Transparency Myanmar

transparency.myanmar@gmail.com

yangonchronicle 2011- (1)
yangonchronicle 2011- (1)

၎.၁၂.၂ဝ၁၁

ဘာသာပြန်သတင်းများ

  1. မြန်မာနိုင်ငံတွင် အဓိကကျသော သူပုန်အုပ်စုနှင့် အပစ်အခတ်ရပ်စဲရေး လက်မှတ်ရေးထိုးဟု သတင်းများကဆို

(4 Dec 2011 ရက်စွဲပါ AFP ၏ Myanmar agree truce with major rebel group : ကို ဘာသာပြန်သည်)

  1. မြန်မာ Sanctions များ ရုတ်သိမ်းကြရန် တရုတ်နိုင်ငံ အချိန်ကိုက်၍ တောင်းဆို

(Borneo Post မှ 2 Dec 2011 ရက်စွဲပါ “ China calls for end to Myanmar Sanctions” သတင်းကို ဘာသာပြန် သည်)

  1. ဂျပန်အနေဖြင့် မြန်မာနိုင်ငံသို့ မဟာဗျူကျသော ပံ့ပိုးထောက်ခံမှု တိုးချဲ့ရမည်

(3 December 2011 ရက်စွဲပါ Yumiuri Shimbum မှ ခေါင်းကြီးပိုင်းဖြစ်သော Japan Must Extend strategic support to Myanmar ကို ဘာသာပြန်သည်)

  1. မြန်မာတို့ တရုတ်နှင့် ဆက်ဆံရေးကောင်းနေခြင်းအပေါ် အမေရိကန် မစိုးရိမ်ဟု ကလင်တန်ပြောကြား

(New Kerala မှ 3 December 2011 ရက်စွဲပါ US not concerned about Myanmar’s good relation with china clinton သတင်းကို ဘာသာပြန်ဆိုသည်)

*******************************************

ဘာသာပြန်သတင်းများ

မြန်မာနိုင်ငံတွင် အဓိကကျသော သူပုန်အုပ်စုနှင့် အပစ်အခတ်ရပ်စဲရေး လက်မှတ်ရေးထိုးဟု သတင်းများကဆို

( 4 Dec 2011 ရက်စွဲပါ AFP ၏ Myanmar agree truce with major rebel group : ကို ဘာသာပြန်သည်)

မြန်မာနိုင်ငံမှ အာဏာပိုင်များသည် အဓိကလက်နက်ကိုင် တိုင်းရင်းသားအုပ်စုနှင့် ရှေးဦးအပစ်အခတ်ရပ်စဲရေး သဘောတူညီချက် ရရှိခဲ့ပြီဟု သတင်းများက ပြောကြားခဲ့ပြီး၊ အစိုးရ၏ ရန်သူများနှင့် အဆင်ပြေမှုအတွက် နောက်ဆုံး ထွက်ပေါ်လာသော လက္ခဏာဖြစ်သည်။

သောကြာနေ့က ရှမ်းပြည်တပ်မတော်တောင်ပိုင်း(SSA-South)နှင့် ဒေသဆိုင်ရာအာဏာပိုင်များကြား အပစ်အခတ်ရပ်စဲရေး သဘောတူ စာချုပ် လက်မှတ်ရေးထိုးခဲ့ကြောင်း ထိုင်းနိုင်ငံအခြေစိုက် ရှမ်းသံတော်ဆင့်သတင်းမှ အယ်ဒီတာ ခွန်စိုင်းဂျာယန်က ပြောသည်။

အဆိုပါကိစ္စအား မြန်မာအစိုးရဖက်မှသော်လည်းကောင်း၊ SSA- South ထံမှသော်လည်းကောင်း ချက်ခြင်းအတည်ပြုချက်များ မရရှိသော် လည်း ဧရာဝတီသတင်းဝက်ဆိုဒ်တွင် တောင်ကြီးမြို့တွင် ချုပ်ဆိုသော သဘောတူစာချုပ်တွင် အစိုးရက စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု အာမခံချက်နှင့် မူးယစ်ဆေးဝါးကို ပူးပေါင်းဆန့်ကျင်ရန်များ ပါဝင်သည်ဟု ဖော်ပြထားသည်။

