Transparency Myanmar

transparency.myanmar@gmail.com

၁၆-၃-၂၀၁၁

ဘာသာပြန်သတင်းများ

ဇာဂနာဘက်က ရပ်တည်ကြမည့် နယူးဇီလန် လူရွှင်တော်များ

(Amnesty International မှ 11 March 2011 ရက်စွဲဖြင့် ထုတ်ပြန်သော “Comedians stand up for Zarganar” သတင်းကို ဘာသာ ပြန်သည်)

          မြန်မာ အစိုးရ၏ နာဂစ် ဆိုင်ကလုန်း ကယ်ဆယ်ရေး လုပ်ငန်း ကိုင်တွယ်မှု ညံ့ဖျင်းပုံကို ပြည်ပ သတင်းထောက် များနှင့် အင်တာဗျူး ပြုလုပ်စဉ် ပြစ်တင် ဝေဖန် ခဲ့ခြင်းကြောင့် ၂၀၀၈ ဇွန်လ ၄ ရက်တွင် ဖမ်းဆီးခြင်း ခံခဲ့ရသော မြန်မာ လူရွှင်တော် ဇာဂနာ (Amnesty Prisonner of Conseience) အကျဉ်းကျ ခံနေရခြင်းနှင့် ပတ်သက်၍ လူသိရှင်ကြား ကန့်ကွက် ပြောဆိုရန် အတွက် နယူးဇီလန် ထိပ်တန်း လူရွှင်တော် နှစ်ဦး ဖြစ်သည့် Michele A’ Court နှင့် Jeremy Elwood တို့သည် Amnesty International အုပ်စုနှင့် ပူးပေါင်းကာ ဟောပြော ကြမည် ဖြစ်သည်။

          အာဏာပိုင်များကို အမှန်တကယ် ဆန့်ကျင် တွန်းလှန်ခဲ့သူ အဆိုပါ လူရွှင်တော်၏ ရုန်းကန် ရင်ဆိုင်ရပုံ များမှာ “ This prison Where I Live” အမည်ရှိ documentary ဇတ်ကား၏ အဓိက ဇာတ်ကွက်ပင် ဖြစ်သည်။ လူရွှင်တော် ဇာဂနာ၏ ဇာတ်ကြောင်းကို ပြောပြ ထားသော ယင်း documentary  ဇာတ်ကားသည် အဆိုပါ အထင်ကရ မြန်မာ လူရွှင်တော်၏ အကြောင်းကို ပိုမို သိရှိနိုင်ရန် မြန်မာ နိုင်ငံသို့ သွားရောက်ခဲ့သည့် ဥရောပ မှ ဟာသ ပညာရှင် Michael Mittermeier ၏ နောက်ဆက်တွဲ ကြိုးပမ်းမှု တစ်ခု ဖြစ်သည်။

          လွတ်လပ်စွာ ပြောဆိုခွင့်သည် လူ့အခွင့်အရေး အတွက် သာမကပဲ ဟာသ ဇာတ်လမ်း အတွက်ပါ အရေးကြီးပုံကို မီးမောင်းထိုး ပြထားသည့် အထက်ပါ အံ့ချီးဘနန်း ဇာတ်ကား ပြသမှု အစီ အစဉ်ကို ခံစား ရယ်မော နိုင်ရန် အတွက်  Amnesty, Michele နှင့် Jeremy တို့ ပူးပေါင်း စီစဉ်သည့် နယူး ဇီလန် နိုင်ငံ အုတ်ကလန် ရှိ The Classic Comedy Club and Bar သို့ မည်သူ မဆို လက်မှတ် ဝယ်ယူ တက်ရောက် နိုင်ကြောင်း သိရှိ ရသည်။
-----------------------------------------------

အရှေ့တီမောကို အာဆီယံထဲသို့ ရွှေလက်ကမ်းကာ ခေါ်ယူလှည့်ပါ

(Jakarta Post သတင်းစာမှ ခေါင်းကြီးပိုင်းကို ဆီလျော်အောင် ဘာသာ ပြန်ဆိုသည်)

ထွန်းသစ်စ အရှေ့ တီမော နိုင်ငံကို အဖွဲ့ဝင် နိုင်ငံ သစ်အဖြစ် အရှေ့တောင် အာရှ နိုင်ငံများ အဖွဲ့ (အာဆီယံ) အနေဖြင့် အဘယ့်ကြောင့် လက်သင့် မခံသင့် ဟူသော အကြောင်း ပြချက် တစ်စုံ တရာ မရှိပေ။ အရှေ့ တီမောသည် ပြီးခဲ့သည့် ရက်သတ္တပတ် (မတ်လဆန်း) ခန့်က အာဆီယံ အဖွဲ့သို့ ဝင်ရန် တရားဝင် အဆိုပြု လျှောက်ထားစာ တင်သွင်းပြီး ဖြစ်သည်။ ၁၉၉၀ ပြည့်နှစ် များ အတွင်း အာဆီယံ အဖွဲ့ဝင် သစ်များ အဖြစ် ကမ္ဘောဒီးယား၊ လာအို၊ မြန်မာနှင့် ဗီယက်နမ် (CLMV Countries) နိုင်ငံ တို့ကို အစုံလိုက် အပြုံလိုက် အာဆီယံ အဖွဲ့ဝင်များ အဖြစ် လက်သင့် ခံခဲ့ရသည့် အကြောင်းမှာ ပထဝီ အနေ အထား ကိစ္စမှ လွဲ၍ အခြား မရှိပေ။

အမှန် အတိုင်း ဖွင့်ဟ ပြောဆို ရလျှင် အငြင်းပွား စရာ တစ်ခုတော့ ရှိနေသည်။ ယင်းမှာ အာဆီယံ အဖွဲ့ ချဲ့ကား လာသည်မှာ မြန်ဆန် လွန်းသလို စောလည်း စောလွန်း နေခြင်းပင် ဖြစ်၏။ ဥပမာ ပြရလျှင် နောက်မှ ဝင်လာသော အဖွဲ့ဝင်သစ် လေးနိုင်ငံ (CLMV Countries) မှာ စီးပွားရေး အရ ဖွံ့ဖြိုး တိုးတက်မှု အဆင့် ကွာခြား နေခြင်းပင် ဖြစ်သည်။ သို့သော် ယင်းသို့ ကွာခြားမှုများ ရှိနေသည့် ကြားမှပင် အာဆီယံသည် ဒေါက်တိုင်ကြီး သုံးခုကို အခြေခံပြီး တစ်ခုတည်းသော ကွန်မြူနစ်တီ (လူမှု အသိုင်း အဝိုင်း) ကြီးတစ်ခု ဖြစ်ပေါ် လာရေး အတွက် ဝိုင်းဝန်း လုပ်ကိုင် ဆောင်ရွက် ကြရန် ဆုံးဖြတ် ခဲ့ပြီး ဖြစ်သည်။ ဒေါက်တိုင်ကြီး သုံးခုမှာ နိုင်ငံရေးနှင့် လုံခြုံရေး ဒေါက်တိုင်၊ စီးပွားရေး ဒေါက်တိုင်၊ လူမှုရေးနှင့် ယဉ်ကျေးမှု ဒေါက်တိုင် တို့ ဖြစ်သည်။

အရှေ့ တီမော နိုင်ငံသည် အာဆီယံ အဖွဲ့မှ ဆင်းရဲ နွမ်းပါး ဆုံးသော နိုင်ငံများနှင့် စီးပွားရေး အရ နှိုင်းယှဉ် ခံရသည့် စိန်ခေါ် မှုကြီးများနှင့် ရင်ဆိုင် နေရသည် ဖြစ်ရာ ယင်းနိုင်ငံအား အဖွဲ့ဝင် အဖြစ် လက်သင့်ခံ လိုက်ပါက အာဆီယံ စီးပွားရေး ပေါင်းစည်းမှု ဖြစ်စဉ်ကို ပိုမို နှေးကွေး သွားစေ မည်ဟု ယေဘုယျ ဆိုနိုင်သည်။ သို့သော် အရှေ့ တီမော၏ လူဦးရေမှာ အနည်း ငယ်မျှသာ ရှိသည် ဖြစ်ရာ အာဆီယံ စီးပွားရေး ပေါင်းစည်းမှု ခြေလှမ်းများ အပေါ် ထိခိုက် နစ်နာမှု ဟူသည် မှာလည်း အကန့် အသတ်ဖြင့်သာ ရှိလာ လိမ့်မည် ဖြစ်သည်။

သို့သော် အဖွဲ့ဝင် အဖြစ် လက်သင့် ခံမည် ဆိုပါက အရှေ့ တီမော အနေ ဖြင့်လည်း လက်ဗလာဖြင့် ဝင်လာမည် မဟုတ်ပေ။ ထွန်းသစ်စ နိုင်ငံ တစ်ခု ဟူသည် နိုင်ငံရေး လွတ်လပ် မှု၊ လူ့အခွင့် အရေး အာမခံ ပေးနိုင်မှု နှင့် အုပ်ချုပ်ရေး ယန္တရား လည်ပတ်မှု တို့တွင် ပို၍ပင် တိုးတက် ဖြစ်ထွန်းမှု ရှိစမြဲ ဖြစ်သည် ဟူသော အချက်ကို သိထား သင့်သည်။ လွတ်လပ်ခွင့်နှင့် လူ့အခွင့် အရေးတို့ ပေါ်ထွန်း လာရေး အတွက် ကြိုးစား ဆောင်ရွက် မှုများ ပိုမို လုပ်ကိုင် လာသော အင်ဒိုနီးရှား သည်ပင် အခြားသော အာဆီယံ အဖွဲ့ဝင်များ၏ ကဖျက် ယဖျက် လုပ်မှုများနှင့် မကြာခဏ ဆိုသလို တွေ့ကြုံ ခဲ့ရသည် မဟုတ်ပါလော။ အရှေ့ တီမောသာ အဖွဲ့ဝင် ဖြစ်လာပါက အင်ဒိုနီးရှား အနေဖြင့် အင်အား ကြီးမားသော မဟာမိတ် နိုင်ငံ တစ်ခု ကောက်ရ သလို မလွဲမသွေ ဖြစ်လာ လိမ့်မည်။

အရှေ့ တီမော နိုင်ငံသည် အင်ဒိုနီးရှားက အာဆီယံ ဥက္ကဌ ရာထူး အဖြစ် တာဝန် ယူထား ချိန်နှင့် ကိုက်ပြီး အဖွဲ့ဝင် သစ်အဖြစ် လက်သင့်ခံရန် အဆိုပြု လာခဲ့သည်မှာ သိသာ ထင် ရှားလှသည်။

အင်ဒို နီးရှားသည် ၁၉၉၉ ခုနှစ် မတိုင်မီ နှစ်ပေါင်း ၂၅ နှစ်ကြာမျှ အရှေ့ တီမော နိုင်ငံပိုင်နက်ကို သိမ်းပိုက် ထားခဲ့သော နိုင်ငံ ဖြစ်သည်။ သို့သော် ယခုလို အင်ဒိုနီးရှား အာဆီယံ ဥက္ကဌ ရာထူး ယူစဉ် အချိန်၌ အဖွဲ့ဝင် အဖြစ် လက်သင့်ခံရန် အဆိုပြု ခဲ့ခြင်းကို ကြည့်ပါက အရှေ့ တီမော ခေါင်းဆောင် များသည် အတိတ် ကာလက အနာဟောင်း များထက် လက်ငင်း ပစ္စုပ္ပန်ကို ပို၍ အလေး အနက် ထားသည်မှာ ရှင်းပါသည်။ ဆိုရလျှင် အရှေ့ တီမောသည် အခြားသော အာဆီယံ အဖွဲ့ဝင် နိုင်ငံများ ထက်ပင် "အာဆီယံ လမ်းစဉ်များ" အတွက် ပို၍ အသင့် ဖြစ်နေသော နိုင်ငံ ဖြစ်သည်။ အခြားသော အာဆီယံ နိုင်ငံ အများစုမှာ အတိတ်က ပြိုင်ဘက် ဖြစ်ခဲ့ ဖူးသော ကိစ္စ၊ နယ်နိမိတ် ပိုင်နက် ကိစ္စတို့ဖြင့် သပွတ်အူ လိုက်နေ ကြသည် မဟုတ် ပါလော။

