Transparency Myanmar

transparency.myanmar@gmail.com

yangonchronicle 2011
yangonchronicle 2011

၎.၄.၂၀၁၁

ဘာသာပြန်သတင်းများ - ၂

မြန်မာ့နိုင်ငံရေး စနစ်သစ်နှင့် ပတ်သက်သည့် မျှော်လင့်ချက်နှင့် စိုးရိမ်စရာများ

(BBC News မှ 30 March 2011 ရက်စွဲပါ Rachel Harvey ၏ “Burma:Hopes and Fears over political system” ဆောင်းပါးကို ဘာသာ ပြန်ဆိုသည်)

မြန်မာနိုင်ငံတွင် ရေမရောသော တပ်မတော်အစိုးရ စစ်စစ်ထံမှ အရပ်သား ဖက်စပ် အစိုးရထံ အာဏာလွှဲပြောင်းမှုသည် တပ်မတော် ခေါင်းဆောင် များက စည်းကမ်းပြည့်ဝသော ဒီမိုကရေစီဟု ခေါ်သည့် စနစ်ဆီသို့ ဦးတည်ခဲ့သည့် ခရီးရှည်တွင် နောက်ဆုံး အပိုင်းပင်ဖြစ်သည်။

အငြင်းပွားစရာများ ပြည့်နေသော ယင်းလုပ်ငန်းစဉ်သည် လျှို့ဝှက်မှုများ ပိတ်ဖုံးနေသည့်အပြင် ပြည်တွင်း၊ ပြည်ပ၌ သဘော ကွဲလွဲမှုကို ဖြစ်ပေါ် စေခဲ့သည်။

စနစ်သစ်ကို ဖန်တီးစီစဉ်သည့် ခေါင်းဆောင်များကို ကျော်လွန်ကာ မြန်မာ့နိုင်ငံရေး အခင်းအကျင်းသစ်နှင့် ပတ်သက်သည့် အယူအဆ၂မျိုး ကျယ်ကျယ်ပြန့်ပြန့် ထွက်ပေါ်ခဲ့သည်။

ပထမ တစ်မျိုးမှာ “ယခု စနစ်သစ်သည် ယခင် စနစ်ဟောင်းကို အခြားနည်းလမ်းများဖြင့် အသက် ဆက်ခြင်းသာ ဖြစ်သည်” ဟူသော အယူအဆဖြစ်ပြီး အနောက်နိုင်ငံ အစိုးရ အများစု (အီးယူအတွင်း သဘောထား ကွဲလွဲမှု ရှိသော်လည်း)၊ ပြည်ပရောက် မြန်မာအုပ်စုများနှင့် ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်တို့က ထောက်ခံကြသည်။

ယခု အစိုးရသစ် အခြေပြုသည့် အခြေခံဥပဒေ၊ နိုဝင်ဘာ သမိုင်းဝင် ရွေးကောက်ပွဲများအတွက် ထွက်ပေါ်လာသည့် ဥပဒေများနှင့် ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်တို့ကို စီမံ အုပ်ချုပ်နေသည့် စည်းမျဉ်း စည်းကမ်းများ အားလုံးသည် တပ်မတော်၏ ဗဟိုအာဏာ ချုပ်ကိုင်မှုကို ကန့်သတ် ထားရန် အသေချာ စီစဉ်ရေးဆွဲထားခြင်းသာ ဖြစ်သည်။

ထို့အတွက်ကြောင့် ယခင်အစိုးရ ဟောင်းနည်းတူ ယခုအစိုးရသစ် အပေါ်တွင် အလားတူ ဖိအားပေးရန် စောဒကတက်မှုများ ရှိနေသည်။ Burma Campaign UK က မတ်လဆန်းတွင် အီးယူအဖွဲ့ဝင် နိုင်ငံများ၏ အစည်းအဝေးနှင့် အချိန်ကိုက်ပြီး အသေးစိတ် အစီရင်ခံစာတစ်စောင် ထုတ်ပြန်ခဲ့သည်။ ယင်းအုပ်စု၏ ဝက်ဘ်ဆိုဒ်တွင် စီမံချက် မန်နေဂျာ ဇိုရာဖန်းအား ကိုးကား၍ အောက်ပါအတိုင်း နိဒါန်း ဖော်ပြထားသည်။ “မြန်မာနိုင်ငံမှ လူ့အခွင့်အရေး ညှင်းပမ်းမှုများနှင့် နိုင်ငံတကာဥပဒေ ချိုးဖောက်မှုများသည် လျှော့မသွားပဲ ပို၍ တိုးလာသည့်အပြင် အာဏာရှင် အစိုးရသည်လည်း သူတို့၏ စစ်အုပ်ချုပ် ရေးကို အဆုံးမသတ်ပဲ ခိုင်မာအောင် ကြိုးစားနေသည့် အတွက် အကယ်၍ အီးယူက နဂိုမူဝါဒ အတိုင်း ရပ်တည်မည် ဆိုပါက sanctions များကို မလျှော့ပဲ ထပ်၍ တိုးရန် ဆွေးနွေးရမည်။

ဒုတိယ တစ်မျိုးကမူ “တပ်မတော် အစိုးရဟောင်းက သူတို့၏ ပြည်ခိုင်းဖြိုးပါတီ ရွေးကောက်ပွဲ အနိုင်ရအောင် မည်သို့ပင် ခြိမ်းခြောက် လှည့်ဖြား သည် ဖြစ်စေ၊ လွှတ်တော်သစ်က ပြည်သူတို့၏ ဆန္ဒမှန်ကို မည်သို့ပင် ကိုယ်စားမပြုသည် ဖြစ်စေ၊ မြန်မာနိုင်ငံတွင် ပြောင်းလဲမှု ရှိနေသည်။ အလားအလာ အခွင့်အလမ်းများ ထွက်ပေါ်နေသည်” ဟူသော အယူအဆ ဖြစ်သည်။

