Transparency Myanmar

transparency.myanmar@gmail.com

yangonchronicle 2011
yangonchronicle 2011

၁၂.၉.၂ဝ၁၁

ဘာသာပြန်သတင်းများ

  1. ဒေါ်အောင်ဆန်းစုကြည် နေအိမ်အကျယ်ချုပ်မှ လွတ်လာသော်လည်း ကံကောင်းခြင်းလက်ဆောင် မရသေး

(Foreign Relations မှ 2 Sept 2011 ရက်စွဲပါ "Aung San Suu Kyi isn't under house arrest, but she shouldn't press her luck" ဆောင်းပါးကို ဘာသာ ပြန်ဆိုသည်)

  1. တိုင်းရင်းသားလက်နက်ကိုင်များနှင့် ငြိမ်းချမ်းရေးရယူရန် မြန်မာအစိုးရဆန္ဒရှိဟု အီးယူမဟာမင်းကြီးဆို

(Monster and Critics မှသတင်းကို ဘာသာပြန်ဆိုသည်)

  1. သနားစရာမြန်မာပြည်သူများအတွက် ကူညီမှုမြှင့်တင်နိုင်မည့် နည်းလမ်းများ ကော်မရှင်နာ Georgiera ဆွေးနွေး

(EU- Press Release မှ "2010 Set up support for the most vulnerable people in Burma/ Myanmar" သတင်းကို ဘာသာ ပြန်ဆိုသည်။)

  1. သြစတြေးလျ စီးပွားရေး ပြန်တက်

( 7 September 2011 ရက်စွဲပါ Financial Times မှ Peter Smith ရေးသားသော Australian economy bounces back ကို ဘာသာ ပြန်ဆိုသည်)

  1. တရုတ် သွင်းကုန်တန်ဖိုး စံချိန်တင်မြင့်တက်၍ ကုန်သွယ်မှု ပိုငွေ ကျဉ်းမြောင်း

(11 September 2011 ရက်စွဲပါ BBC News မှ Chinese imports at record high as trade surplus narrows  ကို ဘာသာ ပြန်ဆိုသည်)

  1. ဟောင်ကောင်တွင် အလုပ်အကိုင် သုံးထောင် ခန့်လျှော့ချမည်ဟု HSBC ကြေညာ

(BBC သတင်းကို ဘာသာ ပြန်ဆိုသည်)

  1. ဂျပန်စီးပွားရေး မျှော်မှန်းသည်ထက် နှေးကွေးကျဆင်း

(BBC သတင်းကို ဘာသာ ပြန်ဆိုသည်)

*************************************************************************************************************

ဒေါ်အောင်ဆန်းစုကြည် နေအိမ်အကျယ်ချုပ်မှ လွတ်လာသော်လည်း ကံကောင်းခြင်းလက်ဆောင် မရသေး

(Foreign Relations မှ 2 Sept 2011 ရက်စွဲပါ "Aung San Suu Kyi isn't under house arrest, but she shouldn't press her luck" ဆောင်းပါးကို ဘာသာ ပြန်ဆိုသည်)

                ဒေါ်အောင်ဆန်းစုကြည်သည် အရှေ့အလယ်ပိုင်းတစ်ခွင်မှ တော်လှန်ပြောင်းလဲမှုများကို လှမ်း၍ ကြည့်နေခြင်းနှင့် စစ်ဖက်က အနှစ် ၅၀ ခန့် အုပ်ချုပ်ခဲ့သော သူမ၏ မြန်မာနိုင်ငံတွင် အလားတူတော်လှန်ရေးများ ပေါ်ထွက်လာအောင် လှုံ့ဆော်နိုင်မည်ဟု မျှော်လင့်နေခြင်းတို့ကို စွန့်လွှတ် လိုက်ဖွယ် ရှိနေသည်။ ထို့အပြင် ပြီးခဲ့သော နိုဝင်ဘာလက အကျယ်ချုပ်မှ လွတ်မြောက်လာပြီးနောက်ပိုင်း သူမ၏ လူထုလှုပ်ရှားမှုများ တိမ်မြှုပ်သလို ဖြစ်နေခဲ့ပြီးနောက် ယခုအခါ ပြိုင်ဖက်မရှိသော လူထုအားပေးထောက်ခံမှုကို ရရှိခြင်း "သရဖူ" ကို ပြန်လည် ထိန်းသိမ်း ကာကွယ်နေပြီ ဖြစ်သည်။

မကြာသေးမှီက ရန်ကုန်အပြင်ဖက် ပဲခူးတစ်ဝိုက်သို့ သူမခရီးထွက်ရာတွင် ကြီးမားသော လူထုပရိတ်သတ်ကို အစဉ်အလာ မပျက်အောင် ဆွဲဆောင်နိုင်ခဲ့သည်။ သမိုင်းဝင်မြို့ဟောင်း ပုဂံသို့ ဇူလိုင်လက ရောက်ရှိခဲ့ရာတွင်လည်း သမိုင်းတွင်မည့် နိုင်ငံရေးခေါင်းဆောင်ကို ကိုယ်တိုင်ကိုယ်ကျ နှုတ်ဆက်လိုသည့် အခွင့်အရေးရရန်အတွက် သာမန်ပြည်သူ ရာပေါင်းများစွာ စုဝေးစောင့်ဆိုင်း ကြိုဆိုခဲ့ကြသည်။

                သို့သော်လည်း အသက် ၆၆ နှစ်အရွယ် ဒီမိုကရေစီ ခေါင်းဆောင်အနေဖြင့် တော်လှန်ရေး၏ကဏ္ဍကို လက်ခံ ကျင့်သုံးရန် စိတ်ဝင်စားနေသည် ဆိုပါက သူမ ပြန်လည်သုံးသပ်ရတော့မည် ဖြစ်သည်။ အရှေ့အလယ်ပိုင်းမှ တော်လှန်ရေးများကို လှမ်းကြည့် အားကျနေခြင်းထက် သူမ၏ မိသားစု သမိုင်းကြောင်းကို ဂုဏ်ရည်မြှင့်ကာ သူမ၏ ဖခင် လွတ်လပ်ရေးသူရဲကောင်း၏ ခြေရာကိုနင်းရန် ကြိုးစားရမည်ဖြစ်သည်။ သူမသည် ပြည်သူများအကြား အလွန် လူကြိုက်များ ရေပန်းစားခြင်းကို ရရှိထားသော်ငြားလည်း အလွန့်အလွန် ကလန်ကဆန် လုပ်တတ်သည့် တပ်မတော် အစိုးရနှင့် ဆွေးနွေး ညှိနှိုင်းရန် ကြိုးစားနေရဆဲ ဖြစ်သည်။ အကယ်၍ သူမအနေဖြင့် လူထုရှေ့မှောက်၌ ယခု နိုင်ငံရေး ဇာတ်ကွက်ကို ဆက်၍ ကပြချင်သည်ဆိုပါက ခါးသီး သည့် ပြိုင်ဖက်သဖွယ် အတိုက်အခံအနေအထားကို ဆုပ်ကိုင်ထားခြင်းထက် မြန်မာအစိုးရအပေါ် လက်တွေ့ကျကျ ရှုမြင်ခြင်း၊ စေ့စပ်ညှိနှိုင်းရန် ကြိုးစား ခြင်း အနေအထားကိုသာ ဖမ်းဆုပ်ထားရမည် ဖြစ်သည်။

                အမှန်စင်စစ် လက်ရှိမြန်မာအစိုးရသည် သူမ ထိန်းသိမ်းခံရစဉ်ကာလက ကြုံတွေ့ခဲ့ရသည့် တပ်မတော် အစိုးရဟောင်းနှင့် တစ်ပုံစံတည်း မဟုတ်တော့ခြင်းကို သူမအသိအမှတ်ပြု ဝန်ခံသင့်ပေသည်။ ယခင် အာဏာရှင် အစိုးရက ဒေါ်အောင်ဆန်းစုကြည် ခရီးထွက်ရန် ကြိုးပမ်းမှုမှန်သမျှကို ဟန့်တားရန် အင်အားအသုံးပြုခဲ့သည့်အပြင် ၂၀၀၃ ခုနှစ်က ဒီပဲယင်းမြို့နယ်တွင် သူမ၏ နောက်လိုက် ၇ဝ ကျော် အသက်ဆုံးရှုံးရသည်အထိ သူမ၏ ယာဉ်တန်းကို ရမ်းရမ်းကားကား တိုက်ခိုက်ခဲ့ကြသော်လည်း ယခုအစိုးရကမူ ယခုအချိန်ထိ မနှောင့်ယှက်ပဲ ခရီးသွားခွင့် ပြုထားသည်။ ဆန်းစစ်သူ အချို့ကမူ ဒေါ်အောင်ဆန်းစုကြည်အပေါ် အစိုးရ၏ လတ်တလော ဆက်ဆံပုံများသည် သူတို့ကိုယ်သူတို့ ယုံကြည်စိတ်ချမှု ရှိလာသည့် လက္ခဏာများ ဖြစ်ပြီး "နာမည်ခံအရပ်သား လွှတ်တော်သို့ အာဏာ လွှဲပေးသော်လည်း စစ်တပ်က ချုပ်ကိုင်ထားခြင်း၊ နောက်ကွယ်တွင် ရှိနေခြင်း၊ နိုင်ငံကို ထိန်းချုပ် ထားနိုင်ခြင်း" တို့ကို ဆောင်ကြည်းပေးခဲ့သည့် မနှစ်က ရွေးကောက်ပွဲများ အပြီးတွင် ယခင်က မရဖူးသော အသိအမှတ်ပြုလက်ခံမှုကို ရရှိခဲ့ပြီဟု အစိုးရ က သူ့ကိုယ်သူယုံကြည်လာခြင်းကြောင့် ဖြစ်သည်ဟု သုံးသပ်ကြသည်။ ယခု အစိုးရအတွင်းမှ အချို့သော တာဝန်ရှိသူများက ဆိုလျှင် ယခင် အစိုးရ လက်ထက်မှ အမှားများကို ဝန်ခံရန် ဆန္ဒရှိပုံရလာကြသည်။ ယခင်က ထိပ်တန်း စစ်ဖက်အရာရှိ တစ်ဦးဖြစ်သူ ယခု သမ္မတသစ်ဦးသိန်းစိန်က ပြုပြင် ပြောင်းလဲရန် အလားအလာ ရှိသူဖြစ်ကြောင်း လက္ခဏာများကို ပြသထားပြီး သူ၏ မိန့်ခွန်းများထဲတွင် ပြည်ပြေးမြန်မာများ ပြည်တော်ပြန်ရန် ဖိတ်ခေါ် ကြောင်းနှင့် ဒီမိုကရေစီ ပိုမိုပြည့်ဝသည့် နိုင်ငံရေးစနစ်ကို အားပေးမြှင့်တင်ရန် သန္နိဋ္ဌာန်ချထားကြောင်း ထည့်သွင်းပြောကြားခဲ့သည်။

