Transparency Myanmar

transparency.myanmar@gmail.com

yangonchronicle2011
yangonchronicle2011

၃၁.၁၀.၂၀၁၁

ပြည်တွင်းသတင်းများ

  1. ရာသီဥတုကြောင့် အန္တရာယ်အရှိဆုံး နိုင်ငံများတွင် မြန်မာပါဝင်
  1. ထားဝယ်ရေနက်ဆိပ်ကမ်း၌ ကျွမ်းကျင်လုပ်သားရရှိရန် ပြည်ပသို့ ပညာသင်စေလွှတ်
  2. အာဆီယံအသိအမှတ်ပြု လက်သမားကျွမ်းကျင်မှု လက်မှတ်ထုတ်ပေးမည်

ပြည်တွင်းပါတီ၊ နိုင်ငံရေးသတင်းများ

  1. ကြားဖြတ်ရွေးကောက်ပွဲ၌ အဆိုတော်ရသ မရမ်းကုန်းမြို့နယ်မှ ဝင်ပြိုင်မည်
  2. ဘဏ္ဍာရေးနှင့် ငွေကြေးကဏ္ဍ နိုင်ငံတော်အကြံပေးအဖွဲ့ ဖွဲ့စည်း

သတင်းနှင့် ဆောင်းပါးများမှ ကောက်နှုတ်ချက်များ

************************************************************************************

ပြည်တွင်းသတင်းများ

ရာသီဥတုကြောင့် အန္တရာယ်အရှိဆုံး နိုင်ငံများတွင် မြန်မာပါဝင်

ရာသီဥတုပြောင်းလဲမှုများနှင့် ဖောက်ပြန်မှုများကြောင့် အန္တရာယ်အရှိဆုံး နိုင်ငံများတွင် မြန်မာအပါအဝင် အရှေ့တောင်အာရှ ငါးနိုင်ငံ ပါဝင်ကြောင်း ဗြိတိန်ရှိ ဘေးအန္တရာယ်လေ့လာရေး အဖွဲ့တစ်ခုမှ နိုင်ငံပေါင်း ၁၉၃ နိုင်ငံကိုလေ့လာ ခွဲခြားပေးသည့် ဇယားတွင် ဖော်ပြထားသည်။

၎င်း ဇယားအရ ဘေးအန္တရာယ် ရှိနိုင်ခြေအများဆုံးနိုင်ငံ ၃၀ တွင် ဘင်္ဂလားဒေ့ရှ်၊ အိန္ဒိယနှင့် ဒီမိုကရက်တစ်ကွန်ဂို(ဒီအာစီ) တို့က ထိပ်ဆုံးတွင် ရှိနေပြီး အင်ဒိုနီးရှား၊ မြန်မာ၊ ဗီယက်နမ်၊ ဖိလစ်ပိုင်၊ ကမ္ဘောဒီးယား နိုင်ငံတို့ ပါဝင်ကြောင်း သိရသည်။

ရာသီဥတု ဘေးအန္တရာယ်အရှိဆုံးနိုင်ငံများဖြစ်သည့် ထိပ်ဆုံး နိုင်ငံ ၃၀ စာရင်းတွင် အာဖရိကနိုင်ငံများက သုံးပုံနှစ်ပုံခန့်နေရာယူထားပြီး ကျန် နိုင်ငံများမှာ ဖွံ့ဖြိုးဆဲနိုင်ငံများဖြစ်သည်။ ရာသီဥတုဖောက်ပြန်မှုများဖြစ်သည့် မိုးခေါင်ခြင်း၊ မုန်တိုင်းတိုက်ခြင်း၊ တောမီးလောင်ခြင်း စသည့် အချက်များကြောင့် ရေရှားပါးမှုများ၊ သီးနှံပျက်စီးမှုများ၊ မြေဆုံးရှုံးမှုများ ဖြစ်ပေါ်လာနိုင်ကြောင်း သိရသည်။

သဘာဝဘေးအန္တရာယ် အနည်းဆုံးနိုင်ငံများမှာ အိုက်စလန်၊ ဖင်လန်၊ အိုင်ယာလန်၊ ဆွီဒင်၊ အက်စ်တိုးနီးယား နိုင်ငံတို့ဖြစ်ကြောင်း သိရသည်။