အာဆီယံ ကွန်မြူနစ်တီ တစ်ခု ထူထောင် ရေးသည် ယခုအခါ အဖွဲ့ဝင် အားလုံး၏ ရည်မှန်းချက် ပန်းတိုင် ဖြစ်နေသည့် အားလျှော်စွာ အာဆီယံ အနေဖြင့် အရှေ့ တီမော ဟူသည့် နိုင်ငံ သစ်ကို အဖွဲ့ဝင်သစ် အဖြစ် စောစော စီးစီး လက်သင့် ခံကာ ပူးပေါင်း ဆောင်ရွက်မှုများ ထည့်ဝင် လုပ်ကိုင်ခွင့် ပြုပေး သင့်သည်။ သို့မှသာ အာဆီယံ ကွန်မြူ နစ်တီသို့ လျှောက်လှမ်းမည့် လမ်းစဉ်များကို အရှေ့ တီမော အနေဖြင့် ပို၍ ရင်းနှီး ကျွမ်းဝင်မှု ရှိလာမည် ဖြစ်သည်။ အရှေ့ တီမော အာဆီယံ အဖွဲ့ဝင်သစ် ဖြစ်ခွင့်ကို မနှောင့်နှေး စေဘဲ လုပ်ကိုင် ဆောင်ရွက် ပေးရန် Jakarta Post က အလေး အနက် တိုက်တွန်း လိုက်ကြောင်းပါ။

-----------------------------------------------
 
မြန်မာ့ နိုင်ငံရေး လှုံ့ဆော်သူများ စစ်တပ်နှင့် ချစ်ကြည် ရင်းနှီးမှု တည်ဆောက်ရမည်

(The Austrailan မှ သတင်းကို ဘာသာ ပြန်ဆိုသည်)

တူနီးရှား၊ အီဂျစ် အပါအဝင် လက်ရှိ လစ်ဗျား နိုင်ငံတွင် ဖြစ်ပေါ်နေသော အာဏာရှင် စနစ် ဖြိုချရေး လူထု ဆန္ဒပြပွဲ ကြီးများကို မြန်မာ အတိုက် အခံ နိုင်ငံရေး လှုပ်ရှားသူ များက စိတ်ဝင်တစား စောင့်ကြည့်လျက် ရှိကြောင်း The Australian သတင်းစာက ရေးသား ဖော်ပြသည်။ ပြီးခဲ့သည့် ၂၀၁၀ ပြည့်နှစ်၊ နိုဝင်ဘာလတွင် အငြင်း ပွားမှု များစွာဖြင့် ကျင်းပခဲ့သော ဒီမိုကရေစီ ရွေးကောက်၌ ရှုံးနိမ့်ခဲ့သူ ဦးဖုန်းဝင်းက မြန်မာ စစ်အစိုးရ ဆန့်ကျင်သူများ အနေဖြင့် အာရပ် ကမ္ဘာ ပြည်သူများ စစ်တပ်နှင့် ရင်းနှီး ချစ်ကြည်မှုကို လေ့လာ သင်ယူ နိုင်ကြောင်း ပြောဆိုသည်။

အီဂျစ်နှင့် လစ်ဗျား နိုင်ငံများမှ စစ်သားများသည် လက်နက်မဲ့ အရပ်ဘက် ပြည်သူများကို ပစ်ခတ်ရန် ငြင်းပယ်ခြင်း သို့မဟုတ် ပြည်သူများ ဘက်မှ ခုခံ ပေးခြင်းတို့ လုပ်ဆောင်ခဲ့ ကြသည်ကို တွေ့ရသည်။ မြန်မာ စစ်သား များမှာ ၎င်းတို့နှင့် လုံးလုံး လျားလျား ကွာခြားလှသည်။ ၁၉၈၈ ခုနှစ် နှစ် ၂၀၀၇ ခုနှစ်တွင် ဖြစ်ပေါ်ခဲ့သော လူထု ဆန္ဒ ပြပွဲများ၌ လက်နက်မဲ့ အရပ်သား များကို ပြင်းပြင်း ထန်ထန် ဖြိုခွင်း နှိမ်နင်း ခဲ့ကြသည်ကို တွေ့ရသည်။

ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်း စုကြည်၏ လူယုံတော် တစ်ဦးလည်း ဖြစ်သူ ဦးဖုန်းဝင်းသည် မြန်မာ နိုင်ငံတွင် ဖြစ်ပေါ် ခဲ့ဖူးသော လူထု ဆန္ဒပြပွဲ များစွာတွင် ပါဝင် ခဲ့ဖူးသည်။ "ကျွန်တော် တို့ရဲ့ နိုင်ငံရေး လောက သားတွေက စစ်သား (တပ်မတော်သား) တွေကို ဘယ်လို ဆွဲဆောင်မှု လုပ်ရမယ် ဆိုတာကို မသိကြဘူး။ တကယ် ဆိုရင် ကျွန်တော်တို့ အနေနဲ့ သူတို့ကို မက်လုံးတွေ ပေးရမှာ" ဟု ဦးဖုန်းဝင်းက မြန်မာ အစိုးရ အတိုက် အခံ နိုင်ငံရေး အင်အားစုများ စစ်တပ်နှင့် ရင်းနှီး ကျွမ်းဝင်မှု မရှိပုံကို ပြောဆိုသည်။
"တကယ်လို့သာ ကျွန်တော်တို့ သူတို့နဲ့ ရင်းနှီး ကျွမ်းဝင်အောင် လုပ်ထား နိုင်ခဲ့ရင် ဆန္ဒပြပွဲ တွေမှာ ပစ်မှာ မဟုတ်ဘူး။ အီဂျစ်မှာ ဆိုရင် အစိုးရ အတိုက် အခံ တွေက စစ်တပ်နဲ့ အရမ်းကို အလွမ်း သင့်ကြတာ။ ဆန္ဒ ပြတဲ့ သူတွေက စစ်တပ်ကို မစော်ကားဘူး။ နိုင်ငံတော် အလံကိုလည်း မစော် ကားဘူး အဲဒီလို သင်ခန်းစာ တွေကို ကျွန်တော်တို့ လေ့လာ သင်ယူသင့်တယ်" ဟု ၎င်းက ဆိုသည်။

လစ်ဗျား နိုင်ငံတွင် ရက်သတ္တ တစ်ပတ် ကြာမျှ အင်တာနက် အမှောင် ချထားသော ကိစ္စကို တွေ့ရ သည်မှာ ၂၀၀၇ ခုနှစ် ရွှေဝါရောင် တော်လှန်ရေး ကာလ အတွင်း မြန်မာ နိုင်ငံ၌ အင်တာနက် လိုင်းများ ဖြတ်တောက် ထားသည့် ဖြစ်စဉ်ကို ပြန်လည် သတိ တရ ဖြစ်စေသည်။ ဗုဒ္ဓဘာသာ သံဃာ တော်များနှင့် ကျောင်းသားများ စတင် ဦးဆောင်ခဲ့ သော ဆန္ဒ ပြပွဲမှာ မြန်မာ စစ်တပ်၏ ပြင်းထန်စွာ ဖြိုခွင်း မှုကြောင့် နောက်ဆုံးတွင် အရေးနိမ့် သွားရသည်။

အီဂျစ်နှင့် လစ်ဗျား နိုင်ငံ တို့တွင် အင်တာနက် လိုင်းများကို ရက်သတ္တ တစ်ပတ် ကျော်ကြာ ပိတ်ပင် ခဲ့ရသည်။ လူမှု ကွန်ယက် ဝက်ဘ် ဆိုက်များက မြောက်အာဖရိက ဒေသ လူထု အုံကြွမှုများ ဖြစ်ပေါ်အောင် များစွာ ထောက်ပံ့ ကူညီ နိုင်ခဲ့ သည်ကို တွေ့ရသည်။ သို့သော် ဦးဖုန်းဝင်း အဆိုအရ မြန်မာ နိုင်ငံတွင် အင်တာနက် အခန်းကဏ္ဍမှာ ထင်သလောက် ထိရောက်မှု ရှိမည် မဟုတ်ပေ။ အကြောင်းမှာ အင်တာနက် အသုံးပြုသူ အရေ အတွက်မှာ လက် တစ်ဆုပ်စာ ပမာဏမျှပင် ရှိသောကြောင့် ဖြစ်သည်။

"ကျွန်တော်တို့ အနေနဲ့ မတူညီတဲ့ လမ်းစဉ်နဲ့ လုပ်ဆောင် သွားရ လိမ့်မယ်။ ရှေးရိုး လမ်းစဉ်ကို နည်းနည်းပဲ သုံးပြီး ဆန်းသစ် တီထွင်တဲ့ လမ်းကြောင်းမျိုး ဖောက်ရပါမယ်" ဟု ဦးဖုန်းဝင်းက မှတ်ချက် ပေးသည်။ သုတေသန အဖွဲ့ တစ်ခု ဖြစ်သော OpenNet Initiative အဆိုအရ မြန်မာ ပြည်သူ လူထု၏ ၀ ဒဿမ ၆ ရာခိုင်နှုန်းသာ အင်တာနက် အသုံး ပြုကြသည်။ လစ်ဗျား တွင်လည်း မြန်မာထက် အင်တာနက် သုံးသူ ပိုမို များပြား လှသည်တော့ မဟုတ်။ ၆ ရာခိုင်နှုန်းသာ ရှိသည်။ အီဂျစ်တွင်မူ ၂၄ ရာခိုင်နှုန်း ဖြစ်ပြီး တူနီးရှား၌ ၃၄ ရာခိုင်နှုန်း ရှိသည်။ အင်တာနက် သုံးသူ ဦးရေ အရေး ပါသည် ဖြစ်စေ၊ မပါသည် ဖြစ်စေ မြန်မာ နိုင်ငံသည် ကမ္ဘာပေါ်တွင် အင်တာနက် လွတ်လပ်ခွင့် အများဆုံး တင်းကြပ်ခံ ရသည့် နိုင်ငံ ဖြစ်သည်။ နာမည်ကျော် Gmail၊ Hotmail၊ Twitter အစရှိသော ဝက်ဘ် ဆိုက်များကို တရားဝင် ပိတ်ပင် ထားသည်။ သို့သော် ရန်ကုန်ရှိ အင်တာနက် ကဖေးများ၌ Proxy Server များကို အသုံးပြု နိုင်သောကြောင့် တရားဝင် ပိတ်ထားသည့် ဝက်ဘ် ဆိုက်များအား ကြည့်ရှုခွင့် ရနေသည်ကို တွေ့ရသည်။

လက်ရှိ မြန်မာ နိုင်ငံ၏ အကြီးဆုံး အတိုက် အခံ ပါတီကြီး ဖြစ်သော အမျိုးသား ဒီမိုကရေစီ အင်အားစု (NDF) မှ ပူးတွဲ အတွင်း ရေးမှူး ကိုမျိုးဇော်အောင်က အင်တာနက်ကို နိုင်ငံရေး အတွက် အသုံးပြုစရာ လက်နက် တစ်ခုအဖြစ် အသုံးပြု ရေးသည် ခက်ခဲ လှကြောင်း စတင် ပြောဆိုသည်။ အထူးသဖြင့် စစ်အာဏာရှင် အစိုးရက အရပ်သား အစိုးရ ပုံ ဆောင်ထားသော အစိုးရ အဖွဲ့ တစ်ရပ်ကို အာဏာ လွှဲပြောင်း ပေးနေ ချိန်တွင် ပို၍ပင် ခက်ခဲကြောင်း ပြောဆိုသည်။

ကိုမျိုးအောင်ဇော် ယုံကြည်နေသည် မှာ စစ်အစိုးရကို အင်အား သုံး၍ ဖြုတ်ချ ခြင်းသည် အလွန်အမင်း ခက်ခဲမည့် ကိစ္စ ဖြစ်သည် ဟူ၍ပင် ဖြစ်သည်။

