Transparency Myanmar

transparency.myanmar@gmail.com

yangonchronicle 2011 - (2)
yangonchronicle 2011 - (2)

၂၅.၁၁.၂ဝ၁၁

ဘာသာပြန်သတင်းများအပိုင်း(၂)

  1. မြန်မာနိုင်ငံတွင် လူ့အခွင့်အရေး ညှင်းပန်း နှိပ်စက်မှုများ ဆက်၍ ဖြစ်ပွားနေဟု ကုလ ပြောကြား
    (The Peninsula မှ 23, Nov 2011 ရက်စွဲပါ " UN cites continuing Myanmar rights abuse" သတင်းကို ဘာသာ ပြန်ဆိုသည်)
  2. တရုတ်က မြန်မာနိုင်ငံတွင် စွယ်တော် ဒစ်ပလိုမေစီကို စမ်းသပ် အသုံးပြု
    (The Wall street Journal မှ 24, Nov 2011 ရက်စွဲပါ "China tests Buddha Tooth diplomacy in Myanmar" သတင်းဆောင်းပါးကို ဘာသာ ပြန်ဆိုသည်)

**************************************************

ဘာသာပြန်သတင်းများ

မြန်မာနိုင်ငံတွင် လူ့အခွင့်အရေး ညှင်းပန်း နှိပ်စက်မှုများ ဆက်၍ ဖြစ်ပွားနေဟု ကုလ ပြောကြား

(The Peninsula မှ 23, Nov 2011 ရက်စွဲပါ " UN cites continuing Myanmar rights abuse" သတင်းကို ဘာသာ ပြန်ဆိုသည်)

မြန်မာနိုင်ငံတွင် လက်ရှိ အာဏာပိုင်များက ဒီမိုကရေစီသို့ သိသိသာသာ ဦးတည်ကူးပြောင်းလျက် ရှိသော်လည်း စနစ်တကျ လူ့အခွင့်အရေးချိုးဖောက်မှုများ ဖြစ်ပွားနေမှုနှင့် ပတ်သက်၍ အဓိက စိုးရိမ် ပူပန်စရာများ ရှိနေဆဲဖြစ်သည်ဟု ကုလသမဂ္ဂ အထွေထွေ ညီလာခံ ကော်မတီက တနင်္လာနေ့ တွင် ပြောကြားလိုက်သည်။

လူ့အခွင့်အရေး ကိစ္စများကို ဖြေရှင်း ဆောင်ရွက်ရသော အထွေထွေညီလာခံ တတိယ ကော်မတီက ထုတ်ပြန်သော ဆုံးဖြတ်ချက်တွင် "သမ္မတ ဦးသိန်းစိန် အစိုးရက ပြုပြင်ပြောင်းလဲမှုများ အကောင်အထည်ဖော်ရန်၊ အခြေခံ အခွင့်အရေးများကို ကာကွယ်ရန်၊ ဒီမိုကရေစီနှင့် အုပ်ချုပ်မှု စနစ်ကို မြှင့်တင်ရန် ကတိကဝတ် ပြုမှုများကို အသိအမှတ် ပြုထားသည်။ သို့သော် အရှေ့တောင်အာရှ မှ ကာလကြာ အထီးကျန် မြန်မာနိုင်ငံမှ လူ့အခွင့်အရေး အနေအထား တိုးတက်အောင် ပြုလုပ်ရန် ကုလသမဂ္ဂ အဖွဲ့အစည်းများစွာက ယခင်ကတည်းက တောင်းဆိုထားကြခြင်းကို ယခုတိုင် ဆောင်ရွက်ခြင်း မရှိသေးဟု ဆုံးဖြတ်ချက် တွင် ဖော်ပြသည်။

အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ လက်ထောက်တစ်ဦးက လာမည့် ကြားဖြတ် ရွေးကောက်ပွဲတွင် သူမ ဝင်ရောက် ယှဉ်ပြိုင်မည် ဖြစ်ကြောင်းနှင့် စစ်အုပ်ချုပ်ရေး အလွန် ဒီမိုကရေစီသို့ ဦးတည်ကူးပြောင်းလာမှုကို အသိအမှတ်ပြု ထောက်ခံကြောင်း ပြောကြားခဲ့ပြီးနောက် ကုလသမဂ္ဂ ကော်မတီက ယခု ဆုံးဖြတ်ချက်ကို အတည်ပြု ထုတ်ပြန်ခြင်း ဖြစ်သည်။

