Transparency Myanmar

transparency.myanmar@gmail.com

(ဇန်န၀ါရီလ ၂၅ ရက် ၂၀၁၁ ရက်စွဲပါ VOA News မှ Ron Corben ရေးသားသော Burma's path to privatization keeps armed Forces in economic control  ကို တိုက်ရိုက် ဘာသာ ပြန်ဆိုသည်)

မြန်မာ စစ်တပ်သည် စီးပွားရေး ပြုပြင် ပြောင်းလဲမှု၏ အစိတ် အပိုင်း တစ်ခုအဖြစ် နိုင်ငံပိုင် ပစ္စည်း များကို ပုဂ္ဂလိကပိုင် အဖြစ် ဖိအားပေး ပြောင်းလဲလျက် ရှိသည်။ သုံးသပ်သူ အများစုကမူ ယခု အစီ အစဉ်သည် နိုင်ငံပိုင် ပစ္စည်းများကို စစ်တပ်အစိုးရ မဟာမိတ်များ လက်ထဲသို့ ပြောင်းပေးသည့် ဖြစ်စဉ် ရိုးရိုးလေးပင် ဖြစ်ကြောင်း၊ စစ်တပ်က စီးပွားရေးကို ဆက်လက် ချုပ်ကိုင် နေဦးမည် ဖြစ်ကြောင်း ပြောခဲ့ ကြသည်။

မြန်မာနိုင်ငံသည် အာရှတိုက်တွင် အဆင်းရဲဆုံး နိုင်ငံတစ်ခု ဖြစ်ပြီး စီးပွားရေးကို စစ်တပ် အစိုးရ ကသာ ချုပ်ကိုင် လွှမ်းမိုး ထားသည်။

သို့သော် အစိုးရသည် နိုင်ငံပိုင် ပစ္စည်း ၉၀ % ကို ရောင်းချခြင်း အပါအ၀င် စီးပွားရေး ပြုပြင် ပြောင်းလဲမှုများကို ပြုလုပ်လျက် ရှိသည်။

အသေးစိတ် ဖော်ပြခြင်း မရှိသော်လည်း ရန်ကုန်ရှိ မီဒီယာ သတင်းများတွင် လေဆိပ်များ၊ အဆောက် အဦများ၊ ဓာတ်ဆီဆိုင်များနှင့် အဓိက ဆိပ်ကမ်း အနီးရှိ မြေများ အပါအ၀င် နိုင်ငံပိုင် ပစ္စည်း (၄၀၀) ကျော်ကို ရောင်းချပြီး ဖြစ်ကြောင်း ဖော်ပြကြသည်။

ကမ္ဘောဒီးယား အခြေစိုက် ရင်းနှီး မြှုပ်နှံမှု ရန်ပုံငွေအဖွဲ့ Leopard Capital မှ မန်နေးဂျင်း ဒါရိုက်တာ Douglas Clayton က ပြောကြားရာတွင် ပုဂ္ဂလိကပိုင် ပြုလုပ်ခြင်းသည် စွမ်းဆောင်ရည် မြင့်မားရေး အတွက် ခြေလှမ်း တစ်ရပ် ဖြစ်ကြောင်း ဆိုသည်။

"စီးပွားရေးကို ပုဂ္ဂလိက ပိုင်ဆိုင်မှု လက်ထဲ ထည့်လိုက်တာဟာ ပိုကောင်းတဲ့ စီမံ ခန့်ခွဲမှု ရှိတဲ့ စီးပွားရေးကို ဖြစ်စေနိုင်ပါတယ်"ဟု Clayton က ပြောသည်။ "မြန်မာပြည်ကို ခေတ်မှီအောင် လုပ်တဲ့ ခြေလှမ်း တစ်ရပ်ပါပဲ။ ဘယ်ပုံနဲ့ပဲ လုပ်လုပ် ရလဒ်ကတော့ အခုထက် စာရင် ပိုကောင်းလာမှာပါပဲ။ လွတ်လပ် ပွင့်လင်းတဲ့ စီးပွားရေးကြောင့် အကျိုးများ ဖြစ်ထွန်းပါလိမ့်မယ်။ အနာဂတ် စီးပွားရေး ပြုပြင် ပြောင်းလဲမှုတွေ ပိုမို မြန်ဆန်လာနိုင်ပါတယ်"ဟု ယင်းက ပြောသည်။

သို့သော် အချို့ မြန်မာ ပညာရှင်များက ယခု ပုဂ္ဂလိကပိုင် ပြုလုပ်ခြင်းမှာ စစ်တပ်က အာဏာ ဆက်လက် ချုပ်ကိုင်ထားရေး အစီအစဉ်၏ အစိတ်အပိုင်း တစ်ခု ဖြစ်ကြောင်း ပြောကြသည်။ ပစ္စည်း အများစုသည် စစ်တပ်နှင့် ပတ်သက်သော စီးပွားရေး သမားများ လက်ထဲသို့သာ ရောက်သွားသည်ဟု ယင်းတို့က ဆိုသည်။