"ကျွန်တော်တို့ အနေနဲ့ အီဂျစ်တို့၊ တူနီးရှား တို့ကလို လူထု အုံကြွမှု ဆိုတဲ့ အင်အား ကြီးနဲ့ စစ်အစိုးရကို ဖြုတ်ချလို့ မရနိုင်ပါဘူး။ ကျွန်တော်တို့မှာ လုံလောက်တဲ့ ကွန်ယက်တွေ လည်း မရှိဘူး။ အဲဒီလို သေသေ ချာချာ ပြင်ဆင် ထားတာ မျိုးလည်း မရှိဘူး။ ဒီမှာက စစ်တပ်က သေသေ ချာချာကို ပြင်ဆင် ပြီးသားလေ။ စစ်အစိုးရကို ဖြုတ်ချဖို့က အင်မတန် ခက်ခဲ့ပါတယ်" ဟု ၎င်းက ဆိုသည်။

မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်း စုကြည်ကမူ သူမ အနေဖြင့် အင်တာနက်မှ လူမှု ကွန်ယက်များကို စတင် အသုံးပြု တော့မည် ဖြစ်ကြောင်း ပြောဆိုသည်။ ထို့ပြင် မြန်မာ ပြည်သူ များသည် မြောက်အာဖရိက ဒေသမှ တော်လှန်ရေး ဖြစ်စဉ်များကို ကြည့်ရှု နေကြသည်ဟု ဒေါ်အောင်ဆန်း စုကြည်က မကြာ သေးခင်က ပြောဆိုသည်။

"မြန်မာ ပြည်သူ တွေက မြောက်အာဖရိကမှာ ဘာတွေ ဖြစ်နေလဲ ဆိုတာကို မြန်မာပြည်မှာ ဖြစ်ခဲ့တဲ့ ဟာတွေနဲ့ နှိုင်းယှဉ် ကြည့်နေ ကြတယ်။ သူတို့ သိသွားတဲ့ အချက် တစ်ခုက အီဂျစ်၊ တူနီးရှားမှာ စစ်တပ်က ပြည်သူ တွေကို မပစ်ခတ်ဖူး ဆိုတဲ့ အချက်ပဲ။ လစ်ဗျားမှာ ကတော့ တစ်မျိုး တစ်ဖုံ ကွဲပြား ခြားနားတယ်" ဟု ၎င်းက ဆိုသည်။ လစ်ဗျားတွင် အမျိုး စုံသော စစ်တပ် အင်အားစုများ ရှိနေသည့် အနေ အထားမှာ လွန်စွာ အရေးကြီး သည့် ကိစ္စတစ်ခု ဖြစ်သည်ဟု ၎င်းက မှတ်ချက် ပြုသည်။

"အခု လတ်တလော လစ်ဗျားက အခြေ အနေက စစ်တပ် ကိုယ်တိုင် ထက်ခြမ်းကွဲ နေပုံ ရတယ်။ အခြေ အနေတွေကို ဘယ်လို ကိုင်တွယ် ရမလဲ ဆိုတဲ့ ကိစ္စနဲ့ ပတ်သက်ပြီး နှစ်ခြမ်း ကွဲနေတာ။ မြန်မာ ပြည်မှာတော့ စစ်တပ်ရဲ့ မူဝါဒတွေနဲ့ ပတ်သက်ပြီး အဲလို ကွဲထွက် နေတာမျိုးကို မတွေ့ရဘူး" ဟု သူမက ပြောသည်။ အစိုးရ ဆန့်ကျင်သည့် အင်အားစု များမှာ စစ်တပ်၏ ထိုးနှက် တိုက်ခိုက်မှုကို ခံခဲ့ကြရကြောင်း၊ နောက်ထပ် အလားတူ လုပ်ဆောင်ချက်များ ပြုလုပ်နိုင် ရန်လည်း ဆန့်ကျင်ရေး သမားများကို စောင့်ကြပ်လျက် ရှိကြောင်း ပြောဆိုသည်။

"မြန်မာ ပြည်သူ တွေက အရင်တုန်းက စစ်တပ် ဘက်က ရပ်တည် ခဲ့ကြတယ်။ ဒါပေမဲ့ နောက်ပိုင်းမှာ ပြည်သူတွေဟာ စစ်တပ်ရဲ့ ပစ်ခတ်မှု ခံခဲ့ကြရတယ်။ ကျွန်မ အထင် ပြောရ ရင် အဲဒီ ကိစ္စက တကယ် ကြီးမားတဲ့ ကွဲပြား ခြားနာမှုကြီး တစ်ခု ပါပဲ" ဟု ဆက်လက် ဆိုသည်။

-----------------------------------------------------
 
ကရင် တိုင်းရင်းသား ပဋိပက္ခကြောင့် ဆယ်စုနှစ် များစွာ ထိုင်းစိတ်ဒုက္ခရောက်

(Monster and Critics ဝက်ဘ်ဆိုက်မှ သတင်း ဆောင်းပါးကို ဘာသာ ပြန်ဆိုသည်)

ထိုင်း-မြန်မာ နယ်စပ် ဒေသရှိ နှစ်နိုင်ငံ ချစ်ကြည်ရေး တံတားအား ပြီးခဲ့သည့် ၂၀၁၀ ပြည့်နှစ် ဇူလိုင်လ ၁၂ ရက်နေ့ ကတည်းက စပြီး ယနေ့ ထိတိုင် ပိတ်ထား ခဲ့ရသည်ကို ကြည့်လျှင် နှစ်နိုင်ငံ ဆက်ဆံရေး အလုံးစုံ ကောင်းမွန်မှု မရှိသော အချက်ကို ညွှန်းဆို နေသကဲ့သို့ ဖြစ်သည်။

ထိုင်း နိုင်ငံဘက် အခြမ်းရှိ ကမ်းပါး ပြုပြင် တည်ဆောက် ခဲ့မှုသည် နယ်စပ် ဒေသတွင် ရှိသော သောင်ရင်း မြစ်ကြောင်း စီးဆင်းမှုကို ထိခိုက် စေသည် ဟု မြန်မာ စစ်အစိုးရက ပြစ်တင် ဝေဖန်ကာ နှစ်နိုင်ငံ ချစ်ကြည်ရေး တံတားကိုလည်း ပိတ်ပစ် ခဲ့သည်မှာ ယခုဆိုလျှင် ရှစ်လခန့် ရှိပြီ ဖြစ်သည်။ ထိုင်းအာဏာ ပိုင်များ အဆိုအရ နယ်စပ် တံတား ပိတ်ထား ရခြင်း၏ အဓိက အကြောင်း ရင်းမှာ မြန်မာ အစိုးရက ကရင် အမျိုးသား ယူနီယံ (KNU) လက်နက်ကိုင် သူပုန်များ ခြေကုပ်ယူ လှုပ်ရှား နေသော မဲဆောက်မြို့နှင့် ပတ်သက်၍ စိုးရိမ် ပူပန် သောကြောင့် ဖြစ်ကြောင်း သိရသည်။ KNU သည် ကမ္ဘာပေါ်တွင် သက်တမ်း အရင့်ဆုံး လက်နက်ကိုင် သူပုန်များ အဖွဲ့ ဖြစ်သည်ဟု ယူဆ ရသည်။

မဲဆောက်မြို့သည် မြန်မာ စစ်အစိုးရကို အဆက် မပြတ် ပုန်ကန်ခဲ့သော ကရင် တိုင်းရင်းသား များနှင့် ကာလ ကြာရှည်စွာ ရင်းနှီး ကျွမ်းဝင်သော နယ်စပ်မြို့ တစ်မြို့ ဖြစ်ပြီး KNU သည် ၁၉၄၉ ခုနှစ်မှ စ၍ ကရင် ပြည်နယ် ကိုယ်ပိုင် အုပ်ချုပ်ခွင့် ရရှိရေး အတွက် မြန်မာ အစိုးရ အဆက်ဆက်ကို တိုက်ခိုက် ခဲ့ခြင်း ဖြစ်သည်။ မဲဆောက်မြို့မှ Porvor ဆေးရုံကို ယခင် KNU ခေါင်းဆောင် ဗိုလ်မြက တည်ဆောက် ပေးခဲ့ခြင်း ဖြစ်ပြီး ၎င်းသည် ၂၀၀၆ ခုနှစ် ခရစ္စမတ် အကြိုကာလ၌ အဆိုပါ ဆေးရုံ တွင်ပင် ကွယ်လွန်ခဲ့သည်။

ထိုင်းနိုင်ငံ၊ မဲဆောက်မြို့နှင့် အနီး ပတ်ဝန်းကျင် ဒေသ များသည် ၁၉၈၀ ပြည့်နှစ်၊ မြန်မာ စစ်တပ်က ကရင် အမျိုးသား လွတ်မြောက်ရေးတပ် (KNLA) နှင့် KNU တို့ အား အမြစ်ပြတ် ချေမှုန်း သုတ်သင်ရန် ကရင်ပြည်နယ်တွင်း တိုက်ခိုက်မှုများ စတင်ခဲ့သည့် အချိန် မှစ၍ ကရင် ပြည်သူများ ထွက်ပြေး ခိုလှုံရာ နေရာများ ဖြစ်လာခဲ့ရသည်။ လက်ရှိ အနေ အထားတွင် ထိုင်းနယ်စပ်၊ တက်ပြည်နယ်နှင့် အခြား နယ်စပ် ပြည်နယ် များတွင် ခိုလှုံ နေထိုင်လျက် ရှိသော ကရင် တိုင်းရင်းသား ဒုက္ခသည် စုစုပေါင်း တစ်သိန်းခွဲခန့် ရှိသည်။

"အဓိက ပြဿနာက ဘာလဲ ဆိုတော့ တက်ပြည်နယ် ထဲမှာ ရှိတဲ့ ဒုက္ခသည် တွေကို မြန်မာ အစိုးရက ဒုက္ခသည် တွေလို့ မမြင်တဲ့ အချက်ပဲ" ဟု တက်ပြည်နယ် အုပ်ချုပ်ရေးမှူး Samart Loifah က ပြောကြားသည်။ "မြန်မာ အစိုးရ အာဏာ ပိုင်တွေက အဲဒီ ဒုက္ခသည် တွေက KNU တွေကို နောက်ကွယ်ကနေ ထောက်ပံ့ ပေးနေတယ်လို့ မြင်ကြတယ်။ အဲဒါကြောင့် ချစ်ကြည်ရေး တံတား ပြန်ဖွင့် ပေးမယ့် ကိစ္စကို ငြင်းဆန်နေတာ" ဟု ၎င်းက ဆိုသည်။

ထိုင်းအစိုးရသည် ဆယ်စုနှစ်များစွာ ကရင်နှင့် အခြားသော တိုင်းရင်းသား လူမျိုးများကို အသုံးပြုကာ တစ်ချိန်က ရန်ဘက် ဖြစ်ခဲ့သော မြန်မာ နိုင်ငံနှင့် ထိုင်းနိုင်ငံ အကြား ကြားခံ နယ်မြေ တစ်ခု ဖန်တီးရန် ကြိုးစား ခဲ့သည်။ သို့သော် ယခုအခါ ကရင် တိုင်းရင်းသားများ အပေါ် ထားရှိသော ထိုင်းနိုင်ငံ၏ ရပ်တည်မှုမှာ ပြောင်းလဲလျက် ရှိသည်။ ဥပမာ ပြရလျှင် လတ်တလော ကာလများ အတွင်း ဖြစ်ပေါ်ခဲ့သော တိုက်ပွဲများ ကြောင့် ထိုင်းနိုင်ငံ နယ်စပ် ဒေသ ဘက်သို့ ထွက်ပြေး လာသော ကရင် ဒုက္ခသည် ၁၁၀၀၀ ခန့်အား ထိုင်းအစိုးရက ပြည်ဝင်ခွင့် မပေးသကဲ့သို့ အစား အသောက်နှင့် ဆေးဝါး ကုသမှုများ လည်း မပေးဘဲ ငြင်းဆန်လျက် ရှိသည်ဟု နယ်စပ် ဒေသ အကူ အညီ ပေးရေး အဖွဲ့များက ဆိုသည်။

