Transparency Myanmar

transparency.myanmar@gmail.com

yangonchronicle2011 Op-Ed
yangonchronicle2011 Op-Ed

၂၈.၁၂.၂၀၁၁

ဆောင်းပါးကဏ္ဍ

  1. မမေ့လျော့သင့်တဲ့ မျိုးဆက်သစ်ခေါင်းဆောင် မွေးထုတ်ရေး

              ******************************************

ဆောင်းပါးကဏ္ဍ

မမေ့လျော့သင့်တဲ့ မျိုးဆက်သစ်ခေါင်းဆောင် မွေးထုတ်ရေး

လူငယ်တွေသည် တိုင်းပြည်၏ အနာဂတ် ခေါင်းဆောင်လောင်းလျာများဟု လက်ရှိခေါင်းဆောင်တွေ အစဉ်အမြဲ မိန့်ခွန်းခြွေလေ့ရှိကြသည်။ သို့ရာတွင် အမှန်တကယ်ရော လူငယ်မျိုးဆက်တွေအပေါ် စေတနာထားရဲ့လားဆိုသည်မှာ သံသယ ဖြစ်စရာပင်။

အဝေးကို ကြည့်ရန်မလို။ ဦးနေဝင်း အာဏာသိမ်းသည့်အချိန်မှစ၍ မြန်မာ့ပညာရေးမှာ ဦးစိုက်ဆင်းသွားခဲ့သည်။ တပ်မတော်အစိုးရ နောက်ပိုင်းတွင် ပို၍ ဆိုးဝါးသွားပြီး နာလံမထူနိုင်အောင် ဖြစ်ရသည်။ လူငယ်တွေမှာ သမိုင်းမသင်ခဲ့ရ။ သမိုင်းမသင်၍ အကုန်ကြသည်။ နိုင်ငံရေးနှင့် ပတ်သက်တာ မသင်ရ။ ထို့ကြောင့် နိုင်ငံရေးကို နားမလည်။ နိုင်ငံရေးကလွဲလျှင် လုပ်ချင်ရာလုပ်၍ရသော ကျောင်းသားဘဝကို ဖန်တီးပေးထားသဖြင့် လမ်းလွဲရောက်ကုန်ကြသည်။ ထိုသို့သော စနစ်တကျ ရည်ရွယ်ချက်ရှိရှိ ဖျက်ဆီးထားသည့် လူငယ်တွေမှာ မည်သို့မျှ အနာဂတ်ခေါင်းဆောင်တွေ ဖြစ်စရာမရှိ။ ဖြစ်လာလျှင်လည်း ဖွတ်မိကျောင်းဖြစ်၊ မြစ်မချမ်းသာ ဟူ၍သာ ဆိုရပေတော့မည်။

ပညာရေးက ချို့ယွင်းသော်လည်း မွေးရာပါ သန္ဓေကြောင့် နိုင်ငံနှင့် လူမျိုးအကျိုးကို ဆောင်ရွက်လိုသည့် လူငယ် သူရဲကောင်းလေးတွေလည်း ပေါ်ခဲ့ဖူး ပါ၏။ အချို့မှာ ရယ်ဒီကယ်လမ်းစဉ်ကိုလိုက်ပြီး ထောင်အသီးသီးမှာ စံမြန်းရ၏။ ကိုယ်ကျင့်တရားနှင့် အနစ်နာခံမှုမှာ ပြောစရာမရှိ၍ ပြည်သူတွေ၏ ချစ်ခင်မှုကို ရကာ အနာဂတ်၏ ခေါင်းဆောင်ဟု သတ်မှတ်ခံရသည်။ ဟာဒယနှင့်တွေ့လျှင် ခေါင်းဆောင်တင်တတ်သော မြန်မာ့ဓလေ့က ယနေ့အထိ အရိုးစွဲနေသည်။ ထောင်ထဲမှာ အချိန်ကုန်နေရသော လူငယ်သည် နိုင်ငံရေး၊ စီးပွားရေး၊ အုပ်ချုပ်ရေးနှင့် ဂလိုဘယ်လိုက်ဇေးရှင်းတွေကို မသိဘဲနှင့် မည်ကဲ့သို့ တိုင်းပြည်ကို ခေါင်းဆောင်မှုပေးမည်နည်း။

