့ဆိုလျှင် အရေးယူမှုများ ရုတ်သိမ်းရေးကို မည်သူများက လိုလားသနည်း။ စီးပွားရေးကို အမြတ်ရရေး အတွက် တစ်ခုတည်းသာ လုပ်လိုသူများ၊ အစိုးရနှင့်လည်းကောင်း နိုင်ငံစုံ ကုမ္ပဏီများနှင့် လည်းကောင်း၊ အလုပ်လုပ်နေသူများ၊ ပညာရှင် စာတမ်းတစ်ခုတည်းသာ လုပ်နေသူများက ဖြစ်လိမ့်မည်။ အနောက်နိုင်ငံများ၏ အရေးယူမှုများသည် မူအရ မြန်မာနိုင်ငံတွင် ဖြစ်ပျက်နေသော အခြေအနေများကို မကြိုက် နှစ်သက်မှု အတွက် အပြင်းအထန်ဆုံး ဘာသာစကားဖြင့် ဖော်ပြလိုက်ခြင်းပင် ဖြစ်သည်။ အာဆီယံသည် ၎င်းတို့၏ ဘိုးဘေး ဘီဘင်များ၏ ကိုယ်ကျင့်တရား တန်ဖိုးများကို ဂုဏ်ယူကြသည်။ အရှေ့တိုင်း ယဉ်ကျေးမှုသည် လူသားဆန်မှု၊ စောင့်ထိန်းမှုနှင့် သည်းခံမှုတို့ အပေါ် အခြေခံသည်ဟု ဆိုသည်။ ကြည့်ရသည်မှာ လူယဉ်ကျေးများ ဖြစ်သော တရုတ်၊ အိန္ဒိယနှင့် အရှေ့တိုင်း နိုင်ငံများသည် မြန်မာနိုင်ငံသို့ ရောက်သောအခါ ၎င်းတို့ လက်တွေ့ကျသော ကိုယ်ကျင့်တရား တန်ဖိုးများနှင့် သမိုင်းကြောင်းကို မေ့သွားကြပြီဟု ထင်မြင်မိတော့သည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

နယ်မြေ ပိုင်နက်ကိစ္စနှင့် ပတ်သက်ပြီး နှစ်နိုင်ငံ အငြင်းပွား နေသော ကျွန်းအနီးတွင် တောင်ကိုရီးယားက လက်နက်များဖြင့် အမှန်တကယ် ပစ်ခတ်မှုများ ပါဝင်သော စစ်ရေး လေ့ကျင့်မှုများ ဆက်လက် ပြုလုပ်မည် ဆိုပါက မိမိတို့ အနေဖြင့် တိုက်ခိုက်မှုများ ထပ်မံ ပြုလုပ်သွားမည် ဖြစ်ကြောင်း မြောက်ကိုရီးယား နိုင်ငံက သတိပေး ပြောကြားလိုက်သည်။

မြောက်ကိုရီးယား နိုင်ငံပိုင် သတင်း ဌာန ဖြစ်သော KCNA က တောင်ကိုရီးယားသည် ရေကြောင်း ပိုင်နက်ဆိုင်ရာ အငြင်း ပွားနေရသော Yeonpyeong ကျွန်းပေါ်တွင် လက်နက် ပစ်ခတ်မှုများ ပါဝင်သည့် စစ်ရေး လေ့ကျင့်မှု ပြုလုပ်ခဲ့ကြောင်း သတင်း ထုတ်ပြန်သည်။ တောင်ကိုရီးယား နိုင်ငံက အဆိုပါ စစ်ရေး လေ့ကျင့်မှုကို ဒီဇင်ဘာလ ၁၈ ရက်နေ့မှ ၂၁ ရက်နေ့အထိ ပြုလုပ်မည် ဖြစ်ကြောင်း ကြေညာထားသည်။

"အဆိုပါ လုပ်ရပ်သည် စစ်လက်နက် အင်အား၊ ထိုးစစ်ဆင် တိုက်ခိုက်မှု၊ ကျယ်ပြန့်မှု အတိုင်းအတာ စသည်ဖြင့် ဆိုပါက နိုဝင်ဘာလ ၂၃ ရက်နေ့တွင် ဖြစ်ပွားခဲ့သော ဖြစ်ရပ်ထက် ပိုမို ဆိုးရွားသော အခြေအနေ တစ်ရပ် ဖြစ်သည်" ဟု KCNA က ဆိုသည်။

