yangonchronicle2011 Op-Ed |
၎.၁၂.၂၀၁၁
ဆောင်းပါးကဏ္ဍ
- ဘက်နှစ်ဘက်နှင့် တူညီသောပန်းတိုင်
******************************
ဆောင်းပါးကဏ္ဍ
ဘက်နှစ်ဘက်နှင့် တူညီသောပန်းတိုင်
လွတ်လပ်ရေးနှင့်အတူ ရရှိခဲ့သောဆိုးမွေ ပြည်တွင်းစစ်ကြီးမှာ နှစ်ပေါင်းခြောက်ဆယ်ကျော် ခုနှစ်ဆယ်နီးပါး ရှိလာပြီဖြစ်သည့်တိုင် အဆုံး မသတ်နိုင်သေးသည့်အဖြေကို အစိုးရအဆက်ဆက်က တမင်မရှာခဲ့တာလား၊ မသိချင်ယောင်ဆောင်ခဲ့တာလား မရခဲ့တာလားဆိုသည်မှာ မြန်မာ့ ငြိမ်းချမ်းရေး ရှာဖွေသူတွေ ယနေ့တိုင် မျက်စိလည်နေရသေးသည့် အခြေအနေပင်ဖြစ်သည်။ မြန်မာအစိုးရအဆက်ဆက်အနေဖြင့် ပြည်တွင်းစစ်ကို ရပ်နိုင်သည့် အခြေအနေတွေ ရှိပါလျက်နှင့် တမင်တကာ မရပ်ခဲ့ခြင်းဖြစ်သည်ဟုဆိုရမည့် သက်သေသာဓကတွေကလည်း များစွာရှိနေပြန်သည်။
ပြည်တွင်းစစ်ကို ရင်ဆိုင်ခဲ့ရာ၌ အကြီးမားဆုံးပြဿနာမှာ ဗကပနှင့် ကေအင်န်ယူဟု ဆိုရမည်ဖြစ်ပြီး ဗကပပြိုကွဲသွားသည့်တိုင် ကေအင်န်ယူ ကျန်နေခဲ့သေးသည်။ ထိုဖြစ်ရပ်ကိုကြည့်လျှင် မြန်မာ့တပ်မတော်မှာ အမြစ်ဖြတ်ချေမှုန်းရမည့်ရန်သူကို မည်မျှပင် အင်အားကြီးမားစေကာမူ လိုအပ်လျှင် ချေမှုန်းနိုင်သည်ဟု ဆိုရမည်ဖြစ်သည်။ ရန်ကုန်အစိုးရဟု လှောင်ပြောင်ခေါ်နေကြချိန်တွင်ပင် မြန်မာတစ်နိုင်ငံလုံးပြန်ရအောင် တိုက်နိုင်ခဲ့သည်မှာ မြန်မာ့ တပ်မတော်၏ လျော့တွက်၍မရသည့် အရည်အသွေးပင်ဖြစ်သည်။ ဆိုရလျှင် ဗကပအမည်ခံ တရုတ်နီတပ်တွေကိုလည်း အင်အားချင်းမမျှ သည့်တိုင် လှေခွက်ချည်းကျန်အလံမလှဲ တိုက်နိုင်ခဲ့သည်။ ကျူးကျော်ဝင်ရောက်လာသည့် တရုတ်ဖြူတပ်တွေကိုလည်း အသက်သွေးချွေးများစွာပေး၍ တိုက်ခဲ့ သည်။ ဗကပကိုဆက်ခံသော တရုတ်ကိုးကန့်တွေ၊ ဝ အဖွဲ့တွေကိုလည်း အခြေအနေအတိုင်းအတာတစ်ခုထိ ငြိမ်သွားအောင် ထားနိုင်ခဲ့သည်။ ဗကပမှာ နိုင်ငံရေးအိုင်ဒီယိုလိုဂျီကွဲ၍ ဖြစ်သလို တရုတ်ဖြူမှာပြည်ပကျူးကျော်မှု ဖြစ်သည်။ ကွန်မြူနစ်ပါတီက အာဏာကိုလိုချင်သည်။ ထိုစဉ်က ခေါင်းဆောင် အများစုက ဗမာတွေဖြစ်သည်။ ထို့ကြောင့် ကွန်မြူနစ်ရန်ကိုကြောက်နေရသည့်အချိန်တွင် ကွန်မြူနစ်ပါတီကို