Transparency Myanmar

transparency.myanmar@gmail.com

တရုတ်နိုင်ငံထုတ် စတိတ်လ် အမျိုးအစား J-20 ဂျက် တိုက်လေယာဉ်သည် ၁၉၉၉ ခုနှစ်၊ ကိုဆိုဗို စစ်ပွဲအတွင်း ပျက်ကျခဲ့သော အမေရိကန် စတိတ်လ် ဂျက် တိုက်လေယာဉ်၏
နည်းပညာကို ခိုးယူ အသုံးပြုကာ ထုတ်လုပ်ထားခြင်း ဖြစ်သည် ဟူသော သတင်း ပေးပို့ချက် များသည် မှန်ကန်မှု မရှိကြောင်း တရုတ်နိုင်ငံပိုင် သတင်းစာက ငြင်းချက် ထုတ်လိုက်သည်။

ယင်းသို့ တရုတ် နိုင်ငံပိုင် မီဒီယာက ငြင်းချက် ထုတ်နေသည့် အချိန်တွင် ခရိုအေးရှား စစ်ဦးချုပ်က တရုတ် ထောက်လှမ်းရေး အေးဂျင့်များသည် ၁၉၉၉ခုနှစ်က ဆားဘီးယား နိုင်ငံ ပိုင်နက် အတွင်း ပစ်ချခံရသော F-117 အမျိုးအစား Nighthawk စတိတ်လ် ဂျက်တိုက် လေယာဉ် အပိုင်း အစများကို ရှာဖွေ ရယူခဲ့ကြောင်း ထုတ်ဖော် ပြောဆိုသည်။ The Global Times သတင်းစာကမူ J-20 အမျိုးအစား စတိတ်လ် ဂျက်တိုက် လေယာဉ်သည် တရုတ် နိုင်ငံ၏ တီထွင် ဆန်းသစ်မှု တစ်ခုသာ ဖြစ်ကြောင်း ယင်းဂျက်တိုက် လေယာဉ်ကို စမ်းသပ် မောင်းနှင်ခဲ့သည့် ပိုင်းလော့၏ ပြောကြားချက်ကို ကိုးကား၍ ဖော်ပြသည်။

အမည် မဖော်လိုသော တရုတ်နိုင်ငံ ကာကွယ်ရေး ဝန်ကြီးဌာနမှ အရာရှိ တစ်ဦးက အဆိုပါ သတင်းသည် နိုင်ငံခြား မီဒီယာများ၏ ဝါဒဖြန့်ချိမှု တစ်ရပ်သာ ဖြစ်ကြောင်း ပြောကြားသည်။

"တရုတ် နည်းပညာသစ်တွေ အပေါ် နိုင်ငံခြား မီဒီယာတွေက သွားပုပ် လေလွင့် ပုတ်ခတ် ပြောဆိုတာ ဒါဟာ ပထမဆုံး အကြိမ် မဟုတ်ပါဘူး။ အခုလို ထင်ကြေးပေး ပြောဆိုနေ တာတွေကို တုံ့ပြန်ရဖို့ ဆိုတဲ့ ကိစ္စဟာ အဓိပ္ပာယ်လည်း မရှိပါဘူး"  ဟု တရုတ်နိုင်ငံ အမျိုးသား ကာကွယ်ရေး ဝန်ကြီးဌာနမှ အရာရှိကြီး တစ်ဦးက The Global Times သို့ ပြောကြားသည်။

တရုတ်နိုင်ငံလုပ် J-20 အမျိုးအစား စတိတ်လ် တိုက်လေယာဉ်ကို ပထမဆုံး စမ်းသပ် မောင်းနှင်ခဲ့သူ ထိပ်တန်း ပိုင်းလော့ ဖြစ်သည့် Xu Yongling က အမေရိကန်လုပ် F-117 စတိတ်လ် ဂျက်တိုက်လေယာဉ်သည် ပစ်ချခံရသည့် အချိန် ကတည်းက ခေတ်နောက်ကျ နေပြီ ဖြစ်ကြောင်း၊ နောင်မျိုးဆက်သစ် စတိတ်လ် ဂျက်တိုက် လေယာဉ်များ အနေဖြင့် ယင်းဂျက်တိုက် လေယာဉ်၏ နည်းပညာကို အတုယူ၍ ရနိုင်မည် မဟုတ်ကြောင်း The Global Times သို့ပြောကြားသည်။