International Crisis Group က လတ်တလော ထုတ်ပြန်ခဲ့သော အစီရင်ခံစာတွင် “ဗိုလ်ချုပ်မှူးကြီး သန်းရွှေ မျိုးဆက်သစ် ခေါင်းဆောင်များထံ အာဏာ လွှဲပြောင်းပေးမှုနှင့် အတူ နိုင်ငံ၏ အနာဂါတ် လမ်းကြောင်းကို ပါဝင် ထိန်းချုပ်နိုင်မည့် ပြတင်းပေါက်တစ်ခု ပွင့်လာသည်။ အနောက် အင်အားကြီး နိုင်ငံများအနေဖြင့် မြန်မာအစိုးရသစ်နှင့် ကိစ္စရပ်မျိုးစုံကို အမြန်ဆုံး တွေ့ဆုံ ဆွေးနွေးမှု ပြုလုပ်ရန်နှင့် မူဝါဒများကို ညှိနှိုင်း ပြောင်းလဲဖို့ အဆင်သင့် ရှိကြောင်း ပြသရန် လိုအပ်သည်” ဟု ဖော်ပြထားသည်။

တိုင်းနှင့် ဒေသကြီး လွှတ်တော်များ

ဤနေရာတွင် တစ်ဝက်တစ်ပျက် မေးခွန်းတစ်ခု ရှိနေသည်။ ပြည်တွင်းမှ အတိုက်အခံများကို ပုံသွင်းပေးမည့် အပြင် နိုင်ငံတကာ (အနောက် နိုင်ငံ များ၊ တရုတ် အပါအဝင် မြန်မာ အိမ်နီးချင်းများ) က မြန်မာအပေါ် ထားသည့် မူဝါဒကို ပုံသွင်းပေးမည့် မေးခွန်းဖြစ်သည်။

ယခု တက်လာသည့် အစိုးရသစ်တွင် တပ်မတော်အရာရှိ ၃ ဦး၊ တပ်မတော် နောက်ခံ အရပ်ဝတ်လဲ ဝန်ကြီး ၂၃ ဦးနှင့် အရပ်သား စစ်စစ် ပညာရှင် ၄ ဦးတို့ ပါဝင်သည်။

ဗိုလ်ချုပ်ကြီးဟောင်း၊ ယခင် ဝန်ကြီးချုပ်ဟောင်း သမ္မတသစ် ဦးသိန်းစိန်သည် ဗိုလ်ချုပ်မှူးကြီး သန်းရွှေကို သစ္စာရှိသူ တစ်ဦးဟု သတ်မှတ် ထားကြပြီး အမှန်စင်စစ် လွှတ်တော်က ရွေးချယ် ဟန်ဆောင်ကာ ဗိုလ်ချုပ်မှူးကြီးက သူ့ကို ရွေးချယ် တာဝန်ပေးခဲ့ခြင်း ဖြစ်သည်ဟု ဆိုသည်။

ဒုတိယ သမ္မတနှစ်ဦး အနက် ပထမတစ်ဦးမှာ ဗိုလ်ချုပ်ကြီးဟောင်း တင်အောင်မြင့်ဦး ဖြစ်ပြီး နောက်တစ်ဦးမှာ ရှမ်းပြည်နယ်မှ အရပ်သား ဆရာဝန် ဒေါက်တာ စိုင်းမောက်ခမ်း ဖြစ်သည်။

ပြည်တွင်း ပြည်ပက ဝိုင်းဝန်း ရှုတ်ချခဲ့ကြသည့် ရွေးကောက်ပွဲတွင် ၈၀ ရာခိုင်နှုန်း အနိုင် ရထားသည့် ပြည်ခိုင်ဖြိုး ပါတီက လွှတ်တော်သစ်ကို လွှမ်းမိုး ထားသည့် အပြင် ၂၀၀၈ အခြေခံ ဥပဒေအရ လွှတ်တော် အမတ်နေရာ ၂၅ ရာခိုင်နှုန်းကို တပ်မတော်အတွက် သီးသန့် ဖယ်ပေး ထားသည်။

လွှတ်တော်အတွင်း ဆွေးနွေးမှုများကို တံခါးပိတ်၍ ပြုလုပ်ခဲ့သည့် ပြည်သူများ၊ သံတမန်များ၊ သတင်းထောက်များအား လွှတ်တော်ကို စောင့်ကြည့် လေ့လာခြင်း မပြုရန် တားဆီးထားသည်။

လွှတ်တော် အမတ်များအား လက်ကိုင်ဖုန်း၊ ကင်မရာနှင့် ကွန်ပျူတာများ လွှတ်တော် အတွင်းသို့ ယူလာခွင့် မပြုသည့်အပြင် မေးခွန်းများကိုလည်း အနည်းဆုံး ၁၅ရက် ကြို၍ တင်ပြရသည်ဟု ဆိုသည်။ ဇန်နဝါရီ ၃၁ ရက်က စတင် ဖွင့်လှစ် ကျင်းပသည့် လွှတ်တော် အစည်း အဝေးများသည် များသော အားဖြင့် ၁၅ မိနစ်ခန့်သာ ကြာပြီး နောက်ပိုင်းတွင် ပြည်တွင်း၊ ပြည်ပက ဝိုင်းဝန်း လှောင်ပြောင်မှု များကြောင့် အချိန်တိုး၍ ပြုလုပ်ခဲ့သည်။

ကာကွယ်ရေး ကဏ္ဍအတွက် ဘတ်ဂျက် ၂၅ ရာခိုင်နှုန်း၊ ကျန်းမာရေး ကဏ္ဍအတွက် ဘတ်ဂျက် ၁ ရာခိုင်နှုန်း ခွဲတမ်း ချပေးသည့် ၂၀၁၁-၂၀၁၂ ဘတ်ဂျက်ကို အတည်ပြုခြင်းနှင့် ဝန်ကြီးသစ်များ စာရင်းကို အတည်ပြုခြင်း တို့မှာ လွှတ်တော် အစည်းအဝေး၏ အဓိက ရလဒ်များ ဖြစ်သည်။ ဗြိတိန် အခြေစိုက် Network Myanmar အုပ်စု၏ ဥက္ကဋ္ဌ Derek Tonkin က “အချိန် အတိုင်းအတာ တစ်ခု ကျော်သွားရင်တော့ အောက်လွှတ်တော်က ပိုမို စွမ်းအားပြည့် ဆွေးနွေးနိုင်တဲ့ နေရာတစ်ခု ဖြစ်လာမယ်လို့ ကျွန်တော်တို့ မျှော်လင့်လို့ ရပါတယ်” ဟု ပြောကြားပြီးနောက် “ဒါပေမယ့် နှစ်အနည်းငယ်တော့ စောင့်ရမှာပါ” ဟု၎င်းက ဝန်ခံ ပြောဆိုသည်။

