Transparency Myanmar

transparency.myanmar@gmail.com

yangonchronicle 2011- (1)
yangonchronicle 2011- (1)

၂၈.၁၁.၂ဝ၁၁

ဘာသာပြန်သတင်းများ အပိုင်း (၂)

  1. အမေရိကန်၏ မြန်မာနိုင်ငံနှင့် ဆက်ဆံရေး

(27 November 2011 ရက်စွဲပါ Korea Times မှ Nehginpao Kipgen ရေးသားသော US engagement with Myanmar ကို ဘာသာ ပြန်ဆိုသည်)

  1. မြောက်ကိုရီးယား အာဏာလွှဲပြောင်းမှု စိန်ခေါ်မှုများဖြင့် ကြုံတွေ့

(Reuters သတင်းဌာနမှ၊ 27 Nov 2011 ရက်စွဲပါ N.Korea's succession faces challenges: minister ကို ဘာသာ ပြန်ဆိုသည်)

********************************************************************************************************************

အမေရိကန်၏ မြန်မာနိုင်ငံနှင့် ဆက်ဆံရေး

(27 November 2011 ရက်စွဲပါ Korea Times မှ Nehginpao Kipgen ရေးသားသော US engagement with Myanmar ကို ဘာသာ ပြန်ဆိုသည်)

(Nehginpao Kipgen သည် ခေတ်သစ်မြန်မာနိုင်ငံ၏ နိုင်ငံရေးပဋိပက္ခများကို သုတေသနပြုနေသူဖြစ်ပြီး အမေရိကန် အခြေစိုက် Kuki International Forum မှ အထွေထွေအတွင်းရေးမှူး ဖြစ်သည်)

နိုဝင်ဘာ ၁၈ ရက်နေ့တွင် အမေရိကန်သမ္မတ Barack Obama က ၎င်းသည် နိုင်ငံခြားရေးဝန်ကြီး ဟီလာရီ ကလင်တန်အား ရှေ့လတွင် မြန်မာနိုင်ငံသို့ စေလွှတ်မည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။ ၎င်း၏ ကြေညာချက်သည် နှစ်နိုင်ငံကြား သံတမန်ဆက်ဆံရေးတိုးတက်မှုကို ပြသသည့် ကလင်တန်၏ခရီးစဉ်သည် နှစ်ပေါင်းငါးဆယ်ခန့်အတွင်း အမေရိကန် ထိပ်သီးသံတမန်တစ်ဦး၏ ပထမဆုံးခရီးစဉ်ဖြစ်သည်။

ယခုကဲ့သို့ သံတမန်ဆက်ဆံရေးအဆင့် အသစ်ဖြင့် ဖြစ်ပေါ်နေချိန်တွင် စဉ်းစားရန်လိုအပ်သော အရေးကြီးသော မေးခွန်းအချို့ရှိသည်။ တချိန်က ရုန့်ရင်းကြမ်းတမ်းသော နိုင်ငံငယ်လေး (outpost of tyranny) ဟု အမည်တပ်ခဲ့သော နိုင်ငံအပေါ် ယခုကဲ့သို့ အမေရိကန်က ဆက်ဆံရေးအဆင့်အသစ်ဖြင့် ဆက်ဆံရန် မည်သည့်အရာက စေ့ဆော်ခဲ့သနည်း။ မြန်မာနိုင်ငံတွင် နှစ်ပေါင်းခြောက်ဆယ်ကျော်ကြာနေပြီဖြစ်သည်။ တိုင်းရင်းသားများနှင့် ပတ်သက်သော နိုင်ငံရေးပဋိပက္ခ ပြီးဆုံးရန် အလားအလာများရှိသလော။

သုံးသပ်သူအချို့က ယခုကဲ့သို့ အဆင့်မျိုးဖြင့် စတင်ရန် စောလွန်းသေးသည်ဟု ငြင်းချက်ထုတ်ပါသည်။ အချို့ ကလည်း အပယ်ခံနိုင်ငံတွင် ယခု ကဲ့သို့ နိုင်ငံရေးအရ လမ်းပွင့်လာမှုကို အမိအရအသုံးချနိုင်ရန် အရေးကြီးသည်ဟု ယုံကြည်နေကြသည်။

