Transparency Myanmar

transparency.myanmar@gmail.com

yangonchronicle2011
yangonchronicle2011

၇.၁၂.၂ဝ၁၁

ပြည်တွင်းသတင်းများ

  1. ပဲမျိုးစုံ ပြည်ပသို့ လွတ်လပ်စွာ ရောင်းချခွင့်ရရှိပြီ
  2. အရှုံးပေါ်နေသည့် မြန်မာ့အသေးစားချေးငွေရုံးခွဲ ၃၁ ရုံးပိတ်မည်
  3. ကရင်ပြည်နယ် ဘာအံမြို့၌ စက်ရုံများ ပန္နက်တင်အုတ်မြစ်ချပွဲ ကျင်းပ

ပြည်တွင်းပါတီ၊ နိုင်ငံရေးသတင်းများ

  1. နိုင်ငံရေးအကျဉ်းသားစာရင်းအား အများပြည်သူထံ ဖြန့်ဝေမည်
  2. ကြားဖြတ်ရွေးကောက်ပွဲ၌ NLD မှ လူငယ်နှင့်တိုင်းရင်းသားများသာ အဓိကယှဉ်ပြိုင်မည်
  3. ကုလသမဂ္ဂအတွင်းရေးမှူးချုပ် မြန်မာနိုင်ငံသို့ လာရောက်နိုင်ဖွယ်ရှိ

သတင်းနှင့် ဆောင်းပါးများမှ ကောက်နှုတ်ချက်များ

********************************************************************************************

ပြည်တွင်းသတင်းများ

ပဲမျိုးစုံ ပြည်ပသို့ လွတ်လပ်စွာ ရောင်းချခွင့်ရရှိပြီ

ပြည်တွင်းထွက်ရှိ ပဲမျိုးစုံအား ပြည်ပသို့ တင်ပို့ရောင်းချရာတွင် မည်သည့်ထိန်းချုပ်မှုမှ မရှိဘဲ ခွင့်ပြုပေးသွားမည် ဖြစ်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။

မြန်မာ့ပဲကို ပြည်တွင်းစားသုံးမှုနှင့် ထုတ်လုပ်မှုများကို ချိန်ညှိခြင်းမပြုလုပ်တော့ဘဲ လက်ရှိပေါက်ဈေးအတိုင်းပင် ပြည်ပသို့ရောင်းချနိုင်ရန် မည်သည့်ထိန်းချုပ်မှုမှ မရှိဘဲ ခွင့်ပြုပေးသွားမည်ဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောကြား ခဲ့သည်။

လက်ရှိ ပဲမျိုးစုံ ပြည်ပသို့ တင်ပို့မှုတန်ဖိုးသည် ၂၀၀၉-၂၀၁၀ ခုနှစ်တွင် စိုက်ဧက ၁၀ ဒဿမ ၅ သန်း စိုက်ပျိုးနိုင် ခဲ့ပြီး ပြည်ပသို့ တန်ချိန် ၁၂ ဒဿမ ၉ သိန်း တင်ပို့နိုင်ခဲ့ကာ ၂၀၀၉ ခုနှစ်တွင် ကမ္ဘာပေါ်ရှိ ဒုတိယ ပဲတင်ပို့မှု အများဆုံး နိုင်ငံအဖြစ်သို့ ရောက်ရှိနေကြောင်း သိရသည်။

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနအနေဖြင့်လည်း လက်ရှိအချိန်တွင် ဈေးကွက်သစ်များ ရှာဖွေရန်၊ တန်ဖိုးမြင့် ထုတ်ကုန်များ ထုတ်လုပ်၍ ဈေးကွက်သစ်ရှာဖွေရန်၊ ရေမြေနှင့် ကိုက်ညီပြီး အထွက်နှုန်းတိုးသည့် မျိုးစေ့များ အသုံးပြု၍ စိုက်ပျိုးထုတ်လုပ်တင်ပို့ရန်၊ ဝယ်သူဈေးကွက်မှ ရောင်းသူဈေးကွက်ဖြစ်စေရန် ဖန်တီးဆောင်ရွက်လျက် ရှိကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။

