Transparency Myanmar

transparency.myanmar@gmail.com

yangonchronicle2011
yangonchronicle2011

၂၆.၁၀.၂၀၁၁

ပြည်တွင်းသတင်းများ

  1. တက္ကစီကားတွင်း ပေါက်ကွဲ၍ ယာဉ်မောင်းသေဆုံး
  1. ၂၀၁၂ ခုနှစ်တွင် နိုင်ငံတကာ လေကြောင်းထိန်းသိမ်းရေးစနစ်သစ် စတင်မည်

ပြည်တွင်းပါတီ၊ နိုင်ငံရေးသတင်းများ

  1. နိုင်ငံရေးအကျဉ်းသားများ လျော့ရက်ရရန် အစာငတ်ခံဆန္ဒပြ
  1. ဒေါ်အောင်ဆန်းစုကြည်၏ လက်ရှိလုပ်ဆောင်မှုများသည် သမ္မတနှင့်ဆွေးနွေးခဲ့သည့် ကိစ္စများသာဖြစ်ဟုဆို
  2. မီဒီယာနှင့် ပြည်သူ့လွှတ်တော်ရှိ ပြည်သူ့ဆက်ဆံဖွံ့ဖြိုးရေးကော်မတီ တွေ့ဆုံမည်

သတင်းနှင့် ဆောင်းပါးများမှ ကောက်နှုတ်ချက်များ

ဆောင်းပါးကဏ္ဍ

  1. အခြေခံအဆောက်အအုံနှင့် ဖွံ့ဖြိုးရေးလိုအပ်ချက်

**************************************************************************

ပြည်တွင်းသတင်းများ

တက္ကစီကားတွင်း ပေါက်ကွဲ၍ ယာဉ်မောင်းသေဆုံး

အောက်တိုဘာ ၂၆ ရက်က သင်္ဃန်းကျွန်းမြို့နယ်တွင် ပြေးဆွဲနေသည့် အငှားယာဉ်တစ်စီးပေါ်တွင် ပေါက်ကွဲမှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ခရီးသည်နှစ်ဦးကို တင်ဆောင်လာသည့် ယာဉ်အမှတ် သ/၁၇၅၂ အဖြူရောင် စူပါရု(ပ်) အငှားကားသည် သင်္ကန်းကျွန်းမြို့နယ်၊ ငမိုးရိပ် ကိုးလမ်း ထိပ် မြင်သာ(ကညန) ရုံးရှေ့အရောက်တွင် ယာဉ်မောင်း ထိုင်ခုံအောက်မှ စတင်ပေါက်ကွဲမှု ဖြစ်ပွားခဲ့ရာ ယာဉ်မောင်းဦးခင်မောင်သင်းမှာ သေဆုံး သွားခဲ့ပြီး စီးနင်းလိုက်ပါလာသူ ခရီးသည်နှစ်ဦးမှာ ပြင်းထန်သည့် ဒဏ်ရာများ ရရှိခဲ့ကြောင်း သိရသည်။

“ယာဉ်မောင်းက သင်္ဃန်းကျွန်းစံပြဆေးရုံအရောက်မှာ သေဆုံးသွားခဲ့တာပါ။ ကျန်တဲ့ ခရီးသည်နှစ်ယောက်ကိုတော့ ရန်ကုန်ဆေးရုံကြီးကို တင်ပို့ ကုသထားပါတယ်”ဟု သင်္ဃန်းကျွန်းမြို့နယ်ရဲစခန်းမှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။

ယာဉ်မောင်းထိုင်ခုံအောက်မှ ပေါက်ကွဲခဲ့ခြင်းဖြစ်ကာ ယာဉ်နောက်တွင် ပါရှိသည့် CNG အိုးကို ထိခိုက်ခြင်း မရှိသည့်အတွက် အလွန်ပြင်းထန် သည့် ပေါက်ကွဲမှု မဖြစ်သွားခဲ့ကြောင်း ယင်းက ဆက်လက်ဆိုသည်။

“လက်ရှိပြောနိုင်တာကတော့ ပေါက်ကွဲစေတဲ့အရာပါ”ဟု ယင်းရဲအရာရှိက ဆက်လက်ပြောကြားသည်။

ပြည်တွင်းသို့ အတိုက်အခံအဖွဲ့အစည်းများမှ ဖောက်ခွဲရေးသမားများ စေလွှတ်ထားကြောင်း သတင်းရရှိသည့်အတွက် ပြည်သူများအနေဖြင့် သတိဖြင့် နေထိုင်စေလိုကြောင်း ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