နောက်တစ်ဆင့်မှာ ဗဟိုအစိုးရနှင့် ညှိနှိုင်းရန်ဖြစ်သည်ဟု ၎င်းကဆိုသည်။

မြန်မာနိုင်ငံတွင် ပြုပြင်ပြောင်းလဲရေးလုပ်ငန်းများ လုပ်ဆောင်လျက်ရှိရာ ပြီးခဲ့သည့်နှစ်က ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အား လွှတ်ပေးခြင်း၊ အတိုက်အခံနှင့် စကားပြောခြင်းနှင့် နိုင်ငံရေးအကျဉ်းသားများ လွှတ်ပေးခြင်းများ လုပ်ဆောင်ခဲ့သည်။

ပြီးခဲ့သည့်နှစ်က ရွေးကောက်ပွဲသည် အမည်ခံအရပ်သားအစိုးရကို အာဏာလွှဲပေးခဲ့သည်။ အစိုးရသည် စစ်တပ်နှင့် နီးကပ်သော အဆက် အသွယ်ရှိသည်။

၁၉၄၈ ခုနှစ် လွတ်လပ်ရေးရကတည်းက ပြည်တွင်းစစ်သည် တိုင်းပြည်၏ အစိတ်အပိုင်းများကို ပျက်စီးစေခဲ့သည်။ အဆိုပါ ပဋိပက္ခများ ချုပ်ငြိမ်းရေးနှင့် အစိုးရစစ်တပ် ပါဝင်ပတ်သက်သော လူ့အခွင့်အရေး ချိုးဖောက်မှုများအတွက် စွပ်စွဲချက်များ ရပ်ဆိုင်းရေးသည် နိုင်ငံတကာ အသိုင်း အဝိုင်း၏ အဓိက တောင်းဆိုချက်များ ဖြစ်သည်။

မြန်မာအစိုးရ ခေါင်းဆောင်များသည် ပြီးခဲ့သည့်လက ထိုင်း- မြန်မာနယ်စပ်အနီးတွင် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အချို့နှင့် ငြိမ်းချမ်းရေး စကား ပြောခဲ့သည်ဟု ဆွေးနွေးပွဲတွင် ပါဝင်သူအချို့၏ အဆိုအရသိရှိရသည်။

သူပုန်အုပ်စုအများစုသည် အစိုးရနှင့် အပစ်အခတ်ရပ်စဲရန် သဘောတူခဲ့ကြသည်။ SSA- South သည် ထိုင်း- မြန်မာနယ်စပ်တွင် တပ်စွဲ ထားပြီး အစိုးရနှင့် လက်ရှိ တိုက်ခိုက်နေသော ကြီးမားသော သူပုန်အုပ်စုဖြစ်သည်။

အဓိက ဗုဒ္ဓဘာသာဝင်များဖြစ်သော ရှမ်းလူမျိုးများသည် တိုင်းပြည်၏ ဒုတိယအကြီးဆုံး တိုင်းရင်းသားအုပ်စု ဖြစ်သည်။ လူဦးရေ၏ ၉% ရှိပြီး၊ ကချင်ပြည်နယ်တွင်လည်း ပြီးခဲ့သည့် ဇွန်လမှစ၍ တိုက်ခိုက်မှုများ ဖြစ်ပွားခဲ့သည်။

မြန်မာနိုင်ငံပိုင် မီဒီယာများတွင် ကြာသပတေးနေ့က မြန်မာအစိုးရနှင့် ကချင်လွတ်မြောက်ရေးအဖွဲ့တို့အကြား ငြိမ်းချမ်းရေးစကားပြောဆိုမှုကို ဖော်ပြခဲ့ပြီး၊ နှစ်ဖက်စလုံးက ဆက်လက်စကားပြောဆိုရန် သဘောတူခဲ့သည်ဟု ဆိုသည်။

အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန်ကလည်း မြန်မာအစိုးရ၏ တိုင်းရင်းသားပဋိပက္ခများ ဖြေရှင်းရေး ကြိုးပမ်းမှုများကို ကြိုဆို ကြောင်း ကြာသပတေးနေ့က နေပြည်တော်တွင် အစိုးရခေါင်းဆောင်များနှင့် သမိုင်းဝင်ဆွေးနွေးမှုများအပြီးတွင် ပြောကြားခဲ့သည်။

“ဒါပေမယ့် ကမ္ဘာပေါ်မှာ သက်တမ်းအရှည်ဆုံး ပြည်တွင်းပဋိပက္ခတွေနဲ့ ပတ်သက်ပြီး ပြင်းပြင်းထန်ထန် ရက်စက်မှုတွေ ဆက်ဖြစ်နေဦးမယ် ဆိုရင်တော့၊ ကဏ္ဍသစ်စဖို့ အတော်ခက်ပါလိမ့်ဦးမယ်” ဟု သူမက ပြောခဲ့သည်။

                                        ********************************

မြန်မာ Sanctions များ ရုတ်သိမ်းကြရန် တရုတ်နိုင်ငံ အချိန်ကိုက်၍ တောင်းဆို

( Borneo Post မှ 2 Dec 2011 ရက်စွဲပါ “ China calls for end to Myanmar Sanctions” သတင်းကို ဘာသာပြန်သည်)

နိုင်ငံတကာအသိုင်းအဝိုင်း၏ အပယ်ခံဖြစ်ခဲ့သော မြန်မာနိုင်ငံသို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန် သမိုင်းဝင် ခရီးစဉ် သွားရောက်ခဲ့ခြင်းကြောင့် တရုတ်နိုင်ငံက ၎င်း၏ အဓိကမဟာမိတ် မြန်မာနိုင်ငံအပေါ် ချမှတ်ထားသော နိုင်ငံတကာ အရေးယူဒဏ်ခတ်မှု sanctions များ ရုတ်သိမ်းပေးရန် မနေ့က တောင်းဆိုလိုက်သည်။

မြန်မာနိုင်ငံသည် ပြီးခဲ့သောနှစ်အတွင်း ပြုပြင်ပြောင်းလဲရေး ဆောင်ရွက်ချက်များ တစ်သီတစ်တန်း ပြုလုပ်ခြင်းဖြင့် ပြည်တွင်း၊ ပြည်ပမှ အကဲခတ်လေ့လာသူများကို အံ့အားသင့်စေခဲ့ပြီးဖြစ်သည်။ ယင်းဆောင်ရွက်မှုများထဲတွင် ဘီဂျင်းက ငွေကြေးစိုက်ထုတ်သော အငြင်းပွားဖွယ် အကြီးစား ရေလှောင်တမံ တည်ဆောက်မှုစီမံကိန်းကို ရပ်ဆိုင်းမှုလည်း ပါဝင်နေသဖြင့် မြန်မာအစိုးရက ၎င်း၏ နိုင်ငံခြားရေးမူဝါဒကို ခွဲဖြာဖြန့်ကျက်ရန် ကြိုးစား နေပြီဟူသော မှန်းဆမှု ပေါ်ထွက်လာစေခဲ့သည်။

သို့သော်လည်း ယခင်တပ်မတော်အစိုးရဟောင်းနှင့် မနှစ်က အငြင်းပွားဖွယ် ရွေးကောက်ပွဲများအပြီး ယင်းကို ဆက်ခံသော တပ်မတော်အားပြု အရပ်ဖက်အစိုးရသစ် နှစ်ဖွဲ့စလုံးကို မူလကပင် ထောက်ခံအားပေးခဲ့သူ တရုတ်နိုင်ငံက မြန်မာအစိုးရ၏ အနောက်ကမ္ဘာနှင့် ဆက်ဆံမည့်ခြေလှမ်းများကို သတိကြီးကြီးထား၍သာ ကြိုဆိုခဲ့သည်။