ယခုနှစ်များအတွင်း မြန်မာအစိုးရ၏ နိုင်ငံတကာဆက်ဆံရေးတွင် အရေးအကြီးဆုံးဦးစားပေးနှစ်ခုမှာ တရားဝင်မှု နှင့် အသိအမှတ်ပြုမှုတို့ကို အခြေခံသည်ဟုဆိုရမည်ဖြစ်သည်။ အဆိုပါရည်မှန်းချက်များကို အကောင်အထည်ဖော်ရာတွင် နေပြည်တော်အတွက် အနီးဆုံးပန်းတိုင်မှာ အာဆီယံဥက္ကဋ္ဌ နေရာ သေချာရေး ဖြစ်ပြီး၊ နောက်တစ်ခုမှာ အမေရိကန်အား ၎င်း၏ အရေးယူမှုများ မရုတ်သိမ်းသေးသည့်တိုင် ဖြေလျော့မှုများပြုလုပ်ရန် တိုက်တွန်းရေး ဖြစ်သည်။

နေပြည်တော်၏ သံတမန်ရေးအရကြိုးပမ်းမှုများမှာ အပေါင်းလက္ခဏာဆောင်သော ဆုလာဘ်များရရှိပြီး ၂၀၁၁ ခုနှစ်ကိုလည်း ခေတ်သစ်မြန်မာ့ သမိုင်း၏ ဆက်ဆံရေးသမိုင်းတွင် အအောင်မြင်ဆုံးနှစ်အဖြစ် သတ်မှတ်ရပေမည် ဖြစ်သည်။

ဝါရှင်တန်၏ ဆက်ဆံရေးအဆင့်သစ်ကို (၁၉)ကြိမ်မြောက် အာဆီယံထိပ်သီးအစည်းအဝေးတွင် မြန်မာနိုင်ငံအား ၂၀၁၄ တွင် ဥက္ကဋ္ဌနေရာပေး ခြင်းဖြင့် ပံ့ပိုးမှုများပြုလုပ်ခဲ့သည်။ ၂၀၀၆ ခုနှစ်က မြန်မာနိုင်ငံ၏ အာဆီယံဥက္ကဋ္ဌနေရာ အလှည့်ကျလာမှုကို ငြင်းပယ်ခံခဲ့ရသည်။ အဘယ်ကြောင့်ဆိုသော် လူ့အခွင့်အရေးအုပ်စုများနှင့် နိုင်ငံတကာအသိုင်းအဝိုင်း အထူးသဖြင့် အမေရိကန်အစိုးရ၏ ပြင်းထန်သော ဖိအားများကြောင့် ဖြစ်သည်။ အချို့အာဆီယံ အဖွဲ့ဝင်များကလည်း မြန်မာနိုင်ငံကို ဥက္ကဋ္ဌနေရာပေးခဲ့ပါက အဖွဲ့ကြီး၏ ပုံရိပ်နိုင်ငံတကာတွင် မကောင်းဖြစ်မည်ကို စိုးရိမ်ခဲ့ကြသည်။

Obama လွန်ခဲ့သည့် ရက်သတ္တပတ်များ အတွက် တိုးတက်မှု၏ အလင်းရောင်များရှိခဲ့သည် (Flickers of progress) ဟု ပြောခဲ့သလို၊ မြန်မာနိုင်ငံမှ မကြာသေးမီက တိုးတက်မှုများအပေါ် သတိထား၍ အကောင်း မြင်ခြင်းအတွက် အကြောင်းပြချက်ကောင်းများ ရှိသည်။ ထို့ကြောင့်ပို၍ အရေးကြီးသော မေးခွန်းတစ်ခုမေး စရာရှိလာသည်မှာ မြန်မာအစိုးရ သည် စစ်မှန်သော ဒီမိုကရေစီနှင့် အမျိုးသားပြန်လည်ပေါင်းစည်းရေးအတွက် စစ်မှန်သော ရည်မှန်းချက် ရှိမရှိ ဆိုသည်ပင် ဖြစ်သည်။