အပြုတ်တိုက်လိုက်ခြင်း ဖြစ်သည်။ တရုတ်ပြည်ကလည်း အစပထမပိုင်း၌ ဗမာပြည်ကွန်မြူနစ်ပါတီကို လက်နက်အင်အား၊ လူအင်အား ထောက်ပံ့ခဲ့သော်လည်း တိန့်ရှောင်ဖိန်၏ အိုင်ဒီယာကြောင့် မြန်မာအစိုးရနှင့် ဆက်ဆံရေးကောင်းမွန်စေရန် ဗကပကို ဒေါက်တစ်ချောင်း ဖြုတ်လိုက်သည်။ သို့နှင့် သက်ဆိုးရှည်နေသော ဗကပ အပြီးတိုင်ပြိုကွဲသွားရခြင်း ဖြစ်သည်။ တရုတ်ဖြူမှာလည်း ထိုနည်းနှင်နှင်ပင် ပြည်ပကျူးကျော်မှုဖြစ်၍ ပြည်တွင်းတိုင်းရင်းသား လက်နက်ကိုင်တွေမှာ ထိုစဉ်က အစိုးရနှင့် ဖြစ်ပွားနေသော တိုက်ပွဲများကို အရှိန်လျော့၍ ပြည်ပကျူးကျော်မှုကို အလေးထားခဲ့ကြသည်။ ထို့ကြောင့် ဗကပနှင့် တရုတ်ဖြူ ကျူးကျော်မှုပြဿနာမှာ ကျန် ရှမ်း၊ ကချင်၊ ကရင်၊ ကယန်း၊ ရခိုင် စသည့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များနှင့် ဖြစ်ပွားနေသည့် ပြဿနာများကဲ့သို့ ရှုပ်ထွေးမှုမရှိပေ။
တိုင်းရင်းသားလူမျိုးစု ပြဿနာမှာ ထို့ထက်ပို၍ ရှုပ်ထွေးလာသည်။ ဆိုရလျှင် သမိုင်းကြောင်းအရ ရှုပ်ထွေးမှုများစွာရှိနေပြီး အနီးစပ်ဆုံး လွတ်လပ်ရေးယူရန် ပင်လုံစာချုပ်ချုပ်ဆိုစဉ်တည်းကပင် မပြတ်မသားမှုများ ရှိနေခဲ့ကြသည်။ ပင်လုံစာချုပ်ပါအချက်တွေမှာ နောင်ဆယ်နှစ်ခန့်အကြာ မှာပင် တိုင်းရင်းသားလက်နက်ကိုင်တွေနှင့် ဇာတ်နာကြီး၏ ပိတ်ကားကို စတင်ဖွင့်လှစ်ခဲ့ရတော့သည်။ ထိုဇာတ်နာကြီး၏ နောက်ဆက်တွဲအရ လူ့ အခွင့်အရေးချိုးဖောက်မှုများ၊ အထွေထွေ နိမ့်ကျမှုများနှင့် တိုင်းပြည်မှာလည်း ဆင်းရဲတွင်း နက်သထက်နက်လာခဲ့သည်။ တိုင်းရင်းသားနှင့် အစိုးရ စစ်တပ်မှ တိုင်းရင်းသားနှင့် ဗမာလူမျိုးအထိ အကျယ်အကျယ် မငြိမ်းဖွယ်တွေ ဖြစ်ခဲ့ရသည်မှာ ယနေ့တိုင်ဖြစ်သည်။
တပ်မတော်အာဏာသိမ်းပြီးချိန်မှစ၍ တရုတ်ပြည်၏ အကူအညီဖြင့် ဗကပကို အပြီးတိုင်ပျောက်ကွယ်စေခဲ့ပြီး ယင်းကို ဆက်ခံသည့် ကိုးကန့်၊ ဝ နှင့် အခြားသော တိုင်းရင်းသားလက်နက်ကိုင်များကိုလည်း ဗိုလ်ချုပ်ကြီးခင်ညွန့်၏ အစီအမံဖြင့် တစ်ဖွဲ့ပြီးတစ်ဖွဲ့ ငြိမ်းချမ်းရေး ရယူနိုင်ခဲ့သည်။ သို့သော် ထိုငြိမ်းချမ်းရေးမှာ အပစ်အခတ် ရပ်စဲရေးထက်ပိုသော အခြေအနေမျိုး မဟုတ်ခဲ့ပေ။ လက်နက်အပြီးတိုင် ဖြုတ်သိမ်းနိုင်ခြင်းမရှိခဲ့ပေ။ ကမ္ဘာပေါ်တွင် မည်သည့်နိုင်ငံမှာမျှ မရှိခဲ့သည့်ပုံစံကို ခွင့်ပြုခဲ့ရခြင်းဖြစ်သည်။ ထိုသို့ဖြင့်ပင် တိုင်းရင်းသားလက် နက်ကိုင်က အခွင့်အရေးတိုးယူလိုက် မြန်မာအစိုးရက တင်းလိုက်၊ ပြန်လည်ပစ်ခတ်မှု ဖြစ်ပွားလိုက်ဖြင့် သံသရာလည်နေခဲ့သည်မှာ ယနေ့တိုင်ဖြစ်သည်။ ထိုအခြေအနေကို နိုင်ငံရေး လေ့လာသုံးသပ်သူ များက ဦးနေဝင်းလက်ထက်မှသည် ဦးသန်းရွှေလက်ထက်အထိ မြန်မာစစ်တပ်အနေဖြင့် ပြည်တွင်းလက်နက်ကိုင်ပြဿနာကို တန်ဆာခံလုပ်၍ စစ်အစိုးရ သက်ဆိုးရှည်စေရန် ကြိုးပမ်းခဲ့ခြင်းဟု မှတ်ချက်ပြု ကြသည်။
၂၀၁၀ ရွေးကောက်ပွဲအပြီးတွင် အရပ်သား အစိုးရသစ်တက်လာခဲ့ပြီး ပြည်တွင်းစစ်ကို အဆုံးသတ်နိုင်လိမ့်မည်ဟု မျှော်လင့်ခဲ့ကြသည်။ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေတွင် တိုင်းရင်းသားပြည်နယ်များအတွက် ရသင့်ရထိုက်သည့် အခွင့်အရေးများ ပေးထားပြီးဖြစ်၍ ထိုပေးထားချက်များကိုသာ လက်တွေ့ အကောင်အထည်ဖော်နိုင်ခဲ့လျှင် တိုင်းရင်းသားပြဿနာမှာ အတော်အတန်ပြေလည်သွားလိမ့်မည်ဟု မျှော်လင့်ခဲ့ကြသည်။ သို့သော် အစိုးရ သစ်လက်ထက်တွင် ကချင်တိုင်းရင်းသား လက်နက်ကိုင် KIA အဖွဲ့နှင့် ဖြစ်ပွားသော တိုက်ပွဲမှစ၍ ရှမ်း၊ ကရင် လက်နက်ကိုင်များနှင့်ပါ တိုက်ပွဲများ အကြီးအကျယ်ဖြစ်ပွားခဲ့သဖြင့် ဝေဖန်မှုမျိုးစုံ ထွက်ပေါ်လာခဲ့သည်။ အစိုးရကမူ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေအရ လက် နက်ကိုင်အဖွဲ့များအားလုံးမှာ တစ်ခုတည်းသော တပ်မတော်၏အောက်တွင်သာ ထားရှိရမည်ဖြစ်သည်ဟု အကြောင်းပြခဲ့သည်။ ကမ္ဘာပေါ်တွင် ပြည်နယ်များကို သီးခြားတပ်မတော် ထားရှိခွင့်ပြုသည့်နိုင်ငံဟူ၍မရှိပါဟု ရပ်ခံသည်။ ထိုသို့ဖြင့် နယ်ခြားစောင့်တပ် မလုပ်လိုသည့် တိုင်းရင်းသားလက်နက်ကိုင်များနှင့် တိုက်ပွဲများ အကြီးအကျယ် ပြန်လည်ဖြစ်ပွားကာ ကမ္ဘာ့အသိုင်းအဝိုင်းမှ စိုးရိမ်တကြီး ထုတ်ဖော်ပြောဆိုရသည်အထိ ပြဿနာကြီးထွားလာခဲ့သည်။