မြန်မာနိုင်ငံသည် သောကြာနေ့တွင် သမ္မတ အိုဘားမားက လာမည့်လတွင် အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန် မြန်မာနိုင်ငံသို့ သွားရောက်မည် ဖြစ်ကြောင်း၊ ထို နိုင်ငံတွင် ပြောင်းလဲမှု အရောင်များကို မြင်နေရပြီ ဖြစ်ကြောင်း ထုတ်ပြန် ကြေညာခဲ့ချိန်တွင် အင်အားကြီးမားသော ထောက်ခံ အားပေးမှုကို ရရှိသွားခဲ့သည်။

ဥရောပနိုင်ငံများနှင့် အမေရိကန် ပြည်ထောင်စုက ကမကထပြု လှုံ့ဆော်သော ကုလသမဂ္ဂ ကော်မတီ ဆုံးဖြတ်ချက်တွင် "မြန်မာပြည်သူများ၏ အခြေခံ အခွင့်အရေးများနှင့် လူ့အခွင့်အရေးများ စနစ်တကျ ချိုးဖောက်ခံနေရခြင်း နှင့် ပတ်သက်၍ ကြီးကြီးမားမား စိုးရိမ် ပူပန်ကြောင်း ကုလသမဂ္ဂ အထွေထွေ ညီလာခံက အထူးဖော်ပြသည်" ဟု ဆိုထားသည်။

ယခု ဆုံးဖြတ်ချက်ကို ထောက်ခံ ၉၈ မဲ၊ ကန့်ကွက် ၂၅ မဲ၊ ကြားနေ ၆၃ မဲဖြင့် အတည်ပြုခဲ့ခြင်း ဖြစ်ရာ မနှစ်က မြန်မာနိုင်ငံကိစ္စ ဆုံးဖြတ်စဉ်က ကိန်းဂဏန်းများအတိုင်း ဖြစ်သည်ဟု သိရသည်။ ဤ ဆုံးဖြတ်ချက်ကို လာမည့်လ လူစုံတက်စုံ အထွေထွေ ညီလာခံတွင် တင်ပြမည် ဖြစ်ရာ ယခုအတိုင်း မဲပေးကြလိမ့်မည်ဟု မျှော်လင့်ရသည်။

ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးသန်းဆွေက "ယင်း ဆုံးဖြတ်ချက်သည် မြန်မာနိုင်ငံနှင့် အလားအလာကောင်း မိတ်ဆွေ နိုင်ငံများအကြား ယုံကြည်မှု ပျက်ယွင်းစေရုံသာရှိပြီး ပူးပေါင်း ဆောင်ရွက်ရေးကိစ္စကို ပိုမိုခက်ခဲ ရှုပ်ထွေးစေကြောင်း" တနင်္လာနေ့တွင် ကုလ တတိယ ကော်မတီသို့ ပြောကြားသည်။ အမှန်တကယ် လိုအပ်နေသည်မှာ နိုင်ငံတကာ အသိုင်းအဝိုင်း၏ အားပေးမှုနှင့် နားလည်ပေးမှုသာ ဖြစ်သည်ဟု ယင်းက ဆက်လက် ပြောကြားသည်။

ကုလ ကော်မတီ၏ ဆုံးဖြတ်ချက်တွင် ဖော်ပြထားသော စိုးရိမ်ပူပန်မှုများမှာ မတရားဖမ်းဆီးမှု၊ အဓမ္မပယ်ရှားမှု၊ မုဒိန်းမှုနှင့် အခြား လိင်အကြမ်းဖက်မှုများ၊ နှိပ်စက်ညှင်းပန်းမှုများ၊ ရက်စက်ကြမ်းကြုပ် မှုများ ဆက်လက် ဖြစ်ပွားနေခြင်းကြောင့် ဖြစ်ကြောင်း ထုတ်ဖော် ထင်ပြထားသည်။

