Transparency Myanmar

transparency.myanmar@gmail.com

yangonchronicle2011 Op-Ed
yangonchronicle2011 Op-Ed

၁၇.၁၁.၂၀၁၁

ဆောင်းပါးကဏ္ဍ

  1. သမိုင်းခေတ်၊ လူငယ်နှင့် စွန့်ဦးတီတွင် စိတ်ဓာတ်

**************************************************

ဆောင်းပါးကဏ္ဍ

သမိုင်းခေတ်၊ လူငယ်နှင့် စွန့်ဦးတီတွင် စိတ်ဓာတ်

တိုင်းပြည်တစ်ပြည် အနာဂတ်ကိုခန့်မှန်လိုလျှင် ထိုခေတ်ကို တည်ဆောက်ဖြတ်သန်းသွားမည့် လူငယ်အင်အားစု၏ အရည်အချင်းကို လေ့လာ ကြည့်ရမည်ဖြစ်သည်။ သတင်းစာဆရာတစ်ဦးလည်းဖြစ်၊ နာမည်ကျော် စာရေးဆရာတစ်ဦးလည်းဖြစ်သူ သိန်းဖေမြင့်က “လူငယ်ဆိုတာအားနဲ့မာန်နဲ့”  ဟူ၍ ပြောဆိုသွားခဲ့ဖူးသည်။ တကယ်အားမာန်ရှိသည့် လူငယ်သည် “လူဆိုတာခေတ်ရဲ့ သားကောင်” ဟူသောစကားကိုလက်မခံ။ သူရွေးချယ်ရာ လမ်းကြောင်းသည်လည်း မိဘကြောင့်၊ ပတ်ဝန်းကျင်ကြောင့် ရွေးချယ်ခဲ့ခြင်းမျိုးမဟုတ်ဘဲ သူ၏ ကိုယ်ကိုကိုယ့် ယုံကြည်စိတ်၊ တာဝန် ယူလိုစိတ်ဖြင့် ရွေးချယ်ခြင်းသာ ဖြစ်သည်။

မြန်မာနိုင်ငံ၏ လက်ရှိအခြေအနေအရ လူငယ်တို့မှာ ဘဝလမ်းကြောင်း ရွေးချယ်စရာ များများစားစား မရှိသေးပါ။ (သို့သော် ယခင်နှစ်များထက် စာလျှင် ပိုမို၍ရွေးချယ်စရာ ရှိလာသည်) လူငယ်တို့၏ အနာဂတ်ကို တန်ဖိုးဖြတ်သတ်မှတ်ရာ၌ လူငယ်တို့အပေါ် ယခုထိတိုင် လွှမ်းမိုးမှုရှိသည့်အရာမှာ တက္ကသိုလ်ဝင်တန်းစာမေးပွဲ ဖြစ်သည်။ တက္ကသိုလ်ဝင်တန်း စာမေးပွဲကို အမှတ်ကောင်းကောင်းဖြင့်အောင်လျှင်ပင် ဆရာဝန်၊ အင်ဂျင်နီယာ အစရှိသည့် ပညာရပ်များမှာ ဘဝအာမခံချက် သေချာသည် ဟုယူဆ၍သာဝါသနာပါသည်ဖြစ်စေ၊ မပါသည်ဖြစ်စေ လေ့လာသင်ကြားကြသည်။ အမှတ်မကောင်းသည့် လူငယ်များကတော့ ရိုးရိုးတက္ကသိုလ်တက်ပြီး ဘဝအာမခံချက်ကို လက်တွေ့လုပ်ငန်းခွင်ထဲတွင် ရှာဖွေကြသည်။ တချို့ကလည်း ဝင်ငွေပို၍ ကောင်းသော နိုင်ငံရပ်ခြားတွင် သွားရောက်အလုပ်လုပ်ကိုင်ကြသည်။ လူလတ်တန်းစား၊ အထက်လွှာမိသားစုမှ ပေါက်ဖွားလာသည့် လူငယ်များမှာ ပညာဆက်သင် လိုလျှင် နိုင်ငံခြားသို့သွားရောက်၍ ပညာဆည်းပူးကြခြင်းမျိုးလည်း ရှိသည်။ ထိုသို့ယေဘုယျအားဖြင့် ခွဲခြားထားသော မြန်မာလူ့အဖွဲ့အစည်းအတွင်းရှိ လူငယ်တို့၏ ဘဝဖြတ်သန်းပုံ အမျိုးအစားများထဲတွင် ပျောက်ဆုံးနေသည့်အရာမှာကား စွန့်ဦးတီတွင် စိတ်ဓာတ်ဖြစ်သည်။