ထို့ပြင် လက်ရှိအချိန်တွင် ရန်ကုန်တိုင်းဒေသကြီးအတွင်း တစ်ကြိမ်တည်း ရိတ်သိမ်းခူးခြွေနိုင်ပြီး အထွက်နှုန်း တိုးသည့် ပဲမျိုးသစ် ရေဆင်း ၁၁ ကိုယခုနှစ် ဆောင်းရာသီမှ စတင်၍ စမ်းသပ်စိုက်ပျိုးလျက်ရှိကြောင်း သိရသည်။

ထိုသို့ ရန်ကုန်တိုင်းဒေသကြီးအတွင်း စမ်းသပ်စိုက်ပျိုးမှုများ အောင်မြင်သွားပါက ပဲစိုက်ပျိုးရာတွင် အလုပ်သမား စရိတ်၊ အချိန်နှင့် လုပ်အားခများ သက်သာသွားစေနိုင်မည်ဖြစ်ကြောင်း မြန်မာ့စိုက်ပျိုးရေးမှ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့ကြောင်း သိရသည်။

YC

-----------------------------------------------------------------------------------------------------------------------------------

အရှုံးပေါ်နေသည့် မြန်မာ့အသေးစားချေးငွေရုံးခွဲ ၃၁ ရုံးပိတ်မည်

ပြည်နယ်နှင့် တိုင်းဒေသကြီးအသီးသီးရှိ ဝင်ငွေလျာထားချက် ပြည့်မှီခြင်းမရှိဘဲ အရှုံးပေါ်နေသည့် ရုံးခွဲ ၃၁ ရုံးကို ပိတ်သိမ်းသွားမည်ဖြစ်ကြောင်း မြန်မာ့အသေးစားချေးငွေလုပ်ငန်းမှ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။

ဝင်ငွေလျာထားချက်မပြည့်မီ၍ ပိတ်သိမ်းရတော့မည့် မြန်မာ့အသေးစားချေးငွေရုံးခွဲများမှာ စစ်ကိုင်းတိုင်းဒေသကြီး အတွင်းရှိ ရုံးခွဲတစ်ရုံး၊ ပဲခူးတိုင်းဒေသကြီးအတွင်းရှိ ရုံးခွဲတစ်ရုံး၊ မန္တလေးတိုင်းဒေသကြီးအတွင်းရှိ ရုံးခွဲတစ်ရုံး၊ မွန်ပြည်နယ်အတွင်းရှိ ရုံးခွဲတစ်ရုံး၊ ရခိုင်ပြည်နယ်အတွင်းရှိ ရုံးခွဲ သုံးရုံး၊ ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ရုံးခွဲ ၁၃ ရုံးနှင့် ဧရာဝတီ တိုင်းဒေသကြီးအတွင်းရှိ ရုံးခွဲရှစ်ရုံးတို့ပင်ဖြစ်ကြောင်း သိရသည်။

မြန်မာ့အသေးစားချေးငွေလုပ်ငန်းအား မြန်မာ့အသေးစားငွေရေးကြေးရေး ကြီးကြပ်စစ်ဆေးရေးလုပ်ငန်းအဖြစ် ပြင်ဆင်ဖွဲ့စည်း သွားမည် ဖြစ်ကြောင်း မြန်မာ့အသေးစားချေးငွေလုပ်ငန်းမှ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။

နိုင်ငံတော်၏ မူဝါဒများအရ ကျေးလက်ဒေသဖွံ့ဖြိုးရေးနှင့် ဆင်းရဲနွမ်းပါးမှုလျော့ကျရေး အစီအမံနှင့်အညီ အသေးစား ချေးငွေလုပ်ငန်းများအပြင် အသေးစားငွေရေး၊ ကြေးရေး လုပ်ငန်းကြီးကြပ်စစ်ဆေးရေး တာဝန်များကိုပါ ဆောင်ရွက် သွားမည်ဖြစ်ကြောင်း သိရသည်။