တိုင်းနှင့် ဒေသကြီး လွှတ်တော်များ၏ မြင်ကွင်းကမူ အနည်းငယ် ကွဲပြား ခြားနားမှု ရှိသည်။ ပြည်ခိုင်ဖြိုး ပါတီက အမတ်နေရာ အသင့်အတင့် ရရှိထားသော်လည်း လူများစုဖြင့် လွှမ်းမိုး ထားနိုင်ခြင်း မရှိပါ။ “အနည်းဆုံးတော့ တိုင်းရင်းသား ပါတီတွေက သူတို့ရဲ့ အရေးကိစ္စတွေနဲ့ ပတ်သက်လို့ အတော် အတန် သြဇာ ရှိနေပါတယ်” ဟု Ton kin က မှတ်ချက် ပေးသည်။

အနားယူမည့် အစီအစဉ်

အနာဂါတ်တွင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေ မည်သည့်ကဏ္ဍက ပါဝင်မလဲ ဆိုသည့်ကိစ္စမှာ အဓိက မေးခွန်း ဖြစ်သည်။ အကြွင်းမဲ့ အာဏာရှင် အနေဖြင့် တရားဝင် ရာထူး တစ်မျိုးမျိုး ဆက်၍ ယူ/မယူ ဆိုသည့် ကိစ္စမှာ ပညာရှင်တို့နှင့် ပို၍ သက်ဆိုင်သည်။

၎င်းအနေဖြင့် ကန့်လန်ကာ နောက်ကွယ်မှ ဆက်လက် ထိန်းချုပ်ရန် ကြိုးစားလိမ့်မည်ဟု အကဲခတ် ပညာရှင် အများစုက ယူဆထားကြသည်။ “တရားဝင် ဖွဲ့စည်းပုံ အရတော့ ဗိုလ်ချုပ်မှူးကြီး တပ်မတော်က အနားယူဖို့ များပါတယ်” ဟု အမေရိကန် အခြေစိုက် မြန်မာ့ရေးရာ ကျွမ်းကျင်သူ ဦးဝင်းမင်းက သုံးသပ် ပြောကြားသည်။

“သူက ကြိုတင် ပြင်ဆင် ထားပြီးသားပါ၊ သမ္မတ၊ လွှတ်တော် ဥက္ကဋ္ဌတွေ၊ ပါတီဥက္ကဋ္ဌ၊ ကာကွယ်ရေး ဦးစီးချုပ်တို့ကို အမိန့်ပေးဖို့ ခေါ်တွေ့နိုင်မယ့် ရုံးခန်းပါတဲ့ အိမ်ကို အခုနေတဲ့ စစ်ရုံး ဧရိယာ ထဲကနေ ပြောင်းနေပါပြီ” ဟု ပြောကြားသူ ဦးဝင်းမင်းက “တကယ်လို့ ဦးသန်းရွှေရဲ့ ကျန်းမာရေး ရုတ်တရက် ဖောက်လာမယ် ဆိုရင်တော့ ကိစ္စတွေ အားလုံး မြန်မြန်ဆန်ဆန် ပြိုပျက် သွားနိုင်ပါတယ်” ဟု သတိပေး ပြောကြားသည်။

ဗိုလ်ချုပ်မှူးကြီး၏ “အနားယူ အစီအစဉ်” ချောမွေ့မှု မရှိသည့် လက္ခဏာများလည်း တွေ့နေရသည်။ နိုင်ငံရေး စနစ်သစ်၊ အစိုးရသစ်တွင် ထိပ်တန်း ရာထူး မရသော ထိပ်ပိုင်းစစ်ဖက် ခေါင်းဆောင်အချို့ စိတ်ကျေနပ်မှု မရှိကြောင်း နေပြည်တော် သတင်းရပ်ကွက်က ဆိုသည်။

အထက်ပါ အချက်များကို မြန်မာနိုင်ငံတွင် အခြေခံကျသော ပြောင်းလဲမှု တစ်ခု ရှိကြောင်း ညွှန်ပြနေသည်။ ယခင် စနစ်ဟောင်း၏ အာဏာကို ဗိုလ်ချုပ်ကြီးများ၏ လက်သို့ စုစည်း ပေးထားကာ ဗိုလ်ချုပ်မှူးကြီး သန်းရွှေက ထိပ်ဆုံးတွင် ဆက်၍ ထိုင်နေခြင်းပင် ဖြစ်သည်။

ယခုအခါ မြန်မာနိုင်ငံတွင် သီးခြားစီ အပြိုင်အဆိုင် ရပ်တည်ကြဖွယ် ရှိသည့် အာဏာ ဗဟိုချက်များ ပေါ်လာသည်၊ အစိုးရသစ်ကို ဦးဆောင်မည့် ဗိုလ်ချုပ်ဟောင်းများ၊ အစိုးရ အဖွဲ့ထဲမှ တာဝန်ထမ်းဆဲ ဗိုလ်ချုပ်များ၊ လွှတ်တော်ထဲမှ တပ်မတော် အရာရှိ အုပ်စု၊ နှင့် လက်နက်ကိုင် တပ်မတော် အဖွဲ့အစည်း စသည့် အုပ်စုများပင် ဖြစ်သည်။

အဆုံးစွန် ဆိုရသော် ကမ္ဘာတစ်လွှားမှ အခြားအစိုးရများ ကဲ့သို့ပင် မြန်မာအစိုးရသစ် ကိုလည်း ယင်း၏ လုပ်ဆောင်ချက်များကသာ ဆုံးဖြတ် ပေးသွားပါလိမ့်မည်။ သို့ဖြစ်ရာ ၎င်းလုပ်ဆောင်ချက်များကို လွှမ်းမိုးနိုင်ခြင်း ရှိ/မရှိ ဟူသော မေးခွန်း ထွက်ပေါ်လာသည်။ “တကယ်လို့ အနောက် အုပ်စုက sanctions တွေနဲ့ ဝိုင်းဝန်းပစ်ပယ်တဲ့ ပုံစံကို ဂရုမစိုက်ပဲ ဆက်လုပ် နေတယ်လို့ မြန်မာအစိုးရသစ်က ယူဆသွားမယ် ဆိုရင် ဆက်ဆံရေး တိုးတက်အောင် ကြိုးစားဖို့ စိတ်ဝင်စားမှာ မဟုတ်တော့ပါဘူး” ဟု International Crisis Group က သတိပေး ပြောကြား ထားသည်။