              အမေရိကန်၏ နိုင်ငံခြားရေးမူဝါဒပြောင်းရန် မြင်သာထင်သာရှိသော နိုင်ငံရေးအရ တိုးတက်မှုအချို့က တွန်းအား ပေးခဲ့သည်။ ထိုအထဲတွင် ဒေါ်အောင်ဆန်းစုကြည်နှင့် သူမ၏ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ အကြံပေးမှုနှင့် အာမခံ ပေးမှုကလည်း ယခုဖြစ်ပေါ်တိုးတက်မှုများတွင် အရေးကြီးသော ကဏ္ဍမှ ပါဝင်ခဲ့သည်။

အမေရိကန်အထူးကိုယ်စားလှယ် ဒဲရက်မစ်ချယ် (Derek Mitchell) ၏ သွားရောက်မှုများအပြင်၊ အိုဘားမားနှင့် ကလင်တန်သည် ဒေါ်အောင်ဆန်း စုကြည်နှင့် စကားပြောပြီး ဆက်ဆံရေးမူဝါဒတွင် အမေရိကန် မည်သို့ လုပ်ဆောင်သင့်သည် ဆိုသည်ကို တိုင်ပင်ခဲ့သည်။ ဒေါ်အောင်ဆန်းစုကြည်နှင့် NLD ခေါင်းဆောင်ပိုင်းက အမေရိကန်၏ ဆက်ဆံရေးအရ ချဉ်းကပ်မှုကို ထောက်ခံခဲ့ကြသည်။

ဒေါ်အောင်ဆန်းစုကြည်သည် သြဂုတ်လ ၁၉ ရက် သမ္မတဦးသိန်းစိန်နှင့် တွေ့ဆုံပြီးကတည်းက နိုင်ငံရေးအရ ပြန်လည် ပေါင်းစည်းရေးကို လမ်းခင်းသည့် အနေဖြင့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ(USDP) ဦးဆောင်သော အစိုးရအပေါ် ပြောဆိုမှုများလေသံလျော့သွားခဲ့သည်။ ယခု အခါ NLD သည် နိုင်ငံရေးပါတီအဖြစ်ပြန်လည်မှတ်ပုံတင်ရန် ပြင်ဆင်နေပြီး၊ ဒေါ်အောင်ဆန်းစုကြည်နှင့် ပါတီအဖွဲ့ဝင်များသည် လာမည့် ကြားဖြတ် ရွေးကောက်ပွဲတွင် ပါဝင်အရွေးခံ မည်ဟု မျှော်လင့်ရသည်။

မြန်မာ့သမိုင်းကို ထဲထဲဝင်ဝင် လေ့လာခဲ့ကြသူမှန်သမျှ ဆယ်စုနှစ်များနှင့်ချီ၍ ကြာမြင့်နေပြီဖြစ်သည့် မြန်မာနိုင်ငံမှ ပြဿနာများ၏ အရင်းအမြစ်ကို နားလည်သင့်ပေသည်။ အမေရိကန်မဟာဗျူဟာနှင့် မူဝါဒချမှတ်သူများအနေဖြင့် မြန်မာ နိုင်ငံ၏ အဓိကတိုင်းရင်းသားအုပ်စုများသည် အစိုးရကို တစ်နည်း မဟုတ် တစ်နည်းဖြင့် တိုက်ခိုက်နေသည်ဆိုသည်ကို နားလည်ရမည် ဖြစ်သည်။ တိုင်းရင်းသားကရင်လူမျိုးများသည် ၁၉၄၉ ကတည်းက အစိုးရနှင့် စတင် တိုက်ခိုက်လာသည်ကို သိရှိရမည်ဖြစ်သည်။ တိုင်းရင်းသားများအနေဖြင့် အစိုးရကို လက်နက်ကိုင်တော်လှန်ရန် မည်သည့်အရာက တွန်းအား ပေးနေသနည်း ဆိုသည့်မေးခွန်းမှာ မြန်မာနိုင်ငံတွင် ငြိမ်းချမ်းရေးနှင့် တည်ငြိမ်ရေးအတွက် ပြောဆိုရမည့် အခြေခံကျသော မေးခွန်းဖြစ်သည်။

