yangonchronicle2011 Op-Ed |
၅.၁၂.၂၀၁၁
ဆောင်းပါးကဏ္ဍ
- ဆက်ဆံရေးအသစ်၏ ခရီးအစ
*****************************************************************************
ဆောင်းပါးကဏ္ဍ
ဆက်ဆံရေးအသစ်၏ ခရီးအစ
ကိုယ်ကျိုးစီးပွားနှင့် တန်ဖိုး
အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဟေလာရီကလင်တန်၏ နှစ်ရက်ကြာ မြန်မာနိုင်ငံသို့လာရောက်သည့် ခရီးစဉ်သည် ကမ္ဘာအင်အားကြီး နိုင်ငံတစ်ခုမှ ဒီမိုကရေစီအသွင်ကူးပြောင်းကာစနိုင်ငံငယ်လေးသို့ အကူးအပြောင်းကာလတွင် အဆင်ပြေချောမွေ့စေရန် မည်သို့ထောက်ပံ့ ကူညီရမည်နည်း ဟူ၍ လာရောက်လေ့လာသည့်သဘောပင်ဖြစ်သည်။ အမေရိကန်တို့သည် လစ်ဘရယ်ဒီမိုကရေစီနှင့် အရှင်းရှင်စနစ် တကမ္ဘာလုံး အပြည့်အဝ ကျင့်သုံးရေးကို ၎င်းတို့၏ အဂ္ဂဗျူဟာအဖြစ် သတ်မှတ်ထားကြသည်။ အမေရိကန်နိုင်ငံခြားရေးမူဝါဒအပိုင်းတွင် မူဝါဒချ မှတ်သူများအကြား၊ ပညာရှင်များအကြား အမြဲတမ်းလိုလို ငြင်းခုံနေရသည့်အချက်မှာကိုယ်ကျိုးစီးပွားကိစ္စ (National Interest) နှင့် တန်ဖိုးကိစ္စ (Value) တို့ဖြစ်သည်။
အမျိုးသားအကျိုးစီးပွားကို ကြည့်လွန်းလျှင် ဒီမိုကရေစီနှင့် လူ့အခွင့်အရေးတို့ ချိုးဖောက်လည်း “သံ” အဆက်အသွယ်မပြတ်ရှိနေမှာဖြစ်သည်။ (ဥပမာယခင် မူရှာရတ်လက်ထက် ပါကစ္စတန်) အမျိုးသားအကျိုးစီးပွားနည်းပြီးဒီမိုကရေစီနှင့် လူ့အခွင့်အရေးများလည်းချိုးဖောက်သည့် နိုင်ငံများနှင့် ဆက်ဆံသည့်အခါမှာတော့ အမေရိကန်မှာတင်းတင်းမာမာဆက်ဆံခဲ့ချည်တည်းဖြစ်သည်။ အမေရိကန်သည် အမျိုးသားအကျိုးစီးပွားရော၊ တန်ဖိုးကိစ္စရော တစ်ထပ်တည်းကျအဆင်ပြေသည့် နိုင်ငံများနှင့် ဆက်ဆံသည့်အခါမှာတော့ ထိထိရောက်ရောက်အကူအညီများပေးလေ့ရှိပါသည်။
အမေရိကန်လွန်ကမ္ဘာ
မြန်မာနိုင်ငံသည် ယခင်တပ်မတော်အစိုးရလက်ထက် တစ်လျှောက်လုံးအမေရိကန်၏ အကျိုးစီးပွားများနှင့် ဆက်စပ်မှုနည်းပါးသော နိုင်ငံတစ်နိုင်ငံ ဖြစ်ခဲ့ပါသည်။ စစ်အေးခေတ်ကာလတုန်းကတော့ မြန်မာနိုင်ငံမှာအမေရိကန်၏ အာရှတိုက် ကွန်မြူနစ်မဖြစ်သွားရေး စီမံကိန်းကြီးတွင် ပါဝင်ခဲ့သည့်အတွက် အာဏာပိုင် ဆိုရှယ်လစ်နိုင်ငံဖြစ်နေသော်လည်း အကူအညီများပေးခဲ့ခြင်းမျိုး ရှိပါသည်။ ယခုအခါတွင်တော့ BRIC ဟုအမည်တွင်သော ဘရာဇီး၊ ရုရှား၊ အိန္ဒိယ၊ တရုတ်နိုင်ငံများ စီးပွားရေးအင်အား တက်လာခြင်းနှင့် အတူကမ္ဘာ့အင်အား ချိန်ခွင်လျှာမှာလည်း