စွန့်ဦးတီတွင်စိတ်ဓာတ်သည် လူငယ်များတွင်သာ အဓိကအများဆုံးတွေ့နိုင်သော လူ့အဖွဲ့အစည်းအကျိုးပြု အရည်အချင်းတစ်ပါး ဖြစ်သည်။  မြန်မာလူ့အဖွဲ့အစည်းအတွင်းရှိလူငယ်များတွင် အဘယ်ကြောင့် စွန့်ဦးတီတွင်စိတ်ဓာတ် ဆိတ်သုန်းနေသနည်း။ မြန်မာလူ့အဖွဲ့အစည်း တည်ဆောက်ချက် များအရ ပညာရေးအင်စတီကျူးရှင်များ၏ ဆရာဗဟိုပြု သင်ကြားရေး ယဉ်ကျေးမှုထွန်းကားနေခြင်း၊ လုပ်ငန်းခွင်များတွင် လူတော် ကြောက်ရောဂါ ပျံ့နှံ့နေခြင်းတို့ကြောင့် ဖြစ်တန်ရာ၏ဟု သုံးသပ်၍ ရနိုင်ပါသည်။ သို့သော် ၎င်းလူမှုတည်ဆောက်ချက်များသည် အပြောင်းအလဲများ၏ စိန်ခေါ်မှုကို မတုန့်ပြန်နိုင်သောကြောင့် ရေရှည်တွင် ကမ္ဘာ့အပြောင်းအလဲများနှင့်ရော၊ မြန်မာနိုင်ငံ၏ လူမှုစီးပွားရေး အပြောင်းအလဲများနှင့်ပါ အံဝင်ခွင်ကြ မဖြစ်နိုင်တော့ပါ။

ဤနေရာတွင် စွန့်ဦးတီတွင်ဟူသော စကားလုံးကို စီးပွားရေးလုပ်ငန်းများ ဦးဆောင်စွန့်စားတွက်ချက်၍ လုပ်ကိုင်သည့် စီးပွားရေးစွန့်ဦးတီတွင် (Business entrepreneurs) များကိုသာဆိုလိုရင်း မဟုတ်ပါ။ စီးပွားရေး နယ်ပယ်သည် လူ့အဖွဲ့အစည်း ကျန်းမာကြံ့ခိုင်ရေးအတွက် အဓိက ထောက်ပံ့ ပေးထားသည့် ထောင့်တိုင်ကြီးသုံးခုအနက်မှ တစ်ခုသာ ဖြစ်သည်။ ကျန်ထောင့်တိုင်ကြီးနှစ်ခုဖြစ်သော နိုင်ငံရေးနှင့် စီးပွားရေးနယ်ပယ်တို့တွင်လည်း စွန့်ဦးတီတွင် စိတ် ဓာတ်ရှိသည့် လူငယ်များ၏ အခန်းကဏ္ဍမှာ အထူးအရေးပါသည်။

ကမ္ဘာပေါ်တွင် စီးပွားရေး အဖွံ့ဖြိုးဆုံးနိုင်ငံဖြစ်သော အမေရိကန်ပြည်ထောင်စု၏ စီးပွားရေးစနစ်မှာစွန့်ဦးတီတွင် စီးပွားရေးစနစ် (entrepreneur capitalism) အဖြစ်သို့ပြောင်းလဲသွားခဲ့ပြီဖြစ်သည်။ ထိုအတွက်ကြောင့် အမေရိကန်ရှိ အင်တာနက် ဒေါ့ကွန်းကုမ္ပဏီများဖြစ်သော apple, facebookတို့၏ ရှယ်ယာတန်ဖိုးမှာ အခြားလုပ်ငန်းစုများနှင့်ယှဉ်လျှင် အမြင့်ဆုံးအနေအထား ရောက်ရှိနေကြောင်း တွေ့ရသည်။ ထိုသို့ စွန့်ဦးတီတွင်စိတ်ဓာတ်ဖြင့် စီးပွားရေးလုပ်ငန်း လုပ်ဆောင်သူများသည် ဖွံ့ဖြိုးဆဲနိုင်ငံများတွင်လည်း ဖွံ့ဖြိုးပြီးနိုင်ငံများနည်းတူ လိုအပ်သည်။ ထို့ကြောင့် ဖွံ့ဖြိုးရေး ဘောဂဗေဒ ပညာရှင်များက နိုင်ငံ၏ စီးပွားရေးကို တည်ဆောက်ရာ၌ စီးပွားရေးပညာရှင် ၁၀ ဦးထက် စွန့်ဦးတီတွင် စီးပွားရေးလုပ်ငန်းရှင် အယောက် ၁၀၀ ပိုမို လိုအပ်သည်ဟု ဆိုခဲ့ခြင်း ဖြစ်သည်။