နိုဝင်ဘာလ ၂၃ ရက်နေ့က တောင်ကိုရီးယား ကျွန်းကို အမြောက်ဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့ခြင်းသည် တောင်ကိုရီးယား၏ ရန်စမှုကို လက်တုံ့ပြန်ခြင်း ဖြစ်သည်ဟု မြောက်ကိုရီးယားက ဆိုသည်။ တောင်ကိုရီးယားက မိမိ နယ်မြေကို ထပ်မံ တိုက်ခိုက်လာပါက ပိုမို ပြင်းထန်သော တိုက်ခိုက်မှုများ ပြုလုပ်သွားမည်ဟု ကတိပြု ပြောဆိုပြီးနောက် မြောက်ကိုရီးယားက ယင်းသို့ ကြေညာခဲ့ခြင်းလည်း ဖြစ်သည်။ မြောက်ကိုရီးယားက တောင်ကိုရီးယား အပေါ် အမြောက်ဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့ခြင်းသည် ကိုရီးယားစစ်ပွဲ ပြီးဆုံးသည့် နောက်ပိုင်း ပထမဆုံး ဖြစ်သည်။

မြောက်ကိုရီးယား၏ အဓိက မဟာမိတ် ဖြစ်သော တရုတ်နိုင်ငံက မြောက်ကိုရီးယားသည် တင်းမာမှုများ ပြန်လည် လျော့ကျသွားအောင် နေထိုင်သွားမည်ဟု ကတိကဝတ် ပြုထားကြောင်း ပြောကြားသည်။ ထို့ပြင် အမေရိကန် ပြည်ထောင်စုနှင့် တရုတ် နှစ်နိုင်ငံ အနေဖြင့် ကိုရီးယား ကျွန်းဆွယ် တင်းမာမှုများ လျှော့ချရေးတွင် ပူးပေါင်း ဆောင်ရွက်သင့်သည်ဟု ဆိုသည်။ တရုတ်ပြည်သို့ အလည် အပတ် ရောက်ရှိနေသော အမေရိကန် လက်ထောက် နိုင်ငံခြားရေး ဝန်ကြီး ဂျိမ်းစ်စတိန်း ဘတ်ဂ်အား တရုတ် နိုင်ငံက ယင်းသို့ အကြံပြု ပြောဆိုခဲ့ခြင်း ဖြစ်သည်။

ထို့ပြင် အမေရိကန် သံတမန် Bill Richardson ကလည်း ပြဿနာ ဖြေရှင်းသော သံတမန် ခရီးစဉ် အဖြစ် ပြုံယမ်းသို့သွားရောက်လည်ပတ်ပြီး ကိုရီးယား ကျွန်းဆွယ် တင်းမာမှုများ လျှော့ချနိုင်အောင် ကြိုးပမ်းခဲ့သေးသည်။

တရုတ်နိုင်ငံ၏ ထိပ်တန်း သံတမန်  Dai Bingguo က ကိုရီးယား ကျွန်းဆွယ် အရေးကိစ္စကို ပူးပေါင်း ဖြေရှင်းကြရန် အမေရိကန် သံတမန် စတိန်းဘတ်ဂ်ကို ပြောဆိုခဲ့ကြောင်း နိုင်ငံပိုင် Xinhua သတင်းဌာနက ရေးသား ဖော်ပြခဲ့သည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

မြန်မာ စစ်အစိုးရ ခေါင်းဆောင်များနှင့် တွေ့ဆုံကာ ဒိုင်ယာလော့ခ် လုပ်လိုသည် ဟူသော အဆိုပြုချက် များစွာ ပြုလုပ်ခဲ့သည့်တိုင် ဒေါ်အောင်ဆန်းစုကြည်မှာ စစ်ဗိုလ်ချုပ်ကြီးများ၏ မသိ ကျိုးနွံပြုခြင်း၊ တိတ်တဆိတ် နေခြင်းတို့ဖြင့်သာ ရင်ဆိုင် ကြုံတွေ့နေရသည်။