အနောက်မှ အရှေ့သို့ ရွေ့လျားလျက်ရှိပါသည်။ တိုင်းမ် မဂ္ဂဇင်း၏ အယ်ဒီတာဇာခါရီ၏ အရောင်းရဆုံးစာအုပ်တစ်အုပ်ဖြစ်သော The Post American World ( အမေရိကန်လွန်ကမ္ဘာ) စာအုပ်တွင် အမေရိကန်နိုင်ငံမှ အခြားအင်အားကြီးနိုင်ငံများဖြစ်သောတရုတ်နှင့် အိန္ဒိယနိုင်ငံတို့နှင့် မည်သို့ သင့်မြတ်အောင် ဆက်ဆံသင့်သည်ကို သုံးသပ်အကြံပေးတင်ပြထားသော စာအုပ်ကောင်းတစ်အုပ်ဖြစ်ပါသည်။ ထို့အပြင် သုတေသနဖောင်ဒေးရှင်အသီးသီးမှ ထုတ်ဝေသော စာတမ်းများတွင်လည်း နောင်လာမည့် ရာစုမှ အာရှရာစုဖြစ်မည်ဟုသုံးသပ်ချက်များလည်းအလျှံပယ်ပေါ်ထွက်လာခဲ့သည်။ ထို့အပြင် အမေရိကန်၏ နိုင်ငံခြားရေးမူဝါဒကိုပုံဖော်နေသည့် အင်အားစုများတွင် သြဇာကြီးသော Neo-cons များ၏ သမ္မတဘုရှ်လက်ထက် တွင် တင်သွင်းသည့် စာတမ်းတွင်လည်း အမေရိကန်အနေဖြင့် အရှေ့အလယ်ပိုင်းထက် တောင်အာရှနှင့် အရှေ့တောင်အာရှကိုပိုမိုအာရုံစိုက်ဖို့လိုကြားအကြံပေးတင်ပြခဲ့သည်။
ပြုပြင်စရာများကျန်ရှိနေပါသေးသည်
ယခုအခါတွင်တော့ အမေရိကန်အစိုးရအနေဖြင့် နဂိုအိုင်ဒီယာရှိပြီးသား အာရှဒေသလွှမ်းမိုးရေးကို စနစ်တကျ အကောင်အထည်ဖော်နေပြီ ဖြစ်သည်။ ထိုသို့ ကမ္ဘာနိုင်ငံရေးအပြောင်းအလဲနှင့် မြန်မာနိုင်ငံရေးအပြောင်းအလဲမှာတိုက်ဆိုင်လာသည့်အချိန်အခါမျိုးတွင် “သံ” အဆက်အသွယ် နှစ်ငါးဆယ်လောက် ပြတ်ခဲ့သည့် နိုင်ငံတစ်ခု၏ အကြီးဆုံးအဆင့် သံတမန်တစ်ရောက် မြန်မာနိုင်ငံသို့ ရောက်ရှိလာသည့် ဖြစ်ရပ်မျိုးပေါ် ပေါက်လာခဲ့ခြင်း ဖြစ်သည်။ မြန်မာခေါင်းဆောင်များသည်လည်းထိုကဲ့သို့ အခွင့်အရေးမျိုးကိုပိုင်ပိုင်နိုင်နိုင် အသုံးချသည့်အနေဖြင့် ပြည်တွင်းအခြေအနေများနှင့် ရှည်လျားသည့် တင်ပြချက်များပြုလုပ်သွားခဲ့သည်။ စာရေးသူအနေဖြင့်မူအမေရိကန်၏ secretary of state လာရောက်သည့် ခရီးစဉ်မှာ မြန်မာနိုင်ငံ၏ ပြုပြင်ပြောင်းလဲမှုများကိုအသိအမှတ်ပြုသည့် သဘောအပါအဝင် နောင်နှစ်နိုင်ငံဆက်ဆံရေး၏ အစခရီးလိုပင် သဘောထားပါသည်။ ထိုကဲ့သို့ လာရောက်ခဲ့ခြင်းအတွက် အမေရိကန်မှ မြန်မာနိုင်ငံအပေါ်ထားရှိသော သဘောထားများ လုံးလုံးလျားလျားကြီး ပျောက်ကွယ်သွားမည်ဟု မမျှော်လင့်သလို ဖွံ့ဖြိုးရေး အကူအညီများလည်း တစ်လုံးတစ်ခဲတည်း ဝင်ရောက်လာမည်ဟု မထင်ပါ။ သို့သော် အမေရိကန်အနေဖြင့် ဒီမိုကရေစီစနစ် ကိုကျင့်သုံးမရှိခဲ့သည်မှာ ကြာပြီဖြစ်သော မြန်မာနိုင်ငံ၏ ဒီမိုကရေစီကျင့်သုံးမှု လစ်ဘရယ်မဖြစ်ခြင်းနှင့် လူ့အခွင့် အရေးချိုးဖောက်မှုများကို ကိုလိုနီဆရာကြီး အထာနှင့် ယိုးမယ်ဖွဲ့ပြောဆိုနေမှုမျိုးတော့ လျော့နည်းသွားကောင်းသွားနိုင်သည်ဟုသုံးသပ်ရပါသည်။ မြန်မာနိုင်ငံလိုထိရောက်သည့် ပြုပြင်ပြောင်းလဲမှုများ နှစ်ပေါင်းများစွာမလုပ်ခဲ့သည့် နိုင်ငံတစ်နိုင်ငံမှာလုပ်စရာအိမ်စာများအများအပြားကျန်ရှိနေဦးမည်သာဖြစ်ပါသည်။ သို့သော် တစ်နှစ်သား အရပ်သား တစ်ပိုင်းအစိုးရ၏ ဆောင်ရွက်ချက်များပင်လျှင် နိုင်ငံတကာ၏ အာရုံစိုက်မှုခံခဲ့ရသည့် နိုင်ငံအနေဖြင့် နောက်ကြောင်း ပြန်မလှည့်သည့် ပြုပြင်ပြောင်းလဲမှုများကိုရှေ့တိုးအကောင်အထည်ဖော်ဆောင် ရွက်သွားနိုင်ပါကအမေရိကန်မှလည်းယင်းတို့၏ ပိတ်ဆို့ရေးမူဝါဒ (Sanction Policy) ကိုအသေအချာလေ့ လာဆန်းစစ်ဖို့ကောင်းပါသည်။
လူမှုစီးပွားရေးဘဝဖွံ့ဖြိုးမှသာလျှင်
မြန်မာနိုင်ငံ၏ ပြည်တွင်းရေးမူဝါဒများကို ကြည့်ပါကလွတ်လပ်ရေးရပြီးသည့်နောက်ပိုင်းတွင် ရရှိခြင်းငှာမစွမ်းနိုင်သည့် နိုင်ငံရေးအင်အားစုများ ညီညွတ်မှုနှင့် တိုင်းရင်းသားလက်နက်ကိုင်များနှင့် ငြိမ်းချမ်းသဘောတူစာချုပ် ချုပ်ဆိုခြင်းအစရှိသည့် အပေါင်းလက္ခဏာဆောင်သည့် နိုင်ငံရေးဖြစ်ထွန်းမှုများ တွေ့မြင်နေရသည်။ ထိုနိုင်ငံရေးညီညွတ်မှု၏ အဆုံးသတ်ရလဒ်မှာ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုကို အရယူနိုင်ရေးဖြစ်ပါသည်။ အမေရိကန်မှ ယခုကဲ့သို့ “သံ” အဆက်အသွယ်ပြုလုပ်လိုက်ခြင်းသည် မြန်မာနိုင်ငံသို့လာရောက် ရင်းနှီးမြုပ်နှံလိုသည့် လုပ်ငန်းများအတွက် ယုံကြည်မှုကိုပိုမို မြင့်မားလာစေသည့် ရလဒ်သည်ပင် မြန်မာနိုင်ငံ၏ အကျိုးအမြတ်ပေ ဖြစ်သည်။ အမေရိကန်အနေဖြင့်လည်း ၎င်းတို့ အကျိုးစီးပွားအတွက် မဟာဗျူဟာကျသည့် နေရာလည်းဖြစ်၊ ယင်းတို့ အဂ္ဂဗျူဟာဖြစ်သောဒီမိုကရေစီနှင့် လူ့အခွင့်အရေးကို တစ်ဆင့်ချင်း အကောင်အထည် ဖော်နေသည့် မြန်မာနိုင်ငံ၏ စီးပွားရေးအရချွတ်ခြုံကျနေမှုကို ထိထိရောက်ရောက် အကူအညီပေးနိုင်မှသာလျှင် ယင်းတို့၏ အကျိုးစီးပွားနှင့် တန်ဖိုးရေးရာကိစ္စများလည်း ဖြစ်မြောက်အောင်မြင်နိုင်မည်ဖြစ်သည်။
************************************************************************
Google Docs makes it easy to create, store and share online documents, spreadsheets and presentations.