တရုတ်နိုင်ငံမှာမူ ရာသီဥတုဖောက်ပြန်မှု အလယ်အလတ်ကျသည့် နိုင်ငံများစာရင်းတွင် ရှိနေပြီး အမေရိကန်နိုင်ငံမှာမူ ရာသီဥတု ပြောင်းလဲမှုကြောင့် အန္တရာယ်အနည်းပါးဆုံးစာရင်းတွင် ရပ်တည်ခဲ့သည်။

ရာသီဥတုကြောင့် အန္တရာယ်အရှိဆုံး တောင်အာရှနှင့် အရှေ့တောင်အာရှရှိ မြို့များမှာ ဒါကာ၊ အဒီစ်အဘာသာ(အီသီယိုးပီးယား)၊ မနီလာ၊ ကိုလ်ကတ္တား၊ စစ်တကောင်း၊ ချင်နိုင်း၊ မွမ်ဘိုင်း၊ နယူးဒေလီ မြို့ များဖြစ်သည်ဟု ဆိုသည်။

Ref: Weekly Eleven

-----------------------------------------------------------------------------------------------------------------------------------

ထားဝယ်ရေနက်ဆိပ်ကမ်း၌ ကျွမ်းကျင်လုပ်သားရရှိရန် ပြည်ပသို့ ပညာသင်စေလွှတ်

တနင်္သာရှိတိုင်းဒေသကြီး၌ ဖော်ဆောင်လျှက်ရှိသော ထားဝယ်ရေနက်ဆိပ်ကမ်း(အထူးစီးပွားရေးဇုန်)၌ ကျွမ်းကျင်လုပ်သားများရရှိနိုင်စေရန် ရည်ရွယ်၍ အလုပ်သမားအချို့ကို ပြည်ပနိုင်ငံများသို့ ပညာတော်သင် စေလွှတ်သွားမည် ဖြစ်ကြောင်း သိရသည်။

ထိုသို့ ကျွမ်းကျင်လုပ်သားရရှိရေး ပညာတော်သင်စေလွှတ်နိုင်ရေးအတွက် အောက်တိုဘာလ ဒုတိယပတ်တွင် အလုပ်သမားဝန်ကြီးဌာနမှ တာဝန်ရှိသူများနှင့် ပြည်ထောင်စုဒုတိယဝန်ကြီးများသည် ထိုင်းနိုင်ငံသို့ မြန်မာအလုပ်သမား ရေးရာကိစ္စရပ်များနှင့် ပတ်သက်၍ သွားရောက် ဆွေးနွေး ညှိနှိုင်းခဲ့သည်။

ကျွမ်းကျင်လုပ်သားရရှိရေးအတွက် ပညာတော်သင်စေလွှတ်မည့်နိုင်ငံကို အဓိကအနေဖြင့် ထိုင်းနိုင်ငံသို့ အများဆုံးစေလွှတ်သွားမည်ဖြစ်ပြီး ထိုင်းနိုင်ငံ Amata City ရှိ အော်တိုမိုဘိုင်းစက်ရုံသို့ စေလွှတ်၍ လုပ်ငန်းနှင့် ပတ်သက်သည့်နည်းပညာ၊ ထုတ်လုပ်မှုပိုင်း စသည့်တို့အား ပညာသင်ယူကာ လုပ်ကိုင်စေမည်ဖြစ်ကြောင်း သိရသည်။

နိုင်ငံခြားသို့ ပညာတော်သင်သွားရောက်မည့် အလုပ်သမားများကို အလုပ်သမားဝန်ကြီးဌာနမှ စနစ်တကျရွေးချယ် စေလွှတ်သွားမည်ဖြစ်ပြီး ၎င်း ပညာတော်သင် လုပ်သားများကို ထားဝယ်ရေနက်ဆိပ်ကမ်း ဖွင့်လှစ်မည့် အချိန်တွင် ပြန်လည်ခေါ်ယပြီး  အလုပ်လုပ်ကိုင်စေမည်ဖြစ်ကြောင်း သိရသည်။