ထို့ပြင် မြန်မာနိုင်ငံအတွင်း ပုဂ္ဂလိက ငွေစုငွေချေး လုပ်ငန်းများကိုလည်း တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ကျယ်ပြန့်စွာ လုပ်ကိုင်နိုင်ရန် ဥပဒေ၊ အခြေခံမူနှင့် လုပ်ထုံးလုပ်နည်းများ တိတိကျကျ မရှိသည့်အတွက် အခက်အခဲ များစွာ ကြုံတွေ့ခဲ့ရကြောင်း ချင်းမိုင်တက္ကသိုလ်မှ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။

ထိုသို့ ငွေချေးလုပ်ငန်းများတွင် ပြဿနာများ ဖြစ်ပေါ်နေခဲ့သည့်အတွက် နိုင်ငံတော်မှ ၂၀၁၁ ခုနှစ် ဒီဇင်ဘာလ ၂ ရက်နေ့တွင် အခြေခံ လူတန်းစားများအတွက် အသေးစားငွေရေးကြေးရေး လုပ်ငန်း ဥပဒေကို ပြဋ္ဌာန်းပေးခဲ့ကြောင်း သိရသည်။

YC

-----------------------------------------------------------------------------------------------------------------------------------

ကရင်ပြည်နယ် ဘာအံမြို့၌ စက်ရုံများ ပန္နက်တင်အုတ်မြစ်ချပွဲ ကျင်းပ

အစိုးရသစ်လက်ထက်၌ ကရင်ပြည်နယ်အတွင်းရှိ ဒေသခံပြည်သူများ၏ အလုပ်အကိုင်အခွင့်အလမ်းပိုမို ပေါများလာနိုင်စေရန်နှင့် နိုင်ငံ၏ စီးပွားရေးကို အထောက်အကူပြုနိုင်စေရန် ၂၀၁၁ ခုနှစ် ဒီဇင်ဘာလ ၇ ရက်နေ့တွင် ကရင်ပြည် နယ် ဘားအံစက်မှုဇုန်၌ စက်ရုံများ ပန္နက်တင် အုတ်မြစ်ချပွဲ အခမ်းအနားကို ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ကရင်ပြည်နယ် ဘားအံမြို့ရှိ ပန္နက်တင်အုတ်မြစ်ချပွဲပြုလုပ်ခဲ့သည့် စက်ရုံများမှာ မြန်မာတောင်ပိုင်း ဖွံ့ဖြိုးတိုး တက်မှု ကုမ္ပဏီလီမီတက်အုပ်စု (Myanmar Southern Development Co.,Ltd.Group)၊ Supply Chain၊ သိန်းလင်းမြိုင် ကုမ္ပဏီလီမီတက်နှင့် UMH Co.,Ltd တို့၏ အထည်ချုပ်စက်ရုံများ၊ ဒေသခံလုပ်ငန်းရှင်များ၏ အထွေထွေစက်မှု လုပ်ငန်း များနှင့် စတင်တည်ဆောက်ကြမည့် စက်ရုံများကို ပန္နက်တင် အုတ်မြစ်ချပွဲ စတင်ပြုလုပ်ခဲ့ကြောင်း သိရသည်။

“အခုလို မြန်မာနိုင်ငံမှာ ရှိတဲ့ ပြည်နယ်နဲ့ တိုင်းဒေသကြီးတွေမှာ စက်ရုံအသစ်တွေ တည်ဆောက်တယ်ဆိုတာ တကယ်ကိုကောင်းပါတယ်။ ဒေသခံပြည်သူတွေအတွက် အလုပ်အကိုင်အခွင့်အလမ်းတွေ ပိုပြီးပေါများလာတဲ့အပြင် နိုင်ငံရဲ့ စီးပွားရေးကိုပါ အထောက်အကူပြုစေမယ်ဆိုတော့ ကြိုဆိုပါတယ်” ပာု စီးပွားရေးပညာရှင်တစ်ဦးက ပြောကြား ခဲ့သည်။

