Transparency Myanmar

transparency.myanmar@gmail.com

yangonchronicle 2011
yangonchronicle 2011

၁၃.၉.၂ဝ၁၁

ဘာသာပြန်သတင်းများ

  1. ပြည်တော်ပြန်ရန် ကမ်းလှမ်းချက်ကို ပြည်ပရောက်အုပ်စုများ သတိကြီးစွာထား

(IRIN သတင်းမှ 12 Sept 2011 ရက်စွဲပါ “Myanmar exiles cautious on return offer” ကို ဘာသာ ပြန်ဆိုသည်)

  1. Sanction ရုတ်သိမ်းရေး မြန်မာ လမ်းညွှန်မြေပုံကို အမေရိကန်ကိုယ်စားလှယ် အဆိုပြု

(12 September 2011  ရက်စွဲပါ VOA News မှ US envoy offers Burma road map for lifting sanctions ကို ဘာသာ ပြန်ဆိုသည်)

  1. မြန်မာစစ်တပ် စစ်ဆင်ရေးကြောင့် အိန္ဒိယ ULFA နှင့် NSCN အုပ်စု စခန်းများရွှေ့ပြောင်း

(The Times of India မှ 11 Sept 2011 ရက်စွဲပါ “ ULFA, NSCN (K) shift camps amid Myanmar offensive ” သတင်းကို ဘာသာ ပြန်ဆိုသည်)

  1. မြန်မာ့စွမ်းအင်များ တရုတ်လုယူ

(Asia Sentinel မှ 9 Sept 2011 ရက်စွဲပါ Nava Thakuria ရေးသားသော “China’s Energy grab in Burma” ကို ဘာသာပြန်ဆိုသည်)

  1. ပြောင်းလဲမှုမရှိသော မြောက်ကိုရီးယား၏ လိမ်ညာလှည့်ဖျားရေးနည်းဗျူဟာများ

(The Nation သတင်းစာမှ ခေါင်းကြီးပိုင်းကို ဆီလျော်အောင် ဘာသာပြန်ဆိုသည်)

*********************************************************************************************************************

ပြည်တော်ပြန်ရန် ကမ်းလှမ်းချက်ကို ပြည်ပရောက်အုပ်စုများ သတိကြီးစွာထား

(IRIN သတင်းမှ 12 Sept 2011 ရက်စွဲပါ “Myanmar exiles cautious on return offer” ကို ဘာသာ ပြန်ဆိုသည်)

ပြည်ပရောက် မြန်မာအုပ်စုများနှင့် လူ့အခွင့်အရေးလှုပ်ရှားသူများက သမ္မတဦးသိန်းစိန်ထံမှ ပြည်တော်ပြန်ရန် ဖိတ်ခေါ်မှုအပေါ် သတိကြီးစွာ ထား၍ လေ့လာနေကြောင်း ထုတ်ဖော်ပြောဆိုလိုက်သည်။

“အမှန်တကယ်ပြန်လာစေချင်တာဆိုရင် နိုင်ငံရေးအကျဉ်းသားအားလုံးကို ပြန်လွှတ်ပေးသင့်တာပေါ့။ လူတိုင်းကတော့ အိမ်ကို (မြန်မာနိုင်ငံကို) ပြန်ချင်ကြတာပဲ။ ဒါပေမဲ့ ပြန်သွားတဲ့အချိန်မှာ ကျွန်တော်တို့ရဲ့ ဘေးကင်းလုံခြုံမှုအတွက် အာမခံချက်မရှိပါဘူး” ဟု ထိုင်းနိုင်ငံအခြေစိုက် သတင်း အယ်ဒီတာ တစ်ဦးဖြစ်သူ ကျော်စွာမိုးက ပြောသည်။

ကျော်စွာမိုးသည် ၁၉၈၈ ခုနှစ်က မြန်မာနိုင်ငံတွင် နိုင်ငံရေးလှုပ်ရှားသူ ထောင်ပေါင်းများစွာအား ပြည်ပသို့ ရောက်ရှိသွားစေခဲ့သည့် သွေးစွန်း သော ပြည်လုံးကျွတ်လူထုအုံကြွမှုကာလအတွင်း ပါဝင်လှုပ်ရှားခဲ့ခြင်းကြောင်း ထောင်ဒဏ် ၈ နှစ် ကျခံခဲ့ရသူဖြစ်သည်။

နေပြည်တော်တွင် လုပ်ငန်းရှင်ကြီးများအား ဩဂုတ်လက အလွတ်သဘော ပြောဆိုခဲ့မှုကို အတည်ပြုသည့် မူဝါဒအကြောင်း ပြောဆိုနေကြ သော်လည်း တကယ့်လွတ်ငြိမ်းချမ်းသာခွင့် စားပွဲပေါ်တွင် ရောက်နေသည်ဟု ယုံကြည်သူ အနည်းငယ်သာ ရှိသည်။

“တချို့သူတွေ ထောင်ထဲရောက်နေတဲ့ အချိန်မှာ ကျန်တဲ့တချို့ကို သမ္မတကြီးက ဘယ်လိုကြိုဆိုမှာလဲ” ဟု မေးခွန်းထုတ်လိုက်သူမှာ ချင်းမိုင် အခြေစိုက် Human Rights Education Institute of Burma(HREIB) မှ ဒါရိုက်တာ အောင်မျိုးမင်းဖြစ်သည်။ အောင်မျိုးမင်းသည်လည်း လွန်ခဲ့သော ၂၃ နှစ်က ရှစ်လေးလုံး အရေးတော်ပုံတွင် ပါဝင် လှုပ်ရှားခဲ့ပြီးနောက် ဇာတိနိုင်ငံကို စွန့်ခွာလာခဲ့ရသူဖြစ်သည်။

“ကျွန်တော်တို့က ကျွန်တော်တို့ပြည်သူတွေ အကျိုးရှိအောင် ကျွန်တော်တို့နိုင်ငံမှာ ကောင်းသော ပြောင်းလဲခြင်း ဖြစ်အောင် လုပ်ဖို့ ပြင်းပြတဲ့ ဆန္ဒရှိသူတွေပါ၊ ရာဇဝတ်မှုတွေနဲ့ ပတ်သက်သူတွေနဲ့ မတူပါဘူး။ ဒါကြောင့် မြန်မာပြည်ကို သိက္ခာရှိရှိပဲ ပြန်ချင်ပါတယ်” ဟု ယင်းက ဆိုသည်။

