Transparency Myanmar

transparency.myanmar@gmail.com

သတင်းလွှာ စာဖတ်သူများခင်ဗျာ..


         သတင်းလွှာအမှတ် ၂၀ ကို ပေးပို့လိုက်ပါတယ်။ မြန်မာ့မီးရထား ပုဂ္ဂလိကပိုင် ပြုလုပ်မည့်အထူးသတင်းအပါအဝင် တပတ်အတွင်း မှတ်မှတ်သားသားသတင်းများ၊ အတွေးအမြင်ဆောင်းပါးများကို ထည့်သွင်းဖော်ပြထားပါတယ်။ ယခုတစ်ပတ်လည်း နှစ်သက်ကြမယ်လို့ မျှော်လင့်ပါတယ်။



လေးစားလျှက်..

သတင်းလွှာအဖွဲ့

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

yangonchronicle 2011
yangonchronicle 2011

၂၉.၇.၂၀၁၁

ဘာသာပြန်သတင်းများ

မြန်မာအရပ်သားအစိုးရက ပြောင်းလဲမှုအတွက် ကလေးခြေလှမ်းလှမ်း

(23 July 2011 ရက်စွဲပါ The Straits Times မှ Nirmal Ghosh ရေးသားသော Myanmar’s Civilian gov’t taking baby steps to change ကို ဘာသာ ပြန်ဆိုသည်)

                ပဋိပက္ခများ၊ ဆင်းရဲမွဲတေမှုများ အမြစ်တွယ်နေသော မြန်မာနိုင်ငံတွင် နှစ်ပေါင်း (၄၀)ခန့်အတွင်း ပထမဆုံး အရပ်သားအစိုးရ တက်လာပြီး ရက်ပေါင်း(၁၀၀)ကျော်တွင် ပြောင်းလဲမှုမျိုးစေ့ကို စိုက်ပျိုးနိုင်ခဲ့သည်။

                သို့သော် ၎င်းတို့သည် အပြောင်းအလဲမလုပ်လိုသည့် သဘောထားများ၊ ပြည်တွင်းစစ်ဖြစ်မည့် အရေးများဖြင့် ကြိုးစားရုန်းကန်ရလျက်ရှိသည်။

                နိုင်ငံရေးနှင့် အုပ်ချုပ်ရေးဖွဲ့စည်းထားမှုအသစ်နှင့် သမ္မတဦးသိန်းစိန်၏ မတ်(၃၀)ရက်နေ့က ပြောကြားသည့် ပွင့်လင်းပြီး၊ ရည်မှန်းချက် ကြီးမားသည့် မိန့်ခွန်းကြောင့် စ၍အကောင်းမြင်ခံခဲ့ရသည်။

                ဝေဖန်သုံးသပ်သူများက ပြုပြင်ပြောင်းလဲရေးအတွက် ကြိုးပမ်းမှုများကို သဘောထားတင်းမာသည့် ဗိုလ်ချုပ်ဟောင်းကြီးများက မလုပ်နိုင် အောင် တားဆီးလျက်ရှိပြီး၊ နိုင်ငံမြောက်ပိုင်းတွင် တိုင်းရင်းသားစစ် တပ်များနှင့် စစ်ပွဲများပြန်ဖြစ်မည့်အရေးများကို ညွှန်ပြခဲ့ကြသည်။

                “စစ်အစိုးရဟောင်းနေရာမှာ အပြောင်းအလဲမလုပ်လိုတဲ့ အချက်ကနေရာဝင်ယူလာပါတယ်”ဟု Larry Jagan က မကြာမီကရေးသားခဲ့သည်။

                ဒုတိယသမ္မတဦးတင်အောင်မြင့်ဦးကဲ့သို့သော အစိုးရဟောင်းမှ ပုဂ္ဂိုလ်အချို့သည် သမ္မတ၏ ပြောင်းလဲရေး အစီအစဉ်များကို နှောင့်နှေးအောင် ပြုလုပ်လျက်ရှိသည်ဟု ၎င်းကရေးသားခဲ့သည်။

                ကုလသမဂ္ဂအား အကြံပေးရန် တည်ထောင်ထားသော Conflict Prevention and Peace forum ၏ ယခုလစာတမ်းတွင် မြန်မာနိုင်ငံအား လေ့လာသူ Richard Horsay က ရှေ့ခရီးဆက်ရန် ဥပဒေ၊ စည်းမျဉ်းများဆိုင်ရာ စိန်ခေါ်မှုများကို ညွှန်းဆိုခဲ့သည်။

                လူများစွမ်းဆောင်ရည်ညံ့ဖျင်းမှုနှင့် စည်းမျဉ်းဥပဒေများ၏ အားနည်းမှုများက တိုးတက်မှုကို နှောင့်နှေးစေသည့် အရေးကြီးသည့် အရာများ ဖြစ်ကြောင်း၊ မလိုအပ်သော ဗျူရိုကရေစီစည်းမျဉ်းစည်းကမ်းများရှိ နေခြင်းများကလည်း တိုးတက်မှုကိုပိတ်ဆို့ထားသော အရာများဖြစ်ကြောင်း ဖော်ပြ ထားသည်။

                ကချင်လွတ်လပ်ရေးအဖွဲ့(KIO)နှင့် တိုက်ပွဲများပြန်လည်ဖြစ်ပွားနေခြင်းကလည်း ပထမဆုံးရက် (၁၀၀)အတွက် အရိပ်မည်းစိုးမိုးစေသော အချက်ဖြစ်ပြီး၊ မြောက်ပိုင်းနယ်စပ်တွင် စစ်ပွဲပြန်ဖြစ်နိုင်သည့် အန္တရာယ် ရှိလာသည်။

                သို့သော် ပြောင်းလဲမှုကိုဆန့်ကျင်သော အရာများရှိနေသည်ကို သိရှိသော်လည်း၊ ရက်(၁၀၀) အတွင်း အစိုးရ၏ လုပ်ဆောင်ချက်များကို အကဲဖြတ်ရန် အတွက်မူ မြန်မာနိုင်ငံအနေဖြင့် ဖြစ်နိုင်မည်မဟုတ် ဟု Horsey နှင့် အခြား ဝေဖန်သုံးသပ်သူများက ဆိုကြသည်။

                ပုံမှန်ဒီမိုကရေစီစနစ်နှင့် ဈေးကွက်စီးပွားရေးအမြစ်တွယ်ပြီးသည့် နိုင်ငံများတွင်မူ ထိုသို့ အကဲဖြတ်ရန် အကြုံးဝင်မည်ဖြစ်သော်လည်း မြန်မာနိုင်ငံတွင် နှစ်ပေါင်း ၄၀ ကျော်အုပ်ချုပ်လာသော စစ်တပ်က အစိုးရ ချုပ်ကိုင်သော စီးပွားရေးတွင် လွှမ်းမိုးသော အဖွဲ့အစည်းဖြစ်နေရာ ထိုသို့အကဲ ဖြတ်ရန် အကြုံးဝင်လိမ့် မည်မဟုတ်ပေ။

                “အချိန်စောလွန်းပါသေးတယ်။ အစိုးရသစ်ရင်ဆိုင်နေရတဲ့ စိန်ခေါ်မှုတွေက ကြီးမားလွန်းလှပါတယ်။ သူတို့အဖွဲ့အစည်းအတွင်းက စိန်ခေါ်မှု တွေရယ်၊ ဆယ်စုနှစ်များစွာအရေးယူပိတ်ဆို့မှုများနဲ့ အထီးကျန်ပြုထားတဲ့ မူဝါဒတွေရဲ့ သက်ရောက်မှုတွေရယ်ရှိနေပါတယ်”ဟု သမိုင်းပညာရှင် ဦးသန့်မြင့်ဦးက ပြောသည်။

                “သမ္မတသစ်ကတော့ စီးပွားရေးပြုပြင်ပြောင်းလဲရေးတွေလုပ်ချင်တယ်ဆိုတာ ထင်ရှားပါတယ်။ ဒါပေမယ့် သူလုပ်နိုင်မလုပ်နိုင်ဆိုတာကတော့ အချိန်က စကားပြောပါလိမ့်မယ်”ဟု ၎င်းကဖြည့်စွက်ပြောကြားခဲ့သည်။

                မျိုးစေ့ချခဲ့သော စီးပွားရေးပြုပြင်ပြောင်းလဲမှုများတွင် ပို့ကုန်အခွန်များတွင် 10%မှ 7% သို့ လျော့ ပေးခဲ့ခြင်း၊ ပင်စင်စားဦးရေ (၈၄၀၀၀၀) ကျော်အား အငြိမ်းစားလစာများတိုးပေးခဲ့ရာ တစ်နှစ်လျှင် ဒေါ်လာ သန်း ၅၀၀ (စင်္ကာပူဒေါ်လာ သန်း ၆၁၀)ခန့် အသုံးပြုခဲ့ခြင်း၊ စားအုန်းဆီနှင့် လောင်စာဆီ တင်သွင်းမှုကို လက်ဝါးကြီး အုပ်ထားမှုအား ပယ်ဖျက်ပေးခဲ့ခြင်း အခြေခံအစိုးရ ဝန်ဆောင်မှုများတွင် သွက်လက်မြန်ဆန်အောင် ပြုလုပ်ပေး လာခြင်းများ ပါဝင်ပါသည်။

                ယခုအခါ ဆင်းရဲမွဲတေမှုကိစ္စကိုင်တွယ်ရန် အရေးတကြီးလိုအပ်ကြောင်း အစိုးရက အသိအမှတ်ပြုခဲ့ပြီး၊ ယခင်က ကန့်သတ်ထားခဲ့သော အသေးစား ငွေကြေးထောက်ပံ့မှုများကို ပယ်ဖျက်ရန် လုပ်ဆောင်လျက်ရှိသည်။

                မြန်မာနိုင်ငံသည် တရုတ်၊ အိန္ဒိယနှင့် အာဆီယံတို့ဆုံသော နေရာတွင်ရှိသော နိုင်ငံတစ်ခုဖြစ်သည်။ လက်ရှိတွင် အဓိက အခြေခံ အဆောက် အဦးစီမံကိန်းများဖြစ်သော တိုင်းပြည်ကို အကျိုးအမြတ်ရှိစေမည့် ထားဝယ်ဆိပ်ကမ်း ဖွံ့ဖြိုးရေး လုပ်ငန်းများကိုလည်း လုပ်ကိုင်လျက်ရှိသည်။

