Transparency Myanmar

transparency.myanmar@gmail.com

၁၄.၃.၂၀၁၁

ပြည်တွင်းသတင်းများ


ထူး ကုမ္ပဏီ၏  ရန်ကုန် ကျောက်မီးသွေး ဓာတ်အားပေး စက်ရုံ စီမံကိန်း ဖျက်သိမ်း

ရန်ကုန်၊ မတ် ၁၃။


တရုတ်ပြည်သူ့ သမ္မတ နိုင်ငံ Huaneng Lancaung River Hydropower Co.Ltd နှင့် ထူး ထရေးဒင်း ကုမ္ပဏီတို့ ပူးပေါင်း တည်ဆောက်မည့် ရန်ကုန် ကျောက်မီးသွေး ဓာတ်အားပေး စက်ရုံ တည်ဆောက်ရေး စီမံကိန်းအား ကုန်ကြမ်း ရရှိမှု အခက်အခဲကြောင့် ဖျက်သိမ်းလိုက်ပြီ ဖြစ်ကြောင်း သတင်းရရှိသည်။

အဆိုပါ ကျောက်မီးသွေး ဓာတ်အားပေး စက်ရုံအား ရန်ကုန်တိုင်းဒေသကြီး ထန်းတပင် မြို့နယ်၊ ကုက္ကိုဝ ချောင်း အနီးတွင် တည်ဆောက်ရန် စီစဉ်ထားပြီး ၎င်း စက်ရုံ စတင်လည်ပတ်နိုင်ပါက တစ်နေ့လျှင် လျှပ်စစ်ဓာတ်အား မဂ္ဂါဝပ် ၂၇၀ ဖြန့်ဖြူးနိုင်မည် ဖြစ်ကြောင်း သိရသည်။

စက်ရုံ တည်ဆောက်မည့် အစီအစဉ်ကို ရေးဆွဲပြီးမှ ကျောက်မီးသွေးကုန်ကြမ်းအတွက် ကမ်းလှမ်းထားသည့် နိုင်ငံက  (၂)နှစ်အတွင်းသာ ရောင်းချပေးရန်အတွက်သာ သဘောတူညီမှုရပြီး နောက်ပိုင်း ဆက်လက်မရာင်းနိုင်ဟု ပြောကြားသည့်အတွက် လည်း ကောင်း၊ နိုင်ငံအတွင်း လုပ်ကိုင်ခွင့် ရရှိထားသည့် ကလေးဝ ကျောက်မီးသွေးတွင်းမှ ကျောက်မီးသွေးများအား ရန်ကုန်အထိ သယ်ယူရန် ကုန်ကျစရိတ်သည် ယခင် ကမ်းလှမ်းထားသည့် နိုင်ငံမှ သယ်ယူ စရိတ်ထက် ပိုမိုများပြား နေခြင်းတို့ကြောင့် ယင်း စီမံကိန်းကို ဖျက်သါမ်းလိုက်ရခြင်း ဖြစ်ကြောင်း  ထူး ထရေးဒင်း ကုမ္ပဏီမှ အဆိုပါ စီမံကိန်းအတွက် တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

ယင်း စီမံကိန်းအား ၂၀၁၀ ပြည့်နှစ် ဖေဖော်ဝါရီလ ၁၁ ရက်နေ့တွင် နေပြည်တော်၌ Htoo Group of Companes နှင့် တရုတ်ပြည်သူ့ သမ္မတ နိုင်ငံ Huaneng Lancaung River Hydropower Co.Ltd တို့ ပူးပေါင်းလုပ်ကိုင်ရန် လက်မှတ်ရေးထိုးခဲ့ကြောင်း ၂၀၁၀ ဖေဖော်ဝါရီလ ၁၄ရက်နေ့ထုတ် နိုင်ငံပိုင် သတင်းစာများတွင် ဖော်ပြချက်အရ သိရ သည်။

-------------------------------------------------------------------------------------------------------------


အာဆီယံစံနှုန်းအတိုင်းသာ ကုန်တင်ခွင့်ပြုမည်ဆိုသည့်စည်းကမ်းအားပြန်လည်လျှာ့ချပေးမည်ဟုဆို

ရန်ကုန်၊ မတ် ၁၂။


၂၀၁၁ခုနှစ် ဇန်နဝါရီလဆန်းပိုင်းမှ စတင်ပြီး ကုန်တင်ယာဉ်ကြီးများ အာဆီယံစံနှုန်းအတိုင်းသာ ကုန် တင်ဆောင် ခွင့် ပြုမည်ဟု တရားဝင် ချမှတ်ထားသော စည်းကမ်းကို ကုန်သည်များ၏ တောင်းဆိုမှုအရ ပြန်လည် လျှော့ချပေးသွားမည် ဖြစ်ကြောင်းသိရသည်။

လက်ရှိ ကြုံတွေ့နေရသော ဓါတ်ဆီဈေးကြီး မြင့်မှုနှင့် အတူ ကုန်သယ်ဆောင်ခ မြင့်တက်လာသောကြောင့် ကုန်စည် ဈေးနှုန်းများ မြင့်တက်ခဲ့ခြင်းဖြစ်ပြီး ကုန်သည်များနှင့် စားသုံးသူ ပြည်သူများအတွက် အကျပ် တွေ့စေသော အာဆီယံစံနှုန်း စည်ကမ်းအား ပြန်လည် လျှော့ချပေးရန် ကုန်သည်များမှ တာဝန်ရှိသူများကို စာတင်ပြီး တောင်းဆိုခဲ့ရာ ဆောင်လုပ်ရေး ဝန်ကြီးဌာနမှ လက်ခံပြီး တရားဝင် မဟုတ်သော်လည်း ကုန်ပို တင်ဆောင် ခွင့်ပြုခဲ့ကြောင်း ကုန်သည်များနှင့် နီးစပ်သော အသိုင်းဝိုင်းက ဆိုသည်။