သမ္မတကြီးက ပြောကြားရာတွင် ရာဇဝတ်မှုကျူးလွန်ခြင်း မရှိသူများကို ပြန်လာခွင့်ပြုရန် လျှော့ပေါ့၍ စဉ်းစားပေးမည်ဟု ဆိုခဲ့ရာ သတ်မှတ် ချက်များကို ပြည်ပရောက်မြန်မာအုပ်စုများက ပယ်ချလိုက်ကြသည်။ “ကျွန်တော်တို့ကို လျှော့ပေါ့စဉ်းစားပေးမယ်လို့ သမ္မတဦးသိန်းစိန်က ပြောတာဖြစ်လို့ ကျွန်တော်တို့ အိမ်ကိုပြန်ဖို့ မစဉ်းစားနိုင်သေးပါဘူး။” ဟု ပြောကြားသော ညီညီအောင်မှာ ၁၉၈၈ အရေးတော်ပုံအပြီး မြန်မာနိုင်ငံမှ လွတ်မြောက်သွားကာ အမေရိကန်နိုင်ငံသားဟု ခံယူထားသူဖြစ်ပြီး ၂ဝဝ၉ ခုနှစ်က မြန်မာနိုင်ငံသို့ ခေတ္တပြန်လာစဉ် ဖမ်းဆီးချုပ်နှောင်ခံခဲ့ရပြီး ယခု အမေရိကန်ပြည်ထောင်စုသို့ ပြန်လည်ရောက်ရှိနေသူဖြစ်သည်။ “တကယ်လို့ နိုင်ငံရေး အကျဉ်းသားများအားလုံးကို လွှတ်ပေးပြီး တိုင်းရင်းသား အုပ်စု အားလုံးနဲ့ ငြိမ်းချမ်းရေး ဆွေးနွေးရာမှာ ပြန်လည် သင့်မြတ်မှုရရှိပြီ၊ မြန်မာနိုင်ငံဟာလည်း ဒီမိုကရေစီ ပြောင်းလဲရေးလမ်းပေါ် ရောက်နေပြီ ဆိုရင်တော့ ကျွန်တော် ပြန်မှာပါ” ဟု ညီညီအောင်က ဆက်လက် ပြောဆိုသည်။

ပြည်ပရောက်မြန်မာများသည် ယင်းတို့၏ နိုင်ငံမှ ထွက်ခွာလာပြီးနောက်ပိုင်း လွတ်လပ်သွားသကဲ့သို့ လွတ်လပ်စွာ နေထိုင်ခွင့် ရှိကြမည်ဟု အာမခံချက် ရှိပါက ဝမ်းမြောက်ပျော်ရွှင်ကြပါလိမ့်မည်။

“ကိုယ့်နိုင်ငံ ကိုယ် ပြန်သွားတဲ့အချိန်မှာ လွတ်လပ်စွာ ပြောဆိုရေးသားခွင့် ရနိုင်ပ့ါမလားဆိုတာကို ကျွန်တော် စိုးရိမ်မိပါတယ်” ဟု ကျော်စွာမိုး က ဆိုသည်။

တင်းတင်းကြပ်ကြပ် ထိန်းချုပ်မှုများ

မြန်မာနိုင်ငံသည် ၂ဝဝ၈ အခြေခံဥပဒေတွင် လွတ်လပ်စွာ ပြောဆိုရေးသားခွင့်ကို ထည့်သွင်းထားသော်လည်း ကမ္ဘာပေါ်တွင် လွတ်လပ်စွာ ပြောဆိုခွင့်ကို အတင်းကြပ်ဆုံး တားမြစ်ထားသော နိုင်ငံတစ်ခု ဖြစ်သည်။

ဝါရှင်တန်အခြေစိုက် လူ့အခွင့်အရေးအုပ်စု Freedom House က ထုတ်ပြန်သော ၂ဝ၁၁ သတင်းစာလွတ်လပ်ခွင့်  စစ်တမ်းတွင် မြန်မာနိုင်ငံ သည် ကမ္ဘာ၌ သတင်းစာလွတ်လပ်ခွင့်နှင့် ပတ်သက်၍ အဆိုးဝါးဆုံး ၁ဝ နိုင်ငံ စာရင်းဝင်ဖြစ်ကြောင်း အဆင့်သတ်မှတ်ခံထားရသည်။

“သတင်းထောက်တစ်ယောက် အနေနဲ့ အစိုးရကို မဝေဖန်ဘဲ ငြိမ်မနေနိုင်ပါဘူး။ အခုချိန်ထိတော့ ပြည်တွင်းမှာ သတင်းစာလွတ်လပ်ခွင့် မရှိသေး ဘူးဆိုတော့ ကျွန်တော်တို့ဒီမှာ (ထိုင်းနိုင်ငံ) မှာ လုပ်နေသလို ဝေဖန်ရေးဆောင်းပါးတွေ ရေးခွင့်ရမှာ မဟုတ်ပါဘူး” ဟု ထိုင်းနိုင်ငံရောက် မြန်မာ အယ်ဒီတာက ဆိုသည်။

ထို့အပြင် နိုင်ငံရေးလှုပ်ရှားမှုဖြင့် အပြစ်ပေးခံရသူများ အပါအဝင် အကျဉ်းသားအားလုံးကို ပြစ်ဒဏ်ကာလ တစ်နှစ်လျှော့ပေးမည်ဟု အစိုးရက မေလအတွင်း ကြေညာခဲ့ခြင်းသည် ဒီမိုကရေစီနိုင်ငံသစ် အဖြစ် ပွဲထွက်လာချိန်တွင် ယောက်မ မြင်းစီးပြလိုက်သည့် လုပ်ရပ်ဖြစ်ကာ ဆယ်စုနှစ်များစွာ ထောင်ဒဏ် အပြစ်ပေးခံရသူ နိုင်ငံရေးအကျဉ်းသားများအတွက်လည်း ပြောပလောက်အောင် သက်သာသွားခြင်း မရှိပါ ဟုလည်း ယင်းက ဆိုသည်။ မေလက လွတ်ငြိမ်းချမ်းသာခွင့်သည် “ကုလသမဂ္ဂကို ပါးရိုက်ခြင်း” ဖြစ်ကြောင်း Human Rights Watch က ပြောဆိုသမုတ်ခဲ့သည်။

ပြည်ပြေးဟုခေါ်သော ပြည်ပရောက်မြန်မာများကို ရှေးယခင်ကလည်း အလားတူ ကမ်းလှမ်းမှုများ ရှိခဲ့ဖူးသည်။ လွတ်လပ်ရေးရပြီးခေတ် မြန်မာ နိုင်ငံ၏ ပထမဆုံး ဒီမိုကရေစီ ဝန်ကြီးချုပ်ဖြစ်ခဲ့သူ ပြည်ပြေးဦးနုကို ၁၉၈ဝ ခုနှစ်တွင် ဗိုလ်ချုပ်ကြီးဟောင်းနေဝင်းက ပထမဆုံး လွတ်ငြိမ်းချမ်းသာခွင့် ပေးကာ ဖိတ်ခေါ်ခဲ့ဖူးသည်။ ၁၉၈၈ အရေးတော်ပုံအပြီးတွင်လည်း တောခိုသွားသော ကျောင်းသားနိုင်ငံရေးသမားများကို ယခင် တပ်မတော်အစိုးရက သူတို့၏ စောင့်ကြည့်မှုအောက်တွင် ထားရန် ရည်ရွယ်ကာ ပြန်လာကြရန် ဖိတ်ခေါ်ခဲ့ဖူးသည်။ ပြန်လာသူ အများစုမှာ နိုင်ငံရေးကြေညာချက်များ ထုတ်ပြန်သည်နှင့် တစ်ပြိုင်နက် ပြန်လည် အဖမ်းဆီးခံကြရလေတော့သည်။

ရှစ်လေးလုံးအရေးတော်ပုံတွင် ကျောင်းသားလှုပ်ရှားသူဖြစ်ခဲ့ပြီး ယခုအခါ အမေရိကန်ပြည်ထောင်စုတွင် နေထိုင်နေသော မြန်မာ့ရေးရာ ပညာရှင် ဝင်းမင်းက “ဒီမှာတော့ ဘယ်လိုစစ်မှန်တဲ့ လွတ်ငြိမ်းချမ်းသာခွင့်မျိုးမှ မလိုဘဲ နေလို့ ရပါတယ်၊ တံခါးတောင် ပိတ်စရာမလိုပါဘူး” ဟု ပြောကြား သည်။