အဆိုပါ The Global Times သတင်းစာတွင် ပါရှိသော သတင်းကို ကွန်မြူနစ် အစိုးရ အာဘော် People Daily China သတင်းစာကလည်း ထပ်မံ ဖော်ပြခဲ့သည်။ အမေရိကန် ကာကွယ်ရေး ဝန်ကြီး တရုတ်နိုင်ငံသို့ လာရောက် လည်ပတ်ခဲ့စဉ် ဇန်နဝါရီလ ၁၁ ရက်နေ့တွင် အဆိုပါ တရုတ် နိုင်ငံလုပ် စတိတ်လ် ဂျက်တိုက် လေယာဉ်ကို စမ်းသပ် မောင်းနှင်ခဲ့သည်။ ထိုစဉ်ကလည်း တရုတ် စစ်ဘက် ဆိုင်ရာ အရာရှိကြီးများက ယင်း J-20 အမျိုးအစား ဂျက်တိုက် လေယာဉ်နှင့် ပတ်သက်၍ ထင်မြင် သုံးသပ်ချက်များ ပြုလုပ်ခဲ့သည်။

တရုတ်နိုင်ငံက အဆိုပါ ဂျက်တိုက်လေယာဉ်များကို ၂၀၁၇ ခုနှစ်နှင့် ၂၀၁၉ ခုနှစ်များတွင် အသုံးပြုနိုင်မည်ဟု မျှော်လင့်ထားကြောင်း ပြောကြားသည်။ လက်ရှိ အနေအထားတွင် စတိတ်လ် အမျိုးအစား ဂျက်တိုက်လေယာဉ်များကို လုပ်ငန်းခွင်တွင်း လည်ပတ် အသုံးပြုနိုင်သည့် နိုင်ငံမှာ အမေရိကန် ပြည်ထောင်စုသာ ဖြစ်သည်။

Nighthawk ဂျက်တိုက်လေယာဉ်များသည် ရေဂဒါဖြင့် ထောက်လှမ်းနိုင်ရန် ခက်ခဲသော ကမ္ဘာ့ပထမဆုံး စတိတ်လ် နည်းပညာသုံး လေယာဉ်များ ဖြစ်သည်။ သို့သော်လည်း ၁၉၉၉ ခုနှစ်၊ မတ်လ ၂၇ ရက်၊ ကိုဆိုဗို စစ်ပွဲကာလ အတွင်း နေတိုး လေတပ်က ဆားဘီးယားကို ဗုံးကြဲစဉ် Nighthawk လေယာဉ် တစ်စင်းကို ဆာဘီးယားတို့က လေယာဉ်ပစ် ဒုံးကျည်ဖြင့် ပစ်ချခဲ့သည်။ ထိုလေယာဉ်မှ ခုန်ထွက် လွတ်မြောက်သွားသော လေယာဉ်မှူးကို နေတိုးဘက်က ကယ်တင် နိုင်ခဲ့သည်။

ယင်းဖြစ်ရပ်သည် တန်ဖိုးကြီး ကိုယ်ပျောက် လေယာဉ်များ အနက်မှ တစ်စင်းကို ပထမဆုံး ပစ်ခတ် ထိမှန်ခဲ့ခြင်း ဖြစ်သည်။  မှန်ကန်သော နည်းဗျူဟာ နှင့် ကံစွပ်မှုတို့ တိုက်ဆိုင် သွားခြင်းကြောင့် ရုရှားလုပ် SA-3 ဒုံးကျည်က တိုက်လေယာဉ်ကို ထိမှန်သွားခြင်း ဖြစ်သည်ဟု ပန်တဂွန်က ယုံကြည်ထားသည်။ ထိုစဉ်က ပျက်ကျခဲ့သော လေယာဉ် အပိုင်းအစများမှာ ကျယ်ပြန့်သော ယာခင်းပြင် အနှံ့အပြား ပြန့်ကျဲ သွားခဲ့ရာတွင် အရပ်သားများက အမှတ်တရ အဖြစ် အစိတ်အပိုင်း အချို့ကို ကောက်ယူ သိမ်းဆည်းခဲ့ကြသည်။

"အဲဒီ အချိန်တုန်းက F-117 အမျိုးအစား စတိတ်လ် လေယာဉ် ပျက်ကျခဲ့တဲ့ နေရာကို တရုတ် အေးဂျင့်တွေ ရောက်လာပြီး ဒေသခံ လယ်သမားတွေ ဆီက လေယာဉ်ပျက် အပိုင်းအစတွေကို ဝယ်နေတယ်လို့ ကျွန်တော်တို့ရဲ့ ထောက်လှမ်းရေး အစီရင်ခံစာတွေမှာ တင်ပြကြပါတယ်။ တရုတ်တွေက လျှို့ဝှက် စတိတ်လ် နည်းပညာကို ရယူဖို့နဲ့ ပုံတူကူဖို့ အတွက် ဒီပစ္စည်းတွေကို အသုံးပြု ခဲ့တယ်လို့ ယုံကြည်ရပါတယ်" ဟု ကိုဆိုဗို စစ်ပွဲအတွင်းက ခရိုအေးရှား စစ်ဘက် အကြီးအကဲ ဖြစ်ခဲ့သူ ဗိုလ်ချုပ် Daver Domazet Loso က ပြောကြားသည်။

BBC သတင်းကို ဘာသာ ပြန်ဆိုသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

0 comments:

Post a Comment