လွတ်လပ်ရေးမရမီက ဗိုလ်ချုပ်အောင်ဆန်းသည် တိုင်းရင်းသားများအား သဘောတူညီမျှရေးကို အာမခံခြင်း မပြုလျှင် မြန်မာနိုင်ငံကို စုစည်း တည်ထောင်ရန် မလွယ်ဟု လုံးဝသဘောပေါက်ခဲ့သည်။ တိုင်းရင်းသားများကို ဗြိတိသျှတို့က ပုံစံ မတူသော အုပ်ချုပ်ရေးများဖြင့် အုပ်ချုပ်ခဲ့သည်။

ဗြိတိသျှအစိုးရနှင့် ရှေ့တန်းမှ ခေါင်းဆောင်များ ကာလာရှည်ကြာကပင်ရှိနေသော သံသယများကို ရှင်းလင်းသွား စေရန် ရည်ရွယ်၍ ဗိုလ်ချုပ် အောင်ဆန်း သည် သမိုင်းဝင်မှတ်ချက်ပေးခဲ့ရာ “မြန်မာတွေ တစ်ကျပ်ရရင်၊ ခင်ဗျားတို့လဲ တစ်ကျပ် ရစေရမယ်”ဟု တိုင်းရင်းသားများကို ပြောခဲ့သည်။ အဆိုပါ အာမခံချက်မှာ ၁၉၄၇ ခုနှစ် ပင်လုံညီလာခံတွင် ပြည်ထောင်စု မြန်မာနိုင်ငံအဖြစ် ဖွဲ့စည်းခဲ့စဉ် အခြေခံဖြစ်ခဲ့သည်။

၁၉၄၇ ခုနှစ်ဇူလိုင်လတွင် ဗိုလ်ချုပ်အောင်ဆန်းနှင့် အပေါင်းအပါများ လုပ်ကြံခံရခြင်းနှင့်အတူ သာတူညီမျှရေးနှင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ဆိုသည့် အိပ်မက်မှာ မြန်မာ့နိုင်ငံရေးမှ ပျောက်ကွယ်သွားခဲ့သည်။ လွတ်လပ်ရေးရပြီး ဝန်ကြီးချုပ် ခေါင်းဆောင်သော ပထမဆုံးအရပ်သားအစိုးရသည် တိုင်းရင်းသား အရေးကို မဖြေရှင်းနိုင်ခဲ့ပေ။ နောက်ဆက်ခံသော စစ်တပ် အစိုးရများကလည်း အင်အားသုံး၍သာ ဖိနှိပ်ထားခဲ့သည်။

NLD နှင့် USDP တို့အကြား ပြန်လည်ပေါင်းစည်းရေးသည် အရေးကြီးသည့် ခြေလှမ်းဖြစ်သလို အခြေခံနိုင်ငံရေး ပြဿနာကိုလည်း အလေးအနက် ဦးစားပေးဖြေရှင်းရမည်ဖြစ်သည်။ အဓိကအုပ်စုတစ်ခုအတွက် ဒီမိုကရေစီသည် မြန်မာ နိုင်ငံ၏ ရှုတ်ထွေးသော နိုင်ငံရေးပြဿနာကို ဖြေရှင်းပေးနိုင်မည် မဟုတ်ပေ။ စစ်တပ်၏ ဆယ်စုနှစ်ပေါင်းများစွာ ကြာသော စစ်ဆင်ရေးများသည် မြန်မာနိုင်ငံ၏ တိုင်းရင်းသားပြဿနာများကို မဖြေရှင်းနိုင်ပေ။ ပြီးဆုံး သွားအောင်လည်း မရပ်တန့် နိုင်ခဲ့ပေ။ တိုင်းရင်းသားများအား စုစည်းနိုင်ရေးအတွက် အောင်မြင်အောင် လုပ်ဆောင်နိုင်သော နည်းလမ်းတစ်ခုမှာ ၎င်းတို့ အပေါ် စစ်တပ်မှ တိုက်ခိုက်နေမှုများရပ်တန့်ပြီး၊ နှစ်ဦးနှစ်ဖက်လေးစားမှုနှင့် နိုင်ငံသားများသာတူညီမျှရေးကို အခြေခံဥပဒေ ဖြင့် အာမခံမှုတို့ကို အခြေခံ၍ နိုင်ငံရေးအရ တွေ့ဆုံဆွေးနွေးမှုပြုရေးပင် ဖြစ်သည်။