                ပြီးခဲ့သည့် ဇွန်လက အစိုးရကပြောကြားရာတွင် ၂၀၁၁ မတ်လတွင် ကုန်ဆုံးသော ဘဏ္ဍာနှစ်တွင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုစံချိန်တင် အမေရိကန်ဒေါ်လာ ၂၀ ဘီလီယံရရှိခဲ့ကြောင်း၊ ထိုအထဲတွင် တရုတ်က ပါဝါ စီမံကိန်းများ၌ ၄၁ % ပါဝင်ခဲ့သည်ဟုဆိုသည်။

                ထို့အပြင် အစိုးရသည် နိုင်ငံရေးနှင့်ပတ်သက်သော ကွက်လပ်များ ဖွင့်ပေးခဲ့ပါသည်။ အတိုက်အခံ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် သည်ပင်လျှင် ပြီးပြည်စုံခြင်းမဟုတ်သည့်တိုင် လွတ်လပ်စွာလှုပ်ရှားခွင့်အနည်း ငယ် ရခဲ့ပါသည်။

                ထို့သို့သော ပြောင်းလဲမှုနှုန်းကို ကြည့်လျှင် ပြည်သူများအနေဖြင့် အသိအမှတ်ပြုလောက်အောင် မြန်ဆန်ခြင်းကား မရှိသေးပေ။

                စစ်တပ်ကို အစိုးရမှ ခွဲထုတ်လိုက်ပြီး၊ ယခင်အာဏာရှင်သန်းရွှေမှာလည်း အမှန်တကယ်အနားယူ သွားပုံ ရသော်လည်း ပါလီမန်နှင့် ကက်ဘိနက်တွင် စစ်တပ်မှအရာရှိဟောင်းများစွာပါဝင်နေသည်။ “အားလုံးအရင်အတိုင်းပါပဲ”ဟု ရန်ကုန်အခြေစိုက်နိုင်ငံခြားသား လေ့လာသူတစ်ဦးက ဆိုသည်။

                “နယ်စပ်ဒေသတွေမှာ စစ်တွေဖြစ်နေတုန်းပါပဲ။ လူဦးရေအများစုဟာ ဆင်းရဲမွဲတေမှုကို ခံနေရပါတယ်။ နေ့စဉ်နဲ့အမျှ အစိုးရလူတွေဟာ လူ့အခွင့်အရေးချိုးဖောက်မှုတွေလုပ်နေတုန်းပါပဲ အုပ်ချုပ်ရေးစနစ်မှာ အကျင့်ပျက် ခြစားမှုနဲ့ပဲ ကြုံတွေ့နေတုန်းပါပဲ။ သတင်းစာလွတ်လပ်ခွင့်၊ လွတ်လပ်စွာ ဖွဲ့စည်းခွင့်၊ ပြောဆိုခွင့်တွေမှာ တိုးတက်မလာသေးပါဘူး”ဟု ၎င်းကဆိုသည်။

                “အစိုးရ၊ နိုင်ငံရေးပါတီများ၊ စီးပွားရေးသမားများ၊ ပညာရှင်များဟာ စွမ်းဆောင်ရည်မြင့်မားဖို့၊ ကမ္ဘာကြီးနဲ့ ဆက်နေဖို့၊ ပိုမိုပူးပေါင်း ဆောင်ရွက်ဖို့ လိုအပ်နေဆဲပါပဲ။ လူထုအခြေပြုအဖွဲ့အစည်းတွေမှာလည်း ငွေကြေးထောက်ပံ့ဖို့ လိုအပ်ပါတယ်”ဟု ၎င်းက ပြောသည်။

                Horsey ကဲ့သို့သော ပညာရှင်အများအပြားက ရှေ့သို့သွားသော ခြေလှမ်းမှာ သေးငယ်သော်လည်း အခြားတစ်ခုထက် စာလျှင် ပိုကောင်းသည် ဟု သဘောတူကြသည်။

                “နှေးကွေးပြီး မပြည့်စုံတဲ့ ပြောင်းလဲမှုမလုပ်ရင် အခြားတစ်ခုက မြန်ဆန်တဲ့ ပြုပြင်ပြောင်းလဲမှုဖြစ်မှာ မဟုတ်ပါဘူး။ အရင်တုန်းက အာဏာရှင်လို ပိုပြီးဖိနှိပ်ပြီး၊ အထီးကျန်လမ်းကြောင်းကို သွားတဲ့ ဘက်ကို သွားမှာ စိုးရတယ်”ဟု Horsey က သတိပေးသည်။ ၎င်းသည် မြန်မာနိုင်ငံတွင် ကုလသမဂ္ဂ၌ တာဝန်ထမ်း ဆောင်ခဲ့ဖူးသည်။

                သမ္မတ၏ ပြုပြင်ပြောင်းလဲရေးတွင် နိုင်ငံရေးနှင့် ပတ်သက်သော လုပ်ဆောင်ဖွယ်ရာများ နည်းပါး လိမ့်မည် ဖြစ်ပြီး၊ နိုင်ငံတကာ အသိုင်းအဝိုင်း ကလည်း ထိုအချက်ကို နားလည်ပေးရလိမ့်မည်ဖြစ်သည်။

***********************************************

ကျည်ဆန်ရထားတိုက်မှုတွင် အဂတိလိုက်စားမှုတွေ့ရှိပါက ပြင်းထန်စွာအပြစ်ပေးမည်ဟု တရုတ်ဝန်ကြီးချုပ်ပြော

(AP သတင်းကို ဘာသာ ပြန်ဆိုသည်)

လူပေါင်း ၃၉ ဦးသေဆုံးပြီး အများပြည်သူတို့ အမျက်ဒေါသထွက်စေခဲ့သည့် ကျည်ဆန်ရထားတိုက်မှုတွင် အဂတိလိုက်စားသည်ဟု စုံစမ်းဖော်ထုတ်ခံရသူမည်သူမဆို ပြင်းထန်စွာ အပြစ်ပေးခြင်းခံရမည်ဖြစ်ကြောင်း တရုတ်နိုင်ငံ ဝန်ကြီးချုပ် ဝမ်ကျားပေါင်က ဇူလိုင်လ ၂၈ ရက်နေ့တွင် ထုတ်ဖော် အသိပေးပြောဆိုလိုက်သည်။

ဇူလိုင်လ ၂၄ ရက်နေ့က တရုတ်ပြည်အရှေ့ပိုင်း Wenzhou စီးတီးအနီး ကျည်ဆန်ရထားနှစ်စီးတိုက်မှု ဖြစ်ပွားသည့် နေရာ၌ မိန့်ခွန်းပြောကြားရာတွင် ဝန်ကြီးချုပ်က အထက်ပါအတိုင်းပြောဆိုခြင်းဖြစ်သည်။ ရထားတိုက်မှုကို ယခုအခါ အလေးအနက်ထားစုံစမ်းစစ်ဆေးလျက်ရှိပြီး တွေ့ရှိချက်များအားလုံးကို အများပြည်သူသို့သိရှိရန် သတင်း ထုတ်ပြန်မည် ဖြစ်သည်ဟု ၎င်းကဆိုသည်။ ရထားတိုက်မှုကြောင့် ဒဏ်ရာရရှိသူ ၁၉၀ ဦးကျော်ခန့်ရှိခဲ့ကြောင်း တရုတ်သတင်းဌာနများက ရေးသားဖော်ပြသည်။

"ဒီရထားတိုက်မှုဟာ စက်မှုပိုင်းဆိုင်ရာ ချို့ယွင်းခဲ့တာကြောင့်ပဲဖြစ်ဖြစ်၊ စီမံခန့်ခွဲမှုပြဿနာကြောင့်ပဲဖြစ်ဖြစ်၊ ဒါမှမဟုတ် ထုတ်လုပ်မှုပိုင်းဆိုင်ရာ ပြဿနာကြောင့်ပဲဖြစ်ဖြစ် ကျွန်တော်တို့အနေနဲ့ ပြဿနာရဲ့ အောက်ဇစ်မြစ်တစ်ခုလုံးကို ခြေခြေမြစ်မြစ်သိအောင်မဖြစ်မနေလုပ်ရမှာပါ။ ဒီပြဿနာရဲ့ နောက်ကွယ်မှာ အဂတိလိုက်စားမှုရှိနေတယ်ဆိုရင် တရား ဥပဒေအတိုင်း ကိုင်တွယ်ဖြေရှင်းသွားမှာပါ။ ပျော့ပျော့ပြောင်းပြောင်းနဲ့ ကိုင်တွယ်မှာ မဟုတ်ပါဘူး။ ရထားတိုက်မှုမှာ သေဆုံးသွားတဲ့သူတွေအတွက် ဒီလိုကိုင်တွယ် ဖြေရှင်းခြင်းသာ တစ်ခုတည်းသော မျှတတဲ့နည်းလမ်းဖြစ်ပါလိမ့်မယ်" ဟု

ဝန်ကြီးချုပ်ဝမ်ကျားပေါင်က ဆိုသည်။

တရုတ်မီးရထားပို့ဆောင်ရေးဌာနမှ အရာရှိတစ်ဦးက ရထားတိုက်မှုသည် ချို့ယွင်းချက်ရှိသောအချက်ပြစနစ်နှင့် လူလုပ်သည့်အမှားအယွင်း တို့ကြောင့် ဖြစ်ပေါ်ခဲ့ခြင်းဖြစ်သည်ဟု ထုတ်ဖော်ပြီး မကြာခင်ပင် ဝန်ကြီးချုပ်ဝမ်ကျားပေါင်က အထက်ပါအတိုင်း ထုတ်ဖော်ပြောဆိုလိုက်ခြင်းဖြစ်သည်။ ရထားတိုက်မိမှုတွင် ရထားတွဲခြောက်တွဲ လမ်းချော်ခဲ့ပြီး လေးတွဲမှာ အမြင့်ပေ ၁၀၀ ခန့်ရှိသော ကောင်းကင် ရထားလမ်းပေါ်မှ ပြုတ်ကျသွားခဲ့သည်။ ရှန်ဟိုင်း မီးရထားဗျူရိုမှ အကြီးအကဲ An Lusheng အဆိုအရ Wenzhou South ဘူတာရုံရှိ အချက်ပြမီးပွိုင့် စနစ်တပ်ဆင်ထားသည့် ပုံစံချို့ယွင်းချက် ရှိကြောင်း ပြောဆိုသည်။ ဖြစ်ပွားပုံမှာ ကောင်းကင်ရထားလမ်းပေါ်၌ မိုးကြိုးပစ်ခံရသောကြောင့် ရပ်ဆိုင်းထားသော ကျည်ဆန်ရထားအား နောက်ရထား တစ်စီးက နောက်ဘက်မှဝင်တိုက်မိခြင်းဖြစ်သည်။

