Transparency Myanmar

transparency.myanmar@gmail.com

yangonchronicle2011 Op-Ed
yangonchronicle2011 Op-Ed

၂၉.၁၂.၂၀၁၁

ဆောင်းပါးကဏ္ဍ

  1. နိုင်ငံဖွံ့ဖြိုးရေးအတွက် ထားရှိရမည့် စိတ်အခံ

********************************

ဆောင်းပါးကဏ္ဍ

နိုင်ငံဖွံ့ဖြိုးရေးအတွက် ထားရှိရမည့် စိတ်အခံ

ဒီမိုကရေစီအစိုးရသစ်မှ ဆင်းရဲမွဲတေမှု လျော့ချမည်ဟု ဆုံးဖြတ်ထားသည်နှင့်အညီ လက်တွေ့အကောင်အထည်ဖော် ဆောင်ရွက်မှုများကို    ယခုအချိန်တွင် မျက်ဝါးထင်ထင် မြင်တွေ့နေရပြီဖြစ်သော်လည်း မည်မျှအထိပေါက်ရောက် အောင်မြင်ဆိုခြင်းကိုမူ ဆက်လက် စောင့်ကြည့်ရဦးမည် ဖြစ်လေသည်။ ပြည်နယ်နှင့် တိုင်းဒေသကြီးအသီးသီးတွင် သက်ဆိုင်ရာ ပြည်နယ်နှင့် တိုင်းဒေသကြီးအစိုးရများက စိုက်ပျိုးရေးအတွက် လိုအပ်သည့် အရင်းအနှီးများကို ထုပ်ချေး လျက်ရှိနေကြောင်း တွေ့မြင်ရလေသည်။ မြန်မာနိုင်ငံ၏ လူဦးရေ ၇၅ရာခိုင်နှုန်း ပတ်ဝန်းကျင်နီးပါးလောက်မှာ တောင်ယာစိုက်ပျိုးရေးလုပ်ငန်းကို လုပ်ကိုင် ကြသည့်အတွက် နိုင်ငံ၏ကုန်ထုတ်လုပ်မှုမှာ စိုက်ပျိုးရေးဟုဆိုလျှင် မှားမည်မဟုတ်ပါ။ ထိုအတွက်ကြောင့် အစိုးရ၏ စိုက်ပျိုးရေးချေးငွေများသည် လယ်သမား တို့၏ ထွက်နှုန်းတိုးရေးအတွက် လိုအပ်သည့် အရင်းအနှီးကို ဖြည့်တင်းပေးသည့်အတွက် အလွန်ပင်ကောင်းပါသည်။ သို့သော် ယင်းတစ်ခုတည်းဖြင့် စိုက်ပျိုးရေး လုပ်ငန်းစုကြီးတစ်ခုလုံး တိုးတက်သွားနိုင်မည်တော့ မဟုတ်ပါ။

ယခုအခါတွင် မြန်မာနိုင်ငံ၌ လယ်ယာစိုက်ပျိုးရေးလုပ်ငန်း လုပ်ကိုင်သော တောင်သူများသည် အထွက်နှုန်းတိုးရေးထက် နှစ်လုံး၊ သုံးလုံး အစရှိသည့် ချဲထီလောင်းကစားကို တွင်တွင်ကျယ်ကျယ် လုပ်ဆောင်လျက်ရှိလေသည်။ အစိုးရအနေဖြင့် လယ်ယာစိုက်ပျိုးရေးဈေးကွက်ကို မက်လုံးကောင်းကောင်း မပေးနိုင်၍ ဤသို့သော ဖြတ်လမ်းနည်း ချမ်းသာမှုမျိုးကို ဆောင်ရွက်လာကြခြင်း ဖြစ်လေသည်။ မက်လုံးကောင်းကောင်း ပေးနိုင်စေဦးတော့ လယ်ယာ အထွက်နှုန်းတိုးအောင် အဓိကဆောင်ရွက်သူမှာ လယ်သမားများပင်ဖြစ်လေသည်။ ထိုအတွက်ကြောင့် လယ်သမားများမှာ အမှန်ကြီးပွားတိုးတက်လိုသော စိတ်ဖြင့်လုပ်ဆောင်ရန်မှာ အထူးအရေးကြီးပါသည်။ စိတ်ပညာ ဘာသာရပ်တွင် စွမ်းဆောင်အောင်မြင်လိုစိတ်ကို (Need Achievement) "လူတစ်ဦး၏ စိတ်တွင် အချိန်ကာလအတော်ကြာအောင် ခိုင်ခိုင်မြဲမြဲဖွဲ့စည်းမိနေသော လိုအပ်ချက်ပင်ဖြစ်သည်။ ယင်းလိုအပ်ချက်သည် ထိုသူ၏ စိတ်လက္ခဏာတွင် ကာလအတော်ကြာ အောင် အသားတကျ ရှိနေရာ သူ၏ ကိုယ်ရည်ကိုယ်သွေးဆိုင်ရာ အခြင်းအရာတစ်ခုကဲ့သို့ မှတ်ယူရပေမည်" ဟုဖော်ပြထားလေသည်။

သို့သော် လူတို့၏ စွမ်းဆောင်အောင်မြင်လိုစိတ်မှာ သူ့အလိုလိုပေါ်ထွန်းလာသည့် အရာတော့မဟုတ်။ ပတ်ဝန်းကျင် အနေအထား၊ ပြုစုပျိုးထောင်မှု၊ နိုင်ငံရေးစီးပွားရေးတွင် ပိုမို၍လွတ်လပ်စွာ လုပ်ကိုင်ခွင့်ရလာသည်ဟု ထင်မြင်ယူဆလာသောကြောင့် ဖြစ်လေသည်။လွန်ခဲ့သော နှစ်တရာခန့်က ကိုရီးယား လူမျိုးများဆိုလျှင် အလုပ်လုပ်လိုစိတ် အလွန်နည်းပါးပြီး လူမှုစီးပွားရေးဘဝမှာလည်း အိမ်နီးချင်း ဂျပန်နှင့်စာလျှင် အတော်ကြီးနိမ့်ပါးသော နိုင်ငံတစ်နိုင်ငံ ဖြစ်လေ သည်။ သို့သော် ဒုတိယကမ္ဘာစစ်ကြီးနောက်ပိုင်းတွင် တောင်ကိုရီးယားနိုင်ငံမှစ၍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကြိုးပမ်းလာလိုက်လေရာ အာရှတွင်သာမက ကမ္ဘာတွင် စီးပွားရေးဖွံ့ဖြိုးတိုးတက်သည့် နိုင်ငံများစာရင်းသို့ ဝင်သွားလေသည်။ တောင်ကိုရီးယားနိုင်ငံသည် နှစ်ပေါင်းသုံးလေးဆယ်အတွင်း လယ်ယာ စိုက်ပျိုးရေး အခြေခံသည့် စီးပွားရေးမှ စက်မှုနှင့် ဝန်ဆောင်မှုလုပ်ငန်းကို အခြေခံသည့် စီးပွားရေးအဖြစ်သို့ အချိန်တိုတိုအတွင်းကူးပြောင်းသွားနိုင်ခဲ့သေလည်။

