Transparency Myanmar

transparency.myanmar@gmail.com

၈.၃.၂၀၁၁
 
ပြည်တွင်းသတင်းများ


ထားဝယ် အထူးစီပွားဇုန် ဥပဒေ ထုတ်ပြန်
မတ် ၇။


နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီက ထားဝယ် အထူးစီးပွားရေးဇုန်ဥပဒေကို ဥပဒေ အမှတ် ၁၇/၂၀၁၁ ဖြင့် ထုတ်ပြန် ကြေညာခဲ့ကြောင်း သတင်းရရှိသည်။

ထားဝယ် အထူးစီးပွားရေးဇုန် ဥပဒေကို အခန်း ၁၂ ခန်း၊ ပုဒ်မ ၅၈ ခုဖြင့် ပြဋ္ဌာန်းထားပြီး အခန်း ၁၂ ခန်း၏ ခေါင်းစဉ်များမှာ အခန်း(၁) အမည်နှင့် အဓိပ္ပာယ် ဖော်ပြချက်၊ အခန်း(၂) ရည်ရွယ်ချက်များ၊ အခန်း(၃) ထားဝယ် အထူးစီးပွားရေး ဇုန်၊ အခန်း(၄) ထားဝယ် အထူး စီးပွားရေးဇုန် စီမံခန့်ခွဲမှု ကော်မတီဖွဲ့စည်းခြင်းနှင့် လုပ်ငန်းတာဝန်များ၊ အခန်း(၅) ရင်းနှီးမြှုပ်နှံသူ၏ အထူးအခွင့်အရေးများ၊ အခန်း(၆) ရင်းနှီး တည်ဆောက်သူ သို့မဟုတ် ရင်းနှီးမြှုပ်နှံသူ၏ သီးခြားတာဝန်များ၊ အခန်း(၇) မြေအသုံးပြုခြင်း၊ အခန်း(၈) ဘဏ်နှင့် ငွေရေးကြေးရေး စီမံခန့်ခွဲခြင်းနှင့် အာမခံလုပ်ငန်း၊ အခန်း(၉) အကောက် ခွန် ဦးစီးဌာနက စီမံခန့်ခွဲ ခြင်းနှင့်ကုန်ပစ္စည်းများ စစ်ဆေးခြင်း၊ အခန်း(၁၀) ကူးစက်ရောဂါ ရှိ မရှိ စစ်ဆေးခြင်းနှင့် ကူးစက် ရောဂါပြန့် ပွားမှုမရှိစေရန် သီးသန့်ထားရှိခြင်း၊ အခန်း(၁၁) အလုပ်သမားရေးရာ ကိစ္စရပ်များ၊ အခန်း(၁၂) အထွေထွေတို့ ဖြင့် ပြဋ္ဌာန်းထားကြောင်း သိရသည်။

ရင်းနှီးတည်ဆောက်သူ သို့မဟုတ် ရင်းနှီးမြှုပ်နှံသူ၏ သီးခြားတာဝန်များနှင့်ပတ်သက်၍ မြန်မာ အထူးစီးပွားရေးဇုန် ဥပဒေနှင့် ထားဝယ် အထူးစီးပွားရေးဇုန် ဥပဒေ နှစ်ခုစလုံးတွင် ပြဋ္ဌာန်းထားသော်လည်း အချို့ပြဋ္ဌာန်းချက်များသည် မြန်မာ့ အထူး စီးပွားရေးဇုန် ဥပဒေတွင် မပါဝင်ဘဲ ထားဝယ်အထူးစီးပွားရေးဇုန် ဥပဒေတွင်သာ ပါဝင်သည်ကို တွေ့ရှိရသည်။

ထားဝယ် အထူးစီးပွားရေးဇုန် ဥပဒေတွင် ရင်းနှီးမြှုပ်နှံသူ၏ အထူး အခွင့်အရေးများကို အသေးစိတ် ပြဋ္ဌာန်းထားသည်ကို ထားဝယ် အထူးစီးပွားရေးဇုန် ဥပဒေပုဒ်မ ၁၂ အရ သိရသည်။
 
ထားဝယ် အထူးစီးပွားရေးဇုန် ဥပဒေအရ ထားဝယ် အထူးစီးပွားရေးဇုန်တွင် ပါဝင်မည့် ဇုန်များမှာ ၁။ အဆင့်မြင့် နည်းပညာစက်မှု ဇုန်များ၊၂။ သတင်းအချက်အလက်နှင့် ဆက်သွယ်ရေး နည်းပညာ ဇုန်များ ၃။ ပို့ကုန် ပစ္စည်း ထုတ်လုပ်မှု ဇုန်များ ၄။ ဆိပ်ကမ်းနယ်မြေ ဇုန်များ ၅။ ထောက်ပံ့ရေးနှင့် သယ်ယူပို့ဆောင်ရေးဇုန်များ ၆။ သိပ္ပံနှင့် နည်းပညာ သုတေသနနှင့် ဖွံ့ဖြိုး တိုးတက်ရေးဇုန်များ
၇။ ဝန်ဆောင်မှု လုပ်ငန်း ဇုန်များ  ၈။ တစ်ဆင့်ခံ ကုန်သွယ်မှု ဇုန်များနှင့် ၉။ အစိုးရအဖွဲ့က အခါအားလျော်စွာ သတ်မှတ်သည့် ဇုန်များ ပါဝင်ကြောင်း သိရသည်
   
မြန်မာ အထူးစီးပွားရေးဇုန် ဥပဒေကို ဥပဒေအမှတ် ၈/၂၀၁၁ ဖြင့် နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေး ကောင်စီက ထုတ်ပြန် ကြေညာခဲ့ပြီးနောက် ထားဝယ် အထူးစီးပွားရေးဇုန် ဥပဒေကို ဥပဒေ အမှတ် ၁၇/၂၀၁၁ ဖြင့် ထုတ်ပြန်ကြေညာခဲ့ခြင်း ဖြစ်သည်။


--------------------------------------------------------------------------------------------

တန်ပိုတင်သည့် ကုန်တင်ယာဉ်နှင့် ကုန်တင်ဆောင်ပေးသည့် ကားဂိတ်ကိုပါ အရေးယူမည်
မတ် ၇။


၂၀၁၁ ခုနှစ် ဇန်န၀ါရီ လဆန်းပိုင်းမှ စတင်ပြီး မြန်မာနိုင်ငံ၏ အဝေးပြေး လမ်းမကြီးများပေါ်တွင် သတ်မှတ်တန် ချိန်ထက် ပိုမိုတင်ဆောင် သွားလာသည့် ကုန်တင်ယာဉ်ကြီးများ ကုန်တင်ဆောင်ခြင်းနှင့် ပတ်သက်၍ အာဆီယံ စံနှုန်းနှင့် အညီ ဝင်ရိုးအလိုက်သာ ကုန်တင်ဆောင်ရန် သတ်မှတ်ထားပြီးဖြစ်ရာ အဆိုပါ အာဆီယံစံနှုန်းထက် ပိုမို တင်ဆောင်လာပါက ကုန်တင်ယာဉ်အပြင် ကုန်တင်ဆောင်ပေးသော ကားဂိတ်ကိုပါ အရေးယူမည် ဖြစ်ကြောင်း ထုတ်ပြန်ချက်များအရ သတိရသည်။

ကားဂိတ် လုပ်ငန်းရှင်များထံသို့လည်း ကုန်စည် တင်ဆောင်ရာတွင် အာဆီယံနှုန်းအတိုင်း ဝင်ရိုးအလိုက်သာ တင်ဆောင်ပေးကြရန် သက်ဆိုင်ရာက မတ်လ ၁ရက်နေ့မှ စတင်ကာ ညွှန်ကြားထာပြီး ဖြစ်ကြောင်းလည်း သိရသည်။

ထို့အတူ လမ်းတံတား လုံခြုံရေးနှင့် စည်းကမ်းထိန်းသိမ်းရေး အဖွဲ့များမှ အာဆီယံ စံချိန်စံညွှန်းအတိုင်း သတ်မှတ် ထုတ်ပြန်ထားသည့် အမိန့်နှင့် ညွှန်ကြားချက်များကို ဆောင်ရွက်နေမှုအား မည်သူမဆို အနှောင့်အယှက်ပေး ခြင်း ဖြစ်ပေါ်ပါက ထိရောက်စွာ အရေးယူသွားမည် ဖြစ်ကြောင်းလည်း သိရသည်။

တန်ပိုတင်ဆောင်ခြင်းအား အရေးယူမှုများကို မတ်လ ပထမအပတ်အတွင်း စတင်ဆောင်ရွက်သွားမည် ဖြစ်ကြောင်းလည်း သိရသည်။

-------------------------------------------------------------------------------------------------------------

အစိုးရ ငွေတိုက်စာချုပ် အတိုးငွေများ မတ်လ ၁၅ ရက် စတင် ထုတ်ပေးမည်
မတ် ၇။


၂၀၁၀​ ပြည့်နှစ် ဇန်နဝါရီလ ၁ ရက်နေ့မှစတင်ကာ စနစ်သစ်ဖြင့် ရောင်းချခဲ့သော အစိုးရ ငွေတိုက်စာချုပ်များကို ရောင်းချခဲ့ရာ ငွေကျပ် ၂၃၅၃ သန်းကျော် ရရှိပြီး ရောင်းချထားသည့် အစိုးရ ငွေတိုက်စာချုပ်များအပေါ် အတိုးငွေ ကျပ် ၁၁၃ သန်းကျော်ကို မတ်လ ၁၅ ရက်နေ့မှ စတင်ကာ ထုတ်ပေးသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။

အစိုးရ ငွေတိုက်စာချုပ်များကို ဘဏ်များသို့ မြန်မာနိုင်ငံတော် ဗဟိုဘဏ်မှ တိုက်ရိုက်ရောင်းချပြီး ဘဏ်မဟုတ် သည့် အဖွဲ့အစည်းများနှင့်တစ်ဦးချင်းသို့ ဗဟိုဘဏ်၏ အရောင်းကိုယ်စားလှယ်ဖြစ်သော မြန်မာ့ ငွေချေး သက်သေခံလက် မှတ်များ လဲလှယ်ရောင်းဝယ်ရေး ကုမ္ပဏီ လီမိတက်(MSEC)မှ  ရောင်းချလျက်ရှိသည်။