“ဒီလိုသာ ဆိုရင်တော့ အသုံးမကျတဲ့ မြန်မာအစိုးရနဲ့ အသုံးမဝင်တဲ့ sanctions မူဝါဒ ဆိုတဲ့ ကျွဲနှစ်ကောင် ခတ်တဲ့ ကြားမှာ မြန်မာပြည်သူတွေ မြေတပင် ဖြစ်နေရဦးမှာပါ” ဟု ICG အုပ်စုက ပြောဆိုခဲ့သည်။

တနည်းပြောရမည် ဆိုလျှင် မြန်မာ ပြည်သူများ အနေဖြင့် ယခင်စစ်အစိုးရ အောက်တွင် နေခဲ့ရသည့် နည်းတူ ယခု စနစ်သစ်တွင်လည်း အလားတူ ပုံစံမျိုးဖြင့် ဘဝဆုံး ရတော့မည့် အန္တရာယ်နှင့် ရင်ဆိုင် ကြုံတွေ့ နေရခြင်း ဖြစ်သည်။

**************************************************************************************************************************

မြန်မာအရပ်ဖက် အစိုးရထံမှ အပြောင်းအလဲ ထွက်ပေါ်လာရန် မျှော်လင့်ချက်နည်း

(The Manila Times မှ 1 April 2011 ရက်စွဲပါ “Very few  hope for change in Myanmar civilian govt” သတင်းကို ဘာသာပြန်ဆိုသည်)

နာမည်ခံ အရပ်ဖက်အစိုးရ အဖြစ် ကိုယ့်ကိုကိုယ် နာမည်ပြောင်းခဲ့သည့် မြန်မာအစိုးရ၏ ကြိုးပမ်းမှုသည် ပြည်တွင်း၊ ပြည်ပမှ သံသယဖြင့် ဝေဖန်မှုများကို ရင်ဆိုင်ရပြီး ဝေဖန်ဆန်းစစ်သူများကလည်း တပ်မတော်၏ အာဏာသည် ကန့်လန့်ကာ နောက်ကွယ်သို့ ရွှေ့သွားခြင်းမျှသာဖြစ်သည်ဟု စိုးရိမ်တကြီး သုံးသပ်ခဲ့ကြသည်။

အနှစ်ငါးဆယ် စစ်အုပ်ချုပ်ရေးအပြီး လူမုန်းများနေသော တပ်မတော်အစိုးရကို ဖျက်သိမ်းကာ ဗိုလ်ချုပ်ကြီးဟောင်း သိန်းစိန်ကို သမ္မတရာထူး ခန့်အပ်ပြီး နောက်တစ်ရက်တွင် ရန်ကုန်မြို့တော်လမ်းများပေါ်၌ သတင်းစာများ ရောင်းကောင်းခဲ့သည်။

အမိန့်ကြော်ငြာစာ အသစ်က ပြည်သူတို့၏ စိတ်ဝင်စားမှုကို နှိုးဆွပေးခဲ့သော်လည်း အကောင်းမြင်မှု အနည်းငယ်သာရှိသည်။ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ပါဝင်ခြင်း မရှိပဲ တပ်မတော် အဖွဲ့အစည်းကသာ လွှမ်းမိုးထားသည့် လွှတ်တော်သစ်သည် သာမန်ပြည်သူများ  အကြား လူပြောများနေသော ကိစ္စတစ်ခုဖြစ်သည်ဟု ကုမ္ပဏီတစ်ခုမှ မန်နေဂျာဖြစ်သူ ကိုနိုင်ကပြောကြားသည်။

“ဒါပေမယ့် ဗိုလ်ချုပ်ကြီးတွေက ယူနီဖောင်းချွတ်တာလောက်တာ တွေ့ရတဲ့အတွက်ကြောင့် နိုင်ငံမှာ အပြောင်းအလဲတွေရှိလိမ့်မယ်လို့ ပြည်သူ တွေက မယူဆကြပါဘူး၊ ကျွန်တော်တို့အားလုံး များများစားစား မျှော်လင့်ထားတာမရှိပါဘူး” ဟုကိုနိုင်က AFP သို့ပြောကြားခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည်ကို ဘေးဖယ်ထားခြင်း၊ ပြည်ခိုင်ဖြိုးပါတီ အနိုင်ရရန် မဲလိမ်ခြင်းတို့ကြောင့် နာမည်ပျက်ခဲ့ရသည့် အပြင် စစ်အုပ်ချုပ် ရေးကို အရပ်ဖက် မျက်နှာဖုံးတတ်သည့် ရွေးကောက်ပွဲအတုဟု ဝေဖန်ဆန်းစစ်သူများ မှတ်ချက်ပေးခြင်းခံရသည့် သိက္ခာမဲ့ နိုဝင်ဘာ ရွေးကောက်ပွဲများ အပြီးတွင် ယခုနောက်ဆုံး ဗုဒ္ဓဟူးနေ့က အာဏာလွှဲပြောင်းမှုကို ပြုလုပ်ခဲ့ခြင်းဖြစ်သည်။

ယင်းကဲ့သို့ အာဏာလွှဲပြောင်းမှုတွင် အာဏာရှင်ဗိုလ်ချုပ်မှူးကြီးသန်းရွှေက တပ်မတော် အကြီးအကဲရာထူးကို မလွှတ်ချင်လွှတ်ချင်ဖြင့် စွန့်လွှတ်ခဲ့ သော်လည်း နောက်ကွယ်မှ ဆက်လက် ကြိုးကိုင်နိုင်ရန်နည်းလမ်းရှာဖွေလိမ့်မည်ဟု အကဲခတ်ပညာရှင်များက ယုံကြည်ထားကြသည်။

ကြာသပတေးနေ့ထုတ် အစိုးရ အာသော် New Light of Myanmar သတင်းစာတွင် ဖော်ပြထားသည့် ရှားရှားပါးပါး မိန့်ခွန်းတွင် ဦးသိန်းစိန်က “ပြည်သူတွေက ကျွန်တော်တို့ကို ရွေးချယ်တင်မြှောက်ပြီး လုပ်ပိုင်ခွင့်အာဏာပေးခဲ့ပါတယ်” ဟု ကာကွယ် ပြောကြားခဲ့သည်။