၎င်း တို့မှတစ်ဆင့် ပြည်တွင်းရှိ အခြားလုပ်သားများကို လုပ်ငန်းဆိုင်ရာ ကိစ္စရပ်များ ပြန်လည်ဖြန့်ဝေသင်ကြားပေးသွားမည်ဖြစ်ကြောင်း အလုပ်သမားဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။

Ref:Envoy

-----------------------------------------------------------------------------------------------------------------------------------

အာဆီယံအသိအမှတ်ပြု လက်သမားကျွမ်းကျင်မှု လက်မှတ်ထုတ်ပေးမည်

ပြည်တွင်း၌ လက်သမားအလုပ်ဖြင့် အသက်မွေးဝမ်းကျောင်းလျက်ရှိသည့် သူများအတွက် လာမည့် ၂၀၁၅ ခုနှစ်တွင် ကျရောက်မည့် အာဆီယံ လွတ်လပ်သော ကုန်သွယ်မှုဒေသများတွင်ပါ လုပ်ကိုင်နိုင်စေရန် အာဆီယံအသိအမှတ်ပြု လက်သမားကျွမ်းကျင်မှု ထုတ်ပေးမည်ဖြစ်ကြောင်း မြန်မာနိုင်ငံ အင်ဂျင်နီယာအသင်းမှ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။

ယခုကဲ့သို့ အာဆီယံအသိအမှတ်ပြု လက်သမားကျွမ်းကျင်မှု လက်မှတ်ကို ထုတ်ပေးခြင်းမှာ မြန်မာနိုင်ငံတွင် ပထမဆုံးအကြိမ်ဖြစ်ပြီး ပြည်တွင်းရှိ လက်သမားများ၏ ဘဝမှာ ယခုထက်ပိုမို၍ ဖွံ့ဖြိုးတိုးတက်လာနိုင်မည်ဟု ၎င်းကဆက်လက်ပြောကြားခဲ့သည်။

အဆိုပါ လက်သမားအသိအမှတ်ပြု လက်မှတ် ရရှိနိုင်စေရန် မြန်မာနိုင်ငံအင်ဂျင်နီယာအသင်းမှ ဖွင့်လှစ်သော အရည်အသွေး စိစစ်ပေးသည့် သင်တန်း အဆင့် (၃) ဆင့်ကို တက်ရောက်ရမည်ဖြစ်ပြီး အဆင့်(၁)မှာ တစ်စိတ်တစ်ပိုင်း ကျွမ်းကျင်လက်သမား၊ အဆင့်(၂)မှာ အနည်းငယ်ကျွမ်းကျင် လက်သမားနှင့် အဆင့်(၃) မှာ အဆင့်မြင့်ကျွမ်းကျင် လက်သမား ပာူ၍ အဆင့်များခွဲခြားသတ်မှတ်ထားကြောင်း သိရသည်။

မြန်မာနိုင်ငံအင်ဂျင်နီယာအသင်းမှ ဖွင့်လှစ်သော သင်တန်းမှာ ၃ ရက်သာကြာမြင့်မည်ဖြစ်ပြီး ၎င်းသင်တန်းမှ ထုတ်ပေးမည့် လက်သမား အသိအမှတ်ပြု လက်မှတ်မှာ ပြည်တွင်းရှိ လက်သမားများအတွက် ၎င်းတို့၏ အရည်အချင်းနှင့် ပတ်သက်၍ လုပ်အားခခေါင်းပုံဖြတ်ခံရခြင်း၊ လုပ်ခ လစာ နည်းပါးခြင်းနှင့် မိမိ၏ အရည်အချင်းကို လုပ်ငန်းရှင် မသိခြင်း စသည့်အခက်အခဲများကို ပြေလျော့သွားစေနိုင်မည်ဖြစ်ကြောင်း သိရသည်။