*******************************************************************************

Sanction ရုတ်သိမ်းရေး မြန်မာ လမ်းညွှန်မြေပုံကို အမေရိကန်ကိုယ်စားလှယ် အဆိုပြု

(12 September 2011  ရက်စွဲပါ VOA News မှ US envoy offers Burma road map for lifting sanctions ကို ဘာသာ ပြန်ဆိုသည်)

            မြန်မာနိုင်ငံနှင့် ပတ်သက်သော အမေရိကန်အထူးကိုယ်စားလှယ် မစ္စတာဒဲရက် မစ်ချယ် (Derek Mitchell)က ၎င်းသည် နေပြည်တော်တွင် အစိုးရသစ်နှင့် ဆွေးနွေးမှုများ ပြုလုပ်ခဲ့ရာ မည်သည့် အခြေအနေများတွင် အမေရိကန် Sanctions များ ရုတ်သိမ်းမည်ဆိုသည်ကို ဆွေးနွေးခဲ့သည်ဟု ပြောကြားလိုက်သည်။

            မြန်မာနိုင်ငံမြို့တော်သို့ ပြီးခဲ့သည့် အပတ်နှောင်းပိုင်းက ရောက်ရှိခဲ့သော ဒဲရက်မစ်ချယ်က မြန်မာခေါင်းဆောင်များအား ၎င်းတို့ မည်သည်များ လုပ်ဆောင်ရမည် ဆိုသည်နှင့် ပတ်သက်၍ ပြောဆိုမှုများအား အသေးစိတ် ရှင်းပြခဲ့ခြင်း မရှိပေ။ သို့သော် ၎င်းက VOA မြန်မာပိုင်း အစီအစဉ်သို့ ပြောကြား ခဲ့ရာတွင် အားတက်ဖွယ် လက္ခဏာများ ရှိခဲ့ပြီး၊ အမေရိကန်အနေဖြင့် မြန်မာတို့၏ တုန့်ပြန်မှုကို စောင့်ကြည့်သွားမည် ဖြစ်ကြောင်း ပြောကြားခဲ့ သည်။

            “Sanction တွေ ဘယ်လိုအခြေအနေမှာ ဖျက်ပေးနိုင်တယ်ဆိုတာရှိပါတယ်။ ဒါတွေကို နေပြည်တော်မှာ ဆွေးနွေးခဲ့ပါတယ်။ အဲတော့ ကျွန်တော်တို့ တိုးတက်မှုတွေ မြင်တွေ့ချင်ပါတယ်။ အခု သူတို့ လုပ်ဆောင်နေတာတွေ၊ ပြသနေတာတွေဟာ အားတက်ဖွယ် လက္ခဏာများပါပဲ။ ကျွန်တော် တို့ အနေနဲ့ လက္ခဏာတွေရဲ့ တိုးတက်မှုတွေကို စောင့်ကြည့် နေမှာပါ" ဟု မစ်ချယ်က ရှင်းပြသည်။

            မြန်မာနိုင်ငံမှာ ပြောင်းလဲမှုအတွက် လက္ခဏာတစ်ခုမှာ VOA မြန်မာပိုင်း အစီအစဉ်မှ သတင်းထောက် တစ်ဦးအား မြန်မာနိုင်ငံသို့ ဝင်ခွင့်ပြု ခဲ့ခြင်းပင် ဖြစ်သည်။ VOA သတင်းထောက် ခင်စိုးဝင်းမှာ ၁၆ နှစ်အတွင်း မြန်မာနိုင်ငံသို့ ဝင်ရောက်ခွင့်ရသော သတင်းထောက် တစ်ဦး ဖြစ်လာသည်။ သူမ သည် ရန်ကုန်တွင် မစ်ချယ်နှင့် စကားပြောဆိုခဲ့သည်။

            ဒဲရက်မစ်ချယ်သည် ပြီးခဲ့သည့်လက အမေရိကန် ဆီးနိတ်က ယင်း၏ နေရာအတွက် အတည်ပြုခဲ့ကတည်းက ယခုအခါ မြန်မာနိုင်ငံသို့ ပထမဦးဆုံး ခရီးစဉ်အဖြစ် ရောက်ရှိနေသည်။ အမေရိကန် နိုင်ငံခြားရေး ဌာန တာဝန်ရှိသူများက ပြောကြားရာတွင် ယင်းသည် သောကြာနေ့က မြန်မာ နိုင်ငံခြားရေး ဝန်ကြီး၊ အလုပ်သမားဝန်ကြီး၊ ပြန်ကြားရေးဝန်ကြီးနှင့် နယ်စပ်ရေးရာဝန်ကြီးတို့ကို တွေ့ဆုံခဲ့သည်ဟု ဆိုသည်။ ယခုအခါ ယင်းသည် ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၊ အခြားပုဂ္ဂိုလ်များနှင့် တွေ့ဆုံရန် ရန်ကုန်သို့ ရောက်ရှိနေသည်။

            ယခုအထိ စကားပြောဆိုမှုများသည် အပြုသဘောဆောင်ကြောင်း၊ သို့သော် Obama အစိုးရ၏ မြန်မာနိုင်ငံအပေါ် ထိတွေ့ဆက်ဆံရေး မူဝါဒ သည် ရလဒ်ကောင်းများ ရသည်ဟု ပြောရန် စောသေးကြောင်း မစ်ချယ်က VOA သို့ ပြောကြားခဲ့သည်။

            "ဝေဖန်ချက်ပေးဖို့ သိပ်စောသေးတယ်လို့ ကျွန်တော် ထင်ပါတယ်။ ဒီတာဝန်ကိုယူတာ နှစ်ပတ်ပဲ ရှိပါသေးတယ်။ အခုခရီးစဉ်ဟာ အပြုသဘော ဆောင်ပါတယ်။ ဒါပေမယ့် နှစ်ရက် သုံးရက်ပဲ ရှိပါသေးတယ်။ ဒီလာတာ ကျွန်တော် လေ့လာဖို့၊ နားထောင်ဖို့နဲ့ ဆက်ဆံရေးအတွက် လာတာပါ။ အခု ပွင့်လင်းတဲ့ စကား ပြောမှုတွေ ရှိခဲ့ပါတယ်။ နောက် ပြည်သူတွေအတွက် ကတိကဝတ်တွေ၊ အရေးကြီးတာတွေကို မျက်မြင် တွေ့ခဲ့ရပါတယ်။ စောင့်ကြည့် ကြသေးတာပေါ့" ဟု ဒဲရက်မစ်ချယ်က ပြောသည်။

            မြန်မာနိုင်ငံ၏ အစိုးရသစ်သည် မတ်လကုန်တွင် နှစ်ပေါင်းများစွာ အုပ်ချုပ်ခဲ့သော စစ်အစိုးရထံမှ အာဏာ လွှဲယူခဲ့သည်။ ထို့နောက် ဒေါ်အောင်ဆန်းစုကြည်နှင့် ဆွေးနွေးမှုများ ပြုလုပ်ခဲ့ခြင်း၊ လူ့အခွင့်အရေး ကိုယ်စားလှယ်အား လာရောက်ခွင့်ပေးခြင်း၊ မြောက်ပိုင်းတွင် မအောင်မြင် သေးသော ငြိမ်းချမ်းရေး ဆွေးနွေးပွဲများ ကျင်းပခြင်း၊ နိုင်ငံတကာ အသိုင်းအဝိုင်း၏ အဓိက ပုဂ္ဂိုလ်များနှင့် တွေ့ဆုံခြင်းများ ရှိခဲ့သည်။