စီးပွားရေးမြို့တော် ရန်ကုန်တွင် ဗုံးဖေါက်ခွဲမှုများ၊ ဗုံးလန့်မှုများ ဖြစ်ပွားနေသည်မှာ ကြာမြင့်ပြီ ဖြစ်ကြောင်း ရန်ကုန်မြို့ခံများက ဆိုသည်။

YC(KS)

-----------------------------------------------------------------------------------------------------------------------------------

၂၀၁၂ ခုနှစ်တွင် နိုင်ငံတကာ လေကြောင်းထိန်းသိမ်းရေးစနစ်သစ် စတင်မည်

ပို့ဆောင်ရေးဝန်ကြီးဌာနသည် ၂၀၁၂ ခုနှစ်တွင် နိုင်ငံတကာ လေကြောင်းထိန်းသိမ်းရေး စနစ်သစ်ဖြစ်သည့် စွမ်းဆောင်မှု အခြေခံ လေကြောင်း လမ်းညွှန်စနစ်( Performance Base Navigation ) ကို နေပြည်တော်၊ ရန်ကုန်နှင့် မန္တလေးမြို့တို့တွင် စတင်အသုံးပြုရန် ဆောင်ရွက်နေပြီဖြစ်ကြောင်း နိုင်ငံပိုင်သတင်းစာများ၏ ဖော်ပြချက်အရ သိရသည်။

မြန်မာနိုင်ငံသည် လေကြောင်းထိန်းသိမ်းရေးနှင့် ပတ်သက်၍ မတော်တဆထိခိုက်မှု အကင်းစင်ဆုံး နိုင်ငံဖြစ်ပြီး၊ နေ့စဉ် ဖြတ်ကျော်ပျံသန်းသည့် လေယာဉ်မှာ ၄၇၅ စင်းရှိရာ လေယာဉ်တစ်စင်း မြန်မာနိုင်ငံအပေါ် ဖြတ်ကျော်ပျံသန်းချိန်မှာ မိနစ် ၄၀ ခန့် ကြာမြင့်ကြောင်း သိရသည်။ လေကြောင်းထိန်း ဝန်ထမ်းများသည် ၃ မိနစ်လျှင် လေယာဉ်တစ်စင်းနှုန်းဖြင့် ထိန်းသိမ်းလမ်းညွှန်နေကြောင်း သိရသည်။

မြန်မာနိုင်ငံ လေကြောင်းပညာသိပ္ပံကျောင်းသည် ကမ္ဘာ့လေကြောင်းအဖွဲ့ချုပ်၏ ရန်ပုံငွေဖြင့် တည်ထောင်ဖွင့်လှစ်ထားပြီး၊ လေကြောင်း စီးပွားရေးလုပ်ငန်းနှင့် ပတ်သက်သော ကျွမ်းကျင်ဝန်ထမ်းများ ဖြစ်စေရန်နှင့် မျိုးဆက်သစ် လူသားအရင်းအမြစ်များ မွေးထုတ်ရာ တစ်ခုတည်းသောကျောင်း ဖြစ်ကြောင်း သိရသည်။

ကမ္ဘာပေါ်တွင် လေကြောင်းစီးပွားရေးလုပ်ငန်းသည် အရင်းအနှီး အများဆုံးလုပ်ငန်းဖြစ်ကြောင်း သိရသည်။ ပို့ဆောင်ရေးဝန်ကြီးဌာနသည် မြန်မာနိုင်ငံတွင် နိုင်ငံခြားငွေ ဒေါ်လာသန်းပေါင်းများစွာ ရှာဖွေပေးသော ဌာနတစ်ခု ဖြစ်သည်ဟု သိရသည်။

YC

************************************************************************************

ပြည်တွင်းပါတီ၊ နိုင်ငံရေးသတင်းများ

နိုင်ငံရေးအကျဉ်းသားများ လျော့ရက်ရရန် အစာငတ်ခံဆန္ဒပြ

ရန်ကုန်၊ အောက်တိုဘာလ ၂၆။

နိုင်ငံရေးပြစ်မှုများဖြင့် အကျဉ်းထောင်များအတွင်း အကျဉ်းကျနေသည့် နိုင်ငံရေးအကျဉ်းသားများသည် သာမန်အကျဉ်းသားများကဲ့သို့ လျှော့ရက် ရရှိရန် အင်းစိန်ဗဟိုအကျဉ်းထောင်တွင် အစာငတ်ခံဆန္ဒပြနေကြောင်း သိရသည်။

