Transparency Myanmar

transparency.myanmar@gmail.com

yangonchronicle2011 Op-Ed
yangonchronicle2011 Op-Ed

၈.၁၂.၂၀၁၁

ဆောင်းပါးကဏ္ဍ

  1. ဒီမိုကရေစီနှင့် သမူဟ

*************************************************************************************

ဆောင်းပါးကဏ္ဍ

ဒီမိုကရေစီနှင့် သမူဟ

ဒီမိုကရေစီသည် တကမ္ဘာလုံးမှ ကျင့်သုံးနေသည့် နိုင်ငံရေးစနစ်တစ်ခုဖြစ်သည်နှင့်အညီ ဒီမိုကရေစီ အခြေခံသဘောတရားများနှင့် အဆိုးဘက် မျက်နှာစာကို ယခုအချိန်ထိအငြင်းပွားနေရဆဲပင် ဖြစ်လေသည်။ နာမည်ကျော် နိုင်ငံရေးသိပ္ပံပညာရှင်တစ်ဦးဖြစ်သူ ဖရန်စစ်ဖူကူးယားမားက လစ်ဘရယ်ဒီမိုကရေစီနှင့် ဈေးကွက်စီးပွားရေးစနစ်မှာ ကွန်မြူနစ်စနစ်နှင့် စီမံကိန်းစီးပွားရေးစနစ်ကို အပြီးတိုင်အနိုင်ရသွားခဲ့ပြီ၊ ထိုကြောင့် လူသား များမှာ အခြားရွေးချယ်စရာ မရှိတော့ပြီ၊ လစ်ဘရယ်ဒီမိုကရေစီနှင့် ဈေးကွက်စီးပွားရေးစနစ်ကိုသာ နောက်ဆုံး ရွေးချယ်ရမည်ဖြစ်ကြောင်း အကောင်း မြင်ရှုထောင့်က ထုတ်ဖော်ရေးသားသွားခဲ့လေသည်။  

ဒီမိုကရေစီအတက်အကျ သံသရာ

သို့သော် ဆိုဗီယက်ယူနီယံကြီး ပြိုကွဲပြီးနောက်ပိုင်း ဒီမိုကရေစီအနာဂတ်မှာ အကောင်းဘက်သို့ချည်းပင် ဦးတည်သွားသည်တော့ မဟုတ်ပါ။ ဥပမာယဲလ်ဆင်ခေတ်ကရုရှားမှာ နိုင်ငံရေးလွတ်လပ်ခွင့်ရှိသလောက် ယခု မတ်ဗီဒတ်လက်ထက် ရုရှားမှာ လွတ်လပ်ခွင့် နည်းပါးသွားခဲ့လေသည်။ ဒီမိုကရေတစ် အင်စတီကျူးရှင်းများ အခိုင်အခန့် ရှိပါသည်ဟု ဆိုသော အမေရိကန်နိုင်ငံရေးမှာပင်လျှင် အစွန်းနှစ်ဖက် နိုင်ငံရေးစနစ်မျိုး မဖြစ်ပေါ်စေ ရန် ပညာရှင်များက ဝိုင်းဝန်ဝေဖန် ထောက်ပြခြင်းမျိုးလည်း ရှိလေသည်။ ထို့အပြင် ဒီမိုကရေစီမှာ အနောက်စက်မှုဖွံ့ဖြိုးပြီးနိုင်ငံများတွင် အဆက်အဟပ် တည့်သလောက် ဖွံ့ဖြိုးဆဲနိုင်ငံများတွင်တော့ ဒီမိုကရတစ် အလေ့အကျင့်များ ဖြစ်ပေါ်လာဖို့ အခက်အခဲများနှင့် အကန့် အသတ်များ ရှိနေဆဲပင် ဖြစ်လေသည်။           