မဲဆောက်တွင် အခြေ စိုက်သည့် အန်ဂျီအို တစ်ခု ဖြစ်သော Back Pack Health Worker အဖွဲ့က ထိုင်းအစိုးရ၏ ကန့်သတ် ချုပ်ခြယ်မှုများ ရှိနေ သည့်တိုင် နောက်ထပ် ရောက်ရှိ လာသော ကရင် ဒုက္ခသည်များကို အကူ အညီများ ပေးလျက် ရှိသည်။ ယင်းအဖွဲ့မှ ဒါရိုက်တာ ဖြစ်သူ Mahn Mahn က ဒုက္ခသည်များနှင့် ပတ်သက်၍ ထိုင်းအစိုးရ၏ ရပ်တည်ချက်ကို ပြစ်တင် ရှုတ်ချသလို မြန်မာ နိုင်ငံတွင်း စီမံကိန်း ကြီးများသို့ ဝင်ရောက် လုပ်ကိုင်သော ထိုင်းရင်းနှီး မြှုပ်နှံရေး သမားများ ကိုလည်း ဝေဖန် လိုက်သည်။

ပြီးခဲ့သည့် နိုဝင်ဘာလတွင် မြန်မာ စစ်အစိုးရက ထိုင်းဆောက် လုပ်ရေး ကုမ္ပဏီကြီး တစ်ခုအား ထားဝယ်တွင် ရေနက် ဆိပ်ကမ်းနှင့် အခြေခံ အဆောက် အအုံ တည်ဆောက်ရေး စီမံကိန်းကြီး တစ်ခု လုပ်ကိုင်ခွင့် ပေးလိုက်သည်။ အဆိုပါ နေရာသည် ကရင် တိုင်းရင်းသားများ ကာလ ကြာရှည်စွာ အခြေချခဲ့သော ဒေသလည်း ဖြစ်သည်။ ထို့ပြင် ကရင်ပြည်နယ် မြောက်ပိုင်းရှိ ထိုင်းနိုင်ငံ တွင်းသို့ လျှပ်စစ် ဓာတ်အား သွယ်တန်း ပေးပို့နိုင်ရေး အတွက် သံလွင်မြစ် ပေါ်တွင် ဟက်ကြီး ရေလှောင်တမံ တည်ဆောက်မှု စီမံကိန်း တည်ဆောက်ခွင့် အဆိုပြုချက် ကိုလည်း အတည်ပြု ပေးခဲ့သေးသည်။ အဆိုပါ စီမံကိန်း နှင့်အတူ မဲဆောက်မြို့မှ တစ်ဆင့် မြဝတီသို့ ဆက်သွယ်မည့် အာရှ အဝေးပြေး လမ်းမကြီး စီမံကိန်းကိုပါ ခွင့်ပြုခဲ့သည်။

“မြန်မာ စစ်တပ် အနေနဲ့ တိုင်းရင်းသား အုပ်စုတွေကို နှိမ်နင်း ဖြိုခွင်းဖို့ အဲဒီ စီမံကိန်း ကြီးတွေက အကူအညီ ပေးသလို ဖြစ်နေပါ လိမ့်မယ်။ အထူးသဖြင့် KNU နဲ့ KNLA ကို ဖြိုခွင်းတဲ့ အခါပေါ့” ဟု Mahn Mahn က ဆိုသည်။ အဆိုပါ ဘိဇနက် အကျိုး စီးပွားနှင့် အတူ လတ်တလော မြန်မာ နိုင်ငံတွင်း နိုင်ငံရေး ဖွံ့ဖြိုး တိုးတက်မှုများ ကလည်း ထိုင်း-မြန်မာ ဆက်ဆံရေး အပေါ် သိသာသော အကျိုး သက်ရောက်မှု ရှိသလို ထိုင်း-ကရင် တိုင်းရင်းသားများ ဆက်ဆံရေး ကိုလည်း ထိခိုက် နစ်နာ စေသည်။

လွတ်လပ်ပြီး တရားမျှတမှု ရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ မြန်မာနိုင်ငံသည် ပြီးခဲ့သည့် နိုဝင်ဘာလတွင် အထွေထွေ ရွေးကောက်ပွဲကြီး တစ်ရပ်ကို ကျင်းပ ပေးခဲ့သလို အနောက်နိုင်ငံများ လိုလားသော ဒေါ်အောင်ဆန်း စုကြည်ကိုလည်း နေအိမ် အကျယ်ချုပ်မှ လွှတ်ပေးခဲ့ပြီး ဖြစ်သည်။

မြဝတီမြို့တွင် ကရင် တိုင်းရင်းသား လက်နက်ကိုင် အုပ်စုနှင့် မြန်မာ စစ်တပ်တို့ အကြား ဖြစ်ပွားသော တိုက်ပွဲများကြောင့် ရွေးကောက်ပွဲ ကျင်းပခွင့် ပိတ်ပင် ထားခဲ့သည်။ အဆိုပါ တိုက်ပွဲမှာ KNLA မှ ခွဲထွက် လိုက်သည့် အုပ်စု ဖြစ်သော ဒီကေဘီအေ တပ်ဖွဲ့မှ ဗိုလ်ချုပ် စောလဘွဲ့က စတင်ခဲ့ခြင်း ဖြစ်ပြီး မြန်မာ စစ်အစိုးရက ၎င်းသည် ရွေးကောက်ပွဲကို ဆန့်ကျင် လိုသောကြောင့် မြဝတီမြို့ကို တိုက်ခိုက်ခဲ့ခြင်း ဖြစ်ကြောင်း စွပ်စွဲ ပြောဆိုသည်။

ဒီကေဘီအေ တပ်ဖွဲ့သည် ယခင်က မြန်မာ စစ်တပ်နှင့် မဟာမိတ် ပြုထားသော လက်နက်ကိုင် အုပ်စု ဖြစ်ခဲ့သော်လည်း စစ်အစိုးရ၏ ကမ်းလှမ်းချက် ဖြစ်သော ဒီကေဘီအေကို နယ်စပ် ဒေသစောင့်တပ် အဖြစ် ပြောင်းလဲ ဖွဲ့စည်းရေး အဆို ပြုချက်ကို ဗိုလ်ချုပ် စောလဘွဲ့က ငြင်းဆန် ခဲ့သောကြောင့် ယင်းသို့ တိုက်ပွဲ ဖြစ်ပွားခဲ့ခြင်း ပိုမို ဖြစ်ဟန် ရှိကြောင်း လေ့လာ စောင့်ကြည့်သူ များက ဆိုသည်။

မြဝတီမြို့တွင် ဖြစ်ပွားသော တိုက်ပွဲ အပါအဝင် လွန်ခဲ့သည့် သုံးလအတွင်း ကရင်ပြည်နယ်၌ ဖြစ်ပေါ်ခဲ့သည့် တိုက်ပွဲများကို ကြည့်ပါက မြန်မာ စစ်တပ်သည် ကရင် တိုင်းရင်းသား လက်နက်ကိုင် များအပေါ် တိုက်ခိုက် ချေမှုန်းမှုများ ပြန်လည် လုပ်ကိုင် နေသည် ဟူသည်မှာ ထင်ရှားသည်။

“အခုလို နယ်စပ်ဒေသက အခြေအနေ အရပ်ရပ်ကို ကြည့်လျှင် ထိုင်းနိုင်ငံက အများကြီး ဆုံးရှုံး နေတာကို တွေ့ရပါတယ်။ ပထမပိုင်းမှာ မြန်မာကို ကျွန်တော်တို့က သံသယ ဖြစ်တယ်။ ဒုတိယပိုင်းမှာ နယ်စပ် ချစ်ကြည်ရေး တံတား ပိတ်လိုက်တော့ ထိုင်းစီးပွားရေး သမားတွေ စီးပွားရေးအရ အများကြီး ထိခိုက် ဆုံးရှုံးရတယ်” ဟု တက်ပြည်နယ် အုပ်ချုပ်ရေးမှူးက ဆိုသည်။ သို့သော် ကရင် လက်နက်ကိုင် တော်လှန်ရေးကို ကာလ ကြာရှည်စွာ စောင့်ကြည့် လေ့လာသူ များက လတ်တလော အခြေအနေ အရပ်ရပ် အပေါ် အကောင်းဘက်မှ မြင်သည့် သဘောမျိုးရှိ သည်ကို တွေ့ရသည်။

“ယခင် နှစ်ပေါင်း ၂၀ လောက်က ဆိုရင် ကရင်တွေရဲ့ ဘဝဟာ ပိုပြီး ဆိုးဝါး ခဲ့ကြရတာပါ။ အခု ဖြစ်ရပ်တွေက အရင်တုန်း ကထက် ဆိုးတယ် လို့တော့ ကျွန်တော် မထင်မိပါဘူး” ဟု သြစတြေးလျ အမျိုးသားတက္ကသိုလ်၊ မဟာဗျူဟာ ရေးရာ လေ့လာရေး ဌာနမှ ပါမောက္ခ Desmond Ball က ပြောကြားသည်။

--------------------------------------------------

ကုန်သွယ်ရေး ပြန်လည် ချိန်ညှိရန် တရုတ် ကြိုးပမ်း

(BBC သတင်းကို ဘာသာ ပြန်ဆိုသည်)

တရုတ် နိုင်ငံသည် ယခုအခါ တိုင်းပြည်၏ ကုန်သွယ်ရေး မူဝါဒကို ပြန်လည် ချိန်ညှိနိုင်ရန် လုပ်ကိုင် ဆောင်ရွက် နေသော်လည်း နောက်ထပ် လုပ်ဆောင်မှု များစွာ လုပ်ကိုင်ရန် လို အပ်နေဆဲ ဖြစ်ကြောင်း အမေရိကန် ဘဏ္ဍာရေး ဝန်ကြီး တင်မိုသီဂါတနာက ပြောကြားသည်။ အမေရိကန် ပြည်ထောင်စုသည် တရုတ်ပြည်၏ ကုန်သွယ်ရေး မူဝါဒအပေါ် ဝေဖန် ပြောဆိုသည့် နိုင်ငံများ အနက် တစ်နိုင်ငံ အပါအဝင် ဖြစ်သည်။ ထို့ပြင် တရုတ်သည် ကုန်သွယ်ရေး အသာစီး ရရန် အလို့ငှာ ပြည်တွင်းသုံး ယွမ်ငွေကြေး တန်ဖိုးကို တမင်တကာ နှိမ့် ချထားကြောင်း ဝါရှင်တန်က ဝေဖန် ခဲ့ဖူးသည်။

မတ်လ ၇ ရက်နေ့တွင် တရုတ် အစိုးရ အာဘော် China Daily သတင်းစာက သွင်းကုန်ခွန် လျှော့ချပေးရန် စီစဉ်နေမှုသည် ပြည်တွင်း ဝယ်လိုအား ပြန်လည် မြင့်တက်လာရန် ရည်ရွယ်ခြင်း ဖြစ်ကြောင်း ရေးသား ဖော်ပြသည်။

တရုတ်သည် ကမ္ဘာပေါ်တွင် ပြည်ပ တင်ပို့မှု အများဆုံး လုပ်ကိုင်သည့် နိုင်ငံများ အနက် တစ်နိုင်ငံ အပါအဝင် ဖြစ်သော်လည်း ယခုအခါ အမေရိကန်နှင့် ဥရောပ ဒေသတို့ရှိ ဈေးကွက်များတွင် တရုတ်ပို့ကုန် ဝယ်လိုအားများ ကျဆင်းလျက် ရှိသည်။ "အမေရိကန် ပြည်ထောင်စုက စားသုံးသူတွေရဲ့ ဝယ်လိုအားပေါ်မှာ ထပ်ပြီး မှီခိုလို့ မရတော့ဘူး ဆိုတဲ့ အချက်ကို တရုတ်တွေ နားလည်သဘောပေါက်ကြတယ်" ဟု မစ္စတာ တင်မိုသီ ဂါတနာက အမေရိကန် ဆီးနိတ်၏ နိုင်ငံခြား ဆက်ဆံရေး ကော်မတီသို့ ပြောကြားသည်။

"သူတို့မှာ တခြား ရွေးချယ် စရာလမ်း မရှိတော့ဘူး။ ပြည်တွင်း ဝယ်လိုအား အပေါ် မှီခိုရမယ့် တိုးတက်ရေး မဟာ ဗျူဟာကို ပြောင်းလဲ ကျင့်သုံးဖို့ပဲ ရှိတယ်။ သူတို့က အခု အဲဒီ လမ်းကြောင်းနဲ့ သွားနေတယ်။ ဒါပေမဲ့ သူတို့ အနေနဲ့ ငွေကြေး လဲလှယ်မှု နှုန်းထားတွေကို လိုက်လံ ပြောင်းလဲ ပေးတာ မလုပ်ဘူး ဆိုရင်တော့ ဘာမှ ဖြစ်လာမှာ မဟုတ်ဘူး" ဟု ၎င်းက ဖြည့်စွက် ပြောဆိုသည်။