*****************************************************************************

တရုတ်က မြန်မာနိုင်ငံတွင် စွယ်တော် ဒစ်ပလိုမေစီကို စမ်းသပ် အသုံးပြု

(The Wall street Journal မှ 24, Nov 2011 ရက်စွဲပါ "China tests Buddha Tooth diplomacy in Myanmar" သတင်းဆောင်းပါးကို ဘာသာ ပြန်ဆိုသည်)

တရုတ်နိုင်ငံသည် အခြားနိုင်ငံတစ်ခု၏ နွေးထွေး ချစ်ခင်မှုကို အပြည့်အဝ လိုချင်သည့် အချိန်မျိုးတွင် ပန်ဒါဝက်ဝံကို လက်ဆောင် ပေးပို့လေ့ ရှိသည်။ သို့သော် မြန်မာတို့ အတွက်မူ ဗုဒ္ဓမြတ်စွယ်တော် ကို အထူးတလည် ပို့ဆောင်လိုက်သည်။

ဗုဒ္ဓဘုရား၏ သွားဟု အများသိကြသော တရုတ်နိုင်ငံမှ စွယ်တော်သည် ၁၉၅၀ နောက်ပိုင်း ၄ကြိမ်မြောက် အဖြစ် မြန်မာနိုင်ငံသို့ ယခုလ အစောပိုင်းက ရောက်ရှိလာခဲ့ပြီး၊ ရောက်သည့် အခေါက်တိုင်း ကြီးမားသော ဘုရားဖူး ပရိတ်သတ်ကို ဆွဲဆောင်ခဲ့သည်။ လတ်တလော မြန်မာနိုင်ငံရောက် ဗုဒ္ဓ စွယ်တော်မြတ်ကို အဓိက မြို့တော် ရန်ကုန်သို့ မထွက်ခွာမှီ နေပြည်တော် အတွင်း ဆင်ဖြူတော်၊ ရတနာ ဖောင်တော်၊ စည်တော်များဖြင့် ဖြတ်သန်း၍ အပူဇော်ခံရာတွင် အရေအတွက် ကြီးမားသော ပရိတ်သတ်များက တန်းစီစောင်းဆိုင်း၍ ဖူးမျှော်ခဲ့ကြသည်။

စွယ်တော်မြတ်၏ ဒေသစာရီ ကြွချီမှုသည် နှစ်နိုင်ငံအကြား ဆက်ဆံရေး ကောင်းခြင်းကို ထိန်းသိမ်းလိုကြသော ခေါင်းဆောင်များအတွက် အချိန်ကိုက် ထွက်ပေါ်လာသော အခွင့်အလမ်းပင် ဖြစ်လေသည်။ တရုတ်တို့ ငွေကြေး စိုက်ထုတ်သော ၃.၆ ဘီလျံ ဒေါ်လာတန် မြစ်ဆုံတမံ တည်ဆောက်မှုကို ရပ်ဆိုင်းရန် မြန်မာနိုင်ငံက စက်တင်ဘာလအတွင်း ဆုံးဖြတ်လိုက်ပြီးနောက် နှစ်နိုင်ငံ ဆက်ဆံရေး အနိမ့်ဆုံးအဆင့်သို့ ရောက်ရှိသွားခဲ့ရာ အရှေ့မြောက် အိမ်နီးခြင်း အင်အားကြီး နိုင်ငံအဖို့ မျှော်လင့်မထားသော စုံကန် ခံရမှုဟု ဆိုကြသည်။