အစိုးရ ငွေတိုက်စာချုပ်များသည် နှစ်နှစ်၊ သုံးနှစ်၊ ငါးနှစ် သက်တမ်းရှိ စာချုပ်များ ဖြစ်ကြပြီး အတိုးနှုန်းများမှာ ၁၀ ဒဿမ ၅ ရာခိုင်နှုန်း၊ ၁၁ ရာခိုင်နှုန်းနှင့် ၁၁ဒဿမ ၅ ရာခိုင်နှုန်းတို့ ဖြစ်ကြောင်း သိရသည်။

“လက်ရှိမှာ ငွေတိုက်စာချုပ်ရဲ့ အတိုးနှုန်းက ဘဏ်တိုးထက် နိမ့်နေတော့ ဝယ်ယူဖို့ အားမသန်တာပါ။ ရေရှည်မှာ ငွေရေးကြေးရေးကဏ္ဍ ဖွံ့ဖြိုးလာတာနဲ့အမျှ အတိုးနှုန်းကို ဈေးကွက်က ပြဌာန်းလာမှာဖြစ်လို့ ဈေးကွက်ရဲ့ တောင်းဆိုမှုအရ အတိုးနှုန်း အတက်အကျတွေ အထိုက်အလျောက် ရှိလာနိုင်ပါတယ်။ မျှော်မှန်းဖို့ စောသေးတယ်ဆိုရင်တောင် အတိုးနှုန်းရဲ့ သဘာဝဖြစ်တဲ့ အပ်ငွေ ဒါမှမဟုတ် ရင်းနှီးငွေ ကာလကြာရှည် ရင်းနှီးမှုအပေါ် မူတည်သတ်မှတ်တဲ့ အတိုးနှုန်း ပေါ်ပေါက်လာဖို့ သိပ်မဝေးတော့ဘူးထင်တယ်”ဟု (MSEC)မှ တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။  
 

×××××××××××××××××××××××××××××××××××××××××××××××××××××××××××××××××


သတင်းနှင့် ဆောင်းပါးများမှ ကောက်နှုတ်ချက်များ


ထို့ပြင် ရင်းနှီးတည်ဆောက်သူ သို့မဟုတ် ရင်းနှီးမြုပ်နှံသူသည် ထားဝယ် အထူးစီးပွားရေး ဇုန်တွင် အကောင်အထည်ဖော် ဆောင်ရွက်သည့် လုပ်ငန်းများအတွက် မြေဌားရမ်းခများ၊ မြေအသုံးချမှု ပရီမီယံကြေးများကို တည်ဆဲဥပဒေများ၊ သတ်မှတ်ချက်များနှင့်အညီ သက်ဆိုင်ရာ အစိုးရဌာန အဖွဲ့အစည်းသို့ ပေးချေရမည်ဖြစ်ကြောင်း ထားဝယ် အထူးစီးပွားရေး ဇုန် ပုဒ်မ ၃၆ တွင် ပြဋ္ဌာန်းထားသော်လည်း မြန်မာအထူးစီးပွားရေးဇုန်ဥပဒေတွင် ထည့်သွင်းပြဋ္ဌာန်းထားခြင်းမရှိ သည်ကို တွေ့ရသည်။

အလားတူ ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော် ဖွဲ့စည်ပုံ အခြေခံဥပဒေပါ ပြဋ္ဌာန်းချက်နှင့် မဆန့်ကျင်ပါက တည်ဆဲ ဥပဒေတစ်ရပ်ရပ်တွင် မည်သို့ပင် ပါရှိစေကာမူ ဤဥပဒေပါ ပြဋ္ဌာန်းချက် တရပ်ရပ်နှင့်  သက်ဆိုင်သည့် ကိစ္စရပ်များကို ဤဥပဒေနှင့်အညီသာ ဆောင်ရွက်ရမည်ဖြစ်ကြောင်း ဤဥပဒေတွင် ပြဋ္ဌာန်းထားခြင်းမရှိသည့် ကိစ္စရပ်များသည် မြန်မာ အထူးစီးပွားရေးဇုန် ဥပဒေတွင် ပါရှိပါက ယင်း ဥပဒေပါ ပြဋ္ဌာန်းချက်များအတိုင်း လိုက်နာ ဆောင်ရွက်မည်ဖြစ်ကြောင်း ထားဝယ်အထူးစီးပွားရေးဇုန် ဥပဒေပုဒ်မ ၅၅ တွင်ပြဋ္ဌာန်းထားသည်။

မတ် ၉ ထုတ် Weekly ELEVEN မှာပါသည့် ထားဝယ်အထူးစီးပွားရေးဇုန် ဥပဒေကို ထုတ်ပြန် သတင်း ဆောင်းပါးမှ ကောက်နှုတ်ချက်

-------------------------------------------------------------------------------------------------------------

"သုံးချင်သလောက်လည်း သုံးနိုင်ချင်မှ သုံးနိုင်မှာဆိုတော့ မျှမျှတတသုံးစေချင်တယ်။ နိုင်ငံတော်ရဲ့ ရသုံးငွေကိုကြည့်ရင် ရငွေမှာလည်း အခွန်ဘယ်လိုကောက်တယ်၊ နည်းနေလား၊ များသွားလား၊ စီးပွားရေးလုပ်ငန်းတွေ ဘယ်လိုလုပ်သင့်တယ် စတာတွေကို ဆွေးနွေးတဲ့အခါကျမှ ဘတ်ဂျက်က ဘယ်လောက်ရနိုင်တယ်ဆိုတာ ရငွေကို တွက်ရမယ်၊ တွက်ပြီးတော့မှ ဘယ်ဌာနမှာ ဘယ်လောက် သုံးသင့်တယ်ဆိုတာမျိုး လုပ်ရတာကိုး။ ရှိတဲ့ငွေပေါ်မှာ မူတည်ပြီးမှ သုံးရတာဆိုတော့ ကိုယ် သုံးချင်သလောက်တော့ ဘယ်သုံးလို့ရနိုင်မလဲ"

မတ် ၉ ထုတ် Myanmar Post မှာပါသည့် ဒီမိုကရက်တစ်ပါတီဥက္ကဋ္ဌ ဦးသုဝေနှင့် အင်တာဗျူး ကောက်နှုတ်ချက်

-------------------------------------------------------------------------------------------------------------

"လယ်သမားတွေကို ပြည်သူ့လွှတ်တော် အမတ်တွေက လိုအပ်ချက်တွေကိုမေးမယ်။ သက်ဆိုင်ရာ လွှတ်တော်ကို တင်ပြ ပြီး ကြိုးစားရမယ်။ လယ်သမားတွေအတွက် အကျိုးရှိရင် တိုင်းပြည်အတွက်လည်းရှိရင် ဥပဒေကို အတည်ပြုရမှာ ဖြစ် တယ်။ သက်ဆိုင်ရာ အစိုးရအဖွဲ့အစည်းတွေကလဲ လိုက်နာဆောင်ရွက်သွားရမှာဖြစ်တယ်"

မတ် ၈ ထုတ် Flower news မှာပါသည့် တောင်သူလယ်သမားအရေး အစိုးရသစ်ဖော်ဆောင်ဖို့လို သတင်းဆောင်းပါးမှ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးဖုန်းမြင့်အောင်၏ ပြောကြားချက်အပေါ် ကောက်နှုတ်ချက်

-------------------------------------------------------------------------------------------------------------

"အခု တရုတ်၊ စင်ကာပူ၊ ထိုင်း၊ တောင်ကိုရီးယား စတဲ့နိုင်ငံတွေက နာမည်ကြီးဘဏ်တချို့က မြန်မာနိုင်ငံမှာ ဘဏ်ခွဲတွေ ဖွင့်နိုင်ဖို့အတွက် လာညှိနှိုင်းနေတယ်။  လောလောဆယ် ရှေ့ပြေးညှိနှိုင်းရေး ရုံးလေးတွေ ဖွင့်ပြီး လုပ်ငန်းဆောင်ရွက် နေပါ တယ်။ သူတို့ဘက်ကတော့ မြန်မာပြည်မှာ ဖွင့်ခွင့် ရချင်နေကြတယ်။ မြန်မာပြည်နဲ့ စီးပွားရေးဆက်နွယ်မှုရှိတဲ့သူတို့နိုင်ငံ ကလုပ်ငန်းကို ပံ့ပိုးပေးနိုင်ဖို့ အဓိကထားပြင်ဆင်နေတာပါ"

မတ် ၉ ထုတ် Weekly ELEVEN မှာပါသည့် နိုင်ငံတကာ ကူးသန်းရောင်းဝယ်ရေးဘဏ်နှင့် ဖွံ့ဖြိုးရေး ဘဏ်အချို့ ဖွင့်လှစ်ခွင့်ရရှိနိုင်ရန် လာရောက်ညှိနှိုင်းနေ သတင်းမှ စီးပွားရေးလုပ်ငန်းရှင်တစ်ဦး၏ ပြောကြားချက်အပေါ်ကောက်နှုတ်ချက်
 
×××××××××××××××××××××××××××××××××××××××××××××××××××××××××××××××××

သတင်းဆောင်းပါး

လွှတ်တော်သို့ ဥပဒေကြမ်းတွေတင်သွင်းတော့မည်.........

 ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော်တို့တွင် လွှတ်တော်ကော်မတီ လေးခု၌ တစ်ခု အပါအဝင်ဖြစ်သော ဥပဒေကြမ်း ကော်မတီများကို မတ်လ ၁ရက်နေ့က အတည်ပြု ဖွဲ့စည်းရာ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ မှ ၁၀ ဦးနှင့် ကျန်ပါတီများမှ ၁၅ဦးပါဝင်ကြောင်း မတ်လ ၂ရက်နေ့ထုတ် နိုင်ငံပိုင် သတင်းမီဒီယာများတွင် တရားဝင် ထုတ်ပြန် ထားချက်အရ သိရသည်။

ဥပဒေကြမ်းကော်မတီ၏ လုပ်ပိုင်ခွင့်နှင့် လိုက်နာရန်အချက်များတွင် "ကော်မတီသည် ဥပဒေ ကြမ်းတစ်ရပ်နှင့် စပ် လျဉ်း၍ ပြင်ဆင်ရန် အကြံပြုချက်များသည် ဥပဒေကြမ်းတွင်ပါရှိသည့် ကိစ္စနှင့် စပ်လျဉ်းသော အကြံပြုချက်များ ဖြစ်ရမည့် အပြင် ထိုဥပဒေကြမ်း၏ သဘောတွင် အကျုံးဝင်သော အကြံပြု ချက်များလည်း ဖြစ်ရမည်။ ဥပဒေကြမ်းနှင့် စပ်လျဉ်း၍ သက်ဆိုင်ရာဌာန၊ အဖွဲ့အစည်းတို့နှင့် ညှိနှုင်းပြီး ဖြေကြားနိုင်သည့် တာဝန်ရှိ ပုဂ္ဂိုလ်များအား ဖိတ်ကြား၍ မေးမြန်း ဆွေး နွေးနိုင်သည်" တို့ပါဝင်သည်။

အမျိုးသား လွှတ်တော်နှင့် ပြည်သူ့ လွှတ်တော်တို့တွင် ဥပဒေကြမ်း ကော်မတီများ ဖွဲ့စည်းပြီးဖြစ်ရာ ကော်မတီ လုပ် ပိုင်ခွင့် ၂(ခ) အရ ပြည်သူများနှင့် သက်ဆိုင်ရာ ကျွမ်းကျင်သူများ၊ ပညာရှင်များက ဥပဒေရေးရာ အကြံပြုချက်များကို လွှတ်တော် ဥပဒေကြမ်း ကော်မတီများသို့ ပေးပို့ အကြံပြုခွင့် ရှိမည်ဖြစ်ကြောင်း အမျိုးသား လွှတ်တော် ဥပဒေကြမ်း ကော်မတီ ဝင် လွှတ်တော်အမတ် ဒေါက်တာ မြတ်ဉာဏစိုး (အမျိုးသားဒီမိုကရေစီ အင်အားစုပါတီ NDF) ၏ ပြောပြချက်အရ သိရ သည်။ "ကျွန်တော်တို့ ဥပဒေကြမ်း ကော်မတီက ကော်မတီလုပ်ပိုင်ခွင့် ၂(ခ) မှာဖော်ပြထားသလို ပြည်သူတွေ၊ သက်ဆိုင် ရာ ကျွမ်းကျင်သူတွေဆီက ဥပဒေရေးရာ အကြံပြုချက်တွေ၊ ဝေဖန်သုံးသပ်ချက်တွေကို စိစစ်ပြီး အမျိုးသား လွှတ်တော်ကို တင်ပြခွင့်ရှိတယ်။ ပြည်သူတွေရဲ့ အကြံပြုချက်တွေ ကျွန်တော်တို့ဆီပို့ရင် ဆွေးနွေးမယ်၊ ဥပဒေပြုမယ်ပေါ့" ဟု ယင်းမှ ရှင်း လင်း ပြောကြားသွားသည်။

ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်နှင့် အခြားလွှတ်တော်အသီးသီးတွင် လွှတ်တော်အမတ်များ အဆိုနှင့် မေးခွန်းများ တင်သွင်းခွင့်ရရှိခြင်းမှာ ဥပဒေပြုလုပ်ငန်းများအတွက် အရေးပါသည့် လုပ်ငန်းစဉ်တစ်ရပ် ဖြစ်ကြောင်း လွှတ် တော်အမတ်အချို့နှင့် နိုင်ငံရေး သုံးသပ်ဝေဖန်သူများက ထောက်ပြ ပြောကြားသည်။ "လွှတ်တော် အစည်းအဝေးရဲ့ ပထမ တစ်နာရီကို မေးခွန်း မေးခွင့် ရမယ်။ နောက်အဆိုလည်း တင်သွင်းခွင့် ရှိတယ်လို့ လွှတ်တော် နည်းဥပဒေတွေမှာ ဖော်ပြထား ပြီးသားပဲ။ သူတို့တင်တဲ့ မေးခွန်းတွေ ၊ အဆိုတွေက ဥပဒေတွေ ဖြစ်သွားတယ်။ ဒါမှ ပြည်သူ့အကျိုး သယ်ပိုးတယ်လို့ ဆိုနိုင်မှာ။ လွှတ်တော်ထဲမှာ ငူငူကြီးထိုင်နေလို့ကတော့ မထူးဘူး" ဟု ဒဂုံမြို့သစ် မြောက်ပိုင်းမြို့နယ်နေ အငြိမ်းစား တရားသူကြီးဟောင်းတစ်ဦးက ဆိုသည်။

လွှတ်တော်သို့ ဥပဒေကြမ်းများ ပေးပို့ရာတွင်လည်း ဥပဒေကြမ်း တင်သွင်းခွင့် ရှိသူများသည် ဥပဒေကြမ်း၏ ရည် ရွယ်ချက်နှင့် အကျိုးအကြောင်း ဖော်ပြချက်တို့နှင့်အတူ မိတ္တူသုံးစောင်ပြုစု၍ လွှတ်တော်ရုံး ဒုတိယ ညွှန်ကြားရေးမှူးချုပ်ထံ ပေးပို့ရမည်။ ထို့ပြင် ဥပဒေကြမ်းတစ်ရပ် ပေးပို့ရာတွင် သာမန်အားဖြင့် လွှတ်တော်အစည်းအဝေး မကျင်းပမီ အနည်းဆုံး ရက်ပေါင်း ၃၀ ကြိုတင်၍ ပေးပို့ရမည် ဖြစ်သည်။ လွှတ်တော်ကိုယ်စားလှယ်က ပေးပို့သောဥပဒေကြမ်းကို လက်ခံ ဆွေးနွေးရန် လွှတ်တော်က ဆုံးဖြတ်ပါက ဥက္ကဋ္ဌသည် ယင်းဥပဒေကြမ်းကို နိုင်ငံတော် ပြန်တမ်းတွင် ကြေညာစေရမည်ဟု သိရသည်။

 ပြည်သူ့လွှတ်တော်နှင့် အမျိုးသား လွှတ်တော်တို့တွင် ဥပဒေကြမ်းကော်မတီ၊ ပြည်သူ့ငွေစာရင်း ကော်မတီ၊ ပြည်သူ့ငွေစာရင်း ကော်မတီ၊ လွှတ်တော် အခွင့်အရေးကော်မတီ၊ အစိုးရ၏ အာမခံချက်များနှင့် တာဝန်ခံချက်များ စိစစ်ရေး ကော်မတီတို့ကို လွှတ်တော် ကိုယ်စားလှယ်များဖြင့် ဖွဲ့စည်းရမည်ဖြစ်သည်။

ထို့အပြင် မတ်လ ၁ ရက်နေ့၌ ကျင်းပခဲ့သော တိုင်းဒေသကြီး လွှတ်တော်နှင့် ပြည်နယ် လွှတ်တော် ပုံမှန် အစည်း အဝေး အသီးသီး၌ ဥပဒေပြုရေး ကော်မတီများနှင့် တိုင်းရင်းသား လူမျိုးများအရေး ဆိုင်ရာ ကော်မတီတို့၏ အဖွဲ့ဝင် ဦးရေ နှင့် အမည်စာရင်းတို့ကို သက်ဆိုင်ရာ တိုင်းဒေသကြီး လွှတ်တော်နှင့် ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌတို့က တင်ပြခဲ့ကြောင်း သိရသည်။

 ဥပဒေပြုရေးဆိုင်ရာ ကော်မတီအတွက် တိုင်းဒေသကြီး လွှတ်တော်နှင့် ပြည်နယ်လွှတ်တော် အသီးသီးမှ အနည်းဆုံး အဖွဲ့ဝင် ၅ဦးနှင့် အများဆုံး ၁၀ ဦးအထိ လွှတ်တော် ကိုယ်စားလှယ်များနှင့် သင့်လျှော်သည့် နိုင်ငံသားများကို အမည်စာရင်း တင်သွင်းခဲ့ပြီး တိုင်းရင်းသား လူမျိုးများ အရေးဆိုင်ရာ ကော်မတီအတွက် တိုင်းဒေသကြီးနှင့် ပြည်နယ် လွှတ်တော်များ အသီးသီးမှ အနည်းဆုံး  အဖွဲ့ဝင် ၅ဦးမှ  အများဆုံး ၇ဦးထိ လွှတ်တော်ကိုယ်စားလှယ်များနှင့် သင့်လျှော်သည့် နိုင်ငံသားများ၏ အမည်စာရင်းကို တင်သွင်းခဲ့သည်။

ကော်မတီ၏ တာဝန်၊ လုပ်ပိုင်ခွင့်၊ ရပိုင်ခွင့်နှင့် သက်တမ်းလျာထားချက်များကိုပါ သက်ဆိုင်ရာ တိုင်းဒေသကြီး လွှတ်တော်နှင့် ပြည်နယ်လွှတ်တော်များကို တင်ပြခဲ့သည်။ ယင်းကိစ္စရပ်များနှင့် ပတ်သက်၍ ဆွေးနွေးလိုသည့် လွှတ်တော် ကိုယ်စားလှယ်များအနေဖြင့် မတ် ၃ ရက်တွင် ကျင်းပမည့် လွှတ်တော် အစည်းအဝေး အသီးသီး၌ ဆွေးနွေးနိုင်ကြောင်း ဆွေးနွေးလိုပါက သက်ဆိုင်ရာ လွှတ်တော်ရုံးသို့ အမည်စာရင်းပေးပို့ရန် သက်ဆိုင်ရာ လွှတ်တော်ဥက္ကဋ္ဌများက ကြေညာခဲ့သည်။