“မိုးကြိုးပစ်လိုက်ပြီးနောက် အချက်စနစ်ချို့ယွင်းသွားတယ်။ မီးနီပြရမယ့်အစား မီးစိမ်းပြလိုက်တယ်” ဟု An Lusheng က CCTV မှသတင်း ထုတ်လွှင့်ချက်တွင် ပြောကြားသည်။ အဆိုပါ အချက်ပြစနစ်ကိုတီထွင်ထုပ်လုပ်ခဲ့သော တရုတ် အမျိုးသားမီးရထားဆက်သွယ်ရေးသုတေသနနှင့် Instutite of Signal and Communication (NRRDSC)က ဇူလိုင်လ ၂၈ ရက်နေ့တွင် ရထားတိုက်မိမှုကြောင့် သေဆုံးသွားသူများ၏ ကျန်ရစ်သူ မိသားစုဝင်များထံသို့ ဝမ်းနည်းကြောင်း သဝဏ်လွှာပေးပို့ခဲ့သည်။ ရထားတိုက်မှုအပေါ် စုံစမ်းစစ်ဆေးဖော်ထုတ်မည့်ကိစ္စတွင် ဝင်ရောက် ပူးပေါင်း ဆောင်ရွက်မည်ဖြစ်ကြောင်း၊ အပြစ်ရှိပါက ပြစ်ဒဏ်ပေးခံသွားမည်ဖြစ်ကြောင်း NRRDSC ကဆိုသည်။

ရထားတိုက်မှုတွင်သေဆုံးသွားသူများ၏ မိသားစု ၂၀ ခန့်က အဆိုပါဖြစ်ရပ်ဆိုးကြီးအား အမြန်ဆုံးစစ်ဆေး ဖော်ထုတ်ပေးရန် စာတန်းနှင့် ဆိုင်းဘုတ်များကိုင်ဆောင်ကာ တောင်းဆိုမှုဖြစ်ပွားပြီးနောက် ဝန်ကြီးချုပ်ဝမ်ကျားပေါင်က ရထားတိုက်မှုဖြစ်ပွားသည့်နေရာသို့ သွားရောက်ခဲ့ခြင်းလည်း ဖြစ်သည်။ “အခုလိုရထားတိုက်မှုကြီးဖြစ်ပြီးတော့ မီးရထားဌာနတွေ အနေနဲ့ ဘာမှဖုံးကွယ်လို့မရဘူးဖြစ်သွားတယ်။ တစ်ဖက်မှာပြည်နယ်အစိုးရတွေကို ပြဿနာ ဖြေရှင်းခိုင်းတယ်။ ပြည်နယ်အစိုးရတွေကလည်းလုပ်တာကိုင်တာနှေးကွေးနေတယ်။ တာဝန်မယူကြဘူး။ အစိုးရတွေက သူတို့ကို ကာကွယ် ပေးနေတာလား၊ ဒါမှမဟုတ်သူတို့က အစိုးရတွေကိုကာကွယ်ပေးနေတာလား” ဟု ရထားတိုက်မှုတွင် အကိုဖြစ်သူအား ဆုံးရှုံးသွားသူ Lin က ပြောပြသည်။

တရုတ်အစိုးရက အဆိုပါ ရထားလမ်းပိုင်းလုံခြုံချောမွေ့ရေးအတွက် နှစ်လတာစောင့်ကြည့်လေ့လာရန် အမိန့်ထုတ်ထားရာ ယခုရထားတိုက်မှု မည်သို့မည်ပုံဖြစ်ပွားခဲ့ရသည် ဟူသည့်ကိစ္စအပေါ် မေးခွန်းထုတ်စရာများ ဖြစ်နေသည်။ ဝန်ကြီးချုပ် ဝမ်ကျားပေါင်ကိုယ်တိုင်သည်ပင် သယ်ယူ ပို့ဆောင်ရေး ဆိုင်ရာ အခြေခံ အဆောက်အအုံများ၊ ကျောက်မီးသွေးတွင်းတူးဖော်ရေးလုပ်ငန်းခွင်များ၊ ဆောက်လုပ်ရေးလုပ်ငန်းခွင်များ၊ အန္တရာယ်များ လွန်းသော ဓာတုပစ္စည်းများနှင့် လုပ်ကိုင်နေကြရသည့် လုပ်ငန်းခွင်များလုံခြုံရေးကို ကျယ်ကျယ်ပြန့်ပြန့် လုပ်ကိုင်ရန် ဆော်သြ ထားသည်။

တရုတ်နိုင်ငံသည် မြန်နှုန်းမြင့် မီးရထားကွန်ယက်များထွက်ပေါ်ရေးကို စီးပွားရေးနှင့် နည်းပညာဖွံ့ဖြိုး တိုးတက် လာသည့် ထွန်းသစ်စပါဝါ နိုင်ငံတစ်ခု၏ ကြန်အင်လက္ခဏာ တစ်ရပ်အဖြစ်ထားရှိရန် ကြိုးပမ်းလျက်ရှိရာ ယခုလို ကျည်ဆန်ရထားတိုက်မှုကြောင့် ဂုဏ်သိက္ခာပိုင်းဆိုင်ရာ ထိခိုက်မှုများကို ဖြစ်ပေါ်စေခဲ့သည်။

***********************************************************

မြန်မာနိုင်ငံရေးအကျဉ်းသားအားလုံးလွှတ်ပေးရန် ဘန်ကီမွန်းတိုက်တွန်း

(New Kerala မှသတင်းကိုဘာသာပြန်ဆိုသည်။)

မြန်မာနိုင်ငံ အလုပ်သမားဝန်ကြီးဌာနနှင့် လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌန ပြည်ထောင်စုဝန်ကြီး ဦးအောင်ကြည်နှင့် ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်တို့တွေ့ဆုံဆွေးနွေးမှုကို ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးဘန်ကီမွန်းက လွန်စွာကောင်းမွန်သော ဖြစ်ရပ်တစ်ခုအဖြစ် ချီးမွမ်းပြောဆိုပြီး မြန်မာအစိုးရအနေဖြင့် နိုင်ငံရေးအကျဉ်းသားများ အားလုံးကို လွှတ်ပေးရန် တိုက်တွန်း လိုက်သည်။

"ဒေါ်အောင်ဆန်းစုကြည်နှင့် ဦးအောင်ကြည်တို့ ဇူလိုင်လ ၂၅ ရက်နေ့ကတွေ့ဆုံဆွေးနွေးမှုကို ကုလအထွေထွေ အတွင်းရေးမှူးက ကြိုဆို လိုက်သည်" ဟု မစ္စတာ ဘန်ကီမွန်းကိုယ်စားထုတ်ပြန်သည့် ကြေညာချက်တစ်ရပ်တွင် ဖော်ပြထားသည်။

"အပြုသဘောဆောင်သည့်တွေ့ဆုံဆွေးနွေးမှုအပေါ်နှစ်ဖက်စလုံးကအားရကျေနပ်မှုရှိပြီး မြန်မာပြည်သူလူထု၏ လူမှုဘဝသာယာဝပြောရေး အတွက် အကျိုးဖြစ်ထွန်းစေမည့်လုပ်ငန်းများပူးပေါင်းဆောင်ရွက်နိုင်ရန် အာရုံစိုက်ကြသည်ကို ကုလအထွေထွေအတွင်းရေးမှူးက သတိပြုမှတ်သား ထားပါသည်" ဟူ၍ မစ္စတာ ဘန်ကီမွန်းကိုယ်စား ၎င်း၏ ပြောခွင့်ရအရာရှိက ကြေညာချက်တွင်ရေးသားဖော်ပြသည်။

"မြန်မာပြည်သူများ၏ မျှော်လင့်တောင့်တမှုများနှင့် မြန်မာအမျိုးသားအကျိုးစီးပွားများအတွက် စစ်မှန်သော ဒိုင်ယာလော့ခ်ပြုလုပ်ပြီး အပြန်အလှန် နားလည်မှုတည်ဆောက်ရန် ဆက်လက်ကြိုးပမ်းသွားကြလိမ့်မည်ဟု မစ္စတာ ဘန်ကီမွန်းက မျှော်လင့်ထားသည်" ဟုလည်း ပါဝင်သည်။

မြန်မာအစိုးရအနေဖြင့်လည်း ဖမ်းဆီးထိန်းသိမ်းခံထားရသော နိုင်ငံရေးအကျဉ်းသားများအားလုံး လွတ်မြောက်ရေးကို အစောတလျင် လုပ်ကိုင် ဆောင်ရွက်ပေးရန် မစ္စတာဘန်ကီမွန်းက တိုက်တွန်းပြောဆိုသည်။ ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူး၏ မြန်မာနိုင်ငံဆိုင်ရာ အထူးသံတမန် ဗီဂျေနမ်ဘီးရားသည်ယခုနှစ်အတွင်း မြန်မာနိုင်ငံသို့ လာရောက်လည်ပတ်ခဲ့ပြီး အစိုးရအဖွဲ့ဝင်အရာရှိကြီးများနှင့်လည်းကောင်း၊ လုံခြုံရေးကောင်စီသို့ အစီရင်ခံစာတင်ပို့ခဲ့သည်။ မစ္စတာ ဗီဂျေနမ်ဘီးရားက လတ်တလောကာလများအတွင်း နိုင်ငံရေးအကျဉ်းသားများ လွှတ်ပေးမှုကို ကြိုဆိုခဲ့သော်လည်း ကုလသမဂ္ဂ၏တောင်းဆိုချက်ဖြစ်သော မြန်မာနိုင်ငံရေးအကျဉ်းသားအားလုံး လွှတ်ပေးရေးကို ထပ်မံထုတ်ဖော်တိုက်တွန်းခဲ့သည်။ မစ္စတာ နမ်ဘီးရား သည် ကုလသမဂ္ဂ ဆိုင်ရာ အိန္ဒိယနိုင်ငံ အထူးသံတမန်အဖြစ်ဆောင်ရွက်ခဲ့ပြီး လက်ရှိအနေအထားတွင် အထွေထွေအတွင်းရေးမှူးချုပ်၏ ထိပ်တန်း အရာရှိ တစ်ဦးအဖြစ် တာဝန်ယူလုပ်ကိုင်လျက်ရှိသည်။

မြန်မာအစိုးရက ဖမ်းဆီးထားသောနိုင်ငံရေးအကျဉ်းသားအချို့ကို ပြစ်ဒဏ်လျှော့ချပေးခြင်းဖြင့် လွတ်မြောက်ခွင့်ပေးခဲ့ခြင်းအား မှန်ကန်သော လမ်းကြောင်းပေါ်မှ သေးငယ်သည့် အဆင့်တစ်ခုဖြစ်သည်ဟု ဆိုနိုင်သော်လည်း မျှော်လင့်ချက်များပြည့်မီသည့်အဆင့်သို့မရောက်ရှိသေးကြောင်း မစ္စတာ နမ်ဘီးရားက ဆိုသည်။

ပြီးခဲ့သည့် ဇွန်လအတွင်းကလည်း ဒေါ်အောင်ဆန်းစုကြည်က ကုလသမဂ္ဂ နိုင်ငံတကာအလုပ်သမားအဖွဲ့(ILO) အနေဖြင့် မြန်မာနိုင်ငံတွင်း လူမှုမျှတမှုရှိရေးမြှင့်တင်နိုင်ရေးအတွက် လုပ်ဆောင်ချက်များတိုးမြှင့်ပေးရန် တောင်းဆိုခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည်သည် နှစ်ပေါင်း ၂၀ တာကာလအတွင်း ၁၅ နှစ်ကြာခန့်မျှ နေအိမ်အကျယ်ချုပ်ဖြင့် ဖမ်းဆီးထိန်းသိမ်းခံခဲ့ရပြီး ၂၀၁၀ ပြည့်နှစ်၊ နိုဝင်ဘာလ ၁၃ ရက်နေ့တွင်ပြန်လည်လွတ်မြောက်ခဲ့သည်။


Google Docs makes it easy to create, store and share online documents, spreadsheets and presentations.
Logo for Google Docs

yangonchronicle 2011
yangonchronicle 2011

၂၉.၇.၂၀၁၁

ပြည်တွင်းသတင်းများ

မြို့ပတ်ရထားတို့ အဆင့်မြင့်လာတော့မည်

အစိုးရသစ်၏လုပ်ဆောင်မှုကြောင့် ရန်ကုန်မြို့ပတ်ရထားများ အဆင့်မြှင့်လာတော့မည်ဟု မျှော်မှန်းရကြောင်း ရန်ကုန်မြို့ခံများက ဆိုကြသည်။

ရထားပို့ဆောင်ရေးဝန်ကြီးဌာနမှ ရန်ကုန်မြို့တွင်းရထားလုပ်ငန်းအား အဆင့်မြှင့်တင်ရန် ရည်ရွယ်ချက်ဖြင့် ပုဂ္ဂလိကလုပ်ငန်းရှင်များထံ လွှဲပြောင်း ပေးရန် စီစဉ်ခြင်း၏ ရလဒ်ကောင်းတစ်ခုအဖြစ် ဤကဲ့သို့ မျှော်မှန်းနေရခြင်းဖြစ်ကြောင်း သိရသည်။

၁၉၂၆ ခုနှစ်မှ အစိုးရက စီမံအုပ်ချုပ်ခဲ့သော ရန်ကုန်မြို့ပတ်ရထားပို့ဆောင်ရေးကဏ္ဍအား နှစ်ပေါင်း ၈၅ နှစ် အကြာတွင် ပုဂ္ဂလိကပိုင်အဖြစ်သို့ ပထမဆုံးလွှဲပြောင်းရန် စီစဉ်ခြင်းသည် ပြည်သူများ သွားလာရာတွင် အဆင်ပြေစေရေး နှင့် သက်တောင့်သက်သာ ဖြစ်ရေးကို ရည်ရွယ်၍ဖြစ်ကြောင်း ဇွန်လ ၂၆ ရက်နေ့က နေပြည်တော်တွင် ပြုလုပ်ခဲ့သော ရထားပို့ဆောင်ရေးဝန်ကြီးဌာနနှင့်ပုဂ္ဂလိကလုပ်ငန်းရှင်များ တွေ့ဆုံပွဲတွင် ရထားပို့ဆောင်ရေးဝန်ကြီး ဦးအောင်မင်းက ပြောကြားခဲ့သည်။

ယင်းနေ့အစည်းအဝေးတွင် ဝန်ကြီးက ယခုကဲ့သို့ ပုဂ္ဂလိကပိုင်အဖြစ်သို့ လွှဲပြောင်းပေးခြင်းသည် ပြည်သူအများ အဆင်ပြေစေရန် ဦးစားပေး ပြုလုပ်သည့်အတွက် ရထားပို့ဆောင်ရေးကဏ္ဍတစ်ခုတည်းမှ အမြတ်အစွန်းများများ မရနိုင်ကြောင်း၊အလွန်ဆုံးရပါက အရင်းကျေရုံထက် အနည်းငယ် သာလွန်သော ပမာဏကိုသာ ရရှိနိုင်မည်ဖြစ်ကြောင်း၊ ယင်းအတွက် စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် ရထားပို့ဆောင်ရေးကဏ္ဍနှင့် ဆက်စပ်သည့် အခြားစီးပွားရေး လုပ်ငန်းများကို လုပ်ဆောင်ခြင်းဖြင့်သာ အမြတ်အစွန်းရရှိရန် ကြိုးစားရမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

“ဝန်ကြီးပြောတဲ့သဘောကတော့ ခင်ဗျားတို့ ပြည်သူကိုဝန်ထုပ်၊ ဝန်ပိုး မဖြစ်စေနဲ့ဆိုတဲ့ သဘောကိုပါ”ဟု တွေ့ဆုံပွဲကို တက်ရောက်ခဲ့သည့် စီးပွားရေး လုပ်ငန်းရှင်တစ်ဦးက ဆိုသည်။

“မြို့ပတ်ရထား ဆိုင်ရာ အချက်အလက်တွေကို ဒု-ဝန်ကြီး ဦးသောင်းလွင်က ပြောပြပြီး၊ လိုအပ်တဲ့ အချက်အလက်တွေရယ်၊ မေးစရာရှိရင် အချိန် မရွေးမေးနိုင်အောင် မြန်မာ့မီးရထားက အကြီးတန်းအရာရှိတွေရဲ့ ဖုန်းနံပါတ်တွေလည်း ပေးလိုက်တယ်”ဟု ထပ်လောင်းပြောကြားသည်။

လစဉ်ရထားလက်မှတ်ရောင်းရငွေနှင့် ယင်းနှင့်ဆက်စပ်သည့် လုပ်ငန်းများမှ ၄၂ သန်းကျော်ရရှိသော ရထားလုပ် ငန်းသည် ပုဂ္ဂလိကပိုင်အဖြစ်သို့ ကူးပြောင်းလိုက်ပါချိန်တွင် လက်ရှိထက် စည်းစနစ်ကျစွာ ပြုလုပ်နိုင်မည်ဆိုပါလျှင် အမြတ်အစွန်းရနိုင်ကြောင်း ရထားပို့ဆောင်ရေးဝန်ကြီးဌာနမှ အငြိမ်းစား အရာရှိ တစ်ဦးကသုံးသပ်သည်။

“တစ်ရက် တစ်သိန်းဆိုတာ လက်မှတ်ဖြတ်စီးတဲ့သူကို ပြောတာ၊ မြို့ပတ်ရထားဆိုတာ ခိုးစီးတဲ့သူတွေလည်း အများသားလေ။ ဒီလိုလူတွေကို သေချာစိစစ်လိုက်မယ်ဆိုရင် Service လည်းတက်လာနိုင်သလို၊ စီးပွားရေးသမားတွေ အတွက်လည်း အမြတ်ရလာနိုင်မယ်”ဟု ဆိုသည်။

၂၀၁၀ ခုနှစ်အတွင်း ပုဂ္ဂလိကပိုင်ပြုလုပ်ရေး ကော်မရှင်ဖွဲ့စည်းကာ နိုင်ငံပိုင်အဆောက်အဦးများအား ၃၀ ရာခိုင် နှုန်းလက်ငင်းသွင်းစေကာ ခရိုနီအများစု အားအကျိုးစီးပွားဖြစ်ထွန်းစေရန် ရည်ရွယ်၍ လွှဲပြောင်းပေးခဲ့သည့် ဖြစ်ရပ်သာရှိခဲ့ပြီး၊ ယခုကဲ့သို့ ပွင့်လင်းမြင်သာသော စနစ်မရှိသေးကြောင်း သိရသည်။

လူဦးရေ ၆ သန်းကျော်ရှိသော ရန်ကုန်မြို့တွင် ပို့ဆောင်ရေးကဏ္ဍအတွက် ဘယ်သွားသွား ကျပ် ၂၀၀ အနည်းဆုံးဖြစ်နေသော မော်တော်ယာဉ် လိုင်းများအား အားထားနိုင်ခြင်းမရှိသော လက်လုပ်လက်စားအများစုသည် မြို့ပတ်ရထားကိုသာ အားထားကြရာ ပုဂ္ဂလိကပိုင်လွှဲရာတွင် ယင်းတို့အတွက် ဝန်ထုပ်ဝန်ပိုးမဖြစ်စေရန် အဓိကထားစဉ်းစားရမည် ဖြစ်ကြောင်း စီးပွားရေးတက္ကသိုလ်ပါမောက္ခချုပ်(အငြိမ်းစား)တစ်ဦးက ဆိုသည်။

“ကျပ် ၅၀ လောက်အထိတော့ အခြေခံလူတန်းစားတွေ မှီနိုင်မယ်ထင်တယ်”ဟု ယင်းကရထားခနှင့် ဆက်စပ်၍ သုံးသပ်ပြောကြားသည်။

ရထားပို့ဆောင်ရေးကဏ္ဍအား ပုဂ္ဂလိကသို့လွှဲပြောင်းမည် ဆိုပါက ၅၇၇ ဦးသော ရထားဝန်ထမ်းများအတွက်ကိုလည်း ထည့်သွင်းစဉ်းစားပေးရန် ကိုလည်း ဝန်ကြီး ဦးအောင်မင်းက စဉ်းစားထားကြောင်း ယင်းနှင့် နီးစပ်သူတစ်ဦးကဆိုသည်။

