Transparency Myanmar

transparency.myanmar@gmail.com

yangonchronicle2011
yangonchronicle2011

၎.၁၂.၂၀၁၁

ပြည်တွင်းသတင်းများ

  1. ဘယ်လာရုစ်နှင့် မြန်မာ သဘောတူစာချုပ်များရေးထိုး
  2. စက်မှု(၁) ရုံးဟောင်း ဟိုတယ်အဖြစ် တည်ဆောက်မည်

ပြည်တွင်းပါတီ၊ နိုင်ငံရေးသတင်းများ

  1. ဒေါ်အောင်ဆန်းစုကြည် ကော့မှူးမဲဆန္ဒနယ်၌ ဝင်ပြိုင်ရန်စီစဉ်
  2. နိုင်ငံရေးအကျဉ်းသားများကို ဆက်လက်လွှတ်ပေးရန် စိစစ်ရေးလုပ်ငန်းများ စတင်
  1. မိတ်ဆွေပါတီများမှ မြေယာပိုင်ဆိုင်ခွင့် ဥပဒေနှင့် ပတ်သက်၍ ကြေညာချက် ထုတ်ပြန်

သတင်းနှင့် ဆောင်းပါးများမှ ကောက်နှုတ်ချက်များ

********************************************

ပြည်တွင်းသတင်းများ

ဘယ်လာရုစ်နှင့် မြန်မာ သဘောတူစာချုပ်များရေးထိုး

ဘယ်လာရုစ်သမ္မတနိုင်ငံနှင့် မြန်မာနိုင်ငံတို့အကြား ဒီဇင်ဘာလ ၂ ရက်နေ့တွင် သဘောတူစာချုပ်များ ရေးထိုးချုပ်ဆိုခဲ့ကြောင်း သိရသည်။

သဘောတူစာချုပ်များမှာ နှစ်နိုင်ငံအကြား ကုန်သွယ်မှုနှင့် စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု၊ နှစ်နိုင်ငံ သံတမန်နှင့် အထူးနိုင်ငံကူးလက်မှတ် ကိုင်ဆောင်သူများ ပြည်ဝင်ဗီဇာ ကင်းလွတ်ခွင့်ပေးရေး သဘောတူစာချုပ်၊ နှစ်နိုင်ငံအကြား ပညာရေးနယ်ပယ်တွင် ပူးပေါင်းဆောင်ရွက်ရန် သဘောတူ စာချုပ်၊ လယ်ယာစိုက်ပျိုးရေးကဏ္ဍတွင် ပူးပေါင်းဆောင်ရွက်ရန် သဘောတူစာချုပ်၊ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ်နှင့် ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်အသင်းတို့အကြား ပူးပေါင်းဆောင်ရွက်ရေးသဘောတူစာချုပ်များကို လက်မှတ်ရေးထိုး ချုပ်ဆိုနိုင်ခဲ့ကြောင်း သိရသည်။

မြန်မာနိုင်ငံနှင့် ပညာရေး၊ ကူးသန်းရောင်းဝယ်ရေး ကဏ္ဍပေါင်းစုံတွင် ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ မြန်မာနိုင်ငံနှင့် အောင်မြင်စွာ ပူးပေါင်းဆောင်ရွက်မည်ဖြစ်ကြောင်း၊ နှစ်နိုင်ငံပူးပေါင်း၍ ကုန်ပစ္စည်းထုတ်လုပ်မှုများ ဆောင်ရွက်ပြီး အိမ်နီးချင်းနိုင်ငံများသို့ တင်ပို့ရန် ရည်ရွယ်ကြောင်း၊ မြန်မာနိုင်ငံ၏ ဘူမိဗေဒဆိုင်ရာလုပ်ငန်းများတွင် ပူးပေါင်းဆောင်ရွက်လိုပါကြောင်း ဘယ်လာရုစ်သမ္မတနိုင်ငံ ဝန်ကြီးချုပ်က ပြောကြားချက်အရ သိရ သည်။

မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများနှင့် ပတ်သက်၍ တရုတ်နိုင်ငံ၏ ရင်းနှီးမြှုပ်နှံဆောင်ရွက်မှု လုပ်ငန်းများဖြစ်သော မြန်မာနိုင်ငံမှ တစ်ဆင့် တရုတ်နိုင်ငံ ယူနန်ပြည်နယ်ကိုဖြတ်၍ အရှေ့အလယ်ပိုင်းမှ ရေနံများကိုသယ်ယူရန် ပိုက်လိုင်းများတည်ဆောက်ခြင်း၊ မီးရထားလမ်း ဖောက် လုပ်ခြင်း၊ ထိုင်းနိုင်ငံ၏ ရင်းနှီးမြှုပ်နှံမှုဖြစ်သည့် ထားဝယ်ရေနက်ဆိပ်ကမ်းများ၊ တရုတ်၊ ဂျပန်နှင့် တောင်ကိုးရီးယားတို့က ရေနက်ဆိပ်ကမ်းနှင့် အခြား စီးပွားရေးနယ်ပယ်များတွင် ရင်းနှီး မြှုပ်နှံရန် စီစဉ်ဆောင်ရွက်ထားမှု အခြေအနေများကို နိုင်ငံတော်သမ္မတကြီးမှ ဆွေးနွေးခဲ့ကြောင်းသိရသည်။

၎င်းအပြင် မြန်မာနိုင်ငံ၌ စိုက်ပျိုးရေးအခြေခံလုပ်ငန်းများ၊ သားငါးထုတ်လုပ်မှု၊ ရော်ဘာနှင့်ပတ်သက်သည့် စက်မှုလက်မှုလုပ်ငန်းများ၊ ပဲမျိုးစုံနှင့် ပတ်သက်သည့် စက်ရုံများ၊ သတ္တုလုပ်ငန်းများ၊ စွမ်းအင်ကဏ္ဍ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ လာရောက်လုပ်ကိုင်ရန် နိုင်ငံတော်သမ္မတမှ ဖိတ်ခေါ်ခဲ့ကြောင်း သိရသည်။

မြန်မာနိုင်ငံနှင့် ဘယ်လာရုစ်သမ္မတနိုင်ငံတို့သည် ၁၉၉၉ ခုနှစ်မှ စတင်ကာ သံတမန်ဆက်ဆံရေးထူထောင်ခဲ့ပြီး နှစ်ပေါင်း ၁၂ နှစ်အကြာတွင်မှ ပထမဆုံးအစိုးရအဖွဲ့အကြီးအကဲ မြန်မာနိုင်ငံသို့ လာရောက်သည့် ခရီးစဉ်ဖြစ်ကြောင်း သိရသည်။

YC

-----------------------------------------------------------------------------------------------------------------------------------

စက်မှု(၁) ရုံးဟောင်း ဟိုတယ်အဖြစ် တည်ဆောက်မည်

ရန်ကုန်မြို့ စက်မှု(၁)လမ်းနှင့် ကမ္ဘာအေးဘုရားလမ်းထောင့်ရှိ အမှတ်(၁) စက်မှုဝန်ကြီးဌာနရုံးဟောင်းအား ဗီယက်နမ်နိုင်ငံမှ လုပ်ငန်းရှင် များက ဟိုတယ်တည်ဆောက်ရင်းနှီးမြှုပ်နှံရန် မူအားဖြင့် သဘောတူပြီးကြောင်း သိရသည်။

“ဆီဒိုးနားဟိုတယ်ဘေးက စက်မှု(၁)ရုံးဟောင်းကို ဗီယက်နမ်လုပ်ငန်းရှင်တွေက ဟိုတယ်အဖြစ် တည်ဆောက်လုပ်ကိုင်ဖို့ မူအားဖြင့် သဘောတူပြီးသွားပါပြီ” ဟု မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်ဥက္ကဋ္ဌ ဦးစိုးသိန်းက ပြောကြားခဲ့ကြောင်း သိရသည်။