နိုင်ငံနှင့် ပြည်သူအတွက်လည်း ပေးဆပ်ချင်စိတ်ရှိသည်။ အစိုးရ၏ ပညာရေးကိုလည်း အားမကိုး။ မိမိကိုယ်ကို ပြင်ပဗဟုသုတ ရနိုင်သမျှ ရှာဖွေ ဖြည့်တင်းပြီး နိုင်ငံတကာမှာ ပညာသင်ခွင့်ရရန် ကြိုးပမ်းနေသည့် လူငယ်တွေလည်းရှိပါသည်။ ထိုလူငယ်တွေသည် တနေ့နေ့တချိန်ချိန်တွင် ကမ္ဘာနှင့် ရင်ဘောင်တန်းနိုင်သော အသိပညာရှင်၊ အတတ်ပညာရှင်ကြီးတွေ ဖြစ်လာကြပေမည်။ သို့ရာတွင် တိုင်းပြည်ခေါင်းဆောင်တွေ ဖြစ်လာမလားဆိုသည်မှာ သံသယဖြစ်ဖွယ်ပင်။ ထို သို့သော လူငယ်တွေကို နိုင်ငံရေးတွင် အမှန်တကယ် နေရာပေးသည်ကို လောက်လောက်လားလား မတွေ့ရသေး။ နေရာပေး ပြုစုပျိုး ထောင်ဖို့ထက် လက်ရှိလူကြီးတွေက သြဇာပေးဖို့သာ ကြိုးစားနေကြသည်။ ကမ္ဘာနှင့် ရင်ဘောင်တန်းနိုင်သော ပညာတတ်လူငယ်တွေ တပုံတပင် ရှိနေပါသည်။ ပွင့်လန်းလာသော ခေတ်အခါအရ ပညာသင်ဆုတွေရရှိပြီး ကမ္ဘာ့ထိပ်တန်း တက္ကသိုလ်ကြီးများမှ ဘွဲ့ရပညာတတ်တွေလည်း ရှိပါသည်။ နိုင်ငံရေးကို စိတ်ဝင် စားသော်လည်း ဘုန်းကြီးတစ္ဆေ တွေလို ပြောရဆိုရခက်သော ခေါင်းဆောင်တွေကြောင့် ထိုသို့သော လူငယ်တွေ နိုင်ငံရေးထဲ၊ အုပ်ချုပ်ရေးထဲ ရောက်မလာဘဲ လက်ညှိုးထောင် ခေါင်းညိတ်လူငယ်တွေသာ ရောက်လာကြသည်။ ထိုသို့ဖြင့် ဗျူရိုကရေစီ ယန္တရားတစ်ခုလုံးလည်း  ပျက်စီးသွားရတော့သည်။

၂၀၁၀ရွေးကောက်ပွဲနောက်ပိုင်း မြန်မာ့နိုင်ငံရေး အခြေအနေမှာ သိသိသာသာ ထူးခြားပြောင်းလဲသွားခဲ့သည်။ ဒီမိုကရေစီနည်းလမ်းအရ ရွေးကောက်ပွဲများ ရှိလာပြီး ပါတီတွေလည်း ပေါ်လာပြီဖြစ်သည်။ လူငယ်နိုင်ငံရေးသမားတွေလည်း ပေါ်ထွက်လာခဲ့သည့်တိုင် လွှတ်တော်ထဲ ရောက်သည့် လူငယ်နိုင်ငံရေးသမားကတော့ ရှားပါးခဲ့သည်။ ယခင်က လွှတ်တော်ထဲရောက်ဖို့ တန်းစီစောင့်ဆိုင်းနေကြသည့် စီနီယာနိုင်ငံရေးသမားကြီးတွေကို အလှည့်ပေး နေ၍လားမသိ။ ပါတီတွေမှာလည်း နှစ်ပေါင်းနှစ်ဆယ်အတွင်း ရွေးကောက်ပွဲ ဝင်ကြရသည်ဖြစ်၍ ပါတီတည်ဆောက်ရေးကို အချိန်မပေးနိုင်၍ ရှိသည့် လူနှင့် ဝင်ပြိုင်ရတာလည်း ပါပေလိမ့်မည်။ သို့ရာတွင် ရွေးကောက်ပွဲပြီးသည့်တိုင် ပြည်ခိုင်ဖြိုးရော ဒီမိုကရက်ပါတီတွေပါ မျိုးဆက်သစ် ခေါင်းဆောင် မွေးမြူတာမျိုး မတွေ့ရသေးပေ။ ပါတီတွေအားလုံးတွင် ရွေးကောက်ပွဲ အောင်နိုင်ရေးကာလက လူငယ်ဗော်လံတီယာတွေ အများအပြား ရရှိခဲ့ကြသည်။ တက်ကြွသည့်လူငယ်တွေကို အနာဂတ်၏ ခေါင်းဆောင်တွေဟု သြဘာပေးခဲ့သည့်တိုင် ရွေးကောက်ပွဲပြီးတည်းက လူကြီးတွေလည်း အလုပ်များနေသဖြင့် လူငယ်တွေကို မေ့လျော့သွားကြဟန် တူပါသည်။ ထူးခြားချက်မှာ လူငယ်တွေအများအပြားရှိသော NLD ရွေးကောက်ပွဲဝင်ရန် ဆုံးဖြတ်လိုက်ခြင်းဖြစ်သည်။ အများတကာထက် သတ္တိကောင်းသော သူရဲကောင်းလေးများဖြစ်၍ အနာဂတ် ခေါင်းဆောင်လောင်းမှာ NLD က ထွက်ပေါ် လာမလားဟု တွေးနိုင်စရာရှိသည်။