                အစိုးရ၏ပြောင်းလဲလာမှုအချို့သည် အထူးသဖြင့် ဒေါ်အောင်ဆန်းစုကြည်နှင့်သင့်မြတ်လိုမှုကို ပြသရန်ရည်ရွယ်ထားပုံရသည်။ သူမကို နေအိမ် အကျယ်ချုပ် ထိန်းသိမ်းထားရာမှ လွှတ်ပေးခဲ့ပြီး သူမ၏ မိတ်ဆွေကိုလည်း စီးပွားရေး အကြံပေးရာထူး ခန့်အပ်ခဲ့သည်။ ထို့နောက် ဇူလိုင်လ ၁၉ ရက် အာဇာနည်နေ့တွင် နှစ်စဉ် ကျင်းပသည့် ဝမ်းနည်းစွာ အလေးပြုသည့် အခမ်းအနားသို့ တက်ရောက်ရန် အစိုးရတာဝန်ရှိသူများက သူမကို ဖိတ်ကြား ခဲ့ကြသည်။

                ယခုအခါ ဒေါ်အောင်ဆန်းစုကြည်အပြင် လတ်တလော နိုင်ငံရေးရာသီဥတုသည် သူမအတွက် အခွင့်အလမ်း ဖြစ်သည်ဟု ယူဆကာ သူမ၏ အစီအစဉ်များကို ပြင်ဆင်ခဲ့ပြီ ဖြစ်ရာ လက်ရှိတွင် နာမည်ကျန်သေးသော်လည်း ဗိုလ်ချုပ်မှူးကြီးသန်းရွှေ အစိုးရ၏ နှိပ်စက်မှုကြောင့် ယိုယွင်းနေပြီ ဖြစ်သည့် သူမ၏ပါတီကို ပြန်လည် တည်ဆောက်ခြင်း၊ နိုင်ငံတစ်ဝှမ်း ခရီးထွက်ခြင်းတို့ကို ပြုလုပ်ရန်အတွက် မှန်ကန်သော လိုက်လျောပြင်ဆင်မှုပင် ဖြစ် သည်။ သို့သော်လည်း သူမလွတ်မြောက်လာပြီး နောက်ပိုင်းတွင် သူမအား လက်ရှိအစိုးရသစ်နှင့် ထိပ်တိုက် ပိုမိုတွေ့ဆုံရန်၊ နားထောင်ကောင်းမည့် နိုင်ငံရေး တရားများ ဟောရန် တိုက်တွန်းခဲ့ကြသည့် လူငယ်ဒီမိုကရေစီ လှုပ်ရှားသူများစွာကြောင့် သူမ စိတ်ပင်ပန်းရဖွယ် ရှိနေသည်။ ယခင်နှစ်က ပါတီမှ အချို့ ခွဲထွက်သွားကြသည့် အဆိုပါ လူငယ်များသည် ရည်ရွယ်ချက်ကောင်းသည် ဆိုသော်ငြားလည်း သူတို့၏ခေါင်းဆောင် သူရဲကောင်းဖြစ်သော နိုဘယ်ဆုရှင်ကို ချောက်ထဲကျအောင် လုပ်နေသူများသာ ဖြစ်သည်။

                အမှန်စင်စစ် ဒေါ်အောင်ဆန်းစုကြည်သည် လတ်တလော သူမရရှိထားသော လှုပ်ရှားမှု "ခွင်" ကို ပိုမို တွက်ဆမိသည့် အမှားကို ပြုလုပ်မိဖွယ် ရှိနေ သေးသည်။ ယခုအစိုးရသည် သူ့ကိုယ်သူ ယုံကြည်စိတ်ချပုံ ရလာသော်လည်း သူတို့ထုတ်ပြသည့် ကတ္တီပါလက်အိတ်ထဲတွင် သံလက်သီးကို ဆုပ်ထားဆဲဖြစ်သည်။ ကမ္ဘာ့အရက်စက်ဆုံး စစ်တပ်တစ်ခုဖြစ်သည့် တပ်မတော်သည် အစိုးရအဖွဲ့ကို၊  စီးပွားရေးကဏ္ဍကို၊ လူမှုကိစ္စ အဝဝကို၊ အရာ အားလုံးကို ဆက်၍ သြဇာလွှမ်းထားဆဲ ဖြစ်ကြောင်း မြင်တွေ့နေရသည်။ အစိုးရက မကြာသေးမှီကအထိ သူမအား နိုင်ငံရေးလုပ်ငန်းစဉ်တွင် မပါဝင်နိုင်အောင် တရားဝင်တားမြစ်ခြင်း၊ နိုင်ငံရေး လှုပ်ရှားမှုများကို ရှောင်ရှားရန် အစိုးရအာဘော် သတင်းစာမှ သတိပေးခြင်းတို့သည် မတော်တဆ တိုက်ဆိုင်မှု မဟုတ်ပေ။ ယခုအခါ ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် အစိုးရကို တိုက်ရိုက် အတိုက်အခံ ပြုလုပ်ခြင်းသည် သူမကိုယ်သူမ နောက်ထပ် ပြန်၍ အကျယ်ချုပ်ကျအောင် လုပ်သလိုဖြစ်ကာ မြန်မာနိုင်ငံ၏ အနစ်နာဆုံး ခံစားနေရသော ပြည်သူများအတွက် အနည်းငယ်မျှသာ အကျိုးရှိမည့် ရလဒ်ဆိုး သာ ထွက်ပေါ်လာပါလိမ့်မည်။

                ထိုသို့လုပ်မည့်အစား သူမ၏ ကွယ်လွန်သူဖခင်ထံမှ လက်တွေ့ကျခြင်း မူဝါဒကိုသာ သင်ယူသင့်သည်။ ဗိုလ်ချုပ်အောင်ဆန်းသည် လွတ်လပ်သော မြန်မာနိုင်ငံကို ထူထောင်ရန် ပြင်းပြသောဆန္ဒ ရှိသော်ငြားလည်း စေ့စပ်ညှိနှိုင်းလိုမှုကို အမြဲတမ်းပြသကာ ဆွေးနွေးညှိနှိုင်းခြင်းဖြင့်သာ ပန်းတိုင်သို့ အရောက်လှမ်းခဲ့လေသည်။ ဗိုလ်ချုပ်အောင်ဆန်းသည် ဒုတိယကမ္ဘာစစ် ကာလအတွင်း မြန်မာနိုင်ငံသို့ ဝင်ရောက်လာသည့် ဂျပန်တပ် များနှင့် ရှေးဦးစွာပူးပေါင်းခဲ့ပြီး ထိုနောက်ပိုင်းတွင် တစ်ကျော့ပြန်ဝင်လာနိုင်သော မဟာမိတ်တပ်များနှင့် တစ်ဖန် ပူးပေါင်းခဲ့သည်။ ထို့အပြင် နိုင်ငံကို တစ်စစီ ဖြစ်အောင် ခွဲထွက်ရန် ခြိမ်းခြောက်နေသည့် တိုင်းရင်းသား တပ်များနှင့်လည်း ပူးပေါင်းဆောင်ရွက်နိုင်ခဲ့သည်။

                သူမ၏ဖခင်ကဲ့သို့ပင် ဒေါ်အောင်ဆန်းစုကြည်လည်း အမျိုးသား စည်းလုံးရေးခေါင်းဆောင် တစ်ဦး ဖြစ်လာနိုင်သည်။ ယခုအခါ မြန်မာနိုင်ငံ၏ အရေးကြီးသော ရပ်တည် ရှင်သနှ်ုမကို တစ်ဖန်ပြန်၍ ခြိမ်းခြောက်လာသော တိုင်းရင်းသားတို့နှင့် ပြည်တွင်းစစ်ပြဿနာပြေလည်ရေးကို သူမအထူး အာရုံစိုက်ဆောင်ရွက်သင့်သည်။ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များစွာနှင့် ချုပ်ဆိုထားသော ကျိုးလွယ်ပျက်လွယ် အပစ်ရပ်သဘောတူညီချက်များကို အစိုးရက ယခုနှစ်ပိုင်းတွင် ချိုးဖောက်လိုက်ခြင်းကြောင့် မြန်မာပြည်မြောက်ပိုင်းနှင့် အရှေ့မြောက်တစ်ခွင်တွင် လုံးဝ ပြည်တွင်းစစ်မီး တောက်လောင်မည့် အလားအလာများ ကြီးထွားလာလျက် ရှိနေသည်။

                အခြားတိုင်းရင်းသား လက်နက်ကိုင်အုပ်စုများနှင့် စစ်ရေးပူးပေါင်းဆောင်ရွက်ရန် မဟာမိတ် တပ်ဖွဲ့ထားသော ကချင် လွတ်မြောက်ရေး တပ်မတော်နှင့် မြန်မာအစိုးရပိုင် တပ်မတော်တို့အကြား မကြာသေးမီ လပိုင်းအတွင်းက တိုက်ပွဲများ ပြန်လည်စတင်ခဲ့သည့် အနေအထားမျိုးတွင် တရားမဝင် မူးယစ်ဆေးဝါး ကုန်သွယ်မှုဖြင့် ရန်ပုံငွေရှာကာ ခေတ်မီလက်နက် တပ်ဆင်ထားသော တပ်ဖွဲ့ဝင် ၃ သောင်းရှိ အင်အားအကြီးဆုံး ဝ တပ်ဖွဲ့ UWSA ကလည်း ပြည်တွင်းစစ်ထဲသို့ ဝင်လာမည်ဆိုပါက ဒေသတစ်ခုလုံးကို နှစ်ပေါင်းများစွာ တည်ငြိမ်မှု ပျက်ပြားသွားစေပါလိမ့်မည်။