အောက်တိုဘာ ၂၆ ရက်နေ့ နေ့လယ်စာစားချိန်မှ စတင်သော အစာငတ်ခံ ဆန္ဒပြပွဲတွင် ပါဝင်သည့်  နိုင်ငံရေး အကျဉ်းသား ၁၅ဦးသည် သာမန် အကျဉ်းသားများကဲ့သို့ လျှော့ရက် ရရှိရန်ကို အဓိကထား တောင်းဆိုခြင်းဖြစ်ကြောင်း သိရသည်။

“ဆန္ဒပြမှုမှာ အဆောင်(၃)၊အဆောင်(၄)၊ အဆောင်(၅)က နိုင်ငံရေးအကျဉ်းသားတွေ ပါဝင်ပါတယ်။ ဒီဆန္ဒပြပွဲမှာ ဦးစီးသူကတော့ မရှိပါဘူး”ဟု ယင်းတို့နှင့် နီးစပ်သူတစ်ဦးက ဆိုသည်။

အဆိုပါ  အစာငတ်ခံဆန္ဒပြမှုတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများသမဂ္ဂနှင့် ရခိုင်လူငယ်များအဖွဲ့ဝင်များ ပါဝင်ကြောင်း သိရသည်။

“ကျွန်တော်တို့တွေက အကျဉ်းထောင်မှာ ကျခံပေမယ့် လူမှုရေးပြစ်မှုတွေကို ကျူးလွန်ပြီး ပြစ်ဒဏ်ကျခံရသူတွေလို လျော့ရက်မရဘူး။ ဒီတော့ ကျွန်တော်တို့အနေနဲ့ ပြောင်းလဲတိုးတက်လာတဲ့ နိုင်ငံရေးအခြေအနေမှာ အကျဉ်းသားတွေဘဝလည်း တိုးတက်လာစေချင်တယ်”ဟု အစိုးရသစ်၏ ဒုတိယ အကြိမ် လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် အကျဉ်းမှ လွတ်မြောက်လာသူတစ်ဦးက ပြောကြားသည်။

၁၉၈၈ခုနှစ်မှ ယခုအချိန်ထိ မြန်မာနိုင်ငံတစ်ဝှမ်းရှိ အကျဉ်းထောင်များတွင် အစာငတ်ခံဆန္ဒပြမှုများ ဖြစ်ပွားခဲ့ပြီး ယင်းဆန္ဒပြမှုများတွင် ၁၉၉၈ခုနှစ် မေလတွင် ဖြစ်ပွားခဲ့သည့် ငါးရက်ကြာ အစာငတ်ခံဆန္ဒပြမှုသည် အကြီးမားဆုံးဖြစ်ကာ နိုင်ငံရေးအကျဉ်းသားတစ်ဦး အသက်ဆုံးရှုံးခဲ့ရသည်။

YC(KS)

-----------------------------------------------------------------------------------------------------------------------------------

ဒေါ်အောင်ဆန်းစုကြည်၏ လက်ရှိလုပ်ဆောင်မှုများသည် သမ္မတနှင့်ဆွေးနွေးခဲ့သည့် ကိစ္စများသာဖြစ်ဟုဆို

ဒေါ်အောင်ဆန်းစုကြည်၏ လက်ရှိလုပ်ဆောင်လျက်ရှိသော လုပ်ဆောင်ချက်များသည် သမ္မတနှင့် တွေ့ဆုံစဉ် ဆွေးနွေးခဲ့သော ကိစ္စရပ်များ ကိုသာ   ဆောင်ရွက်နေခြင်းဖြစ်ကြောင်း အမျိုးသားဒီမိုကရေစီ(NLD) မှ ဗဟိုအလုပ်အမှုဆောင်တစ်ဦးက ပြောကြားသည်။

ဒေါ်အောင်ဆန်းစုကြည်က သမ္မတနှင့်တွေ့ဆုံဆွေးနွေးခဲ့သော ကိစ္စရပ်များကိုမူ ထုတ်ဖော်ပြောကြားသွားမည် မဟုတ်ကြောင်း ပြောကြားသည်။

“နိုင်ငံရေးအင်အားစုတွေကလည်း ဒေါ်စုရဲ့လုပ်ဆောင်ချက်တွေကို နားလည်ကြလိမ့်မယ်လို့ထင်တယ်” ဟု အထက်ပါပုဂ္ဂိုလ်က ပြောကြားသည်။

ဒေါ်အောင်ဆန်းစုကြည်သည် နောက်ဆုံးအကြိမ် နေအိမ်အကျယ်ချုပ်မှ လွတ်မြောက်လာပြီးနောက် နိုင်ငံရေးလုပ်ဆောင်မှုများသည် နူးညံ့ သိမ်မွေ့ကာ နားလည်ရန်ခက်ခဲလာကြောင်း နိုင်ငံရေး လေ့လာစောင့်ကြည့်သူ တစ်ဦးက သုံးသပ်ပြောကြားသည်။