ပြီးခဲ့သည့် နိုဝင်ဘာ ရွေးကောက်ပွဲတွင်လည်း စစ်တပ်၏ ပါတီများကသာ ၈၀ % အနိုင်ရခဲ့သည်။ အခြေခံ ဥပဒေတွင် ပါလီမန်၏ ၂၅%သောနေရာအား စစ်တပ်အတွက် ပေးထားသည်။ ပါလီမန်သည် လာမည့် အပတ်တွင် စတင်မည် ဖြစ်သည်။

"ရွေးကောက်ပွဲ မတိုင်ခင် ပိုင်ဆိုင်မှုတွေကို အမြန် ရောင်းချတာဟာ စီးပွားရေး လုပ်ငန်းရှင်ကြီး တွေကို အကူအညီ ပေးတယ် ဆိုတာ ပြချင်လို့ပါ"ဟု သြစတြေးလျ Macquarie တက္ကသိုလ်မှ စီးပွားရေး ပညာရှင် Alison Vicary က ပြောကြားခဲ့သည်။ "ဥပမာ လေဆိပ်ဆိုရင် အစိုးရနဲ့ ဆယ်နှစ်လောက် အလုပ် လုပ်လိုတဲ့ သူကို ပေးခဲ့တယ်။ ရှင်းနေတာပဲ။ အစိုးရမှာ အကြံ ရှိတယ်လေ။ ဒီလူတွေဆီက ထောက်ခံမှု လိုချင်တယ်လေ။ ဒါတွေကို အနာဂတ်မှာ ဘယ်လို စီမံ ခန့်ခွဲမယ် ဆိုတာ နောက်တစ်ပိုင်းပေါ့" ဟု ယင်းက ပြောသည်။

အချို့ မြန်မာ ပညာရှင်များက ပြောကြားရာတွင် နိုင်ငံပိုင် ပစ္စည်းများကို ၀ယ်ယူကြသူများတွင် စစ်တပ်က ပိုင်ဆိုင်သော မြန်မာ့စီးပွားရေး ဦးပိုင် လီမိတက်နှင့် မြန်မာ့ စီးပွားရေး ကော်ပိုရေးရှင်း တို့လည်း ပါဝင်သည်ဟု ဆိုသည်။

"အခု ပုဂ္ဂလိကပိုင် ပြုလုပ်ရေးမှာ ပြည်သူပိုင်တဲ့ ပစ္စည်းတွေကို စစ်အစိုးရ ခေါင်းဆောင်တွေ၊ သူတို့ရဲ့ ခရိုနီတွေ၊ စစ်အစိုးရရဲ့ ပါတီဖြစ်တဲ့ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီက ခေါင်းဆောင်တွေရဲ့ ကိုယ်ပိုင်ပစ္စည်း အဖြစ် ပြောင်းလိုက်တာ ပါပဲ"ဟု လူ့အခွင့်အရေး အဖွဲ့ ဖြစ်သော Alternative ASEAN Network မှ ပြောခွင့်ရ အမျိုးသမီး Debbie Stothardt က ပြောကြားခဲ့သည်။

မြန်မာနိုင်ငံ အကြောင်း ဝေဖန်သူ စာရေးဆရာ Bertil Lintner ကလည်း ယခု ရောင်းချခြင်း များသည် စီးပွားရေးကို စစ်တပ်ကပင် ဆက်လက် ချုပ်ကိုင် နိုင်စေရန် ဖြစ်ကြောင်း သဘောတူခဲ့သည်။ သို့သော် ပုဂ္ဂလိက ရင်းနှီးမြှုပ်နှံမှု အတွက်မူ လမ်းပွင့်သွားကြောင်း ယင်းက ဆိုသည်။

"ပြည်သူတွေ ပြောပါလိမ့်မယ်။ အခွင့်အလမ်းသစ်တွေ၊ ပုဂ္ဂလိက ပိုင်တဲ့ ကုမ္ပဏီတွေ အဖွဲ့ အစည်းတွေနဲ့ ပြုပြင်ထားတဲ့ စီးပွားရေးတွေ ရှိနေပေမယ့် ကုမ္ပဏီတွေ၊ အဖွဲ့အစည်းတွေနဲ့ ပြုပြင်ထားတဲ့ စီးပွားရေးတွေ ရှိနေပေမယ့် စီးပွားရေးက အခြေအနေ သိပ်ဆိုးနေတော့ သူတို့ တစ်ခုခု တော့ လုပ်ရလိမ့်မယ်လို့ ပြောလိမ့်မယ်"ဟု Linter ကပြောသည်။

ဟောင်ကောင်ရှိ ငွေကြေး ခ၀ါချမှု ဆန့်ကျင်ရေး အကြံပေး အဖွဲ့ ဖြစ်သော Pacific Risk မှ Peter Gallo က သတိပေး ပြောကြားရာတွင် မြန်မာ နိုင်ငံတွင် ပုဂ္ဂလိကပိုင် ပြုလုပ်ပေးနေသော်လည်း နိုင်ငံခြားသား ရင်းနှီးမြှုပ်နှံ သူများ အနေဖြင့် သတိထား ၀င်ရောက်ကြရန် သတိပေးခဲ့သည်။ အမေရိကန်၊ ဥရောပ သမဂ္ဂနှင့် အခြား အစိုးရများသည် မြန်မာ နိုင်ငံတွင် နိုင်ငံရေး ပြုပြင် ပြောင်းလဲမှု များ ပြုလုပ်ရန် တွန်းအား ပေးသည့် အနေဖြင့် စီးပွားရေး အရ အရေးယူမှုများ ချမှတ်ထားသည်။