“ကုန်တင်တာ လျှော့လိုက်ရလို့ တန်ဆာခ လျှော့ပေးရတာ မရှိပါဘူး။ ဆီဈေးတွေ တက်လာလို့ တန်ဆာခ တက် သွားတာ ပဲ ရှိတယ်။ ကုန်စည်တွေ ဈေးတက်တော့ စားသုံးသူတွေအတွက် အခက်အခဲ တွေ့ရသလို ကျွန်တော်တို့ ကုန်သည် တွေလည်း သိပ်မကိုက်တော့ဘူး လာမယ့် တစ်ရက်နှစ်ရက် လောက်အတွင်းမှာပဲ အကောင်အထည် ပေါ်လာလိမ့်မယ် ထင်ပါတယ်။”ဟု ဘုရင့်နောင် ပွဲရုံရှိ ကုန်သည်တစ်ဦးက ပြောကြားသည်။

အဆိုပါ ကုန်တင်ယာဉ်များ တန်ပို ပြန်လည်တင်ခွင့်မှာ ယခုရက်ပိုင်းများမှ စတင်၍ ပြောင်းလဲ ပေးသွားမည်  ဖြစ်ကြောင်း သိရသည်။ ကုန်ပို  တင်ဆောင်ရာတွင် ဆောက်လုပ်ရေး ဝန်ကြီးဌာနမှ ခွင့်ပြုပေး သွားမည် ဖြစ်ပြီး ကုန်သည်များ သည် ဘီအိုတီ ယူထားသော ဆောက်လုပ်ရေး ကုမ္မဏီများနှင့် ညှိုနှိုင်း လုပ်ဆောင် သွားရမည် ဖြစ်ကြောင်း ကုန်သည်များ အသင်းဝင်တစ်ဦးက ဆိုသည်။

ဆောက်လုပ်ရေး ဝန်ကြီးဌာန ပြည်သူ့ဆောက်လုပ်ရေး လုပ်ငန်းမှ တာဝန်ရှိသူများ ပါဝင်သော လမ်းတံတား လုံခြုံရေး နှင့် စည်းကမ်း ထိမ်းသိန်းရေးအဖွဲ့က မတ်လ ၁ရက်နေ့မှ စတင်ပြီး ကုန်တင်ယာဉ် ဂိတ်များသို့ အာဆီယံ စံနှုန်း အတိုင်း မလိုက်နာပါက ထိရောက်စွာ အရေးယူမည်ဟု အကြောင်းကြားစာများ ပေးပို့ခဲ့ပြီး နောက် ပိုင်း ယခုကဲ့သို့ ပြင်ဆင် ပြောင်းလဲသည့် သတင်းပေါ်ထွက်လာခဲ့ခြင်း ဖြစ်သည်။

The CJs News


-------------------------------------------------------------------------------------------------------------

စက်သုံးဆီ ဝယ်ယူရန် စာအုပ် လိုအပ်ပြီ

ရန်ကုန်၊ မတ်၁၃။

 
ပုဂ္ဂလိက စက်သုံးဆီဖြန့်ဖြူးရေးဆိုင်များ စတင်ရောင်းချခဲ့သည့် ယမန်နှစ် ဇွန်လ ၁၀ ရက်နေ့ အချိန်မှစတင်၍ မော်တော်ယာဉ်များ ဓါတ်ဆီဝယ်ယူရာတွင် ဝယ်ယူခွင့်စာအုပ် မလိုတော့သော်လည်း ယခုနှစ် မတ်လ ၁၀ရက်နေ့မှ စတင်၍ ရန်ကုန်မြို့ရှိ ပုဂ္ဂလိက စက်သုံးဆီဆိုင်များတွင် ဓါတ်ဆီဝယ် ယူခွင့် စာအုပ် ပြုလုပ်၍ တစ်ဆိုင်တည်းတွင်ဟာ ဝယ်ယူခွင့် ပြုတော့မည်ဖြစ်ကြောင်း သတင်းရရှိသည်။

ဒီဇယ်နှင့် အော့တိန်းဓါတ်ဆီ ခေါ် အဆင့်မြင့် ဓါတ်ဆီ ဝယ်ယူသည့် ကားများ အနေဖြင့် စာအုပ်လုပ်ရန် မလို အပ်သော်လည်း တစ်ဂါလံ ၂၅၀၀ ကျပ်တန် ဓါတ်ဆီဝယ်ယူရာတွင် ဝယ်ယူခွင့်စာအုပ် လုပ်ဖို့လိုအပ်ကြောင်း သိရသည်။

အဆိုပါ ဓာတ်ဆီစာအုပ်ကို ကားအုံနာ စာအုပ်၊ ကားဝှီးတက် (ဘီးခွန်ဆောင်ပြီး အထောက်အထားစာရွက်) တို့ ဖြင့် ပြုလုပ်ရမည် ဖြစ်ကြောင်း၊ ဓာတ်ဆီ ဝယ်ယူမည့် ကားတစ်စီးတွင် ဆီစာအုပ် နှစ်အုပ်တွေ့ရှိပါက ဆီထုတ်ခွင့်အား ၆လ ပိတ်မည်ဟု သက်ဆိုင်ရာက ညွှန်ကြားထားကြောင်း သိရသည်။

ဓာတ်ဆီဂါလံ ကန့်သတ်ချက်ကိုမူ တစ်ဆိုင်နှင့် တစ်ဆိုင် မတူညီသောကြောင့် နှစ်သက်ရာဆိုင်တွင် တစ်နေ့ တစ်ကြိမ် ဝယ်ယူခွင့်ပြုရန် ညွှန်ကြားထားကြောင်း သိရသည်။