ပြီးခဲ့သည့် နိုဝင်ဘာ ၇ ရက် ရွေးကောက်ပွဲတွင် စစ်တပ် ကျောထောက်နောက်ခံ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (USDP) အပြတ်အသတ် အနိုင် ရရှိခဲ့ပြီ ဖြစ်သောကြောင့် ဒေါ်အောင်ဆန်းစုကြည်ကို ဂရုတစိုက် ပြုမူ ဆက်ဆံရန် အကြောင်းမရှိဟု စစ်အစိုးရက ရှုမြင်နေကြောင်း မြန်မာနိုင်ငံ အခြေစိုက် သံတမန် သတင်း ရင်းမြစ်များက ဆိုသည်။

ဒေါ်အောင်ဆန်းစုကြည်သည် နိုဝင်ဘာလ ၁၃ ရက်တွင် နေအိမ် အကျယ်ချုပ်မှ လွတ်မြောက်လာပြီး ကတည်းက စစ်အစိုးရနှင့် တွေ့ဆုံ ဆွေးနွေးရန် ဆန္ဒရှိပါကြောင်း ထပ်ခါတလဲလဲ ထုတ်ဖော် ပြောဆိုခဲ့သည်။ အနောက် နိုင်ငံများ၏ စီးပွားရေး ပိတ်ဆို့ အရေးယူမှုများနှင့် ပတ်သက်၍ ပြောဆိုရာတွင် ဒေါ်အောင်ဆန်းစုကြည်က သဘောထား ပျော့ပြောင်းမှု ရှိကြောင်း ပြသခဲ့သည်။ သာမန် မြန်မာ ပြည်သူများကိုသာ ထိခိုက်နစ်နာမှုဖြင့် အဆုံးသတ်မည် ဆိုပါက ယင်းပိတ်ဆို့ အရေးယူမှု မူဝါဒများကို ပြန်လည် စိစစ် သုံးသပ် သင့်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ဆိုသည်။

မြန်မာ စစ်အစိုးရသည် ရွေးကောက်ပွဲ ရလဒ်များ အပေါ် အခြေခံပြီး လာမည့် ဖေဖော်ဝါရီလတွင် ပါလီမန် လွှတ်တော် ခေါ်ယူရန် စီစဉ်ထားသည်။ နိုဝင်ဘာလ ၇ ရက် ရွေးကောက်ပွဲသည် မြန်မာနိုင်ငံတွင် နှစ်ပေါင်း ၂၀ အတွင်း ပထမဆုံးသော ရွေးကောက်ပွဲ ဖြစ်ပြီး ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီက ပါလီမန် လွှတ်တော်နေရာ ၈၀ ရာခိုင်နှုန်းခန့် ရရှိခဲ့သည်။ ထိုပါတီသည် စစ်တပ်၏ ကိုယ်စားလှယ် ပါတီ အဖြစ်လည်း သတ်မှတ် ခံထားရသည်။

ရွေးကောက်ပွဲတွင် မဲမသမာမှုများ ရှိသည် ဟူသော စွပ်စွဲ ပြောဆိုချက်များ ထွက်ပေါ်လာသဖြင့် အနောက်နိုင်ငံများက ရွေးကောက်ပွဲ ရလဒ်ကို မေးခွန်းထုတ် ပြောဆိုလျက် ရှိသည်။ မည်သို့ဆိုစေ မြန်မာနိုင်ငံ၏ အနီးကပ် မဟာမိတ် နိုင်ငံ ဖြစ်သော တရုတ် အပါအဝင် အာဆီယံ အဖွဲ့ဝင် နိုင်ငံများက ရွေးကောက်ပွဲ ရလဒ်များကို အသိအမှတ်ပြု လက်ခံကြသည်။

