Transparency Myanmar

transparency.myanmar@gmail.com

yangonchronicle2011
yangonchronicle2011

၃၀.၁၁.၂၀၁၁

ပြည်တွင်းသတင်းများ

  1. မြန်မာ့မီးရထားတွင် အားနည်းချက်များစွာ ရှိသေးကြောင်း ဝန်ခံ
  2. မြန်မာ့ရေနံ လုပ်ကွက်သစ်များ လုပ်ကိုင်ရန် ဂျပန်ကုမ္ပဏီများ လာရောက်မည်
  3. လူငယ်ဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ရန် ပြည်ထောင်စုဝန်ကြီးပြောကြား

ပြည်တွင်းပါတီ၊ နိုင်ငံရေးသတင်းများ

  1. လစ်လပ်မဲဆန္ဒနယ်များအတွက် ဒီမိုမိတ်ဆွေပါတီများ ထပ်မံညှိနှိုင်းမည်
  2. NLD ပါတီ လက်ရှောင်သင့်သည့် မဲဆန္ဒနယ်များရှိ

သတင်းနှင့် ဆောင်းပါးများမှ ကောက်နှုတ်ချက်များ

******************************************************

ပြည်တွင်းသတင်းများ

မြန်မာ့မီးရထားတွင် အားနည်းချက်များစွာ ရှိသေးကြောင်း ဝန်ခံ

ရထားပို့ဆောင်ရေးဝန်ကြီးဌာန မြန်မာ့မီးရထားဌာနတွင် အားနည်းချက်များစွာ ရှိနေကြောင်း ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးဝင်းနောင်က ဝန်ခံ ပြောကြားသည်။

“ဝန်ဆောင်မှုအပိုင်းရယ်၊ ဘေးကင်းစိတ်ချမှုအပိုင်းရယ်၊ ပြုပြင်ထိန်းသိမ်းမှုအပိုင်းရယ်မှာ အားနည်းတာတွေ ရှိနေပါတယ်” ဟု ယင်းက ဆက်လက်ပြောကြားသည်။

လက်ရှိပြေးဆွဲနေသော ရထားများ၏ သန့်ရှင်းရေး၊ ပြုပြင်ထိန်းသိမ်းရေးကို ဘူတာရုံများ၊ စက်ခေါင်းစက်ပြင် စက်ရုံများဖြင့် တွဲဖက် လုပ်ကိုင် နေရကြောင်း ယင်းက ရှင်းပြသည်။

နိုင်ငံတကာဒီဇယ်ဆီဈေးနှုန်းကြောင့် တိုးမြှင့်လိုက်ရသည့် ရထားလက်မှတ်ခအား ပြည်သူများ ဝန်မပိစေရန် တိတိကျကျလေ့လာ၍ တွက်ချက် ခဲ့ခြင်းဖြစ်ကြောင်း ဦးဝင်းနောင်က ဆက်လက်ပြောကြားသည်။

“သူတို့ပေးတဲ့ငွေနဲ့တန်တာ ပြန်ရအောင် မီးရထားတိုင်းမှာ ဝန်ဆောင်မှုရယ်၊ ဘေးကင်းလုံခြုံမှုရယ်ကို တိုးမြှင့်ဆောင်ရွက်ဖို့ ပြင်ဆင်နေပါ တယ်” ဟု ရန်ကုန်ဘူတာကြီးမှ ဦးအောင်သန်းကျော်က ပြောကြားသည်။

ရထားကို အချိန်မှန်ရောက်စေချင်ပြီး ဘေးကင်းစိတ်ချရမှုကို အဓိကဦးစားပေးပါက တိုးမြှင့်လိုက်သည့် အခကြေးငွေကို တန်သည်ဟု သတ်မှတ်နိုင်ကြောင်း သုဝဏ္ဏမှ ရှမ်းလမ်းသို့ ရထားဖြင့် အမြဲအလုပ်ဆင်းရသူတစ်ဦးက ပြောကြားသည်။

“ရထားမီးတွေ၊ ခုံတွေကို အမြန်ပြင်ပြီး ဝန်ထမ်းတွေကို capacity building လုပ်ပေးရမယ်” ဟု ယင်းက အကြံပြုသည်။

မြန်မာ့မီးရထားမှ တာဝန်ရှိသူများအနေဖြင့် အားနည်းချက်များရှိသည်ကို တွေ့ရှိပါက ပြည်သူ့အကျိုးကို ဦးတည်၍ အမြန်လုပ်ဆောင်သင့် ပါကြောင်း ပြည်တွင်းဂျာနယ် တာဝန်ခံအယ်ဒီတာတစ်ဦးက သုံးသပ်ပြောကြားသည်။

YC(KS)

--------------------------------------------------------------------------------------------------------------------------------