သို့သော် ပါတီတွေအနေဖြင့် လူငယ်မျိုးဆက်သစ် စီမံကိန်းကို စိတ်ဝင်စားမည်ဟု ယူဆနိုင်စရာ အချက်တစ်ချက်တော့ တွေ့ရသည်။ ပြည်ခိုင်ဖြိုး ပါတီနှင့် လွှတ်တော်တွင်းက ဒီမိုကရက်ပါတီတွေက လူငယ်တွေကို ဂျပန်နိုင်ငံသို့ လေ့လာရေး ခရီးစေလွှတ်ခဲ့သလို NLD ကလည်း အားကျမခံ ၎င်းတို့၏ လူငယ်တွေကို ပိုလန်နိုင်ငံသို့ စေလွှတ်ပြန်သည်။ ဤသည်မှာ လူငယ်ခေါင်းဆောင် မွေးထုတ်ရေး၏ အစဦးဆုံးခြေလှမ်းများ ဖြစ်သင့်ပါသည်။ လုပ်သင့် လုပ်ထိုက်သည့် ကိစ္စရပ်များလည်းဖြစ်ပါသည်။ သို့ရာတွင် ပါတီတွေ မမေ့မလျော့ရှိစေချင်သည်မှာ အထက်ကဆိုခဲ့သော ကမ္ဘာနှင့် ရင်ဘောင်တန်း နိုင်သည့် လူငယ်လေးများကို မရှာဖွေနိုင်သေးခြင်းဖြစ်သည်။ ရှိပြီးလူငယ်တွေကိုသာ အရည်အသွေးမြှင့်တင်ရန် ကြိုးပမ်းနေသည့် သဘောဖြစ်သည်။ တစ်ဖက်တွင်လည်း အရည်အချင်းရှိသော လူငယ်များကို ပါတီတွင်းသို့ ရောက်ရှိလာအောင် စည်းရုံးသိမ်းသွင်းနိုင်ရန် လိုအပ်ပါသည်။

နိုင်ငံတကာမှာ ကြည့်လျှင်လည်း လူငယ်နိုင်ငံရေးသမားတွေ၏ အခန်းကဏ္ဍကို အလေးပေးလာသည်ကို တွေ့နေရသည်။ အိုဘားမား၊ ဒေးဗစ် ကင်မရွန်းတို့သည် သက်ဆိုင်ရာ ပါတီကြီးများ၏ မျိုးဆက်သစ်ခေါင်းဆောင်မွေးထုတ်မှုများမှ လာခဲ့သလို တရုတ်ခေါင်းဆောင် တိန့်ရှောင်ဖိန်သည်လည်း အမြော်အမြင်ကြီးမားစွာဖြင့် သမ္မတငါးဆက်စာကို စနစ်တကျပျိုးထောင်သွားခဲ့သည်ကို တွေ့ရသည်။ အိန္ဒိယတွင်လည်း ဆိုနီယာဂန္ဒီသည် အသက် သုံးဆယ်ကျော် အရွယ်သာရှိသေးသည့် သားဖြစ်သူ ရာဟူးဂန္ဒီကို စနစ်တကျ ပြုစုပျိုးထောင်ထားပြီး တစ်ချိန်ချိန်တွင် အိန္ဒိယ၏ခေါင်းဆောင်အဖြစ်သာမက ကွန်ဂရက် ပါတီ၏ ဥသျှောင်ဖြစ်ရန်ပါ ရည်မှန်းထားသည်ကို တွေ့ရသည်။ ယုတ်စွအဆုံး ကွယ်လွန်သူ ကွန်မြူနစ်ခေါင်းဆောင် ကင်ဂျုံအီလ်သည်ပင်လျှင် အသက် ၂၇နှစ် အရွယ်သာရှိသေးပြီး ငယ်ရွယ်ထက်မြက်သော သားဖြစ်သူ ကင်ဂျုံအန် ကို အာဏာလွှဲပြောင်းပေးခဲ့သည်ကို တွေ့ရသည်ဖြစ်ရာ လူငယ် မျိုးဆက်သစ်ခေါင်းဆောင် မွေးထုတ်ရန် မည်မျှ အရေးကြီး သည်ကို လက်တွေ့မြင်ရမည်ဖြစ်သည်။

ထို့ကြောင့် ပါတီတွေအနေဖြင့် လူငယ်မျိုးဆက်သစ် ခေါင်းဆောင်မွေးထုတ်ရေးမှာ ပါတီအတွက်သာမက နိုင်ငံအတွက်ပါ အမျိုးသားရေး အမြင်ဖြင့် ဆောင်ရွက်သင့်သည့် လုပ်ငန်းစဉ်တစ်ခုပင်ဖြစ်ပါကြောင်း………….။

*************************************************************************************

              


Google Docs makes it easy to create, store and share online documents, spreadsheets and presentations.
Logo for Google Docs

0 comments:

Post a Comment