            သို့သော် အစိုးရသစ်ကို စစ်အရာရှိဟောင်းများကသာ လွှမ်းမိုးပြီး၊ နိုင်ငံရေး အကျဉ်းသား (၂ဝဝဝ)ကျော်ကို ထိန်းသိမ်းထားဆဲ ဖြစ်သည်။

**************************************************************************

မြန်မာစစ်တပ် စစ်ဆင်ရေးကြောင့် အိန္ဒိယ ULFA နှင့် NSCN အုပ်စု စခန်းများရွှေ့ပြောင်း

(The Times of India မှ 11 Sept 2011 ရက်စွဲပါ “ ULFA, NSCN (K) shift camps amid Myanmar offensive ” သတင်းကို ဘာသာ ပြန်ဆိုသည်)

            အိန္ဒိယ အရှေ့မြောက်ဒေသမှ ခွဲထွက်ရေးလက်နက်ကိုင် အုပ်စုများဖြစ်ကြသည့် ULFA နှင့် NSCN (ကမ်ပလန်) အုပ်စုတို့သည် မြန်မာနိုင်ငံ နယ်နိမိတ်အတွင်းမှ ၎င်းတို့၏ စခန်းများကို မြန်မာ့စစ်တပ်က နှိမ်နှင်းနေကြောင်း သတင်းများ ထွက်ပေါ်လာပြီးနောက်ပိုင်း လွန်စွာ ထိတ်လန့်ကြောက်ရွံ့ သွားကြကာ မြန်မာနိုင်ငံတွင်းမှ လျှို့ဝှက် အခြေစိုက်စခန်းများကို ရွှေ့ပြောင်းရန် စီစဉ်လျက် ရှိကြသည်။

            NSCN (ကမ်ပလန်) အုပ်စုက ၎င်းတို့၏ ဌာနချုပ်စခန်းများတည်ရှိရာ နယ်မြေထဲသို့ မြန်မာတပ်ဖွဲ့ဝင် ၄၀၀ ခန့် ဝင်ရောက်ရှင်းလင်းနေကြောင်း အတည်ပြု ပြောဆိုသည်။

            NSCN အုပ်စုက “၎င်းတို့၏ ဥက္ကဋ္ဌ SS Khaplang ဘေးကင်းလုံခြုံမှုရှကြောင်း၊ ၂၀၀၉ ခုနှစ်တွင် ဘင်္ဂလားဒေ့ရှ်က အလားတူ ထိုးစစ် ဆင်နွှဲပြီး နောက်ပိုင်း မြန်မာနယ်ထဲသို့ ရွှေ့သွားခဲ့သူ ULFA စစ်ဖက်အကြီးအကဲ Paresh Baruah က မိမိတို့ NSCN (ကမ်ပလန်) တပ်ဖွဲ့ဝင်များ ဘေးကင်းသော နေရာများသို့ ရွှေ့ကြရန် အကြောင်းကြားခဲ့ခြင်း ဖြစ်ကြောင်း”  ထုတ်ပြန်ပြောကြားခဲ့သည်။

*********************************************************************************

မြန်မာ့စွမ်းအင်များ တရုတ်လုယူ

(Asia Sentinel မှ 9 Sept 2011 ရက်စွဲပါ Nava Thakuria ရေးသားသော “China’s Energy grab in Burma” ကို ဘာသာပြန်ဆိုသည်)

မြန်မာနိုင်ငံတွင် အရပ်သားအစိုးရက အုပ်ချုပ်လျက်ရှိပြီး ပြောင်းလဲမှု၏ လက္ခဏာတချို့ ထွက်ပေါ်လာသော်လည်း အရပ်သားအစိုးရ ထိပ်တန်း ပုဂ္ဂိုလ်များနှင့် သဘောထားတင်းမာသော စစ်တပ်တို့အကြား မူဝါဒအရ အက်ကြောင်းများ သိသာစွာ ထွက်ပေါ်လာပြီး သာမန်ပြည်သူများ၏ ဘဝများ ပိုမို ကောင်းလာမည့် လက္ခဏာ အနည်းသာ ရှိနေသည်။

လွန်ခဲ့သော နှစ်ပေါင်း လေးဆယ်ကျော်ကတည်းက စစ်အစိုးရများ ချမှတ်ခဲ့သော မူဝါဒအများစုသည် ယနေ့ နေပြည်တော်ရှိ အစိုးရ အစီ အစဉ်များ အပေါ် လွှမ်းမိုးနေဆဲဖြစ်သည်။ ရေနံနှင့် သဘာဝ ဓာတ်ငွေ့ကဏ္ဍတို့မှ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုများသည် အစိုးရ၏ လုပ်ဆောင်မှုများနှင့် စစ်တပ် အင်အား ပိုကောင်းရေးအတွက်သာ ရည်ရွယ်ပြီး ပြည်သူတို့ဘဝများ တိုးတက်ရေးအတွက် ဘာမျှ လုပ်မပေးနိုင်ပေ။

ဩဂုတ်လအတွင်းက အမျိုးသားလူ့အခွင့်အရေးကော်မရှင်ကို ဖွဲ့စည်းခဲ့ပြီး ဒေါ်အောင်ဆန်းစုကြည်ကလည်း သမ္မတဦးသိန်းစိန်အပါအဝင် အစိုးရ ခေါင်းဆောင်များနှင့် တွေ့ဆုံခဲ့သည်။ နှစ်ဆယ့်သုံးနှစ်အတွင်း ပထမဆုံးအကြိမ် အဖြစ် နိုဘယ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည်၏ ပထမဆုံး ဆောင်းပါး ပြည်တွင်းတွင် ပုံနှိပ်ဖော်ပြခွင့် ရခဲ့သည်။ ထိုသို့ ဖော်ပြခွင့် ရရန် အစိုးရထံ (၁ဝ)လခန့် တင်ပြခဲ့ရပြီး ဖော်ပြအပြီး၌လည်း အစိုးရ၏ ဝေဖန်မှုကို ခံခဲ့ရသည်။

သို့သော် လူ့အခွင့်အရေးကော်မရှင်အပေါ် ပြုပြင်ပြောင်းလဲရေးအတွက် အမှန်တကယ် အခွင့်အလမ်းရရှိနိုင် ပါ့မလား ဟု သံသယများ ကြီးစွာ ရှိနေဆဲဖြစ်သည်။

“နိုင်ငံတကာအသိုင်းအဝိုင်းကတော့ ပြီးခဲ့တဲ့နှစ်က ရွေးကောက်ပွဲကို ဒီမိုကရေစီအစိုးရအတွက် လမ်းခင်းပေးတာလို့ မြင်ပါလိမ့်မယ်။ ဒါပေမဲ့ ဒါဟာ ရယ်စရာလုပ်ဇာတ်ကြီးပါ။ ရွေးကောက်ပွဲမှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ သူ့ပါတီဖြစ်တဲ့ NLD ကို မပါနိုင်အောင် လုပ်ထားတယ်။ စစ်အစိုးရရေးတဲ့ ၂ဝဝ၈ အခြေခံဥပဒေဟာ မြန်မာနိုင်ငံမှာ ပြောင်းလဲမှုတွေ လုပ်ပေးနိုင်မှာ မဟုတ်ပါဘူး။” ဟု နယူးဒေလီတွင် နေထိုင်သော ဒေါက်တာတင့်ဆွေက ပြော သည်။