မြန်မာ့ရေနံ လုပ်ကွက်သစ်များ လုပ်ကိုင်ရန် ဂျပန်ကုမ္ပဏီများ လာရောက်မည်

မြန်မာနိုင်ငံရှိ တင်ဒါခေါ်ယူထားသော ကုန်းတွင်းရေနံလုပ်ကွက်သစ် ၁၈ ကွက်၌ လုပ်ကိုင်ခွင့်ရရှိနိုင်စေရန် ဂျပန်ကုမ္ပဏီ ရှစ်ခု မြန်မာနိုင်ငံသို့ ဒီဇင်ဘာလအတွင်း လာရောက်မည်ဖြစ်ကြောင်း စီးပွားရေးလုပ်ငန်းရှင်တစ်ဦးက ပြောကြားခဲ့သည်။

မြန်မာနိုင်ငံရှိ ကုန်းတွင်းရေနံလုပ်ကွက်သစ်များကို လုပ်ထုံးလုပ်နည်းနှင့်အညီ လုပ်ကိုင်ခွင့်ရရှိနိုင်စေရန် ဂျပန်ကုမ္ပဏီများမှ ကြိုးပမ်းလျက်ရှိပြီး ယခု မြန်မာနိုင်ငံသို့ ဂျပန်ကုမ္ပဏီများ လာရောက်ခြင်းသည် စွမ်းအင်နှင့် ပတ်သက်၍ ဂျပန်၏ ပထမဆုံးခြေလှမ်းဖြစ်ကြောင်း သိရသည်။

ကုန်းတွင်းရေနံလုပ်ကွက်များ လုပ်ကိုင်လိုသည့် ဂျပန်ကုမ္ပဏီရှစ်ခုသည် ပြီးခဲ့သည့် အောက်တိုဘာလအတွင်း၌လည်း ဂျပန်၏ လက်ရှိ အာဏာရပါတီ LPD မှ ခေါင်းဆောင်တစ်ဦးဖြစ်သူ မစ္စတာဂိုးဂနှင့် အထက်လွှတ်တော် ODA (တရားဝင်ဖွံ့ဖြိုးရေးကော်မတီ) ကော်မရှင် ဥက္ကဋ္ဌ အပါ အဝင် ဂျပန်၏ နိုင်ငံရေးနယ်ပယ်မှ ထိပ်တန်းပုဂ္ဂိုလ်များနှင့်အတူ မြန်မာနိုင်ငံသို့ လာရောက်ခဲ့ကြောင်း သိရသည်။

လက်ရှိအချိန်တွင် ရခိုင်၊ တနင်္သာရီနှင့် မွန်ပြည်နယ်တို့ရှိ  ကုန်းတွင်းရေနံလုပ်ကွက် ၄၉ ကွက်နှင့် ကမ်းလွန်ရေနံလုပ်ကွက် ၂၆ ကွက်တို့ကို ပြည်တွင်း၊ ပြည်ပ လုပ်ငန်းရှင်များမှ ဖက်စပ်လုပ်ကိုင်လျက်ရှိကြောင်း သိရသည်။

ယခုကဲ့သို့ မြန်မာနိုင်ငံအတွင်းရှိ ကုန်းတွင်းရေနံလုပ်ကွက်သစ်များတွင် ဂျပန်နိုင်ငံမှ သဘာဝအရင်းအမြစ်များကို အခြေတည်၍ ဝင်ရောက် လာခြင်းသည် အကောင်းချည်းပာု ပြော၍ မရနိုင်သေးသော်လည်း ဂျပန်နိုင်ငံ၏ မှန်ကန်သည့် မူဝါဒများနှင့် နည်းပညာများမှာ မြန်မာနိုင်ငံ၏ စက်မှု ကဏ္ဍအတွက် ကောင်းမွန်နိုင်စေမည်ဖြစ်ကြောင်း ပြည်တွင်းစီးပွားရေး လုပ်ငန်းရှင်တစ်ဦးက ပြောကြားခဲ့သည်။

လက်ရှိ မြန်မာနိုင်ငံအတွင်း နိုင်ငံပေါင်း ၃၁ နိုင်ငံမှ လာရောက်ရင်းနှီးမြှုပ်နှံထားမှုမှာ ကန်ဒေါ်လာ ၃၆ ဘီလီယံ ကျော်အနက် ရေနံနှင့် သဘာဝ ဓာတ်ငွေ့ တူးဖော်ရေးလုပ်ငန်းတွင် ၁၃.၁၆ ဘီလီကျော် ပါဝင်လျက်ရှိကြောင်း သိရသည်။

                                                                                                                              Ref: ရန်ကုန်တိုင်းမ်

--------------------------------------------------------------------------------------------------------------------------------

လူငယ်ဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ရန် ပြည်ထောင်စုဝန်ကြီး ပြောကြား

မြန်မာနိုင်ငံအတွင်းရှိ လူငယ်များ၏ ဖွံ့ဖြိုးရေးလုပ်ငန်းများအတွက် အစီအစဉ်များ ရေးဆွဲ၍ သုံးသပ်ကြည့်စေချင်ကြောင်း မြန်မာနိုင်ငံ ရင်းနှီး မြှုပ်နှံမှုကော်မရှင် ဥက္ကဋ္ဌ၊ အမှတ်(၁)နှင့် အမှတ်(၂) စက်မှုဝန်ကြီးဌာနမှ ပြည်ထောင်စုဝန်ကြီး ဦးစိုးသိန်းက တိုက်တွန်း ပြောကြားခဲ့သည်။