မြန်မာအစိုးရသစ်အနေဖြင့် အဆိုပါ ပြဿနာကို ဖြေရှင်းရန် ကြိုးပမ်းခဲ့သော်လည်း တိုင်းရင်းသားလက်နက်ကိုင် တစ်ဖွဲ့ချင်းစီ၏ မတူညီသော လိုအင်ဆန္ဒများကြောင့် အဆင်မပြေဖြစ်ခဲ့ရသည်။ ထို့ကြောင့် တိုင်းရင်းသားအားလုံးနှင့် အစိုးရတို့ တိုက်ရိုက်ဆွေးနွေးမည့်အစီအစဉ်မှာ အကောင် အထည် ပေါ်မလာခဲ့ပေ။ သမ္မတ ဦးသိန်းစိန်သည် ပြည်နယ် အသီးသီးရှိ တိုင်းရင်းသားလက်နက်ကိုင်များကို သက်ဆိုင်ရာ ပြည်နယ်အစိုးရများနှင့် ပဏာမ ငြိမ်းချမ်းရေးဆွေးနွေးရန် ကမ်းလှမ်းခဲ့သော်လည်း တိုင်းရင်းသားလက်နက်ကိုင်များအားလုံး စုပေါင်း၍ ဗဟိုအစိုးရနှင့် တိုက်ရိုက်ဆွေးနွေးရန် သာ ပြန်လည်တုံ့ပြန်ခဲ့ကြသဖြင့် တိုက်ပွဲများ အရှိန်တိုးမြှင့်လာခဲ့သည်။ ထို့ကြောင့် သမ္မတ ဦးသိန်းစိန်သည် ပြည်ထောင်စုအဆင့်ဝန်ကြီးများကို တိုင်းရင်းသားလက်နက်ကိုင်များနှင့် ဆွေးနွေးရန်စေလွှတ်ခဲ့ပြီး ထိုသို့စေလွှတ်ရာတွင်လည်း လူထုလက်ခံသည့် ပြည်ထောင်စုဝန်ကြီးများကို စေလွှတ်ခဲ့ သည်။ တိုင်းရင်းသား လက်နက်ကိုင်တစ်ဖွဲ့ချင်း၏ သဘောထားများနှင့် လိုအင်ဆန္ဒများမှာ မတူညီကြသည့်အလျှောက် တစ်ဖွဲ့ချင်းအလိုက် ဆွေးနွေး ပြီးမှ သမ္မတကြီးကိုယ်တိုင် အပြီးသတ်ဆွေးနွေးမည့်ပုံစံလည်း ဖြစ်သည်။
တိုင်းရင်းသားလက်နက်ကိုင်များကို သုံးသပ်ရလျှင် လူမျိုးရေးအရ၊ တန်းတူအခွင့်အရေးအတွက် တော်လှန်နေသည့် တိုင်းရင်းသား လက်နက်ကိုင်နှင့် လက်နက်မရှိတော့လျှင် အာဏာမရှိဟုထင်၍ လက်နက်ကိုင် ကိုယ်ကျိုးရှာနေသည့် တိုင်းရင်းသားလက်နက်ကိုင်ဟူ၍ နှစ်မျိုးနှစ်စား တွေ့ရပါလိမ့်မည်။ အချို့တိုင်းရင်းသားလက်နက်ကိုင်များမှာ နိုင်ငံရေးအကြောင်းပြ၍ ကိုယ်ကျိုးလုပ်နေသည်မှာလည်း ငြင်း၍မရသော အချက်များပင် ဖြစ်ပါသည်။ လူမျိုးရေးအရ၊ တန်းတူအခွင့်အရေးအတွက် တော်လှန်နေသည့် တိုင်းရင်းသားများအနေဖြင့် ၂၀၀၈ခုနှစ်ဖွဲ့စည်းပုံအရ တိုင်းရင်းသားများ ကိုယ်တိုင် နိုင်ငံရေးတွင် ပါဝင်ခွင့်၊ ပါတီထောင်ခွင့်နှင့် မိမိပြည်နယ်အတွက် လုပ်ပိုင်ခွင့်များရရှိလာပြီကို သဘောပေါက်ပြီး