ဒေါက်တာတင့်ဆွေက Asia Sentinel သို့ နယူးဒေလီမှ စကားပြောရာတွင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုနှင့် သက်ဆိုင်သော မူဝါဒများသည် ယခင် စစ်အစိုးရ ချမှတ်ထားခဲ့သည်များနှင့် အတူတူဖြစ်ကြောင်း ပြောသည်။ “လက်ရှိ အစိုးရဟာ ဆင်းရဲမွဲတေမှုတွေ လျှော့ချရေးဆိုင်ရာ မူဝါဒတွေ ရေးဆွဲ ရခြင်း မရှိသေးပါဘူး၊ ယင်းတို့ရဲ့ မူဝါဒဟာ တရုတ်ရဲ့ ဘီလျံချီတန်သော ရေနံနှင့် သဘာဝဓာတ်ငွေ့ပိုက်လိုင်းကဲ့သို့သော စီမံကိန်းမျိုးကိုသာ ဦးတည်နေ ကြောင်း” ဒေါက်တာတင့်ဆွေက ပြောသည်။

အဆိုပါပရောဂျက်သည် ၂ဝ၁၃ ပြီးစီးမည်ဟု ခန့်မှန်းထားပြီး ရေနံနှင့် ဓာတ်ငွေ့ပိုက်လိုင်းနှစ်ခုသည် ကီလိုမီတာ (၁ဝဝဝ)ခန့် ရှည်ပြီး ကီလို မီတာ (၈ဝဝ)ခန့်မှာ မြန်မာနိုင်ငံအတွင်းတွင် တည်ရှိသည်။ သဘာဝဓာတ်ငွေ့မှာ ရခိုင်ပြည်နယ်ရှိ ရွှေကမ်းလွန်ဓာတ်ငွေ့လုပ်ကွက်မှ သဘာဝ ဓာတ်ငွေ့ များကို ပို့လွှတ်မည်ဖြစ်ပြီး ရေနံများမှာ အရှေ့အလယ်ပိုင်းနှင့် အာဖရိကမှ ရေနံတင်သင်္ဘောများ ရခိုင်တွင် ဆိုက်ကပ်၍ ပိုက်လိုင်းသို့ ပို့လွှတ်မည်ဖြစ် သည်။ ယင်းတို့ကို ယူနန်ပြည်နယ် ကူမင်းရှိ ရေနံချက်စက်ရုံသို့ ပို့ဆောင်မည်ဖြစ်သည်။

ရွှေသဘာဝဓာတ်ငွေ့လုပ်ကွက်သည် အိမ်နီးချင်းနိုင်ငံများမှ ရေနံကုမ္ပဏီများကို များစွာ ဆွဲဆောင်နေသည်။ နိုင်ငံတကာအရေးယူမှုများကြောင့် အနောက်နိုင်ငံများမှ ကုမ္ပဏီများ မလာရောက်နိုင်ခြင်းကို အခွင့်ကောင်းယူ၍ အာရှတိုက်မှ ဒေဝူးအင်တာနေရှင်နယ် (တောင်ကိုရီးယား)၊ Oil and Natural Gas Corporation; Videsh (India)၊ Gas Authority of India Limited (အိန္ဒိယ) တို့သည် ရွှေလုပ်ကွက်တွင် အသီးသီးပါဝင်ထားကြသည်။

အဆိုပါ စီမံကိန်းအရ တစ်နှစ်လျှင် ရေနံစိမ်းတန်သန်းပေါင်း (၁၂)သန်းနှင့် သဘာဝဓာတ်ငွေ့ ကုဗမီတာ (၁၂) သန်းကို တရုတ်သို့ ပို့လွှတ်နိုင် မည်ဖြစ်သည်။ လူ့အခွင့်အရေးနှင့် မြန်မာအုပ်စုများက ကန့်ကွက်နေသည့်ကြားမှ အဆိုပါ စီမံကိန်းကို ၂ဝဝ၉ ခုနှစ်ကတည်းက အိန္ဒိယသမုဒ္ဒရာရှိ မြန်မာ နိုင်ငံ၏ မဒေးကျွန်းတွင် လုပ်ငန်းများ စတင်ခဲ့သည်။

အဆိုပါစီမံကိန်းသည်ဒေါ်လာ (၁.၅) ဘီလျံတန်ဖိုးရှိပြီး တရုတ်နိုင်ငံပိုင် China National Patroleum Corporation နှင့် မြန်မာအစိုးရ၏ မြန်မာ့ ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်း (MOGE) တို့ဖက်စပ် ဆောင်ရွက်ခြင်းဖြစ်ပြီး မြန်မာအစိုးရက နှစ်စဉ်ဒေါ်လာ တစ်ဘီလျံခန့် နောင်နှစ် သုံးဆယ် ရရှိမည်ဖြစ်သည်။

“ဒါပေမဲ့ ပိုက်လိုင်းသွားရာ လမ်းကြောင်းတစ်လျှောက် ထောင်ပေါင်းများစွာသော မိသားစုများ ရွှေ့ပြောင်းပေးရပါလိမ့်မယ်။ အစိုးရက ရခိုင်၊ ရှမ်း၊ မကွေး၊ မန္တလေးတို့မှာ လယ်ယာမြေပေါင်းများစွာ သိမ်းပြီးသွားပြီ။ မြန်မာနိုင်ငံတွင်းက ရတဲ့ သတင်းတွေအရ မိသားစု နှစ်သောင်းလောက် နေရာ ရွှေ့ပြောင်းပြီးသွားပြီလို့ သိရပါတယ်” ဟု ချင်းမိုင်အခြေစိုက် မြန်မာ့လူ့အခွင့်အရေးလှုပ်ရှားသူ ဝင်းအောင် (မူရင်းဆောင်းပါးတွင် Wong Aung ဟု ဖော်ပြထားပါသည်-အယ်ဒီတာ) က ပြောသည်။

“အစားထိုး ပြန်ပေးတဲ့ လုပ်ငန်းစဉ်တွေမှာလည်း ခေါင်းပုံဖြတ်ခံရတာတွေ ရှိပါတယ်။ အလုပ်သမားတွေ လုပ်ခနည်းနည်းပဲ ရတယ်။ အမျိုးသမီး တွေ လုပ်ခကလည်း မညီမျှတာတွေ ရှိပါတယ်။ စီမံကိန်းဒေသဝန်းကျင်မှာ လိင်ပိုင်းဆိုင်ရာ လုပ်ငန်းတွေ ကြီးထွားလာနေပါတယ်” ဟု ဝင်းအောင်က ပြောသည်။

ဝင်းအောင်သည် ရွှေသဘာဝဓာတ်ငွေ့ လှုပ်ရှားမှုခေါင်းဆောင်လည်း ဖြစ်ပြီး အစိုးရသည် ရေနံနှင့် သဘာဝဓာတ်ငွေ့မှ ရသော ဝင်ငွေများကို အစိုးရ စက်ပစ္စည်းများအတွက် သုံးခြင်း၊ ကာကွယ်ရေးကဏ္ဍတွင် အသုံးပြုခြင်းများသာ ရှိကြောင်း ပြောသည်။ ကာကွယ်ရေးဘတ်ဂျက်သည် အစိုးရ ဘတ်ဂျက်၏ ၄ဝ% ကျော်အသုံးပြု ထားသည်။ အံ့ဩဖွယ်ကောင်းသော အချက်မှာ ဆင်းရဲလှသော မြန်မာ့လူဦးရေ သန်း (၅ဝ) အတွက် ပညာရေးနှင့် ကျန်းမာရေး အသုံးစရိတ်မှာ ၂% သာ ရှိခြင်းဖြစ်သည်။ ၇၉% သော လူဦးရေမှာ လျှပ်စစ်မီးမရဘဲ နေထိုင်ကြရခြင်း ဖြစ်ပါသည်ဟု ဝင်းအောင်၏ အဆို အရ သိရသည်။