ဆိုင်တွင် ဝယ်ယူသည့်ဈေးနှုန်းနှင့် ပြင်ပဈေးကွက်တွင် ပြန်ရောင်းချရသည့် ဈေးသည် တစ်ဂါလံ ကျပ် ၁၀၀၀ ကျော် ကွာဟနေသဖြင့် တနေကုန် တန်းစီထုတ်ရောင်းသည့်ကို အလုပ်တစ်ခု အဖြစ်သတ်မှတ်လုပ်ကိုင်သူများ များပြားလာခဲ့သောကြောင့် အမှန်တကယ် စီးနင်းရန် သုံးစွဲလိုသူ အနေဖြင့်လည်း ဓါတ်ဆီ ဝယ်ယူခွင့် ရရန် အနည်းဆုံး ၂နာရီ ဝန်းကျင်ခန့် တန်းစီစောင့်ရသည့် အခြေအနေသို့ ရောက်ရှိလာခဲ့သည်။

-------------------------------------------------------------------------------------------------------------


ရန်ကုန်မြို့၏ မြို့နယ် အများအပြားတွင် ဂျိုးဖြူရေ ပြတ်လပ်မှုများ ဖြစ်ပေါ်နေ

ရန်ကုန်၊မတ် ၁၂။


ရန်ကုန်မြို့တွင်း ၆ မြို့နယ် အပါအဝင် မြို့နယ်အများအပြားတွင် မတ်လဆန်းမှ စတင်၍ ဂျိုးဖြူရေ ပြတ်လပ်မှုများ ဖြစ်ပေါ်ခဲ့ကြောင်း ယင်းဒေသခံများထံမှ စုံစမ်းသိရှိရသည်။

လသာမြို့နယ်တွင် နေထိုင်သူတစ်ဦးက “အခုတစ်လော ရေပေးချိန်မမှန်ဘူး။ ခါတိုင်းဆို ညနေ၄နာရီနောက်ပိုင်း ရေပုံမှန်လာတယ် အခု မနက်ပိုင်း လာတဲ့အခါ လာတယ် ပြီးခဲ့တပတ်ကဆို တစ်နေ့နဲ့တစ်ည ရေပြတ်သွားသေးတယ်၊ သူတို့ကတော့ မီးမမှန်လို့ ပြောတယ်” ဟု ပြောကြားသည်။

အလားတူ တာမွေ၊ သင်္ဃန်းကျွန်း၊ ကမာရွက်၊ လှိုင်၊ မရမ်းကုန်း၊ အင်းစိန် စသည့် မြို့နယ်များတွင်လည်း ရေပြတ် လပ်မှုများ ဖြစ်ပ်ါခဲ့ရာ အချို့နေရာများတွင် တစ်လခန့်ပင် ကြာမြင့်နေပြီ ဖြစ်ကြောင်း ၎င်းမြို့နယ်များရှိ ရပ်ကွက် အချို့တွင် ကိုယ်ထူကိုယ်ထ အဝီစီ တွင်းများ ပြုလုပ်ခဲ့ရကြောင်း အချို့မှာ ဂျိုးဖြူရေရရှိရေအတွက် တစ်အိမ်ထောင် ကျပ်တစ်သိန်းနှုန်း သက်ဆိုင်ရာ ရယက အားပေးသွင်းခဲ့ရကြောင်း ယင်းကဲ့သို့ရေမလာမှုကြောင့် ကိုယ်ထုကိုယ်ထ အဝီစိ တွင်းများတူုးရာတွင် တစ်တွင်းလျှင် ကျပ်လေးသိန်းခန့် ကုန်ကျကြောင်း ယင်း ဒေသခံများထံမှ စုံစမ်းသိရှိရသည်။

ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီက ယခုနှစ်တွင်လုံးဝ ရေပြတ်လပ်မှု မရှိစေရန် ဆောင်ရွက် ပေးလျှက် ရှိကြောင်း ဖေဖော်ဝါရီလ ၂၇ ရက် နေ့ကလည်း မင်္ဂလာဒုံ မြို့နယ် အောင်တံခွန် ရေပေးဝေရေး စီမံကိန်းကြီးကို ဖွင့်လှစ်ပေးခဲ့ကြောင်း ယင်း စီမံ ကိန်းကို ကျပ် သိန်း တစ်သောင်းကျော် အကုန်အကျခံ တည်ဆောက်ခဲ့ပြီး ရွှေသံလွင်၊ မက်စ် မြန်မာ၊ နစ်ပို ဆောက်လုပ်ရေး စသည့်ကုမ္မဏီ ကြီးများ ပါဝင်ကူညီခဲ့သည်ဟု ဆိုကြောင်း နိုင်ငံပိုင် မီဒီယာများ အပါအ၀င် မီဒီယာများတွင် ဖော်ပြပါရှိခဲ့သည်။

လက်ရှိ အာဏာရ ပါတီဖြစ်သော ပြည်ခိုင်ဖြိုးပါတီ၏ အမတ်တစ်ဦးဖြစ်သူ ရန်ကုန်မြို့တော်ဝန်ဟောင်း ဦးအောင် သိန်းလင်းက “လက်ရှိ ရန်ကုန်ရဲ့လူဦးရေနဲ့ နောင်တိုးလာမယ့် လူဦးရေကို ချိန်ဆပြီး ဒီစီိမံကိန်းကို လုပ်တာ အခုဆိုရင် တစ်နေ့ကို ရေဂါလံ ဆယ့်ငါး သန်းလောက် ပိုပေးလာနိုင်တော့မယ် ရန်ကုန်မြို့ထဲကို ရေဖောဖောသီသီပေးနိုင်ပြီ၊ ရေနဲ့ ပတ်သက်ပြီး ဘယ်လို အကြောင်းကြောင့်ပဲ ဖြစ်ဖြစ် တွေးပူစရာ မလိုတော့ဘူး”ဟု အောင်တံခွန် ရေပေးဝေရေး စီမံကိန်းတွင် ပြောကြားခဲ့သည်။

ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ အင်ဂျင်နီယာဌာန (ရေနှင့်သန့်ရှင်းမှု) ဌာနမှုး ဦးသန်းထိုက်ကလည်း “ရေမလာရင် ကျွန်တော်တို့ဆီကို ချက်ခြင်းအကြောင်းကြားပါ။ ရေနဲ့ ပတ်သက်လို့ စိတ်ပှုစရာ မရှိအောင် ဆောင်ရွက် ပေးထားပါတယ်”ဟု ပြောကြားခဲ့သည်။

ယခုအချိန်တွင် ရန်ကုန်မြို့တော်အတွက် ဂျိုးဖြူ၊ ဖူးကြီး၊ လှော်ကား၊ ငမိုးရိပ်၊ အောင်တံခွန် ရေပေးဝေရေး စီမံ ကိန်းများ အပါအဝင် အဝီစိတွင်း ၆၁၂ တွင်းဖြင့် နေ့စဉ် ရေဂါလံ သန်းတစ်ရာ့ခြောက်ဆယ်ကျော် ပေးဝေလျှက်ရှိကြောင်း ရေနှင့်ပက်သက်၍ အခက်အခဲများ အတင်းအကျပ် ငွေကြေးတောင်းခံမှုများ ရှိပါက ရေနှင့်သန့်ရှင်းမှုဌာန ဖုန်းနံပတ် ၀၁ ၂၄၉၆၅၅၊ ၀၁ ၂၄၈၁၁၂ သို့ ဆက်သွယ် တိုင်ကြားနိုင်ကြောင်း သက်ဆိုင်ရာ ထုတ်ပြန်ချက်များအရ သိရသည်။

The CJs News

×××××××××××××××××××××××××××××××××××××××××××××××××××××××××××××××××

ပြည်တွင်းပါတီ၊ နိုင်ငံရေးသတင်းများ 

မတ်လ ၁၃ရက်နေ့ ပြည်ပအင်အားစုများ မျှော်မှန်းသလို မဖြစ်ခဲ့

ရန်ကုန်၊ မတ်၁၃။


မတ်လ ၁၃ရက်တွင် ကျရောက်သည့် မြန်မာနိုင်ငံ လူ့အခွင့်အရေးနေ့တွင် အနက်ရောင် ကမ်ပိန်း (နှင်းဆီနီ တော် လှန်ရေး) ခေါင်းစဉ်ဖြင့် လူထု ဆူပူအုံကြွမှုများ ပြုလုပ်၍ စစ်အာဏာရှင် အစိုးရကို ဖြုတ်ချရန် ကြိုးပမ်းသည့် ပြည်ပ အတိုက်အခံ အင်အားစုများ၏ ကြိုးပမ်းမှုမှာ ပြည်သူလူထုမှ စိတ်ပါဝင်စားခြင်း မရှိခဲ့၍ အထမြောက်ခဲ့ခြင်း မရှိဘဲ ရန်ကုန်မြို့တော်တွင် ပုံမှန်အတိုင်းသာ ရှိခဲ့ကြောင်း သိရသည်။

အရှေ့အလယ်ပိုင်း ဒေသတွင် အာဏာရှင် ဆန့်ကျင်ရေး လှုပ်ရှားမှုများ မြင့်တက်လာပြီး လူထု အုံကြွမှုများဖြင့် အစိုးရ အတော်များများကို ဖြုတ်ချနိုင်ခဲ့ရာ ထိုလှုပ်ရှားမှုများကို အတုယူ၍ မြန်မာနိုင်ငံတွင်လည်း လူထုအုံကြွမှုများ ပြုလုပ်ရန် ပြည်ပရှိ မြန်မာစစ်အစိုးရ ဆန့်ကျင်သူများက အင်တာနက်စာမျက်နှာများမှ လှုံဆော်ခဲ့ကြသည်မှာ ရက်ပေါင်း အတော်ကြာ ခဲ့ပြီဟုလည်း သိရသည်။

“ဒီကိစ္စကို ဦးဆောင်လုပ်နေတာ ဖေ့စ်ဘုတ်ခ်စာမျက်နှာပေါ်က စန်းမောင်တို့၊ ဗမာ့သွေးတို့ ဖြစ်ပါတယ်။ သူတို့ဟာ ကနေဒါက ထောက်ပံ့တဲ့ ငွေကြေးနဲ့ မြန်မာနိုင်ငံအတွင်းမှာ လူထုအုံကြွမှု ဖြစ်အောင် လုပ်နေတာဖြစ်တယ်။ ဒါပေမယ့် တကယ်ခံစားရတဲ့ ပြည်သူလူထု က အနာမခံတော့ဘူး။ ပါးနပ်နေပြီ။ ဒါကြောင့် လူထု လှုပ်ရှားမှုက မဖြစ်နိုင်ပါဘူး” ဟု နိုင်ငံရေး လေ့လာသူ လူငယ်တစ်ဦးက ပြောကြားသည်။