မြန်မာနိုင်ငံ၏ ဟိုတယ်လုပ်ငန်းကဏ္ဍတွင် မြှုပ်နှံလိုကြောင်း မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှု ကော်မရှင်သို့ ကမ်းလှမ်းထားသည့် ဂျပန်၊ မလေးရှား၊ စင်ကာပူ၊ ကိုရီးယားနိုင်ငံများမှ လုပ်ငန်းရှင်များကိုလည်း သတ်မှတ်ချက်ဖြင့် ကိုက်ညီပါက အားလုံးခွင့်ပြုပေးမည်ဟု မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင် ဥက္ကဋ္ဌ ဦးစိုးသိန်းက ပြောကြားခဲ့ကြောင်းသိရသည်။

“ရန်ကုန်ဟိုတယ်တွေမှာလည်း ပြည့်နေပြီ။ နေပြည်တော်လည်း ပြည့်နေပြီ။ တစ်နှစ်လုံးစာလောက်အတွက် ပြည့်နေတာ။ နေပြည်တော်- ရန်ကုန် ဆိုရင် ပြည်တွင်းလေကြောင်းလိုင်းတောင် ကြပ်လာပြီ။ လက်ရှိအတိုင်းတောင် နိုင်ငံခြားခရီးသွားက များလာနေတာ 2013 မှာ ဆီးဂိမ်း၊ 2014 မှာ ASEAN SUMMIT တွေကို အိမ်ရှင်အဖြစ်လုပ်မှာ။ 2015 မှာ AFTA လာတော့မယ်။ အဲဒီလိုဆိုရင် နိုင်ငံခြားခရီးသွားတွေ အများကြီးဖြစ်လာမှာမို့လို့ ဟိုတယ်လိုအပ်ချက်က ရှိနေပြီ။ အဲဒီအတွက် ဘယ်နိုင်ငံပဲဖြစ်ဖြစ် ဟိုတယ်လုပ်ငန်းနဲ့မြှုပ်နှံမယ်ဆိုရင် အားလုံးကို သတ်မှတ်ချက်နဲ့ညီတာနဲ့ လက်ခံသွား မှာပါ။ ပြည်တွင်းကလုပ်ငန်းရှင်တွေ လုပ်ချင်ရင်လည်း လာလျှောက်ပါ ချက်ခြင်းလုပ်ကိုင်ခွင့်ပေးမယ်”ဟု MIC ဥက္ကဋ္ဌ ဦးစိုးသိန်းက ပြောကြားခဲ့ကြောင်း သိရသည်။

မြန်မာနိုင်ငံတွင် နိုင်ငံခြားခရီးသွားများ များပြားစွာဝင်ရောက်လာမှုကြောင့် မြန်မာနိုင်ငံတွင်းရှိ ဟိုတယ်များမှာ တစ်နှစ်ပတ်လုံးအတွက် ဧည့်သည်များ ပြည့်နေသည့် အနေအထားတွင် ရှိပြီး၊ လာမည့်နှစ်မှစ၍ ၂၀၁၅ ခုနှစ်အထိ မြန်မာနိုင်ငံသို့ နိုင်ငံခြားခရီးသွားများ ဝင်ရောက်မည့် အနေ အထားမှာ ပိုမိုများပြားမည်ဖြစ်သည့်အတွက် ဟိုတယ်လိုအပ်ချက်မှာ မြင့်မားမည်ဖြစ်ကြောင်းသိရသည်။ လကရှိမြန်မာနိုင်ငံတွင် ဟိုတယ်အလုံး ၇၀၀ နှင့် အခန်းပေါင်း ၂၇၀၀ ကျော်သာ ရှိသေးကြောင်းသိရသည်။