Ref:  True News အတွဲ(၃)၊ အမှတ် (၂၈)

          The Voice weekly အတွဲ(၇)၊ အမှတ် (၁၃)

          Weekly ELEVEN NEWS အတွဲ(၆)၊ အမှတ်(၂၃)
 
Sent to transparency.myanmar@gmail.com: unsubscribe | update profile | forward to a friend
Email Marketing Powered by MailChimp
 

၇-၃-၂၀၁၁

ဘာသာပြန်သတင်းများ - ၂

ဂျပန်နှင့် တောင်ကိုရီးယား ကုမ္ပဏီများ ဘရာဇီးမှ Rare Earth ဝယ်မည်


(3 March 2011 ရက်စွဲပါ BBC News မှ “Japanese and Korean Firms Look to Brazil For Rare Earth” ကို ဘာသာ ပြန်ဆိုသည်)

ဂျပန်နှင့် တောင်ကိုရီးယား ကုမ္ပဏီများ စုပေါင်း ထားသော အဖွဲ့ကြီး (Consortium) သည် ဘရာဇီ ရှားပါး သတ္တုမြေ (Rare Earth) တူးဖော်ရေး ကုမ္ပဏီတွင် ရှယ်ယာ ပါဝင်မည် ဖြစ်သည်။

အဆိုပါ အဖွဲ့တွင် ဂျပန်၏ Nippon Steel နှင့် တောင်ကိုရီးယား၏ Posco နှင့် National Pension Service (NPS) တို့ ပါဝင်သည်။ ယင်းကုမ္ပဏီ များသည် ဘရာဇီး၏ Companhia Brasileira de Metalurgie e Mineracao (CBMM) တွင် ၁၅% ရှယ်ယာ ပါဝင်ရန် ဒေါ်လာ ၁.၉၅ ဘီလီယံ (ပေါင် ၁.၉ ဘီလီယံ) ပေးရမည် ဖြစ်သည်။

ဂျပန်နှင့် တောင်ကိုရီးယား တို့သည် အဆင့်မြင့် နည်းပညာသုံး ပစ္စည်းများ ထုတ်လုပ် ရာတွင် အသုံး ပြုသည့် တန်ဖိုး ကြီးမားသည့် သတ္တုများ လုံလောက်စွာ ရရှိ နိုင်ရေး အတွက် ထိုသို့ ပါဝင် ရခြင်း ဖြစ်သည်။

တရုတ် နိုင်ငံသည် လက်ရှိ အားဖြင့် ကမ္ဘာ ပေါ်တွင် လိုအပ်သော Rare Earth ၏ ၉၀% ကို တင်ပို့လျက် ရှိသည်။ သို့သော် တရုတ် နိုင်ငံသည် Rare Earth ကို ပြည်တွင်း အသုံး ပြုမှု တက်လာ သဖြင့် မကြာ သေးမီက နိုင်ငံခြား သို့ တင်ပို့မှုကို လျှော့ချ ခဲ့သည်။
ဂျပန်နှင့် တရုတ် နိုင်ငံ ကြား သံတမန် ရေးရာ အရ အဆင် မပြေမှု ကြောင့် ပြီးခဲ့သည့် စက်တင် ဘာလက တရုတ် နိုင်ငံက Rare Earth တင်ပို့မှုများ လုံးဝ ရပ်ဆိုင်း သွားခဲ့သည်။

အငြင်း ပွားနေသော အရှေ့ တရုတ် ပင်လယ် ကျွန်းများ အနီးတွင် ဂျပန် ရေတပ်က တရုတ် ငါးဖမ်း သင်္ဘော ကပ္ပတိန် အား ဖမ်းဆီး ခဲ့သော အခါ အငြင်းပွားမှု များစတင် ဖြစ်ပွား ခဲ့ခြင်း ဖြစ်သည်။

အဆိုပါ အငြင်းပွား မှု ဖြစ်ပြီး နောင်နှစ်လ ကြာသော အခါ ပြဿနာ ဖြေရှင်း ပြီးချိန်တွင် တရုတ်သည် Rare Earth သင်္ဘော တင်မှုကို ပြန်လည် ပြု လုပ် ခဲ့သည်။

ဖေဖော်ဝါရီ လက ဂျပန် နိုင်ငံသည် တရုတ် နိုင်ငံမှ ရှားပါးမြေ တွင်းထွက် သတ္တုများ တင်သွင်း ရမှု အပေါ် မှီခို နေရခြင်းအား လျှော့ချ သွားမည်ဟု ပြော ခဲ့သည်။

တောင်ကိုရီးယား၏ National Pension Service မှ ပြောခွင့်ရ ပုဂ္ဂိုလ်က ပြောကြား ရာတွင် Nippon Steel ၊ JFE ဦးပိုင်နှင့် Sojitz ကော်ပိုရေးရှင်း တို့ ပါဝင်သော ဂျပန် ရင်းနှီး မြှုပ်နှံ သူများသည် CBMM တွင် ၁၀% ပါဝင် နိုင်ရန် ဝယ်ယူ ကြမည် ဟု ဆိုသည်။
တောင်ကိုရီးယား၏ Posco နှင့် NPS တို့ ပူးပေါင်း၍ အဆိုပါ စတော့ ဈေးကွက်တွင် မပါဝင်သော ဘရာဇီး ကုမ္ပဏီ တွင် ၅% ဝယ်ယူ မည် ဖြစ်သည်။

CBMM သည် ကားနှင့် အခြား ထုတ်ကုန်များတွင် အသုံး ပြုသော အဆင့်မြင့် သံမဏိ ထုတ်လုပ် ရာတွင် အသုံး ပြုသော ရှားပါး သတ္တု Niobium ကို ထုတ်လုပ်သော ကုမ္ပဏီ ဖြစ်သည်။

-----------------------------------------------------------------

လာအိုတွင် မူးယစ် ဆေးဝါးမှု မြင့်တက်ပြီး မြန်မာတွင် မူးယစ် ဆေးဝါး ဖမ်းဆီးရမှု ကျဆင်း

(4 March 2011 ရက်စွဲပါ The Strait Times မှ “Drug Violence Up in Laos, Seizures Down in Myanmar” ကို ဘာသာ ပြန်ဆိုသည်)

ကွန်မြူနစ် နိုင်ငံ တစ်ခု ဖြစ်သော လာအို နိုင်ငံ အနေဖြင့် အိမ်နီးချင်း မြန်မာ၊ တရုတ် နှင့် ဗီယက်နမ် နိုင်ငံ များတွင် မူးယစ် ဆေးဝါး ရောင်းဝယ်မှု ရုတ်တ၏ရက် အံ့အား သင့်ဖွယ် မြင့်တက် လာမှု ကြောင့် ပြင်းထန်သော ရာဇဝတ် မှုများ မကြုံ ဖူးအောင် ဖြစ်ပွားလျက်  ရှိကြောင်း အမေရိကန် အစိုးရက ကြာသ ပတေး နေ့က သတင်း ထုတ်ပြန် ခဲ့သည်။

ဟီးရိုးအင်း၏ ကုန်ကြမ်း ဖြစ်သော ဘိန်း စိုက်ပျိုးမှု မှာ အရှေ့တောင် အာရှ၏ ရွှေတြိဂံ နယ်မြေတွင် လွန်ခဲ့သော ဆယ်စု နှစ် အတွင်း ကျဆင်း ခဲ့သည်။ သို့သော် အက်ဖက် တမင်း အမျိုး အစား မူးယစ် ဆေးဝါး နှင့် ရှု၍ ရသော မူးယစ် ဆေးဝါး ရောင်းဝယ်မှု ကြီးထွား လာသည်။

မြန်မာ စစ်ခေါင်းဆောင် များသည် နိုဝင်ဘာ ရွေးကောက်ပွဲ မတိုင်မီ တိုင်းရင်းသား လက်နက်ကိုင် များနှင့် စစ်ပွဲများ ဖြစ်လာမည်ကို မလိုလား သောကြောင့် မူးယစ်ဆေးဝါး ရောင်းဝယ်မှုတွင် အကြီး အကျယ် ပတ်သက် နေသော တိုင်းရင်းသား လက်နက် ကိုင်များ နှင့် ထိပ်တိုက် ရင်ဆိုင် မှုများကို ရှောင်ရှား သည့် အနေဖြင့် မူးယစ်ဆေးဝါး ရောင်းဝယ်မှုကို တားဆီးခြင်း ပြုပုံမရ ဟု အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာနက ထုတ်ပြန်သော ၂၀၁၀ အတွင်း ကမ္ဘာ့ မူးယစ် ဆေးဝါး ထုတ်လုပ်မှုနှင့် နှိမ်နင်းရေး ကြိုးပမ်း မှုများကို အကဲ ဖြတ်သော နှစ်ပတ်လည် အစီရင် ခံစာတွင် ဖော်ပြ ထားသည်။

မြန်မာ အစိုးရသည် ၂၀၁၀ ဇန်နဝါရီလမှ အောက်တိုဘာ လအတွင်း အင်ဖက် တမင်း အမျိုး အစား မူးယစ်ဆေးပြား နှစ်သန်း နီးပါး ဖမ်းဆီး ခဲ့ရာ ၂၀၀၉ ခုနှစ် အဆိုပါ ကာလ အတွင်း ဆေးပြား ၁၃ သန်းကျော် ဖမ်းဆီး ခဲ့ခြင်းနှင့် နှိုင်းယှဉ် အတော် နည်းသည်ကို တွေ့ရမည် ဖြစ်သည်။