လက်ရှိ အချိန်တွင် နိုင်ငံတော်အဆင့် လက်သမားကျွမ်းကျင်မှု အသိအမှတ်ပြုလက်မှတ် ထုတ်ပေးနိုင်ရေးအတွက် (NSSA) အမျိုးသား လုပ်သားများကျွမ်းကျင်မှု စံသတ်မှတ်ရေးအဖွဲ့နှင့် ပူးပေါင်း၍ ၂၀၁၅ ခုနှစ်တွင် လွတ်လပ်သော အာဆီယံ ကုန်သွယ်မှုတွင် အာဆီယံဒေသတွင်း ကူးလူးလုပ်ကိုင်နိုင်မည့် အသိအမှတ်ပြု လက်မှတ် ကိုလည်း ထုတ်ပေးနိုင်ရန် စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း မြန်မာနိုင်ငံ အင်ဂျင်နီယာအသင်းမှ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။

Ref: True News

************************************************************************************

ပြည်တွင်းပါတီ၊ နိုင်ငံရေးသတင်းများ

ကြားဖြတ်ရွေးကောက်ပွဲ၌ အဆိုတော်ရသ မရမ်းကုန်းမြို့နယ်မှ ဝင်ပြိုင်မည်

နိုဝင်ဘာလအတွင်း ကျင်းပနိုင်ဖွယ်ရှိသည့် ကြားဖြတ်ရွေးကောက်ပွဲတွင် ဆို၊ က၊ ရေး၊ တီး ရွှေတံဆိပ်ဆုရှင် Hip Hop အဆိုတော်ရသမှ အမျိုးသား ဒီမိုကရေစီပါသစ် ကိုယ်စားပြုအဖြစ် မရမ်းကုန်းမြို့နယ် မဲဆန္ဒနယ်မ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်း အဖြစ် ဝင်ရောက် ယှဉ်ပြိုင်သွားမည် ဖြစ်ကြောင်း သိရသည်။

ဟစ်ပ်ဟော့ပ်အဆိုတော်ရသ က လက်ရှိအချိန်တွင် ၎င်းအနေဖြင့်ဝင်ရောက်ယှဉ်ပြိုင်မည့် မရမ်းကုန်းမဲဆန္ဒနယ် တွင် လူထုစည်းရုံးရေးဆင်းခြင်း ကိစ္စရပ်များကို လုပ်ဆောင်ခြင်းမရှိသေးသော်လည်း စည်းရုံးရေးဆင်းရန် နယ်မြေ အနေအထား ကို လေ့လာလျက်ရှိကြောင်း ပြောကြားခဲ့သည်။

အဆိုတော်ရသ ကိုယ်စားပြုယှဉ်ပြိုင်မည့် အမျိုးသားဒီမိုကရေစီပါတီသစ်တွင် ဥက္ကဋ္ဌအဖြစ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးသိန်းညွှန့်က တာဝန်ယူဆောင်ရွက်လျက်ရှိပြီး ၎င်း ပါတီသစ်မှ ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်နှင့် တိုင်းဒေသကြီးလွှတ်တော်တို့တွင် ကိုယ်စားလှယ် ၅ ဦးခန့်ရှိကြောင်း သိရသည်။

အမျိုးသားဒီမိုကရေစီပါတီသစ် ဌာနချုပ်အား သင်္ဃန်းကျွန်းမြို့နယ်တွင် ဖွင့်လှစ်ထားပြီး လာမည့် ကြားဖြတ်ရွေးကောက်ပွဲတွင် မင်္ဂလာ တောင်ညွှန့်မြို့နယ်၊ ဒဂုံဆိပ်ကမ်းမြို့နယ်နှင့်  မရမ်းကုန်းမြို့နယ်များတွင် ၎င်းပါတီသစ်မှ ကိုယ်စားလှယ်လောင်းများ ဝင်ရောက် ယှဉ်ပြိုင်သွားမည် ဖြစ်ကြောင်း သိရသည်။

Ref:Envoy

-----------------------------------------------------------------------------------------------------------------------------------

ဘဏ္ဍာရေးနှင့် ငွေကြေးကဏ္ဍ နိုင်ငံတော်အကြံပေးအဖွဲ့ ဖွဲ့စည်း

မြန်မာနိုင်ငံရှိ ဘဏ္ဍာရေးနှင့် ငွေရေးကြေးရေ ကဏ္ဍများအတွက် နိုင်ငံတော်အကြံပေးအဖွဲ့ ကို ဖွဲ့စည်းလိုက်ပြီဖြစ်ကြောင်း ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီး ဌာနမှ ထုတ်ပြန်ကြေညာခဲ့သည်။