အမေရိကန် ဘဏ္ဍာရေး ဝန်ကြီး၏ ထင်မြင် သုံးသပ်ချက် များသည် တရုတ် နိုင်ငံက ပြည်တွင်း ဝယ်လိုအား မြှင့်တင်ရေး အတွက် လုပ်ကိုင် ဆောင်ရွက် နေချိန်တွင် ထွက်ပေါ် လာခြင်း ဖြစ်သည်။ မတ်လ ၈ ရက်နေ့ တွင်လည်း China Daily သတင်းစာက တရုတ် အစိုးရ အနေဖြင့် သွင်းကုန်ခွန်များ လျှော့ချ ပေးရုံ သာမက ကုန်ပစ္စည်း တင်သွင်းသူများ အပေါ် သတ်မှတ် ထားသည့် အကန့် အသတ်များ ကိုပါ လျှော့ပေါ့ ပေးမည် ဖြစ်သည်ဟု စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေး ဒုတိယ ဝန်ကြီး Zhing Shan ၏ ပြောဆိုချက်ကို ကိုးကား ဖော်ပြသည်။ ကုန်သွယ်ရေး ပိုလျှံမှုများ အဆမတန် ဖြစ်ပေါ်မှုမှာ တရုတ်ပြည် မူဝါဒ၏ ပန်းတိုင် မဟုတ်ပါကြောင်း ၎င်းက ဆိုသည်။ တရုတ် နိုင်ငံ၏ အဓိက မူဝါဒမှာ မျှခြေ ရှိသော ကုန်သွယ်ရေး မျိုးကို ဆက်လက် ထိန်းသိမ်းသွားရန် ဖြစ်သည်ဟု ဆိုသည်။

------------------------------------------------
 
လူမှု တည်ငြိမ်ရေးကို တရုတ်ဝန်ကြီးချုပ် အဓိက ပစ်မှတ်ထား

(BBC သတင်းကို ဘာသာ ပြန်ဆိုသည်)

တရုတ် နိုင်ငံ အနေဖြင့် ငွေကြေး ဖောင်းပွမှုများနှင့် လာဘ်စားမှုများကို လျှော့ချကာ လူမှု တည်ငြိမ်မှု ပေါ်ထွန်းရန် မဖြစ်မနေ လုပ်ကိုင် ဆောင်ရွက် ရမည် ဖြစ်ကြောင်း ဝန်ကြီးချုပ် ဝမ်ကျားပေါင်က နှစ်စဉ် ကျင်းပမြဲ ဖြစ်သော ပါလီမန် အစည်း အဝေးတွင် ပြောကြားသည်။ မစ္စတာ ဝမ်ကျားပေါင်သည် ဘေဂျင်းမြို့၊ Great Hall တွင် ပြုလုပ်သော တရုတ် အမျိုးသား ပြည်သူ့ ကွန်ဂရက်သို့ တက်ရောက်သည့် ကိုယ်စားလှယ် ၃၀၀၀ ခန့်အား မိန့်ခွန်း ပြောရာ၌ အထက်ပါ အတိုင်း ပြောဆိုခဲ့ခြင်း ဖြစ်သည်။

တရုတ် အစိုးရ အနေဖြင့် ငွေကြေး ဖောင်းပွမှုကို ၄ ရာခိုင်နှုန်းခန့် အတွင်း ထိန်းထားရန် နှင့် စီးပွားရေး တိုးတက်မှုနှုန်းကို ၈ ရာခိုင်နှုန်းရှိရန် ရည်မှန်း ထားကြောင်း ဝန်ကြီးချုပ်က ဆိုသည်။ ပုံမှန် မဟုတ်သော စီးပွားရေး တိုးတက်မှုသည် လွန်စွာ အရေးကြီးသော ပြဿနာ တစ်ရပ် ဖြစ်ခဲ့သည် ဟူသော အချက်ကို မစ္စတာဝမ်ကျားပေါင်က လက်သင့်ခံကြောင်းလည်း ဆိုသည်။

လူမှု တည်ငြိမ်ရေး အပေါ် အဓိက အာရုံစိုက် လုပ်ဆောင်မည် ဟူသော အကြောင်း အရာအား တရုတ် ကွန်မြူနစ် ပါတီ အာဘော် Beijing Daily သတင်းစာ ခေါင်းကြီးပိုင်း တွင်လည်း ရေးသား ဖော်ပြသည်ကို တွေ့ရပြီး ယင်းကိစ္စသည် ကွန်ဂရက် လွှတ်တော် ဖွင့်ပွဲနှင့်လည်း တိုက်ဆိုင်နေသည်။ ကွန်ဂရက် အစည်းအဝေးပွဲတွင် အရှေ့ အလယ်ပိုင်း ဒေသ၌ ဖြစ်ပေါ်နေသော ဒီမိုကရေစီရေး လူထု ဆန္ဒပြပွဲများနှင့် ပတ်သက်၍ သတိ ပေးချက်များ ပြုလုပ်ခဲ့သည်။

ဘေဂျင်း အခြေစိုက် BBC သတင်းထောက် အဆိုအရ ယခုလို တရုတ် နိုင်ငံရေး သမားကြီး တစ်ဦးက ပြောဆိုသော မိန့်ခွန်းသည် ဤနှစ်အတွက် လွန်စွာ အရေးကြီးကြောင်း၊ ယင်းမိန့်ခွန်းသည် အမေရိကန် သမ္မတများ ပြောဆိုသော နိုင်ငံတော် အခြေပြ မိန့်ခွန်းနှင့် တူညီကြောင်း သိရသည်။
"လတ်တလော အနေအထားမှာ ဈေးနှုန်းတွေ တဖြည်းဖြည်းချင်း မြင့်တက် လာတာကို တွေ့ရသလို ငွေကြေး ဖောင်းပွမှုတွေလည်း မြင့်လာကို တွေ့ရပါတယ်" ဟု မစ္စတာ ဝမ်ကျားပေါင်က ပြောကြားသည်။ "ဒီလို ပြဿနာတွေက တရုတ် ပြည်သူတွေရဲ့ ဥစ္စာဓနကြွယ်ဝမှု အတွက် စိုးရိမ်ရပြီး တစ်မျိုးသားလုံးရဲ့ အကျိုးစီးပွားနဲ့ လူမှု တည်ငြိမ်ရေး အပေါ် ထိခိုက်မှု ရှိစေပါတယ်။ အဲဒီ အတွက်ကြောင့် ကျွန်တော်တို့ အနေနဲ့ macro စီးပွားရေး ထိန်းချုပ်မှုတွေနဲ့ ဈေးနှုန်းတွေ အားလုံး အဆင့် တစ်ခုမှာ တည်ငြိမ်အောင် လုပ်ပြီး လူမှု တည်ငြိမ်ရေး ဖြစ်ပေါ်အောင် လုပ်ဖို့ ဆိုတဲ့ အချက်ကို ထိပ်တန်း ဦးစားပေးအဖြစ် သတ်မှတ်ထားပါတယ်" ဟု ဝမ်က ဆိုသည်။

တရုတ်နိုင်ငံတွင် ဖြစ်ပေါ်နေသော ငွေကြေး ဖောင်းပွမှု နှုန်းသည် ၄ ဒဿမ ၉ ရာခိုင်နှုန်းတွင် ရှိနေပြီး ဗဟိုဘဏ်က အတိုးနှုန်းများ မြှင့်တင် ပေးခဲ့သော်ငြား ဆက်လက် မြင့်တက်နေဆဲ ဖြစ်သည်ကို တွေ့ရသည်။ စီးပွားရေး လေ့လာ သုံးသပ်သူ များက ငွေကြေး ဖောင်းပွမှုနှုန်း အမြင့်ဆုံး အဆင့်သို့ မရောက်ရှိ သေးကြောင်း ပြောဆိုသည်။ ဈေးနှုန်းများ မြင့်တက်လာမှု နှင့် ပတ်သက်၍ စိုးရိမ်စရာ ဖြစ်နေသည့် အချက်မှာ ဆင်းရဲ နွမ်းပါးသော မိသားစုများသည် စားသောက်ကုန် အတွက် ၎င်းတို့၏ ဝင်ငွေ ထက်ဝက်ခန့်ကို သုံးစွဲနေရခြင်း ဖြစ်သည်။

၁၀ ရက်တာမျှ ကျင်းပသော တရုတ် အမျိုးသား ပြည်သူ့ ကွန်ဂရက် အစည်း အဝေး ပွဲတွင် ၂၀၁၁ ခုနှစ်မှ ၂၀၁၅ ခုနှစ်အထိ တရုတ်ပြည် ငါးနှစ်တာ အစီ အစဉ်ကို အတည် ပြုမည် ဖြစ်သည်။ ယင်းအစီ အစဉ်သည် ရေရှည် ခံသော ဖွံ့ဖြိုး တိုးတက်မှုမျိုး ဖန်တီးနိုင်ရန် ဦးတည် ထားခြင်း ဖြစ်သည်။

တည်ငြိမ် အေးချမ်းရေးနှင့် ဥပဒေ စိုးမိုးရေး

"အစိုးရက လယ်သမားတွေနဲ့ မြို့နေ ဆင်းရဲသားတွေ အတွက် စားရိတ် စိုက်ထုတ် ပေးမှုတွေ များလာတဲ့ အလျောက် ပြည်တွင်း ဝယ်လိုအားလည်း ပိုကောင်း လာပါလိမ့်မယ်" ဟု မစ္စတာ ဝမ်ကျားပေါင်က ပြောကြားသည်။ "ပြည်တွင်း ဝယ်လိုအား ကြီးမား ကောင်းမွန်ရေး ဆိုတာ ရေရှည် မဟာဗျူဟာ မူဝါဒတစ်ခု ဖြစ်သလို တရုတ် စီးပွားရေး ဖွံ့ဖြိုးမှုရဲ့ ရှုထောင့် တစ်ခုလည်း ဖြစ်ပါတယ်။ နောက်ပြီးတော့ ချိန်ခွင်လျှာ မျှတမှု ရှိတဲ့ စီးပွားရေး ဖွံ့ဖြိုး တိုးတက်မှု မြှင့်တင်ရေး အတွက် ပြည်တွင်း လိုအပ်ချက် တစ်ခုဖြစ်တယ်လို့ ပြောလို့ ရပါတယ်" ဟု မစ္စတာ ဝမ်ကျားပေါင်က ပြောကြားသည်။

တရုတ် အစိုးရအနေဖြင့် အချို့ မြို့များတွင် အိမ်ခြံမြေ ဈေးနှုန်းများ အဆမတန် မြင့်တက် လာမှုကို စနစ်တကျ ထိန်းချုပ်သွားမည် ဖြစ်သည်ဟု ဆိုသည်။ တရုတ်သည် ဆယ်စုနှစ် အတော်ကြာ ကာလ အတွင်း စီးပွားရေး အဆမတန် တိုးတက် လာပြီးနောက် ယခုအခါတွင် ကမ္ဘာ့ ဒုတိယ အကြီးဆုံး စီးပွားရေး အင်အားကြီး နိုင်ငံ အဆင့်သို့ ရောက်ရှိလာသည်။ သို့သော် အဆိုပါ ဖွံ့ဖြိုး တိုးတက်မှု ကြောင့်ပင် လေထုနှင့် ရေကြောင်း ညစ်ညမ်းမှုအပါအဝင် သဘာဝ ပတ်ဝန်းကျင် ထိခိုက်မှု များစွာ ဖြစ်ပေါ် လာခဲ့ရသည်။