လွှတ် တော်နိုင်ငံရေးတွင် ပါဝင်ရန် စိတ်ဝင်စားလာကြကာ ယုံကြည်စိတ်ချရသည့် အခြေအနေရောက်လျှင် လက်နက်စွန့်ရန် အသင့်ဖြစ်နေကြပြီဖြစ်သည်။ ၎င်းတို့၏ နိုင်ငံရေး ရပ်တည်ချက်အရပင်လျှင် တိုင်းရင်းသားလူမျိုးများအတွက်ဖြစ်ရာ အမှန်တကယ်သာ တိုင်းရင်းသားများအတွက် တန်းတူညီတူအခွင့်အရေး ရခဲ့ပါလျှင် ၎င်းတို့အနေဖြင့်လည်း လက်နက်စွဲကိုင်လိုစိတ် မရှိတော့သည်မှာ သေချာလှသည်။
ကိုယ်ကျိုးအတွက် အစိုးရကို တိုက်နေသည့် လက်နက်ကိုင်များအနေဖြင့်လည်း တိုင်းရင်းသားအားလုံး နိုင်ငံရေးတွင် ပါဝင်ခွင့်ရနေချိန်၊ ယခင်က စစ်တလင်းဖြစ်ခဲ့သောဒေသများ ဖွံ့ဖြိုးတိုးတက်လာချိန်တွင် ၎င်းတို့အတွက် နေရာမရှိတော့သည်ကို ကောင်းစွာ သဘောပေါက်ပါလိမ့်မည်။ တိုင်းရင်းသားလက်နက်ကိုင်များအနေဖြင့် ငြိမ်းချမ်းရေးကို အမှန်တကယ်လိုလားလျှင် အစိုးရက လမ်းဖွင့်ပေးထားကြောင်း၊ လွှတ်တော်နိုင်ငံရေးတွင် ပါဝင်လာစေလိုကြောင်း၊ အစိုးရအနေဖြင့် တိုင်းရင်းသားလက်နက်ကိုင်များကို နာရီပိုင်းအတွင်းတိုက်နိုင်ကြောင်း သမ္မတကြီး ဦးသိန်းစိန်က လက်တွေ့ ကျကျ ပြောဆိုခဲ့ပြီးလည်းဖြစ်သည်။
မည်သို့ပင်ဆိုစေကာမူ အစိုးရသစ်အနေဖြင့် နှစ်ပေါင်းခြောက်ဆယ်ကျော်ကြာခဲ့ပြီဖြစ်သည့် ဆိုးမွေကြီးကို အဆုံးသတ်၍ နိုင်ငံကို အမှန်တကယ် ပြုပြင်ပြောင်းလဲရန် ကြိုးစားနေပြီဖြစ်သည်။ ထို့ကြောင့် ယခင်အစိုးရအဆက်ဆက်က အပြီးသတ်မလုပ်ခဲ့သော ငြိမ်းချမ်းရေးကို ယခုအစိုးရလက်ထက် တွင် အပြီးတိုင်ကြိုးပမ်းပါလိမ့်မည်။ တိုင်းရင်းသားများအနေဖြင့်လည်း တန်းတူအခွင့်အရေးရလာသည်နှင့်အမျှ ၎င်းတို့ရင်စည်းခံခဲ့ရသော ပြည်တွင်းစစ် ကို အဆုံးသတ်ချင်ကြပါလိမ့်မည်။ ဆိုရလျှင် ဘက်နှစ်ဘက်သည် တူညီသောပန်းတိုင်ဆီသို့ ဦးတည်နေကြပြီး ပန်းတိုင်ရောက်ရန်မှာမူ နှစ်ဦးနှစ်ဖက်၏ စေတနာမှန်မှုကသာ အဖြေဖြစ်ပါလိမ့်မည်။
************************************************************************
Google Docs makes it easy to create, store and share online documents, spreadsheets and presentations.