မြန်မာ နိုင်ငံမှ မူးယစ် ဆေးဝါး ထုတ်လုပ် သူများ အတွက် အဓိက ဈေးကွက် ဖြစ်သော အိမ်နီးချင်း ထိုင်းနိုင်ငံသည် ၂၀၁၀ ခုနှစ် အတွင်း အင်ဖက် တမင်း ဆေးပြား ၃၂ သန်းကျော် ဖမ်းဆီး ရမိ ခဲ့သည်။
လာအို အစိုးရသည် မဲခေါင် မြစ်နှင့် တောင် ထူထပ်သော သစ်တော အုပ်ကြီးများ ရှိသည့် နိုင်ငံ တကာ နယ်စပ် ကီလိုမီတာ ငါးထောင်ကျော် ရှိသဖြင့် ထို ဒေသ တွင် ရဲတပ်ဖွဲ့မှ လုံခြုံရေး နှင့် တရား ဥပဒေ ကိစ္စများ ထိန်းချုပ်ရန် ကြီးမားသော အတား အဆီးများ ရှိနေသည်။ ထို့ကြောင့် လာအိုသည် ဒေသတွင်း မူးယစ်ဆေးဝါး တိုက်ဖျက်ရေး ညီလာခံများတွင် ပါဝင် သော်လည်း မူးယစ် ဆေးဝါး အမှုများနှင့် ပတ်သက်၍ သတင်း အချက် အလက် ပံ့ပိုးမှု အားနည်း လှသည်ကို တွေ့ရသည်။

-------------------------------------------------------------

မြန်မာ နိုင်ငံတွင် မြောက်ကိုရီးယား အကူအညီဖြင့် စကာ့ဒ် ဒုံးကျည် ထုတ်လုပ်နေ

(The Chosunilbo မှ 7th Mar 2011 ရက်စွဲပါ Myanmar Developing Scud Missiles with N. Korea Assistance သတင်းကို ဘာသာ ပြန်ဆိုသည်)

မြန်မာ နိုင်ငံသည် မြောက်ကိုရီးယား၏ အကူ အညီဖြင့် ကိုယ်ပိုင် စကာ့ဒ် ဒုံးကျည်များ ထုတ်လုပ်ရန် ကြိုးစား နေကြောင်း ဂျပန် နေ့စဉ် သတင်းစာ ဆန်ကိုင်း ရှင်ဘွန်း၏ အဆိုအရ သိရှိ ရသည်။

လွန်ခဲ့သော နှစ်များ အတွင်း အဆိုပါ နှစ်နိုင်ငံ အကြား ဆက်ဆံရေး သိသိ သာသာ ကြီးထွား လာခဲ့သည့် အလျောက် ၂၀၀၈ ခုနှစ် နောက်ပိုင်းတွင် ၎င်းတို့ နှစ်နိုင်ငံက ရင်းနှီးသော စစ်ဖက် ဆက်ဆံရေးကို ထူထောင် ထိန်းသိမ်းလျက် ရှိကြသည်။

မြန်မာ နိုင်ငံ အလယ်ပိုင်း မင်းလှမြို့ အနီးရှိ ခဲယမ်း မီးကျောက် စက်ရုံမှာ အမှန် တကယ်တွင် မြောက်ကိုရီးယား ဒုံးကျည် ကျွမ်းကျင် ပညာရှင်များ အလုပ် လုပ်နေသော နေရာ ဖြစ်သည်ဟု ဆန်ကိုင်း ရှင်ဘွန်းက တနင်္ဂနွေနေ့တွင် ဖော်ပြ လိုက်သည်။

မြန်မာ အစိုးရ၏ လျှို့ဝှက် စစ်ရေး ရည်မှန်းချက် များသည် ဒေသတွင်း လက်နက် ပြိုင်ဆိုင်မှုကို အစပျိုး ပေးနိုင်ဖွယ် ရှိပြီး ထိုင်းနိုင်ငံ ကဲ့သို့ အိမ်နီးချင်း တိုင်းပြည် များအား ၎င်းတို့၏ ကိုယ်ပိုင် ဒုံးကျည် စီမံကိန်းများ အကောင် အထည် ဖော်အောင် လှုံ့ဆော် ပေးသလို ဖြစ်မည်ကို အကဲခတ် ကျွမ်းကျင် သူများက စိုးရိမ် ပူပန်လျက် ရှိသည်။

---------------------------------------------------------------

တောင်တရုတ် ပင်လယ်တွင် တရုတ် စစ်ရေး လေ့ကျင့်မှုကို ဗီယက်နမ် ကန့်ကွက်

(Monsters and Critics မှ 4th Mar 2011 ရက်စွဲပါ Vietnam protests Chinese military exercise in South China Sea သတင်းကို ဘာသာ ပြန်ဆိုသည်)

တောင်တရုတ် ပင်လယ် အတွင်းရှိ အငြင်းပွား စပရက်တလီ ကျွန်းစုများ အနီး လတ်တလော ပြုလုပ် ခဲ့သော တရုတ် စစ်ရေး လေ့ကျင့်မှုကို ဗီယက်နမ် တာဝန်ရှိ ပုဂ္ဂိုလ်များက ကန့်ကွက် ခဲ့ကြ ကြောင်း ဗီယက်နမ် နိုင်ငံပိုင် မီဒီယာက သောကြာနေ့တွင် သတင်း ထုတ်ပြန် လိုက်သည်။

တရုတ် ရေတပ်က ပင်လယ် ဓားပြ နှိမ်နင်းရေး စစ်ရေး လေ့ကျင့်ခန်းကို ဖေဖော်ဝါရီ ၂၄ ရက်တွင် ပြုလုပ် ခဲ့သည်။

အဆိုပါ စစ်ရေး လေ့ကျင့် မှုသည် ဗီယက်နမ်ပိုင် ကျွန်းများ၏ အချုပ် အခြာ အာဏာကို ချိုးဖောက်ခြင်း ဖြစ်ကြောင်း တရုတ် နိုင်ငံနှင့် ပြုလုပ်သော အစည်း အဝေးတွင် ဗီယက်နမ်က ပြောကြား ခဲ့သည်ဟု နိုင်ငံ ခြားရေး ဝန်ကြီး ဌာနကို ကိုးကားကာ နိုင်ငံပိုင် သတင်းစာ Viet Nam News က ဖော်ပြ ထားသည်။

၂၀၀၂ ခုနှစ်က အာဆီယံ အဖွဲ့နှင့် တရုတ် နိုင်ငံတို့ လက်မှတ် ရေးထိုး ခဲ့ကြသည့် တောင်တရုတ် ပင်လယ် ဆိုင်ရာ စီမံ ခန့်ခွဲမှု ကြေညာ စာတမ်းကို ယခု စစ်ရေး လေ့ကျင့်စဉ်က တုန့်ပြန် ဆန့်ကျင်သည့် သဘော သက်ရောက် နေသည်ဟု ဗီယက်နမ် နိုင်ငံခြားရေး ဝန်ကြီးဌာနက ပြောဆို လိုက်သည်။

ဗီယက်နမ် အစိုးရက ကြာသ ပတေးနေ့တွင် အစိုးရ ဆွေးနွေးပွဲ တစ်ရပ် ကျင်းပကာ ပင်လယ်ပြင်၊ ကျွန်းစုများ၊ နယ်နိမိတ် မျဉ်းနှင့် နယ်ခြား မှတ်တိုင် ဆိုင်ရာ ဗီယက်နမ်ပိုင် အထောက် အထား စာရွက် စာတမ်း များကို ပြန်လည် သုံးသပ်မှု ပြုလုပ် နေသည်။
ပင်လယ်ပြင်နှင့် ကျွန်းစုများ ဆိုင်ရာ သတင်း အချက် အလက် ထုတ်ပြန်မှု များသည် တိုင်းပြည်၏ ပုံရိပ်ကို မြှင့်တင် ပေးနိုင်ပြီး မမှန်ကန်သော အချက် အလက်နှင့် အငြင်းပွားမှု များကို မှားယွင်းကြောင်း သက်သေ ပြနိုင်သည်ဟု ကွန်မြူနစ် ပါတီ တာဝန်ရှိ ပုဂ္ဂိုလ် ဒင်သီဟုယင် ပြောကြား သည့် အတိုင်း Viet Nam News သတင်းစာက ဖော်ပြခဲ့သည်။

တောင်တရုတ် ပင်လယ် ရေပြင် တဝိုက်နှင့် စပရက်တလီ ကျွန်းများ၏ ပိုင်နက် အချုပ်အချာ ကိစ္စရပ် များနှင့် ပတ်သက်၍ ဗီယက်နမ်နှင့် တရုတ်၊ မလေးရှား၊ ဘရူနိုင်း၊ ဖိလစ်ပိုင် နိုင်ငံများ အကြား ယခင် ကပင် အငြင်းပွား မှုများ ရှိနေခဲ့သည်။
အဆိုပါ ကျွန်းများနှင့် ပတ်ဝန်းကျင် ရေပြင်တွင် ပင်လယ် ကြမ်းပြင် အောက် သယံဇာတများ ရှိနေ သည်ဟု ယုံကြည် ထားကြသည်။

--------------------------------------------------------------------------------

ဆန္ဒပြရန် လှုံ့ဆော်မှုများကို တရုတ် နိုင်ငံပိုင် သတင်းစာ ရှုတ်ချ

(AFP သတင်း ဌာနမှ 6 Mar 2011 ရက်စွဲပါ Chinese state media slams calls for protests သတင်းကို ဘာသာ ပြန်ဆိုသည်)

တနင်္ဂနွေ နေ့တွင် အစိုးရ ဆန့်ကျင်ရေး ဆန္ဒပြ ချီတက်ပွဲများ ပြုလုပ်ရန် လတ်တလော တောင်းဆို လှုပ်ရှား မှုများ အပေါ် ပြစ်တင် ဝေဖန်မှုကို တရုတ် နိုင်ငံပိုင် မီဒီယာက အရှိန် မြှင့်တင် လိုက်ပြီး အရှေ့ အလယ် ပိုင်းတွင် ပျံနှံ့ နေသည့် လူထု အုံကြွမှုများ တရုတ် နိုင်ငံသို့ ကူးစက် လာနိုင်ဖွယ် ရှိကြောင်း စိုးရိမ် ပူပန်နေသည့် ကြားမှပင် နိုင်ငံတော် တည်ငြိမ် ရေးသည် အရေးကြီး ကြောင်း သတိပေး ဖော်ပြခဲ့သည်။