ဒေါ်အောင်ဆန်းစုကြည်သည် သမ္မတနှင့်တွေဆုံဆွေးနွေးမှုများကို ဗဟိုအလုပ်မှုဆောင်အဖွဲ့ဝင်များကိုမူ အကန့်အသတ်ဖြင့်သာ အသိပေး ထားကြောင်း NLD မှ ဦးဝင်းတင်က ပြောကြားသည်။

နိုင်ငံရေးအကျဉ်းသားများ လွှတ်ပေးအရေး၊ ပါတီမှတ်ပုံတင်ရေးနှင့် အမေရိကန်မှပိတ်ဆို့ထားသည့် စီးပွားရေး ပိတ်ဆို့ထားမှုတွေကို ဆွေးနွေးခဲ့ ကြောင်း NLD ဥက္ကဋ္ဌ ဦးတင်ဦးက ပြောကြားသည်။

ဒေါ်အောင်ဆန်းစုကြည်သည် ယင်းကဲ့သို့ သိမ့်မွေ့စွာ လုပ်ဆောင်နေရသည့်အတွက် တချို့ထိပ်သီးဆွေးနွေးမှုများကို သတင်းထုတ်ပြန်မှုများ မပြုလုပ်တော့ကြောင်း သိရသည်။

Peace Press

-----------------------------------------------------------------------------------------------------------------------------------

မီဒီယာနှင့် ပြည်သူ့လွှတ်တော်ရှိ ပြည်သူ့ဆက်ဆံဖွံ့ဖြိုးရေးကော်မတီ တွေ့ဆုံမည်

၂၀၁၁ ခုနှစ် အောက်တိုဘာလ ၃၀ ရက်နေ့တွင် နေပြည်တော်၌ ပြည်သူ့လွှတ်တော်ရှိ အားကစား၊ ယဉ်ကျေးမှုနှင့် ပြည်သူ့ဆက်ဆံရေး ဖွံ့ဖြိုး တိုးတက်ရေး ကော်မတီနှင့် သတင်းမီဒီယာသမားတို့၏ ပထမဆုံးအကြိမ်တွေ့ဆုံပွဲကို ပြုလုပ်သွားမည်ဖြစ်ကြောင်း ပြည်သူ့လွှတ်တော်ရှိ ကော်မတီဝင် တစ်ဦးက ပြောကြားခဲ့သည်။

ယခင် ဖျက်သိမ်းခဲ့သည့် တပ်မတော်အစိုးရလက်ထက်ကတည်းကပင် မြန်မာနိုင်ငံရှိ မီဒီယာကဏ္ဍတွင် စာပေလွတ်လပ်ခွင့်များ၊ မီဒီယာ ရေးသားခွင့် အကျပ်အတည်းများ၊ မီဒီယာလိုအပ်ချက်များ ရှိသေးသည့်အတွက်  ပြည်သူ့ဆက်ဆံရေး ဖွံ့ဖြိုးတိုးတက်ရေး ကော်မတီနှင့် သတင်းမီဒီယာ သမားတို့ တွေ့ဆုံပွဲ၌ မီဒီယာသမားများ၏ နစ်နာမှုများ၊ အခက်အခဲများ၊ ဖွံ့ဖြိုးတိုးတက်ရန် လိုအပ်ချက်များ၊ အစိုးရတာဝန်ရှိသူများသို့ ပြောကြားချင်သည့် ဆန္ဒများနှင့် စာပေစိစစ်ရေးတင်ရာတွင် ကြုံတွေ့နေရသော အခက်အခဲများကို တင်ပြနိုင်မည်ဖြစ်ပြီး ၎င်းကော်မတီမှလည်း အခက်အခဲများဖြေရှင်းပေးရန် တာဝန်ရှိ ကြောင်း ကော်မတီဝင်တစ်ဦးက ပြောကြားခဲ့သည်။

“အခုလို ပြည်သူ့လွှတ်တော်က တာဝန်ရှိသူတွေနဲ့ မီဒီယာသမားတွေ တွေ့ဆုံမယ်ဆိုတဲ့ ကိစ္စကတော့ ကောင်းပါ တယ်။ နောက်ပိုင်းမှာ စာပေ လွတ်လပ်ခွင့် ပိုမိုရရှိနိုင်ဖို့အတွက် ဒါပာာ ပထမခြေလှမ်းပဲဖြစ်တယ်။ အခုလို ကျွန်တော်တို့ မီဒီယာတွေမှာ လိုအပ်တဲ့ကိစ္စတွေကိုလည်း နောက်ပိုင်း ပြန်ဖြည့်နိုင်မယ်လို့ ထင်ပါတယ်” ပာု ပြည်တွင်းသတင်းထောက်တစ်ဦးက ပြောကြားခဲ့သည်။