                တိုင်းရင်းသား စစ်တပ်များက သူမကို မျှော်လင့်ထားကြသကဲ့သို့ သူမအနေဖြင့် တိုင်းရင်းသား အုပ်စုများနှင့် ဗဟို အစိုးရအကြား စေ့စပ်ဖြန်ဖြေ သူ ကဏ္ဍကို ရယူနိုင်သည်။ ထိုလုပ်ငန်းသည် သူမ၏ ဒီမိုကရေစီခေါင်းဆောင် ဟူသော အဆင့်အတန်းကို ပိုမိုတောက်ပစေမည့် အပြင် နိုင်ငံရေး ခေါင်းဆောင်တစ်ဦးအဖြစ် နိုင်ငံရေးအရ ပိုမို အသိအမှတ်ပြုခံ ရစေပါလိမ့်မည်။ ကံအားလျော်စွာပင် ဒေါ်အောင်ဆန်းစုကြည်သည် ယင်းလမ်းကြောင်း ပေါ်တွင် ခြေလှမ်းအချို့လှမ်းထားခဲ့ပြီး ဖြစ်နေသည်။ တိုင်းရင်းသားလက်နက်ကိုင် အုပ်စုများနှင့် အပစ်ရပ်စေ့စပ် ညှိနှိုင်းရန် ကြိုးပမ်းမှုများတွင် ပါဝင် ကူညီရန် အဆင်သင့်ရှိနေကြောင်း ဇူလိုင်လအတွင်းက သမ္မတဦးသိန်းစိန်ထံ သူမက စာတစ်စောင် ရေးသားပေးပို့ထားခြင်းပင် ဖြစ်သည်။

                ထို့အပြင် ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် လက်ရှိ တပ်မတော် အားပြုအစိုးရနှင့် ထိပ်တိုက်တွေ့ခြင်းကို ရှောင်ရှားကာ လုပ်ဆောင်၍ ရမည့် အခြားနိုင်ငံရေး ကဏ္ဍများလည်း ရှိနေသည်။ မနှစ်က ယခင်အာဏာရှင် အစိုးရဟောင်းနှင့် စားဖော်စားဖက် စီးပွားရေးသမားများထံ လက်သိပ်ထိုး ထည့်ပေးခဲ့သည့် ပုဂ္ဂလိကပိုင် ပြုလုပ်ခြင်း အစီအစဉ်များကို ပြောင်းလဲခြင်းအပါအဝင် စီးပွားရေးမူဝါဒအသစ်များ အကောင်အထည်ဖော်ရာတွင်လည်း အစိုးရနှင့် ပူးပေါင်း လုပ်ဆောင်နိုင်သည်။ ယိုယွင်းနေသော မြန်မာ့သဘာဝပတ်ဝန်းကျင်ကို ကာကွယ်ရန် ကြိုးစားခြင်းဖြင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်း စောင့်ရှောက်ရေး ခေါင်းဆောင်တစ်ဦး ဖြစ်လာနိုင်သည်။ ယခု လက်ရှိအချိန်၌ပင် အိမ်နီးခြင်း လောဘသားကောင်များက သတ္တုတူးဖော်ခြင်း၊ သစ်လုံးထုတ်ယူခြင်းနှင့် အခြားကဏ္ဍများတွင် အထိန်းအကွပ် မရှိသလောက် အမြတ်ထုတ်နေကြခြင်းကြောင့် မြန်မာအပျိုမလေး၏ မွေးရာပါ အလှအပများ ကုန်သလောက် ရှိနေပြီ ဖြစ်သည်။

                မည်သို့ပင်ဖြစ်စေ၊ အထက်တွင် တင်ပြခဲ့သော အကြောင်းအရာများသည် ခက်ခဲသောလမ်း ရွေးချယ်ခြင်းကို ရှောင်ရှားရန် ဆိုလိုခြင်းမဟုတ်ပါ။ ဒေါ်အောင်ဆန်းစုကြည်သည် ဂုဏ်သိက္ခာ ပြည့်ဝသည့် အာဏာကို ပိုင်ဆိုင်ထားသော်ငြားလည်း ပေကတ်ကတ်ဖြင့် သဘောထားတင်းမာသော တပ်မတော်ကို ရင်ဆိုင်နေရဆဲပင် ဖြစ်သည်။ လွတ်လပ်မျှတစွာ ပြည်လုံးကျွတ် အနိုင်ရထားသော ၁၉၉၀ ရွေးကောက်ပွဲရလဒ်ကို တပ်မတော် အစိုးရက ကောက်ကျစ်သော အကြံဖြင့် ပယ်ဖျက်ခဲ့သည်ဟူသော မကျေနပ်မှုကို သူမနှင့် NLD ပါတီ အနေဖြင့် စွန့်လွှတ်လိုက်ကြဖို့ လိုအပ်သည်။ အရေးအကြီးဆုံး အချက်မှာ နောက်ဆုံးဇာတ်ကွက်လို ဖြစ်သွားစေမည့် အကျယ်ချုပ် ဘဝသို့ ပြန်မသွားပဲ ပြည်သူ့ရှေ့မှောက် နိုင်ငံရေးစင်မြင့်တွင် ဆက်လက် သရုပ်ဆောင် ကပြနိုင်ရန် လိုအပ်ခြင်းပင် ဖြစ်သည်။

****************************************************************************

တိုင်းရင်းသားလက်နက်ကိုင်များနှင့် ငြိမ်းချမ်းရေးရယူရန် မြန်မာအစိုးရဆန္ဒရှိဟု အီးယူမဟာမင်းကြီးဆို

(Monster and Critics မှသတင်းကို ဘာသာပြန်ဆိုသည်)

မြန်မာနိုင်ငံ အရပ်ဘက်အစိုးရအဖွဲ့သစ်သည် တိုင်းရင်းသားလက်နက်ကိုင်အုပ်စုများနှင့် ကာလကြာရှည်စွာ ဖြစ်ပွားခဲ့သော ပဋိပက္ခများကို ငြိမ်းချမ်းစွာ ဖြေရှင်းသွားရန် သန္နိဋ္ဌာန်ချမှတ်ထားကြောင်း ဥရောပသမဂ္ဂ(အီးယူ) မဟာမင်းကြီးက မြန်မာနိုင်ငံသို့တရားဝင်သွားရောက် လည်ပတ်ပြီး နောက် အတည်ပြုပြောကြားလိုက်သည်။

"မြန်မာနိုင်ငံ နယ်စပ်ရေးရာဝန်ကြီး ဦးသိန်းဌေးက တိုင်းရင်းသားလက်နက်ကိုင်အုပ်စုတွေနဲ့ဖြစ်ပေါ်နေတဲ့ ပဋိပက္ခနဲ့ ပတ်သက်ပြီး ငြိမ်းချမ်းရေး မဖြစ်မနေ ပေါ်ထွက်လာရမယ်လို့ယုံကြည်နေပါတယ်။ နောက်ပြီးတော့ ငြိမ်းချမ်းရေး ပေါ်ထွန်းဖို့ဆိုတာကလည်း တိုင်းရင်းသားလူနည်းစုတွေကို ညီညွှတ် မျှတစွာ ထိတွေ့ဆက်ဆံပြီး သူတို့အတွက် ဖွံ့ဖြိုးမှုအစီအစဉ်တွေ ထောက်ပံ့ပေးမှုတွေလုပ်ပေးမှသာ ဖြစ်မြောက်မယ်လို့လည်း သူက ယုံကြည် နေတယ်" ဟု အီးယူအဖွဲ့၏ နိုင်ငံတကာပူးပေါင်းဆောင်ရွက်ရေး၊ လူသားချင်းစာနာသော အထောက်အပံ့များ ပေးအပ်ရေးနှင့် ဘေးဒုက္ခ အကျပ် အတည်းများ တုံ့ပြန်ဖြေရှင်းရေးဆိုင်ရာ မဟာမင်းကြီး Kristalina Georgieva က ပြောကြားသည်။

မစ္စ Kristalina Georgieva သည် စက်တင်ဘာလ ၉ ရက်နှင့် ၁၀ ရက်နေ့တို့တွင် မြန်မာနိုင်ငံသို့ လာရောက်လည်ပတ်ခဲ့ပြီး ခရီးစဉ်အတွင်း နယ်စပ်ရေးရာ ဝန်ကြီး ဦးသိန်းဌေးအပါအဝင် အခြားသောအစိုးရ ဝန်ကြီးများနှင့် တွေ့ဆုံဆွေးနွေးခွင့်ရရှိခဲ့သည်။ အီးယူအဖွဲ့သည် ၁၉၉၅ ခုနှစ်မှ စတင်ကာ ထိုင်း-မြန်မာနယ်စပ်ဒေသရှိ ဒုက္ခသည်စခန်းများတွင် နေထိုင်သော ကရင်တိုင်းရင်းသားဒုက္ခသည် ၁၄၀၀၀၀ ခန့်အတွက် လူသားချင်း စာနာ ထောက်ထား သော အကူအညီအဖြစ် ယူရိုငွေ ၁၀၃ သန်းထောက်ပံ့ပေးခဲ့ပြီးဖြစ်သည်။ ကရင်ဒုက္ခသည်များသည် ကရင်အမျိုးသားသမဂ္ဂ (KNU) လက်နက်ကိုင် တပ်ဖွဲ့ကို နှစ်ပေါင်း ၆၀ ခန့်တိုက်ခိုက်ခဲ့သော မြန်မာစစ်တပ်၏ ညှဉ်းပန်းနှိပ်စက်မှု အန္တရာယ်ကို ကြောက်ရွံ့သောကြောင့် မြန်မာ နိုင်ငံတွင်းသို့ ပြန်လည်ဝင်ရောက်ရန် ဝန်လေးလျက် ရှိနေသည်။

တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့များနှင့် လူနည်းစုများအပေါ်ထားရှိသော မြန်မာအစိုးရအဖွဲ့သစ်၏ မူဝါဒကို ယနေ့အချိန်အထိ သဲသဲကွဲကွဲ မသိရှိရသေးပေ။ သို့သော် ယခုမြန်မာနိုင်ငံသို့သွားရောက်ခဲ့သူ အီးယူမဟာမင်းကြီးမှာ အကောင်းမြင်သည့်သဘောထားနှင့် ပြန်လည်ရောက်ရှိခဲ့သည်ကို တွေ့ရသည်။ "တိုင်းရင်းသား အရေးကိစ္စမှာ ဖွံ့ဖြိုးရေးလုပ်ဆောင်ချက်တွေ လုပ်ကိုင်ပြီးနောက်ပိုင်းမှာ ငြိမ်းချမ်းရေးနဲ့ အလုပ်အကိုင်တွေ ဖန်တီးပေးဖို့ လိုအပ်မယ်လို့ သူတို့က ယုံကြည်နေကြပါတယ်" ဟု မစ္စ Kristalina Georgieva ကပြောကြားသည်။