တနင်္ဂနွေ လမ်းလျှောက် ချီတက်ပွဲ များတွင် ပါဝင်ရန် အတွက် တရုတ်နိုင်ငံ မြို့ကြီး များစွာတွင် နိုင်ငံသား များ စုဝေး ကြရန် Online တွင် ထပ်မံ လှုံဆော်မှုများ ပေါ်ထွက် လာခြင်းကြောင့် နိုင်ငံ သတင်းစာတွင် အလားတူ မှတ်ချက် ပေးမှုကို ပထမဆုံး အကြိမ် ဖော်ပြခဲ့ပြီး တစ်ရက် အကြာတွင် ယခုပြစ်တင် ဝေဖန်မှု ပေါ်ထွက် လာခြင်း ဖြစ်သည်။

ပြည်တွင်း၊ ပြည်ပရှိ လျို့ဝှက် လှုပ်ရှားသူ အချို့က လမ်းပေါ် နိုင်ငံရေး (သို့) ဆန္ဒ ပြပွဲများကို တိုက်တွန်း လှုံ့ဆော်ရန် နည်းလမ်း ပေါင်းစုံ အသုံးပြု နေကြ သည်ကို အရေးတကြီး သတိထား ကြရမည်ဟု ဘေဂျင်း လူငယ် နေ့စဉ် မျက်နှာဖုံး ဆောင်းပါးက ဆိုသည်။

ဆူပူ လှုံ့ဆော် လိုသူ များသည် သတင်းမှားများ ဖန်တီး ဖြန့်ချိရန်၊ အရှေ့ အလယ်ပိုင်းနှင့် အာဖရိက မြောက်ပိုင်းမှ ဗရုတ် သုတ်ခ အခြေ အနေမျိုး တရုတ် နိုင်ငံတွင် ဖြစ်ပွား စေလိုသည့် ရည်ရွယ် ချက်ဖြင့် တရားမဝင် စုဝေး ချီတက်ပွဲ များကို တိုက်တွန်း လှုံဆော်ရန်၊ တရုတ် နိုင်ငံကို ဖျက်ဆီးရန် အတွက် အင်တာနက်ကို အသုံးပြု နေကြ သည်ဟု အဆိုပါ ဆောင်းပါးတွင် ပြစ်တင် ဝေဖန်ထားသည်။

ရှန်ဟိုင်း မြို့တော်မှ အစိုးရ ကွန်မြူနစ် ပါတီ အာဘော် ဂျီဖန်း နေ့စဉ် သတင်းစာ ကလည်း အလားတူ ဝေဖန် ချက်မျိုးကို ဖော်ပြကာ လူမှု အဖွဲ့ အစည်း ညီညွှတ်မှုနှင့် တည်ငြိမ်မှုကို ထိန်းသိမ်းကြရန် ပြည်သူ များကို တိုက်တွန်းခဲ့သည်။ ပြည်သူများ အနေဖြင့် မိမိတို့၏ ကိုယ်ကျိုး စီးပွားကို ဂရုစိုက်သည့် နည်းတူ ခက်ခဲစွာ ထူထောင် ထားသော တည်ငြိမ် အေးချမ်း နေမှုကို အမြတ်တနိုး ရင်ဝယ် ပိုက်ကာ ဂရုတစိုက် ထိန်းသိမ်း ကြရမည်ဟု အဆိုပါ သတင်းစာတွင် ဖော်ပြ ထားသည်။

အာရပ် ကမ္ဘာတွင် ရေပန်း စားနေသည့် လူထု အုံကြွမှုများ၏ လှုံဆော်မှုကြောင့် တရုတ် နိုင်ငံတွင် တနင်္ဂနွေ ချီတက်ပွဲများ ကျင်းပရန် တောင်းဆို လှုံ့ဆော်မှုများ မရေတွက် နိုင်အောင် များပြား လာခြင်းကြောင့်  တရုတ် အာဏာ ပိုင်များက လူထု မငြိမ်သက်မှု ဖြစ်ပေါ်မည်ကို ပိုမို စိုးရိမ် ပူပန်လျက် ရှိပြီး ဓနဥစ္စာ ကွာဟမှု၊ အဂတိ လိုက်စားမှု စသော ကိစ္စရပ်များ အပေါ် မကျေနပ်မှုများ ကြီးထွား နေသည့် ကြားတွင် ဗူးလေးရာ ဖရုံဆင့် မည်ကို တရုတ် အစိုးရက ကြောက်ရွံ့လျက် ရှိသည်။

----------------------------------------------------------------------

မြန်မာ၊ မလေးရှား ကုန်သွယ်ရေး ဆက်ဆံမှု တိုးမြှင့်မည်

(Daily News မှ 7 Mar 2011 ရက်စွဲပါ Myanmar Malaysia boost business ties သတင်းကို ဘာသာ ပြန်ဆိုသည်)

          မြန်မာ နိုင်ငံနှင့် မလေးရှား နိုင်ငံမှ စီးပွားရေး လုပ်ငန်းရှင် များသည် လာမည့် အပတ် ရန်ကုန် မြို့တော်တွင် ကုန်သွယ်၊ စီးပွား ဆွေးနွေးပွဲ ကျင်းပမည် ဖြစ်ကာ ကဏ္ဍ ပေါင်းစုံတွင် နှစ်နိုင်ငံ ပူးပေါင်း ဆောင်ရွက်မှု မြှင့်တင်ရန် နည်းလမ်းများ ရှာဖွေ ကြမည်ဟု နိုင်ငံပိုင် နေ့စဉ် သတင်းစာက တနင်္ဂနွေနေ့တွင် ဖော်ပြသည်။ ပြည်ထောင်စု မြန်မာ နိုင်ငံ ကုန်သည်ကြီး များနှင့် စက်မှု လုပ်ငန်း ရှင်များ အသင်း UMFCCI နှင့် တန်ချောင် အုပ်စု ဦးဆောင်သော မလေးရှား စီးပွားရေး ကိုယ်စားလှယ် အဖွဲ့တို့ အကြား ဆွေးနွေးမှုကို လာမည့် ကြာသ ပတေးနေ့တွင် ပြုလုပ်မည်ဟု အစိုးရ အာဘော် New light of Myanmar သတင်းစာက ဆိုသည်။

          ပြီးခဲ့ သည့်နှစ် မတ်လက အလားတူ မလေးရှား ကုန်သွယ်ရေး ကိုယ်စားလှယ် အဖွဲ့ မြန်မာ နိုင်ငံသို့ လာ ရောက်ခဲ့စဉ် အတော အတွင်း လျှပ်စစ် အသုံး အဆောင် ပစ္စည်း၊ သတင်း နည်းပညာနှင့် လယ်ယာ စိုက်ပျိုးရေး စသော ကဏ္ဍရပ်များတွင် ကျယ်ကျယ် ပြန့်ပြန့် ပူးပေါင်း ဆောင်ရွက်မှု ရရှိခဲ့ကြသည်။ နောက်ပိတ်ဆုံး ဖြစ်ပေါ် တိုးတက်မှု အဖြစ် မလေးရှား လုပ်ငန်းရှင်များက ရန်ကုန်တွင် ကျင်းပ ခဲ့သည့် ကုန်စည် ပြပွဲနှင့် ထွက်ကုန် မိတ်ဆက် ရှင်းလင်းပွဲမှ တစ်ဆင့် ၎င်းတို့၏ စားအုန်းဆီကို တင်သွင်း မိတ်ဆက် ခဲ့ကြသည် ဟုလည်း သိရှိ ရသည်။

          တရားဝင် ကိန်းဂဏန်းများ အရ ၂၀၀၉-၁၀ ဘဏ္ဍာရေးနှစ် အတွက် နှစ်နိုင်ငံ ကုန်သွယ်မှု တန်ဖိုးသည် အမေရိကန် ဒေါ်လာ ၃၁၂ သန်း ရှိခဲ့သည်ဟု ဆိုသည်။

          မလေးရှား နိုင်ငံသည် မြန်မာ နိုင်ငံ၏ ဆဌမမြောက် အကြီးဆုံး ပြည်ပ ကုန်သွယ်ဖက် ဖြစ်သော ထိုင်း၊ စင်ကာပူ၊ တရုတ်၊ အိန္ဒိယ၊ ဟောင်ကောင် တို့၏ နောက်တွင် ရပ်တည်လျက် ရှိသည်။

-------------------------------------------------------------------------

အပြောင်းအလဲ ကာလ အတွက် အကြမ်း မဖက်သော လုပ်ငန်းစဉ်

(4 March 2011 ရက်စွဲပါ Marila Bulletin မှ Dr.Florangel Rosario Braid ရေးသားသော Nonviolence ကို ဘာသာ ပြန်သည်)

ကမ္ဘာကြီးသည် အစောပိုင်းက ယူကရိန်း၊ ဆားဘီးယား၊ ယခု အရှေ့ အလယ်ပိုင်း တို့တွင် တော်လှန်ရေး ပြောင်းလဲမှုများ တသီ တတန်းကြီး ဖြစ်လိမ့်မည်ဟု ထင်မထား ခဲ့ပေ။ သို့သော် ထိုသို့ ဖြစ်ရန် အခြေ အနေ များတော့ ရှိခဲ့သည်။ ထိုသို့သော လှုပ်ရှားမှုများ ပေါ်ပေါက် လာရန် အီဂျစ်၊ အီရန်၊ တူနီးရှား၊ ဘာရိန်း၊ ယီမင်တို့မှ အတွေး အခေါ် ကောင်းသူ လူငယ် အုပ်စုများက ဦးဆောင် ခဲ့ကြပြီး သတင်း အချက် အလက်နှင့် ဆက်သွယ်ရေး နည်းပညာ များက အားကောင်း အောင် ပံ့ပိုး ခဲ့သည်။