တရုတ်ပြည် စီးပွားရေး ဖွံ့ဖြိုး တိုးတက်မှုကို အဓိက ဆောင်ကြဉ်း ခဲ့သည်မှာ ပြည်ပ တင်ပို့မှုနှင့် အခြေခံ အဆောက်အအုံ စီမံကိန်းကြီး များကြောင့် ဖြစ်သည်။ သို့သော် တိုးတက်မှု လမ်းကြောင်း ပြောင်းလဲခြင်း မရှိပါက စီးပွားရေး ယိမ်းယိုင်မှုများ ဖြစ်ပေါ်လာ နိုင်သည် ဟူသော စိုးရိမ်မှုများ ဖြစ်ပေါ်လျက် ရှိသည်။

“ပြုပြင် ပြောင်းလဲမှု၊ ဖွံ့ဖြိုး တိုးတက်မှု နဲ့ တည်ငြိမ်မှုတွေ ချိတ်ဆက်မိအောင် လုပ်ပြီး ပြည်သူ လူထုတွေရဲ့ ဘဝတွေကို မဖြစ်မနေ မြှင့်တင်ပေးရပါလိမ့်မယ်။ ပြည်သူ လူထုတွေ သူတို့ ရဲ့ အလုပ် အကိုင်နဲ့ ဘဝကို ရောင့်ရဲ တင်းတိမ် လာနိုင်အောင် လုပ်ဆောင်ရပါမယ်။ လူ့အဖွဲ့ အစည်း တည်ငြိမ်မှုရှိပြီး ဥပဒေ စိုးမိုးအောင်လည်း လုပ်ရမှာ ဖြစ်သလို ရေရှည်ခံမယ့် ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်မှု ဖြစ်ထွန်း အောင်လည်း လုပ်ဆောင်ရမှာပါ” ဟု မစ္စတာ ဝမ်ကျားပေါင်က ပြောကြားသည်။ လတ်တလော ကာလများ အတွင်း အမေရိကန် ပြည်ထောင်စု အခြေစိုက် အင်တာနက် ဝက်ဘ်ဆိုက် တစ်ခုက တရုတ်ပြည် မြို့ကြီးများတွင် ဒီမိုကရေစီရေး ဆန္ဒပြမှုများ ဖြစ်ပေါ်အောင် လှုံ့ဆော်ခဲ့ သော်လည်း တရုတ် ရဲတပ်ဖွဲ့ဝင်များက မည်သို့မျှ လှုပ်ရှားခွင့် မရအောင် ဖိနှိပ် တင်းကြပ်မှုများ ပြုလုပ်ခဲ့သည်။

မစ္စတာ ဝမ်ကျားပေါင်က အရှေ့ အလယ်ပိုင်း ဒေသ ကိစ္စနှင့် ပတ်သက်၍ ထင်မြင် သုံးသပ်ချက် တစ်စုံတရာ မပေးသော်လည်း Beijing Daily သတင်းစာ ခေါင်းကြီးပိုင်းတွင် “တည်ငြိမ်မှုသည် ကောင်းချီး မင်္ဂလာ ဖြစ်ပြီး ဆူပူ အုံကြွ ဖရိုဖရဲ ဖြစ်မှုသည် ဘေးဒုက္ခဆိုးကြီး တစ်ခု ဖြစ်သည်” ဟု ရေးသား ဖော်ပြ ထားသည်ကို တွေ့ရသည်။ တရုတ်နိုင်ငံ တစ်ဝန်းတွင် ဆန္ဒပြမှု ပေါင်းများစွာ နှစ်စဉ် နှစ်တိုင်း ဖြစ်ပေါ်လေ့ ရှိသည်။ အများစုမှာ ဖွံ့ဖြိုးရေး စီမံကိန်းများ အတွက် မြေယာ သိမ်းဆည်းခြင်း ခံရမှုကို မကျေနပ်၍ ဖြစ်ပေါ်ခြင်း ဖြစ်သည်။

တရုတ် နိုင်ငံသည် စီးပွားရေး ဖွံ့ဖြိုး တိုးတက်မှု အဆမတန် ကြီးမား လာသည်ဟု ဆိုသော်ငြားလည်း ပြည်သူ သန်းပေါင်းများစွာမှာ အဂတိ လိုက်စားသော အရာရှိကြီး များကြောင့် အမျက်ဒေါသ ထွက်လျက် ရှိကြောင်း၊ လူမှုရေး သာတူ ညီမျှ မရှိမှုတို့လည်း ဖြစ်ပေါ်နေဆဲ ဖြစ်ကြောင်း BBC သတင်းထောက်က ဆိုသည်။

----------------------------------------------------
ဥရောပ သမဂ္ဂသည် ၂၀၁၁ တွင်လည်း မြန်မာ နှင့် ထိုင်းတို့တွင် လူသားချင်းစာနာသော project များအတွက် အကူအညီ ဆက်ပေးမည်ဟုဆို

(Europa မှ 14 March 2011 ရက်စွဲပါ “The European Union Continues Its Steady Support For Humanitarian Projects in Myanmar and Thailand in 2011” ကို ဘာသာ ပြန်ဆိုသည်)

          ယခု နှစ်တွင် ဥရောပ သမဂ္ဂမှ မြန်မာ နိုင်ငံ နှင့် ထိုင်း နိုင်ငံ သို့ ပေးသော လူသားချင်း စာနာမှု ဆိုင်ရာ အကူ အညီ များသည် ပေါင် ၂၂.၂၅ သန်း အထိ ရောက်ရှိ ခဲ့သည်။ အဆိုပါ ပမာဏအား Humanitarian Aid, International Cooperation and Crisis Response မှ ဥရောပ ကော်မရှင်နာ မင်းကြီး Kristalina Georgieva က ဘန်ကောက်တွင် ထုတ်ဖော် ပြောကြား ခဲ့ခြင်း ဖြစ်သည်။ ဥရောပ လူသားချင်း စာနာသော အကူ အညီ ပေးရေး ဘတ်ဂျက်တွင် ပေါင် ၈ သန်းကို ထိုင်း နယ်စပ်တွင် နေထိုင်သော မြန်မာ ဒုက္ခသည်များ အတွက် အသုံး ပြုရန် ဖြစ်ပြီး ကျန် ပေါင် ၁၄.၂၅ သန်းကို ဆိုင်ကလုန်း ဂီရိ ခံစား နေရ သူများ အပါ အဝင် မြန်မာ နိုင်ငံမှ ဒုက္ခ ခံစား နေရသူ များကို အကူ အညီများ ပေးမည် ဖြစ်သည်။

          “ဥရောပ သမဂ္ဂက ထိုင်းနဲ့ မြန်မာ နိုင်ငံမှာ လူသားချင်း စာနာတဲ့ အကူ အညီတွေ လိုအပ် နေတဲ့ လူတွေ အတွက် အဓိက ထောက်ပံ့သူ ဖြစ်ခဲ့တာ ကြာပါပြီ၊ ၂၀၁၁ မှာလည်း ကျွန်မ တို့ဟာ ဒုက္ခသည် တွေ အတွက် အဖြေရှာ ရေး လုပ်ငန်းတွေ၊ ဒေသတွင်း ဘေးအန္တရာယ် ကျရောက် နေတဲ့ လူတွေကို အကူ အညီတွေ ဆက်ပေး သွားမှာပါ” ဟု ကော်မရှင်နာ မင်းကြီး Georgieva က ပြောသည်။ သူမသည် မဲဆောက်၊ မဲလ ဒုက္ခသည် စခန်း များသို့ သွားရောက် ကြည့်ရှုပြီး ထိုင်း ဝန်ကြီးချုပ် အဘီဆစ်၊ ထိုင်း နိုင်ငံခြားရေး ဝန်ကြီး ကာဆစ် တို့နှင့် တွေ့ဆုံ အပြီးတွင် ၂၀၁၁ ခုနှစ်တွင် မြန်မာ နိုင်ငံ နှင့် ထိုင်း နိုင်ငံ တို့အား ကော်မရှင်က လူသားချင်း စာနာသော အကူ အညီများ ပေးရေး အတွက် အသေးစိတ် ပြောကြား ခဲ့သည်။

          ပေါင် ၈ သန်းကို နယ်စပ်တွင် နေထိုင် ကြသော ဒုက္ခသည် စခန်း ၉ ခု အနက် ၆ ခုတွင် စားနပ် ရိက္ခာ၊ ကျန်းမာရေး စောင့်ရှောက်မှု၊ ရေနှင့် သန့်ရှင်းမှု တို့တွင် အသုံး ပြုမည် ဖြစ်သည်။ ထိုဥရောပ အကူ အညီမှ ဒုက္ခသည် တစ်သိန်း ကျော် အကျိုး ခံစား ခွင့် ရမည် ဖြစ်သည်။

          မြန်မာ နိုင်ငံ အတွက် လျာထားသော ပေါင် ၁၄.၂၅ သန်းတွင် ရခိုင် ပြည်နယ် ဆိုင်ကလုန်း ဂီရိ ဒဏ် ခံစား ရသူ များအား ကူညီ ပေးရန် ပေါင် ငါးသန်း ပါဝင်သည်။ ဂီရိ ဖြစ် ပြီးပြီး ချင်း ဥရောပ ကော်မရှင်သည် ပေါင် သုံးသန်း အကူ အညီ ပေး ခဲ့သည်။ ယခု ဆိုင်ကလုန်း ဒဏ် ခံရပြီး လေးလ ကြာသည့်တိုင် ထိုဒေသမှ လူများသည် စိန်ခေါ်မှုများနှင့် ကြုံတွေ့ နေရပြီး လူသားချင်း စာနာသော အကူ အညီများ လိုအပ် နေဆဲ ဖြစ်သည်။

နောက်ခံ အကြောင်း

        ယနေ့ အချိန်တွင် ထိုင်း နိုင်ငံ ရှိ စခန်း ၉ ခုတွင် မြန်မာ နိုင်ငံမှ ဒုက္ခသည် တစ်သိန်း လေးသောင်းကျော် နေထိုင် ကြသည်။ အဆိုပါ စခန်း များသို့ ထောက်ပံ့ ရာတွင် ဥရောပ ကော်မရှင်သည် အကြီးဆုံး အလှူရှင် များတွင် ပါဝင်သည်။ ၁၉၉၅ ခုနှစ် မှ စ၍ လှူဒါန်း ခဲ့ရာ ၂၀၁၁ ခုနှစ် အပါအဝင် ပေါင် ၁၄၉ သန်း ရှိပြီ ဖြစ်သည်။ အဆိုပါ ငွေများ အနက် ပေါင် ၁၀၃ သန်းသည် လူသားချင်း စာနာသော အကူ အညီများ ဖြစ်ပြီး ပေါင် ၄၆ သန်းကို ရေရှည် ကူညီရေး ဘတ်ဂျက် အဖြစ် စီစဉ် ထားရှိ သည်။

          DEFID၊ နယ်သာလန်၊ ဒိန်းမတ်၊ ဆွီဒင်၊ အင်္ဂလန် စသည့် အဖွဲ့ဝင် နိုင်ငံ များမှ အလှူရှင် များ အပါအဝင် ဥရောပ သမဂ္ဂသည် ၂၀၀၇ ခုနှစ်မှ စ၍ ထိုင်း နိုင်ငံရှိ ဒုက္ခသည် စခန်း များသို့ ပေါင် ၂၅ သန်း ဖြည့်ဆည်း ပေးခဲ့သည်။ ထိုပမာဏမှာ ဒုက္ခသည် များနှင့် နယ်စပ်ရှိ အိုးမဲ့ အိမ်မဲ့ များအတွက် လူသားချင်း စာနာသော ထောက်ပံ့ငွေ စုစုပေါင်း၏ တစ်ဝက် ကျော် ရှိသည်။

          ဥရောပ၏ လူသားချင်း စာနာသော အကူ အညီများသည် စားနပ် ရိက္ခာ ထောက်ပံ့မှု၊ အခြေခံ ကျန်းမာရေး စောင့်ရှောက်မှု၊ ရေနှင့် သန့်ရှင်းမှု တို့ အတွက် အသုံး ပြုရန် လုံလောက်သည်။ ဒုက္ခသည် ခြောက်သောင်းခွဲ ကျော်အား မရှိ မဖြစ် လိုအပ်သော စားနပ် ရိက္ခာ ထောက်ပံ့ နိုင်ပြီး လူတစ်သိန်း ကျော်အား အခြေခံ ကျန်းမာရေး စောင့်ရှောက်မှု ပေးနိုင်သည်။ ဥရောပ သမဂ္ဂမှ ငွေထောက်ပံ့သော ပရောဂျက်များကို နိုင်ငံ တကာ NGO များ နှင့် UNHCR တို့ မှ တစ်ဆင့် အကောင် အထည် ဖော်သည်။

