Transparency Myanmar

transparency.myanmar@gmail.com

(Radio Netherlands မှ 4 Feb 2011 ရက်စွဲပါ Myanmar picks junta insider as new president သတင်းကို ဘာသာ ပြန်ဆိုသည်။)

မြန်မာနိုင်ငံ၏ နိုင်ငံရေး စနစ်သစ်တွင် တပ်မတော် အဖွဲ့အစည်း၏ အာဏာ ချုပ်ကိုင်မှုကို ဆက်လက် ကာကွယ်သည့် အနေဖြင့် အငြိမ်းစား ဗိုလ်ချုပ်ကြီးကို သမ္မတ အဖြစ် သောကြာနေ့က ရွေးချယ်လိုက်သည်။

မနှစ်က ပြုလုပ်သော အငြင်းပွားဖွယ် ရွေးကောက်ပွဲများတွင် ပါဝင် ယှဉ်ပြိုင်ရန် စစ်ဝတ်ရုံ ချွတ်ခဲ့သူ ဦးသိန်းစိန်ကို သမ္မတ အဖြစ် ထောက်ခံမဲ့ အများစုဖြင့် ရွေးချယ်လိုက်သည်ဟု အမည် မဖော်လိုသော မြန်မာ တာဝန် ရှိသူ တစ်ဦးက AFP သို့ ပြောကြားခဲ့သည်။

စစ်ဖက် အစိုးရ နံပါတ် ၄ အဆင့် ပုဂ္ဂိုလ်ဖြစ်သူ ဝန်ကြီးချုပ်သည် သမ္မတ ရွေးချယ်ပွဲ မတိုင်မှီကပင် ထိုရာထူးအတွက် 'တစ်' ပြေးနေခဲ့ခြင်း ဖြစ်ပေရာ စစ်တပ်၏အာဏာကို အရပ်သား မျက်နှာဖုံးဖြင့် ဖုံးကွယ်မည့် နိုင်ငံရေး လုပ်ငန်းစဉ်ကို စစ်ဖက် အစိုးရက စနစ်တကျ စီစဉ်ခဲ့သည် ဟူသော စိုးရိမ် ပူပန်မှုများကို ပိုမို ခိုင်မာ သွားစေသည်။

စစ်ဖက် အစိုးရ ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၏ သစ္စာခံ သွေးသောက် တစ်ဦး ဖြစ်သော အသက် ၆၅ နှစ် အရွယ် အငြိမ်းစား ဗိုလ်ချုပ်ကြီးသည် ရွေးကောက်ပွဲတွင် အများစု အနိုင် ရခဲ့သော စစ်တပ် နောက်ခံ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ USDP ၏ ခေါင်းဆောင် အဖြစ် နိုဝင်ဘာ ရွေးကောက်ပွဲကို ပါဝင် ယှဉ်ပြိုင်ရန် အတွက် အရပ်ဝတ်လဲခဲ့သူ ဖြစ်သည်။

သမ္မတ၏ ပထမဦးဆုံး တာဝန်များထဲမှ တစ်ခုမှာ အစိုးရ အဖွဲ့သစ်ကို ခန့်အပ် တာဝန် ပေးရမည် ဖြစ်ရာ၊ စစ်တပ်နှင့် အပေါင်းပါများ လွှမ်းမိုးထားသော လွှတ်တော် အတွင်းမှ ကန့်ကွက်မှု အနည်းငယ်မျှသာ ရှိနိုင်သဖြင့် ၎င်းအနေနှင့် ယုံကြည် စိတ်ချမှု ရှိနိုင်လိမ့်မည်။

ဦးသိန်းစိန်သည် သူ၏ သမ္မတ ရာထူးသစ် အပြင် ယခင် ဝန်ကြီးချုပ် ရာထူးကိုပါ ဆက်လက် ရယူထားဖွယ် ရှိသည်ဟု အချို့ သတင်း ရပ်ကွက်များက ပြောကြားသည်။

ရှုပ်ထွေးသော လွှတ်တော် စည်းမျဉ်းများအရ အထက်လွှတ်တော်၊ အောက်လွှတ်တော်နှင့် တပ်မတော် အစုအဖွဲ့ဝင် ကိုယ်စားလှယ်များက ဒုတိယ သမ္မတလောင်း တစ်ဦးစီကို အသီးသီး နာမည် တင်သွင်းခဲ့သည်ဟု သိရှိရသည်။

သမ္မတလောင်း ၃ ဦး အနက်မှ တစ်ဦးကို သမ္မတ ရွေးချယ်ရေးအဖွဲ့က ရွေးချယ်ပေးရာတွင် ၎င်းတို့ ၃ ဦးစလုံးမှာ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီဝင် များသာ ဖြစ်ကြပြီး ၁၉၆၂ ခုနှစ်ကပင် တိုင်းပြည်ကို အုပ်ချုပ်ခဲ့သော စစ်တပ်က ဆက်လက် လွှမ်းမိုး ချုပ်ကိုင်ခဲ့ခြင်းပင် ဖြစ်သည်။