“မြန်မာနိုင်ငံမှာ ဒီမိုကရေစီထွန်းကားပြီး ပြည်သူတွေရဲ့ လူမှုစီးပွားရေး တိုးတက်ဖွံ့ဖြိုးတာကို မြင်ချင်တဲ့ နိုင်ငံတွေ ကျွန်တော်တို့အစိုးရသစ်နဲ့ ပူးပေါင်းဆောင်ရွက်ဖို့အတွက် ဖိတ်ခေါ်တိုက်တွန်းလို့ရပါတယ်” ဟုလည်း ဦးသိန်းစိန်က ပြောကြားခဲ့သည်။

သို့သော်လည်းအမေရိကန်ပြည်ထောင်စုက မြန်မာနိုင်ငံမှ ဖိနှိပ်ချုပ်ချယ်သော နိုင်ငံရေးနယ်ပယ်အခြေအနေကို စိုးရိမ်ပူပန်ကြောင်း ထုတ်ဖော်ပြောဆိုခဲ့သလို ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းကလည်း ယခုပြောင်းလဲမှုသည် အစစ်အမှန်ဖြစ်ကြောင်း သက်သေပြရန် မြန်မာနိုင်ငံကို တိုက်တွန်းခဲ့သည်။

တရုတ်နိုင်ငံကမူ “မြန်မာနိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်ရေးလမ်းကြောင်း လွတ်လပ်စွာ ရွေးချယ်မှုကို ထောက်ခံကြောင်း၊ ဒီမိုကရေစီရေး တိုးတက်မှုနှင့် နိုင်ငံတည်ငြိမ်မှုကို မြင်တွေ့ရန် မျှော်လင့်ကြောင်း၊ သို့မှသာ ဒီမိုကရေစီ ဖွံ့ဖြိုးတိုးတက်မှုကို ရရှိမည်ဖြစ်ကြောင်း” ထုတ်ပြန်ကြေညာခဲ့သည်။

မြန်မာနိုင်ငံအပေါ် သြဇာလွှမ်းမိုးသော မြောက်ဖက်အိမ်နီးချင်း တရုတ်နိုင်ငံက တနင်္ဂနွေနေ့တွင် ဦးသိန်းစိန်နှင့်တွေ့ဆုံရန် ထိပ်ပိုင်း တာဝန်ရှိသူ တစ်ဦး စေလွှတ်မည်ဖြစ်ရာ ဦးသိန်းစိန်၏ သမ္မတသက်တမ်းတွင် ပထမဆုံး နိုင်ငံတကာ ဆက်ဆံမှုဖြစ်လာပါလိမ့်မည်။

မြန်မာနိုင်ငံတွင် နိုဝင်ဘာလက ရွေးကောက်ပွဲ ကျင်းပခြင်းနှင့် ကျင်းပပြီး တစ်ပတ်အကြာတွင် ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ပေးခြင်း ကိစ္စများက အတိုက်အခံများကို အုပ်စုကွဲသွားစေသည့်အပြင် sanctions ကိစ္စ အပေါ် အငြင်းအခုန်ဖြစ်အောင် မီးမွှေးပေးခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည်ကို တမင်ဖယ်ထုတ်ထားသည့် ရွေးကောက်ပွဲကို သပိတ်မှောက်ခြင်းကြောင့် ပါတီဖျက်သိမ်းခံရပြီး လွှတ်တော်တွင် တရားဝင် ရပ်တည် ပြောဆိုခွင့် မရှိတော့သည့်အတိုက်အခံ NLD ပါတီက ယခု အပြောင်းအလဲများကို အသိအမှတ်ပြုသည်ဟု ပြောကြားခဲ့သည်။

“အမျိုးသား ပြန်လည်စေ့စပ်ညှိနှိုင်းရေးကို အဓိက ဦးတည်လုပ်ဆောင်နေတဲ့ NLD ပါတီအနေနဲ့ အစိုးရအဖွဲ့သစ်နဲ့ ဒိုင်ယာလော့ စတင်နိုင်ဖို့ မျှော်လင့် နေပါတယ်” ဟု NLD ပါတီ၏ ပြောရေးဆိုခွင့်ရှိသူ ဦးဥာဏ်ဝင်းက ပြောကြားသည်။

ရွေးကောက်ပွဲဝင်ရန် အတွက် ဒေါ်အောင်ဆန်းစုကြည်၏ ပါတီနှင့် လမ်းခွဲခဲ့သော အမျိုးသားဒီမိုကရေစီ အင်အားစု NDF ပါတီကလည်း “ကျန်းမာရေးနှင့် ပညာရေးကဏ္ဍအပေါ် ဦးစားပေးဖို့ ကတိပြုလိုက်တဲ့ သမ္မတကြီးရဲ့ မိန့်ခွန်းဟာ သိပ်ကို အဓိပ္ပာယ်ပြည့်ဝပါတယ်” ဟုမှတ်ချက်ပေးသည်။

“သမ္မတကြီးဆီမှာ ပြုပြင်ပြောင်းလဲလိုတဲ့ ဆန္ဒရှိနေတာကို ကျွန်တော်တို့မြင်နိုင်ပါတယ်၊ ဒါပေမယ့်  တကယ်ဖြစ်လာမှာလား ဆိုတာကိုတော့ စောင့်ကြည့်ရမှာပေါ့” ဟု NDF ခေါင်းဆောင်ဦးခင်မောင်ဆွေက ပြောကြားသည်။၊

ဗိုလ်ချုပ်မှူးကြီးသန်းရွှေ၏ သစ္စာခံ၊ ယခင်ဝန်ကြီးချုပ်ဟောင်း ယခု သမ္မတသစ် ဦးသိန်းစိန် သည် မနှစ်က ရွေးကောက်ပွဲဝင်ရန် ယူနီဖောင်း ချွတ်ခဲ့ပြီး ယခု အရပ်သား လွှတ်တော်အမတ်ဖြစ်နေသည့် ဗိုလ်ချုပ်ဟောင်း အုပ်စုထဲမှ တစ်ဦးသာဖြစ်သည်။

ဦးသိန်းစိန်၏ တပ်မတော်နောက်ခံ ပြည်ခိုင်ဖြိုးပါတီသည် လွှတ်တော်ကိုယ်စားလှယ်နေရာ ၄၉၃ အနက် ၃၈၈ နေရာအနိုင်ရအောင် ကြံစည် ဖန်တီးလုပ်ကိုင်ခဲ့ပြီး တပ်မတော် ကိုယ်စားလှယ်များကလည်း လွှတ်တော်အမတ်နေရာ လေးပုံတစ်ပုံကို ကြိုတင်ရယူထားပြီးဖြစ်သည်။