တောင်ကိုရီးယားနိုင်ငံ၏ အဓိကဖွံ့ဖြိုးတိုးတက်မှုကြည့်လျှင် ပြည်တွင်းရှိ ပြည်သူနှင့် အစိုးရညီညွတ်မှုရော၊ နိုင်ငံတကာ (အထူးသဖြင့်) အမေရိကန်၏ ဖွံ့ဖြိုးရေးအကူအညီများကြောင့်လည်း ဖြစ်လေသည်။အစိုးရအနေဖြင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်ရန် ဦးစွာစတင်လုပ်ဆောင်ခဲ့သည့် အရာမှာကား မြေယာခွဲဝေမှု ဖြစ်လေသည်။ တောင်သူလယ်သမားများ ကိုယ်ပိုင်လယ်မြေများဖြင့် စိုက်ပျိုးစေခြင်းဖြင့် အထွက်နှုန်း တိုးတက်လာအောင် ဆောင်ရွက်ခဲ့လေသည်။ ထို့အပြင် လယ်ယာအထွက်နှုန်းတိုးရေးအတွက် လိုအပ်သည့်သွင်းအားစုများကိုလည်း ထောက်ပံ့ကူညီပေးသဖြင့် (တနည်းအားဖြင့် Institutionများ အခိုင်အမာ တည်ဆောက်လာနိုင်သည့်အတွက်) လယ်သမားများမှာအလုပ်လုပ်လျှင် ကြီးပွားလာနိုင်သည်ဟူသောအတွေးများ လွှမ်းမိုးလာခဲ့ခြင်း ဖြစ်လေသည်။ မြေယာ ခွဲဝေရေးတွင် သမရိုးကျ မြေယာခွဲဝေရေးနှင့် ဈေးကွက်အခြေခံ မြေယာခွဲဝေရေးဟူ၍ ရှိလေရာ တောင်ကိုရီးယား ပြုလုပ်သွားသည့်မှာ သမရိုးကျ မြေယာ ခွဲဝေရေးပင် ဖြစ်လေသည်။ ထိုကြောင့် အစိုးရမှကြီးမှူးပြီး လယ်ယာအထွက်နှုန်း တိုးတက်ရေးအတွက် စနစ်တကျ အကောင်အထည် ဖော်ခဲ့လေသည်။

မြေဧကပေါင်းများစွာရှိသည့် မြေရှင်ကြီးများမှ မြေယာများကိုထိုက်သင့်သည့် တန်ရာတန်ဖိုးပေးကာ ဝယ်ယူခဲ့ပြီး အခြားသော လယ်လုပ်လိုသူများကို အရစ်ကျစနစ်ဖြင့် ပေးချေးစေခြင်းဖြင့် ရောင်းချခဲ့လေသည်။ မြေရှင်ကြီး များမှ အစိုးရကိုမရောင်းလိုမရ၊ မရောင်းလျှင် အစိုးရမှ အတင်းအကျပ်သိမ်းမည် ဖြစ်လေသည်။သို့သော် အစိုးရသည် မြေရှင်များအတွက် စက်မှုလုပ်ငန်း လုပ်ကိုင်နိုင်ရန် တစ်ဖက်ကလည်း စက်မှုထူထောင်ရေး အတိုင်းအတာအနည်းငယ်ဖြင့် လမ်းစဖွင့်ထားပြီးဖြစ်လေသည်။ မြေရှင်များလည်း အမြတ်အစွန်းရရှိမှု သေချာလာ၍သော်လည်းကောင်း၊ စက်မှုလုပ်ငန်း၌ ကျွမ်းကျင်မှုရှိလာ၍သော် လည်းကောင်း စက်မှုအခြေခံသည့် စီးပွားရေးလုပ်ငန်းကို လုပ်ကိုင်လာလေရာ စက်မှုလုပ်ငန်းရှင်များအဖြစ်သို့ တဖြည်ဖြည်းချင်းနင်း ဝင်ရောက်သွားခဲ့လေသည်။ မြန်မာနိုင်ငံတွင် မြေယာပြုပြင်ရေးယခုထိတိုင် မလုပ်နိုင်သေးပါ။ တနည်းပြောရလျှင် စည်းမျဉ်းစည်းကမ်း ဝေဝါးနေ၍သော်လည်းကောင်း၊ ရှိသော်ငြားလည်း အကျိုးသက်ရောက်မှု အားနည်းနေ၍သော်လည်းကောင်း လယ်သမားများမှာ ဘယ်အချိန်၌ အစိုးရမှ မိမိ၏ဘိုဘွားမြေများကို လာရောက်သိမ်းယူလေမလဲ လို့သာ ကြောင့်ကြစိုက်နေရခြင်းမှာ ခိုင်မာသော ပုဂ္ဂလိကပိုင်ဆိုင်ခွင့် မရှိသောကြောင့် ဖြစ်လေသည်။