ထိုအချိန်မှစ၍ နှစ်ဖက်စလုံးက ပျက်ပြားသွားသော ဆက်ဆံရေးကို အသည်းအသန် မွမ်းမံ ပြင်ဆင်ခဲ့ကြပြီး အခြေအနေ အားလုံး ကောင်းပါသည်ဟု ပြင်ပ ကမ္ဘာသို့ ပြသရန် ကြိုးစားခဲ့ကြလေသည်။ မြန်မာအာဏာပိုင်များ အနေဖြင့် ယင်းတို့၏ ဆိုးဆိုးဝါးဝါး လူ့အခွင့်အရေး ချိုးဖောက်မှု မှတ်တမ်းများကြောင့် အနောက်နိုင်ငံများက ချမှတ်ထားသော စီးပွားရေး ဒဏ်ခတ် အရေးယူမှု Sanctions များ၏ အကျိုးဆက်ကို တောင့်ခံနိုင်အောင် တရုတ် ရင်းနှီးမြှုပ်နှံမှုကို မဖြစ်မနေ လိုအပ်ခဲ့ချိန်တွင် တရုတ်တို့ကလည်း ကြွယ်ဝသော မြန်မာ့ သဘာဝ သယံဇာတများကို ပိုမို နှိုက်ယူရန် အာသာ ပြင်းပြခဲ့ကြသည်။ နှစ်နိုင်ငံ စလုံးက ဆက်ဆံရေး ခိုင်မာနေဆဲဟု အခိုင်အမာ ပြောဆိုကြသည့် တိုင်အောင် အကဲခတ် လေ့လာသူ အနည်းငယ်ကသာ သူတို့ အပြောကို ယုံကြည်ခဲ့သည်။

ယခု စွယ်တော်အကြောင်း ပြန်သွားကြရအောင်။ တရုတ်အစိုးရ အာဘော် Xinhua သတင်းဌာန၏ အဆိုအရ ဗုဒ္ဓစွယ်တော်သည် နိုဝင်ဘာ ၆ ရက်တွင် အထူး လေယာဉ်ဖြင့် နေပြည်တော်သို့ ရောက်ရှိခဲ့ပြီး မြို့တော်ကို မိုး၍ တည်ထားသော ဥပါတသန္တိ စေတီတော် ဆီသို့ မပင့်ဆောင်မှီ လေဆိပ်တွင် ဘာသာရေး ဝတ်အသင်း အဖွဲ့ဝင် ၂၀၀၀ ခန့်က ကြီးမား ခမ်းနားစွာ ကြိုဆိုခဲ့ကြသည်ဟု သိရသည်။

၄၈ ရက် ကြာမည်ဟု မျှော်လင့်ရသော စွယ်တော်မြတ်၏ ဒေသစာရီ ကြွချီမှုသည် ဗုဒ္ဓဘာသာဝင်တို့ အတွက် အဓိက ဖြစ်စဉ် တစ်ခု အဖြစ်သာမကပဲ တရုတ် - မြန်မာ ချစ်ကြည်ရေး၏ မှတ်တမ်းကောင်း တစ်ခု အဖြစ် ကိုယ်စားပြု နေသည်ဟု Xinhua က ဆိုသည်။ ထို့အပြင် နှစ်နိုင်ငံ ပြည်သူများ အကြား နားလည်မှု မြှင့်တင်ရေး၊ အပြန်အလှန် ယုံကြည်ရေးတွင် အရေးကြီးသော အပိုင်းမှ ပါဝင် လိမ့်မည်ဟု မျှော်လင့်ရကြောင်း Xinhua က သတင်း ထုတ်ပြန်သည်။ အင်္ဂါနေ့က သမ္မတ ဦးသိန်းစိန် နှင့် တရုတ် တာဝန်ရှိသူများ တက်ရောက်ကြသည့် ပူဇော် လှူဒါန်းပွဲအပြီးတွင် စွယ်တော်ကို ရန်ကုန်သို့ ပင့်ဆောင်သွားပြီ ဖြစ်၍ ထိုမှတဆင့် မန္တလေးသို့ ကြွချီမည်ဟု New Light of Myanmar သတင်းစာက သတင်း ဖော်ပြခဲ့သည်။