****************************************************************************************************************************

မြန်မာနိုင်ငံအတွက် ဆိုးရွားသော စီးပွားရေးလုပ်ငန်း

(3 April 2011 ရက်စွဲပါ The New York Times မှ Matthew F.Smith ၏ Bad Business for Burma ကို ဘာသာ ပြန်သည်)

မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က မကြာသေးမီက အနောက် နိုင်ငံအား မြန်မာနိုင်ငံအပေါ် စီးပွားရေးအရ အရေးယူပိတ်ဆို့မှုများ ဆက်လက် ထားရှိရန် တိုက်တွန်းခဲ့သည်။ ကမ္ဘာပေါ်တွင် သက်တမ်း အရှည်ဆုံး စစ်အာဏာရှင် နိုင်ငံ ဖြစ်သော မြန်မာနိုင်ငံတွင် ၎င်း၏ ဖိနှပ်သော နည်းလမ်းများကို ပိုမို တင်းတင်းကြပ်ကြပ် လုပ်ဆောင်လာသည်။ နိုင်ငံရေး အကျဉ်းသား (၂၀၀၀) ကျော်သည် ထောင်ထဲတွင် ရှိနေဆဲဖြစ်ပြီး၊ မတရား ဖမ်းဆီးခြင်း၊ ဥပဒေမဲ့ သတ်ဖြတ်ခြင်း၊ နှိပ်စက်ခြင်းနှင့် အခြား ကျူးလွန်မှုများကို အထူးသဖြင့် တိုင်းရင်းသား ဒေသများတွင် ကျယ်ကျယ်ပြန့်ပြန့် စနစ်တကျ လုပ်ဆောင်နေဆဲ ဖြစ်သည်။

မည်သို့ပင်ဖြစ်စေ ဒေါ်အောင်ဆန်းစုကြည်၏ သတင်းစကားကို သဘော မတူညီမှုများ မရှိဟု မဆိုနိုင်ပေ။ သူမ၏ သတင်းစကားမှာ ဥရောပ သမဂ္ဂက ၎င်း၏ အငြင်းပွားနေသော sanction မူဝါဒကို ပြန်လည် မစဉ်းစားမီ ထွက်ပေါ်လာခြင်း ဖြစ်သည်။ အချို့ sanction ရုတ်သိမ်းရန် သဘောတူသော အနောက်နိုင်ငံ မူဝါဒ ချမှတ်သူများ၊ အမှုဆောင်များနှင့် ဥာဏ်ကြီးရှင် အဖွဲ့များသည် မြန်မာ စစ်ဗိုလ်ချုပ်များ၊ ၎င်းတို့၏ ခရိုနီများနှင့် စီးပွားရေးအရာ ဆက်ဆံမှုများ ပြုလုပ်ရန် နိုးဆော်လျက် ရှိသည်။ အရေးယူ ပိတ်ဆို့ရေး မူဝါဒသည် ခေတ်မမှီတော့သော မူဝါဒတစ်ခု ဖြစ်ရုံမက၊ မထိရောက်ကြောင်း၊ မြန်မာ ပြည်သူများသည် တရုတ်ကို အသာစီးရစေကြောင်း၊ တရုတ်သည် မြန်မာ နိုင်ငံသို့ ၎င်း၏ ကုမ္ပဏီ အများအပြား စေလွှတ်ပြီး စွမ်းအင်ကဏ္ဍတွင် များစွာ နေရာယူလျက် ရှိသည်ဟု ဆိုသည်။

Beijing သည် မြန်မာနိုင်ငံတွင် ကုန်းတွင်းပိုင်းနှင့် ကမ်းလွန်ပိုင်းတွင် ရေနံနှင့် ဓါတ်ငွေ့ ကုမ္ပဏီ (၁၆) ခုခန့် စေလွှတ်ထားရာ၊  အခြား တိုင်းပြည်များထက် ပိုများသည်။ ယခုအချိန် အထိမူ ထိုပရောဂျက်များနှင့် ပတ်သက်၍ သတင်း အချက်အလက်များ သိပ်မထွက်သော်လည်း၊ ၎င်းတို့အနက် အကြီးဆုံးမှာ တရုတ်သို့ ဖောက်လုပ်မည့် ရေနံနှင့် သဘာဝဓါတ်ငွေ့ ပိုက်လိုင်း ဖြစ်သည်။

မိုင် ငါးရာရှည်မည့် ၎င်းပိုက်လိုင်းသည် မြန်မာနိုင်ငံ၏ တောင်များ၊ ထူထပ်သောတောများ၊ မိုးခေါင်ရေရှားလွင်ပြင်များ၊ အရေးကြီးသော မြစ်များ၊ မအေးချမ်းသော နယ်မြေများနှင့် လူဦးရေ ထူထပ်သော နေရာများကို ဖြတ်သန်းသွားမည် ဖြစ်ပြီး၊ Beijing အဖို့ မလက္ကာ ရေလက်ကြားကို ရှောင်ရှားနိုင်မည် ဖြစ်ပြီး၊ ကုန်းတွင်းပိတ် ယူနန်ပြည်နယ်သို့ ရေနံနှင့် သဘာဝ ဓါတ်ငွေ့ကို တိုက်ရိုက် ပို့ဆောင်နိုင်မည် ဖြစ်သည်။

ပေါက်ကြားလာသော စာရွက်စာတမ်းများ၊ မြန်မာနိုင်ငံတွင် ထိုပရောဂျက်ကြောင့် ထိခိုက်သော လူဦးရေ အချို့ကို လျှို့ဝှက် အင်တာဗျူးများအရ မြန်မာ စစ်တပ်သည် အဆိုပါ ပရောဂျက်ကြောင့် ဖြစ်ပေါ်သော လူ့အခွင့်အရေးနှင့် ၎င်း၏ ဆက်စပ်သော အခြေခံ အဆောက်အဦးများ ကိုလည်း တာဝန်ယူ ရသည်ကို သိရှိရသည်။

ယခု အချိန်အထိ အများဆုံး ချိုးဖောက်မှုမှာ မြေများ သိမ်းယူခြင်းနှင့် အတင်းအဓမ္မ ရွှေ့ပြောင်း စေခြင်းများ ဖြစ်သည်။ မိသားစုများသည် ၎င်းတို့၏ မြေများကဲ့သို့ ပိုင်ဆိုင်မှုများ ဆုံးရှုံးရပြီး၊ အချို့ အနည်းငယ် လျော်ကြေးရပြီး အချို့ မရကြပေ။ ၎င်းတို့ကို ဆင်းရဲတွင်း နက်စေခဲ့သည်။

