yangonchronicle2011 Op-Ed |
၂၈.၁၁.၂၀၁၁
ဆောင်းပါးကဏ္ဍ
- အာဏာပိုင်စနစ်မှ ဒီမိုကရေစီစနစ်ဆီသို့
****************************************
ဆောင်းပါးကဏ္ဍ
အာဏာပိုင်စနစ်မှ ဒီမိုကရေစီစနစ်ဆီသို့
မြန်မာနိုင်ငံသည် ၁၉၆၂ခုနှစ်မှစတင်၍ နှစ်ပေါင်း ၅၀ နီးပါး အာဏာပိုင်အုပ်ချုပ်ရေးစနစ် (Authoritarian regime)ကို ကျင့်သုံး အကောင်အထည်ဖော်ခဲ့ရာမှ ယနေ့အခါ စည်းကမ်းပြည့်ဝသည့် ဒီမိုကရေစီ (ဦးသိန်းစိန်အစိုးရ၏ လမ်းစဉ်အရ)စနစ်ကို ပြောင်းလဲကျင့်သုံးရန် အသွင် ကူးပြောင်း၍ နေသည်မှာ တစ်နှစ်ခန့်ပင် ရှိတော့မည်။ ကုန်လွန်ခဲ့သော နှစ်ပေါင်း ၅၀အတွင်း နိုင်ငံရေးအရ ဖြစ်ထွန်းပြောင်းလဲမှုများမှာ အာဏာပိုင် အုပ်ချုပ်ရေးစနစ်ဆီသို့ ဦးတည်စေခဲ့ခြင်းကြောင့် ပြည်သူများကြားတွင် နိုင်ငံရေးနှင့် ခပ်ကင်းကင်းနေလိုသည့် နိုင်ငံရေးယဉ်ကျေးမှုသာ ထွန်းကား ခဲ့သည်။ ယခုအခါတွင်တော့ အာဏာပိုင်စနစ်၏ အရိပ်အယောင်များကင်းပြီးသကာလ ဒီမိုကရေစီစနစ် အသွင်ကူးပြောင်းရေး လုပ်ငန်းစဉ်ကြီးမှာ အလှုပ်အရမ်း အချိုးအကွေးများသည်နှင့်အညီ နောက်ကြောင်းပြန်လှည့်သွားခြင်းမျိုး မဖြစ်ပေါ်အောင် နိုင်ငံရေးအင်အားစုများအားလုံး ဝိုင်းဝန်း ထိန်းသိမ်းရမည့် အနေအထားဖြစ်သည်။
အာဏာရှင် ခေါင်းဆောင်တိုင်း၏ အခက်အခဲ
အာဏာပိုင်စနစ်၏ နိုင်ငံရေးနှင့် စီးပွားရေးစီမံခန့်ခွဲမှု အမှားများ၏ရလဒ်အဖြစ် ၁၉၈၈ ဒီမိုကရေစီလူထု လှုပ်ရှားမှုကြီးတစ်ခု ပေါ်ပေါက်လာခဲ့ပြီး နိုင်ငံသားလွတ်လပ်ခွင့်ဆိုသည့်အရာကို လမ်းပေါ်ထွက်၍ တောင်းဆိုခဲ့ကြသည်။ ယင်းလှုပ်ရှားမှုသည် မြန်မာနိုင်ငံသမိုင်းတွင် အကြီးအကျယ်ဆုံးသော နိုင်ငံရေးလွတ်လပ်ခွင့်ကို တောင်းဆိုသည့် လှုပ်ရှားမှုဖြစ်ခဲ့ရာ အာဏာပိုင်အုပ်ချုပ်ရေးကို ဆုံးခန်းတိုင်သည်အထိ ဖြစ်ခဲ့ရသည်။ သို့နှင့် နှစ်ပေါင်း ၂၆ နှစ် နီးပါး အာဏာပိုင်အုပ်ချုပ်ရေးကို ဖြိုလဲပစ်ခဲ့သည့် ဒီမိုကရေစီဘက်တော်သားများအားလုံး၏ အောင်ပွဲဟူ၍ ကြွေးကြော်နိုင်ခဲ့ ပါသည်။ အာဏာရှင်စနစ်၏ သဘောသဘာဝမှာ ယင်းစနစ်ကိုဆန့်ကျင်သည့် နိုင်ငံရေးလွတ်လပ်ခွင့်ကို စွဲစွဲမြဲမြဲတောင်းဆိုသည့် အတိုက်အခံအင်အားစုနှင့် အမြဲလိုလိုပင် ရင်ဆိုင် ကြုံတွေ့နေရမည်သာ ဖြစ်သည်။ ထို့ကြောင့် အာဏာရှင်ခေါင်းဆောင်များသည် ၎င်း၏ အာဏာကို လှုပ်ရမ်းဆွဲခါနိုင်သည့် နိုင်ငံရေးအင်အားစုကို ၎င်း၏ စုံစမ်းထောက်လှမ်းရေးတပ်ဖွဲ့များဖြင့် အစဉ်တစိုက် နေရာအလပ်မရှိ နှိပ်ကွပ်ဖျောက်ဖျက်လေ့ရှိသည်။ သို့သော် ထိုကဲ့သို့ လုပ်ဆောင်ရခြင်းအားဖြင့် ၎င်း၏ အုပ်ချုပ်ရေးယန္တရားအတွင်း ဖိနိုပ်ရေးတပ်ဖွဲ့များ များပြားစွာရှိလာပြီး ယင်းအတွင်းကုန်ကျစရိတ်လည်း အတော်လေးမြင့်မားနေကြောင်း တွေ့ခဲ့ရ သည်။ ထို့အပြင် အဏာရှင်ခေါင်းဆောင်များ အုပ်ချုပ်သည့်လက်ထက်တွင် အစိုးရ၏ တရားဝင်မှုအပေါ် ပြည်သူများရော၊ နိုင်ငံတကာ အသိုင်းအဝိုင်း ကပါ ယုံကြည်မှုနည်းပါးကြောင်း တွေ့ရသည်။
နောက်ကြောင်းပြန်လှည့်ခဲ့မှုများ
မြန်မာနိုင်ငံတွင် ၁၉၆၂ခုနှစ်နောက်ပိုင်း ဗိုလ်ချုပ်နေဝင်း ဦးဆောင်သည့် တော်လှန်ရေးကောင်စီတက် လာသည့်အခါ ပြည်သူများက ယခင် ပါလီမန်ဒီမိုကရေစီနိုင်ငံရေး၊ စီးပွားရေးအဆင်မပြေနိုင်မှုများကို တစုံတရာ ဖြေရှင်း ပေးနိုင်မည်ဟူသော မျှော်လင့်ချက်မျိုးထားရှိခဲ့သည်သာဖြစ်သည်။ သို့သော် အုပ်ချုပ်ရေးအာဏာသုံးရပ်ဖြစ်သည့် ဥပဒေပြုရေး၊ အုပ်ချုပ်ရေး၊ တရားစီရင်ရေးတို့ တစ်ခုကိုတစ်ခု အပြန်အလှန် ထိန်းကျောင်းနိုင်ခြင်း မရှိသည့် ဗဟိုဦးစီးစနစ် ဖြစ်နေ ခြင်းကြောင့် ယခင်ရှိပြီး နိုင်ငံ၏ နိုင်ငံရေး၊ စီးပွားရေးအဆင့်မြင့်မားခဲ့မှုများမှ တဖြည်းဖြည်းပျောက်ကွယ်ခဲ့ရသည်။ ထိုကဲ့သို့ ဖွံ့ဖြိုးတိုးတက်မှုအရှိန်ကို ရပ်တန့်သွားစေပြီး အာဏာပိုင်စနစ်ဆီသို့ နောက်ကြောင်းပြောင်းလှည့်သွားသည့် သာဓကကို ၁၉၉၀ အလွန် ပြုပြောင်းပြောင်းလဲမှုများကို ကြည့်ခြင်းဖြင့် သိမြင်နိုင်ပါသည်။ ၁၉၈၈ခုနှစ် ဒီမိုကရေစီလှုပ်ရှားမှုအပြီးတွင် နိုင်ငံရေးနှင့် စီးပွားရေးလွတ်လပ်ခွင့် တစ်နည်း ဖြေလျှော့ပေးမှုများ ဖြည်းဖြည်းမှန်မှန်ရရှိခဲ့သည့်အတွက် နိုင်ငံ၏ လူမှုစီးပွားရေးအခန်းကဏ္ဍမှာ အစစ်အမှန်မဟုတ်သည့် အယောင်ဆောင် ဖွံ့ဖြိုးမှု တစ်ခုကို ရယူနိုင်ခဲ့သည်။ သို့သော် အုပ်ချုပ်ရေး လူတန်းစား၏ နိုင်ငံရေးစိတ်စေတနာ နည်းပါးမှုကြောင့် အတိုက်အခံအသွင်ဆောင်သည့် နိုင်ငံရေး အင်အားစုများ အကြား နိုင်ငံရေးသဘောတူအမြင်တစ်ခု မတည်ဆောက်နိုင်ခဲ့ခြင်းကြောင့် ဗဟိုဦးစီးစနစ် တနည်းအာဏာရှင် အုပ်ချုပ် ရေးစနစ်ဆီသို့ ပြန်လှည့်သွားပြီး နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးကဏ္ဍတို့တွင် အိမ်နီးချင်းနိုင်ငံများနှင့် ယှဉ်လျှင် အဖက် ဖက်မှ ဆုတ်ယုတ်ခဲ့သည်။
အစိုးရသစ်၏ ရင်ဆိုင်ရမည့် စိန်ခေါ်မှုများ
အထက်တွင် ဆိုခဲ့ပြီးသည့်အတိုင်း အာဏာရှင်ခေါင်းဆောင်များသည် ၎င်း၏ အုပ်ချုပ်ရေးယန္တရားအတွင်း အတိုက်အခံအသွင်ဆောင်သည့် နိုင်ငံရေးအင်အားစုကို အစဉ်မပြတ်နှိပ်ကွပ်နေရခြင်းကြောင့် အဖက်ဖက်မှ ယုတ်လျော့မှုများ ပေါ်ပေါက်လာရသည်။ ယခင် မြန်မာနိုင်ငံ၏ အာဏာရှင် ခေါင်းဆောင်ဖြစ်သော ဗိုလ်ချုပ်မှုး ကြီးသန်းရွှေမှာလည်း ထိုအချက်ကို သိမြင်ခဲ့ဟန်တူပါသည်၊ ထိုကြောင့် နိုင်ငံရေး အတိုက်အခံ အင်အားစုများ၏ အသံကို ကျယ်ကျယ်ပြန့်ပြန့် နားထောင်နိုင်ရန် ရည်ရွယ်ပြီး နိုင်ငံရေးလွတ်လပ်ခွင့်ကို အနည်းငယ်သာပေးသည့်အနေဖြင့် လမ်းညွှန်ဒီမိုကရေစီ (Guided Democracy) စနစ်ကို ဖွဲ့စည်းအုပ်ချုပ်ပုံဥပဒေနှင့်တကွ အကောင်အထည်ဖော်ခဲ့ပြီးယင်းမှာ နိုင်ငံရေးဇတ်ခုံ၏ ခန်းဆီး နောက်ကွယ်မှာသာ နေတော့သည်။ သို့နှင့် မြန်မာပြည်သူများမှာ ၂၀၁၀ ပါတီစုံအထွေထွေရွေးကောက်ပွဲကြီးကို ကျင်းပဖြတ်သန်းအပြီး အုပ်ချုပ်ရေးစနစ်သစ်အပေါ် မျှော်လင့်ချက် နည်းပါးစွာထားရှိခဲ့သည်။သို့သော် အသစ်တက်လာသည့် ဦးသိန်းစိန်အစိုးရမှ ထင်မှတ်ထားသည်ထက် ပိုမိုလုပ်ဆောင်ပြနိုင်ခြင်းသည် မြန်မာပြည်သူတို့၏ မျှော်လင့်ချက် အရိပ်အယောင်ကို တဖန်နိုးကြားလာစေခဲ့သည်။ တစ်နှစ်သားပင် မပြည့်သေးသော အစိုးရတစ်ရပ် ဖြစ်နေသည့်တိုင် နိုင်ငံတကာမှ တရားဝင်မှုကို အပြည့်အဝရယူ နိုင်ခဲ့သည်။ အာဏာသိမ်းအစိုးရမဟုတ်ဘဲ ရွေးကောက်ပွဲနှင့် တက်လာသည့် အစိုးရတစ်ရပ် ဖြစ်သည့် အတွက်ကြောင့်လည်း တရားဥပဒေစိုးမိုးမှု (rule of law) ကို အလေးထား အကောင်အထည်ဖော် ဆောင်ရွက်မည့် အစိုးရတစ်ရပ်ဖြစ်သည်ဟုသုံးသပ်၍ ရနိုင်ပါသည်။ ယခုအချိန်ထိ အုပ်ချုပ်ရေးအာဏာမှ ဥပဒေဘောင်ကိုကျော်၍ လုပ်ဆောင်သည်ဟု တွေ့ရှိရခြင်း မရှိသေးသော်လည်းနောက်ပိုင်း နိုင်ငံ၏ စီးပွားရေးအပြောင်းအလဲများတွင် တရားဥပဒေစိုးမိုးမှုကို ယခုထက်ပိုမို၍ လုပ်ဆောင်သင့်ပါသည်။ ရွေးကောက်ပွဲနှင့် တက်လာသည့် ဦးသိန်းစိန်မှာ ဒီမိုကရေစီ ခေါင်းဆောင်တစ်ဦးဖြစ်သည်နှင့်အညီ ယခင်အာဏာရှင် ခေါင်းဆောင်များလို တရားနည်းလမ်းမကျစွာ (Unlawfully) တက်လာသည့် ခေါင်းဆောင်တစ်ဦးမဟုတ်သည့်အတွက် အတိုက်အခံ နိုင်ငံရေးအင်အားစုများအပေါ် ရန်သူအဖြစ် သဘောထားမှု နည်းပါးသွားပြီဟု ကောက်ချက်ချ၍ ရနိုင်သည်။ သို့သော် နောက်တကြိမ် ရွေးကောက်ပွဲ အနိုင်ရရေးအတွက်တော့ ပြိုင်ဖက်အဖြစ် သဘောထားနိုင်ပါသည်။ တနည်း နိုင်ငံဖွံ့ဖြိုးတိုးတက်ရေး အတွက် လက်ရှိ နိုင်ငံရေးအင်အားစုများ အားလုံးနှင့် ပြိုင်လည်းပြိုင် ပေါင်းလည်းပေါင်းရမည့် အခင်းအကျင်းတစ်ခု ဖော်ဆောင်ရန်ပင် ဖြစ်သည်။ ဦးသိန်းစိန်အစိုးရ တာဝန်ယူရသည့် ဒီမိုကရေစီတာထွက်ခရီးလမ်းမှာ စိန်ခေါ်များဖြင့် ပြည့်နှက်နေသည်ဟူ၍ ဆိုနိုင်ပါသည်။ ပြည်တွင်း နိုင်ငံရေး အင်အားစုများကြား နိုင်ငံရေးသဘောတူအမြင်ရရှိရေး၊ အာဆီယံအလှည့်ကျဥက္ကဋ္ဌ တာဝန်ယူမှုနှင့် တာဝန်ခံမှုများ၊ ပြည်တွင်းငြိမ်းချမ်းရေး၊ စီးပွားရေး တောင်းဆိုချက်များနှင့် ပြည်တွင်းနှင့် နိုင်ငံတကာတွင် မိမိတို့အစိုးရ တရားဝင်မှု ရရှိရေးအစရှိသည်တို့ပင် ဖြစ်သည်။