YC

****************************************************************

ပြည်တွင်းပါတီ၊ နိုင်ငံရေးသတင်းများ

ဒေါ်အောင်ဆန်းစုကြည် ကော့မှူးမဲဆန္ဒနယ်၌ ဝင်ပြိုင်ရန်စီစဉ်

ဒေါ်အောင်ဆန်းစုကြည်သည် လာမည့်ကြားဖြတ်ရွေးကောက်ပွဲ ကော့မှူးမဲဆန္ဒနယ်၌ ဝင်ရောက်အရွေးချယ်ခံမည်ဟု အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) မှ ဗဟိုအလုပ်မှုဆောင်တစ်ဦးက ပြောကြားသည်။

“ဒေါ်စုက တရားဝင် မကြေငြာသေးပေမဲ့ ကော့မှူးမှာ ဝင်ပြိုင်မယ်ဆိုတာကတော့ သေချာသွားပြီ” ဟု ၎င်းကဆိုသည်။

ကော့မှူးမြို့နယ် ပြည်သူ့လွှတ်တော်တွင် ဝင်ရောက်အရွေးချယ်ခံပြီး အနိုင်ရသွားသော ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီအမတ် ဦးစိုးတင့်သည် ဆောက်လုပ်ရေးဝန်ကြီးဌာနမှ ဒုဝန်ကြီးရာထူး တာဝန်ထမ်းဆောင်ရသည့်အတွက် ကော့မှူးမဲဆန္ဒနယ်သည် လစ်လပ်နေရာဖြစ်သွားကြောင်း သိရသည်။

နိုင်ငံရေးအင်အားစုများထဲတွင် တချို့က ဒေါ်အောင်ဆန်းစုကြည်ကို လာမည့်ကြားဖြတ်ရွေးကောက်ပွဲတွင် မဝင်သင့်သေးကြောင်း ပြောဆိုကြ သော်လည်း တချို့ကမူ ဒေါ်အောင်ဆန်းစုကြည်သည် လွှတ်တော်ထဲသို့ သွားရောက်ရန် နောက်ကျနေပြီဟု သုံးသပ်ပြောဆိုလျက်ရှိသည်။

လစ်လပ်နေရာတစ်ခုဖြစ်သည့် မရမ်းကုန်းမြို့နယ်တွင် နိုင်ငံရေးအင်အားစုများက ဒေါ်အောင်ဆန်းစုကြည် ဝင်ရောက် အရွေးချယ်ခံနိုင်သည်ဟု သုံးသပ်ကြသော်လည်း မရမ်းကုန်းမြို့နယ်တွင် ဒေါ်အောင်ဆန်းစုကြည် လုံးဝဝင်ပြိုင်မည်မဟုတ်ကြောင်း အထက်ပါပုဂ္ဂိုလ်က အတည်ပြုပြောကြား လိုက်သည်။

ဒေါ်အောင်ဆန်းစုကြည် ဝင်ပြိုင်မည့်မဲဆန္ဒနယ်တွင် တိုင်းရင်းသားစည်းလုံးညီညွှတ်ရေးပါတီ(တစည) က လုံးဝဝင်ရောက်ယှဉ်ပြိုင်မည် မဟုတ် ကြောင်း တစညပါတီမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

၎င်းအပြင် NLD ပါတီက လစ်လပ်နေရာ ၄၈နေရာစလုံးတွင် ဝင်ရောက်အရွေးချယ်ခံမည်ဖြစ်သည်အတွက် အတိုက်အခံပါတီများက ကြားဖြတ် ရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ရေးနှင့် ပတ်သက်၍ ပြန်လည်သုံးသပ်နေကြကြောင်း နိုင်ငံရေးအသိုင်းအဝိုင်းမှစုံစမ်းသိရသည်။