မြန်မာနိုင်ငံ၌ စွယ်တော်သည် အလွန်ပင် ရေပန်းစား ကျော်ကြားလျက် ရှိသည်။ Wall Street Journal သတင်းထောက်၏ နိုဝင်ဘာ ၁၅ ရက် နေပြည်တော် ခရီးစဉ်တွင် အလွန် ကြီးမားသော ဥပါတ သန္တိ စေတီတော် လှေကားထစ်များပေါ်သို့ တက်နေကြသော အလွန်ကြီးမားသော လူထု ပရိတ်သတ်ကို မြင်တွေ့ခဲ့ရပေရာ Ghost Town ဟု ကျော်ကြားသော နေပြည်တော်၏ သတင်းမွှေးမှုကိုပင် ယုံရခက်ခက် ဖြစ်ခဲ့ရသည်။ စွယ်တော်အား လာရောက် ဖူးမျှော်သော လူထု ပရိတ်သတ် အရေအတွက်နှင့် လက်ခံ ရရှိသော လှူဒါန်းငွေများ၏ နောက်ဆုံး သတင်းများကို New Light of Myanmar သတင်းစာက အဆက်မပြတ် ထုတ်ပြန် ဖော်ပြခဲ့သည်။

တစ်ချိန်က သက်ဦးဆံပိုင် ပဒေသရာဇ် သဖွယ် အုပ်ချုပ်ခဲ့သော အာဏာရှင်ဟောင်း ဦးသန်းရွှေ သည်ပင် စွယ်တော် ဖူးရန်အတွက် နေပြည်တော် စေတီတော်တွင် ရှားရှားပါးပါး ပေါ်ထွက်လာခဲ့သည်ဟု မျက်မြင်သက်သေ တစ်ဦးကို ကိုးကား၍ ပြည်ပ အခြေစိုက် ဧရာဝတီ သတင်းဌာနက ဖော်ပြခဲ့သည်။ "နေ့ခင်းကြောင်တောင်ကြီးမှာ ရောက်လာတာဗျ" ဟု အခြား မျက်မြင် သက်သေ တစ်ဦးက ဆိုသည်။

တရုတ်တို့ အနေဖြင့် သူတို့၏ ရက်ရောမှု စေတနာအတွက် ဘာပြန်ရမလဲ ဆိုသည်ကိုမူ သဲကွဲစွာ မသိရသေးပါ။ မြန်မာ အစိုးရကမူ နိုင်ငံအတွင်း တရုတ်တို့ လွှမ်းမိုးလာမှု အတွက် ဟန်ချက် ထိန်းရန် ပြိုင်ဖက်အဖြစ် အမေရိကန် ပြည်ထောင်စုနှင့် ဆက်ဆံရေး တိုးမြှင့်ရန် လတ်တလော ခြေသွက်လျက် ရှိလေသည်။ ထို့အပြင် နှစ်ပေါင်း ၅၀ အတွင်း ပထမဆုံး လာရောက် လည်ပတ်မည့် အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးအဖြစ် နောက်လဆန်းတွင် ရောက်ရှိလာမည့် ဟီလာရီ ကလင်တန်ကို ကြိုဆိုရန် မျှော်မှန်းနေကြပြီ ဖြစ်သည်။

ယခုအခါ အနောက်နိုင်ငံ များထံမှ သတိထား ချီးကျူးမှုကို ဆွဲဆောင် နိုင်ခဲ့သော ပြုပြင်ပြောင်းလဲမှု အတော်များများကို ပြုလုပ် ပြသခဲ့ပြီ ဖြစ်သော်လည်း မြန်မာအစိုးရ အဓိက လိုလားနေသော Sanctions များ ရုတ်သိမ်းရေးကိစ္စကို အာမခံရန် အမေရိကန် တာဝန်ရှိသူများ ရည်ရွယ်ထားခြင်း မရှိသေးဟု သိရှိရသည်။

အကယ်၍ ဟီလာရီ ကလင်တန် အနေဖြင့် တရုတ်တို့၏ စွယ်တော် အသုံးချ ဒစ်ပလိုမေစီကို ကျော်လွှားရန် စီစဉ်ထားသည် ဆိုပါက ပိုမို ထူးခြား ပြောင်မြောက်သော အစီအစဉ်ကို ဖန်တီးရလိမ့်မည်ဟု အထက်ပါ အကြောင်းအရာ အားလုံးက ပြသလျက် ရှိသည်။

*****************************************************************************

 

 


Google Docs makes it easy to create, store and share online documents, spreadsheets and presentations.
Logo for Google Docs

0 comments:

Post a Comment