မြန်မာနိုင်ငံနှင့် ထိုင်းနိုင်ငံ ဆိုင်ရာ အီးယူသံအမတ်ကြီး David Lipman က နယ်စပ်ရေးရာဝန်ကြီး ဦးသိန်းဌေးသည် တိုင်းရင်းသားအဖွဲ့အစည်း များနှင့် မကြာမီကာလအတွင်း ငြိမ်းချမ်းရေးဆွေးနွေးပွဲများ စတင်နိုင်မည်ဟု မျှော်လင့်ထားကြောင်းပြောကြားသည်။ "မြန်မာအစိုးရက ငြိမ်းချမ်းရေးကို မဖြစ်မနေ အကောင်အထည်ဖော်ဖို့ ဆုံးဖြတ်ထားတယ်လို့ ဦးသိန်းဌေးကပြောပါတယ်။ လာမယ့်လအနည်းငယ်အတွင်းမှာ အရေးကြီးတဲ့ စေ့စပ်ဆွေးနွေး မှုတွေ အပြီးသတ်လုပ်ကိုင်သွားမယ်လို့လည်းသူကမျှော်လင့်ထားတယ်" ဟု အီးယူမဟာမင်းကြီးနှင့်အတူ မြန်မာနိုင်ငံသို့ လိုက်ပါသွားခဲ့သော David Lipman ကပြောသည်။ အီးယူမဟာမင်းကြီးသည် လူ့အခွင့်အရေးချိုးဖောက်မှုများကြောင့် အနောက်၏ ပိတ်ဆို့အရေးယူခြင်းခံထားရသော မြန်မာ နိုင်ငံသို့ ပထမဆုံးအကြိမ်အဖြစ် သွားရောက်ခြင်းဖြစ်သည်။

မြန်မာနိုင်ငံသည် ဆယ်စုနှစ်များစွာ စစ်အုပ်ချုပ်ရေးစနစ်အောက်သို့ရောက်ရှိခဲ့ရာမှ ပြီးခဲ့သည့် နိုဝင်ဘာလ ၇ ရက်နေ့တွင် ပထမဆုံးအကြိမ် ဒီမိုကရေစီ ရွေးကောက်ပွဲတစ်ရပ်ကျင်းပပြုလုပ်ခဲ့ကာ အရပ်ဘက်အစိုးရတစ်ရပ်ကို ရွေးကောက် တင်မြှောက်နိုင်ခဲ့သည်။ သို့သော် ယင်းအစိုးရသစ်တွင် စစ်တပ်မှပုဂ္ဂိုလ်များနေရာအများဆုံးရယူထားပြီး စစ်တပ်၏ ကျောထောက်နောက်ခံပြုမှုကိုလည်းရရှိထားကြောင်း လေ့လာသုံးသပ်သူများက ပြောဆိုကြ သည်။ အီးယူ မဟာမင်းကြီး၏ ခရီးစဉ်သည် မြန်မာနိုင်ငံတွင်းလူသားချင်းစာနာထောက်ထားသော အကူအညီအထောက်အပံ့များ ပေးအပ်နိုင်ရေးနှင့် သဘာဝဘေးအန္တရာယ်ဆိုးများမှ ကာကွယ်နိုင်ရေးအတွက် ကြိုတင်ပြင်ဆင်မှုများတိုးမြှင့် လုပ်ဆောင်ရေး အစရှိသည့် ရည်မှန်းချက်များဖြင့် မြန်မာ နိုင်ငံသို့ သွားရောက်ခြင်းဖြစ်သည်။ မြန်မာနိုင်ငံတွင် ၂၀၀၈ ခုနှစ်၊ မေလက နာဂစ်မုန်တိုင်းတိုက်ခတ်ခြင်းခံခဲ့ရပေရာ လူပေါင်း တစ်သိန်း လေးသောင်း ကျော် သေဆုံး သို့မဟုတ် ပျောက်ဆုံးခဲ့ရသည်။ အဆိုပါ နာဂစ်မုန်တိုင်းတိုက်ခတ်မှုဖြစ်ပေါ်ပြီးနောက် နိုင်ငံတကာအသိုင်းအဝိုင်းက ထိုစဉ်က စစ်အစိုးရ ခေါင်းဆောင်များအားပြစ်တင်ဝေဖန်ခဲ့ကြသည်။ အကြောင်းမှာ မြန်မာခေါင်းဆောင်များက နိုင်ငံတကာ အကူအညီပေးရေးအဖွဲ့ဝင်များဝင်ရောက်ပြီး ကယ်ဆယ်ရေး လုပ်ငန်းများလုပ်ဆောင်ခွင့်မပြုဘဲ မသိကျိုးနွံ ပြုခဲ့ကြသောကြောင့် ဖြစ်သည်။

"နာဂစ်မုန်တိုင်းဟာ အင်မတန်ကြောက်မက်ဖွယ်ကောင်းတဲ့ ဖြစ်ရပ်ဆိုးကြီးကိုဖြစ်ပေါ်စေခဲ့ပါတယ်။ အင်မတန် ရိုးရှင်းတဲ့ လုပ်ဆောင်ချက်တွေနဲ့ လူပေါင်းများစွာရဲ့အသက်ကိုကယ်တင်ပေးနိုင်ခဲ့ရမှာပါ" ဟု အီးယူ မဟာမင်းကြီးက ပြောကြားသည်။ ၎င်းသည် ခရီးစဉ်အတွင်း နိုဗယ်လ်ငြိမ်းချမ်းရေး ဆုရှင် ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံခွင့် ရခဲ့ပြီး သူမကိုလည်း ချီးမွမ်းပြောဆိုခဲ့သည်။ "မြန်မာနိုင်ငံမှာ ဒေါ်အောင်ဆန်းစုကြည်က ကောင်းကျိုး အဖြာဖြာကို ဆောင်ကြဉ်းပေးနိုင်မယ့် သူတစ်ယောက်၊ အားနည်းချက်ရှိတဲ့သူတွေအတွက် ပြောဆိုပေးမယ့်သူ တစ်ယောက် အဖြစ် ရှိနေတာဟာ လွန်စွာ ကံကောင်း ပါတယ်" ဟု ၎င်းကဆိုသည်။

**************************************************************************

သနားစရာမြန်မာပြည်သူများအတွက် ကူညီမှုမြှင့်တင်နိုင်မည့် နည်းလမ်းများ ကော်မရှင်နာ Georgiera ဆွေးနွေး

(EU- Press Release မှ "2010 Set up support for the most vulnerable people in Burma/ Myanmar" သတင်းကို ဘာသာ ပြန်ဆိုသည်။)

                ဥရောပနိုင်ငံတကာပူးပေါင်းဆောင်ရွက်မှု၊ လူသားချင်းစာနာသော အကူအညီပေးမှု၊ ပြဿနာ အကျပ်အတည်း တုန့်ပြန်ဆောင်ရွက်မှုဆိုင်ရာ ကော်မရှင်နာမင်းကြီး Kristalina Georgiexa မြန်မာနိုင်ငံသို့ ၂ ရက်ကြာ သွားရောက်သော လူသားချင်းစာနာမှု လေ့လာရေးမစ်ရှင်ခရီးစဉ် ပြီးဆုံး သွားပြီဖြစ်သည်။ နေပြည်တော်နှင့် ရန်ကုန်တွင် ကော်မရှင်နာမင်းကြီးသည် သဘာဝဘေးအန္တရာယ်များနှင့် လူသားချင်းစာနာမှု ပြဿနာများ စီမံ ဆောင်ရွက်ခြင်းအပေါ် စိန်ခေါ်နေသည့် ကိစ္စများကို အစိုးရတာဝန်ရှိသူများ၊ ဥရောပကော်မရှင်၏ လုပ်ဖော် ကိုင်ဖက်များနှင့် ဆွေးနွေးခဲ့သည်။ ထို့အပြင် Georgiera သည် ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံခွင့်ရသည့် ပထမဆုံး အီးယူ ကော်မရှင်နာမင်းကြီး ဖြစ်လာခဲ့သည်။

                “အီးယူကော်မရှင်ဟာ ငလျင်တွေ၊ ဆိုင်ကလုံးတွေ၊ စားနပ်ရိက္ခာပြတ်တောက်မှုတွေ၊ စစ်ပွဲတွေ၊ ဆင်းရဲနွမ်းပါးမှုတွေကြောင့် ပြည်သူ မြောက်များစွာ ဆင်းရဲဒုက္ခရောက်နေတဲ့ မြန်မာနိုင်ငံမှာ လူသားချင်းစာနာတဲ့ အကူအညီများစွာ ပေးနေတဲ့ အလှူရှင် ဖြစ်ပါတယ်” ဟု ကော်မရှင်နာ Georgiera က ဆိုသည်။ “ဒီလို အန္တရာယ်တွေ ရှိနေတဲ့အတွက်ကြောင့် ကူညီထောက်ပံ့မှု လိုအပ်နေတဲ့သူတွေဆီကို လူသားချင်းစာနာတဲ့ ကယ်ဆယ်ရေး အေဂျင်စီတွေ အပြည့်အဝ လက်လှမ်းမီနိုင်ဖို့ အာမခံချက်တွေ လိုအပ်ပါတယ်။ အာဏာပိုင်တွေကလည်း သဘာဝအန္တရာယ်အပေါ် လူထုရဲ့ ခံနိုင်ရည် တိုးတက်လာအောင် လုပ်ဆောင်နေကြပါတယ်။ အစိုးရဝန်ကြီး တွေနဲ့ကော၊ ဒေါ်အောင်ဆန်းစုကြည်နဲ့ကော၊ ကျွန်မတို့ရဲ့ လူသားချင်း စာနာတဲ့ လုပ်ဖော်ကိုင်ဖက်တွေနဲ့ကော ဆွေးနွေးကြည့်တဲ့ အခါမှာ ဒီစိန်ခေါ်မှုတွေကို ပိုမိုကိုင်တွယ်နိုင်လာ တော့မယ် ဆိုတဲ့ မျှော်လင့်ချက် ရှိလာပါ တယ်” ဟု သူမက ရှင်းလင်းပြောဆိုသည်။