တိုင်း(၇)မှ ရထားဝန်ထမ်းတစ်ဦးက “အိမ်တွေမှာ အလကားနေခွင့်ရတာလေး ပျောက်သွားမလားဆိုပြီ၊ စိတ်ပူနေတာ၊ နေပြည်တော် အစည်း အဝေးပြန်လာတဲ့ ဆရာတွေပြောမှ ပုဂ္ဂလိကပိုင်ပြောင်းလိုက်ရင် အရင်ခံစားခွင့်တွေအပြင် ကိုယ်တာဝန်ယူတဲ့နေရာအလိုက် ခံစားခွင့်တွေတိုးနိုင်တယ် ပြောမှ သက်ပြင်းချနိုင်တယ်”ဟု ဆိုသည်။

“အရင်ကဆို ရုံးဆင်း၊ရုံးတက်ချိန်တွေမှာ ရထားပျောက်တာတို့၊ ရထားပျက်တာတို့၊ လူကျပ်ပြီး သက်ကြီးရွယ်အိုတွေ မူးလဲတာဆိုတာတွေက အစိုးရသစ်လက်ထက်မှာ မရှိသင့်တော့ဘူးလေ။ဘာဖြစ်လို့လဲဆိုတော့ ပြည်သူကို ဒီမိုကရေစီအစိုးရလို့ ကြေငြာထားတာကိုး”ဟု ရန်ကုန်တိုင်းဒေသကြီး အမျိုးသားလွှတ်တော် ကိုယ်စားလှယ်တစ်ဦးက ဆိုသည်။

နှစ်ပေါင်းများစွာ ကျပ်ကျပ်တည်းတည်းဖြင့် ပင်ပန်းဆင်းရဲစွာ စီးနင်းခဲ့ရသော မြိုပတ်ရထားသည် နိုင်ငံတကာတွင် ပြေးဆွဲနေသော ရထားလိုင်း များကဲ့သို့ မှန်လုံ၊ မီးလင်းနှင့် သက်တောင့်သက်သာ စီးနင်းနိုင်တော့မည့် ကာလမှာမကြာခင် ရောက်ရှိလာမည်ဟု မျှော်လင့်ရကြောင်း မြောက်ဥက္ကလာမှ ရန်ကုန်ဘူတာကြီးသို့ နေ့စဉ် ပုံမှန်ရထားစီးနင်းနေသူ တစ်ဦးဖြစ်သူ ဦးဇော်ဝေက ဆိုသည်။

လူဦးရေ ၂ သိန်းကျော်အား နေ့စဉ် ခေါက်ရေ ၂၀၀ ကျော်ဖြင့် သယ်ယူပို့ဆောင် ပေးနေသော ရန်ကုန်မြို့တွင်း ရထားလုပ်ငန်း၏ ရွှေတစ်ခေတ်ကို ပြီးခဲ့သည့် ပြည်သူ့လွှတ်တော်အစည်းအဝေးတွင် အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဒေါက်တာမြတ်ဥာဏစိုး တင်သွင်းခဲ့သည့် အဆိုနှင့်အတူ အမြန် ရောက်ရှိရန် လိုပြီဖြစ်ကြောင်း ပြည်တွင်းသတင်းအယ်ဒီတာတစ်ဦးက ဆိုသည်။

“ရထားစီးရင်း စာဖတ်နိုင်တယ်ဆိုရင် တော်ပါပြီဗျာ”ဟု ဆူးလေတံတားအောက်မှ ဖြတ်သန်းသွားသော အတွယ်အပြည့်နှင့် ရထားအား ငေးရင်း ဆိုသည်။

YC(KS)

-----------------------------------------------------------------------------------------------------------------------------------

မိုးကြီး၍ ရန်ကုန်- စစ်တွေ ကားလမ်း အသွားအလာ ရပ်ဆိုင်း

လွန်ခဲ့သည့်ရက်သတ္တပတ်က မိုးကြီးရေမြုပ်ခဲ့သဖြင့် စစ်တွေ- ရန်ကုန် လမ်းပေါ်ရှိ တံတားများ၊ လမ်းများ ကျိုးကျပျက်စီးသွားသဖြင့် စစ်တွေနှင့် ရန်ကုန်အကြား ကားအသွားအလာ ရပ်ဆိုင်းခဲ့ကြောင်း သတင်းရရှိသည်။

ပျက်စီးသွားသည့်တံတားမှာ အမ်းမြို့နယ်ရှိ ဒလက်ချောင်းကို ဖြတ်ထိုးထားသည့် ဂစုကိုင်းတံတားဖြစ်ပြီး အရှည်ပေ ၈၀၀နှင့် ၉၀၀ အကြားရှိ ကြောင်း၊ ဒလက်ချောင်းရေလျှံခဲ့ပြီး ရေစီးပြင်းထန်သဖြင့် တံတားအလယ် ကွန်ကရက်တိုင်မှာ ရေထဲမျောပါသွားခဲ့ခြင်း ဖြစ်ကြောင်းသိရသည်။

"လမ်းတွေက တော်တော်လေးကို ပျက်စီးသွားတဲ့အတွက် အခုအချိန်တော့ သွားလာလို့ မရ သေးဘူး။ စစ်တွေ၊ ကျောက်တော်နဲ့ မြောက်ဦးမှာ ကားဂိတ်တွေ အကုန်လုံး ပိတ်ထားရတယ်။ ကားလမ်းတွေ ပျက်နေတဲ့အတွက် အသွားအလာ ရပ်နေတာ ၆ ရက် ၇ ရက်လောက်ရှိပြီ။ အမ်းမြို့နယ် ဒလချောင်းတံတား ဖောင်းဒေးရှင်းတိုင်တွေ ကျွတ်သွားတယ်လို့ သိရပါတယ်" ဟု စစ်တွေ-ရန်ကုန် ကားဂိတ်မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

မိုးကြီးမူကြောင့် မြောက်ဦးနှင့် မြောင်းဘွေအကြား တံတားငယ်များလည်း ပျက်စီးသွားခဲ့ပြီး ကျောက်တော်၊ မြောက်ဦး၊ မင်းပြား၊ ကမ်းနီ လမ်းများ လည်း ပျက်စီးသွားကြောင်း သိရသည်။

မိုးရေကြီးမှုကြောင့် လမ်းတံတားများ ပျက်စီးသွားပြီး သယ်ယူပို့ဆောင်ရေးလုပ်ငန်းများ ရပ်ဆိုင်းသွားသဖြင့် မြို့နယ်တိုင်းလိုလိုတွင် ကုန်ဈေး နှုန်းများ မြင့်တက်နေကြောင်း သိရသည်။

-----------------------------------------------------------------------------------------------------------------------------------

ရန်ကုန်မြို့တွင် ကားရပ်နားရန် အခက်အခဲများ ပိုမိုရင်ဆိုင်လာရ

စတုရန်းမိုင် ၃၀၀ ကျော် ကျယ်ဝန်းသော ရန်ကုန်မြို့တွင် ကားရပ်နားရန် နေရာများအခက်အခဲများ ပိုမိုရင်ဆိုင် လာရကြောင်း ရန်ကုန်မြို့တွင်း နေထိုင်သူများနှင့် စီးပွားရေးလုပ်ငန်း လုပ်ကိုင်နေသူများမှ ပြောကြားသည်။

ရန်ကုန်မြို့တွင်း ကားရပ်နားရန် ပြဿနာများ ကြုံတွေ့နေရခြင်းမှာ ရန်ကုန်မြို့ရှိအထပ်မြင့်အဆောက်အုံများ၊ ရုံးများ၊ ဈေးဝယ်စင်တာများတွင် ကားရပ်နားရန် နေရာလုံလောက်မှု မရှိခြင်းတို့ကြောင့် ရန်ကုန်မြို့တွင် ကားရပ်နားရန် နေရာများ အခက်အခဲများနှင့် ကြုံတွေ့နေရကြောင်း သိရသည်။ ထို့ကြောင့် ရန်ကုန်မြို့ရှိ အထပ်မြင့် အဆောက်အအုံများ ဆောက်လုပ်ပါက ကားရပ်နားရန်နေရာအား ထည့်သွင်းတွက်ချက်မှုများ ပြုလုပ်သင့်ကြောင်း ဆောက်လုပ်ရေး အင်ဂျင်နီ ယာတစ်ဦးမှ ပြောကြားသည်။

ရန်ကုန်မြို့တွင်ကားရပ်နားရန် နေရာအခက်အခဲများရှိခြင်းကြောင့် ဒဂုံ(၁) ကျောင်းတက်/ ကျောင်းဆင်းချိန်များတွင် ယာဉ်ရပ်နားရန်နေရာ မဟုတ်သည့် ကားလမ်းမပေါ်တွင် ကျောင်းကြိုပို့ကားများ ရပ်တန့်ထားခြင်းကြောင့် ကားလမ်း များပိတ်နေခြင်းများရှိနေပြီး ခရီးသွားပြည်သူများနှင့် မော်တော်ယာဉ် မောင်းနှင်သူများ စိတ်အနှောင့်အယှက် ဖြစ်ရလေ့ ရှိသည်။ ထို့ကြောင့် ရန်ကုန်မြို့ရှိလူစည်ကားရာနေရာများတွင် ကျောင်းများ၊ ဈေးများ၊ ဆေးရုံများနှင့် အထပ်မြင့် အဆောက်အအုံများ ဆောက်လုပ်မည်ဆိုပါက ကားရပ်နားရန်နေရာပါ တစ်ပါတည်း ဆောက်လုပ်ထားသင့်ကြောင်း ရန်ကုန်မြို့ရှိ အငှားယာဉ်မောင်းတစ်ဦးမှ ပြောကြားသည်။

ရန်ကုန်မြို့တွင်း တရားဝင်မှတ်ပုံထားသော မော်တော်ယာဉ်စီးရေ နှစ်သိန်းခွဲကျော်ရှိရာ ထိုထဲတွင် ကိုယ်ပိုင်ယာဉ်ငယ် တစ်သိန်းကျော်၊ စီးတီး တက္ကစီအစီးရေ တစ်သောင်းခွဲဝန်းကျင်နှင့် ခရီးသည်တင် လိုင်းကားစီးရေ ရှစ်ထောင် ၀န်းကျင်ရှိကြောင်း သိရသည်။ နောင်နှစ်များတွင် စက်မှုဇုန်ထုတ်ကားများနှင့် အငှားတက္ကစီယာဉ်များ ပိုမိုများပြားလာမည်ဖြစ်ရာ ယာဉ်ရပ်နားရန် နေရာများ အခက်အခဲများနှင့် ပိုမိုကြုံတွေ့လာရမည် ဖြစ်သည်။