YC

***************************************************************************

ပြည်တွင်းပါတီ၊ နိုင်ငံရေးသတင်းများ

နိုင်ငံရေးအကျဉ်းသားစာရင်းအား အများပြည်သူထံ ဖြန့်ဝေမည်

မြန်မာတစ်နိုင်ငံလုံးတွင်ရှိသည့် အကျဉ်းထောင် အသီးသီး၌ အကျဉ်းကျနေသည့် နိုင်ငံရေးအကျဉ်းသား ၇၀၀ ကျော်စာရင်းအား ပြုစုကာ အများပြည်သူထံ ဖြန့်ဝေမည်ဖြစ်ကြောင်း အဆိုပါစာရင်းအား ပြုစုနေသူ ၈၈ မျိုးဆက် ကျောင်းသားဟောင်း ဦးတိုးကျော်လှိုင်က ပြောကြားသည်။

အဆိုပါစာရင်းအား နိုင်ငံတော်သမ္မတနှင့် မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင်ထံသို့လည်း တင်ပြမည်ဖြစ်ကာ အများပြည်သူ သိရှိစေနိုင်ရန်အတွက် လူသွား၊လူလာများသည့် နေရာများတွင် ကပ်ပေးမည် ဖြစ်ကြောင်း သိရသည်။

“အာဏာပိုင်တွေ မကပ်နဲ့ဆိုတဲ့ နေရာမှာ မကပ်ပါဘူး။ နိုင်ငံရေးအကျဉ်းသားမိသားစုတွေ သွားလာတတ်တဲ့ နေရာတွေ၊ အမေရိကန် စင်တာတွေမှာ ကပ်ထားမှာပါ”ဟု ဦးတိုးကျော်လှိုင်က ဆိုသည်။

၎င်းတို့ပြုစုသည့် နိုင်ငံရေးအကျဉ်းသားစာရင်းသည် အခြားသော အဖွဲ့အစည်းများက ပြုစုနေသည့် စာရင်းနှင့် တူညီမှုမရှိသော်လည်း အနီးစပ်ဆုံး၊ အမှန်ကန်ဆုံး ဖြစ်စေရန် ရည်ရွယ်ထားပါကြောင်း ဦးတိုးကျော်လှိုင်က ထုတ်ဖော် ပြော ကြားသည်။

အန်အယ်ဒီမှ ထုတ်ပြန်သည့် ယုံကြည်ချက်ကြောင့် အကျဉ်းကျခံ နေရသူများ စာရင်းတွင် နိုင်ငံရေးအကျဉ်းသား ၅၉၁ ယောက်သည် အကျဉ်းထောင်များတွင် ဆက်လက်ကျန်ရှိနေကြောင်း ဖော်ပြထားသည်။

“အစိုးရက နိုင်ငံရေးအကျဉ်းသား ဘယ်နှယောက် လွှတ်ပေးတယ်ဆိုတာ သိရဖို့ တိကျတဲ့ နိုင်ငံရေးအကျဉ်းသား စာရင်းရှိဖို့ လိုပါတယ်”ဟု နိုင်ငံရေးအကျဉ်းသား မိသားစုဝင် တစ်ဦးက ပြောသည်။

“တစ်နိုင်ငံလုံးမှာ နိုင်ငံရေးအကျဉ်းသား ၅၀၀ ကျော်ရှိမယ် ဆိုတာ သေချာပါတယ်”ဟု အမျိုးသားလူ့အခွင့်အရေး ကော်မရှင် အဖွဲ့ဝင်တစ်ဦးက ဆိုသည်။

ပြည်ပရောက် အဖွဲ့အစည်းတစ်ခု ဖြစ်သည့်  နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်းက မြန်မာနိုင်ငံရှိ အကျဉ်းထောင်များတွင် နိုင်ငံရေးအကျဉ်းသား တစ်ထောင်ကျော် ကျန်ရှိကြောင်း သတင်းထုတ်ပြန်ထားသည်။

YC(KS)