၎င်း အကြံပေးအဖွဲ့ကို နိုင်ငံအတွင်း လက်ရှိ ငွေရေးကြေးရေး ဆောင်ရွက်လျက်ရှိသည့် ပညာရှင်များဖြင့် ဖွဲ့စည်းထားခြင်းဖြစ်ပြီး ၎င်း အဖွဲ့မှ အဓိကလုပ်ဆောင်ရမည်မှာ ပြည်တွင်းရှိ Banking နှင့် Finance ကဏ္ဍများအတွက် သက်ဆိုင်ရာ ဝန်ကြီးအား အကြံပေးခြင်းကိစ္စရပ်များကို ဆောင်ရွက်ရမည်ဖြစ်ပြီး မြန်မာနိုင်ငံအတွင်း ငွေရေးကြေးရေး ပြုပြင်ပြောင်းလဲမှုအတွက် ပညာရှင်များထံမှ အကြံဉာဏ်များကို ရယူသွားမည်ဖြစ်ကြောင်း သိရသည်။

ထို့ပြင် နိုင်ငံတကာမှ ငွေကြေးဆိုင်ရာ ပညာရှင်များ မြန်မာနိုင်ငံသို့ လာရောက်ပါက ယခုဖွဲ့စည်းလိုက်သည့် ဘဏ္ဍာရေးနှင့် ငွေကြေးကဏ္ဍ အကြံပေးအဖွဲ့နှင့် ပထမဦးဆုံးတွေ့ဆုံရမည်ဖြစ်ကြောင်း ၎င်း အကြံပေးအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။

၎င်း ငွေကြေးဆိုင်ရာ နိုင်ငံတော်အကြံပေးအဖွဲ့တွင် ပုဂ္ဂလိကဘဏ်များမှ ဥက္ကဋ္ဌနှင့် ဒု-ဥက္ကဋ္ဌများ၊ ဝန်ကြီးဌာနများမှ တာဝန်ရှိသူများ၊ ပါမောက္ခ ဒေါက်တာ အောင်ထွန်းသက်၊ ဒေါက်တာအောင်ကိုကို၊ ဒေါက်တာ မောင်မောင်သိမ်းနှင့် ပါမောက္ခ(ငြိမ်း) ဦးမော်သန်း စသည့်ပညာရှင်များပါဝင်ပြီး စုစုပေါင်း အကြံပေးအဖွဲ့ဝင် (၁၅) ဦးဖြင့် ဖွဲ့စည်းထားကြောင်း သိရသည်။

မကြာသေးမီ ရက်သတ္တပတ် အနည်းငယ်အတွင်းက အိုင်အမ်အဖ်မှ တာဝန်ရှိသူများသည် မြန်မာနိုင်ငံသို့ လာရောက်၍ ဘဏ်နှင့် ငွေကြေးစနစ်များကို လာရောက်လေ့လာသွားခဲ့သည်။