          ဒုက္ခသည် များသည် လတ်တလော လိုအပ်ချက်များ အကူ အညီ ရသည့် အပြင် အနာဂတ် အတွက် အခွင့် အလမ်း ကောင်းများ ရရှိရေး၊ မိမိကိုယ် မိမိ မှီခို နိုင်ရေး သေချာစေရန် အတွက် ဥရောပ သမဂ္ဂသည် ဒုက္ခသည် များအား လူသားချင်း စာနာသော အကူ အညီများ ပေးခြင်းမှသည် အဆက် မပြတ် ပံ့ပိုး နိုင်ရေး သို့ ပြန်လည် အာရုံ ပြုရန် စီမံလျက် ရှိသည်။

          ဥရောပ ကော်မရှင်သည် ထိုင်းနိုင်ငံ ကြက်ခြေနီ အသင်းသို့ ၂၀၁၀ ဩဂုတ် နှင့် စက်တင်ဘာတွင် ရေဘေး ခံစား ရသော ထိုင်း အရှေ့မြောက်နှင့် ဗဟိုရှိ လူများ အတွက် ပေါင် တစ်သိန်း တစ်သောင်း အကူ အညီ ပေးခဲ့သည်။

--------------------------------------------------

ထိုင်းနယ်စပ် ဒုက္ခသည် စခန်းများအား ကူညီရာတွင် ဦးစားပေးမူဝါဒ ပြောင်းလဲရန် အီးယူစီစဉ်

(Earth Times မှ 14 Mar 2011 ရက်စွဲပါ European Union Plans to shift aid properties in Thai refugee camps သတင်းကို ဘာသာ ပြန်ဆိုသည်)

          ထိုင်းမြန်မာ နယ်ခြား တစ်လျှောက်ရှိ ဒုက္ခသည် စခန်းများကို ရန်ပုံငွေ ထောက်ပံ့နေသော ဥရောပ သမဂ္ဂက ၎င်း၏ ဦးစားပေး အစီ အစဉ်များကို လူသားချင်း စာနာ ထောက်ထားသော ကယ်ဆယ်မှု ကဏ္ဍမှ သက်မွေး ဝမ်းကျောင်း သင်တန်း ကဏ္ဍဘက်သို့ ပြောင်းလဲရန် စီစဉ်နေပြီး အဆိုပါ ဒုက္ခသည် စခန်းများကို ရန်ပုံငွေ ဆက်လက် ထောက်ပံ့သွားမည်ဟု အီးယူ အကြီးတန်း တာဝန်ရှိသူ တစ်ဦးက ပြောကြားလိုက်သည်။

          ထိုင်း-မြန်မာ နယ်ခြား တစ်လျှောက် ဒုက္ခသည် စခန်း ၉ ခုတွင် နေထိုင်နေသော ဒုက္ခသည် ၁၄၀၀၀၀ အား အစားအစာ၊ ဆေးဝါးနှင့် အခြား အကူအညီများ ဖြန့်ဝေ ပေးရန် အတွက် အီးယူက ယခု နှစ်တွင် ယူရိုငွေ ၈ သန်း (အမေရိကန် ဒေါ်လာ ၁၁.၂ သန်း) ထောက်ပံ့ရန် တာဝန်ယူ ထားသည်ဟု အီးယူ လူသားချင်း စာနာသော ကူညီမှု ဆိုင်ရာ ကော်မရှင်နာ မင်းကြီး Kristalinaa Georgieva က ပြောကြားသည်။ ယင်းစခန်းများတွင် နေထိုင်သူ အချို့မှာ ၂၇ နှစ်ခန့် ရှိနေပြီ ဟုလည်း သိရှိရသည်။

          ကရင် သူပုန်များနှင့် မြန်မာ စစ်တပ်တို့ အကြား ဆယ်စုနှစ် များစွာ တိုက်ပွဲ မြေပြင် ဖြစ်နေမှုကြောင့် ဇာတိ ရပ် ရွာကို စွန့်ခွာလာသော မြန်မာ ကရင် လူမျိုး ဒုက္ခသည်များကို အဆိုပါ စခန်းများတွင် အထူးသဖြင့် ခိုလှုံခွင့် ပေးထားခြင်း ဖြစ်သည်။

          အီးယူက မြန်မာ နိုင်ငံတွင်းမှ စီမံကိန်း များကို အကူအညီ တိုးပေးရန်နှင့် ကရင်ဒုက္ခသည် များအား သက် မွေး ဝမ်းကျောင်း သင်တန်းများ လေ့ကျင့်ပေးရန်၊ ထိုင်းအသိုင်း အဝိုင်းနှင့် ပေါင်းစည်းမှုကို အားပေးရန် တို့အတွက် ဒုက္ခသည် စခန်းများ အပေါ် ရန်ပုံငွေ ထောက်ပံ့မှုကို ဖြည်းဖြည်းချင်း ဖြတ်တောက်လျက် ရှိသည်။

          “လာမယ့် နှစ်မှာ လူသားချင်း စာနာမှု အကူ အညီတွေကို နည်းနည်းချင်း လျော့သွားပြီး ဖွံ့ဖြိုး တိုးတက်ရေး ပူးပေါင်း ဆောင်ရွက်မှု အစီအစဉ်တွေ အတွက် ပိုက်ဆံ ပိုပေးသွားမှာပါ” ဟု Georgieva က အကြီးဆုံး ဒုက္ခသည် စခန်း မဲလ သို့ သွားရောက် ကြည့်ရှုပြီးနောက် တနင်္ဂနွေနေ့တွင် ပြောကြားလိုက်သည်။

          ထို့အပြင် နိုင်ငံခြားသို့ ပြောင်းရွှေ့ အခြေစိုက်ခြင်း အစီအစဉ်နှင့် အကြုံးဝင်သော နိုင်ငံရေး ဒုက္ခသည် အစစ်များနှင့် စီးပွားရေး အရ ပြောင်းရွှေ့ လာသူများကို ခွဲခြားရာတွင် အကူအညီ ဖြစ်စေရန် ဒုက္ခသည် စခန်းနေ ထိုင်သူများကို စစ်ဆေးသည့် လုပ်ငန်းစဉ်ကို ပြန်လည် စတင်ရန် ထိုင်း အာဏာပိုင် များကို အီးယူက တိုက်တွန်း လိုက်သည်။

          Georgieva က သူမနှင့် တနင်္လာနေ့က တွေ့ဆုံခဲ့သော ထိုင်းဝန်ကြီးချုပ် အဘီဆစ်ဗဲ့ ဂျာဂျီးဗားနှင့် နိုင်ငံခြားရေး ဝန်ကြီး ကာဆစ်ပီရိုမြတို့ နှစ်ဦးစလုံးက ဒုက္ခသည်စခန်း စစ်ဆေးမှု လုပ်ငန်းကို မကြာမီ ပြန်လည် စတင် မည်ဟု အာမခံခဲ့ ကြကြောင်း ပြောကြားသည်။ ရက်အတိ အကျကိုမူ ပြောကြားခြင်း မရှိဟု ဆိုသည်။

          ကမ္ဘာ တစ်လွှားက ပြဿနာ အများကြီးကို ကိုင်တွယ် နေရတဲ့ အချိန်မှာ အခု ခရီးစဉ်ကို ထွက်လာ ခဲ့ရတာပါ ဟုလည်း Georgieva က ပြောဆိုသည်။

          သောကြာနေ့က ပြင်းအား အဆင့် ၉ မဂ္ဂနီကျူ့ ငလျင်နှင့် ဆူနာမီ လှိုင်းများ၏ အလဲထိုးခြင်း ခံခဲ့ရသော ဂျပန် နိုင်ငံ အတွက် မည်သို့ အကောင်းဆုံး ကူညီနိုင်မည် ဆိုသည်ကို အကဲ ဖြတ်ခြင်းအား အီးယူက စောင့်ဆိုင်း နေ သည်ဟု သူမက ဆက်လက် ပြောကြားသည်။

          “အီးယူက ဂျပန်ကို ပစ္စည်း ပစ္စယတွေ ကူညီမှာ မဟုတ်ဘူး ဆိုတာကိုတော့ ကျွန်မ ပြောနိုင်ပါတယ်။ ဝင်ငွေ ကောင်းတဲ့ တိုင်းပြည်တွေကို ကျွန်မတို့ အများဆုံး ပေးတာ ကတော့ ကြင်နာစွာ ဖေးမ ပေးခြင်းပါပဲ” ဟု ကော် မရှင်နာ မင်းကြီး Georgieva က ဆိုသည်။

------------------------------------------------------
 
မြန်မာတက်ကြွ လှုပ်ရှားသူများ Just Do It facebook အုပ်စု ဖွဲ့စည်း

(Time.com မှ 12 Mar 2011 ရက်စွဲပါ Burmese Activists Launch Facebook Group ဆောင်းပါးကို ဘာသာ ပြန်ဆိုသည်)

အရှေ့ အလယ်ပိုင်း တစ်ခွင်မှ အာဏာရှင် အစိုးရ ဆန့်ကျင်ရေး ဆန္ဒပြပွဲများ၏ စေ့ဆော်မှုကြောင့် မြန်မာနိုင်ငံမှ ကွန်ပြူတာ ပညာဖြင့် အသက်မွေးသူ လူငယ် တစ်စု ကလည်း Just Do It against the Military Dictatorship ဟု ခေါ်သည့် Facebook Account တစ်ခုကို ဖွဲ့စည်း ထားကြသည်။ Just Do It (သို့) JD ဟု လည်း ခေါ်ကြသည့် Facebook Account တွင် အဖွဲ့ဝင် ၁၆၀၀ ကျော် ရှိနေပြီ ဖြစ်ပြီး ဆက်လက် တိုးပွားနေ သည်ဟု သိရှိရသည်။ အဆိုပါ အုပ်စုကို စည်းရုံး လှုံ့ဆော်သူများ၏ အဆိုအရ အဖွဲ့ဝင် ထက်ဝက်ကျော်မှာ မြန်မာ နိုင်ငံတွင် နေထိုင်ကြသူများ ဖြစ်ကြောင်း သိရသည်။

ယခု အချိန်အထိ JD Account စာမျက်နှာများတွင် စစ်အစိုးရကို ဖြုတ်ချရန် လှုံ့ဆော်သော တော်လှန် ရေး သဝဏ်လွှာ များဖြင့် ပြည့်နေပြီး အရှေ့ အလယ်ပိုင်း ဆန္ဒ ပြပွဲများ၏ ပုံရိပ်များနှင့်  ၂၀၀၇ ခုနှစ်တွင် စစ်အစိုးရ က ရက်စက်စွာ နှိမ်နင်းခဲ့သော ရွှေဝါရောင် လှုပ်ရှားမှု ဆန္ဒပြပွဲများ၏ ပုံရိပ်များလည်း ပါဝင်ပါသည်။ အကယ်၍ Account members များကို ခြေရာခံ မိသွားပါက အစိုးရက ခွင့်မပြုသော တရားမဝင် အသင်း ဖွဲ့စည်းခြင်းကို တား မြစ်ထားသည့် ဥပဒေများ အရ ဖမ်းဆီးကာ ထောင်ဒဏ် အပြစ်ပေးခြင်း ခံရမည့် အလားအလာ ရှိနေသည်။