ကလင်တန်နှင့် မြန်မာအာဏာပိုင်များ၏ အထင်ကရ ဆွေးနွေးပွဲများကို ဒီဇင်ဘာ ၁ ရက်နေ့က ပြုလုပ်ခဲ့ခြင်းကြောင့် တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာနကလည်း အနောက်နိုင်ငံများ မြန်မာနိုင်ငံအပေါ် ချမှတ်ထားသော အရေးယူ ဒဏ်ခတ်မှု sanctions များ ရုတ်သိမ်းပေးကြရန် အချိန်ကိုက် တောင်းဆိုလိုက်သည်။

“မြန်မာနိုင်ငံနဲ့ အနောက်နိုင်ငံတွေဟာ တန်းတူညီမျှမှု၊ အပြန်အလှန်လေးစားမှုတို့ကို အခြေခံပြီး ဆက်ဆံရေးတိုးတက်အောင် ထိတွေ့မှုတွေကို အားပေးနိုင်အောင် ပြုလုပ်သင့်တယ်လို့ ကျွန်တော်တို့ ယုံကြည်ပါတယ်” ဟု တရုတ်နိုင် ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ဟောင်လီက ပုံမှန် ပြုလုပ်သော သတင်းစာရှင်းလင်းပွဲတွင် ထုတ်ဖော်ပြောကြားခဲ့သည်။

“သက်ဆိုင်ရာနိုင်ငံတွေအနေနဲ့ မြန်မာနိုင်ငံအပေါ် သူတို့ချမှတ်ထားတဲ့ အရေးယူမှု sanctions တွေကို ရုတ်သိမ်းပေးပြီး မြန်မာနိုင်ငံရဲ့ တည်ငြိမ်မှုနဲ့ တိုးတက်ဖွံ့ဖြိုးမှုကို အားပေးမြှင့်တင်သင့်တယ်ဆိုတဲ့အချက်ကို ကျွန်တော်တို့ ဆက်လက် ဆုပ်ကိုင်ထားပါမယ်” ဟု ဟောင်လီက ဆိုသည်။

အမေရိကန်ပြည်ထောင်စုက ဟီလာရီကလင်တန်သည် သူမ၏ခရီးစဉ်အတွင်း တိုင်းရင်းသားများအပေါ် ဆက်ဆံပြုမူပုံအပါအဝင် လူ့အခွင့်အရေး ကိစ္စများ တိုးတက်မှုရှိလာအောင် ကြိုးပမ်းလိမ့်မည်ဟု ပြောကြားထားသော်လည်း မြန်မာ နိုင်ငံအပေါ် ချမှတ်ထားဆဲ sanctions များ ရုတ်သိမ်းရေးကို ဆွေးနွေးရန် အချိန်မတန်သေးဟု ပြောဆိုခဲ့သည်။

                            ****************************************

ဂျပန်အနေဖြင့် မြန်မာနိုင်ငံသို့ မဟာဗျူကျသော ပံ့ပိုးထောက်ခံမှု တိုးချဲ့ရမည်

(3 December 2011 ရက်စွဲပါ Yumiuri Shimbum မှ ခေါင်းကြီးပိုင်းဖြစ်သော Japan Must Extend strategic support to Myanmar ကို ဘာသာ ပြန်သည်)

အမေရိကန်နိုင်ငံခြားရေးကြီးဝန်ကြီး ဟီလာရီကလင်တန်သည် သူမ၏ မြန်မာနိုင်ငံခရီးစဉ် ပြီးဆုံးခဲ့ပြီဖြစ်ရာ နှစ်ပေါင်းကြာရှည်အေးခဲနေသော နှစ်နိုင်ငံဆက်ဆံရေးကို ပုံမှန်ဆက်ဆံရေးသို့ရောက်ရှိရန် အဓိကခြေလှမ်းပင်ဖြစ်သည်။