Ref: Messenger

************************************************************************************

သတင်းနှင့် ဆောင်းပါးများမှ ကောက်နှုတ်ချက်များ

“အတိုးနဲ့ချေးတာဟာ Banking Law နဲ့မညီဘူး။ အဲလိုမျိုးငွေချေးတာကို Bank  တွေမှာပဲ လုပ်ခွင့်ရှိတယ်။ များသောအားဖြင့်တော့ ငွေချေးပေးတဲ့ သူတွေက ငွေချေးယူတဲ့သူတွေကို ငွေပြန်မဆပ်ရင် ငွေပြန်ရဖို့ ဖြတ်လမ်းနည်းအနေနဲ့ ပြစ်မှုကြောင်းနဲ့ ဦးစွာတိုင်လေ့ရှိတယ်။ အမှုစစ်အရာရှိနဲ့  ဥပဒေ အကြံပေးတို့က ပြစ်မှုကြောင်း မြောက်မမြောက်ဦးစွာ သုံးသပ်ဆုံးဖြတ်လေ့ရှိတယ်။ ငွေရှင်ကို တိုင်ဖိုပမတိုင်ဖို့ဆိုတာကတော့ အစတုန်းက သဘောတူပြီး ယူခဲ့တာဆိုတော့ အတိုးသိပ်မများရင်တော့ မတိုင်သင့်ဘူးပေါ့။ အတိုးသိပ်များသွားပြီဆိုရင်တော့ တစ်သိန်းယူတာကို ခြောက်သိန်းလောက် အတိုးပေးပြီး သွားပြီဆိုရင်တော့ ငွေကျေသွားပြီလို့ ပြောလို့ရတယ်။ အဲဒါကိုမှ ငွေရှင်က လက်မခံဘူးဆိုရင် ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးမှာ ဖြစ်စဉ်ကို အမှန်အတိုင်း ဖွင့်ပြောပြသင့်တယ်။ ရပ်ကွက်အုပ်ချုပ်ရေးမှူးရဲ့ လမ်းညွှန်ချက်နဲ့အညီ သက်ဆိုင်ရာအဖွဲ့အစည်းတွေကို ဥပဒေနဲ့အညီ ဆက်လက်တင်ပြသင့်တယ်”

နိုဝင်ဘာ ၁ ထုတ် The Flower News အတွဲ (၇) အမှတ် (၄၂) တွင်ပါသည့် “အတိုးမတန်တဆယူ ငွေချေးသူများကို တွေ့ရှိပါက စုပေါင်းတိုင်ကြားနိုင်” သတင်းဆောင်းပါးမှ အထက်တန်းရှေ့နေဦးမျိုးမော်၏ ပြောကြားချက်အပေါ် ကောက်နှုတ်ချက်

-----------------------------------------------------------------------------------------------------------------------------------

“၂၀၁၀ ရွေးကောက်ပွဲတုန်းက နိုင်ငံရေးအရွေ့အရ ပေါ်လာတာဖြစ်တယ်၊ အဲဒီ့ရွေးကောက်ပွဲမှာ ပြည်သူတွေရဲ့ တုံ့ပြန်မှု၊ နိုင်ငံရေးအခြေအရ ဘာကိုမှ ယတိပြတ်ပြောလို့မရခဲ့ဘူး။ အဲဒီ့မှာ စိန်ခေါ်မှုတွေ အများကြီးတွေ့ခဲ့ရ တယ်။ အခုကျတော့ ဒီမိုကရေစီအစိုးရသစ်တစ်ရပ် အသွင်ဆောင်နေတဲ့ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးခေတ် ဦးမှာ ကျင်းပမယ့် အရပ်သားအစိုးရရဲ့ နိုင်ငံရေးအခင်းအကျင်းက အရင်လိုတော့ မဟုတ်လောက်တော့ဘူး။ ဒီ အစိုးရဟာ ပြည်သူ့ဆန္ဒကို အလေးထားတယ်ဆိုတာ မြစ်ဆုံကိစ္စမှာပဲ သိနိုင်နေပြီ၊ ဒါကိုကြည့်ရင်တော့ ပြည်သူ့ ဆန္ဒနဲ့ ကင်းကွာနေမှာ မဟုတ်တော့ဘူး ဆိုတော့ ကြားဖြတ်ရွေးကောက်ပွဲဟာ ၂၀၁၀ ရွေးကောက်ပွဲထက် အများကြီးကွာခြားစရာတွေရှိလာမယ်လို့ ယူဆပါတယ်။ အမျိုးသား ဒီမိုကရေစီ အင်အားစုပါတီ အနေနဲ့လဲ ပြည်သူ့ အကျိုးစီးပွားကို ဘယ်တော့မှ ကျောခိုင်းမထားဘူး။ ပြည်သူ့ဆန္ဒပြည်သူအမြဲဦးထိပ်ထားပြီး ဆောင်ရွက်မယ်ဆိုတဲ့ ပါတီမူဝါဒအတိုင်း စစ်မှန်တဲ့ ဒီမိုကရေစီ လူ့အခွင့်အရေးအမှန်ရမယ်ဆိုတဲ့အထိ အခက်ခဲစိန်ခေါ်မှု ဘယ်လောက်ရှိရှိ ဆောင်ရွက်သွားမယ်။ ရွေးကောက်ပွဲတွေဝင်သွားမယ်”