အမေရိကန်ပြည်ထောင်စုအနေဖြင့် မြန်မာအစိုးရနှင့်ပုံမှန်ဆက်ဆံရေးအတွက် စံပြုရမည့် အချက်များ ဆက်လက် သတ်မှတ်သင့်သည်။ နေပြည် တော် အနေဖြင့်လည်း ဒီမိုကရေစီအတွက် ကတိကဝတ်များကို နောက်ပြန်မဆုတ်ရန် လိုအပ် ပြီး ကျန်သောနိုင်ငံရေးအကျဉ်းသားများအားလုံးကို လွှတ်ပေးပြီး ပြသသင့်သည်။ အစိုးရသည် နိုင်ငံရေးအရ ဆန့်ကျင်မှုများ ကို သည်းခံရမည်ဖြစ်ပြီး နိုင်ငံသားအားလုံးမကြောက်မရွံ့မိမိအမြင်ကို ဖော်ထုတ်နိုင်သည့် ရပိုင်ခွင့်ကိုလည်း လေးစားရမည် ဖြစ်သည်။

              ကလင်တန်သည် နေပြည်တော်နှင့် ရန်ကုန်သို့ အချက်အလက်ရှာဖွေရေးနှင့် မူဝါဒအကောင်အထည် ဖော်ရေး သွားရောက်ရာတွင် သူမအနေဖြင့် တိုင်းရင်းသားပြဿနာကို ဖြေရှင်းရန် အလေးအနက် ပြောကြားသင့်သည်။ ဒေါ်အောင်ဆန်းစုကြည် သည်လည်း သူမအား တိုင်းရင်းသားများက ကျယ်ကျယ် ပြန့်ပြန့် လက်ခံမှုကြောင့် တိုင်းရင်းသား များနှင့် အစိုးရကြား ယုံကြည်မှု ပြန်လည်တည်ဆောက်ရေးတွင် အရေးကြီးသောကဏ္ဍမှ ပါဝင်နိုင်ပေသည်။

တိုင်းရင်းသား ပြဿနာများဖြေရှင်းနိုင်မှသာလျှင်၊ မြန်မာနိုင်ငံတွင် နှစ်ပေါင်းခြောက်ဆယ်ကျော်ကြာ နေပြီဖြစ်သော နိုင်ငံရေး ပဋိပက္ခများ ပြီးဆုံးသွားမည်ဖြစ်သည်။ အမေရိကန်အစိုးရ၏ မြန်မာနိုင်ငံနှင့် ပတ်သက်သော အနေအထားသည် အမျိုးသား ပြန်လည်ပေါင်းစည်းရေးအတွက် အရေးပါ လှသည်။

******************************************************************************

မြောက်ကိုရီးယား အာဏာလွှဲပြောင်းမှု စိန်ခေါ်မှုများဖြင့် ကြုံတွေ့

(Reuters သတင်းဌာနမှ၊ 27 Nov 2011 ရက်စွဲပါ N.Korea's succession faces challenges: minister ကို ဘာသာ ပြန်ဆိုသည်)

မြောက်ကိုရီးယားခေါင်းဆောင်ကြီး ကင်ဂျုံအီလ်သည် ၎င်း၏အငယ်ဆုံးသားဖြစ်သူကို အာဏာလွှဲပြောင်းရာ၌ စိန်ခေါ်မှုများနှင့် ရင်ဆိုင်နေရ ကြောင်း တောင်ကိုရီးယားနိုင်ငံ၊ နယ်စပ်ရေးရာဌာနမှ ထိပ်တန်းအရာရှိတစ်ဦးက ထုတ်ဖော် ပြောကြားသည်။

"မြောက်ကိုရီးယားမှာ အာဏာလွှဲပြောင်းရေးလုပ်ငန်းစဉ်တွေ အကောင်အထည်ဖော်လုပ်ကိုင်နေပြီလို့ ကျွန်တော် ယူဆပါတယ်။ ဒါပေမဲ့ ပြည်တွင်းရေးနဲ့ ပြည်ပရေးရာ အခြေအနေတွေကတော့သိပ်မကောင်းလှပါဘူး" ဟု ပြန်လည် ပေါင်းစည်းရေးဝန်ကြီးဌာန ဝန်ကြီး Yu Woo Ik က Yonhap သတင်းဌာနနှင့် တွေ့ဆုံရာ၌ပြောကြားသည်။