                ကော်မရှင်နာ Georgiveva သည် နယ်စပ်ရေးရာဝန်ကြီး၊ လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် နေရာချထားရေး ဝန်ကြီး၊ ဒုတိယနိုင်ငံခြားရေး ဝန်ကြီးတို့နှင့် တွေ့ဆုံခဲ့ပြီး သဘာဝဘေးအန္တရာယ်ဒဏ်ခံရသော နိုင်ငံခြားရေးဝန်ကြီး တို့နှင့် တွေ့ဆုံခဲ့ပြီး သဘာဝဘေးအန္တရာယ်ဒဏ် ခံရသော နိုင်ငံများ အပေါ် အီးယူက ကူညီထောက်ပံ့နိုင်မည့် မူဝါဒဆိုင်ရာကို ရှင်းလင်းတင်ပြကာ အီးယူ၏ ထည့်ဝင်ထောက်ပံ့မှုအပါအဝင် မြန်မာနိုင်ငံတွင် သဘာဝဘေးအန္တရာယ် ခံနိုင်ရည်ရှိမှု မြှင့်တင်ရန် လိုအပ်နေပုံတို့ကို အလေးထားပြောဆိုခဲ့သည်။ ထို့အပြင် နယ်စပ်ဒေသများမှ စစ်ပွဲဒဏ်ခံ အရပ်သား ပြည်သူများထံ လူသားချင်းစာနာသော အကူအညီများ လက်လှမ်းမီရောက်ရှိမှု တိုးတက်ဖို့ လိုအပ်နေကြောင်း သူမက မီးမောင်းထိုး ထုတ်ဖော်ဆွေးနွေး ခဲ့သည်။ ဆက်လက်၍ သူမက မြန်မာနိုင်ငံအပေါ် ကူညီနေသော လူသားချင်းစာနာသည့် အကူအညီများစွာကို ကော်မရှင်က ဆက်၍ ပေးရန် ဆန္ဒရှိနေကြောင်း၊ မိမိတို့၏ လူသားချင်းစာနာသော လုပ်ဖော်ကိုင်ဖက် အဖွဲ့များကို အကူအညီလိုအပ်နေသော ပြည်သူများထံ ကောင်းစွာ လက်လှမ်းမီနိုင် အောင် ပြုလုပ်ပေးမည်ဆိုပါက လိုအပ်သည့် အကူအညီကို အကဲဖြတ်နိုင်မည်ဖြစ်ပြီး ကယ်ဆယ်ထောက်ပံ့မှုများကို ထိရောက်စွာ ပို့ဆောင်ပေးနိုင်လိမ့် မည်ဟု ထုတ်ဖော်ဆွေးနွေးခဲ့သည်။

                "အာဏာပိုင်တွေကလည်း လူသားချင်းစာနာတဲ့ အကူအညီတွေ ပေးနိုင်မယ့် မြန်မာနိုင်ငံ နေရာဒေသတွေကို ဒီထက်ပိုပြီး တိုးချဲ့ဖို့ လိုလားနေ တာကြောင့် ကျွန်မအားတက်မိပါတယ်။ ဒီကတိကဝတ်ကို မကြာမီအတွင်း ထင်ထင်ရှားရှား သက်သေပြတဲ့ လက္ခဏာတွေ မြင်ရမယ်လို့ ကျွန်မမျှော်လင့် ပါတယ်။ လူသားချင်းစာနာတဲ့ ကူညီမှု ကျွမ်းကျင်ပညာရှင်တွေကို အရေးတကြီးလိုအပ်နေတဲ့ ဒေသတွေဆီ သွားခွင့်ပြုဖို့၊ လုပ်ကိုင်ခွင့်ပြုဖို့ စတဲ့ ပုံစံမျိုးတွေ နဲ့ပေါ့" ဟု ကော်မရှင်နာ Georgieva က ဆိုသည်။

                ကော်မရှင်နာမင်းကြီးသည် ဒေါ်အောင်ဆန်းစုကြည်နှင့်လည်း  တွေ့ဆုံခဲ့ပြီး လူသားချင်းစာနာမှုနှင့် သဘာဝ ဘေးအန္တရာယ်ဆိုင်ရာ ဦးစားပေး ဆောင်ရွက်သင့်သည့် ကိစ္စများကို ပြောဆိုခဲ့သည်။ "ဒေါ်အောင်ဆန်းစုကြည်ဟာ မြန်မာနိုင်ငံက သနားစရာအကောင်းဆုံးပြည်သူတွေရဲ့ ပြောရေးဆိုခွင့် ရှိသူ၊ ကိုယ်စားပြုနိုင်သူဖြစ်ပါတယ်။ ဒါကြောင့်လည်း ကျွန်မဟာ အီးယူရဲ့ လူသားချင်းစာနာမှုဆိုင်ရာ စိန်ခေါ်မှုတွေနဲ့ သဘာဝဘေးအန္တရာယ်အပေါ် ကျွန်မတို့ ကော်မရှင်နာရဲ့ တုန့်ပြန် ဆောင်ရွက်ပုံတွေ၊ မြန်မာနိုင်ငံမှာ အလိုအပ်ဆုံးဖြစ်နေတဲ့ သနားစရာ ပြည်သူတွေရဲ့ ရှင်သန်ရေးနဲ့ တိုးတက် ဖွံ့ဖြိုးရေး အတွက် အီးယူက ဘယ်လိုကူညီနိုင်တယ်ဆိုတာတွေကို သူမဆီ တင်ပြဆွေးနွေးဖို့ အခွင့်အလမ်းရခဲ့တဲ့အတွက် သိပ်ကို ဝမ်းမြောက်ဝမ်းသာ ဖြစ်ရပါတယ်" ဟု Georgieva က ပြောကြားသည်။

                ကော်မရှင်နာမင်းကြီးသည် သူမ၏ အခြားခရီးစဉ်မစ်ရှင်များကဲ့သို့ပင် မြန်မာနိုင်ငံသို့ ရောက်ရှိနေစဉ်အတွင်း ကော်မရှင်၏ လူသားချင်း စာနာသော ကယ်ဆယ်ရေး ဘတ်ဂျက်မှတဆင့် အီးယူ၏ ထောက်ပံ့မှုဖြင့် မြန်မာနိုင်ငံတွင် လုပ်ကိုင်နေကြသော ကုလသမဂ္ဂအဖွဲ့များ၊ ကြက်ခြေနီနှင့် အခြား အဖွဲ့အစည်းများမှ လူသားချင်းစာနာကူညီသည့် လုပ်ဖော်ကိုင်ဖက်ပါတနာများနှင့်လည်း တွေ့ဆုံခဲ့သည်။ ထို့အပြင်လူသားချင်း စာနာသော ကူညီမှုနှင့် ဖွံ့ဖြိုးမှုဆိုင်ရာ လူမှုဝန်ထမ်း အသိုင်းအဝိုင်းအတွက် စိန်ခေါ်နေသည့် ကိစ္စများ ဦးစားပေးဆောင်ရွက်စရာများကို အချိန်ကိုက်၊ တိကျသည့် အစီအစဉ်များဖြင့် ကြိုတင်ပြင်ဆင်ပေးရန် အီးယူက ထောက်ပံ့ထားသော Myanmar Emergency Mapping Unit MENU ၏ ရန်ကုန်အခြေစိုက်  ရုံးချုပ်သို့လည်း ကော်မရှင်နာမင်းကြီးက သွားရောက်ကြည့်ရှုခဲ့သည်။

                မြန်မာနိုင်ငံမှ အတိုက်အခံအုပ်စုနှင့် အရပ်ဖက်အဖွဲ့အစည်းများ အပါအဝင် အစိုးရသစ်နှင့် ထိပ်ပိုင်းအဆင့် နိုင်ငံရေး ဒိုင်ယာလော့ ဆွေးနွေးရန် အီးယူက လတ်တလော အားထုတ်လာမှု၏ အရှိန်အဟုန်ကြောင့် ကော်မရှင်နာ Georgieva ၏ ယခု ခရီးစဉ်ပေါ်ထွက်ခဲ့ခြင်း ဖြစ်သည်။

နောက်ခံ Background

                BURMA သို့မဟုတ် မြန်မာနိုင်ငံသည် နယ်စပ်တောင်တန်းဒေသများမှ လတ်တလောတိုက်ပွဲများနှင့် ၂၀၀၈ ခုနှစ်က လူပေါင်း ၁၄၀၀၀ ကျော်ကို ဇီဝိန်ခြွေခဲ့သော နားဂစ်စ်ဆိုင်ကလုံးကဲ့သို့ ဘဘာဝဘေးအန္တရာယ်များ မကြာခဏ ဖြစ်ပွားနိုင်မှု စသော ကပ်ဘေးဒုက္ခများ ရောသမမွှေ ထားသည့် နိုင်ငံတစ်ခုဖြစ်သည်။ ယင်းကဲ့သို့သော အခြေအနေတွင် ဆင်းရဲမွဲတေခြင်း စိန်ခေါ်မှုများက ဗူးလေးရာဖရုံဆင့် လိုက်သည့်အခါ အန္တရာယ် ကြီးမား၍ အလွန် အမင်း သနားစရာ ကောင်းသော ဘဝဖြင့် နေထိုင်ရှင်သန်နေရသူ အရေအတွက် လွန်စွာမြင့်မားလာလေတော့သည်။

                အဆိုပါပြဿနာများကို ဖယ်ရှားရှင်းလင်းရန်အတွက် မြန်မာနိုင်ငံမှ ကယ်ဆယ်ရေးအစီအစဉ်များကို အီးယူက ၁၉၉၄ ခုနှစ်မှစ၍ ရန်ပုံငွေ ထောက်ပံ့ခဲ့သည်။ ထိုကာလအတွင်း အီးယူက သဘာဝအန္တရာယ်များကို တုံ့ပြန်ဆောင်ရွက်ရန်၊ လူသားချင်းသနားဖွယ် အရေးပေါ်အခြေအနေများကို ကယ်ဆယ်ရန်၊ သဘာဝကပ်ဘေးများကို ခံနိုင်ရည် ရှိမှု တိုးတက်လာရန် အတွက် ပေါင်စတာလင်သန်း ၁၁၀ ထည့်ဝင်မြှုပ်နှံပေးခဲ့သည်။ ၂၀၀၅ တွင် ကော်မရှင်၏ Humanitairian Aid and Civil Protection Department ECHO က အီးယူ၏ ကယ်ဆယ်ရေး အကူအညီများပို့ဆောင်မှု ချောမွေ့ လွယ်ကူအောင် ဆောင်ရွက်ပေးနေသည့် ရန်ကုန်ရုံးခွဲကို ဆက်လက် ဖွင့်လှစ်ပေးခဲ့သည်။