***************************************************************************

ကြားဖြတ်ရွေးကောက်ပွဲ၌ NLD မှ လူငယ်နှင့် တိုင်းရင်းသားများသာ အဓိကယှဉ်ပြိုင်မည်

လွှတ်တော်တွင်း လစ်လပ်နေရာ ပြန်လည်ဖြည့်တင်းမည့် လာမည့် ကြားဖြတ်ရွေးကောက်ပွဲတွင် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီမှ လူငယ်နှင့် တိုင်းရင်းသားကိုယ်စားလှယ်လောင်းများသာ အဓိကထား ယှဉ်ပြိုင်သွားမည် ဖြစ်ကြောင်း သိရသည်။

အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်၏ မူဝါဒများအတိုင်း လွှတ်တော်နိုင်ငံရေးကဏ္ဍတွင် အကောင်းဆုံး ကြိုးစားသွားမည်ဖြစ်ပြီး ကြားဖြတ် ရွေးကောက်ပွဲ၌ လူငယ်နှင့် တိုင်းရင်းသားများကိုသာ အဓိကထား ဝင်ရောက်ယှဉ်ပြိုင်စေမည် ဖြစ်ကြောင်း NLD ပါတီမှ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်သည် နိုဝင်ဘာလ ၁၈ ရက်နေ့တွင် ဗပိာုအစည်းအဝေးခေါ်ယူကာ ပါတီမှတ်ပုံတင်ရေးနှင့် ကြားဖြတ် ရွေးကောက်ပွဲ ဝင်ရောက်ယှဉ်ပြိုင်ရေးအတွက် ဆုံးဖြတ်ချက် ချမှတ်ခဲ့ပြီး ၂၀၁၁ ခုနှစ် နိုဝင်ဘာလ ၂၅ ရက်နေ့တွင် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်သို့ ပါတီတည်ထောင်ခွင့် မှတ်ပုံတင် လျှောက်ထားခဲ့ကြောင်း သိရ သည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီသည် လာမည့်ကြားဖြတ်ရွေးကောက်ပွဲတွင် လွှတ်တော်တွင်း လစ်လပ်မဲဆန္ဒနယ် (၄၈) နေရာလုံး၌ ဝင်ရောက် ယှဉ်ပြိုင်သွားမည်ဖြစ်ပြီး လာမည့် ကြားဖြတ်ရွေးကောက်ပွဲ၌ NLD ပါတီ၏ အထွေအထွေအတွင်းရေးမှူး လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်သည် ကော့မှူးမဲဆန္ဒနယ်မှ ဝင်ရောက်ယှဉ် ပြိုင်သွားမည်ဖြစ်ကြောင်း သိရသည်။

ထို့ပြင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ နှစ်ပေါင်း ၂၀ ကျော်အသုံးပြုလာသည့် ခမောက်တံဆိပ်အစား ခွပ်ဒေါင်း တံဆိပ်ကို ပြောင်းလဲ အသုံးပြုသွားမည် ဖြစ်ကြောင်း သိရသည်။

YC

***************************************************************************

ကုလသမဂ္ဂအတွင်းရေးမှူးချုပ် မြန်မာနိုင်ငံသို့ လာရောက်နိုင်ဖွယ်ရှိ

လက်ရှိကုလသမဂ္ဂအတွင်းရေးမှူးချုပ်အဖြစ် တာဝန်ထမ်းဆောင်လျက်ရှိသော မစ္စတာ ဘန်ကီမွန်းသည် လာမည့် ၂၀၁၂ ခုနှစ် နှစ်ဆန်းပိုင်းတွင် မြန်မာနိုင်ငံသို့ လာရောက်လေ့လာမှုများ ပြုလုပ်သွားနိုင်ဖွယ်ရှိကြောင်း ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရုံး ပြောရေးဆိုခွင့်ရှိသူ Martin Nesirky ကို ကိုးကား၍ နိုင်ငံတကာသတင်းဌာနမှ ဖော်ပြခဲ့သည်။