“ဘာပဲပြောပြော အပြင်ကလူကတော့ သတ္တိကောင်းလို့ရတာပေါ့ဗျာ၊ ဒီစစ်အစိုးရကလဲ ပြည်သူကို ဘယ်တုန်းကမှ ညှာတာတဲ့အစိုးရမဟုတ်ဘူး၊ တစ်ခါဖြစ်လိုက် ပြည်သူက ပိုခံစားသွားလိုက်ရနဲ့ ဆိုတော့ ပြည်သူက တစ်ခါသေဖိုး ပျဉ်ဖိုး နားလည်သလို ဖြစ်နေပြီလေ” ဟု ၎င်းက ဆက်လက်ပြောကြားသည်။

တူနီးရှား၏ စံပါယ်ပန်း တော်လှန်ရေးသည် အာဏာရှင် သမ္မတကို ဖြုတ်ချနိုင်ခဲ့ရာမှ အရှေ့အလယ်ပိုင်း၊ အာဖရိ ကနှင့် တရုတ်နိုင်ငံတို့အထိ ကူးစက်လာပြီး မြန်မာနိုင်ငံတွင်လည်း ထိုကဲ့သို့ လမ်းကြောင်းမျိုးကို ရွေးချယ်အသုံးပြုရန် ပြည်ပရောက် အင်အားစုအချို့နှင့် ပြည်တွင်းအင်အားစု အချို့က မျှော်လင့်လျှက် ရှိနေကြသည်။

မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကပင်လျှင် လူထုအုံကြွမှုများသည် အကောင်းဆုံး နည်းလမ်း မဟုတ်ကြောင်း ပြည်ပအသံလွှင့် ဌာနတစ်ခုနှင့် တွေ့ဆုံရာတွင် ဖြေကြားခဲ့ဖူးသည်။

၁၃. ၃. ၁၉၈၈ ခုနှစ်က ရန်ကုန် စက်မှုတက္ကသိုလ်တွင် စစ်တပ်နှင့် ကျောင်းသားများ အဓိကရုဏ်း ဖြစ်ပွားရာမှ ကုန်ထုတ်ဓာတုဗေဒ ကျောင်းသားဖြစ်သူ ကိုဘုန်းမော် သေဆုံးခဲ့ပြီး ထိုနေ့ကို မြန်မာနိုင်ငံ လူ့အခွင့် အရေးနေ့အဖြစ် သတ်မှတ်၍ ယခု ၂၃ ကြိမ်မြောက် နေ့တွင် လူထုအုံကြွမှုများ ပြုလုပ်ရန် စီစဉ်ထားခြင်းဖြစ်သည် ဟုလည်း သိရသည်။
 
×××××××××××××××××××××××××××××××××××××××××××××××××××××××××××××××××


သတင်းနှင့် ဆောင်းပါးများမှ ကောက်နှုတ်ချက်များ
 
“ပြည်တွင်က ၂၅ မတ် ဆန်ကို အမျိုးအစားကို ပြည်ပကို တင်ပို့နေတာပါ။ ဆန်ချောကတင်ပို့မှု မရှိသလောက် နည်းတယ်။ အာဖရိက နိုင်ငံတွေကလည်း ၂၅ မတ် ဆန်ကိုပဲ အများဆုံးဝယ်တာ၊ ဒီမှာ ပြည်ပ ဆန်တင်ပို့တယ်လို့ရောပြီး ရေးနေကြတော့ ကုန်သည်တွက အခွင့်ကောင်းယူပြီး ဆန်ချောဈေးနှုန်းတွေပါ မြှင့်ပြီး ရောင်းနေကြတာ” ဟု ဆန်တင်ပို့ရောင်းချသည့် ကုမ္ပဏီတစ်ခုမှ ဈေးကွက် မန်နေဂျာ ဦးရန်အောင်က ပြေကြားသည်။

Messenger ဂျာနယ်၊ အတွဲ(၁)၊ အမှတ်(၄၄)တွင် ပါဝင်သော “ ၂၅ မတ်တန် ဆန်ကိုသာ ပြည်ပမှာယူမှု များပြား ” သတင်းမှ ကောက်နှုတ်ချက်

-------------------------------------------------------------------------------------------------------------

“ဘဏ်တိုးနှုန်း Inflection (ငွေကြေး ဖောင်းပွမှု) ထက်တော့ ပိုသင့်တယ်။ ဖြစ်သင့်တာက Inflaction လေးရာခိုင်နှုန်း ကနေ ငါးရာခိုင်နှုန်း အထိ ဖြစ်သင့်ပြီး ဘဏ်တိုးနှုန်းက ခုနစ်ရာခိုင်နှုန်း၊ ရှစ်ရာခိုင်နှုန်း လောက်ရှိသင့်တယ်” ဟု စီးပွားရေး ပညာရှင် ဒေါက်တာ နေဇင်လတ်က ပြောကြားသည်။

Messenger ဂျာနယ်၊ အတွဲ(၁)၊ အမှတ်(၄၄)တွင် ပါဝင်သော “ ဘဏ်တိုးနှုန်းများ လျော့ချပါက ငွေဖောင်းပွမှုကိုပါ လျော့ချရန် လိုအပ်” သတင်းမှ ကောက်နှုတ်ချက်

-------------------------------------------------------------------------------------------------------------

“ အခု ပါတီဝင် အသစ် စည်းရုံးတဲ့ အချိန်မှညရော ပါတီ စထောင်တုန်းကပါ ပြညသူဆီကနေ ကြားနေရတာက ဘာအခွင့်အရေး ရမလဲ ဆိုတဲ့ အသံတွေ များနေတယ်။ ဒါကလည်း ပြည်သူတွေရဲ့ စားဝတ်နေရေး ကျပ်တည်း နေမှု ကြောင့်ရယ်၊ အဲဒီအပေါ်မှာ အခွင့်ကောင်းယူပြီး မက်လုံပေး မဲဆွယ်တဲ့ ပါတီကြောင့် အဲဒီလို ဖြစ်နေတာပါ” ဦးသုဝေက ပြောကြားသည်။