                ၂၀၁၁ တွင် မြန်မာနိုင်ငံအတွင်းရှိ လူသားချင်းစာနာမှုဆိုင်ရာ သဘာဝဘေးအန္တရာယ်ဆိုင်ရာ လှုပ်ရှားမှုများ အတွက်နှင့် ထိုင်းနိုင်ငံမှ မြန်မာ ဒုက္ခသည်များကို ကူညီရန်အတွက် ဥရောပကော်မရှင်က ပေါင်စတာလင် ၂၂သန်း ခွင့်ပြုခဲ့သည်။ မြန်မာနိုင်ငံအတွင်း၌ ကော်မရှင်က ထောက်ပံ့နေသော အခြေခံကျန်းမာရေးဝန်ဆောင်မှုများ၊ ရေနှင့် သန့်ရှင်းရေး စီမံကိန်းများ၊ စားနပ်ရိက္ခာနှင့် အာဟာရ ကူညီမှုများ၊ ဆိုင်ကလုံးနှင့် ငလျင်ဒဏ်ခံ အသက်ရှင် ကျန်ရစ်သူများကို ကူညီမှုများနှင့် ပင်မ သဘာဝဘေးအန္တရာယ် ထိခိုက်မှု လျှော့ချရေးလှုပ်ရှားမှုများ စသော အကူအညီများမှ အကျိုးကျေးဇူးခံစား နေရသော ပြည်သူ တစ်သန်းကျော်ရှိနေပြီဖြစ်သည်။ ထို့အပြင် ပိုလီယိုရောဂါဆိုးရွားစွာ ပျံ့နှံ့မှု၏ နောက်ဆက်တွဲအဖြစ် UNICEF ၏ ကလေး ၃.၇ သန်း ကာကွယ်ဆေးထိုးသည့် စီမံချက်ကိုလည်း ကော်မရှင်က ရန်ပုံငွေ ထောက်ပံ့ပေးခဲ့သည်။

                ယခုလောလောဆယ်တွင် ကော်မရှင်က မြန်မာနိုင်ငံနယ်စပ်ဒေသများတွင် အစိုးရတပ်နှင့် တိုင်းရင်းသား လက်နက်ကိုင်တပ်များအကြား မပြီးနိုင်သော စစ်ပွဲများကြောင့် မြေဇာပင်ဖြစ်ရသည့် ဒေသခံ အရပ်သားများကို အကူအညီ ပေးနိုင်ရေးအတွက် ဦးစားပေး အာရုံစိုက်လုပ်ဆောင်လျှက် ရှိသည်။

*****************************************************************************

သြစတြေးလျ စီးပွားရေး ပြန်တက်

( 7 September 2011 ရက်စွဲပါ Financial Times မှ Peter Smith ရေးသားသော Australian economy bounces back ကို ဘာသာ ပြန်ဆိုသည်)

                သြစတြေးလျ စီးပွားရေးသည် ဒုတိယသုံးလပတ်တွင် မျှော်မှန်းသည်ထက် ပို၍ အားကောင်းစွာ တက်လာခဲ့ရာ စီးပွားရေးအရ ရင်းနှီး မြှုပ်နှံမှုများ၊ လူသုံးကုန်များ သုံးစွဲခြင်းများတွင် တက်လာခဲ့ပြီး၊ မျှော်မှန်းထားသည့် တိုးတက်မှုနှုန်း 1.2% ထက် ပိုမို တိုးတက်ခဲ့သည်။

                GDP ကိန်းဂဏန်းများအရ မတ်လတွင် ကုန်ဆုံးခဲ့သော သုံးလပတ်တွင် စီးပွားရေးသည် 0.9% ကျုံ့ဝင်သွားခဲ့သည်။ ရေကြီးမှုများ၊ ဆိုက်ကလုန်း များကြောင့် တိုင်းပြည်၏ သတ္တုလုပ်ငန်းများ၊ စိုက်ပျိုးရေးလုပ်ငန်းများတွင် ထိခိုက်မှုများ ရှိခဲ့သော်လည်း ယခုအခါ ပြန်လည် ကောင်းမွန် လာသည့် လက္ခဏာပြနေသည်။ စီးပွားရေးပညာရှင် အများစုက ယခုကွာတားတွင် တိုးတက်မှုနှုန်း 0.9% မှ 1% သာ မျှော်မှန်းခဲ့သော်လည်း၊ တိုးတက်မှု နှုန်းမှာ 1.4% ရှိခဲ့သည်။

                “လာမည့်နှစ်မှာလည်း စီးပွားရေးတိုးတက်မှုနှုန်းမြင့်နေဖို့အတွက် ရင်းနှီးမြှပ်နှံမှုနဲ့ ကုန်ပစ္စည်းတင်ပို့မှုက ဆက်လက် အထောက်အကူပြုဖို့ မျှော်လင့်ပါ တယ် ” ဟု TD Securities မှ အာရှ- ပစိဖိတ် သုတေသန အကြီးအကဲ Annette Beacher က ပြောကြားခဲ့သည်။ သူမက 2011 တွင် GDP ကို 2% ထိ ရောက်ရန်နှင့် လာမည့်နှစ်တွင် 4.5% ရှိရန် မျှော်လင့်ကြောင်း ဖြည့်စွက်ပြောကြားခဲ့သည်။ သို့သော် သွင်းကုန်က ပို့ကုန်ထက် မြင့်တက် နေခြင်းကြောင့် GDP ကို 0.5% လျော့နည်းစေသည်။

                သြစတြေးလျ ဗဟိုဘဏ်သည် အင်္ဂါနေ့က အတိုးနှုန်းများကို 4.75% ထားရှိခဲ့ပြီး၊ ဥရောပနှင့် အမေရိကန်တို့တွင် မသေချာ မရေရာမှုများမှာ သြစတြေးလျအား ထိခိုက်ကြောင်း သတိပေးခဲ့သည်။

                “သြစတြေးလျ စီးပွားရေးဟာ မူမမှန်ပဲ ပါဝါရှိတဲ့ ရှုတ်ထွေးနေတဲ့ အင်အားစုများကို ကြုံတွေ့ရပါတယ်။ စီးပွားရေး တိုးတက်မှုဟာ ပုံမှန်မဟုတ်ပဲ မညီမမျှ ဖြစ်နေပြီး၊ ငွေကြေးနဲ့ ပတ်သက်ပြီး စိုးရိမ်ပူပန်ရမှုတွေမှာ အကောင်းတွေ လာလိုက် အဆိုးတွေ လာလိုက်နဲ့ ကမ္ဘာ့ဈေးကွက်အပေါ် ရိုက်ခတ်မှု ရဲ့ လှိုင်းလုံးတွေ လာနေပါတယ်” ဟု Reserve Bank of Australia မှ ဥက္ကဋ္ဌ Glenn Stevens ကပြောကြားခဲ့သည်။

                သြစတြေးလျ၏ သယံဇာတနှင့်မဆိုင်သော စီးပွားရေးကို ပြောရမည်ဆိုလျှင် ယခုနှစ်အစောပိုင်းက တွေ့မြင်ရသည်ထက် ပိုမို အားနည်း ကြောင်း၊ Queensland မှ ရေကြီးမှုဒဏ်ကြောင့် ပျက်စီးခဲ့သော သတ္တုလုပ်ငန်းများမှာလည်း ပြန်လည်ကောင်းမွန်ရန် ထင်သည်ထက် ပိုကြာကြောင်း ၎င်းက ဖြည့်စွက် ပြောကြားခဲ့ သည်။

                သို့သော် သြစတြေးလျ၏ ဘဏ္ဍာစိုး Wagne Swan က ပြောကြားရာတွင် ယခု GDP ကိန်းဂဏန်းများသည် အခြားဖွံ့ဖြိုးပြီး နိုင်ငံများတွင် ရုန်းကန်နေရချိန်၌ မိမိတို့စီးပွားရေး ယခင်အတိုင်း ပြန်ကောင်းလာရေးအတွက် ယုံကြည်မှုများ ရှိလာကြောင်း ပြောသည်။

                “ကျွန်တော်တို့ စီးပွားရေးမှာ အားကောင်းတဲ့ ရင်းနှီးမြှပ်နှံမှု၊ ဝင်ငွေတွေတိုးလာမှု၊ သုံးစွဲနိုင်အား ဆက်ထိန်းထားနိုင်မှုနှင့် အလုပ်လက်မဲ့ လျော့ကျလာခြင်းများ ရှိနေပါတယ်။ ဒီအချက်တွေဟာ စီးပွားရေး အားကောင်းဖို့ အထောက်အကူပြုတဲ့ အချက်တွေပါပဲ”  ဟု Mr Swan က ပြောသည်။

                မူဝါဒရေးရာပိုင်းတွင် ပြဿနာများကြောင့် အစိုးရ၏ပေါ်ပြူလာဖြစ်မှုများ ကျဆင်းခဲ့ရပြီးနောက် ယခု စီးပွားရေးတိုးတက်မှု ကိန်းဂဏန်းများ ကြောင့် Mr Swan မှ လက်ရှိညွန့်ပေါင်းအစိုးရ၏ စီးပွားရေးတွင် စီမံခန့်ခွဲရန် ဦးဆောင်သူအဖြစ် ရာထူးတိုးမြှင့်ခံခဲ့ရသည်။

                ယခု GDP ကိန်းဂဏန်းများ ထုတ်ပြန်အပြီးတွင် သြစတြေးလျဒေါ်လာသည် 1.0539 မှ 1. 0568 သို့ ရောက်ရှိခဲ့သည်။

**************************************************************************************

တရုတ် သွင်းကုန်တန်ဖိုး စံချိန်တင်မြင့်တက်၍ ကုန်သွယ်မှု ပိုငွေ ကျဉ်းမြောင်း

(11 September 2011 ရက်စွဲပါ BBC News မှ Chinese imports at record high as trade surplus narrows  ကို ဘာသာ ပြန်ဆိုသည်)

                တရုတ်နိုင်ငံ၏ သွင်းကုန်တန်ဖိုးမှာ သြဂုတ်လက အမြင့်ဆုံးသို့ရောက်ခဲ့ပြီး ကမ္ဘာလုံးဆိုင်ရာ စီးပွားရေး နှေးကွေးမှုအတွက် စိုးရိမ်ပူပန်နေချိန် တွင် ပြည်တွင်းစားသုံးမှု မြင့်တက်နေသည်ကို ပြဆိုသည်။