“မိသားစု စားစရာ ဆန်တောင် လုံလုံ လောက်လောက် မရှိတော့ပါဘူး။ ကျွန်တော့် မိသားစု အတွက် စိုးရိမ်ပါတယ်” ဟု မိသားစု အစဉ်အဆက် စိုက်ပျိုးလာသော လယ်မြေ ဆုံးရှုံးသွားသော လယ်သမား တစ်ဦးက ပြောသည်။

ကြမ်းကြမ်း တမ်းတမ်း ကျူးလွန်မှုများလည်း ရှိပါသေးသည်။ “စစ်ထောက်လှမ်းရေး တွေက ကျွန်တော့်ကို မျက်လုံးပိတ်ပြီး ခေါ်သွားတယ်။ သူတို့ ဘယ်ခေါ်သွားလည်း ကျွန်တော် မသိဘူး။ ပြတင်းပေါက် မရှိတဲ့ အခန်းထဲမှာ လေးရက် နှိပ်စက်ပြီးမှ တရားရုံးကို ပို့ပါတယ်။ ရှေ့နေလည်း ငှားခွင့် မရှိပါဘူး”ဟု ရခိုင်လူမျိုး တစ်ဦးက ပြောသည်။

၎င်းက ပြောကြားရာတွင် တရားရုံး၌ ငါးမိနစ်သာ ကြာပြီး ၎င်းအား တရားသူကြီးက အင်းစိန် ထောင်ထဲတွင် ဆိုးရွာသော အခြေအနေနှင့် နေခဲ့ရကြောင်း၊ ၎င်း၏ ပြစ်မှုမှာ ပိုက်လိုင်း အကြောင်း နားလည်ရန် ရပ်ကွက်ထဲတွင် သင်တန်းနှစ်ကြိမ် ပေးမိ၍ဟု ဆိုသည်။

အံ့သြစရာ မကောင်းသော အချက်တစ်ခုမှာ အင်တာဗျူး လုပ်သမျှ ရွာသားများတွင် တစ်ဦး တစ်လေကမျှ  ပိုက်လိုင်းကို ထောက်ခံသူ မတွေ့ရခြင်းပင် ဖြစ်သည်။

မြန်မာနိုင်ငံ၏ ဖွံ့ဖြိုး တိုးတက်မှုအတွက် အကြီးဆုံး အကျိုးစီးပွားမှာ ထိုပရောဂျက်များမှ နှစ်စဉ် ဓါတ်ငွေ့ ရောင်းရငွေ၊ အခွန်ငွေ၊ ခံစားခွင့်များနှင့် ထုတ်လုပ်မှု အကျိုး ခံစားခွင့်များမှ ဒေါ်လာ ဘီလီယံနှင့် ချီ၍ ရမည်ဖြစ်သည်။ အတိတ်ဖြစ်ရပ်များ အရ ပြန်လည်သုံးသပ်ရမည်ဆိုလျှင် ထိုဝင်ငွေ များသည် စစ်အုပ်ချုပ်သူများ ထံသို့သာ ရောက်သွားမည် ဖြစ်ပြီး လူတန်းစားကွာဟချက်ကို ပိုမိုကြီးမားစေမည်ဖြစ်သည်။ မြန်မာနိုင်ငံသည် ကမ္ဘာပေါ်တွင် ဒုတိယအဆိုးရွားဆုံး အကျင့်ပျက် ခြစားသည့်နိုင်ငံဖြစ်ပြီး၊ အောက်တွင် ဆိုမာလီရာ နိုင်ငံသာ ရှိကြောင်း Transparency International ၏ အစီရင်ခံစာအရ သိရှိရသည်။

နိုင်ငံတကာ အသိုင်းအဝိုင်းက ပစ်မှတ်လုပ်၍ sanctionများ လုပ်မထားခဲ့သော်၊ ပိုက်လိုင်းမှ ရသော ဝင်ငွေများသည် အစိုးရဘတ်ဂျက်တွင် မထည့်သွင်းပဲ ရှိနေဦးမည် ဖြစ်ပြီး စစ်အုပ်ချုပ်သူ များနှင့် ၎င်းတို့နှင့် နီးစပ်သော သူများအတွက် နိုင်ငံရပ်သားရှိ ဘဏ်စာရင်းများတွင်သာ ရှိနေမည် ဖြစ်သည်။ ဓါတ်ငွေ့ရောင်းရခြင်းမှာ ဒေါ်လာများ ဘီလီယံချီ၍ ရခဲ့သော်လည်း ဆေးရုံများ ကျောင်းများ တိုးပွားလာခြင်း မရှိပေ။ သို့သော် အုပ်စိုးသူ လူတန်းစားနှင့် မိသားစု များတွင် အိမ်ကောင်းကြီးများ ဇိမ်ခံကားများ တိုးပွားလျက် ရှိသည်။

Sanction မူဝါဒများကို ပြန်လည်သုံးသပ်ရာတွင် အနောက်နိုင်ငံ ရေနံနှင့်သတ္တု ကုမ္ပဏီများသည် မြန်မာနိုင်ငံ ဖွံ့ဖြိုးရေး အတွက် တရုတ်ထက် ၎င်းတို့က ပိုလုပ်နိုင်မည်ဟု အထင် မရောက် စေလိုပေ။ ကုမ္ပဏီတစ်ခုသည် မည်မျှ ရည်ရွယ်ချက် ကောင်းပါစေ။ ပရောဂျက် ပြုလုပ်ရာ နေရာများတွင် မည်မျှ တာဝန်ယူဖြစ်ပါစေ၊ ရက်စက်မှုများ ရှိနေဦးမည်သာ ဖြစ်ပြီး၊ ကြီးမားလှသော ဝင်ငွေများကလည်း စစ်တပ်အိတ်ထဲသို့သာ ရောက်သွားပြီး အာဏာရှင် စနစ်ကိုသာ ပိုမို အားကောင်းစေမည် ဖြစ်ပြီး အပေါင်းလက္ခဏာ ဆောင်သော ပြောင်းလဲမှုများ ဖြစ်လာနိုင်မည် မဟုတ်ပေ။