ဒေါ်အောင်ဆန်းစုကြည်သည် နေအိမ် အကျယ်ချုပ်မှ လွတ်မြောက်လာပြီး နောက်ပိုင်း ကာလများတွင် နေ့စဉ် ရက်ဆက် လိုလို သူမ၏ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်၏ ဌာနချုပ်သို့ သွားရောက်ပြီး ပါတီမှ စီနီယာ အဖွဲ့ဝင်များနှင့် တွေ့ဆုံ ဆွေးနွေးမှုများ ပြုလုပ်လျက် ရှိကြောင်း သိရသည်။ ထို့အတူ နိုင်ငံခြား သံတမန်များနှင့် တွေ့ဆုံပြီး မီဒီယာများနှင့်လည်း အင်တာဗျူးများ လက်ခံ ပြုလုပ်သည်။ နိုဝင်ဘာလ ၁၄ ရက်နေ့ တွင်လည်း သူမကို ထောက်ခံသော ပရိသတ်များအား မိန့်ခွန်း ပြောကြားခဲ့သည်။ သို့သော် ဒေါ်အောင်ဆန်းစုကြည်သည် စစ်အစိုးရ ခေါင်းဆောင် ဗိုလ်ချုပ်ကြီးများကို တိုက်ရိုက် ပြစ်တင် ဝေဖန်မှုများ မပြုလုပ်ပေ။

Asahi Shimbun သတင်းစာမှ သတင်းကို ဘာသာ ပြန်ဆိုသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

မြန်မာ နိုင်ငံတွင် လတ်တလော ဖြစ်ပေါ်နေသော နိုင်ငံရေး ပြဿနာများကို ဖြေရှင်းရာတွင် မကြာသေးခင်က နေအိမ် အကျယ်ချုပ်မှ လွတ်မြောက်လာသူ အတိုက်အခံ ခေါင်းဆောင် ဒေါ်အောင်ဆန်း စုကြည် အနေဖြင့် တစ်ထောင့် တစ်နေရာမှ ပါဝင်ရန် လိုအပ်ကြောင်း အင်ဒိုနီးရှား နိုင်ငံက ထုတ်ဖော် ပြောဆိုလိုက်သည်။

ဒေါ်အောင်ဆန်းစုကြည်သည် မြန်မာနိုင်ငံတွင် နှစ်ပေါင်း ၂၀ အတွင်း ပထမဆုံး ကျင်းပသော ရွေးကောက်ပွဲ ကျင်းပပြီးနောက် နိုဝင်ဘာလ ၁၃ ရက်နေ့တွင် နေအိမ် အကျယ်ချုပ်မှ လွတ်မြောက်လာခဲ့သည်။ အကဲခတ် လေ့လာသူများက အဆိုပါ ရွေးကောက်ပွဲသည် ၁၉၆၂ ခုနှစ် ကတည်းက မြန်မာနိုင်ငံကို တင်းကြပ်စွာ အုပ်ချုပ်ခဲ့သော စစ်အာဏာရှင် စနစ် ဆက်လက် တည်တံ့စေရန်သာ ဦးတည်ကြောင်း သုံးသပ် ပြောဆိုသည်။

နိုဝင်ဘာလ ၇ ရက် ရွေးကောက်ပွဲသည် ဒေါ်အောင်ဆန်းစုကြည် ပါဝင် ယှဉ်ပြိုင်ခွင့် မရရှိအောင် အချိန်ကိုက် ကျင်းပခဲ့ခြင်း ဖြစ်ပြီး ရွေးကောက်ပွဲလွန် ကာလ သူမ၏ နိုင်ငံရေး အခန်းကဏ္ဍ မှေးမှိန်အောင် အကွက်ဆင်ထားခြင်း ဖြစ်သည် ဟုလည်း ရှုမြင်ခြင်း ခံရသည်။ သို့သော် အင်ဒိုနီးရှား နိုင်ငံက ဒေါ်အောင်ဆန်းစုကြည်သည် မြန်မာ့ နိုင်ငံရေးတွင် အဓိကကျသော အခန်းကဏ္ဍမှ ပါဝင်သူ ဖြစ်သည်ဟု ယခုအထိ ရှုမြင်နေဆဲ ဖြစ်သည်။ အင်ဒိုနီးရှားသည် လာမည့် နှစ်တွင် အရှေ့တောင် အာရှနိုင်ငံများ အဖွဲ့ (အာဆီယံ) ၏ အလှည့်ကျ ဥက္ကဌ ရာထူးကို ရယူဖွယ် ရှိသည်။