TRUE NEWS အတွဲ (၃)၊ အမှတ် (၂၉) ပါ “မက်လုံးပေး၍ နိုင်ငံရေးအရ စည်းရုံခြင်းကြောင့် ပြည်သူများ၏ နိုင်ငံရေး အယူအဆ လွဲမှာနိုင်ဟု ဦးးသုဝေ ပြောဆို” သတင်းမှ ကောက်နှုတ်ချက်
 
×××××××××××××××××××××××××××××××××××××××××××××××××××××××××××××××××

သတင်းကဏ္ဍ

နဂါးကြီးရဲ့ မျိုးပြုတ်ဝါးရေး ဗျူဟာသစ်
အပိုင်း(၁)


            မြန်မာနိုင်ငံ၏  ပထဝီ အနေအထားအရ အင်အားကြီး နှစ်နိုင်ငံကြားတွင် ညပ်နေသည့် နိုင်ငံငယ်လေး တစ်ခုသာ ဖြစ်သည်။ အတီအတေတည်းက ထိုနိုင်ငံကြီးနှစ်ခုကြားတွင် ကိုယ်ပိုင်ယဉ်ကျေးမှု၊ ကိုယ်ပိုင် လွတ်လပ်ခွင့် တို့ဖြင့် ယနေ့တိုင် ရပ်တည် လာခဲ့သည်။ သမိုင်းကြောင်းများအရ အလျဉ်းသင့်လျှင် သင့်သလို ယနေ့ခေတ် အိန္ဒိခေါ် ပိဋိက္ခရား နယ်မြေများကိုပင် မြန်မာဘုရင်တို့ သြဇာပြ သိမ်းပိုက်ခဲ့သေးသည်။ ရာဇဝင် သမိုင်းတို့ အဆိုအရမူ ဘုန်းကြီးလှသော အနော်ရထာမင်းကြီးသည် အင်အား ကြီးမားလှသော တရုတ်မင်း ဥတည်ဘွားကိုပင် ဘုန်းကံပြ၍ ရှိန်ကြောက်စေခဲ့သည်ဟု သိရသည်။ ခေတ်လူတို့ အဆိုအရမူ မြန်မာတို့သည် ပါးရည်နပ်ရည် ရှိလှ၍သာ ထိုအင်အားကြီး နှစ်နိုင်ငံကြားတွင် ယနေ့တိုင် ဝါးမြိုခြင်း မခံရဘဲ တည်ရှိနေနိုင်သေး သည်ဟု သိရသည်။

            ထိုအင်အားကြီး နှစ်နိုင်ငံတွင် အိန္ဒိယသည် မြန်မာနိုင်ငံနည်းတူ ဗြိတိသျှတို့ လက်အောက်သို့ ကျရောက်ခဲ့ခြင်း၊ လွတ်လပ်ပြီးစတွင် ပြည်တွင်းရေး ပြသနာများ၊ ပါကစ္စတန်အရေးအခင်းများနှင့် ချာချာလည် နေခြင်းတို့ကြောင့် မြန်မာ့ ပိုင်နက်များကို ကျူးကျော် ရန် အခွင့်မသာခဲ့ချေ။ တစ်တိုင်းပြည်လုံး အတိုင်းအတာဖြင့် ကိုလိုနီခေတ် မရောက်ခဲ့ဘဲ လူဦးရေနှင့် နိုင်ငံအကျယ်ဝန်း မမျှတတော့သော တရုတ်တို့ကမူ အခါအခွင့် သင့်သည်နှင့် တပြိုင်နက် မြန်မာ့မြေကို ကျူးကျော်သိမ်းပိုက်ရန်၊ ဝါးမြိုရန် ကြံရွယ်လေ့ ရှိခဲ့သည်ကို သမိုင်းများ က ပြဆိုနေပါသည်။

            အနှီ ကြယ်နီကြီးသည် ကျွန်ုပ်တို့နိုင်ငံကို ယနေ့ခေတ်တွင်မှ မဟုတ်ချေ၊  အနော်ရထာမင်း လွန်ပြီး နောက် ပုဂံမင်းများ၊ အင်းဝမင်းများ လက်ထက်တွင် မန်ချူးတရုတ်တို့ လေးကြိမ်တိုင် ဝင်ရောက် ကျူးကျော် ခဲ့ကြသည်။ လေးကြိမ်စလုံးတွင် မန်ချူးတို့ အရေးနိမ့် ဆုတ်ခွာခဲ့ရသည်။ နရသီဟပတေ့မင်း လက်ထက်တွင် မွန်ဂိုတရုတ်တို့ ကျူးကျော်ခဲ့ပြီး မြန်မာတို့ အရေးနိမ့်ခဲ့သော်လည်း  မြန်မာ အမတ်များ၏ စစ်ဗျူဟာ ကြွယ်ဝမှု၊ ပြင်းထန်လှသော ရာသီဥတုတွင် မွန်ဂိုတရုတ်တို့ မနေနိုင်မှု၊ ရှင်ဒိသာပါမောက်၏ သံတမန်ရေး ပြေပြစ်မှုကြောင့် မွန်ဂိုတို့ တပ်ဆုတ်ပြန်ခဲ့ရသည်။ ထိုအဖြစ်ပျက်တို့သည် အတိတ်သမိုင်းတလျှောက် မြန်မာနိုင်ငံကို တရုတ်တို့ မည်သို့မျှ အသာမရခဲ့သည်ကို ဖော်ပြနေပါသည်။