တောင်ကိုရီးယားနိုင်ငံ စက်မှုဖွံ့ဖြိုးတိုးတက်သည့် နိုင်ငံတစ်ခုအဖြစ် ရောက်ရှိလာသည့် ဒုတိယအကြောင်းရင်းမှာ ကိုယ်ရှေ့မှ ဖွံ့ဖြိုးတိုးတက်သွားသည့် စက်မှုနိုင်ငံကြီးများ၏ ဖွံ့ဖြိုးရေးနည်းနာကို လက်မွေခံယူသုံးနိုင်သောကြောင့် ဖြစ်လေသည်။ စစ်အေးခတ်တစ်လျှောက်လုံးတွင် တောင်ကိုရီးယားနိုင်ငံမှာ အမေရိကန်၏ ကာကွယ်ရေးထီးရိပ်ကို ခိုရင်း အမေရိကန် အတတ်ပညာရှင်၊ အသိပညာရှင်များကို လာရောက်လုပ်ကိုင်စေခြင်းဖြင့် သူတို့ထံမှ စက်မှု၊ နည်းပညာ၊ စီမံခန့်ခွဲမှုများ အားလုံးကို အရယူနိုင်ခဲ့လေသည်။ မြန်မာနိုင်ငံမှာမူ နိုင်ငံရေးပြဿနာများကြောင့် စက်မှုဖွံ့ဖြိုးပြီးနိုင်ငံများ၏ အသိပညာ၊ အတက်ပညာများကို အရယူနိုင်ဖို့ ခက်ခဲမှုများ ရှိနေလေသည်။သို့သော် ယခုအခါတွင် EU မှ အချို့သောနိုင်ငံများက မြန်မာနိုင်ငံတွင် လာရောက်ရင်းနှီးမြုပ်နှံရန် စဉ်းစားမှုများ ရှိနေခြင်း ကြောင့် အလားအလာကောင်းများလည်း ရှိနေပြန်လေသည်။

မြန်မာနိုင်ငံမှာ ဆင်းရဲတွင်းမှထွက်နိုင်ရန်မှာ အစိုးရမှ အဓိကဆင်းရဲတွင်းနက်သည့် တောင်သူလယ်သမားများ၏ လူမှုစီးပွားရေးဘဝ မြင့်မားရေးအတွက် မူဝါဒကောင်းများချမှတ်ပေးဖို့ အထူးပင် လိုအပ်ပါသည်။ လယ်သမားများ၏ အလုပ်လုပ်လိုစိတ်ကို မြင့်တင်ပေးနိုင်ရန်အတွက် လယ်ယာဈေးကွက်ကို မက်လုံး ကောင်းကောင်းပေးခြင်းသာမက လယ်ယာစိုက်ပျိုးရေးတွင် အထူးလိုအပ်သော သွင်းအားစုများကို (မြေသြဇာ၊ ပိုးသတ်ဆေး၊ မီးစက်၊ ထွန်စက်)ကို ရရှိနိုင်ရန် လည်း ဖန်တီးအကောင်အထည်ဖော်ဖို့ လိုအပ်ပါသည်။ လယ်သမားများအနေဖြင့်လည်း ကြီးပွားတိုးတက်လိုသည့် စိတ်ရှိမှသာ လူမှုစီးပွားရေးဘဝ သာယာလာမှာ ဖြစ်ပြီး နိုင်ငံအတွက် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကို ဆောင်ကြဉ်းပေးနိုင်မည် ဖြစ်ပါကြောင်း...........။

***************************************************************************************

 


Google Docs makes it easy to create, store and share online documents, spreadsheets and presentations.
Logo for Google Docs

yangonchronicle2011
yangonchronicle2011

၂၉.၁၂.၂၀၁၁

ပြည်တွင်းသတင်းများ

  1. ရန်ကုန်တိုင်းဒေသကြီးအတွင်း မီးလောင်ပေါက်ကွဲမှုကြီးဖြစ်ပွား
  2. မင်္ဂလာအုပ်စုကြောင့် ရုပ်ရှင်လောက ပြိုလဲလာဟု သရုပ်ဆောင်များ၊ ဒါရိုက်တာများ စွပ်စွဲ
  3. ရေအားလျှပ်စစ်စီမံကိန်း ဆောင်ရွက်ခြင်းမရှိသည့် ထိုင်းကုမ္ပဏီတစ်ခု တရားစွဲခံရ