ပြည်သူ့လွှတ်တော်ရှိ ကော်မတီတစ်ရပ်ဖြစ်သည့် အားကစား၊ ယဉ်ကျေးမှုနှင့် ပြည်သူ့ဆက်ဆံရေး ဖွံ့ဖြိုးတိုးတက်ရေး ကော်မတီကို စက်တင်ဘာလ ၆ ရက်နေ့တွင် ကျင်းပသော ပထမအကြိမ် ပြည်သူ့လွှတ်တော် ဒုတိယ ပုံမှန်အစည်းအဝေးတွင် ဖွဲ့စည်းခဲ့ပြီး အဖွဲ့ဝင် ကော်မတီဝင် ဦးရေ ၁၅ ဦး ရှိကြောင်း သိရသည်။

                                                                                                                              YC

*****************************************************************************

သတင်းနှင့် ဆောင်းပါးများမှ ကောက်နှုတ်ချက်များ

“လောကဖြေရှင်းလို့ မရနိုင်တဲ့ ပြဿနာဆိုတာမရှိပါဘူး။ အဲဒီလိုပဲ မပြီးဆုံးနိုင်တဲ့ စစ်ပွဲဆိုတာလည်း မရှိပါဘူး။ အနည်းဆုံးတော့ ကျွန်တော်တို့နိုင်ငံက ပြည်တွင်းစစ်ဟာ ပါလက်စတိုင်း အစ္စရေးပဋိပက္ခနဲ့ အခြားအနည်းငယ်သော ပဋိပက္ခတွေလို ကမ္ဘာနာတစ်ခု မဟုတ်ပါဘူး။ ဒါကြောင့် တန်းတူရည်တူ အခြေခံပေါ်မှာ အမြော်အမြင်ရှိရှိ သဘောထားကြီးကြီးထားပြီး ဖြေရှင်းရင် မကျေလည်စရာ အကြောင်းမရှိပါဘူး။ သဘောထားကြီးရမယ်ဆိုရာမှာလည်း မကြာသေးမီက ထောင်ကထွက်လာတဲ့ ပြည်သူချစ် ဟာသပညာရှင် ကိုဇာဂနာပြောသလို နိုင်ငံတော်အစိုးရဘက်က ထားရှိရမဲ့ သဘောထားပါ”

အောက်တိုဘာ ၂၄ ထုတ် The Messenger အတွဲ (၂) အမှတ် (၂၃) တွင်ပါသည့် ဆောင်းပါးရှင် မောင်ဝံသ၏ “ရှေ့နေသားအဖ ပုံပြင်” ဆောင်းပါးမှ ကောက်နှုတ်ချက်

-----------------------------------------------------------------------------------------------------------------------------------

အမျိုးသား လွှတ်တော်ကိုယ်စားလှယ်၊ ဇေကမ္ဘာကုမ္ပဏီဦးခင်ရွှေမှ စာနယ်ဇင်းအချို့သည် မိမိတို့လိုရာဆွဲ၍ ရေးသားဖော်ပြနေခြင်းမှာ သတင်းရင်းမြစ်ကို မျက်ကွယ်ပြုရာ ရောက်ကြောင်း၊ စာနယ်ဇင်းများသည် ဒီမိုကရေစီလမ်းကြောင်းသို့ လျှောက်လှမ်းရေးတွင် အပြုသဘောဆောင်ကြရန် အထူးလိုအပ် ကြောင်း၊ မည်သည့် စာနယ်ဇင်းဖြစ်စေ မိမိတို့ စောင့်ထိန်းအပ်သည့် စာနယ်ဇင်းကျင့်ဝတ်ကို တိကျစွာလိုက်နာကြမှသာလျှင် စတုတ္ထမဏ္ဍိုင်သည် ပီပြင် လာမည်ဖြစ်ကြောင်း လျှပ်တပြတ် သင်းဂျာနယ်နှင့်တွေ့ဆုံရာတွင် ဝေဖန်ပြောကြားလိုသည်။

အောင်တိုဘာ ၂၁ ထုတ် လျှပ်တစ်ပြက် သတင်းဂျာနယ် အတွဲ (&