ထင်ရှားသော အချက် တစ်ခုမှာ အာဏာရှင် အစိုးရ များမှာ ဆက်လက် မရှင်သန် နိုင်တော့ ဟူသော အချက်ပင် ဖြစ်သည်။ အင်အား သုံးခြင်းထက် စာလျှင် အကြမ်း မဖက်ခြင်း နည်းလမ်းသည် ဒီမိုကရေစီ အောင်မြင်ရေး အတွက် သင့်တော်သော မဟာဗျူဟာ ဖြစ်ပေသည်။

အသက် (၈၃) နှစ် ရှိပြီ ဖြစ်သော ပညာရှင်နှင့် အကြမ်း မဖက်ရေး မူဝါဒများ အမှတ် ပေးခဲ့သည်။ ၎င်းသည် အမြတ် အတွက် မဟုတ်သည့် Albert Einstein Institution ကို တည်ထောင် ခဲ့ပြီး ကမ္ဘာ တလွှား ပဋိပက္ခများကို အကြမ်း မဖက်သော နည်းဖြင့် တုန့်ပြန်ရန် ပညာ ပေးခဲ့သည့် အဖွဲ့ ဖြစ်သည်။ အီဂျစ်တွင် ဧပြီ ၆ လှုပ်ရှားမှုနှင့် ပတ်သက်သော သတင်း မှတ်တမ်းတွင် လူငယ် မျိုးချစ် အဖွဲ့ ခေါင်းဆောင်က ၎င်းတို့သည် Gene Shorp ၏ မဟာ ဗျူဟာကို အသုံးပြု ခဲ့ကြောင်း ဝန်ခံ ခဲ့သည်။ ထိုနည်း တူပင် ဆားဗီးယားရှိ otpor လှုပ်ရှားမှုတွင်လည်း Gene Sharp နည်းကို သုံး၍ Milosevic ကို အောင်မြင်စွာ ဖြုတ်ချ နိုင်ခဲ့သည်။ Sharp ၏ မက်ဆေ့ခ်ျမှာ ရိုးရိုးလေး ဖြစ်ပြီး အာဏာရှင်၏ ပါဝါသည် အအုပ်ချုပ်ခံ ပြည်သူ၏ နာခံရန် လိုလားမှုမှ ဆင်းသက် လာကြောင်း၊ အကယ်၍ ပြည်သူ လူထုက နာခံရန် ငြင်းဆန်ခဲ့ပါက အစိုးရသည် တစစီ ပြိုကွဲမည်ဟု ဆိုသည်။ ထိုမက်ဆေ့ခ်ျကို ၁၉၉၃ ခု နှစ်က  မြန်မာနိုင်ငံမှ ဒီမိုကရေစီ လှုပ်ရှားမှုများ အတွက် ၎င်းရေးသား ခဲ့သော “From Dictatorship to democracy စာအုပ်တွင် ထပ်မံ ထည့်သွင်း ရေးသား ခဲ့သည်။ အဆိုပါ မက်ဆေ့ခ်ျမှာ ထိုင်းနိုင်ငံနှင့် အင်နိုနီးရှား နိုင်ငံများသို့ ပျံ့နှံသွား ခဲ့သည်ဟု ဆိုခဲ့ပြီး၊ စစ်အာဏာရှင် စနစ်အား ဆန့်ကျင်ရာတွင် အသုံးပြု ခဲ့သည်။

၎င်း၏ စာအုပ်တွင် အကြမ်း မဖက်သော လက်နက် (၁၉၈) မျိုးကို ဖော်ပြ ထားရာ အရောင်များ သင်္ကေတ များ အသုံး ပြုပုံကို ပါဝင်သည်။ အဆိုပါ စာရင်းမှ အဓိက အချက် များကို ဖော်ပြ ရမည် ဆိုလျှင်
  • လွတ်မြောက်ခြင်း (Freedorm အောင်မြင် ရေးနှင့် လူ့အဖွဲ့ အစည်း အမြင် အတွက် မဟာ ဗျူဟာ တိုးတက်ရန် ပြုလုပ်ပါ။
  • အငယ်စား ပြန်လည် တွန်းလှန် မှုများ ပြုလုပ်ပြီး ကြောက်စိတ်ကို ကျော်လွှားပါ။
  • ပြန်လည် ခုခံမှုများ ညီညွှတ်မှု ရှိကြောင်း ပြသရန် အရောင်များ၊ သင်္ကေတများကို အသုံးပြုပါ။
  • သမိုင်းတွင် အကြမ်း မဖက်သော လှုပ်ရှားမှုများ၏ အောင်မြင်ခဲ့ပုံ ဥပမာများကို လေ့လာပါ။
  • အကြမ်း မဖက်သော လက်နက် များကို အသုံးပြုပါ။
  • အာဏာရှင် စနစ်ကို အထောက် အကူ ပြုနေသော ဒေါက်တိုင်များကို ဖော်ထုတ်၍ ၎င်းတို့ကို အားနည်းအောင် ပြုလုပ်သော မဟာ ဗျူဟာများ ချမှတ်ပါ။
  • အစိုးရ၏ ဖိနှိပ်မှု၊ သွေးထွက် သံယို ရက်စက် မှုများကို သင်တို့၏ လှုပ်ရှားမှုများ အတွက် အားအင် ဖြည့်တင်း ပေးသော လက်နက် အဖြစ် အသုံးပြုပါ။
  • လှုပ်ရှားမှုတွင် အကြမ်း ဖက်ရန် လုပ်ဆောင် သူများကို ဖယ်ရှား ပစ်ရမည်။
အီဂျစ်တွင် အောင်မြင်စွာ အသုံးပြု နိုင်ခဲ့သော မဟာ ဗျူဟာမှာ မူဘာရက်၏ အကြီးဆုံး အထောက် အပံ့ ဖြစ်သော စစ်တပ် ကဲ့သို့သော အစိုးရ၏ အဓိက ဒေါက်တိုင်ကို ဖော်ထုတ် နိုင်ခဲ့ခြင်း ကြောင့် ဖြစ်သည်။ ပြည် သူများက မိမိတို့၏ ကိုယ်ပိုင် စွမ်းအားဖြင့် အာဏာရှင်ကို ဖယ်ရှား နိုင်လိမ့် မည်ဟု ယုံကြည် နေသ၍ ကာလ ပတ်လုံး ကြောက်ရွံ့ နေခြင်းနှင့် စိတ်မဝင် စားမှုတို့ မဖြစ်အောင် ထိန်းချုပ် ထားနိုင်မည် ဖြစ်သည်။ သို့သော် အာဏာ ရှင်များ မရှိတော့လျှင် ဘာဆက် လုပ်ရမည် ကိုမူ Sharp က အကြံပြု နိုင်ခဲ့ခြင်း မရှိပေ။ ထို့ကြောင့် အကြမ်း မဖက် သော ဝါဒကို ကိုင်စွဲ ထားသူ များသည် တော်လှန်ရေး ပြီးနောက် နောက်ထပ် ခြေလှမ်း အဖြစ် လုပ်ကိုင်ရန် များကို ထင်ရှားသော အတွေး အခေါ် ပညာရှင် များထံ အကြံဥာဏ် တောင်းခံ နေရသည်။

          ၎င်းတို့ ပြောကြားသော အချို့ အချက် များတွင် အကြီးမား ဆုံးသော စိန်ခေါ်မှုမှာ အရှိန်ကို ဆက်လက်၍ မည်သို့ ထိန်းသိမ်းမည် ဆိုသည်နှင့် စစ်တပ်ကို အာဏာရှင်တွင် မယစ်မူး အောင် ပြုလုပ်ရေးပင် ဖြစ်ကြောင်း ဆိုသည်။ ဒီမိုကရေစီကို ဆက်လက် ရှင်သန်ရေး မစုစည်း ရသေးသော လှုပ်ရှားမှုများ အတွက် ရှေ့ဆက်ရမည့် ခြေ လှမ်း အချို့မှာ          
(၁) အကြမ်း မဖက်ရေး နည်းဗျူဟာ များကို အသုံးပြု၍ ဆက်လက် စုစည်းထားကာ ရွှေ့လျား စေရန်
(၂)အခြေခံ ဥပဒေ ဆိုင်ရာများ ပြန်လည် သုံးသပ်ရာတွင် တရား မျှတပြီး ထိရောက်သော လုပ်ငန်းစဉ် များ ချမှတ် နိုင်ရန် အစိုးရ၏ ကျန်ရှိသော ထိရောက်သော လုပ်ငန်းစဉ်များ ချမှတ် နိုင်ရန် အစိုးရ၏ ကျန်ရှိသော အဓိက ပုဂ္ဂိုလ်များနှင့် မဟာဗျူဟာ ကျကျ မည်သို့ ဆွေးနွေး ညှိနှိုင်း နိုင်မည် ဆိုသည်ကို လေ့လာရန်
(၃) ပိုလန်နှင့် တောင်အာဖရိကမှ အသွင် ကူးပြောင်းရေး များကို လေ့လာရန်
(၄)အရှိန်ကို ဆက်ထိန်း နိုင်ရန် လေ့လာပါ။ အထူးသဖြင့် အသွင် ပြောင်းရေးနှင့် အချိန်နှင့် အမျှ အဓိပ္ပါယ် ကောက်ယူနိုင်ရေး (Transformation and deconatruction) စသော အသေးစိတ် အချက် များက အစ ထိန်းသိမ်း ထား နိုင်ရန်
(၅) တန်ပြန် အာဏာ မသိမ်း နိုင်ရေးကို ကာကွယ်ရန် လုံ့လ စိုက်ထုတ်ရန်
(၆) လူအဖွဲ့ အစည်း အတွက် စိန်ခေါ်မှု တစ်ခု ဖြစ်သော အသွင် ကူးပြောင်းရေးကို ပြီးစီးအောင် ပြုလုပ်ရန်၊ ဥပမာ အားဖြင့် မူဘာရတ်က အာဏာကို စစ်တပ်သို့ ပေးရာမှ၊ နောက်ဆုံး ပြည်သူထံ ရောက်ရှိရေး ဆောက်ရွက် ရန်၊
(၇) တော်လှန်ရေးမှ ရရှိသော အောင်မြင်မှု များကို စွမ်းအားနှင့် ကြံ့ခိုင်မှုတို့ အဆက် မပြတ် ဖြည့်ဆီးပြီး ထိန်းသိမ်း ထားရန်
(၈) အကြီးဆုံး စိန်ခေါ်မှုများ အကြမ်း မဖက်သော လုပ်ဆောင်မှု များကို နားမလည် သူများ၏ ယုံကြည် ချက်များ ကို နားလည်အောင် ထိန်းချုပ် ထားနိုင်ရေး စသည်များ ဖြစ်သည်။