"လက်တွေ့ကျမယ့် ကိစ္စကတော့ တရားဥပဒေ စိုးမိုးရေးနဲ့ လူ့အခွင့်အရေး အခြေအနေပါပဲ။ ဘယ်အစိုးရ မဆို ဒီမိုကရေစီကျကျ ရွေးကောက်ထားတဲ့ အစိုးရ ဟုတ်သည် ဖြစ်စေ၊ မဟုတ်သည် ဖြစ်စေ၊ တိုင်းပြည်မှာ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို တိုင်းပြည်မှာ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို ဗြောင်ကျကျ ပြုလုပ်နေမယ် ဆိုရင်တော့ နိုင်ငံတကာရဲ့ ကန့်ကွက် ရှုံ့ချမှုတွေ ဆက်လက် ရှိနေမှာပါပဲ"ဟု Gallo က ပြောသည်။

ပြည်ထောင်စု မြန်မာနိုင်ငံ စီးပွားရေး ဦးပိုင် လီမိတက် ကဲ့သို့သော မြန်မာ ကော်ပိုရေးရှင်း အချို့မှာ အမေရိကန်၏ အမည်မည်း စာရင်းသွင်းမှုကို ခံထားရသည်။

ယခု ပြုပြင် ပြောင်းလဲမှုများမှာ မြန်မာများ၏ လူနေမှု ဘ၀ကို အနည်းငယ်သာ တိုးတက်မှု ပြုလုပ် ပေးနိုင်သည်ဟု လူ့အခွင့်အရေး လှုပ်ရှားသူ Stothardt က ပြောသည်။

"မြန်မာပြည်သူ အများစုဟာ သန့်ရှင်းတဲ့ရေ၊ အခြေခံ လျှပ်စစ်မီး၊ ကျန်းမာရေးနဲ့ ပညာရေးတို့ကို မရပါဘူး။ အခု ပုဂ္ဂလိကပိုင် ပြောင်းလဲရေး အစီအစဉ်မှာ ပြည်သူတွေ ပိုင်တဲ့ ပစ္စည်းတွေကို စစ်တပ် ခေါင်းဆောင်တွေ၊ သူတို့ရဲ့ ခရိုနီတွေရဲ့ ကိုယ်ပိုင်ပစ္စည်းအဖြစ် ပြောင်းလိုက်တာပါပဲ။ သာမန် မြန်မာ နိုင်ငံသားတွေရဲ့ အခြေအနေတွေ တိုးတက် မလာသေးပါဘူး"ဟု Stothardt က ပြောသည်။

မြန်မာ အစိုးရ တာဝန်ရှိသူများနှင့် ဒေသဆိုင်ရာ နိုင်ငံရေး သုံးသပ်သူများက ပြောကြားရာတွင် တိုင်းပြည်၏ ဆင်းရဲ မွဲတေမှုအပေါ် အနောက်နိုင်ငံ၏ အရေးယူမှုများမှာ တာဝန်ရှိကြောင်း ပြောခဲ့ကြသည်။ မြန်မာနိုင်ငံက အဖွဲ့ဝင်အဖြစ် ပါဝင်သော ASEAN ကလည်း အရေးယူမှုများကို ရုတ်သိမ်း ပေးစေလိုကြသည်။

အာဆီယံ ခေါင်းဆောင်များက ပြောကြားရာတွင် ရွေးကောက်ပွဲ ကျင်းပခြင်းနှင့် ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ပေးခြင်းမှာ မြန်မာနိုင်ငံတွင် နိုင်ငံရေး ပြုပြင် ပြောင်းလဲမှုများ တိုးတက်မှု ရှိလာကြောင်း ပြသခြင်း ဖြစ်သည်ဟု ဆိုကြသည်။ ထို့ကြောင့် အရေးယူမှုများ ရုတ်သိမ်း ပေးသင့်ကြောင်း အာဆီယံက ပြောသည်။

သို့သော် လူ့အခွင့်အရေး အဖွဲ့များက ပြောကြားရာတွင် ပြောင်းလဲမှုများမှာ အမှန်တကယ် ပြုပြင် ပြောင်းလဲမှု အစစ် မဟုတ်သေးကြောင်း၊ အထူးသဖြင့် စစ်အစိုးရသည် နိုင်ငံရေး အကျဉ်းသား (၂၀၀၀) ကျော်ကို ထိန်းသိမ်းထားပြီး၊ စီးပွားရေးကိုလည်း တင်းကြပ်စွာ ချုပ်ကိုင်ထားဆဲ ဖြစ်ကြောင်း ဆိုခဲ့ကြသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

0 comments:

Post a Comment