ယခုခရီးစဉ်သည် အမေရိကန်နိုင်ငံခြားရေးဝန်ကြီးတစ်ဦးအနေဖြင့် နှစ်ပေါင်း ၅ဝ ကျော်အတွင်း မြန်မာနိုင်ငံသို့ ပထမဆုံးခရီးစဉ်ဖြစ်သည်။

ကလင်တန်၏ ခရီးစဉ်သည် အမေရိကန်က မြန်မာနိုင်ငံနှင့် ဆက်ဆံရေးတိုးချဲ့မှုအတွက် သမိုင်းမှတ်တိုင်ဖြစ်ပြီး ၁၉၈၈ ကတည်းက အရှေ့ တောင်အာရှနိုင်ငံအပေါ် အရေးယူမှုများအပေါ်အခြေခံသည့် ယခင် အမေရိကန်၏ မူဝါဒမှ စွန့်ခွာလာပြီဖြစ်သည်ကို ပြဆိုသည်။

ကြာသပတေးနေ့က မြန်မာနိုင်ငံသမ္မတဦးသိန်းစိန်နှင့် တွေ့ဆုံရာတွင် သူမက မြန်မာနိုင်ငံ၏ နိုင်ငံရေးနှင့် စီးပွားရေးပြုပြင်ပြောင်းလဲမှုများကို ကြိုဆိုခဲ့ပါသည်။ ကလင်တန်က ဦးသိန်းစိန်အား နိုင်ငံရေးအကျဉ်းသားများ ပိုမိုလွှတ်ပေးရေးအပါအဝင် ဒီမိုကရေစီအတွက် ယခုထက်ပိုမိုသော ခြေလှမ်းများလှမ်းရန်လည်း တိုက်တွန်းခဲ့သည်။

အမေရိကန်၏မဟာဗျူဟာသစ်

နိုင်ငံခြားရေးဝန်ကြီးသည် ဝါရှင်တန်၏ သံရုံးယာယီတာဝန်ခံအဆင့်မှ သံအမတ်ကြီး အဆင့်သို့တိုးမြှင့်ရေး၊ စဉ်းစားသည့် အစီအစဉ်ကိုလည်း ဖော်ပြခဲ့သည်။ ကမ္ဘာ့ဘဏ်နှင့် နိုင်ငံတကာငွေကြေးရန်ပုံငွေအဖွဲ့မစ်ရှင်များ မြန်မာနိုင်ငံသို့ စေလွှတ်ရေးအတွက် အမေရိကန်က ထောက်ခံရန် အသင့်ရှိ ကြောင်း ဦးသိန်းစိန်အား ကလင်တန်က ပြောကြားခဲ့သည်။ ထို့အပြင် မြန်မာနိုင်ငံက ဒီမိုကရေစီပြုပြင်ပြောင်းလဲရေးများ ဆက်လက်လုပ်ဆောင် နေသည်နှင့် အမျှ အမေရိကန် ၏ စီးပွားရေးအရ အရေးယူပိတ်ဆို့မှုများ ဖြေလျော့ရေးအစီအစဉ်များကိုလည်း သူမက ချပြခဲ့သည်။

အမေရိကန်ပြည်ထောင်စုသည် ဦးသိန်းစိန်၏ အစိုးရအား ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အား နိုင်ငံရေးလုပ်ငန်းစဉ်တွင် ပါဝင်ခွင့်ပြုရေး၊ တရားမျှတသော ကြားဖြတ်ရွေးကောက်ပွဲများကျင်းပရေးနှင့် တိုင်းရင်းသား အုပ်စုများနှင့် လက်နက်ကိုင်ပဋိပက္ခရပ်ဆိုင်းရေးအပါအဝင် ဒီမိုကရေစီလုပ်ငန်းစဉ်များကို အားထည့် လုပ်ဆောင်ရန် ဖိအားပေးခဲ့သည်။