အစိုးရသည် ပိုက်လိုင်းလုံခြုံမှုအတွက် တာဝန်ရှိသည်ဖြစ်ရာ စင်္ကြန်တစ်လျှောက်နှင့် ကမ်းလွန်ဆောက်လုပ် ရေး လုပ်ငန်းတွင် တပ်ရင်း (၃၃) ခုတွင် စစ်သားအင်အား ခြောက်ထောင်ကျော် ချထားခဲ့သည်။ စစ်တပ်သည် ကချင်နှင့် ရှမ်းပြည်နယ်တွင် အေးချမ်းရေးအတွက် စစ်ပွဲများ တိုက်ခိုက်ခဲ့ သည်။

ဝင်းအောင်က ပိုက်လိုင်းလမ်းကြောင်းတစ်လျှောက် မြေသိမ်းယူမှုများကြောင့် လယ်သမားများ အလုပ်လက်မဲ့ ဖြစ်ကုန်ခြင်း၊ ငါးဖမ်းဒေသများ ကန့်သတ်ခံရခြင်းများကြောင့် ရွှေ့ပြောင်းမှုများ တိုးပွားလာမည်ဟု ဆိုခဲ့ရာ အဆိုပါ အရေးကိစ္စများကို လူ့အခွင့် အရေးကော်မရှင်က ဘာမျှ လုပ်ပေးနိုင် လိမ့်မည် မဟုတ်ပေ။

“ဒေသခံတွေဟာ လုပ်ခနည်းနည်းပဲ ရပါတယ်။ စီမံကိန်းက ယာယီ၊ လုံခြုံမှုမရှိတဲ့ အလုပ်တွေပဲ ရှိပါတယ်။ ဘာမှလည်း အတွန့်တက်လို့ မရ ဘူး။” ဟု ယင်းက ပြောသည်။ စက်တင်ဘာ (၆) ရက်နေ့က ထုတ်ပြန်သော ရွှေဓာတ်ငွေ့ လှုပ်ရှားမှုအစီရင်ခံစာဖြစ်သော Launch of China Pipeline Project Unleashes Abuse Across Burma တွင် ပိုက်လိုင်းစီမံကိန်းတွင် အလုပ်လုပ်နေသော အမျိုးသားများအား လိင်ပိုင်းဆိုင်ရာ အတင်းအဓမ္မ စေခိုင်း မှုများ ရှိလာကြောင်း ဖော်ပြထားသည်။

အစီရင်ခံစာ၌ အကယ်၍ ဓာတ်ငွေ့ကို ပြည်တွင်းတွင် အသုံးပြုပါက တိုင်းပြည်တွင်း လိုအပ်သော စွမ်းအင် လျော့နည်းမှုကို ဖြည့်ဆည်းပေးရာ ရောက်ပြီး ကျဆုံးနေသော စီးပွားရေးကို ပြုပြင်နိုင်မည်ဟု ဖော်ပြထားသေးသည်။

******************************************************************************

ပြောင်းလဲမှုမရှိသော မြောက်ကိုရီးယား၏ လိမ်ညာလှည့်ဖျားရေးနည်းဗျူဟာများ

(The Nation သတင်းစာမှ ခေါင်းကြီးပိုင်းကို ဆီလျော်အောင် ဘာသာပြန်ဆိုသည်)

မြောက်ကိုရီးယားနိုင်ငံ၏ လတ်တလောသံတမန်ရေး ကြိုးပမ်းချက်များသည် စီးပွားရေးအကူအညီ၊ အထောက်အပံ့များ ပိုမိုရရှိရန် ဒီဇိုင်း ဆင်ထားခြင်းသာဖြစ်သည်။ သို့သော် နိုင်ငံတကာအသိုင်းအဝိုင်းမှ အပယ်ခံတစ်ဦး အနေဖြင့် ကွန်မြူနစ်အစိုးရ မည်မျှအတိုင်းအတာအထိ ရှင်သန် နိုင်မည် ဟူသည်မှာ စိတ်ဝင်စားစရာပင်ဖြစ်၏။

ယခုကာလများအတွင်း မြောက်ကိုရီးယား ကွန်မြူနစ်ခေါင်းဆောင်ကြီး ကင်ဂျုံအီလ်တစ်ယောက် ဆွဲဆောင်မှု ရှိသော တိုက်စစ်များ ဆင်လာ ပြန်သည်။ သြဂုတ်လကုန်ပိုင်းတွင် မြောက်ကိုရီးယားနိုင်ငံတော်အတွက် လွန်စွာ အရေးပါသည့် မဟာမိတ်များဖြစ်သည့် တရုတ်နှင့် ရုရှားနိုင်ငံသို့ သွားရောက် လည်ပတ်သည်ဟု သိရသည်။ အနှီနှစ်နိုင်ငံနှင့် ချစ်ကြည်ရင်းနှီးမှုတိုးပွားရေးအတွက် ချစ်စွာသော ခေါင်းဆောင်ကြီး ကင်ဂျုံအီလ် သွားရောက် လည်ပတ်ခြင်းသာ ဖြစ်ပေသည်။ သူသည် ယခင်ကလည်း မြောက်ကိုရီးယားအတွက် စီးပွားရေးတိုးတက်မှုများ၊ စီမံခန့်ခွဲမှုကောင်းများ ဆောင်ကြဉ်းနိုင်ရေးအတွက် မဟာအိမ်နီးချင်းတရုတ်ပြည်ကြီးဆီသို့ အကြိမ်ကြိမ်သွားရောက် လည်ပတ်ကာ ဆည်းပူး လေ့လာခဲ့ဖူးသည်။

ယခုတစ်ကြိမ် ကင်ဂျုံအီလ်၏ ရုရှားခရီးစဉ်တွင် ၎င်းအနေဖြင့် သမ္မတ ဒီမစ်ထရီမီဒီဒက်ဗ်နှင့် တွေ့ဆုံ ဆွေးနွေးမှုများ ပြုလုပ်ခွင့်ရခဲ့သည်။ ခရီးစဉ်သတင်းကိုလည်း လူသိရှင်ကြား ကြေညာမောင်းခတ်နိုင်ခဲ့သည်။ အကြောင်းမှာ အမိမြောက်ကိုရီးယားနိုင်ငံတော်၏ သမုဒ္ဒရာဝမ်းတစ်ထွာ ပြဿနာ အတွက် စားကောင်း သောက်ဖွယ်များ ရရှိနိုင်စေရန် ရည်ရွယ်ထားခြင်းကြောင့်ဖြစ်သည်။ မြောက်ကိုရီယားနိုင်ငံ၏ အခြေအနေမှန်ကို ကင်ဂျုံအီလ်ထက် မည်သူ တစ်ဦးတစ်ယောက်မျှ ပိုသိနိုင်မည်မဟုတ်ဟူသည်မှာလည်း ငြင်း၍မရပေ။

