Transparency Myanmar

transparency.myanmar@gmail.com

(AFP သတင်းဌာနမှ 24 Jan 2011 ရက်စွဲပါ "Thai police to deport 91 Rohingya to Myanmar" သတင်းကို ဘာသာ ပြန်ဆိုသည်)

ထိုင်းနိုင်ငံ တောင်ဖက် ကမ်းရိုးတန်းသို့ ကမ်းကပ်လာသော ရိုဟင်ဂျာ လှေစီး ခရီးသည် ၉၁ ဦးကို ထိုင်းရဲတပ်ဖွဲ့က ဖမ်းဆီးကာ မြန်မာ နိုင်ငံသို့ ပြန်ပို့ရန် စီစဉ်နေသည်ဟု တနင်္လာနေ့တွင် ထိုင်းရဲ တပ်ဖွဲ့က ပြောကြားလိုက်သည်။

ဘင်္ဂါလီ စကားပြော အစ္စလာမ် ဘာသာဝင် မြန်မာ ရိုဟင်ဂျာများသည် ကမ္ဘာ့ ဖိနှိပ် ချုပ်ချယ် ခံရဆုံး လူမျိုးစု တစ်စု ဖြစ်သည်ဟု ကုလ သမဂ္ဂက ထုတ်ဖော် တင်ပြထားသည်။

အသက် အရွယ် မျိုးစုံ ယောက်ျားများသာ ပါဝင်သော အဆိုပါ ရိုဟင်ဂျာ အုပ်စုသည် စနေနေ့ ညနေပိုင်းတွင် စက်လှေ အင်ဂျင် ပြဿနာကြောင့် ကမ်းသို့ ကပ်လာခဲ့ပြီးနောက် ဖမ်းဆီးခဲ့ခြင်း ဖြစ်သည်ဟု ဖရန်ပြည်နယ် ကန်တန်ခရိုင် ရဲတပ်ဖွဲ့ အကြီးအကဲ ဗီဆစ်တန်ပွန်း၏ အဆိုအရ သိရှိရသည်။

"ဒီအုပ်စုက မြန်မာနိုင်ငံ ကနေ မလေးရှားကို သွားကြတဲ့ သူတွေလို့ ကျွန်တော် ထင်ပါတယ်၊ ရေနဲ့ စားနပ်ရိက္ခာ အပါအဝင် လူသားချင်း စာနာ ထောက်ထားမှု အခြေခံ အကူအညီတွေ သူတို့ကို ဖြည့်ဆည်း ပေးပါတယ်၊ ဒါပေမယ့် သူတို့က တရားမဝင်  ဝင်ရောက် လာသူတွေပါ၊ ကျွန်တော်တို့ရဲ့ ဥပဒေအတိုင်း ဆောင်ရွက်သွားဖို့ ရှိပါတယ်" ဟု ၎င်းက ပြောကြားသည်။

၎င်းတို့ကို ဖမ်းဆီးမိခဲ့သော ဆောင်ခလာ ပြည်နယ် လူဝင်မှု ကြီးကြပ်ရေး ဌာနမှ ရဲမှူးကြီး ပူသီပေါင်မူဆီကာက တစ်ရက် သို့မဟုတ် နှစ်ရက် အတွင်း ယင်းတို့ကို ပြန်ပို့မည်ဟု ပြောသည်။

ဗုဒ္ဓဘာသာ အဓိက ကိုးကွယ်သော မြန်မာနိုင်ငံက ရိုဟင်ဂျာတို့၏ နိုင်ငံသား ဖြစ်ခွင့်နှင့် အခြေခံ အခွင့်အရေးများကို ထိရောက်စွာ ပိတ်ပင်ထားသဖြင့် ၎င်းတို့အပေါ် နှိပ်စက် ညှင်းပမ်းမှုနှင့် မတရား ဆက်ဆံမှုများ ပေါ်ပေါက်လာကာ အများစုမှာ တိုင်းပြည်မှ စွန့်ခွာ ထွက်ပြေးကာ ဘင်္ဂလားဒေ့ရှ်ရှိ ဒုက္ခသည် စခန်းများတွင် နေထိုင်လျက် ရှိကြသည်။

ယခင်ကလည်း ရိုဟင်ဂျာ လှေစီး ဒုက္ခသည်များကို ထိုင်းရေတပ်က ပင်လယ်ပြင်သို့ ပြန်မျှောလိုက်သဖြင့် လူ့အခွင့်အရေး လှုပ်ရှားသူများက ပြင်းထန်စွာ ဝေဖန် ပြစ်တင်ခဲ့ကြသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

0 comments:

Post a Comment