မြောက်ကိုရီးယား ကွန်မြူနစ်ခေါင်းဆောင် ကင်ဂျုံအီလ်(၆၉ နှစ်) သည် ပြီးခဲ့သည့် ၂၀၀၈ ခုနှစ်၊ ဧပြီလအတွင်း လေသင်တုန်းရောဂါ ဖြစ်ပေါ် ခံစားခဲ့ရပြီးနောက် အာဏာလွှဲပြောင်းပေးမည့်ကိစ္စကို အရှိန်မြှင့်၍ လုပ်ကိုင်လာခဲ့သည်ဟု ယုံကြည်ရသည်။ ပြီးခဲ့သည့် ၂၀၁၀ ပြည်နှစ်စက်တင်ဘာလတွင် ကင်ဂျုံအီလ်က သူ၏ အငယ်ဆုံးသား ဂျွန်အန်ကို ပါတီတွင် စီနီယာရာထူးပေးအပ်ခဲ့ပြီး ကြယ်လေးပွင့်အဆင့်ရှိ ဗိုလ်ချုပ်အဖြစ်ခန့်အပ်ခဲ့မှုတို့သည် ကင်ဂျုံအီလ်၏ ရာထူးဆက်ခံမည့်သူဖြစ်ကြောင်း ရှင်းလင်းစွာထုတ်ဖော်လိုက်ခြင်းပင်ဖြစ်သည်။

Yu Woo Ik က Yonghup သတင်းဌာနသို့ပြောကြားရာတွင် မြောက်ကိုရီးယားခေါင်းဆောင်ကြီးသည် ယခုအခါ အလုပ်ဆက်လက်လုပ်ကိုင်နိုင်ရန် ကျန်းမာရေးကောင်းမွန်လျက်ရှိကြောင်း ပြောဆိုသည်။ မစ္စတာ Yu Woo Ik က ကင်ဂျုံအီလ်၏ ကျန်းမာရေးနှင့်ပတ်သက်၍သော်လည်းကောင်း၊ အာဏာ လွှဲပြောင်းရေးအတွက် မပြေမလည်ဖြစ်နေသည့် အခြေအနေနှင့်ပတ်သက်၍သော်လည်းကောင်း အသေးစိတ်ထုတ်ဖော်ပြောဆိုခြင်းမရှိပေ။

အသက် ၂၀ မှ ၃၀ ကြားအရွယ်သာရှိသေးပြီး နိုင်ငံရေးအတွေ့အကြုံမရှိသေးသည့် ဂျွန်အန် အနေဖြင့် ဒုတိယမြောက် ထီးနန်းဆက်ခံမည့်ပုံစံဖြစ် လာမည့် အာဏာလွှဲပြောင်းမှုတွင် နိုင်ငံရေးအရ ဆန့်ကျင်မှုများနှင့် တွေ့ကြုံ နေရခြင်း ရှိ၊ မရှိဟူသော ကိစ္စမှာလည်း ရှင်းရှင်းလင်းလင်းမသိရသေးပေ။ ကင်ဂျုံအီလ်သည် ၎င်း၏ ဖခင်ကြီး ကင်အီဆွန်း ၁၉၉၄ ခုနှစ်တွင် ကွယ်လွန်သွားခဲ့ပြီးနောက် မြောက်ကိုရီးယားခေါင်းဆောင်ရာထူးလွှဲပြောင်းရယူခဲ့သည်။

မြောက်ကိုရီးယားနိုင်ငံသည် စီးပွားရေးပြဿနာများစွာဖြင့်ရင်ဆိုင်နေရရုံမျှမက စားနပ်ရိက္ခာပြတ်လပ်မှုများလည်း ဖြစ်ပေါ်လျက်ရှိချိန်တွင် ပြင်းထန်သည့် စီးပွားရေးပိတ်ဆို့မှုများက ဒုက္ခပေါင်းမြောက်မြားစွာကို ပိုမိုဖြစ်ပေါ်စေသည်။ ထို့ပြင် နျူကလီးယားလက်နက် အစီအစဉ်များစွန့်လွှတ်ရန် နိုင်ငံတကာ၏ ဖိအားပေးမှုများနှင့်လည်းရင်ဆိုင်နေရသည်။