မြန်မာနိုင်ငံနှင့် ပုံမှန်ဆက်ဆံရေးရရှိအောင် ဆောင်ရွက်ရေးဆုံးဖြတ်ချက်သည် ဝါရှင်တန်၏ မဟာဗျူဟာသစ်၏ အစိတ်အပိုင်းတစ်ခုဖြစ်သည်။

အမေရိကန်၏ မြန်မာနိုင်ငံနှင့် ပိုမိုနီးကပ်စွာဆက်ဆံရန် ပိုမိုထင်ရှားလာသော ဆုံးဖြတ်ချက်သည် ပိုမို၍ ရဲတင်းလာသော တရုတ်အား အာဆီယံတွင် စီးပွားရေးနှင့်လုံခြုံရေး ရှုဒေါင့်တွင် အမေရိကန်တန်၏ ပူးပေါင်းပါဝင်မှုအား ကောင်းလာခြင်းက ထိန်းညှိပေးရန်ကိစ္စကို အထောက်အကူ ဖြစ်စေသည်။

မြန်မာနိုင်ငံ၏ အိန္ဒိယသမုဒ္ဒရာတွင် အရှေ့တောင်အာရှနှင့် တောင်အာရှကြားတွင် တည်ရှိနေမှုသည် အမေရိကန် ပြည်ထောင်စုနှင့် တရုတ် အတွက် ကြီးမားသော မဟာဗျူဟာအရ အရေးပါမှုကို ပြသနေပါသည်။

အမေရိကန်နှင့်ဥရောပတို့၏ စီးပွားရေးအရ အရေးယူမှုများရှိသဖြင့် မြန်မာနိုင်ငံသည် တရုတ်အပေါ်ပိုမို မှီခိုလာရမှုကြောင့် သမ္မတ Barack Obama အစိုးရသည် မြန်မာကို ပိုမိုနီးကပ်စွာဆက်ဆံရန် အလိုရှိလျက်ရှိသည်။

တရုတ်သည်လည်း ဘာမျှမလုပ်ဘဲ ထိုင်နေသည်တော့မဟုတ်။ ၎င်းသည် မြန်မာကို သူ့ဖက်တွင် ရှိနေစေရန် နည်းမျိုးစုံအသုံးပြုလျက်ရှိသည်။ ဒုတိယသမ္မတ Xi Jinping သည် မကြာသေးမီက မြန်မာစစ်တပ် ထိပ်တန်းပုဂ္ဂိုလ်များကို ဖိတ်ခေါ်၍ ပူးပေါင်းဆောင်ရွက်ရေးတိုးမြှင့်ရန် ကတိများ ပြုခဲ့သည်။

မြန်မာနိုင်ငံ၏ ဟန်ချက်ညီအောင်လုပ်ဆောင်မှု

မြန်မာအစိုးရသစ်သည် စစ်အစိုးရလက်ထက်က တရုတ်အပေါ်သံတမန်ရေးအရ လုံးလုံးမှီခိုနေမှုမှ ဝေးရာသို့ စတင်ထွက်ခွာနေပြီဖြစ်ပါသည်။ ထိုသို့လုပ်ဆောင်လာခြင်းမှာ မြန်မာနိုင်ငံအနေဖြင့် လက်ရှိအာဆီယံတွင် အဆင်းရဲဆုံး အဖွဲ့ဝင်အဖြစ်မှ လွတ်မြောက်ရန် အမေရိကန်နှင့် တရုတ်ကြား တွင် ဟန်ချက်ညီအောင် ကစားခြင်းကသာ ပိုမိုကောင်းမွန် သည်ဟု ဆုံးဖြတ်ချက်ကြောင့်ဖြစ်ပေလိမ့်မည်။