Ref : Bi Weekly Eleven

×××××××××××××××××××××××××××××××××××××××××××××××××××××××××××××××××

ပြည်တွင်းပါတီ၊ နိုင်ငံရေးသတင်းများ

ကြားဖြတ်ရွေးကောက်ပွဲတွင် မဲဆန္ဒနယ်မထပ်ရန် သြဂုတ် ၁ ရက်နေ့တွင် ထပ်မံဆွေးနွေးမည်

ပွင့်လင်းရာသီတွင် ကျင်းပမည့် ကြားဖြတ်ရွေးကောက်ပွဲတွင် မဲဆန္ဒနယ်မထပ်ရန်အတွက် ဒီမိုမိတ်ဆွေပါတီများမှ သြဂုတ် ၁ ရက်နေ့တွင် ထပ်မံဆွေးနွေးမည် ဖြစ်ကြောင်း ရခိုင်တိုင်းရင်းသားများ ဖွံဖြိုးတိုးတက်ရေးပါတီ(RNDP) မှတာဝန်ရှိသူတစ်ဦးကဆိုသည်။

“ညှိနှိုင်းမှုများကို ပြုလုပ်နေသော်လည်း ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်မှ လစ်လပ်နေရာများကို တရားဝင်ကြေငြာခြင်း မရှိသေးသဖြင့် အပြီးသတ် ညှိနှိုင်းမှုအား ပြုလုပ်နိုင်ခြင်း မရှိသေးကြောင်း ယင်းကဆက်လက်ပြောကြား သည်။

ဒီမိုမိတ်ဆွေပါတီများမှ နေရာပေါင်း ၃၇ နေရာဝင်ရောက် ယှဉ်ပြိုင်ရန် ပဏာမဆုံးဖြတ်ထားသော်လည်း ရန်ပုံငွေ၊ ကိုယ်စားလှယ်လောင်း ရရှိမှုနှင့် လူထု၏ထောက်ခံအားတို့ပေါ်တွင် မူတည်ကာ နေရာ အနည်းနှင့်အများ ပြောင်းလဲမှုရှိနိုင်ကြောင်း ကျားဖြူပါတီမှ ဘဏ္ဍာရေးမှူး ဦးစောသန်းမြင့်က ဆိုသည်။

ကျားဖြူပါတီသည် ကြားဖြတ်ရွေးကောက်ပွဲတွင် NDF ပါတီနှင့်မဲဆန္ဒနယ်ထပ်နေသည့်အတွက် ယင်းပါတီနှင့်သာ အဓိကညှိနှိုင်းရမည် ဖြစ်ကြောင်း ယင်းကဆိုသည်။

“တစ်ပါတီတည်းလုပ်တာထက် ပါတီတွေစုပြီး လုပ်တာကကော ၊တစ်ပါတီဝင်မယ့်နေရာမှာ မိတ်ဆွေပါတီတွေက စုပြီး ကူညီပေးကြတာက ပိုကောင်းတယ်”ဟု ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်တစ်ဦးက ဆိုသည်။

နိုဝင်ဘာ ၇ ရက်နေ့က ကျင်းပခဲ့သော ရွေးကောက်ပွဲကာလတွင် ဒီမိုမိတ်ဆွေပါတီများ မဖွဲ့ရသည့်အတွက် မဲဆန္ဒနယ်နေရာ ထပ်ခြင်းများ ရှိခဲ့ပြီး၊ ပြိုင်ဘက်ပါတီကြီးများကို ယှဉ်ပြိုင်ရာတွင် အားနည်းခဲ့သည့်အတွက် ကြားဖြတ်ရွေးကောက်ပွဲတွင် ယခုကဲ့သို့ ဒီမိုမိတ်ဆွေပါတီများဖွဲ့ကာ ယှဉ်ပြိုင်ရခြင်း ဖြစ်သည်ဟု သိရသည်။

YC(KS)

-----------------------------------------------------------------------------------------------------------------------------------

တိုင်းရင်းသား ပဋိပက္ခများကို ကူညီဖြေရှင်းပေးရန် ဒေါ်စု အသင့်ရှိကြောင်း အိတ်ဖွင့်ပေးစာပို့

တိုင်းရင်းသားဒေသအချို့တွင် အစိုးရတပ်ဖွဲ့များနှင့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများအကြား တိုက်ပွဲများ ဖြစ်ပွားနေသဖြင့် အပစ်အခတ် ရပ်စဲရေးနှင့် ငြိမ်းချမ်းရေးလုပ်ငန်းများ ညှိနှိုင်းဆောင်ရွက်ရေး လုပ်ငန်းများတွင် ပံ့ပိုးကူညီသွားရန် အသင့်ရှိကြောင်း နိုင်ငံတော်သမ္မတ ဦးသိန်းစိန်နှင့် တိုက်ပွဲများဖြစ်ပွားနေသော လက်နက်ကိုင် အဖွဲ့များထံသို့ အိတ်ဖွင့်ပေးစာတစ်စောင် ဇူလိုင်လ ၂၈ ရက်နေ့က ဒေါ်အောင်ဆန်းစုကြည် ပေးပို့ခဲ့ကြောင်း သိရသည်။

မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်သည် အစိုးရစစ်တပ်များနှင့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများအကြား ဖြစ်ပွားနေသော စစ်ပွဲများ ငြိမ်းချမ်းစေရေးအတွက် ညှိနှိုင်းဆောင်ရွက်မှုများတွင် ကူညီဆောင်ရွက်ပေးရန် အသင့်ရှိကြောင်း သမ္မတဦးသိန်းစိန်နှင့် တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့များဖြစ်ကြသော ကချင်လွတ်မြောက်ရေးအဖွဲ့(KIO)၊ ကရင်အမျိုးသား အစည်းအရုံး(KNU)၊ မွန်ပြည်သစ်ပါတီ နှင့် ရှမ်းပြည်တပ်မတော် အဖွဲ့များဆီသို့ အိတ်ဖွင့်ပေးစာတစ်စောင် ပေးပို့ခဲ့ကြောင်း အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ပြောရေးဆိုခွင့်ရှိသူ ဦးအုန်းကြိင်က ပြောကြားသည်။

ထိုအိတ်ဖွင့်ပေးစာတွင် ၁၉၄၈ ခုနှစ် မတ်လမှစတင်ကာ ယနေ့တိုင် ဖြေရှင်းမရနိုင်သော ပြည်တွင်းစစ်ပြဿနာသည် နှစ်ပေါင်း ၆၀ ကျော် တိုင်ခဲ့ပြီဖြစ်ပါသည်။ ထို့ကြောင့် ပြည်တွင်းစစ်ပြဿနာသည် စစ်ရေးနည်းဖြင့်အဖြေရှာ၍ မရနိုင်ဘဲ နိုင်ငံရေးနည်းလမ်းဖြင့်သာ အဖြေရှာရမည် ဖြစ်ကြောင်း ထည့်သွင်းထားသည်။ အကယ်၍ စစ်ရေးနည်းဖြင့် ဖြေရှင်းနေပါက နှစ်ဦးနှစ်ဘက် အကျိုးယုတ်မှုများသာ ဖြစ်ပေါ်နိုင်ကြောင်းကိုလည်း ထည့်သွင်းဖော်ပြ ထားသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ သတင်းနှင့် ပြန်ကြားရေးဌာနမှ ဦးအုန်းကြိုင်က အဆိုပါ အိတ်ဖွင့်ပေးစာကို နိုင်ငံတော်သမ္မတ ဦးသိန်းစိန်ထံသို့ ပေးပို့ထားပြီးဖြစ်ကြောင်းနှင့် ကျန်အဖွဲ့အစည်းများသို့လည်း အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ပြန်ကြားရေးဌာနမှ တစ်ဆင့် ပေးပို့သွားမည်ဖြစ်ကြောင်း ပြောကြားသည်။

-----------------------------------------------------------------------------------------------------------------------------------

  တယ်လီကွန်းဥပဒေသစ်လိုအပ်ကြောင်း ပြည်ထောင်စုဝန်ကြီးပြောကြား

ဇူလိုင်လ ၁၈ ရက်နေ့က နေပြည်တော်ရှိ ဆက်သွယ်ရေးစာတိုက်နှင့် ကြေးနန်းဝန်ကြီးဌာနတွင် ကျင်းပခဲ့သော မြန်မာ- ကိုရီးယားနှစ်နိုင်ငံ ကျွမ်းကျင်သူများ ပူးပေါင်းရေးဆွဲသော ICT Master Plan (2011-2015) လွှဲပြောင်း ပေးအပ်ပွဲ တွင် တယ်လီကွန်း ဥပဒေသစ်တစ်ခု လိုအပ်နေကြောင်း ပြည်ထောင်စုဝန်ကြီး ဦးသိန်းထွန်းက ပြောကြားခဲ့သည်။

တယ်လီကွန်းဥပဒေ ပြဋ္ဌာန်းနိုင်ရေးအတွက် ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာနနှင့် မြန်မာ့ဆက်သွယ်ရေးလုပ် ငန်းမှ တာဝန်ရှိသူများ ပူးပေါင်းကာ ဥပဒေမူကြမ်း ပြန်လည်ပြင်ဆင် ရေးဆွဲနေပြီဖြစ်ကြောင်း သိရသည်။ အဆိုပါ ဥပဒေကို လာမည့်လွှတ်တော်အစည်းဝေးတွင် တင်ပြနိုင်ရေးအတွက် ထိုဥပဒေမူကြမ်းအား ပြည်ထောင်စု ရှေ့နေချုပ်ရုံးတွင် စစ်ဆေး မှုများ ပြုလုပ်နေကြောင်း သိရသည်။

အဆိုပါ ဥပဒေသစ်ပြဋ္ဌာန်းရာတွင် ခေတ်နှင့်လျော်ညီသော နည်းပညာအသစ်များ၊ ဝန်ဆောင်မှုအသစ်များ၊ ဆိုက်ဘာလုံခြုံရေးကိစ္စရပ်များ၊ ဆိုက်ဘာတိုက်ခိုက်မှုများအတွက် အရေးယူဆောင်ရွက်နိုင်မည့်နည်းလမ်းများ ထည့်သွင်းရေးဆွဲထားကြောင်း သိရသည်။ တယ်လီကွန်းဥပဒေ ထွက်ပေါ် လာပါက နည်းပညာကဏ္ဍများတွင် ပုဂ္ဂလိကအဖွဲ့အစည်းများ ပိုမို ပါဝင်လာမည် ထင်ကြောင်း ပြည်ထောင်စုဝန်ကြီးက ဆက်လက် ပြောကြားခဲ့သည်။