၂၀၁၀ နှစ်ဆန်းပိုင်းတွင် မြန်မာနိုင်ငံသို့ လာရောက်မည့် ကုလအတွင်းရေးမှူးချုပ် မစ္စတာဘန်ကီမွန်း၏ မြန်မာနိုင်ငံ ခရီးစဉ်အတွင်း နိုင်ငံတော် သမ္မတဦးသိန်းစိန်အပါအဝင် မြန်မာအစိုးရအဖွဲ့ရှိ ထိပ်တန်းခေါင်းဆောင်များ၊ မြန်မာနိုင်ငံ၏ လုထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် တို့နှင့် တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံသည် အစိုးရသစ်လက်ထက်မှ စတင်၍ နိုင်ငံရေး၊ စီးပွားရေး ပြုပြင်ပြောင်းလဲမှုများကို လုပ်ဆောင်လျှက်ရှိပြီး လက်ရှိအချိန်တွင် ပြောင်းလဲလာသည့် မြန်မာနိုင်ငံ အကူးအပြောင်းများအပေါ် မူတည်၍ မြန်မာအာဏာ ပိုင်များနှင့် ကုလသမဂ္ဂအကြား ညှိနှိုင်းဆောင်ရွက်မှုများ လုပ်ဆောင်လျှက်ရှိကြောင်း သိရသည်။

မြန်မာနိုင်ငံသို့ လာမည့် ၂၀၁၂ ခုနှစ် နှစ်ဆန်းပိုင်းတွင် ကုလအတွင်းရေးမှူးချုပ် မစ္စတာဘန်ကီမွန်း လာရောက်ခဲ့ ပါက မြန်မာနိုင်ငံ၏ ဒီမိုကရေစီ အသွင်ကူးပြောင်းမှုသည် ပို၍ထင်သာမြင်သာ ရှိလာမည့် အကျိုးရလဒ်များ ထွက်ပေါ်လာနိုင်ကြောင်း မြန်မာနိုင်ငံအရေးလေ့လာသူများက သုံးသပ်ပြောကြားခဲ့သည်။

ကုလအတွင်းရေးမှူးချုပ် မစ္စတာဘန်ကီမွန်းသည် ၂၀၁၂ ခုနှစ် နှစ်ဆန်းပိုင်းတွင် မြန်မာနိုင်ငံသို့ လာရောက်မည် ဆိုပါက တတိယအကြိမ်မြောက် မြန်မာနိုင်ငံခရီးစဉ်အဖြစ် လာရောက်ခြင်းဖြစ်ပြီး ၂၀၀၈ ခုနှစ် မေလ (၂၂) ရက်နေ့၌ နာဂစ်မုန်တိုင်းကူညီကယ်ဆယ်ရေးတွင်  တစ်ကြိမ်၊ ၂၀၀၉ ခုနှစ်တွင် အမျိုးသားပြန်လည်ရင်ကြားစေ့ရေး ကြိုတင်ဆွေးနွေးပေးရေး တစ်ကြိမ်၊ စုစုပေါင်း နှစ်ကြိမ်တိုင် လာရောက်ခဲ့ ဘူးကြောင်း သိရသည်။

Ref:မြန်မာပို့စ်

***************************************************************************

သတင်းနှင့် ဆောင်းပါးများမှ ကောက်နှုတ်ချက်များ

မေး- နောက်တစ်ခုကတော့ ကျွန်တော်တို့နိုင်ငံက လက်ရှိအချိန်မှာ စီးပွားရေးလုပ်ငန်းအများစုက သဘာဝအရင်းအမြစ် ပေါ်မှာပဲ မှီခို နေရတာဆိုတော့ ဒီလိုသာဆက်ဖြစ်နေရင် နောင် ၁၀ နှစ်မှာ ဖြစ်လာနိုင်တဲ့အနေအထား ကို သုံးသပ်ပေး ပါဆရာ။