အဓိပ္ပာယ် ရှိသော နိုင်ငံရေး ပြောင်းလဲမှုများ မရှိသေးသမျှ ယနေ့ မြန်မာနိုင်ငံ၏ စွမ်းအင် ပရောဂျက် အသစ်များသည် တရုတ်အတွက်၊ အနောက်နိုင်ငံ အတွက် သို့မဟုတ် မြန်မာပြည်သူများ အတွက် စီးပွား ဖြစ်လိမ့်မည် မဟုတ်ပေ။

**********************************************************************************************************************************

အစိုးရသစ် ပေါ်ထွန်းစ မြန်မာသို့ တရုတ်ထိပ်တန်း နိုင်ငံရေး အကြံပေးပုဂ္ဂိုလ် လာရောက်

(Xinhua သတင်းကို ဘာသာ ပြန်ဆိုသည်)

တရုတ်ပြည်သူ့ သမ္မတနိုင်ငံ၏ ထိပ်တန်း နိုင်ငံရေး အကြံပေးပုဂ္ဂိုလ် ကျာချင့်လင်သည် အိမ်နီးချင်း မြန်မာနိုင်ငံသို့ အလည်အပတ် ခရီးစဉ်အဖြစ် ဧပြီလ ၁ ရက်နေ့တွင် စတင် ရောက်ရှိလာကြောင်း အစိုးရ သတင်း ထုတ်ပြန်ချက်များအရ သိရသည်။ တရုတ် ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေးဗျူရို အမြဲတမ်း ကော်မတီဝင် နှင့် တရုတ်ပြည့်သူ့ နိုင်ငံရေး အတိုင်ပင်ခံ ကွန်ဖရင့်၏ ၁၁ ကြိမ်မြောက် အမျိုးသား ကော်မတီ ဥက္ကဌလည်း ဖြစ်သူ မစ္စတာ ကျာချင့်လင်သည် မြန်မာနိုင်ငံ ခရီးစဉ်အတွင်း နှစ်နိုင်ငံ အစဉ်အလာ ချစ်ကြည်ရင်းနှီးမှု မြှင့်တင်ရန် နှင့် မတူညီသော နယ်ပယ် အသီးသီးတွင် ပူးပေါင်းဆောင်ရွက်မှုများ လုပ်ဆောင်ရန် အစိုးရသစ် ခေါင်းဆောင်များနှင့် တွေ့ဆုံမည် ဖြစ်သည်။

တရုတ်နှင့် မြန်မာ နှစ်နိုင်ငံသည် ခိုင်မာသော ဆက်ဆံရေး တစ်ရပ်ကို ကောင်းစွာ ထူထောင်ထားသည်။ မစ္စတာ ကျာချင့်လင်သည် ယခင် မြန်မာ ဝန်ကြီးချုပ်ဟောင်း ဦးသိန်းစိန် အစိုးရအဖွဲ့၏ သမ္မတအဖြစ် တက်ရောက်ပြီး ရက်ပိုင်းတွင် မြန်မာနိုင်ငံသို့ လာရောက်ခြင်း ဖြစ်သည်။ ၎င်း၏ ခရီးစဉ်သည် နဂိုကတည်းက ခိုင်မာထားပြီးသား ဖြစ်သော နှစ်နိုင်ငံ ဆက်ဆံရေးကို ထပ်မံ မြှင့်တင်နိုင်ရေးအတွက် ခြေလှမ်းတစ်ခုအဖြစ် အများက ရှုမြင်ကြသည်။

မစ္စတာ ကျာချင့်လင်သည် ခရီးစဉ်တွင်း မြန်မာအစိုးရအဖွဲ့သစ် ခေါင်းဆောင်များနှင့် တွေ့ဆုံမည် ဖြစ်သလို ရှမ်းပြည်နယ် အရှေ့မြောက်ပိုင်း ငလျင်ဒဏ်သင့် ဒေသများ အတွက် အကူအညီများ ပေးရေးကိုလည်း ထုတ်ဖော် ပြောဆိုမည်ဟု ခန့်မှန်းရသည်။ ထို့အတူ နှစ်နိုင်ငံအကြား ပူးပေါင်း ဆောင်ရွက်ရေး စာချုပ်များလည်း ခရီးစဉ်အတွင်း ချုပ်ဆိုဖွယ် ရှိသည်။

မြန်မာနိုင်ငံ ဆိုင်ရာ တရုတ် သံအမတ်ကြီး လီကျန်ဟွာက ယခု မစ္စတာ ကျာချင့်လင်၏ ခရီးစဉ်သည် တရုတ်-မြန်မာ အိမ်နီးချင်း ဆက်ဆံရေး၊ စီးပွားရေးနှင့် ကုန်သွယ်ရေး ပူးပေါင်း ဆောင်ရွက်ရေး တို့အတွက် လွန်စွာ အရေးကြီးသည့် ခရီးစဉ်တစ်ခု ဖြစ်ကြောင်း၊ အပြန်အလှန် ချစ်ကြည် ရင်းနှီးမှု ရှိထားပြီး ဖြစ်သော တရုတ်နှင့် မြန်မာ အတွက် အခွင့်အလမ်းသစ်များ ဖန်တီးပေးမည့် ခရီးစဉ်လည်း ဖြစ်ကြောင်း Xinhua သတင်းဌာနသို့ ပြောကြားသည်။

တရုတ်-မြန်မာ နှစ်နိုင်ငံ ကုန်သွယ်ရေးသည် လတ်တလော နှစ်များအတွင်း သိသိသာသာ မြင့်တက်လာသည်ကို တွေ့ရသည်။ ပြီးခဲ့သည့် ၂၀၁၀ ပြည့်နှစ်တွင် နှစ်နိုင်ငံ အပြန်အလှန် ကုန်သွယ်မှု တန်ဖိုးမှာ အမေရိကန် ဒေါ်လာ ၄ ဒဿမ ၄၄၄ ဘီလီယံ ရှိပြီး ယခင် ၂၀၀၉ ခုနှစ်ကထက် ၅၃ ဒဿမ ၂ ရာခိုင်နှုန်း မြင့်တက်လာခြင်း ဖြစ်သည်။ လက်ရှိ အနေအထားတွင် တရုတ်သည် မြန်မာနိုင်ငံ၏ ဒုတိယအကြီးဆုံး ကုန်သွယ်ဖက် နိုင်ငံ ဖြစ်သည်။


Google Docs makes it easy to create, store and share online documents, spreadsheets and presentations.
Logo for Google Docs

0 comments:

Post a Comment