လက်ရှိအချိန်တွင် မြန်မာနိုင်ငံအတွင်း၌ လူဦးရေ တိုးတက်မှုနှုန်းမှာ ပိုမိုတိုးတက်လာသည်နှင့်အညီ ပြည်သူများအတွက် အလုပ်အကိုင် အခွင့် အလမ်း ဖန်တီးပေးရန်မှာ နိုင်ငံတော်၏ တာဝန်ပင်ဖြစ်ကြောင်း ပြည်ထောင်စု ဝန်ကြီးဦးစိုးသိန်းမှ ပြောကြားခဲ့သည်။

ထိုသို့ အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးရာ၌ ပြည်သူလူထုအတွက် စီးပွားရေးအခွင့်အလမ်းများကို စက်မှုဖြစ်ထွန်းမှုကသာ အမှန် တကယ် ဖော်ဆောင်ပေးနိုင်မည်ဖြစ်ပြီး အထူးသဖြင့် အနာဂါတ်တွင် နိုင်ငံခေါင်းဆောင်ကောင်းများ ဖြစ်လာနိုင်မည့် လူငယ်များ၏ အရည်အသွေးကို မြှင့်တင်ပေးရန်လိုအပ်ကြောင်း ၎င်းက ဆက်လက်ပြောကြားခဲ့သည်။

ထို့ပြင် မြန်မာနိုင်ငံ ဒေသအသီးသီးရှိ တက္ကသိုလ်များ၊ ကျောင်းများမှ လူငယ်၊ လူရွယ်များအတွက် အခွင့်အလမ်းများ ကြိုတင်ဖန်တီး ပေးသင့် ပြီး ၎င်းတို့အား Skill Labour, Skill Worker များဖြစ်စေရန် ပြုစုပျိုးထောင်ပေးသင့်ကြောင်း ပြည်ထောင်စုဝန်ကြီးမှ ဒေသဆိုင်ရာဝန်ကြီးများအား တိုက်တွန်းပြောကြားခဲ့သည်။

“ဒီကိစ္စတွေက လုပ်ကိုလုပ်သင့်ပါတယ်။ ဘာလို့လဲဆိုတော့ မြန်မာနိုင်ငံမှာရှိတဲ့ လူငယ်တွေပာာ တစ်ချိန်မှာ နိုင်ငံကို ဦးဆောင်ရမယ့်သူတွေပါ။ ဒီလို လူငယ်တွေအတွက် အလုပ်အကိုင်အခွင့်အလမ်းတွေ ဖန်တီးပေးပြီးတော့ နိုင်ငံရဲ့ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုတွေကို ဖော်ဆောင်သင့်ပါတယ်” ပာု လူငယ်တစ်ဦးက ပြောကြားခဲ့သည်။  

                                                                                              Ref:7Day News

***********************************

ပြည်တွင်းပါတီ၊ နိုင်ငံရေးသတင်းများ

လစ်လပ်မဲဆန္ဒနယ်များအတွက် ဒီမိုမိတ်ဆွေပါတီများ ထပ်မံညှိနှိုင်းမည်

ကြားဖြတ်ရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ရန်အတွက် လစ်လပ်မဲဆန္ဒနယ်များနှင့် ပတ်သက်၍ ဒီမိုမိတ်ဆွေ (၁၀) ပါတီက ထပ်မံ ညှိနှိုင်းမည်ဖြစ်ကြောင်း သိရသည်။

“အရင်တစ်ခေါက်တော့ ဆွေးနွေးပြီးပါပြီ။ ဒါပေမယ့် ပြောင်းလဲလာတဲ့အခြေအနေတွေကြောင့် ထပ်ညှိနှိုင်းရမှာပါ” ဟု ဒီမိုကရက်တစ်ပါတီ (မြန်မာ)၏ ဥက္ကဋ္ဌဦးသုဝေက ဆိုသည်။

ပထမတစ်ခေါက်ညှိနှိုင်းစဉ်တွင် NLD ပါတီရွေးကောက်ပွဲဝင်ရန် မဆုံးဖြတ်ရသေးကြောင်း၊ ယခုအချိန်တွင် NLD ပါတီသည် ရွေးကောက်ပွဲ ဝင်ရန် ဆုံးဖြတ်လိုက်သည့်အတွက် မိမိတို့အနေဖြင့် ထပ်မံညှိနှိုင်းရန် လိုအ်လာကြောင်း ဦးသုဝေက ဆက်လက်ရှင်းပြသည်။

မြန်မာနိုင်ငံတစ်ဝှမ်းလုံးတွင် လစ်လပ်မဲဆန္ဒနယ် ၄၈ နေရာရှိကာ၊ အမျိုးသားလွှတ်တော်တွင် ၆ နေရာ၊ ပြည်သူ့လွှတ်တော်တွင် ၄၀ နေရာ၊ တိုင်း ဒေသကြီး/ ပြည်နယ်လွှတ်တော်တွင် ၂ နေရာ လစ်လပ်လျက်ရှိကြောင်း သိရသည်။