Account တည်ထောင်သူများ ထဲတွင် ပါဝင်သည့် အသက် ၂၀ ကျော် စာနယ်ဇင်း သမား တစ်ဦးက နိုင်ငံ ၏ အကြီးဆုံး မြို့တော် ရန်ကုန်မြို့တွင်း လျှို့ဝှက်နေရာ တစ်ခုမှ နေ၍ ပြောကြား ခဲ့ရာတွင် ၎င်းက “ကျွန်တော်တို့ က နိုင်ငံရေး အသင်းအဖွဲ့ မဟုတ်ပါဘူး။ မြန်မာပြည်သူ တွေသာ ဖြစ်ပါတယ်။ ဒီအိုင်ဒီယာကတော့ လူတိုင်းဟာ Just Do It မှာ ပါဝင်ပြီး စစ်အစိုးရကို ဖြုတ်ချဖို့ စိတ်ပါ ဝင်စား လာအောင် ရည်ရွယ်တာပါ” ဟု ဆိုသည်။
ပြည်သူများကို စည်းရုံးရာတွင် Get Out Than Shwe စသော ကြွေးကြော်သံများ ဖော်ပြထားသည့် လက်ကမ်း စာရွက်များကို နိုင်ငံတစ်ဝှမ်းရှိ မြို့ကြီးများတွင် ဖြန့်ဝေခဲ့ပြီး ဖြစ်ကြောင်း၊ ဆန္ဒပြပွဲများ အပြင် ပိုစတာ လှုပ်ရှားမှုကိုလည်း ပြုလုပ်ရန် ရည်ရွယ် ထားကြောင်း အဆိုပါ အုပ်စုက ပြောကြားသည်။
သို့သော်လည်း မြန်မာနိုင်ငံတွင် Online မှ စည်းရုံးရသည်မှာ အခက်အခဲ ရှိပါလိမ့်မည်။ မြန်မာ နိုင်ငံသား ၄၇ သန်း အနက် ၄ သိန်းခန့်သာ အင်တာနက် အသုံးပြုကြသည်ဟု ခန့်မှန်းထားပြီး အသုံးပြုသူများ မှာလည်း နိုင်ငံရေး လှုံ့ဆော်သည့် ဝက်ဘ်ဆိုက်သို့ ပူးပေါင်းခြင်း၏ တုန့်ပြန် ဆိုးကျိုးများကို ကြောက်ရွံ့ နေဖွယ် ရှိနေ၍ ဖြစ်သည်။
ဆန္ဒပြပွဲများကို အမြန်ဆုံးနှင့် အရက်စက်ဆုံး နှိမ်နင်းတတ်သည့် ရာဇဝင် ရှိသော စစ်အစိုးရသည် အတိုက်အခံ အုပ်စုများအား အဓိက ကျသော တိုးတက် ပြောင်းလဲမှုများ မပြုလုပ် နိုင်အောင် ထိန်းချုပ်ထားသည်။ မနှစ်က နေအိမ် အကျယ်ချုပ်မှ လွတ်မြောက် လာသော ဒီမိုကရေစီ ခေါင်းဆောင်၊ ငြိမ်းချမ်းရေး နိုဘယ်ဆုရှင် ဒေါ် အောင်ဆန်း စုကြည် ပင်လျှင် အနည်းငယ် မျှသော လှုပ်ရှားမှု ကိုသာ ပြုလုပ် နိုင်ခဲ့သည်ကို တွေ့ရသည်။
အင်တာနက်ကို အလုပ် မဖြစ်အောင်၊ နှေးကွေး လေးလံအောင် ပြုလုပ်ထားသော အစိုးရက အာရပ် ကမ္ဘာမှ လူထု အုံကြွမှုများ ပြန့်ပွား လာနိုင်သည်ကို ကြောက်ရွံ့နေခြင်းမှာ ဖြစ်နိုင်ပါသည်။ စာရေးသူ ယခင် အပတ်က မြန်မာနိုင်ငံသို့ ရောက်ရှိနေစဉ် သတင်း ဝက်ဘ်ဆိုက်များ အားလုံးကို ဖြတ်ထားပြီး အင်တာနက် မှာလည်း တစ်နေကုန် သုံးမရအောင် နှေးကွေး လေးလံ နေသည်ကို ကြုံတွေ့ ခဲ့ရသည်။ တစ်မြို့လုံး တွင်လည်း လုံခြုံရေး တာဝန်ကျ ရဲတပ်ဖွဲ့ဝင်များကို အရေအတွက် များစွာ တိုးမြှင့်ထားပြီး လမ်းများ ပေါ်တွင်လည်း စစ်ဆေး ရေးဂိတ်များကို တွေ့မြင်ရသည်။
“သူတို့ ကြောက်လာပြီ ဆိုရင်တော့ ပလပ် နည်းငယ် ဆွဲဖြုတ်လိုက်ရုံနဲ့ ရန်ကုန် တစ်မြို့လုံး အင်တာနက် အမှောင် ကျသွားမှာပါ။ သူတို့ စိတ်ချရပြီလို့ ယူဆတဲ့ အချိန် အထိပေါ့” ဟု ပြောကြား လိုက်သော ရန်ကုန်မှ အင်တာ နက်ကဖေး ပိုင်ရှင်သည် နိုင်ငံရေး မငြိမ်သက်သည့် အချိန်တိုင်း လုပ်ငန်း ရပ်သွားသည့် ဒုက္ခကို ရင်ဆိုင် နေရသူ တစ် ဦး ဖြစ်သည်။
လူမှု မီဒီယာ ကွန်ယက်သည် မြန်မာ နိုင်ငံတွင် အဓိက စည်းရုံး လှုပ်ရှားရာ ပလက်ဖောင်း ဖြစ်မလာ သေးသော်လည်း  ပြည်ပရောက် မြန်မာ အသိုင်း အဝိုင်းကမူ သတင်း၊ သုတ၊ ဖြန့်ချိရန် အတွက် Youtube ၊ Twitter ၊ Facebook စသော မီဒီယာ ကွန်ယက်ကို အသုံးပြု ခဲ့ကြသည်မှာ ကြာလှပြီ ဖြစ်သည်။ မြန်မာ နိုင်ငံ တွင်း၌မူ Youtube နှင့် Twitter ကို ပိတ်ထားပြီး ယင်းကဲ့သို့ ပိတ်ပင် ထားသည့် ဆိုက်ဘာ ဆင်ဆာကို ရှောင်ရှား ကျော်လွှားရန် အထူး ဖန်တီးထားသည့် အထူးဆော့ဝဲများ အသုံးပြု သည့်တိုင် ဆက်သွယ်၍ မရနိုင်သေးပါ။
မည်သို့ပင် အခက်အခဲများနှင့် ရင်ဆိုင် နေရစေကာမူ မြန်မာအရေး လှုပ်ရှားသူ များသည် အရှေ့ အလယ် ပိုင်းနှင့် မြောက်အာဖရိကမှ ဆန္ဒပြသူများ ကဲ့သို့ပင် “လူ့ဂုဏ် သိက္ခာနှင့် လူ့လွတ်လပ်ခွင့်” ကို ရရှိ ခံစားရန် ဆန္ဒပြင်းပြ နေကြသည်။ Just Do It စည်းရုံး လှုပ်ရှားသူက “ဒီတစ်ကြိမ်တော့ ကျွန်တော်တို့ အလျော့ မပေး တော့ဘူး။ ညှိနှိုင်း ဆွေးနွေးချင်တဲ့ ဆန္ဒလည်း မရှိတော့ဘူး။ ကျွန်တော်တို့က စစ်အစိုးရကို ပြည်ဖုံးကား ချပေးချင် တာပါ” ဟု ပြောကြားကာ အင်တာဗျူးကို အဆုံးသတ် လိုက်သည်။
--------------------------------------------------
အိန္ဒိယ နိုင်ငံ ကမ္ဘာ့ လက်နက် အများဆုံး ဝယ်သူ ဖြစ်လာ
(Associated Press မှ 14 March 2011 ရက်စွဲပါ “India Named World’s Largest Arms Importer” ကို ဘာသာ ပြန်ဆိုသည်)
          ကမ္ဘာ့ အင်အားကြီး အုပ်စုသို့ ဝင်ရောက်ရန် ကြိုးပမ်းနေသည့် အိန္ဒိယ နိုင်ငံသည် နောက်ထပ် မိုင်တိုင် တစ်ခုကို ကျော်ဖြတ်ကာ ယခု အခါ ကမ္ဘာ့ အကြီးဆုံး လက်နက် ဝယ်ယူသော နိုင်ငံ ဖြစ်လာသည်။
          တပ်မတော် ခေတ်မီရေး၊ ဘေဂျင်း၏ ဩဇာ လွှမ်းမိုးမှုကို တန်ပြန် ထိန်းညှိရေး၊ နိုင်ငံ တကာတွင် ဩဇာ ကြီးမားရေး အစီအစဉ် များဖြင့် ရှေ့ခရီး နှင်နေသော တောင်အာရှ နိုင်ငံ အိန္ဒိယ သည် လက်နက် ဝယ်ယူ တင်သွင်းမှုတွင် တရုတ် နိုင်ငံကို ကျော်တက် သွားပြီ ဟု ကမ္ဘာ့ လက်နက် အရောင်း အဝယ်ကို စောင့်ကြည့်နေသော ဆွီဒင် အကဲခတ် ပညာရှင် အုပ်စုက တနင်္လာနေ့တွင် ပြောကြားသည်။
          “ပထမတော့ တောင်အာရှပေါ့၊ ပြီးရင်တော့ ဒေသတွင်း အင်အားကြီး ဖြစ်လာရေး ရည်မှန်းချက်တွေ အိန္ဒိယ မှာ ရှိနေ ပါတယ်၊ ကာယ ဗလ မောင် ဖြစ်ချင် တယ်ဆို ရင် ဗလ တွေ ကြွက်သားတွေ ထုတ်ပြ နိုင်ဖို့ လိုတယ်လေ” ဟု လန်ဒန် အခြေစိုက် Jane’s Defense Weekly စာစောင်မှ တောင်အာရှ ဆိုင်ရာ ပညာရှင် Rahul Bedi က ဆိုသည်။
          စတော့ဟုမ်း နိုင်ငံ တကာ ငြိမ်းချမ်းရေး သုတေသန အင်စတီကျု၏ အစီရင် ခံစာ အရ အိန္ဒိယ နိုင်ငံ သည် ၂၀၀၆ မှ ၂၀၁၀ အတွင်း နိုင်ငံ တကာ လက်နက် ရောင်းချမှု အားလုံး၏ ၉% ခန့်ကို ဝယ်ယူ ခဲ့ပြီး လာမည့် အနာဂတ် တွင်လည်း အဆိုပါ ထိပ်ဆုံး နေရာကို ဆက်ထိန်း ထား လိမ့်မည် ဟု မျှော်လင့် ရကြောင်း သိရသည်။
          “လာမယ့် နှစ်တွေ မှာလည်း အိန္ဒိယ နိုင်ငံက လက်နက် အများဆုံး ဝယ်ယူသူ ဖြစ်နေမယ် ဆိုတာကို သူတို့ မှာယူ ထားပြီး စာရင်းကို ကြည့်ရုံ နဲ့တင် သိနိုင် ပါတယ်” ဟု စတော့ဟုမ်း အင်စတီကျုမှ ဝါရင့် ပညာရှင် Siemon Wezeman က ပြောကြားသည်။ အိန္ဒိယ ကာကွယ်ရေး ဝန်ကြီး ဌာန ပြောရေး ဆိုခွင့် ရှိသူ Sitanshv Kar က ယင်း အစီရင် ခံစာကို မဖတ် ရသေးခင် မှတ်ချက် မပေး နိုင်ဟု ငြင်းဆို ခဲ့သည်။
          တရုတ် နိုင်ငံ ကမူ အိန္ဒိယ နိုင်ငံ မလုပ် နိုင်သေး သော ပြည်တွင်း လက်နက် ထုတ်လုပ်မှု လုပ်ငန်းကို ဆက်လက် အားဖြည့် ထူထောင် နေခြင်း ကြောင့် ကမ္ဘာ့ လက်နက် ၆% ဝယ်ယူသူ အဖြစ် ဒုတိယ နေရာသို့ ရောက်သွားသည်ဟု Mr.Wezeman က ဆိုသည်။
          အမေရိကန် ပြည်ထောင်စု ကမူ ကမ္ဘာ့ အကြီးဆုံး လက်နက် ရောင်းချသူ အဖြစ် ရပ်တည် နေပြီး သူ့နောက်တွင် ရုရှားနှင့် ဂျာမနီက ကပ်၍ လိုက်နေ ကြသည်ဟု အစီရင် ခံစာ အရ သိရှိရသည်။
Sent to transparency.myanmar@gmail.com: unsubscribe | update profile | forward to a friend
Email Marketing Powered by MailChimp
 

0 comments:

Post a Comment