ယခုအချိန်တွင် ဆက်သွယ်ရေးလုပ်ငန်းနှင့်ပတ်သတ်၍ ၁၉၈၅ခုနှစ်တွင် ပြဋ္ဌာန်းခဲ့သော မြန်မာတယ်လီဂရမ် ဥပဒေဖြင့်သာ ကျင့်သုံးနေကြောင်း သိရသည်။ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ နောက်ဆုံးထုတ်ပြန်ချက်မှာ အချက် ၁၂ခု ပါရှိသည့် အများပြည်သူသုံးအင်တာနက်ဆိုင်များနှင့် ပတ်သက်သည့် ထုတ်ပြန်ချက်ဖြစ်သည်။

                                                                                                                Ref : Popular News Journal

×××××××××××××××××××××××××××××××××××××××××××××××××××××××××××××××××

သတင်းနှင့် ဆောင်းပါးများမှ ကောက်နှုတ်ချက်များ

"တကယ်ဆိုလွှတ်တော်က တော်တော်လေးကို အရေးပါပါတယ်။ အဓိကကတော့ မဏ္ဍိုင်ကြီး ၃ ရပ်က တစ်ခုကို တစ်ခု check and blance လုပ်ရမှာပါ။ တစ်ခုနဲ့တစ်ခုကလည်း balance ဖြစ်ရမယ်။ balance ဖြစ်အောင် ထိန်းထိန်းသိမ်းသိမ်း လုပ်ရမယ်လေ။ တစ်ခုရဲ့အထက်မှာ တစ်ခုကရှိမနေရဘူး။ အဲ့ဒါကြောင့် လွှတ်တော် ကိုယ်စားလှယ်တွေက ခေါင်းညိတ်ဖို့ လက်ညိုးထောင်ဖို့ ငုတ်တုတ်ထိုင်ဖို့ မဟုတ်ဘူး။ လွှတ်တော်ထဲရောက်တာက အကျိုးဖြစ်ရာ ဖြစ်ကြောင်း ဆွေးနွေးဖို့ပဲ ဖြစ်ပါ တယ်။ အဲ့ဒါကြောင့် ဘဝတူကိုယ်စားလှယ်တွေကို မေးကြည့်ချင်တာက ခင်ဗျားတို့ ကျွန်တော်တို့ လွှတ်တော်ထဲ ရောက် တာ တစ်လကို ပြည်သူ့ပိုက်ဆံ ၂ သိန်း၊ ၃သိန်းကို သုံး တာဘာအတွက်လဲ။ စဉ်းစားကြပါလို့ remind လုပ်ချင်တယ်။ ကိုယ့်အခြေအနေကို ကိုယ်ပြန်သုံးသပ် စေချင်ပါတယ်။ တိုင်းပြည်ရဲ့ ကောင်းကျိုးအတွက် ဆောင်းကျဉ်းနိုင်ဖို့ လွှတ်တော်ထဲ ရောက်နေတာမဟုတ်ဘူးလား၊ ဘာလိုဝင်မဆွေးနွေးကြတာလဲ။ ကောင်းတဲ့အရာတင်သွင်းရင်ဘာလို့ မထောက်ခံကြတာလဲ။ တိုင်းပြည်ရဲ့ ကောင်းကျိုးအတွက် ဆွေးနွေးတဲ့ဟာမျိုးကို ထောက်ခံပေးကြပါလို့ ကျွန်တော် ပြောချင်တယ်"

ဇူလိုင် ၂၈ ထုတ် ပြည်သူ့ခေတ် အတွဲ (၂) အမှတ် (၅၃) တွင်ပါသည့် ချင်းပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ချင်းတိုင်းရင်းသား လူမျိုးများ အရေး ဆိုင်ရာ ကော်မတီဥက္ကဋ္ဌဦးဇိုဇမ်၏ ပြောကြားချက်အပေါ် ကောက်နှုတ်ချက်

-----------------------------------------------------------------------------------------------------------------------------------

လက်ရှိအစိုးရက သတ်မှတ်ထားသော မြန်မာကျပ်ငွေနှင့် နိုင်ငံခြားငွေ တရားဝင်လဲလှယ်နှုန်းမှာ  အမေရိကန် တစ်ဒေါ်လာလျှင် မြန်မာကျပ်ငွေ ခြောက်ကျပ် ကျော်နှုန်းဖြစ်သည်။ ထိုနှုန်းမှာ ၁၉၇၅ ခုနှစ်ဝန်းကျင်ကတည်းက သတ်မှတ်ခဲ့ခြင်း ဖြစ်သည်။

"ဆီလျှော်တဲ့နှုန်းတစ်ခု သတ်မှတ်လိုက်မယ်ဆိုရင်တော့ ပို့ကုန်သွင်းကုန်သမားတွေအတွက် လုပ်ရကိုင်ရာတာ ပိုမိုလွယ်ကူလာမယ်" ဟု စီးပွားရေး ပညာရှင် တစ်ဦးဖြစ်သော ပါမောက္ခ ဒေါ်လှမြင့်က ပြောသည်။

ဇူလိုင် ၂၈ ထုတ် 7DAY အတွဲ (၁၀) အမှတ် (၁၉) တွင်ပါသည့် "နိုင်ငံခြားငွေလဲလှယ်နှုန်းသတ်မှတ်ရန် ဆောင်ရွက်နေဟုဆို" သတင်းမှ ကောက်နှုတ်ချက်

-----------------------------------------------------------------------------------------------------------------------------------

"လောလောဆယ်တိုက်ပွဲငယ်တွေ ကြိုးကြားကြိုးကြားဖြစ်နေတာကိုတော့ ဘယ်သူကမှ ကောင်းတယ်လို့ ပြောမှာမဟုတ်ပါဘူး၊ အကြောင်းတစ်စုံတစ်ရာပေါ် အခြေခံပြီး ဖြစ်သွားကြရတာပါ။ ဒါပေမယ့် အန္တရာယ်ရှိလောက်တဲ့ အခြေအနေမျိုးကိုတော့ ရောက်မှာမဟုတ်ပါဘူး။ အရင်ကလည်း ငြိမ်းချမ်းရေး ရပြီးခဲ့တဲ့ အဖွဲ့တွေ ဖြစ်နေတာကြောင့် သည့်ထက်တော့ ပိုဆိုးသွားစရာမမြင်ပါဘူး။ သိပ်မကြာခင် ကာလလောက်မှာ မူလအနေအထားတွေကို ပြန်ရောက် သွားနိုင် ကြလိမ့်မယ်လို့ ရှုမြင်ပါတယ်"

ဇူလိုင် ၂၉ ထုတ် မြန်မာပို့စ် ဂလိုဘယ် အမှတ် (၁၉) တွင်ပါသည့် "ဒီမိုကရေစီအစိုးရသစ်လက်ထက်တွင် ပို၍ ဓမ္မဓိဋ္ဌာန် ကျလာသော တိုင်းရင်းသားရေး လူမျိုးရေး" သတင်းမှ ဒေါက်တာနေဇင်လတ်(နိုင်ငံတော်သမ္မတ၏ နိုင်ငံရေးအကြံပေး အဖွဲ့ဝင်) ၏ ပြောကြားချက်အပေါ် ကောက်နှုတ်ချက်

-----------------------------------------------------------------------------------------------------------------------------------

"လက်မှတ်မှောင်ခိုကိစ္စတွေက နည်းမျိုးစုံနဲ့ စမ်းသပ်စစ်ဆေးနေပါတယ်။ ဒါပေမယ့်လည်း ဝန်ထမ်းတွေကိုယ် တိုင်ရောင်းချနေတာတွေ ရှိတယ်။ ဆုငွေ တစ်သိန်းက အရင်ကထုတ်ပြန်ထားပါတယ်။ မှောင်ခိုရောင်းတာက ရှိနေဆဲဖြစ်လို့ ထပ်ပြီး အများပြည်သူသိအောင် ကြေညာရတာပါ"

ဇူလိုင် ၂၉ ထုတ် မြန်မာပို့စ် ဂလိုဘယ် အမှတ် (၁၉) တွင်ပါသည့် "မီးရထား လက်မှတ်မှောင်ခိုမှု ပြည်သူများပူးပေါင်း တိုင်ကြားရန် ကြေညာ ချက်ထုတ်ပြန်" သတင်းမှ မြန်မာ့မီးရထားမှ တာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်အပေါ် ကောက်နှုတ် ချက်

×××××××××××××××××××××××××××××××××××××××××××××××××××××××××××××××

ဆောင်းပါးကဏ္ဍ

ဝေဖန်ခံနိုင်မှ အားကိုးရသည့်အစိုးရဖြစ်မည်

မောင်းဆက်

(ဇူလိုင် ၂၈ ထုတ် ပြည်သူ့ခေတ်ဂျာနယ်မှ ထုတ်ယူဖော်ပြသည်။)

အစိုးရသစ် ဖွဲ့စည်းပြီးနောက် သမ္မတ ဦးသိန်းစိန်က ကောင်းမွန်သောအုပ်ချုပ်မှုစနစ်နှင့် သန့်ရှင်းသောအစိုးရဆို တာကို အလေးအနက်ထား ပြောဆိုသွားခဲ့သည်။ အစိုးရသစ်ကို သန့်ရှင်း၊ကောင်းမွန်သော အစိုးရဖြစ်အောင် တည်ဆောက် မည်ဆိုသည့် သဘော။ ပြီးတော့ ဒီမိုကရေစီ နိုင်ငံတော်သစ် တည်ထောင်ရန်၊ တိုင်းပြည် ဖွံ့ဖြိုးတိုးတက်ရန်၊ ဆင်းရဲနွမ်းပါးမှု လျော့ပါးပပျောက်ရန်တို့ကို ကြိုးစားလုပ်ဆောင်ကြဖို့လည်း အစိုးရအဖွဲ့ကို လမ်းညွန်ခဲ့ ပါသည်။