ရုရှားသမ္မတ ဒီမစ်ထရီမီဒီဒက်ဗ်နှင့်တွေ့ဆုံဆွေးနွေးရာတွင် ကိုရီးယားကျွန်းဆွယ်ဒေသ တင်းမာမှုများ လျှော့ချနိုင်ရေးအတွက် ဆိုင်းငံ့ထား သည့် ခြောက်နိုင်ငံ နျူကလီးယားဆွေးနွေးပွဲ ခြွင်းချက်မရှိ ပြန်လည် စတင်သင့်ကြောင်း သဘောတူညီချက်များရရှိခဲ့သည်။ ပြုံယမ်းအစိုးရကလည်း နျူကလီးယားလက်နက်များအပါအဝင် လူအမြောက်အများသေကြေပျက်စီးစေနိုင်သော လက်နက်ထုတ်လုပ်မှုအစီအစဉ်ရပ်ဆိုင်းရန် အသင့်အနေ အထား တွင် ရှိနေပြီဟူသော သဘောထားကို ပြီးခဲ့သည့် ရက်သတ္တပတ်အနည်းငယ်အတွင်း ထုတ်ဖော်အသိပေးခဲ့သေးသည်။ လက်ရှိအချိန်အထိ ခြောက်နိုင်ငံ ဆွေးနွေးပွဲတွင် ပါဝင်သောနိုင်ငံများက ပြုံယမ်း၏သဘောထားအပေါ် များစွာ စိတ်ဝင်စားမှုရှိကြောင်း ထုတ်ဖော်ပြသခြင်းမရှိသေးပေ။ သို့အတွက်ကြောင့် နောက်ဆုံးတွင် မြောက်ကိုရီးယား အနေဖြင့် ယခင်ကပြုလုပ်ဖူးခဲ့သည့်အတိုင်း လူအများစိတ်ဝင်စားစေမည့် ထွင်လုံးများကို လုပ်ပြလာရတော့သည်။ ခြောက်နိုင်ငံ ဆွေးနွေးပွဲတွင် ပါဝင်သော နိုင်ငံများအားလုံး၏ ပြည့်ဝသောစိတ်ပါဝင်စားမှုဖြင့် ငြိမ်းချမ်းရေး ဆက်လက် ဖော်ဆောင်မှုမပြုမီ လျှို့ဝှက်ဖုံးကွယ်လှသည့် မြောက်ကိုရီးယား၏ ထင်သာမြင်သာရှိသော လုပ်ဆောင်ချက်များ ဦးစွာ မဖြစ်မနေ ပေါ်ထွက်လာရ မည်သာ ဖြစ်သည်။

မြောက်ကိုရီးယားနိုင်ငံအနေဖြင့် နိုင်ငံတကာအဏုမြူစွမ်းအင် အေဂျင်စီ(IAEA)နှင့် ပြန်လည်ပူးပေါင်းပြီး နိုင်ငံတွင်း ရှိနေသော နျူကလီးယား စက်ရုံ၊ အလုပ်ရုံများသို့ နိုင်ငံတကာစုံစမ်းစစ်ဆေးရေးအဖွဲ့ဝင်များ ဝင်ရောက်စစ်ဆေးခွင့်ပြုရန် နိုင်ငံတကာအသိုင်းအဝိုင်းကြီးတစ်ခုလုံးက တိုက်တွန်း ထားသည်မှာ လူတိုင်းအသိပင် ဖြစ်သည်။ သို့သော် ပြုံယမ်းအစိုးရက နျူကလီးယားလက်နက်များ၊ တာဝေးပစ်ဒုံးကျည်များ ထုတ်လုပ်မှု တရားဝင် ရပ်ဆိုင်းရေး အတွက် ကနဦးဆောင်ရွက်ချက်များ လုပ်ကိုင်လိုစိတ် အပြည့်ရှိနေကြောင်း လူသိရှင်ကြား ထုတ်ဖော်မှု မပြုသေးပေ။ သို့အတွက်ကြောင့် ကင်ဂျုံအီလ်၏ ယခုတစ်ကြိမ် သံတမန်ရေးကြိုးပမ်းချက်မှာ နိုင်ငံတကာအသိုင်းအဝိုင်း၏ အာရုံစိုက်လာနိုင်ခြင်းရှိ၊ မရှိ စမ်းသပ်မှု တစ်ခုပင် ဖြစ်ဖွယ်ရှိသည်။ ငတ်မွတ်ခေါင်းပါးမှုဒဏ် ခံနေရသော မြောက်ကိုရီးယားပြည်သူအများစု လူသားချင်းစာနာထောက်ထားသော အကူအညီများ ပိုမိုရရှိ လာနိုင်စေရေး အတွက် စမ်းသပ်ချက်တစ်ရပ်လည်းဖြစ်သည်။

မြောက်ကိုရီးယားဟူသော သွင်ပြင်လက္ခာတစ်ရပ်ကိုကြည့်လျှင် နျူကလီးယားလက်နက်အစီအစဉ်က အာရှဒေသ တစ်ခုလုံး ကဗြောင်းကပြန် ဖြစ်အောင် လုပ်ဆောင်နေသည်မှာ ထင်ရှားလှပါသည်။ ထိုထဲတွင် နျူကလီးယား ပူးပေါင်းဆောင်ရွက်ရေးအတွက် ပြုံယမ်းအစိုးရနှင့် မြန်မာအစိုးရတို့၏ ဆက်ဆံရေးလည်းပါဝင်နေသည်။ မြန်မာနှင့် မြောက်ကိုရီးယားတို့ ယခုကဲ့သို့ ကြောက်ခမန်းလိလိ အစီအစဉ်ကြီးတစ်ရပ်အတွက် ဆယ်စုနှစ်တစ်ခုတာမျှ ပူးပေါင်းဆောင်ရွက်ခဲ့ကြသည် ဟူသောအချက်မှာ ယခုဆိုလျှင်နိုင်ငံတကာအသိုင်းအဝိုင်းက များစွာ သံသယဝင်နေပြီ ဖြစ်သည်။ နျူကလီးယား လက်နက် အတွက် နှစ်နိုင်ငံ လျှို့ဝှက်စွာ အကောင်အထည်ဖော်လျက်ရှိသည် ဟူသော သတင်းပေးပို့ချက်များကိုလည်း အနောက်မီဒီယာ အတော် များများတွင်ဖော်ပြခဲ့ကြသည်။ အမှန်စင်စစ် ပြုံယမ်းနှင့် မြန်မာအစိုးရတို့၏ လျှို့ဝှက်သောဆက်ဆံရေးမှာ အမေရိကန်ပြည်ထောင်စုနှင့် မြောက်ကိုရီးယား အကြား အခြေတင်ဖြစ်နေသော ပြဿနာကြီးတစ်ခုဖြစ်သလို ပုံမှန်ဆက်ဆံရေးပြန်လည်ရရှိရေးကြိုးပမ်းချက်များအတွက်လည်း ဆူးငြှောင့်ခလုတ် တစ်ခုလိုဖြစ်နေသည်။