လမ်းချော်သွားတတ်သည်

ဒီမိုကရေစီကို နိုင်ငံရေးသိပ္ပံပညာရှင်များ၊ အတွေးအခေါ်ပညာရှင်များက အဓိပ္ပယ်များစွာ (ခန့်မှန်းချိန် ၁၅၀) ဖွင့်ဆိုထားသော်လည်း ယနေ့ အထိ ပညာရှင်အများစု လက်ခံထားသော ဖွင့်ဆိုချက်မှာ By the people, Of the people, For the people ဟူ၍ဖြစ်လေသည်။ သီအိုရီအရတွင်တော့ လူထုမှ မိမိအကျိုးစီးပွားကို ဆောင်ရွက်ပေးမည့် လူထုကိုယ်စားလှယ်ကိုရွေးချယ်တင်မြောက်ပေးခြင်းဖြင့် အုပ်ချုပ်စေခြင်းမျိုးဖြစ်လေသည်။ စံနှုန်း အခြေပြု ချဉ်းကပ်မှုမျိုး အလွယ်ကူဆုံးနားလည်၍ ရနိုင်လေသည်။ သို့သော် လက်တွေ့ အာဏာနိုင်ငံရေးဖြစ်စဉ်မှာတော့ မိမိအာဏာ တည်မြဲရေး အတွက် ညစ်နည်းပေါင်းစုံဖြင့် ညစ်လာကြပြီးလူထုအကျိုးကို အမှန်တကယ် မဆောင်ရွက်နိုင်သည့်အခါ ဘောဂဗေဒဘာသာရပ် သဘောတရားတစ်ခု ဖြစ်သည့် Priciple-agent problem မျိုးပေါ်ပေါက်လာရတော့သည်။ လုပ်တတ်ကိုင်တတ်သည့် လူနည်းစုက ကိုယ့်ကျိုးစီးပွားအတွက် ဆောင်ရွက် လာကြသော်အခါ ဒီမိုကရေစီစနစ်မှာရင့်ကျက်ပြည့်ဝမှုသို့ ရောက်ရှိမသွားဘဲ အော်လီဂါခီစနစ်ထဲမှာပင် တဝဲဝဲလည်ကာ နိုင်ငံဖွံ့ဖြိုးရေး တိုးတက်ရေး အတွက် အဟန့်အတားများ ဖြစ်ပေါ်လာရလေသည်။ ယင်း ကိုဖွံ့ဖြိုးဆဲနိုင်ငံများ၏ ဒီမိုကရက်တစ် နိုင်ငံရေးဖြစ်စဉ်များတွင် အများဆုံးတွေ့မြင် ရလေသည်။ ဥပမာ အားဖြင့် ဖိလစ်ပိုင်မှာ အမေရိကန်ကိုလိုနီဖြစ်ခဲ့စဉ်က အမေရိကန်နိုင်ငံအနေဖြင့် ဒီမိုကရက်တစ် အင်စတီကျူးရှင်း တစ်ခုဖြစ်သော လွှတ်တော်ကိုသာ စနစ်တကျ တည်ဆောက်ပေးသွားခဲ့သည့်အတွက် ကျန်သည့် အင်စတီကျူးရှင်းများ အားနည်းကာတည်ငြိမ်သည့် ဒီမိုကရေစီစနစ်ကို ယခုထက်တိုင် မရေးတတ်သေး ဖြစ်နေရလေသည်။ ထို့အပြင် ဖိလစ်ပိုင်နိုင်ငံရေးအထက်တန်းလွှာအသိုင်းအဝိုင်းမှာ ကြွယ်ဝချမ်းသာသည့် မြေရှင်မျိုးရိုးမှ ဆင်းသက်လာသူများ ဖြစ်လေ ရာ အခြားသောလူမှုလူတန်းစားများမှာ နိုင်ငံရေးတွင် အထက်တန်းသို့ ရောက်နိုင်ရန် အခွင့်အလမ်းနည်းပါးလေသည်။