သမ္မတ အဖြစ် ရွေးချယ်ခံရသူ ဦးသိန်းစိန်သည် စုစုပေါင်း ၆၅၉ မဲအနက် ၄၀၈ မဲ ရရှိခဲ့ခြင်း ဖြစ်သည်။

ဒုတိယ သမ္မတ နှစ်ဦးမှာ ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၏ သစ္စာခံ သွေးသောက် တစ်ဦး ဖြစ်သော အငြိမ်းစား ဗိုလ်ချုပ်ကြီး တင်အောင်မြင့်ဦးနှင့် ရှမ်းတိုင်းရင်းသား ဒေါက်တာ စိုင်းမောက်စမ်းတို့ ဖြစ်သည်ဟု သိရသည်။

သို့ဖြစ်ရာ ၁၉၉၂ ခုနှစ်က စ၍ အာဏာကို သံလက်သီးဖြင့် ဆုပ်ကာ မြန်မာနိုင်ငံကို အုပ်ချုပ်ခဲ့သော ဗိုလ်ချုပ်မှူးကြီး သန်းရွှေက ထိပ်ဆုံး နိုင်ငံရေး ရာထူးကို ရယူခြင်း မပြုသည့် အလျောက် ၎င်း၏ လုံခြုံမှု သေချာစေရန် ကန့်လန်ကာ နောက်ကွယ်မှ ဆက်လက် ကြိုးကိုင်ရန် ကြိုးစားလိမ့်မည်ဟု လေ့လာ ဆန်းစစ်သူ အများစုက ယုံကြည်ထားကြသည်။

လက်နက်ကိုင် စစ်တပ်နှင့် အခြား လုံခြုံရေး အဖွဲ့အစည်းများကို တစ်ဦးထဲ ချုပ်ကိုင်ခဲ့သည့် အာဏာကို ဗိုလ်ချုပ်မှူးကြီး သန်းရွှေက အလွယ်တကူ စွန့်လွှတ်မှာလား ဆိုသည့် မေးခွန်းမှာ လတ်တလော အရေးကြီးဆုံး ဖြစ်သည်။

ကျွန်တော့် အဖြေကတော့ အတိအကျ "No" ပါပဲဟု London School of Economics မှ မောင်ဇာနည်က ဆိုသည်။ ၎င်းက ဆက်လက်၍ "ကျွန်တော်တို့ တိုင်းပြည်ရဲ့ အာဏာ တည်ဆောက်ပုံ ကတော့ စံတင်လောက်တဲ့ အာဏာရှင် စနစ်ပါပဲ။ လူကောင်းတွေကို မချီးမြှောက်ပါဘူး" ဟု ပြောကြားသည်။

သို့သော်လည်း မြန်မာ့ ရေးရာ ကျွမ်းကျင်သူ ဦးအောင်နိုင်ဦးကမူ ဗိုလ်ချုပ်မှူးကြီး သန်းရွှေ ကန့်လန့်ကာ နောက်သို့ ဆုတ်ကာ ကြိုးကိုင်ခြင်းကြောင့် ပြောင်းလဲရေး အခွင့်အလမ်း အနည်းငယ် ရလာနိုင်ခြင်းသည် အရေးကြီးဆုံး အချက် ဖြစ်သည်ဟု ပြောကြားသည်။

"ဗိုလ်ချုပ်မှူးကြီး မရှိတော့ဘူး ဆိုရင် အရာရာဟာ ဖြစ်နိုင်ခြေ ရှိပါတယ်။ ဦးသိန်းစိန်ဟာ လောလောဆယ် သစ္စာရှိ ခေါင်းညိတ်သူလို့ သတ်မှတ် ခံနေရပေမယ့် မကြာမှီမှာ သူလည်း ကိုယ်ပိုင် လမ်းကြောင်းကို တွေ့သွားမှာပါ" ဟု ဦးအောင်နိုင်ဦးက သုံးသပ်သည်။

နေပြည်တော်တွင် ပထမဆုံး အကြိမ်အဖြစ် တနင်္လာနေ့က ကျင်းပသော ပြည်သူ့လွှတ်တော် အစည်းအဝေးသည် စည်းကမ်း ပြည့်ဝသော ဒီမိုကရေစီ စနစ်သို့ ဦးတည်သည့် မူဝါဒ ၇ ဆင့်ဟု စစ်ဖက် အစိုးရက ပြောသည့် လမ်းညွှန်မြေပုံ နောက်ဆုံးအဆင့်ကို တိုင်းပြည်ကို ဦးလှည့်လိုက်ခြင်း ဖြစ်သည်။

ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် မပါဝင်ခြင်း၊ ရွေးကောက်ပွဲ ကော်မရှင်၏ လိမ်ညာခြင်း၊ အာဏာပိုင် အဖွဲ့အစည်း၏ ခြိမ်းခြောက်ခြင်းတို့ကြောင့် ဂုဏ်သိက္ခာမဲ့ ခဲ့ရသော နိုဝင်ဘာလ ရွေးကောက်ပွဲများ မတိုင်မှီကပင်လျှင် လွှတ်တော် ကိုယ်စားလှယ်နေရာ လေးပုံတစ်ပုံကို တပ်မတော်သား ကိုယ်စားလှယ်များ အတွက် သီးသန့် ဖယ်ကာ ကြိုတင် ရယူထားပြီး ဖြစ်သည်။

အမျိုးသား လွှတ်တော် ကိုယ်စားလှယ် ၄၉၃ နေရာ အနက်မှ ၃၈၈ နေရာကို ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီက အဓမ္မ ရယူသွားခဲ့ရာ အတိုက်အခံများ အတွက် နေရာ အနည်းငယ်သာ ကျန်တော့သည်။

ရွေးကောက်ပွဲ ဝင်ရန် အတွက် ဒေါ်အောင်ဆန်းစုကြည်၏ ပါတီမှ ခွဲထွက်လာခဲ့သော အတိုက်အခံ NDF ပါတီက လွှတ်တော် နှစ်ရပ်တွင် စုစုပေါင်း ၁၂ နေရာသာ အနိုင်ရရှိပြီး၊ ဒီမိုကရက်တစ် ပါတီ (မြန်မာ) ကမူ လုံးဝ အနိုင်မရခဲ့ပါ။

ဦးသိန်းစိန်ကို သမ္မတအဖြစ် ရွေးချယ်လိမ့်မည်ဟု မိမိတို့ ပါတီက မျှော်လင့်ထားပြီး ဖြစ်သည်ဟု NDF ပါတီမှ ဦးခင်မောင်ဆွေက ပြောကြားသည်။

"ဘယ်သူပဲ သမ္မတ ဖြစ်ပါစေ၊ ဘယ်သူပဲ တိုင်းပြည်ကို အုပ်ချုပ်ပါစေ၊ ဒီကိစ္စက ကျွန်တော်တို့ ပါတီအတွက် အရေးမပါပါဘူး။ ပြည်သူတွေ အကျိုးရှိအောင် အစိုးရက ဘယ်လိုလုပ်ပေးမလဲဆိုတဲ့ ကိစ္စကိုပဲ ကျွန်တော်တို့ ပိုပြီး ဂရုစိုက်ပါတယ်" ဟု ၎င်းက ဆိုသည်။

အမေရိကန် ပြည်ထောင်စုက မြန်မာနိုင်ငံနှင့် ပတ်သက်၍ စိတ်ပျက်လက်ပျက် ဖြစ်ရကြောင်းနှင့် အရေးယူမှုများ​ ရုတ်သိမ်းရန် အချိန်မတန်သေးကြောင်း ပြောကြားခဲ့ပြီးနောက် ဦးသိန်းစိန် သမ္မတအဖြစ် ပေါ်ထွက်လာခြင်း ဖြစ်သည်။

ရွေးကောက်ပွဲ အပြီး တစ်ပတ် အကြာတွင် နေအိမ် အကျယ်ချုပ်မှ လွတ်မြောက်လာခဲ့သော ဒေါ်အောင်ဆန်းစုကြည်ကလည်း ယခု ရွေးကောက်ပွဲကြောင့် နိုင်ငံရေး ပြောင်းလဲနိုင်မှုကို ထည့်မတွက်ကြောင်း ယခင် အပတ်ထုတ် Financial Times နှင့် အင်တာဗျူးတွင် ပြောဆိုခဲ့သည်။

"ဒီရွေးကောက်ပွဲ တွေကြောင့် နိုင်ငံရေး လုပ်ငန်းစဉ်မှာ စစ်မှန်တဲ့ ပြောင်းလဲမှု ရှိလာလိမ့်မယ်လို့ ကျွန်မ မထင်ပါဘူး" ဟု သူမ ပြောကြား ခဲ့သည့် အတိုင်း သတင်းစာက ဖော်ပြခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည်၏ NLD ပါတီသည် ရွေးကောက်ပွဲကို သပိတ် မှောက်ရန် ဆုံးဖြတ်ခဲ့ခြင်းကြောင့် ဖျက်သိမ်း ခံထားရသဖြင့် ယခု လွှတ်တော်သစ်တွင် မည်သည့် ကဏ္ဍကမှ ပါဝင်နိုင်မည် မဟုတ်ပါ။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

0 comments:

Post a Comment