----------------------------------------------------------------------------
 
အငြင်းပွားဖွယ် ကျွန်းစုအနီးသို့ ကပ်လာသော တရုတ်သင်္ဘောကို ဂျပန်သတိပေး

(AFP သတင်းဌာနမှ 5 Mar 2011 ရက်စွဲပါ Japan Warns China Ship mear disputed isles သတင်းကို ဘာသာ ပြန်ဆိုသည်)

ဒေသတွင်း ပြိုင်ဖက်များ ဖြစ်သော တရုတ်နှင့် ဂျပန်တို့ အကြားရှိ အစာ မကြေသော ရေပြင် နယ်နမိတ် စည်းပေါ်ရှိ အငြင်းပွား ကျွန်းစု အနီးသို့ တရုတ် ကမ်းခြေစောင့် သင်္ဘော ချဉ်းကပ် လာခဲ့ခြင်းကြောင့် ဂျပန် နိုင်ငံတွင် စနေနေ့က တပ်လှန့် သတိ ပေးမှုများ ဖြစ်ပေါ် ခဲ့သည်။

အရှေ့ တရုတ် ပင်လယ် တွင်းမှ ဂျပန်လို ဆင်ကာကူ၊ တရုတ်လို ဒေါင်ယု ဟု ခေါ်ကြသော လူသူ မနေသည့် ကျွန်းစု အနီးသို့ ချဉ်းကပ် လာသည့် တရုတ် သင်္ဘောကို ကင်းလှည့် လေယာဉ်က ထောက်လှမ်း တွေ့ရှိ ခဲ့ခြင်း ဖြစ် သည်ဟု ဂျပန် ကမ်းခြေ စောင့်တပ်က ပြောကြားသည်။

ဂျပန် ကမ်းခြေ စောင့်တပ်၏ ကြေညာ ချက်တွင် “ဂျပန် နိုင်ငံက ပိုင်ဆိုင်ကြောင်း ကြေညာ ထားသည့် ရေပြင် ပိုင်နက် အတွင်းသို့ တရုတ် သင်္ဘော ဝင်မလာ အောင် ဂျပန် အစိုးရ ကမ်းခြေစောင့် လေယာဉ်နှင့် သင်္ဘောများက သတိပေးမှု ပြုလုပ် ခဲ့ရသည်” ဟု ဖော်ပြ ထားသည်။

အထက်ပါ ရေပြင် ပိုင်နက်သို့ ဝင်ရောက် ခဲ့ခြင်း မရှိသည့် တရုတ် သဘောက နယ်မြေ ကင်းလှည့် ခြင်းသာ ဖြစ်ကြောင်း တုန့်ပြန် ခဲ့သည်ဟု သိရှိ ရသည်။

          ယခု ကဲ့သို့ အငြင်းပွား ကျွန်းစုများ အနီး အထိ တရုတ်သင်္ဘော ခုတ်မောင်း ချဉ်းကပ် လာခြင်းသည် ယခုနှစ် အတွင်း ယခုနှစ် အတွင်း ဒုတိယ အကြိမ် မြောက် ဖြစ်ပြီး တရုတ် နိုင်ငံ၏ ရေတပ် လှုပ်ရှားမှု တိုးမြှင့် လာခြင်းကြောင့် အိမ်နီးချင်း နိုင်ငံများနှင့် တင်းမာမှုကို အဆက် မပြတ် ဖြစ်ပေါ် စေမည်ဟု ဆိုသည်။

          ပြီးခဲ့သည့် နှစ်ကုန်ပိုင်းတွင် ဘေဂျင်းက ၎င်း၏ ငါးဖမ်း နယ်မြေကို ကာကွယ်ရန် အတွက် အငြင်းပွား ကျွန်းစု များအနီး ကင်းလှည့်မှု များကို တိုးမြှင့် မည်ဟု ပြောကြားခဲ့ရာ၊ အလား အလာ ရှိသော ရေအောက် စွမ်းအင် သယံ ဇာတ များအား ရှာဖွေ နေခြင်းကို ပြနေသည်။

-----------------------------------------------------------------
အစိုးရနှင့် အတိုက် အခံများ တိုက်ပွဲ ဝင်ရန် အသင့်ပြင်

(The straits Times မှ 5 Mar 2011 ရက်စွဲပါ Govt , opposition get ready for battle သတင်းကို ဘာသာ ပြန်ဆိုသည်)

          ဖေဖော်ဝါရီ ၂၆ ရက်နေ့က ချက်တူ ချောက်ရို နာမည်ကျော် ဘန်ကောက် စနေ-တနင်္ဂနွေ ဈေးသို့ ထိုင်းဝန်ကြီးချုပ် အဘီဆစ်မဲ့ ဂျာဂျီးဗား ရောက်ရှိ လာခဲ့ရာ ယင်းသို့ လာရောက် လည်ပတ် ခြင်းသည် သူ၏ ဒီမိုကရက် ပါတီ အတွက် ရွေးကောက်ပွဲ မဲဆွယ်ရန် ညင်ညင် သာသာ စတင် လိုက်ခြင်း ဖြစ်သည်ဟု ကျယ်ကျယ် ပြန့်ပြန့် ရှုမြင်လျက် ရှိကြသည်။

          ပြုံးနေသော အောက်စဖို့ ထွက် ဝန်ကြီးချုပ်ကို ဓာတ်ပုံထဲတွင် နှင်းဆီနီ တစ်ပွင့် ကိုင်ကာ ဝမ်းမြောက် ပျော်ရွှင်နေသော ဒေသခံ ပြည်သူများ ဝိုင်းရံလျက် မြင်တွေ့ရသည်။ အချက် ၄ ချက်ပါ မဲဆွယ် ဂတိ ပေးမှု ကိုလည်း အဆိုပါ သီတင်း ပတ်ကုန်တွင် ထုတ်ပြန် ခဲ့သည်။ ဝန်ကြီးချုပ် အဘီဆစ်က ဒီဇင်ဘာလအထိ ရွေးကောက်ပွဲ ကျင်းပရန် တောင်းဆို ခဲ့ခြင်း မရှိသော်လည်း ဒုတိယ ဝန်ကြီးချုပ် ဆူသက် သောင်ဆူဗန်က ဇွန်လ မတိုင်မီ ရွေးကောက်ပွဲများ ကျင်းပ နိုင်ဖွယ် ရှိသည်ဟု ပြောကြား ခဲ့သည်။

          မည်သို့ပင် ဖြစ်စေ အစိုးနှင့် အတိုက် အခံ ပါတီများ နှစ်ဖက်စလုံး ရွေးကောက်ပွဲ ဝိဥာဉ် ပူးကပ် နေကြပြီ ဖြစ်ကာ၊ ကောင်းပေ့ ဆိုသော အရာများကို ကတိ ပြုခြင်း၊ ပါတီများ တစ်စုနှင့် တစ်ခု စည်းရုံး လှုပ်ရှား မဲဝယ်ခြင်း များနှင့် ပတ်သက်၍ အပြန် အလှန် စွပ်စွဲ ကြခြင်း စသည် တို့ကို ပြုလုပ် နေကြပြီ ဖြစ်သည်။

          အစိုးရ ကလည်း ဆင်းရဲ မွဲတေသူများကို ရည်ရွယ်သည့် စီးပွားရေး အစီအစဉ်များ၊ ချေးငွေ အစီ အစဉ်များ၊ ရထား ပို့ဆောင်ရေးနှင့် လျှပ်စစ် ဓာတ်အား ကဏ္ဍအပေါ် ထောက်ပံ့ ရန်ပုံငွေ တိုးချဲ့မည့် အစီ အစဉ်များ၊ လူမှု ဖူလုံရေး အလှူငွေ အစီ အစဉ် များကို ကြေညာ ခဲ့ပြီး ဖြစ်သည်။

          ပြီးခဲ့သည့် သီတင်း ပတ်ကုန်က ကြေညာ ကတိ ပေးမှု မှာလည်း မဲဆွယ်သည့် သဘောပင် ဖြစ်ပြီး အနိမ့်ဆုံး လုပ်ခ လစာ ၂၅% တိုးမြှင့်မှု၊ မူးယစ် ဆေးဝါး တိုက်ဖျက်ရေး အဖွဲ့သစ် ဖွဲ့စည်းမှု၊ တက္ကသိုလ် ကျောင်းသား နှစ်သိန်းခွဲ အတွက် ချေးငွေ အစီအစဉ်များ၊ လယ်သမား ၂၅၀၀၀ ခန့်ကို အကျိုး ဖြစ်ထွန်း စေမည့် စိုက်ပျိုး မွေးမြူရေး အသိုင်း အဝိုင်းနှင့် ဆိုင်သည့် ပိုင်ဆိုင်မှု စာချုပ် စာတမ်း ကိစ္စများ စသည့် အစီ အစဉ်များ ပါဝင်သည်။ ယင်းသို့ ထုတ်ပြန် ကြေညာ မှုများသည် မဲဝယ်ခြင်းနှင့် သဘော တရား အတူတူပင် ဖြစ်ကြောင်း အတိုက် အခံ ထိုင်း ပါတီက ပြောကြား လိုက်သည်။
 
 
 
 
 
Sent to transparency.myanmar@gmail.com: unsubscribe | update profile | forward to a friend
Email Marketing Powered by MailChimp