အရပ်ဖက်လူ့အဖွဲ့အစည်းများ အားကောင်းဖို့လို

ဒီမိုကရေစီအသီးအပွင့်များကို အမှန်တကယ်ခံစားလိုလျှင် ပြည်သူအများအား နိုင်ငံရေး၊ စီးပွားရေးနှင့်ဆိုင်သော အသိပညာများကို တတ်နိုင် သမျှရရှိအောင် ဖန်တီးဆောင်ရွက်ပေးခြင်း ဖြစ်လေသည်။ သို့မှသာ ပြည်သူများမှာ နိုင်ငံသား လှုပ်ရှားမှုဖြစ်စဉ်များ၊ အာဏာနိုင်ငံရေးမဟုတ်သည့် နိုင်ငံအရေးလှုပ်ရှားမှု ဖြစ်စဉ်များတွင် အရပ်ဖက် လူ့အဖွဲ့အစည်းအသွင်ဖြင့် တက်တက်ကြွကြွ ပါဝင်ပတ်သက်လာမှာ ဖြစ်လေသည်။ ကျန်းမာရေးစနစ်၊ ဆေးရုံစနစ် ကောင်းမွန်လာစေရေးအတွက် ဆရာဝန်များမှ မြန်မာနိုင်ငံဆရာဝန်များအသင်းမှတစ်ဆင့် ပြည်သူ့ကျန်းမာရေးစနစ် ယခုထက်ပိုမို ကောင်းမွန်အောင် အလုပ်ရုံးဆွေးနွေးမှုများပြုလုပ်ခြင်း၊ အချိန်ပိုင်း အခမဲ့ဆေးကုသပေးခြင်းမျိုး ဆောင်ရွက်ခြင်း၊ စီးပွားရေးဖွံ့ဖြိုးအောင် ဆောင်ရွက် ရာတွင် လူမှုရေးနှင့် သဘာဝ ပတ်ဝန်းကျင် ထိခိုက်မှုမရှိအောင် တနည်းရေရှည်ဖွံ့ဖြိုးတိုးတက်မှုကို ရရှိအောင် လူမှုရေးအသင်းအဖွဲ့များ၊ သဘာဝ ပတ်ဝန်းကျင်အသင်းအဖွဲ့များ လေ့လာသုံးသပ်မှုများ မပြတ်ပြုလုပ်ခြင်းတို့ ဖြစ်သည်။

မြန်မာနိုင်ငံသည် ယခင် ပါလီမန်ဒီမိုကရေစီခေတ်ကို ဖြတ်သန်းခဲ့ဖူးသော်လည်းဆိုရှယ်လစ်စနစ်၊ အာဏာပိုင်စနစ်နှင့် နှစ်ပေါင်း ၅၀ နီးပါး ယဉ်ပါးလာခဲ့ပြီးမှ ယခုမှတဖန် ဒီမိုကရေစီနိုင်ငံရေးစနစ်ကို ပြန်လည်ကျင့်သုံးမည်ဖြစ်ရာ ဒီမိုကရက်တစ်အလေ့အကျင့်များ ကြွယ်ဝမှု ရှိမည်တော့မဟုတ်။ ယခုအချိန်အခါသည် မြန်မာနိုင်ငံအဖို့ စီးပွားရေး ဖွံ့ဖြိုးတိုးတက်ရန်၊ ဒီမိုကရေစီဖွံ့ဖြိုးရန်အတွက် လမ်းဆုံလမ်းဂွရောက်နေသည့် အခြေအနေမျိုး ဖြစ်လေသည်။ ယခုအချိန်မှစတင်၍ Stakeholder ပြည်သူအပေါင်း နိုင်ငံရေး၊ စီးပွားရေး အင်စတီကျူးရှင်းများကို စနစ်တကျတည်ဆောက်သွားဖို့ အထူးပင် လိုအပ်ပါသည်။ သို့မှသာ ဖြစ်ပေါ်လာဖွယ်ရှိသည့် မတည်ငြိမ်မှုများကို ထိခိုက်နစ်နာမှု အနည်းဆုံးဖြေရှင်းသွားနိုင်ဖို့ပင် ဖြစ်လေသည်။ ဒီမို ကရေစီဆိုသည်မှာ စနစ်တကျ အသုံးချတတ်လျှင် အခြားသော စနစ်များထက်မညီမျှမှုများကို ညီမျှမှုရှိလာအောင် ဆောင်ရွက်၍ ရနိုင်ခြင်း၊ နိုင်ငံသား အခွင့်အရေးများကို အခြေခံဥပဒေဘောင်အတွင်း ပြည့်ပြည့်ဝဝအသုံးချနိုင်ခြင်းအစရှိသည့် အကျိုးကျေးဇူးများရှိပါသည်။ မြန်မာနိုင်ငံတွင် အစိုးရရော၊ ပြည်သူရောဒီမိုကရက်တစ် အလေ့အကျင့်များကို တာဝန်ယူမှုအပြည့်၊ တာဝန်ခံမှုအပြည့် ကျင့်သုံးသွားမည်ဆိုပါက တရားဥပဒေစိုးမိုးမှု ရှိသော ဒီမိုကရေစီ နိုင်ငံတော်ကိုများ မကြာမီကာလအတွင်း တွေ့မြင်လာနိုင်မည်ဖြစ်ပါကြောင်း.........။

*******************************************************************************

 

                                                                                                        

              


Google Docs makes it easy to create, store and share online documents, spreadsheets and presentations.
Logo for Google Docs

0 comments:

Post a Comment