မြန်မာနိုင်ငံတွင် အာဏာပိုင်စနစ်မှ ဒီမိုကရေစီစနစ်သို့ ကူးပြောင်းသည့် ယခုအချိန်တွင် နိုင်ငံရေးနှင့် လူမှုရေးကို စွန့်ဦးတီတွင်လုပ်ဆောင်မည့် လူငယ်အင်အားစုကြီးတစ်ခုလည်း လိုအပ်လျက်ရှိသည်။ သို့သော် စွန့်ဦးတီတွင် လုပ်ဆောင်သည်ဆိုရာ၌ တိုက်ပွဲသဏ္ဍန် တည်ဆဲစနစ်ကို ဆန့်ကျင်ခြင်း မျိုးမဟုတ်ဘဲ စနစ်အပြောင်းအလဲကို တီတွင်ဖန်တီးမှုရှိရှိ ဦးဆောင်သွားရန်ဖြစ်သည်။ တနည်းအားဖြင့် ပြောရလျှင် လွတ်လပ်ရေး အပြီး နိုင်ငံရေး စိတ် အခံဖြင့်သာ နိုင်ငံရေးဝင်လုပ်ခဲ့သော ပထမမျိုးဆက်ခေါင်းဆောင်များထက် ပညာအခြေခံဖြင့် နိုင်ငံတည်ဆောက်သည့် ဒုတိယမျိုးဆက်ခေါင်းဆောင်ကို သာ၍ လိုအပ်ပါသည်။ ထိုအတွက်ကြောင့် လူငယ်တို့၏ အရည်အချင်းတည်ဆောက်မှု(Capacity Building) မှာအခြားအရာအားလုံးထက် အရေးတကြီး လုပ်ဆောင်ရမည့်ကိစ္စပင်ဖြစ်သည်။

နိဂုံးချုပ်အနေဖြင့် ဆိုရလျှင်မူသမိုင်းခေတ်တစ်ခုကို ဖြတ်သန်းရမည့် လူငယ်များတွင် စွန့်ဦးတီတွင် စိတ်ဓာတ် ဖြစ်ထွန်းရေးမှာ နိုင်ငံ တည်ဆောက်ရေးအတွက် များစွာအရေးပါပါသည်။ ထိုအတွက်ကြောင့် မူဝါဒချမှတ်သူများအနေဖြင့် လူငယ်တို့တွင် ယင်းစိတ်ဓာတ် ထွန်းကားလာအောင် အထောက်အပံ့ဖြစ်စေသည့်  စီးပွားရေး၊ လူမှုရေး၊ နိုင်ငံရေးနှင့် ဆိုင်သော အဖွဲ့အစည်းဆိုင်ရာ အဆောက်အအုံများကို ဖန်တီးပေးဖို့ လိုပါသည်။

သို့မှသာ ယခုလက်ရှိခေါင်းဆောင်များ အနာဂတ်မြန်မာနိုင်ငံအတွက် စိတ်ချရသော နယ်ပယ်အသီးသီးတွင် ကမ္ဘာနှင့် ရင်ဘောင်တန်းနိုင်သော၊ အရည်အချင်းပြည့်ဝသည့် ခေါင်းဆောင်းများကို မွေးထုတ်ပေးနိုင်သူများအဖြစ် သမိုင်းတွင်ကျန်ရစ်ခဲ့မည်ဖြစ်ပါကြောင်း………..။

***************************************************************************************


Google Docs makes it easy to create, store and share online documents, spreadsheets and presentations.
Logo for Google Docs

0 comments:

Post a Comment