ဖြေ- ဒါကတော့ မလေးရှားလဲ သဘာဝအရင်းအမြစ်အပေါ်မှီတည်တာပဲပေါ့ဗျာ။ ဘရှုနိုင်းဆိုရ် လုံးဝကို မှီတည်နေတာ အဓိကကတော့ ကုန်းဆုံးနိုင်သော သဘာဝအရင်းအမြစ်များ၊ ပြန်လည်မဖြည့်စွမ်းနိုင်သော သဘာဝအ ရင်းအမြစ်များ ဆိုရင်တော့ ကုန်ထုတ်လုပ်တဲ့အခါ စီမံချက်ထားဖို့တော့ကောင်းတယ်။ ဘယ်နှနှစ်ထုတ်မလဲ။ ဘယ်နှနှစ်ခံအနေနဲ့ ထုတ်မလဲ။ အဓိကကတော့ ဘာအတွက်ထုတ်နေတာလဲ။ နိုင်ငံခြားငွေရအောင်ထုတ်နေတာ ဆိုပါစို့။ ဒါတွေကုန်ဆုံးသွားတဲ့ အချိန်ကျရင် တိုင်းပြည်ကို ကိုယ့်ခြေထောက်ပေါ်ကိုယ်ရပ်နိုင်အောင် လုပ်ထားသလားဆိုတဲ့အပေါ် မူတည်တယ်။

ဒီဇင်ဘာ ၈ ထုတ် ရန်ကုန်တိုင်းမ် အတွဲ (၇) အမှတ် (၄၇) တွင်ပါသည့် “အရှေ့တောင်အာရှလေ့လာရေးအင်စတီကျုမှ ဒေသတွင်း မဟာဗျူဟာနှင့် နိုင်ငံရေးလေ့လာမှု အစီအစဉ်များဆိုင်ရာ အကြီးတန်းသုတေသနမှူး ဒေါက်တာတင်မောင်မောင်သန်းနှင့် အင်တာဗျူး” ကောက်နှုတ်ချက်

***************************************************************************

“၂၀၁၄ အာဆီယံဥက္ကဋ္ဌနေရာကို ကိုယ့်နိုင်ငံကရမယ်။ ကိုယ့်ဆီက မီဒီယာပိုင်းက ဖြည့်ဆည်းရမယ်ဆိုရင်တော့ အဓိက ကျတဲ့ နှစ်ပိုင်းရှိတယ်။ တစ်ပိုင်းက သက်ဆိုင်ရာမီဒီယာတွေအပိုင်းပဲ။ မီဒီယာသမားတွေအနေနဲ့ အခြေခံ ကျင့်ဝတ်ဖြစ်တဲ့ ကိစ္စရပ်တွေအားလုံးကို အသေအချာလိုက်နာသင့်တယ်။ အာဆီယံ ထိပ်သီးဆွေးနွေးပွဲကို တက်ရောက်မယ့် မီဒီယာသမား တွေ အတွက် နိုင်ငံတကာခေါင်းဆောင်တွေနဲ့ တွေ့ဆုံရတော့မယ်ဆိုတော့ Ethic ပိုင်းက အရေးကြီးတယ်။ Ethic ပြီးရင်တော့ Capacity ပိုင်းပါပဲ။ မီဒီယာသမားတွေရဲ့ လုပ်ပုံကိုင်ပုံ၊ ပြောပုံဆိုပုံ၊ သတင်းရယူပုံတွေဟာ အင်မတန်အရေး ကြီးသလို တခြားအိုင်တီလုပ်ငန်းနဲ့ဆိုင်တဲ့ ကျွမ်းကျင်မှုတွေ အများကြီးလိုအပ်တယ်။ နည်းပညာနဲ့ပတ်သက်တာ၊ အင်တာ နက်၊ အီးမေးလ်နဲ့ ပတ်သက်တာတွေ အားလုံးကို ဖြည့်ဆည်းထားနိုင်ရမယ်။ ဘာသာစကားနဲ့ ပတ်သက်တဲ့ လိုအပ်တာတွေကိုလည်း အခုအချိန်ကတည်းက ကျွမ်းကျင်အောင် ဖြည့်ဆည်းထားနိုင်ဖို့ လိုအပ်တယ်။ အင်္ဂလိပ်စာကျွမ်းကျင်အောင် ပြည်တွင်းမီဒီယာသမားတွေအားလုံး ဖြည့်ဆည်းထားဖို့လိုတယ်။ နိုင်ငံတကာ သတင်းမီဒီယာသမားတွေရဲ့ကြားမှာ ကိုယ့်ရဲ့ အင်္ဂလိပ်စာအရည်အချင်းက ကောင်းမွန်ဖို့အရေးကြီးပါတယ်။ ထစ်ငေါ့မှုမရှိအောင် လုပ်ထားရမယ်။ နောက်တစ်ခုက ဘာသာရပ်ဆိုင်ရာ အချက်အလက်တွေကို လေ့လာထားကြဖို့ပါပဲ။ အာဆီယံနဲ့ပတ်သက်တဲ့ အကြောင်းအရာတွေ အားလုံးကို အသေအချာသိရမယ်။ အဲဒီလိုလေ့လာမှလည်း တကယ်တမ်းမေးရမယ်ဆိုတဲ့အခါမှာ ပိုင်ပိုင်နိုင်နိုင်မေးနိုင်မှာ ဖြစ်တယ်”