                အစိုးရက ယခုအပတ် ထုတ်ပြန်သော ကိန်းဂဏန်းများအရ သွင်းကုန်တန်ဖိုးသည် ယခင်နှစ်ကထက် 30. 2% မြင့်တက်ခဲ့ပြီး ဒေါ်လာ ( 155. 6) ဘီလီယံ ( ပေါင်စတာလင် 98 ဘီလီယံ ) သို့ ရောက်ရှိခဲ့သည်။

                ပို့ကုန်သည် 24. 5 % မြင့်တက်ခဲ့ပြီး၊ ကုန်သွယ်မှုပိုငွေ ဒေါ်လာ ( 17. 8) ဘီလီယံ ရှိခဲ့သည်။ ကုန်သွယ်မှုပိုငွေမှ ယခင်လက ဒေါ်လာ ( 31. 5 ) ဘီလီယံ ရှိခဲ့သည်။ လတ်တလောအားဖြင့် တရုတ်သည် ၎င်း၏ စီးပွားရေးရေချိန် ပြန်လည်ချိန်ညှိသောအားဖြင့် ပြည်တွင်းစားသုံးမှု မြှင့်တင်ရန် ကြိုးစားလျက် ရှိသည်။

                “သြဂုတ်လ ပို့ကုန်သွင်းကုန် ကိန်းဂဏန်းတွေက တရုတ်ရဲ့ စီးပွားရေးကြီးထွားမှုဟာ ပြည်တွင်းစားသုံးမှုပေါ်မှာပဲ မူတည်နေတယ်ဆိုတာ ပြဆိပါတယ်။ ကြီးထွားမှုဟာလည်း အားကောင်းတယ်လို့ ဆိုရပါမယ်”  ဟု ANZ မှ Li- Gang Liu က ပြောကြားခဲ့သည်။

                ယခုနှစ်ပိုင်းအတွင်း တရုတ်၏ စီးပွားရေးတိုးချဲ့လာခြင်းကြောင့် ငွေပိုမို သုံးနိုင်သော လူလတ်တန်းစားများ တိုးလာသည်ကို တွေ့ရသည်။ လူလတ် တန်းစားများ တိုးလာခြင်းကြောင့် ပြည်တွင်းစားသုံးမှု ကြီးထွားလာပြီး သွင်းကုန်များ မြင့်တက်လာရခြင်း ဖြစ်သည်။

                “တရုတ်လူလတ်တန်းစားတွေ ကြီးထွားလာတာဟာ စီးပွားရေး ဆက်လက်ကြီးထွားဖို့ အကြောင်းတစ်ခုပါပဲ” ဟု UBS ဘဏ်မှ Kelvin Tay က BBC သို့ ပြောသည်။ ယွမ်ငွေသည် လွန်ခဲ့သည့် ၁၂ လ အတွင်း အမေရိကန်ဒေါ်လာထက်စာလျှင် 5% ကျော် တိုးလာသည်။

                “ဥပမာအားဖြင့် ခင်ဗျားမှာ လွန်ခဲ့တဲ့နှစ်က ယွမ် ( 100 ) ရှိလို့ ပစ္စည်းနှစ်မျိုး ဝယ်နိုင်တယ်ဆိုရင်၊ ဒီနှစ် နှစ်မျိုးထက်မက ဝယ်နိုင်ပါလိမ့်မယ်” ဟု သုံးသပ်သူ တစ်ဦးက ရှင်းပြသည်။

*******************************************************************************

ဟောင်ကောင်တွင် အလုပ်အကိုင် သုံးထောင် ခန့်လျှော့ချမည်ဟု HSBC ကြေညာ

(BBC သတင်းကို ဘာသာ ပြန်ဆိုသည်)

ကမ္ဘာကျော် HSBC ဘဏ်က ဟောင်ကောင်အခြေစိုက် အာရှဒေသဆိုင်ရာရုံးချုပ်များတွင် လာမည့်သုံးနှစ်အတွင်း အလုပ်ကိုင်ပေါင်း ၃၀၀၀ ခန့် လျှော့ချသွားမည်ဖြစ်ကြောင်း စက်တင်ဘာလ ၇ ရက်နေ့တွင် ထုတ်ပြန်ကြေညာသည်။ ယင်းသို့ပြုလုပ်ရန် စီစဉ်ခြင်းမှာ ကမ္ဘာလုံးဆိုင်ရာ စရိတ်စက ဖြတ်တောက်ရေး အစီအစဉ်အရဖြစ်သည်ဟုလည်းဆိုသည်။

HSBC ၏အကြီးအကဲ  Stuart Gulliver က လာမည့် ၂၀၁၃ ခုနှစ်မှစ၍ ကမ္ဘာတစ်ဝန်းရှိ HSBC လုပ်ငန်းများတွင် အလုပ်အကိုင်ပေါင်း သုံးသောင်းခန့် လျှော့ချသွားရန်စီစဉ် ဆောင်ရွက်လျက်ရှိကြောင်း ပြီးခဲ့သည့် သြဂုတ်လအတွင်း ထုတ်ဖော်ပြောဆိုခဲ့ဖူးသည်။ အခြားသော ဧရာမဘဏ် လုပ်ငန်းကြီးများသည်လည်း ဘဏ်လုပ်ငန်းအခန်းကဏ္ဍတွင် စီးပွားရေး နှေးကွေးကျဆင်းမှုများဖြစ်ပေါ်ခြင်း၊ တင်းကြပ်သည့် ထိန်းချုပ်မှုများ ဖြစ်ပေါ်လာ ခြင်း တို့ကြောင့် အလားတူ စရိတ်စကလျှော့ချရေး အစီအစဉ်များလုပ်ဆောင်မည်ဟု ကြေညာထားပြီး ဖြစ်သည်။

ယခု HSBC က အလုပ်အကိုင်များလျှော့ချမည့် အစီအစဉ်သည် ဘဏ်လုပ်ငန်းလည်ပတ်မှုများ ပိုမို ထိရောက်မှုရှိပြီးတွက်ခြေကိုက်စေရန် ရည်ရွယ်ခြင်း ဖြစ်သည်ဟု ဆိုသည်။ "ကျွန်တော်တို့ ဘဏ်ရဲ့လုပ်ကိုင်နိုင်မှု စွမ်းအားဟာ မလိုလားအပ်ဘဲ ရှုပ်ထွေးနက်နဲနေပြီး ဗျူရိုကရက်တစ် ဆန်ဆန် ဖြစ်နေပါတယ်။ အဲဒီလိုရှုပ်ထွေးမှုတွေက ကျွန်တော်တို့ရဲ့ လုပ်ငန်းစွမ်းဆောင်ရည်နဲ့ ရုန်းကန်နိုင်မှုစွမ်းအားကို လျှော့ချသလိုဖြစ်နေပါတယ်။ အဲဒါကြောင့် လာမယ့် သုံးနှစ်အတွင်း ခန့်မှန်းခြေအလုပ်အကိုင် ၃၀၀၀ ခန့်ကိုလျှော့ချသွားမှာဖြစ်ပါတယ်" ဟု HSBC ၏ အာရှပစိဖိတ်ဒေသ ဆိုင်ရာ အကြီးအကဲ Peter Wong ကပြောကြားသည်။ ဘဏ်အနေဖြင့် အချို့သော ဝန်ထမ်းများကို နေရာပြန်လည်ချထားမှုများ ပြုလုပ်သွားမည်ဖြစ်သော်လည်း အလုပ် အကိုင်များကိုမူ လျှော့ချသွားမည် ဖြစ်သည်ဟု ၎င်းကဆိုသည်။ HSBC သည် ဟောင်ကောင်တွင်စတင်ထူထောင်ခဲ့သော ဘဏ်ကြီးတစ်ခုဖြစ်ပြီး ဟောင်ကောင်၌ အလုပ်အကိုင် မြောက်မြားစွာကို ဖန်တီးပေးသောလုပ်ငန်းများတွင်တစ်ခုအပါအဝင်ဖြစ်သည်။

ယခုလို အလုပ်အကိုင်များလျှော့ချမည်ဟု ကြေညာထားသော်လည်း HSBC အပါအဝင်အခြားသော ဧရာမ ဘဏ်ကြီးများမှာ တိုးတက်မှုနှုန်း လျင်မြန်သည့် အာရှနိုင်ငံများသို့ ဝင်ရောက်လုပ်ကိုင်ကြရန် အာရုံစိုက်လျက် ရှိကြသည်။ HSBC သည် လွန်ခဲ့သည့်နှစ်နှစ်ခန့်က ကမ္ဘာလုံးဆိုင်ရာ လုပ်ငန်း အကြီးအကဲဖြစ်သူအား ဟောင်ကောင်သို့ ရွှေ့ပြောင်းခဲ့ပြီး အာရှသည်လွန်စွာအရေးကြီးသော နယ်မြေဒေသတစ်ခုဖြစ်သည်ဟု ထုတ်ဖော် ပြောဆိုခဲ့သည်။ ယခု အစီအစဉ်အရ မကြာမီ ကာလအတွင်း ဥရောပနှင့် မြောက်အမေရိကတို့ရှိ HSBC ဘဏ်များတွင် အလုပ်အကိုင်များ ထပ်မံ လျှော့ချသွားဖွယ် ရှိသည်။ သို့သော် လာမည့်ငါးနှစ်အတွင်း တရုတ်ပြည်မကြီးနှင့် စင်ကာပူတို့တွင် ဝန်ထမ်းပေါင်း ၂၀၀၀ ခန့် ထပ်မံ ငှားရမ်းသွားရန် အစီအစဉ် ရှိကြောင်း HSBC ဆိုထားပြန်သည်။

****************************************************************************

ဂျပန်စီးပွားရေး မျှော်မှန်းသည်ထက် နှေးကွေးကျဆင်း

(BBC သတင်းကို ဘာသာ ပြန်ဆိုသည်)

ဂျပန်နိုင်ငံစီးပွားရေးသည် ဒုတိယသုံးလပတ်အတွင်း မျှော်မှန်းထားသည်ထက် ပိုမိုနှေးကွေးအားနည်း သွားကြောင်း အစိုးရကပြန်လည် ထုတ်ပြန် သည့် ကိန်းဂဏန်းများကဆိုသည်။ ယခင်က သတင်းထုတ်ပြန်ချက်အရ ဂျပန်စီးပွားရေး အရွယ်အစားမှာ ၁ ဒဿမ ၃ ရာခိုင်နှုန်းဖြင့် သေးငယ် သွားလျက်ရှိသော်လည်း စက်တင်ဘာလ ၉ ရက်နေ့တွင် ထွက်ပေါ်လာသည့် တရားဝင်ကိန်းဂဏန်းများအရ နှစ်ဉ် ၂ ဒဿမ ၁ ရာခိုင်နှုန်းဖြင့် ပမာဏ လျော့ကျလျက် ရှိကြောင်း သိရသည်။