"ကျွန်တော်တို့ အမြင်ကို ပြောရရင် ရွေးကောက်ပွဲလွန် နောက်ပိုင်း မြန်မာ့ နိုင်ငံရေး ဖြစ်ပေါ်လာမယ့် အမျိုးသားရေး ဒိုင်ယာလော့ခ်မှာ ဒေါ်အောင်ဆန်းစုကြည် ပါဝင်သင့်ပါတယ်" ဟု အင်ဒိုနီးရှား နိုင်ငံခြားရေး ဝန်ကြီး Marty Natalegawa က ပြောကြားသည်။

"အတိုချုံး ပြောရရင် ကျွန်တော်တို့ကတော့ အပြုသဘော ဆောင်တဲ့ နည်းလမ်းနဲ့ ဆက်လက် အကြံပေးသွားမှာပါ။ ဒေါ်အောင်ဆန်းစုကြည်နဲ့ မြန်မာ အာဏာပိုင်တွေဟာ မြန်မာ့ နိုင်ငံရေး ပြဿနာတွေကို ဖြေရှင်းတဲ့ နေရာမှာ ပါဝင်တဲ့ အစိတ်အပိုင်းတွေ အဖြစ် ကျွန်တော်တို့ ရှုမြင်သင့်ပါတယ်" ဟု Marty Natalegawa က ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့၊ ချူလာလောင်ကွန် တက္ကသိုလ်တွင် ပြုလုပ်သော အာဆီယံ မူဝါဒ ဆိုင်ရာ ဆွေးနွေးပွဲ၌ ပြောကြားသည်။

အင်ဒိုနီးရှား နိုင်ငံသည် လာမည့် အာဆီယံ ထိပ်သီး ဆွေးနွေးပွဲများနှင့် အရှေ့အာရှ ထိပ်သီး ဆွေးနွေးပွဲတွင် ဥက္ကဌ အဖြစ် တာဝန်ယူ ဆောင်ရွက်မည် ဖြစ်သည်။ အဆိုပါ ထိပ်သီး ဆွေးနွေးပွဲများတွင် အာဆီယံ ၁၀ နိုင်ငံ၊ သြစတြေးလျ၊ တရုတ်၊ အိန္ဒိယ၊ ဂျပန်၊ နယူးဇီလန်၊ တောင်ကိုရီးယား၊ ရုရှားနှင့် အမေရိကန် ပြည်ထောင်စုတို့ ပါဝင်မည် ဖြစ်သည်။ ယင်းဖိုရမ်နှင့် ဆွေးနွေးပွဲများတွင် မြန်မာ့ နိုင်ငံရေးကို အဓိက ဦးတည် ဆွေးနွေး ငြင်းခုန်ကြမည် ဖြစ်သည်။

မြန်မာနိုင်ငံတွင်  ဒီမိုကရေစီ တောင်းဆိုမှု ပြုလုပ်သူများ အပေါ် စစ်တပ်က နှိမ်နင်း ဖြိုခွဲမှုများ ပြုလုပ်ပြီးနောက် အနောက် ဒီမိုကရေစီ နိုင်ငံများက ၁၉၈၈ ခုနှစ် မှစ၍ ပိတ်ဆို့ အရေးယူမှုများ ပြုလုပ်ခဲ့သည်။ အာဆီယံသည် အစဉ်အလာ အရ အထီးကျန် ဆန်နေသော အဖွဲ့ဝင် နိုင်ငံများ အပေါ် အပြုသဘော ဆောင်သည့် စေ့စပ် ညှိနှိုင်းမှုများ ပြုလုပ်သည့် မူဝါဒကို ကျင့်သုံးခဲ့သည်။ အာဆီယံ၏ အဓိက မဟာမိတ်ကြီးများ ဖြစ်သော အမေရိကန်ပြည်ထောင်စုနှင့် ဥရောပသမဂ္ဂတို့က ကန့်ကွက်မှုများ ပြုလုပ်ခဲ့သည့်တိုင် မြန်မာနိုင်ငံကို အာဆီယံ အဖွဲ့ဝင် အဖြစ် ၁၉၉၇ ခုနှစ်တွင် လက်သင့် ခံခဲ့သည်။

Earth Times မှ သတင်းကို ဘာသာ ပြန်ဆိုသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.