မြောက်ကိုရီးယားသည် ပြီးခဲ့သည့် ၂၀၀၉ ခုနှစ်က ပျက်ယွင်းသွားခဲ့သော နျူကလီးယားဖြုတ်သိမ်းရေးဆိုင်ရာ ခြောက်နိုင်ငံဆွေးနွေးပွဲ ခြွင်းချက်မရှိ ပြန်လည် စတင်နိုင်ရေးအတွက် တောင်းဆိုလျက်ရှိသည်။ သို့သော် အမေရိကန် ပြည်ထောင်စုနှင့် မဟာမိတ်နိုင်ငံများက ပြုံယမ်းအစိုးရအနေဖြင့် အဆိုပါ ဆွေးနွေးပွဲနှင့် ပတ်သက်၍ လွန်စွာ အလေးအနက်ထားကြောင်း ဦးစွာထုတ်ဖော်ပြသရန်လိုအပ်လိမ့်မည်ဟု ဆိုထားသည်။

ပြန်လည်ပေါင်းစည်းရေးဝန်ကြီး Yu Woo Ik ကမူ "အခုလိုအနေအထားမှာ နျူကလီးယားစမ်းသပ်မှု ပြုလုပ်တာတို့၊ ဒါမှမဟုတ် လက်နက်ကိုင် ရန်စပြုမူတာတို့ လုပ်ကိုင်လာမယ့် အရိပ်လက္ခဏာအနည်းငယ်ပဲတွေ့ရပါတယ်" ဟု ပြောကြားသည်။

သို့သော် မြောက်ကိုရီးယားအနေဖြင့် ရှေ့နှစ်အတွင်း တိုင်းပြည်ဖွံ့ဖြိုးရေးနှင့်ပတ်သက်၍ ဆောင်ကြဉ်းနိုင်မှုများကို ကျယ်ကျယ်လောင်လောင် ထုတ်ဖော်ပြောဆိုကာ အမေရိကန်နှင့်မဟာမိတ်နိုင်ငံများ ခြောက်နိုင်ငံဆွေးနွေးပွဲအတွက် ထည့်သွင်း စဉ်းစားနိုင်မည့် ရွေးချယ်မှုစရာများအဖြစ် ချပြ လာဖွယ်ရှိကြောင်း ၎င်းကပြောကြားသည်။ မြောက်ကိုရီးယားသည် ၂၀၁၂ ခုနှစ်မှစ၍ အင်အားကြီးမားပြီး ပါဝါရှိကာ ကြွယ်ဝချမ်းသာသော နိုင်ငံဖြစ်လာရေး ဟူသည့် ဦးတည်ချက်ပန်းတိုင်ကို အကောင်အထည်ဖော်လျက်ရှိသည်။ ခေါင်းဆောင်ဟောင်းကြီး ကင်အီဆွန်း၏ အသက် ၁၀၀ ပြည့်နှစ် မွေးနေ့အထိမ်း အမှတ် အဖြစ် ယင်းသို့လုပ်ကိုင်ရန် ဦးတည်ထားခြင်းလည်းဖြစ်သည်။

ပြီးခဲ့သည့် ရက်သတ္တပတ်အတွင်း မြောက်ကိုရီးယားစစ်တပ်က တောင်ကိုရီးယားသမ္မတရုံးကို 'မီးပင်လယ်' ထဲရောက်အောင်လုပ်ပစ်မည်ဟု ခြိမ်းခြောက် ပြောဆိုခဲ့သည်။ တောင်ကိုရီးယားနိုင်ငံက တင်းမာမှုများဖြစ်ပေါ်နေသည့် ပင်လယ်ဝါနယ်နိမိတ်အနီး စစ်ရေးလေ့ကျင့်မှုများပြုလုပ်ခဲ့ခြင်းအပေါ် အမျက်ဒေါသ ထွက်သောကြောင့် ယခုလို ခြိမ်းခြောက်ခဲ့ခြင်း ဖြစ်သည်။

**************************************************************************************************************************


Google Docs makes it easy to create, store and share online documents, spreadsheets and presentations.
Logo for Google Docs

0 comments:

Post a Comment