ဒီဇင်ဘာ ၈ ထုတ် Venus News အတွဲ (၃) အမှတ် (၂၁) တွင်ပါသည့် “၂၀၁၄ အာဆီယံထိပ်သီးညီလာခံ မတိုင်မီ မီဒီယာတွေ ဘယ်လိုပြင်ဆင်မလဲ” သတင်းဆောင်းပါးမှ နိုင်ငံတော်သမ္မတ၏ နိုင်ငံရေးအကြံပေး ဦးကိုကိုလှိုင်၏ ပြောကြားချက် အပေါ် ကောက်နှုတ်ချက်

***************************************************************************

ကျွန်တော်က ပြည်သူတွေကြားထဲမှာ နေထိုင်သွားလာလှုပ်ရှားပြီး ပြည်သူတွေ အသံကို မပြတ်ကြားနေရသူ ဖြစ်တာကြောင့် ပွင့်ပွင့်လင်းလင်း ပြောရရင် ၂၀၁၀ ရွေးကောက်ပွဲအပေါ် ပြည်သူတွေရဲ့ စိတ်ဝင်စားမှုက သိပ်ရှိခဲ့ကြတာ မဟုတ်ဘူး ဆိုတာသိနေတယ်ဗျ။ ဒါပေမဲ့ အခု ကျင်းပမယ့် ကြားဖြတ်ရွေးကောက်ပွဲမှာတော့ အဲသလို မဟုတ်မှာ သေချာနေတယ်ဗျာ။ ဒါကြောင့် ကြိုတင်မဲတို့ ဘာတို့ဆိုတဲ့ ပြဿနာတွေ တက်လာဦးမယ်ဆိုရင် အမှိုက်ကအစ ပြာသာဒ်မီးလောင်သွားနိုင်တဲ့ အန္တရာယ်ရှိနေတယ်ဗျ။ ၂၀၁၀ တုန်းက နိုင်ငံရေးပါတီ အတော် များများဟာ ရွေးကောက်ပွဲကို ဖုတ်ပူမီးတိုက် ဝင်ခဲ့ကြရတာ ဖြစ်ပြီး မဲရုံတိုင်းမှာ မဲရုံကိုယ်စားလှယ်တောင် မထားနိုင်တဲ့ အမတ်လောင်းက အများစု ဖြစ်ခဲ့တယ်ဗျ။

ဒီဇင်ဘာ ၈ ထုတ် ပြည်သူ့ခေတ် ဂျာနယ် အတွဲ (၂) အမှတ် (၇၂) တွင်ပါသည့် ဆောင်းပါရှင် မောင်ဝံသ၏ “ကြားဖြတ်ရွေး ကောက်ပွဲ ဘယ်လောက် အရေးကြီးလဲ” ဆောင်းပါးမှ ကောက်နှုတ်ချက်

***************************************************************************

 

 


Google Docs makes it easy to create, store and share online documents, spreadsheets and presentations.
Logo for Google Docs

0 comments:

Post a Comment