ယခုလို ဂျပန်စီးပွားရေးကျဆင်းနေရခြင်းမှာ စီးပွားရေးကုမ္ပဏီကြီးများက ကမ္ဘာလုံးဆိုင်ရာ စီးပွားရေး နှေးကွေးမှုနှင့် ယန်းငွေတန်ဖိုးမြင့်တက် မှုများ အပေါ် စိုးရိမ်ပူပန်မှုဖြင့် ငွေကြေးသုံးစွဲမှုများ လျှော့ချလိုက်ခြင်းကြောင့် ဖြစ်ကြောင်း၊ ယခု ထွက်ပေါ်လာသည့် ကိန်းဂဏန်းများကြောင့် ဂျပန် စီးပွားရေးအခြေအနေနှင့်ပတ်သက်၍ စိုးရိမ်စရာများ ထပ်မံ ဖြစ်ပေါ်လာရကြောင်း BBC သတင်းကဆိုသည်။

"ကုမ္ပဏီတွေရဲ့ ရင်းနှီးမြှုပ်နှံမှုဟာ ယခင်ကမှန်းဆခဲ့သလောက် ကြီးထွားလာဖွယ်မရှိပါဘူး။ ဇူလိုင်လနဲ့ စက်တင်ဘာလအတွင်း ဂျပန်နိုင်ငံရဲ့ ဂျီဒီပီဟာလည်း မှန်းထားတာထက် ပိုမိုသေးငယ်နေမှာပါ။ ဒါပေမဲ့ ပုံမှန် စီးပွားရေးနာလန်ထူအောင်လုပ်ဆောင်နိုင်မယ်လို့ ယခုချိန်ထိမျှော်လင့်နေကြဆဲ ပါ" ဟု တိုကျိုအခြေစိုက် Meiji Yasuda Life Insurance မှ Yuichi Kodama ကပြောသည်။

ကမ္ဘာလုံးဆိုင်ရာ စိုးရိမ်မှုများ

ဂျပန်နိုင်ငံ၏ စီးပွားရေးသည် လက်တလောကာလများအထိ ကျဆင်းနေဆဲပင်ဖြစ်သည်။ စီးပွားရေး တိုးတက်မှုမှာ မတ်လ ၁၁ ရက်နေ့က ဖြစ်ပေါ်ခဲ့သော ဆူနာမီနှင့် မြေငလျင်လှုပ်ခတ်မှုများကြောင့် ဆိုးဆိုးရွားရွားထိခိုက်ခဲ့ရသည်။ ယင်းဖြစ်ရပ်ဆိုးကြီးကြောင့် နိုင်ငံအခြေခံအဆောက်အအုံ များ၊ Supply Chain များ ထိခိုက် ပျက်စီးခဲ့ရုံသာမက စက်ရုံ အလုပ်ရုံများလည်း ပိတ်ပင်လိုက်ရခြင်း၊ ကုန်ထုတ်လုပ်မှု လျှော့ချရခြင်းတို့ပါ ဖြစ်ပေါ်ခဲ့ရ သည်။ ဂျပန်အနေဖြင့် စီးပွားရေးပြန်လည်နာလန်ထူစေရန် အဘက်ဘက်မှကြိုးစားရုန်းကန်နေရချိန်တွင် ကမ္ဘာလုံးဆိုင်ရာ စီးပွားရေးကျဆင်းမှု ဟူသည့် စိုးရိမ်ပူပန်မှုများက ပြဿနာများကိုပိုမိုကြီးထွားစေသည်။

"ဂျပန်စီးပွားရေးနာလန်ထူတဲ့ခြေလှမ်းတွေဟာ ပြီးခဲ့တဲ့သြဂုတ်လမှာ တဖြည်းဖြည်းချင်းနှေးကွေးလာတဲ့ပုံစံမျိုး ဖြစ်လာပါတယ်။ ဘာဖြစ်လို့လဲ ဆိုတော့ ကမ္ဘာလုံးဆိုင်ရာ စီးပွားရေးမရေရာမသေချာမှု တရားတွေများလာတဲ့အတွက် ကြောင့်ပါ" ဟု မစ္စတာ Yuichi Kodama ကရှင်းပြသည်။ စီးပွားရေးလေ့လာဆန်းစစ်သူများကမူ ကမ္ဘာလုံးစီးပွားရေးနှေးကွေးကျဆင်းလာတဲ့အတွက်ကြောင့် ဂျပန်ပို့ကုန်တွေအပေါ်ဝယ်လိုအားလည်း ကျဆင်း လာဖွယ် ရှိကြောင်း၊ အဆိုပါဖြစ်ရပ်ကြောင့် ဂျပန်ကုမ္ပဏီများက ရင်းနှီးမြှုပ်နှံမှုနှင့် ကုန်ထုတ်လုပ်မှုများလျှော့ချလျက်ရှိကြောင်း သုံးသပ် ပြောဆိုကြသည်။

စက်တင်ဘာလ ၉ ရက်နေ့ ဂျပန်အစိုးရထုတ်ပြန်သော စာရင်းဇယားများနှင့်ကိန်းဂဏန်းများအရ စီးပွားရေး လုပ်ငန်းများ၏ အလုံးစုံ ရင်းနှီး မြှုပ်နှံမှုမှာ ဇွန်လနောက်ဆုံးပတ် ကာလအထိ၊ သုံးလတာ ကာလအတွင်း ဝ ဒဿမ ၉ ရာခိုင်နှုန်း လျော့ကျခဲ့သည်ကိုတွေ့ရသည်။ အစောပိုင်း ကာလများက ဝ ဒဿမ ၂ ရာခိုင်နှုန်းသာ လျော့ကျမည်ဟု ခန့်မှန်းခဲ့ကြသည်။ ဂျပန်ဘဏ္ဍာရေးဝန်ကြီးဌာနက ပြီးခဲ့သည့်ရက်သတ္တပတ်အတွင်း စီးပွားရေး ဆိုင်ရာ စာရင်း ဇယားများ ထုတ်ပြန်ရာတွင် ကုမ္ပဏီများ၏ အရင်းအနှီးသုံးစွဲမှုများ၊ စက်ရုံအလုပ်ရုံများတွင် ရင်းနှီးမြှုပ်နှံမှုများ၊ စက်ယန္တရား ဝယ်ယူ သုံးစွဲမှုများမှာ ယခင်နှစ်ကထက် ၇ ဒဿမ ၈ ရာခိုင်နှုန်းကျဆင်းသွားကြောင်းဖော်ပြပါရှိသည်။

ယန်းငွေဖက်တာ(Yen Factor)

ယခုလိုအနေအထားထဲတွင် ဂျပန်စီးပွားရေးလုပ်ငန်းများသည်လည်း ယန်းငွေတန်ဖိုးမြင့်တက်မှုဒဏ်ကို ဆိုးရွားစွာ ခံစားနေကြရသည်။ ကမ္ဘာလုံးဆိုင်ရာ စီးပွားရေး တိုးတက်မှုနှင့်ပတ်သက်သော မရေရာ မသေချာမှုများ ကြောင့် ရင်းနှီးမြှုပ်နှံသူများမှာ ယန်းငွေကဲ့သို့သော လုံခြုံစိတ်ချမှုရှိနိုင်သည့် အရာများကို ပိုမို မှီခိုအားထားလာကြ ပေရာ ယန်းငွေတန်ဖိုးမှာ အဆမတန်မြင့်တက်လာသည်။ စီးပွားရေးလေ့လာဆန်းစစ်သူများက ယခုလို ဖြစ်ရပ်ကြောင့် ဂျပန်စီးပွားရေး ပြန်လည် နာလန်ထူရေးဖြစ်စဉ်ကို ပိုမိုဆိုးရွားစေသည်ဟုဆိုသည်။ "ကုမ္ပဏီအတော်များများ စိတ်ဒုက္ခရောက်နေကြတာ ယန်းငွေကိစ္စကြောင့်ပါ" ဟု Fujitsu Research Institute မှ Martin Shulz က BBC သို့ ပြောကြားသည်။

"သူတို့အနေနဲ့ Supply Chain တွေနဲ့ ကုန်ထုတ်လုပ်မှုတွေပုံမှန်ဖြစ်အောင်လုပ်ဆောင်ထားပြီးဖြစ်ပါတယ်။ ဒါပေမဲ့ ယန်းငွေတန်ဖိုး အဆမတန် မြင့်တက်နေတဲ့ အတွက်ကြောင့် သူတို့ရဲ့ထုတ်ကုန်တွေကို ရောင်းလို့မရဘူး ဖြစ်နေ ပါတယ်။ ယန်းငွေမြင့်တက်မှုက စရိတ်စကတွေကို ပိုမိုကြီးမားစေလို့ပဲ ဖြစ်ပါတယ်" ဟု ၎င်းက ဆက်လက်ပြောဆိုသည်။

ထို့ပြင် ယင်းသို့ယန်းငွေမြင့်တက်မှုက ပို့ကုန်လုပ်ငန်းများကို ထိခိုက်စေရုံသာမက ဂျပန်ကုမ္ပဏီများ လုပ်ငန်းတိုးချဲ့မှု မပြုနိုင်အောင်လည်း အဟန့်အတား ဖြစ်ပေါ်စေလျက်ရှိသည်ဟု ပညာရှင်များကထောက်ပြကြသည်။

"ဂျပန်မှာ ရင်းနှီးမြှုပ်နှံမှုပြုလုပ်မယ့်ကိစ္စနဲ့ပတ်သက်ပြီး စဉ်းစားကြတဲ့ကုမ္ပဏီ အနည်းငယ်ပဲရှိပါတော့တယ်။ အခြားကုမ္ပဏီ အတော်များများက တော့ ရေမြေရပ်ခြားမှာ စီးပွားရေးတိုးချဲ့လုပ်ကိုင်ဖို့ပဲအာရုံစိုက်နေကြတာပါ" ဟု မစ္စတာ Martin Shulz က ဆိုသည်။

***********************************************************************************************************************

 


Google Docs makes it easy to create, store and share online documents, spreadsheets and presentations.
Logo for Google Docs

0 comments:

Post a Comment