ကလင်တန်သည် ဦးသိန်းစိန်အား နျူကလီးယားအစီအစဉ်များ ဆက်လက်လုပ်ဆောင်နေသော မြောက်ကိုရီးယားနှင့် စစ်ရေးအရ ဆက်ဆံ ရေးများ ဖြတ်တောက်ရန်တိုက်တွန်းခဲ့သည်။ မြန်မာနိုင်ငံအနေဖြင့် အာရှတိုက်လုံခြုံရေး သေချာစေရေး ရှုဒေါင့်မှကြည့်လျှင် နိုင်ငံတကာ၏ နျူကလီယား မပြန့်ပွားရေးလုပ်ဆောင် ချက်များတွင် ပူးပေါင်းဆောင်ရန် လိုအပ်ကြောင်း သူမကသိရှိထားသည်။ ထိုအချက်သည် ဂျပန်နိုင်ငံအတွက်လည်း အလွန် အရေးကြီးသောအချက် ဖြစ်သည်။

ဂျပန်အစိုးရသည် ယခုနှစ်မကုန်မီ နိုင်ငံခြားရေးဝန်ကြီး Koichiro Gemba အား မြန်မာနိုင်ငံသို့ စေလွှတ်ရန် စီစဉ်ထားသည်။

ဂျပန်နိုင်ငံသည် မြန်မာနိုင်ငံအား စိုက်ပျိုးရေး၊ ဥပဒေစနစ်များနှင့် သယံဇာတဖွံ့ဖြိုးရေးများတွင် နည်းပညာ အကူအညီပေးရေး အပါအဝင် ပြုပြင်ပြောင်းလဲရေးနှင့် ဒီမိုကရေစီလုပ်ဆောင်မှုနယ်ပယ်အသီးသီးတွင် အကူအညီများ ပေးနိုင်သည်။ ဂျပန်နိုင်ငံအနေဖြင့် စီးပွားရေးအရသော် လည်းကောင်း၊ လုံခြုံရေးအရသော်လည်းကောင်း မည်သည့်ရှုထောင့်မှကြည့်ကြည့် မြန်မာနိုင်ငံနှင့် မဟာဗျူဟာကျသော သံတမန်ရေးရာမူဝါဒ တိုးတက် ဖွံ့ဖြိုးရန်လိုအပ်သည်။

                                        *********************************

မြန်မာတို့ တရုတ်နှင့် ဆက်ဆံရေးကောင်းနေခြင်းအပေါ် အမေရိကန် မစိုးရိမ်ဟု ကလင်တန်ပြောကြား

(New Kerala မှ 3 December 2011 ရက်စွဲပါ US not concerned about Myanmar’s good relation with china clinton သတင်းကို ဘာသာပြန်ဆိုသည်)

တရုတ်နိုင်ငံနှင့် ဆက်ဆံရေးကောင်းမွန်မှုများကို မြန်မာအစိုးရက ထိမ်းသိမ်းနေခြင်းနှင့်ပတ်သက်၍ အမေရိကန် ပြည်ထောင်စုက စိုးရိမ် ပူပန်ခြင်းမရှိဟု အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန်က ပြောကြားလိုက်သည်။

မြန်မာနိုင်ငံနဲ့ တရုတ်နိုင်ငံဆက်ဆံရေး ကောင်းနေတာနဲ့ပတ်သက်လို့ ကျွန်မတို့ စိုးရိပ်စရာအကြောင်းရင်းတွေ မရှိပါဘူး"ဟု ကလင်တန်က သူမ၏ နှစ်ရက်ကြာမြန်မာနိုင်ငံခရီးစဉ်ပြီးဆုံးခါနီး သောကြာနေ့တွင် NBC TV net work သို့ ပြောကြားခဲ့ခြင်းဖြစ်သည်။