“တကယ်တော့ ဒေါ်စုအဆင့်က ရွေးကောက်ပွဲ ဝင်ပြိုင်ရမယ့်အဆင့်တော့ မဟုတ်ဘူးဗျ” ဟု NLDမှ ဗဟိုအလုပ်အမှုဆောင် ဦးဝင်းထိန်က ပြောကြားသည်။

တရားဝင်ကြေငြာထားသော လစ်လပ်နေရာ ၄၈နေရာတွင် ပြည်သူ့လွှတ်တော်၌ ၄၀နေရာ၊ အမျိုးသားလွှတ်တော်၌ ၆နေရာနှင့် တိုင်းဒေသကြီး လွှတ်တော်တွင် ၂နေရာ ဖြစ်သည်။

NLD ပါတီသည် လာမည့်သတင်းအပတ်အတွင်း ပါတီမှတ်ပုံတင်ခွင့်ရမည် ဖြစ်သည့်အတွက် လစ်လပ်မဲဆန္ဒနယ်များတွင် အောင်နိုင်ရေး အဖွဲ့များ ဖွဲ့စည်းတော့မည်ဖြစ်ကြောင်း၊ လစ်လပ်နေရာမဟုတ်သည့် မြို့နယ်များတွင်မူ ဝန်းရံရေးအဖွဲ့များကို ဖွဲ့စည်းသွားမည်ဖြစ်ကြောင်းသိရသည်။

Peace Press

-----------------------------------------------------------------------------------------------------------------------------------

နိုင်ငံရေးအကျဉ်းသားများကို ဆက်လက်လွှတ်ပေးရန် စိစစ်ရေးလုပ်ငန်းများ စတင်

အကျဉ်းထောင်များတွင် ဆက်လက်အကျဉ်းကျနေသည့် နိုင်ငံရေးအကျဉ်းသားများကို ဆက်လက်လွှတ်ပေးရန်အတွက် အကျဉ်းသားစိစစ်ရေး လုပ်ငန်းများစတင်နေပြီဖြစ်ကြောင်း သိရသည်။

“ဒုတိယအကြိမ် လွတ်ငြိမ်းချမ်းသာခွင့် ထုတ်ပြန်ဖို့အတွက် အကျဉ်းသားစာရင်း စစ်ရတာ သုံးလနီးပါးရှိတယ်။ အခုလည်း လွှတ်ဖို့အတွက် စစ်နေတာ နည်းနည်းတောင်ကြာနေပြီ"ဟု အကျဉ်းဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

ယင်း သတင်းရင်းမြစ်က အဆိုပါ အကျဉ်းသားစာရင်း မည်သည့်အချိန်ပြီးစီးမည်ကို ဖြေကြားရန် ငြင်းဆန်သည်။

အစိုးရသစ်တက်ပြီးနောက်တွင် လွတ်ငြိမ်းချမ်းသာခွင့်နှစ်ကြိမ် ထုတ်ပြန်ခဲ့ပြီး နိုင်ငံရေးအကျဉ်းသား ၂၀၀ ကျော်ကို လွှတ်ပေးခဲ့သည်။

နိုင်ငံရေးဖြေလျှော့ပေးမှုနှင့် စီးပွားရေးပြုပြင်ပြောင်းလဲမှုတို့သည် ချိတ်ဆက်လျက်ရှိပြီး နိုင်ငံရေးအကျဉ်းသားများ လွှတ်ပေးမှုသည် မြန်မာနိုင်ငံ အပေါ်တွင် ထားရှိသည့် စီးပွားရေးပိတ်ဆို့မှုကို ရုပ်သိမ်းရန် များစွာအထောက်အကူပြုကြောင်း မြန်မာ့နိုင်ငံရေး လေ့လာသူတစ်ဦးက သုံးသပ်သည်။

မြန်မာနိုင်ငံသို့ သုံးရက်ကြာ အလည်အပတ်ရောက်ရှိခဲ့သူ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန်က အစိုးရသည် နိုင်ငံရေး အကျဉ်းသားများကို ဆက်လက်လွှတ်ပေးမည် ဖြစ်ကြောင်း ပြောကြားခဲ့သည်။