သဘောထားချင်းမတူညီသည့် အခြားသော နိုင်ငံရေးအင်အားစုများနှင့် အမျိုးသားအကျိုးစီးပွားအတွက် ပူးပေါင်း လုပ်ဆောင်ဖို့ ကြိုးစားသွားမည် ဆိုတာကိုလည်း ပြည်သူလူထုကို အသိပေးကြေညာခဲ့သည်။ ထိုသို့သော ကြေညာထား၊ ချမှတ်ထား၊ လမ်းစဉ်ဆွဲထားသည်များကို အကောင်အထည် ဖော်ရန် လည်ကြိုးစားနေခဲ့ဟန်ကို တွေ့ရသည်။ သည်အခါမှာ သည်အစိုးရသစ်အနေဖြင့် 'ချမှတ်ထားသောလမ်းစဉ်များကို အောင်မြင်စွာ အကောင်အထည်ဖော်နိုင်မှာလား' ဟူသည်က ပြည်သူလူထုကြီး၏ မေးခွန်းတစ်ခုဖြစ်လာသည်။

ယခုအချိန်မှာ ပြည်သူတွေက အစိုးရသစ်ကို အကဲခတ်နေ၊ အကဲဖြတ်နေကြသော အချိန်ဖြစ်သည်။

- အစိုးရသစ်အတွင်းမှာ သမ္မတ ချမှတ်သောလမ်းစဉ်ကို ဝန်ကြီးဌာနများက ဘယ်လိုအကောင်အထည် ဖော်မည်လဲ၊ ဘယ်လို ဖော်နေကြသည်လဲ။

- ဝန်ကြီးဌာနချင်းချင်း ပူးပေါင်းဆောင်ရွက်မှုဘယ်လောက်ရှိသလဲ၊ ပါတီတစ်ခုတည်းကပေမယ့် အစိုးရအဖွဲ့သစ်က ဘယ်လောက် စည်းစည်းလုံးလုံး ညီညီညွတ်ညွတ်ရှိသလဲ။ အပေးအယူ မျှတမှုဘယ်လိုရှိသလဲ။

- အခြားသော နိုင်ငံရေးအင်အားစုများနှင့် ဆက်သွယ်ဆောင်ရွက်မှုက ဘယ်လိုလဲ၊ သမ္မတပြောထားတဲ့ အမျိုးသား ညီ ညွတ်ရေးကို ဘယ်လိုလုပ်ကြမှာလဲ။ တကယ်လုပ်မှာလား။ ဘယ်လိုစလုပ်ကြမှာလဲ။

စသည်စသည့် မေးခွန်းများနှင့် ပြည်သူလူထုက အကဲခတ်နေကြတာဖြစ်သည်။

ပြီးတော့ အစိုးရနှင့် ပြည်သူလူထုအကြား သဘောချင်းမျှသော ပြဿနာရှုမြင်ချဉ်းကပ်မှုမျိုး လိုအပ်နေတာလည်း သတိပြုမိသည်။ သဘောချင်းကွာဟချက်များကလည်း ရှိနိုင်သည်။ ရှိနေမှာလည်းဖြစ်သည်။ အစိုးရအမြင်နှင့် ပြည်သူ့ အမြင်က အားလုံးတူညီဖို့ မဖြစ်နိုင်။ သို့သော် ဘာတွေ မတူဘူးလဲ၊ ဘာတွေကို ညှိနှိုင်းရမှာလဲ၊ ဘယ်လိုကွဲလွဲမှုတွေကို ဘယ်လို ဖြေရှင်းမလဲဆိုတာက အသစ်စက်စက်အစိုးရအနေနှင့် အလေးအနက်ထား သတိပြုရမှာပဲဖြစ်သည်။ အစိုးရ သက်တမ်းက နုနုနယ်နယ်၊ လသားပဲရှိသေးသည်။ ပြည်သူလူထု၏ အင်အားကို မရရအောင်ယူဖို့လိုသည်။ ထို့ကြောင့် ပြည်သူ့အသံကို နားထောင်ပြီး ပြည်သူ့သဘောထားကို လေ့လာဖို့ လိုအပ်သည်။ ပြည်သူလူထု၏ ဝေဖန်မှုသည် အစိုးရအတွက် အင်အားဖြစ်သည်။ ပြည်သူလူထုအင်အားစုများက ကောင်းသည် ပြောတာဖြစ်စေ၊ ဆိုးသည်ပြောတာ ဖြစ်စေ အလေးအနက်ထား လက်ခံဖို့လိုသည်။

နိုင်ငံရေးမှာ ဝေဖန်ရေးဆိုတာက စည်းရုံးရေးလမ်းစဉ်ကို အထောက်အကူပြုနေမည်ဖြစ်သည်။ အစိုးရက ခွင့်ပြု သည်ဖြစ်စေ၊ မပြုသည်ဖြစ်စေ၊ ပြည်သူလူထုက အစိုးရ၏ လုပ်နည်းလုပ်ဟန်များကို ဝေဖန်ကြမှာပဲ ဖြစ်သည်။ တိုးတိုးတစ် မျိုး ကျယ်ကျယ်တစ်မျိုး ဝေဖန်ကြလိမ့်မည်။ ဒါဆိုလက်ခံလိုစိတ် ရှိဖို့လိုလိမ့်မည်။

နိုင်ငံရေးမှာ မူဝါဒ၊ လမ်းစဉ်မှန်ရင် ပြီးတာပဲ၊ လုပ်နည်းလုပ်ဟန်မှားတာကို ခွင့်လွှတ်နိုင်ရမည်ဟု တွေးလျှင် အမှားကြီး မှားလိမ့်မည်။ လက်တွေ့ နယ်ပယ်တွင် လုပ်နည်းလုပ်ဟန် အမှားများက ပြည်သူလူထုနှင့်ပိုမို ဝေးကွာသွားစေမှာ ဆိုတာကို သတိပြုသင့်သည်။

ပြည်သူလူထုက အစိုးရသက်တမ်း အထိုက်အလျောက်ရလာသည့်အခါမှာ ဝေဖန်ပြောဆိုမှုတွေ ရှိလာမှာပါပဲ။ ဒီလို ဝေဖန်ပြောဆိုမှုများကို ဂရုတစိုက်နားထောင်ခြင်းအားဖြင့် အစိုးရ၏ ရင့်ကျက်မှုကို ဖော်ပြရမှာဖြစ်သည်။ အစိုးရပဲ ဖြစ်ဖြစ်၊ သမ္မတပဲဖြစ်ဖြစ်၊ ဝန်ကြီးပဲဖြစ်ဖြစ်၊ နိုင်ငံရေး ခေါင်းဆောင်းပဲဖြစ်ဖြစ်၊ အဖွဲ့အစည်းအနေ နှင့်ဖြစ်စေ၊ လူပုဂ္ဂိုလ်ပဲ ဖြစ်စေ၊ အများပြည်သူနှင့် ဆက်စပ်ပတ်သက်နေသူများ၊ အများပြည်သူ၏ ယုံကြည်ကိုး စားမှုကို အားပြုရပ်တည်ရသူများ သည် အများပြည်သူ၏ ဝေဖန်အကဲဖြတ်မှုကို ဖွင့်လှစ်ကြိုဆိုရမည့်သူများ ဖြစ်သည်။

ခေါင်းဆောင်ကောင်းတို့၏ ရင့်ကျက်မှု၊ သဘောထားကြီးမြင့်မှုမှာ ဒါက အရေးကြီးသည်။ ဝေဖန်တာကို ဆန်းစစ် လက်ခံပြီး၊ အမှားကို ဝန်ခံတတ်ရမည်။ အမှားကို အမှားအဖြစ်နှင့် လက်ခံတတ်ရမည်။ အမှားကို ပြုပြင်လိုစိတ် ရှိရမည်။ မိမိဘက်က မှန်သည်ဆိုလျှင်လည်း တည်တည်ငြိမ်ငြိမ် ဖြေရှင်းတတ်ဖို့ လိုသည်။

မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီခေတ်က အမှားကြီး မှားခဲ့သည့်အထဲတွင် ဝေဖန်တာကို နည်းနည်းလေးမှ လက်မ ခံတာလည်း တစ်ခုအပါအဝင် ဖြစ်သည်။ နောက်နောင် ဝေဖန်ရဲသူ မပေါ်လာအောင် တစ်ခါတည်း အမြစ်ဖြတ်ပစ်လိုက် သည်။ နောက်လူက အမှားကို မြင်နေသော်လည်း ထောက်မပြရဲတော့။ တချို့ကပြေတာ ရှိသည်။ 'ခေါင်းဆောင်ကမသိ၊ အောက်ခြေကလူများက ဖုံးထားဖိထားကြတာဖြစ်သည်'တဲ့။ 'အပေါ်ဆုံးကလူက ဒါ့ကြောင့်ထိုအမှားများကို မှားမှန်းမသိ ကျူးလွန်ခဲ့ရတာဖြစ်သည်' တဲ့။

ခေါင်းဆောင်က 'အမှားကို စနစ်တကျထောက်ပြတာ ကြိုက်သည်။ လက်ခံသည်၊ အမှားထောက်ပြဝေ ဖန်သူများ ကို ဦးစားပေး နားထောင်သည်၊ နေရာပေးသည်' ဆိုလျှင် အောင်ခြေကဝေဖန်ရဲလာမည်မဟုတ်ပါ လား။ ထိုကဲ့သို့ ဝေဖန်ရဲ လာအောင် လမ်းဖွင့်ပေးရမည်မဟုတ်ပါလား။ သည်တော့ ဝေဖန်မှုကို ကြိုဆိုရမည်။ ဝေဖန်မှုအတွက် လမ်းဖွင့်ပေးရမည်။ ဝေဖန်ကြပါစေ။ မမျှတသော၊ သိမ်ဖျင်းသော ဝေဖန်မှုမျိုးတွေ ပေါ်လာမှာကို စိုးရိမ်လို့ဟူသော ဆင်ခြေအကြောင်းပြချက်ကို တချို့က ပေးသည်။ ဝေဖန်မှုများကို တရားဝင်ဗြောင်လုပ်ခွင့်ပေးထားလျှင် မမျှတသော ဝေဖန်မှုက အလိုလို မှိန်သွား ပါလိမ့်မည်။ ပြည်သူ လူထုအများစုက အမှန်တရားဘက်ကပဲ ရပ်တည်ကြမှာဖြစ်ပါသည်။ ပြည်သူကို တကယ်ယုံ ကြည်ဖို့တော့လိုမည်။

×××××××××××××××××××××××××××××××××××××××××××××××××××××××××××××××


Google Docs makes it easy to create, store and share online documents, spreadsheets and presentations.
Logo for Google Docs