သူတို့နှစ်နိုင်ငံဟာ ရှည်လျားတဲ့ နယ်စပ်ခြင်း ထိစပ်နေကြတယ်။ ဒါကြောင့် မြန်မာတွေအတွက်တော့ တရုတ်နိုင်ငံဟာ ဘယ်လိုအတူတကွ သင့်မြတ်အောင် နေထိုင်ကြမလဲလို့ ပုံဖော်ကြည့်ရမယ်။ အိမ်နီးခြင်း အင်အားကြီးနိုင်ငံ ဖြစ်နေတယ်။ ဒီကိစ္စနဲ့ ပတ်သက်လို့ ကျွန်မတို့ စိတ်ဝင်စားစရာ ဘာမှမရှိသလို ကန့်ကွက်စရာလည်း မရှိပါဘူး"ဟု ကလင်တန်က ဆက်လက်ပြောဆိုသည်။

ကလင်တန်က သူမ၏ မြန်မာနိုင်ငံခရီးစဉ်သည် ဤနိုင်ငံအတွင်းမှ ပြုပြင်ပြောင်းလဲရေးသမားများကို ထောက်ခံအားပေးမည့် အမေရိကန် တွေ့ထိ ဆက်ဆံမှုအစီအစဉ်၏ အလားအလာကိစ္စအတွက်သာဖြစ်ပြီး ထိုတက်ပို၍အရေးပါသော အကြောင်းရင်းမရှိပါဟု ပြောကြားခဲ့ကြောင်း Xinhua သတင်းဌာနက သတင်းထုတ် ပြန်သည်။

အစောပိုင်းတွင် ကလင်တန်က သူမသည် ဒေါ်အောင်ဆန်းစုကြည်ကို နှစ်ပေါင်းများစွာ စိတ်ဝင်တစားရှိခဲ့ကြောင်းနှင့် ယခုကဲ့သို့ ဒီမိုကရေစီ လှုပ်ရှားမှုခေါင်းဆောင်နှင့် တွေ့ဆုံရသည်မှာ ဂုဏ်ယူစရာဖြစ်ခဲ့ကြောင်း ပြောဆိုခဲ့သည်။

ဒါဟာ ကျွန်မတို့နှစ်ယောက်အတွက် ပထမဆုံးအကြိမ်တွေ့ဆုံမှုဆိုပေမယ့် မတွေ့ရတာ အချိန်တော်တော်ကြာပြီဖြစ်တဲ့ မိတ်ဆွေ တစ်ယောက် ကို တွေ့ရသလိုပါပဲ။ နှစ်ပေါင်းများစွာ အကျယ်ချုပ်ထိန်းသိမ်းခံဘဝကနေ လွတ်မြောက်လာတဲ့ သူမကိုတွေ့မြင်ရတာဟာ မယုံကြည်နိုင်လောက်အောင် စိတ်လှုပ်ရှားစရာ၊ ကျေနပ်ဝမ်းမြောက်စရာ ဖြစ်ခဲ့ပါတယ်"ဟု ကလင်တန်က ထုတ်ဖော်ပြောကြားသည်။

ယခုအခါကလင်တန်သည် ၁၉၅၅ ခုနှစ်က John Foster Dulles ၏ နောက်ပိုင်း မြန်မာနိုင်ငံရောက် ပထမဆုံး အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးအဖြစ် မှတ်တမ်းဝင်သွားဖြစ်သည်။

ကလင်တန်သည် ဒေါ်အောင်ဆန်းစုကြည်နှင့် ဆွေးနွေးမှုများပြုလုပ်ပြီးနောက်တွင် မြန်မာနိုင်ငံ၏ တိုင်းရင်းသား အသိုင်းအဝိုင်း ကိုယ်စားပြု အဖွဲ့ဝင်များ၊ ဖွံ့ဖြိုးဆဲအရပ်ဖက်အဖွဲ့အစည်းအုပ်စုများ၏ ခေါင်းဆောင်များနှင့်လည်း တွေ့ဆုံခဲ့သည်ဟု သိရှိရသည်။

                                        ********************************************


Google Docs makes it easy to create, store and share online documents, spreadsheets and presentations.
Logo for Google Docs

0 comments:

Post a Comment