            ခေတ်သစ်သမိုင်းတွင်  တရုတ်ဖြူ ကျူးကျော်မှုကို သိကြပါလိမ့်မည်။ မော်စီတုန်း၏ တပ်နီတော်ကို စစ်ရှုံးလာခဲ့ကြသော ချန်ကေရှိတ်၏ တပ်များသည် မြန်မာ့မြေကို အလုံးအရင်းဖြင့် ဝင်ရောက် ကျူးကျော်ခဲ့ကြ ပါသည်။ တရုတ်ဖြူသည် ဖြစ်စေ၊ နီသည်ဖြစ်စေ ရည်ရွယ်ချက်မှာ ရှမ်းပြည်နယ် တစ်ခုလုံးကို တရုတ်အင်ပါယာ အောက်သို့ သွတ်သွင်းရန်သာ ဖြစ်ပါသည်။ တရုတ်ဖြူများကို မြန်မာ့တပ်မတော်မှ ချေမှုန်းခဲ့သော်လည်း နောက်ပိုင်းတွင် တရုတ်နီတပ်များက တရုတ်ဖြူများနေရာတွင် အယောင်ဆောင် ဝင်ရောက် တပ်စွဲကာ ရသလောက် နေရာယူခဲ့သည်ကို တွေ့ရမည် ဖြစ်ပါသည်။ ရွှေလီနှင့် ကြူကုတ် တိုက်ပွဲများသည် တရုတ်နီ အစိုးရက ထိုမြို့များကို တရုတ်ပိုင်နက်အတွင်း ထည့်သွင်းရန် ကြံရွယ်ချက်ဖြင့် တရုတ်နီများ ဝင်ရောက်တပ်စွဲခဲ့ ခြင်းဖြစ်သည်။ သို့ရာတွင် ထိုခေတ် က မြန်မာ့တပ်မတော်၏ ရဲရဲတောက် စိတ်ဓာတ်ကြောင့် ရေရှည်တွင် နိုင်အောင် ထိန်းမထားနိုင်၍သာ ရွှေလီကို တရုတ်ပိုင်နက်အတွင်း ထည့်သွင်းပေးရန်နှင့် မြန်မာဘက်သို့ လိုအပ် သည့် အကူအညီ အထောက်အပံ့ ပေးကမ်းခြင်းဖြင့် ညှိနှိုင်းခဲ့ခြင်းသာ ဖြစ်ပါသည်။ ဤသည်မှာ လက်ရှိ တရုတ်နီ အစိုးရနှင့် မြန်မာတို့၏ ခေတ်သစ် သမိုင်းကြောင်းများ ဖြစ်ပါသည်။

            တရုတ်တို့၏ မြန်မာနိုင်ငံကို ဝါးမြိုရေး ဗျူဟာမှာ ဤမျှနှင့်ပင် ပြီးဆုံးမသွားချေ။ နယ်စပ်တလျှောက်တွင် တရုတ်ဖြူလက်ကျန်များကို ဝ၊ ကိုးကန့် တိုင်းရင်းသားများ ဖြစ်စေခဲ့ပြီး မြန်မာအစိုးရကို ပုန်ကန်စေကာ လက်နက် လူသူအင်အား ထောက်ပံ့ပေးခြင်းဖြင့် တရုတ်သြဇာလွမ်းသော နယ်မြေများ ဖြစ်စေကာ တရုတ်လူမျိုး သောင်းချီ၍ မြန်မာ့ပိုင်နက်အတွင်း ဝင်ရောက် နေထိုင်စေခဲ့သည်။ ဤသည်မှာ တရုတ်တို့ မော်စီတုန်း လက်ထက်က ကာဇက်နှင့် ဥဇဘက်အနွယ် မူစလင်များ နေထိုင်ရာ စင်ကိုင်း၊ ဟူဝီ စသော ပြည်နယ်များသို့  အတင်းအဓမ္မ ဝင်ရောက်တပ်စွဲကာ ဟန်တရုတ် လယ်သမား နှစ်သန်းကျော်ကို ဝင်ရောက် အခြေချ နေထိုင်စေပြီး တရုတ်အင်ပါယာ ချဲ့ထွင်စေခဲ့သည့် ပုံစံအတိုင်းပင် ဖြစ်သည်။ ထိုမျှနှင့်ပင် မကသေးပါ။ ဗမာပြည် ကွန်မြူနစ်ပါတီကို သက်ဆိုး ရှည်အောင် မွေးမြူစေခဲ့ပြီး တရုတ်အစိုးရ သြဇာညောင်းသည့် ရုပ်သေး အစိုးရတင်ပေးပြီး မြန်မာပြည်ကို ဝါးမြိုရန် ကြံစည်ခဲ့သေးသည်။