YC(KS)

-----------------------------------------------------------------------------------------------------------------------------------

မိတ်ဆွေပါတီများမှ မြေယာပိုင်ဆိုင်ခွင့် ဥပဒေနှင့် ပတ်သက်၍ ကြေညာချက် ထုတ်ပြန်

၂၀၁၀ ရွေးကောက်ပွဲဝင် မပာာမိတ်ပါတီများဖြင့် ဖွဲ့စည်းထားသည့် ဒီမိုကရေမိတ်ဆွေပါတီများမှ မြေယာပိုင်ဆိုင်ခွင့် ဥပဒေမူကြမ်းနှင့် ပတ်သက်၍ ထောက်ပြထားသည့် ကြေညာချက်တစ်ရပ်ကို ထုတ်ပြန်လိုက်ကြောင်း သိရသည်။

၎င်း မိတ်ဆွေပါတီများမှ မြေယာပိုင်ဆိုင်ခွင့် ဥပဒေမူကြမ်းကို ထောက်ပြထားသည့် ကြေညာချက်ကို ပြည်ထောင်စုလွှတ်တော် နာယက၊ အမျိုးသားလွှတ်တော် ဥက္ကဋ္ဌနှင့် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌများထံသို့ ပေးပို့တင်ပြသွားမည် ဖြစ်ကြောင်း ၎င်းပါတီမှ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့ သည်။

ပြည်ထောင်စုလွှတ်တော်တွင် လွှတ်တော်ကိုယ်စားလှယ်များ ဆွေးနွေးလျက်ရှိသည့် မြေယာပိုင်ဆိုင်ခွင့် ဥပဒေမူကြမ်းအား ထောက်ပြထား သည့် မိတ်ဆွေပါတီများ၏ ထုတ်ကြေညာချက်တွင် လယ်ယာမြေဥပဒေမူကြမ်းနှင့် ပတ်သက်၍ လွှတ်တော်နှစ်ရပ်အနေဖြင့် ပြန်လည်သုံးသပ်ရန် လိုအပ်ကြောင်း၊ ဗြိတိသျှ ကိုလိုနီခေတ်၊ ဖ.ဆ.ပ.လခေတ်၊ လမ်းစဉ်ပါတီခေတ် စသည်ဖြင့် ခေတ်အဆက်ဆက်ကို ပြန်လည်သုံးသပ်မှသာ ယခုလက်ရှိ မြန်မာနိုင်ငံ၏ နိုင်ငံရေး၊ စီးပွားရေး၊ ပကတိအခြေအနေများနှင့် လျော်ညီမည့် လယ်ယာမြေမူဝါဒမျိုးကို ရှေးဦးစွာချမှတ်ပြီး ထိုမူဝါဒနှင့်အညီ လိုက်လျော ညီထွေ ဖြစ်မည့် ဥပဒေ၊ နည်းဥပဒေနှင့် လုပ်ထုံးလုပ်နည်း တို့ကို ရေးဆွဲပြဋ္ဌာန်းသင့်ကြောင်း ဖော်ပြခဲ့သည်။

ထို့ပြင် လက်ရှိ ပြည်ထောင်စုလွှတ်တော်တွင် ဆွေးနွေးလျက်ရှိသည့် လယ်ယာမြေဥပဒေမူကြမ်းနှင့် ပတ်သက်၍ မူဝါဒတစ်ရပ်ကို ရှေးဦးစွာ စီစဉ်ဆောင်ရွက်ထားခြင်းမရှိဘဲ ဥပဒေရေးဆွဲပြဋ္ဌာန်းရန် ပြင်ဆင်ခြင်းမှာ ရှေ့နောက်အစီအစဉ်ကျမှုမရှိဘဲ လွဲမှားနေကြောင်း၊  ထိုကဲ့သို့ ရှေ့နောက် အစီအစဉ် မှားယွင်းဆောင်ရွက်မှုများကြောင့် မြန်မာတောင်သူလယ်သမားထု၏ အကျိုးစီးပွား၊ မြန်မာ့အကျိုးစီးပွား တိုးတက်ရေးတို့ကို အနှောင့် အယှက် အပာန့်အတားဖြစ်စေမည့်အပြင် ခေတ်နောက်ပြန်ဆွဲသည့် မြေခစား၊ မြေရှင်ကြီးစနစ် ပြန်လည်ပေါ်ပေါက်လာမည်ကို စိုးရိမ်ကြောင်း ၎င်း ကြေညာချက်တွင် ထောက်ပြခဲ့သည်။