နိုဝင်ဘာ ၁ ထုတ် The Flower News အတွဲ (၇) အမှတ် (၄၂) တွင်ပါသည့် “လွှတ်တော်လစ်လပ်နေရာ ဘယ်သူဝင်ဖြည့်မလဲ” သတင်း ဆောင်းပါးမှ ဦးခင်မောင်ဆွေ-ဥက္ကဋ္ဌ(အမျိုးသားဒီမိုကရေစီအင်အားစုပါတီ)၏ ပြောကြားချက်အပေါ်ကောက်နှုတ်ချက်

-----------------------------------------------------------------------------------------------------------------------------------

“ပခုက္ကူဒေသမှာအရင်က ယောချောင်းဆိုတာ ရေမရှိဘူး။ သဲချောင်းကြီးသာဖြစ်နေတာ အဲဒီမှာ အန္တရာယ်မရှိဘူးဆိုပြီး ရွာတွေက လာနေကြတယ်။ အခုအချိန်မှာ ဘာကြောင့် အန္တရာယ်ရှိလာလဲဆိုတော့ ရခိုင်ရိုးမက တောင်တွေခုတ်တယ်။ ချင်းတောင်နဲ့ စစ်ကိုင်းတိုင်းဒေသကြီး အထက်ပိုင်းရှိ မော်လိုက်ကတောတွေကို ခုတ်တယ်။ တောတစ်တောကိုခုတ်ရင် ဒီတောဟာ ဘယ်လောက်ခုတ်ရမလဲဆိုတာ တွက်ချက်ထားတာတွေရှိ တယ်။ ဒီတောဟာ တန် ၃၀၀၀ ပဲခုတ်ရတယ်။ ၅၀၀၀ပဲ ခုတ်ရမယ်ဆိုတာရှိတယ်။ အဲဒီသတ်မှတ်ချက်ကို ဂရုမ စိုက်ဘဲ သုံးဆကနေ ငါးဆပိုထုတ်ရင် တစ်ခါတစ်ရံ ထုတ်တာလောက်တော့ရတယ်။ နှစ်စဉ်ခုတ်တော့ ဘာခံနိုင်မလဲ တောတွေကုန်တာပေါ့။ ဘင်္ဂလာဒေ့ရှ်က လေမုန်တိုင်းလာတဲ့အခါ တောတွေ အတားအဆီး မရှိတော့ ဒီဒေသကိုလာတယ်။ နောက်ဆို လမ်းပေါက်သွားပြီ။ ခဏခဏလာတော့မှာ၊ အဲဒါတွေကို သတိထားရမယ်။ ပခုက္ကူဒေသ၊ ကျောက်ပန်းတောင်း၊ ညောင်ဦးတို့မှာ မိုးသိပ်ခေါင်တယ်။ ခုမိုးတော့ရွာတော့မယ်။ ရွာတဲ့မိုးက ရိုးရိုးမိုးတော့မဟုတ်ဘူး၊ မုန်တိုင်းမိုးအဖြစ်ရွာမှာ ရွာထဲရှိလူတွေ ရေထဲမျောပြီး ဒုက္ခတွေ့ နိုင်ပါတယ်”

အောက်တိုဘာ ၃၁ ထုတ် The Favourite News အတွဲ (၃) အမှတ် (၁၂၂) တွင်ပါသည့် “သစ်တောတွေ အရမ်းခုတ်ကြလို့ မုန်တိုင်းလမ်းကြီးပေါက်သွားပြီ သဘာဝပတ်ဝန်းကျင်ပညာရှင်က သတိပေးပြောကြား” သတင်းမှ FREDA ဦးအုန်း၏ ပြောကြားချက်အပေါ် ကောက်နှုတ်ချက်

************************************************************************************


Google Docs makes it easy to create, store and share online documents, spreadsheets and presentations.
Logo for Google Docs

0 comments:

Post a Comment