            ဤနေရာတွင် ထိုခေတ် ထိုအခါက မြန်မာ့တပ်မတော်၏ ဂုဏ်ပြောင်ခဲ့မှုကြောင့်သာ မြန်မာနိုင်ငံမှာ တရုတ်အင်ပါယာသို့ စောစီးစွာ မကျရောက်ခဲ့ခြင်းဖြစ်သည်။ တရုတ်နွယ်ဖွားဖြစ်သော ဗိုလ်ချုပ်ကြီးနေဝင်းသည် တရုတ်ကို ပြင်းထန်စွာ ဆန့်ကျင်ခဲ့ပြီး ၎င်း အုပ်ချုပ်စဉ်ကာလများတွင် တရုတ်ဗမာ အရေးအခင်း ဖြစ်ပွားခဲ့ပြီး တရုတ်ကျောင်းသားများ ဆေးတက္ကသိုလ်များသို့ တက်ရောက်ခွင့် မရခဲ့ချေ။  တရုတ်ဗမာ အရေးအခင်း ဖြစ်ရ သည်မှာလည်း တရုတ်နွယ်ဖွား မြန်မာကျောင်းသားများသည် တက္ကသိုလ်ဝင်းအတွင်း မော်စီတုန်းပုံပါ ရင်ထိုးများဖြင့် မြန်မာကျောင်းသားများ မျက်စိနောက်အောင် ပလွှားရာမှ ဖြစ်ပွားခဲ့ရခြင်းပင် ဖြစ်သည်။ ဤသည် မှာ မြန်မာပြည်ကို တရုတ်အတွေးအခေါ် ရိုက်သွင်းရန် သွေးတိုးစမ်းမှုတစ်ရပ် ဖြစ်ခဲ့ပါသည်။ တရုတ်နွယ်ဖွားပင် ဖြစ်သော်ငြားလည်း ကိုယ်တိုင်ကိုယ်ကျ တိုက်ယူခဲ့ရသော မြန်မာ့လွတ်လပ်ရေးကို တန်ဖိုးထားမှုနှင့် အမေကျော်၍ ဒွေးတော် မလွမ်းတတ်သော ဗိုလ်ချုပ်ကြီးနေဝင်းသည် တရုတ်ကို လွန်စွာမုန်းတီးပြီး မြန်မာနိုင်ငံကို တရုတ်လက်အောက်ခံ အဖြစ်မခံခဲ့ပေ။ ဤသည်မှာ မကောင်းသတင်း မြောက်များစွာဖြင့် ကျော်ဇောသည့်  ဗိုလ်ချုပ်ကြီးနေဝင်း၏ ကောင်းကွက်ကလေးတစ်ကွက် ဖြစ်ပြီး ယနေ့ ဗမာစစ်စစ်ဟုခေါ်သော စစ်အစိုးရ ခေါင်းဆောင်များထက်ပင် မြန်မာပြည်ကို ချစ်စိတ်ရှိသည့် ပုဂ္ဂိုလ်ဟုပင် ခေါ်နိုင်ပါသည်။

            သို့ရာတွင် ၈၈ ခုနှစ် လက်ရှိ စစ်အစိုးရ အာဏာသိမ်းပြီးချိန် နောက်ပိုင်းတွင်မူ တရုတ်တို့သည် မြန်မာနိုင်ငံနှင့် စစ်ဖြစ်နေရုံမျှဖြင့် မည်သို့မျှ အကျိုးမရှိခြင်း၊ စီးပွားရေး ကောင်းလာသော တရုတ်ပို့ကုန်များကို တင်ပို့ရောင်းချရန် အကောင်းဆုံး ဈေးကွက် တစ်ခု အဖြစ် မြန်မာနိုင်ငံကို ရှုမြင်လာခြင်းတို့ကြောင့် ၎င်းတို့၏ ဗျူဟာများ ပြောင်းလဲ လာခဲ့သည်ကို တွေ့ရပါသည်။ မြန်မာနိုင်ငံအား လူမျိုးရေးအရ၊  ယဉ်ကျေးမှုအရ ဝါးမျိုခြင်း မပြုနိုင်မီ စီးပွားရေးအရ ဝါးမျိုရန်ကြံစည်လာပြန်သည်။ အာဏာသိမ်းမှုကြောင့် ကမ္ဘာက အသိ အမှတ် မပြုသော မြန်မာစစ်အစိုးရကို ထောက်ခံ အသိအမှတ်ပြုပေးခဲ့ပြီး မြန်မာအစိုးရနှင့် နီးကပ်စွာ ဆက်ဆံလာခဲ့သည်။ ၎င်းတို့ ၏ ပို့ကုန်များ မြန်မာနိုင်ငံသို့ တင်ပို့နိုင်ရန်  နယ်စပ်ဒေသ တည်ငြိမ်ရေး ရှိမှာသာဖြစ်မည်ကို သဘောပေါက်၍ ၎င်းတို့ တလျှောက်လုံး ထောက်ပံ့လာခဲ့သည့် ဗကပ တပ်များကို အထောက်အပံ့ဖြတ်ကာ မြန်မာစစ်တပ်နှင့် ပူးပေါင်း၍ ဖယ်ရှားလိုက်သည်။ ဗကပတို့ ကျဆုံးခဲ့သော ကြူကုတ်တိုက်ပွဲသည် မြန်မာစစ်တပ်၏ အစွမ်းကြောင့် သက်သက် မဟုတ်ဘဲ နယ်စပ်တွင် တရုတ်တပ်များက နောက်ဆုတ်ပေးပြီး မြန်မာစစ်တပ်က တရုတ်နယ်ထဲမှ ပတ်ဝင်ကာ ဗကပကို နောက်မှ ဝင်တိုက်ခိုက်ခြင်းဖြစ်ပြီး မည်သို့မျှရှေ့တည့်တည့် မြန်မာဘက်ခြမ်းမှ ဝင်တိုက်၍ မရနိုင်သော ဗကပ စခန်းကြီးကို ဖြိုဖျက် လိုက်ခြင်းဖြစ်သည်။ ထိုအချက်က တရုတ်တို့သည် ဗမာအချင်းချင်း အိုးမည်းသုတ်ပေး၍ ရန်တိုက်ပေးကာ မလိုအပ်သည့်အချိန်တွင် ၎င်းတို့နှင့် ဝါဒတူသူကိုပင် ကိုယ်ကျိုးအတွက် ချနင်းခဲ့သည်ကို ထင်ရှားစွာ ပြသလိုက်ခြင်းပင်ဖြစ်သည်။

ဆက်လက် ဖော်ပြပါမည်။

             
 
Sent to transparency.myanmar@gmail.com: unsubscribe | update profile | forward to a friend
Email Marketing Powered by MailChimp
 

0 comments:

Post a Comment