လယ်ယာမြေ ဥပဒေမူကြမ်းအား လွှတ်တော်နှစ်ရပ်တွင် ဆွေးနွေးနေမှုများနှင့် ပတ်သက်၍ ပါတီဝင်တစ်ဦးမှ “လွှတ်တော်နှစ်ရပ် ကိုယ်စားလှယ် တွေအနေနဲ့ လယ်ယာမြေဥပဒေမူကြမ်းကို ဆွေးနွေးရာမှာ သက်ဆိုင်ရာ နယ်ပယ်က ပညာရှင်တွေကိုခေါ်ယူဆွေးနွေးတာမျိုး လုပ်သင့်ပါတယ်” ပာု ပြောကြားခဲ့သည်။

                                                                                                                      YC

************************************************************

သတင်းနှင့် ဆောင်းပါးများမှ ကောက်နှုတ်ချက်များ

မြန်မာနိုင်ငံအပေါ် အမေရိကမှ စီးပွားရေးပိတ်ဆို့မှုများကို ကျွန်တော် ထောက်ခံခဲ့ဖူးပါသည်။ ထိုစဉ်ကထိုပိတ်ဆို့ မှုများ၏ အနာဂတ်တွင် ဖြစ်ပေါ်လာမည့် မြန်မာနိုင်ငံအွက် အခက်အခဲများနှင့် ပထဝီနိုင်ငံရေးချိန်ခွင်လျှာ ပြောင်းလဲနိုင်မှုများကို ကျွန်တော်မစဉ်းစားခဲ့ပါ။ စစ်အစိုးရအား အပြစ်ပေးရေးကိုသာ စဉ်းစားခဲ့ပါသည်။ အတိုက်အခံများလည်း ကျွန်တော်ကဲ့သို့ပင်ဖြစ်မည်ဟု ယူဆပါသည်။ သို့သော် ဒီမိုကရေစီနှင့် လူ့အခွင့်အရေးတိုးတက်မှုကို ထိန်းသိမ်းရန် စီးပွားရေး တိုးတက်မှုလည်း လိုအပ်သည်။ ထိုအတွက် ဆူးငြောင့်ခလုတ်ဖြစ်နေသော စီးပွားရေး ပိတ်ဆို့မှုများကို ဖယ်ရှားရမည်။ မြန်မာ အစိုးရနှင့် မြန်မာနိုင်ငံ အတိုက်အခံပါတီများအားလုံး ပူးပေါင်းဆောင်ရွက် ရန်လိုသည်။ (The country needs the help of ethnic groups as well.) ထိုသို့ ပူးပေါင်းမှုတွင် အမေရိက တို့၏ ထဲထဲဝင်ဝင်ပါဝင်မှုလည်း လိုအပ်သည်။

ဒီဇင်ဘာ ၅ ထုတ် The Voice Weekly အတွဲ (၇) အမှတ် (၅၁) တွင်ပါသည့် ဆောင်းပါးရှင် အောင်နိုင်ဦး၏ “တစ်ဆင့်ချင်း တိုးတက်ရန် လိုသော ကန်-မြန်မာဆက်ဆံရေး” ဆောင်းပါးမှ ကောက်နှုတ်ချက်