ဦးသိန်းစိန်အစိုးရ၏ စဉ်ဆက်မပြတ်တွေ့ဆုံဆွေးနွေးမှုများကြောင့် ရရှိလာပြီဖြစ်သော နိုင်ငံရေးအင်အားစုများကြား နိုင်ငံရေးသဘောတူ အမြင်မှာ မြန်မာနိုင်ငံရေးသမိုင်းတွင် လွတ်လပ်ရေးမရခင် ဗိုလ်ချုပ်အောင်ဆန်း ဦးဆောင်မှုရှိသည့် အမျိုးသားညီညွတ်မှုအနေအထားသို့ ပြန်လည် ရောက်ရှိနေပြီဖြစ်သည်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ပါတီမှတ်ပုံတင်ခဲ့ပြီးဖြစ်ရာ နောက်ပိုင်းတွေ့ကြုံဖြတ်သန်းရတော့မည့် နိုင်ငံရေးဖြစ်စဉ်တွင် နိုင်ငံတကာမှ တရားဝင်မှု အပြည့်ပေးထားသော နိုင်ငံရေးပါတီတစ်ခု ပင်မရေစီးကြောင်း နိုင်ငံရေးတစ်နည်း လွှတ်တော်နိုင်ငံရေးတွင် ပါဝင်လာနိုင်မည် ဖြစ်သည်။ ယင်းနှင့် တစ်ဆက်တည်း ပြည်တွင်းငြိမ်းချမ်းရေး ဖော်ဆောင်မှုမှာလည်း လမ်းကြောင်းမှန်သို့ ရောက်ရှိနေပြီဖြစ်ပြီး ဦးသိန်းစိုးအစိုးရမှ စေတနာမှန်မှန်ဖြင့်သာ ရှေ့တိုးဆောင်ရွက်သွားရန်လိုတော့သည်။ တိုင်းရင်းသားအရေးကို မဖြေရှင်းနိုင်လျှင် နိုင်ငံတကာမှ ထောက်ပြနေသည့် လူ့အခွင့်အရေး ချိုးဖောက်မှု ပြဿနာများကိုလည်း ဖြေရှင်းနိုင်ခြင်း ရှိမည်မဟုတ်။ အထက်ပါစိန်ခေါ်မှုများကို ဦးသိန်းစိန်အစိုးရမှ ဖြေရှင်းနိုင်မှသာလျှင် ပြည်သူများ၏ စီးပွားရေး တောင်းဆိုချက်များကို ဦးသိန်းစိန်အစိုးရမှ စနစ်တကျ၊ စီမံခန့်ခွဲမှုကောင်းကောင်းဖြင့် အကောင်အထည်ဖော် ဆောင်ရွက် နိုင်မည် ဖြစ်သည်။ သို့မှသာဒီမိုကရေစီအကူးအပြောင်းတိုင်းတွင် အာဏာပိုင်စနစ်ဆီသို့ နောက်ကြောင်းပြန်လှည့်သွားနိုင်သည့် အလားအလာ နည်းပါး သွားမည် ဖြစ်ပြီး ဒီမိုကရေစီပျိုးပင်သည်လည်း စဉ်ဆက်ပြတ် ရှင်သန်ဖွံ့ဖြိုး ကြီးထွားလာမည် ဖြစ်ပါကြောင်း………..။
*****************************************************************************************************
Google Docs makes it easy to create, store and share online documents, spreadsheets and presentations.