မြန်မာ-မြောက်ကိုရီးယား လတ်တလော ဆက်ဆံမှုများအပေါ် အမေရိကန်ပြည်ထောင်စုက လွန်စွာ စိုးရိမ်မကင်းဖြစ်နေသည်မှာ ဖုံးဖိထား၍ပင် မရပေ။ ဝါရှင်တန်အစိုးရကိုယ်တိုင်က မြန်မာအနေဖြင့် နျူကလီးယား အစီအစဉ်များအတွက် မြောက်ကိုရီးယားနှင့်ပူးပေါင်းဆောင်ရွက်မှုကို ရပ်ဆိုင်းရန် တိုက်တွန်းပြောဆိုထားပြီးဖြစ်သည်။ ထို့ပြင်ယင်းသို့ တိုက်တွန်းပြောဆိုမှုသည် သမ္မတဘားရက်အိုဘားမားအစိုးရ၏ ကမ္ဘာလုံးဆိုင်ရာ နျူကလီးယား ကင်းမဲ့ဇုန် ဖြစ်ပေါ်ရေး ဟူသည့် မူဝါဒတစ်စိတ်တစ်ပိုင်းလည်းဖြစ်နေသည်။ သို့အတွက်ကြောင့် ဝါရှင်တန်အစိုးရက လူ့အခွင့်အရေး၊ နိုင်ငံရေး အကျဉ်းသား အစရှိသည်တို့နှင့် ဆက်နွှယ်သော အခြားအရေးကြီးသည့် နိုင်ငံရေး အရေးကိစ္စတို့နှင့်အတူ အာရှဒေသတွင်း နျူကလီးယားမပြန့်ပွားရေး အရေးကိစ္စများအပေါ်ဆက်လက် ဖိုးကပ်စ်(Focus) လုပ်နေခြင်းဖြစ်သည်။ တစ်ချိန်းတည်းတွင် ထပ်မံစိတ်ဝင်စားစရာဖြစ်လာရသည့်ကိစ္စမှာ အာဆီယံ အဖွဲ့၏ မြန်မာနိုင်ငံအပေါ် သဘောထားပင်ဖြစ်သည်။ မြန်မာနှင့် မြောက်ကိုရီးယားဆက်ဆံမှုများ နှင့် သံသယ ဖြစ်နေရသော နျူကလီးယား ပူးပေါင်း ဆောင်ရွက်မှုများအပေါ် အာဆီယံကအရေးတယူပြုခြင်းမရှိသေးသည်ကို တွေ့ရသည်။

ဂျပန်နိုင်ငံတွင် ဆူနာမီနှင့် မြေငလျင်လှုပ်ခတ်မှုကြီးကြောင့် ကြောက်ခမန်းလိလိ နျူကလီးယား အကျပ် အတည်းကြီး ဖြစ်ပေါ်လာပြီးနောက် အာဆီယံအဖွဲ့ဝင်များက အနာဂတ်ကာလ နျူကလီးယားစွမ်းအင် ငြိမ်းချမ်းစွာ အသုံးပြုရေးနှင့် နျူကလီးယားလုံခြုံမှုရှိရေးအစရှိသည်တို့အပေါ် ပြင်းပြင်းထန်ထန် ဆွေးနွေးပြောဆိုလာကြသည်။ သို့သော် ယင်းသို့သော ဆွေးနွေးမှုများတွင် ပါဝင်ပူးပေါင်းလိုသည်ဟူသော သဘောထားမျိုး မြန်မာ နိုင်ငံက ထုတ်ဖော်ပြသမှု မပြုသေးပေ။

ထိုင်းနိုင်ငံကတော့ အာဆီယံအဖွဲ့ဝင်များအနေဖြင့် ငြိမ်းချမ်းရေးဦးတည်သော နျူကလီးယားစွမ်းအင် အသုံးပြုမှုနှင့် ပတ်သက်သည့် သတင်း အချက်အလက်များ အပြန်အလှန်ဝေငှကြရန် တိုက်တွန်းပြောဆိုထားသည်။ အဖွဲ့ဝင် အချင်းချင်းအပြန်အလှန် ယုံကြည်စိတ်ချမှုတိုးမြှင့်နိုင်ရေးနှင့် စစ်ဘက်အသုံးပြုရန်မဟုတ်သည့် နျူကလီးယားမူဝါဒတစ်ရပ် ဖြစ်ပေါ်လာရေးအတွက် တူညီသည့် အိုင်ဒီယာများရှိလာစေရန် ရည်ရွယ်ကာ ထိုင်းနိုင်ငံက တိုက်တွန်းခြင်း ဖြစ်သည်။

ဤဆိုပါက ဂဏာမငြိမ်သော နိုင်ငံရေးစနစ်များကျင့်သုံးနေသည့် မြောက်ကိုရီးယားနိုင်ငံအနေဖြင့် နိုင်ငံတကာ အသိုင်းအဝိုင်းနှင့်ပူးပေါင်းကာ ဒုက္ခ ပေါင်းစုံတွေ့ကြုံနေရပြီး အငတ်ဘေးပင်ဆိုက်ရောက်ခါနီးနေသည့် ပြည်သူများကို ကယ်တင်ရန် အခွင့်လမ်းကောင်းများယခုထိရှိနေပါသေးသည်။ မြောက်ကိုရီးယားနိုင်ငံတော် ပြိုလဲမည့်အရေးကိစ္စကို မည်သူတစ်ဦးတစ်ယောက်မှ လိုလားကြမည်မဟုတ်ပေ။ အကြောင်းမှာ မြောက်ကိုရီးယားသာ ပြိုလဲပါက အိမ်နီးချင်း တရုတ်၊ ဂျပန်နှင့်တောင်ကိုရီးယားတို့ကို ဆိုးဆိုးရွားရွားထိခိုက်မည်ဖြစ်၍ပင်။

မှန်ပါသည်။ မြောက်ကိုရီးယား၌ အာရပ်ကမ္ဘာကတော်လှန်ရေးမျိုးဖြစ်လာဟုလည်း မည်သူကမျှ မမျှော်လင့်ကြပါ။ သို့သော် လက်ရှိ မြောက်ကိုရီးယား ပြည်သူများကြုံတွေ့နေရသည့် အခက်အခဲနှင့် အကျပ်အတည်း များက နောက်ဆုံးတွင် ကွန်မြူနစ်အစိုးရကို ဖြိုလှဲပစ်နိုင်သည် ဟူသော အချက်ကိုတော့ သတိပြုရမည်ဖြစ်သည်။ ယင်းသို့ အဖြစ်မျိုးနှင့် မကြုံတွေ့နိုင်ရန် ကင်ဂျုံအီလ်အနေဖြင့် တိုင်းပြည်၏စနစ်တစ်ခုလုံးကို ပြုပြင် ပြောင်းလဲရန်သာ ရှိသည်။ ဒုတိယကမ္ဘာစစ် ပြီးဆုံးချိန်ကတည်းက 'ကင်' မိသားစုမျိုးရိုးစဉ်ဆက် အုပ်ချုပ်လာခဲ့သော မြောက်ကိုရီးယား ကောင်းစားရေး အတွက် စတင်လုပ်ဆောင်ရမည့်နည်းလမ်းမှာ လွန်စွာရိုးရှင်းပါသည်။ ချစ်စွာသောခေါင်းဆောင်ကြီး ကင်ဂျုံအီလ်အနေဖြင့် ကြိုးကိုင်ခြယ်လှယ်မှုများ ပါသော လှည့်ဖြားလိမ်လည်မှုလမ်းစဉ်များကျင့်သုံးနေခြင်းကို ရပ်ဆိုင်းပြီး စစ်မှန်သော အရေးကိစ္စများကို ပြောဆိုရန်သာ ဖြစ်သည်။

****************************************************************************************************************************************


Google Docs makes it easy to create, store and share online documents, spreadsheets and presentations.
Logo for Google Docs