-----------------------------------------------------------------------------------------------------------------------------------

ခေါင်းဆောင်ဟူသည် မည်မျှပင်တော်တည့် မှန်ကန်သည်ဖြစ်စေ ယင်းခေါင်းဆောင်မှုကို ထိရောက်စွာ ပံ့ပိုးပေးနိုင်မည့် အုပ်ချုပ်ရေးရာ၊ ဥပဒေရေးရာ သဟဇာတဖြစ်မှုတို့ကို ရရန်လိုအပ်သကဲ့သို့ အမျိုးသားညီညွတ်ရေးတံခါးကို အပြီးတိုင်မဖွင့်နိုင်ခဲ့ကြပေ။ ယခုအချိန်တွင် ပြည်သူနှင့် အစိုးရတို့ တူညီ သောဆန္ဒ၊ ငြိမ်းချမ်းရေး လိုလားမှုတို့ တစ်ထပ်တည်းကျချိန်တွင် နိုင်ငံရေးခေါင်းဆောင်မှုတို့သည် တိကျပြတ်သား၍ နိုင်ငံနှင့် ပြည်သူ့အကျိုးကို ဖော်ဆောင်နိုင်သည့် အခွင့်အရေးကို အရယူ၍ ငြိမ်းချမ်းရေးတံခါးကို အပြီးတိုင်ဖွင့်ကြရပေတော့မည်။

ဒီဇင်ဘာ ၂ ထုတ် The Hot News အတွဲ (၂) အမှတ် (၆၈) တွင်ပါသည့် ဆောင်းပါးရှင် ဦးခင်မောင်ဆွေ (NDF) ၏ “နိုင်ငံရေး ခေါင်းဆောင်မှု” ဆောင်းပါးမှ ကောက်နှုတ်ချက်

-----------------------------------------------------------------------------------------------------------------------------------

Voice: Myanmar Egress ကိုယ်စားသွားရောက်ခဲ့တဲ့ ဆရာ့အနေနဲ့ရော ဘာတွေများ ဆွေးနွေးဖြစ်ခဲ့ပါသလဲ။

Dr.NWM ကျွန်တော်အနေနဲ့ပြောခဲ့တာကတော့ ‘မြန်မာနိုင်ငံမှာ အခုဖြစ်နေတဲ့ အပြောင်းအလဲတွေကို သမ္မတကြီးရယ်၊ လွှတ်တော်ဥက္ကဋ္ဌကြီးရယ် လူအနည်းယ်တို့ရဲ့ အားထုတ်မှုကြောင့် မြင်နေရတာပါ။ ကိုယ့်ဖွဲ့စည်းပုံအခြေခံကိုတောင် တလွဲ အဓိပ္ပယ်ကောက်ယူတဲ့သူတွေ တာဝန်ရှိသူတွေထဲမှာ အများကြီးရှိနေသေးတယ်။ Institu tion Change လို့ ပြောလို့မရသေးဘူး။ နိုင်ငံတကာ Best Practices တွေကို သိဖို့လည်း အခြေအနေမပေးခဲ့ဘူး။ အဲဒီတော့ ခင်ဗျားတို့ ဘယ်လိုအကူ အညီပေးသင့်သလဲ ကိုယ့်ဟာကိုယ်စဉ်းစားသာ ကြည့်ပါတော့’ လို့ ပြောခဲ့တာပါ။

ဒီဇင်ဘာ ၅ ထုတ် The Voice Weekly အတွဲ (၇) အမှတ် (၅၁) တွင်ပါသည့် “Myanmar Egress  အထွေထွေအတွင်းရေးမှူး ဒေါက်တာ နေဝင်းမောင်နှင့်တွေ့ဆုံခြင်း” မှ ကောက်နှုတ်ချက်

***************************************************************************************

 


Google Docs makes it easy to create, store and share online documents, spreadsheets and presentations.
Logo for Google Docs

0 comments:

Post a Comment