ပြည်တွင်းပါတီ၊ နိုင်ငံရေးသတင်းများ

  1. အမျိုးသားရေး ပူးပေါင်းဆောင်ရွက်မှုအတွက် တစညနှင့် ပြည်ခိုင်ဖြိုး ပါတီတွေ့ဆုံ
  2. မြန်မာ-အင်ဒို ပူးပေါင်းဆောင်ရွက်ရေး ဒုတိယအကြိမ်မြောက် စည်းဝေးပွဲပြုလုပ်

သတင်းနှင့် ဆောင်းပါးများမှ ကောက်နှုတ်ချက်များ

              ******************************************

ပြည်တွင်းသတင်းများ

ရန်ကုန်တိုင်းဒေသကြီးအတွင်း မီးလောင်ပေါက်ကွဲမှုကြီးဖြစ်ပွား

၂၀၁၁ ခုနှစ် ဒီဇင်ဘာလ ၂၉ ရက်နေ့ နံနက် ၁ နာရီ ၃၀ မိနစ်ဝန်းကျင်ခန့်တွင် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ  မင်္ဂလာတောင်ညွှန့်မြို့နယ်၊ ကူးတို့ဆိပ် ရပ်ကွက်တွင် မီးလောင်ပေါက်ကွဲမှုကြီးဖြစ်ပွားခဲ့ကြောင်း သိရသည်။

မင်္ဂလာတောင်ညွှန့်မြို့နယ်အတွင်း မီးလောင်ပေါက်ကွဲမှုကြီးဖြစ်ပွားရခြင်း၏ အဓိကအကြောင်း အရင်းများကိုမူ အသေးစိတ် သိရှိရခြင်းမရှိသော်လည်း အဆိုပါ မီးလောင်ပေါက်ကွဲမှုကြီးကြောင့် အနီးအနားဝန်းကျင်ရှိ နေထိုင်သူများ၊ အိမ်များ၊ ဂိုဒေါင်များ၊ ပျက်စီးဆုံးရှုံးမှု များပြားခဲ့ရကြောင်း သိရသည်။

၎င်း မီးလောင်ပေါက်ကွဲမှုကြီး၌ ထိခိုက်ဒဏ်ရာရရှိခဲ့သူများအား ရန်ကုန်ပြည်သူ့ဆေးရုံကြီးသို့ နီးစပ်ရာ ကားများဖြင့် ပို့ဆောင်ပေးထားပြီး နံနက် ၃ နာရီ ၄၅ မိနစ်အချိန်ထိတိုင် ကုန်ပစ္စည်းသိုလှောင်ရုံများ၌ မီးလောင်ကျွမ်းနေဆဲ ဖြစ်ကြောင်း သိရသည်။

“မနက်မိုးလင်းလို့ မီးတောက်မရှိတော့ပေမယ့် ကျန်တဲ့ မီးကြွင်းမီးကျန်တွေကို မီးသတ်သမားတွေ ငြိမ်းနေတုန်းပဲ။  မီးလောင်တဲ့နေရာရဲ့ အနီးအနား ရပ်ကွက်က လူထုက မနက်ပိုင်းမှာ မီးလောင်ခံစားခဲ့ရတဲ့သူတွေကို ကူညီဖို့အတွက် ကြိုးစားနေပါတယ်” ပာု မျက်မြင်တွေ့ရှိသူ တစ်ဦးက ပြောကြားခဲ့သည်။

YC

-----------------------------------------------------------------------------------------------------------------------------------

မင်္ဂလာ အုပ်စုကြောင့် ရုပ်ရှင်လောက ပြိုလဲလာဟု သရုပ်ဆောင်များ၊ ဒါရိုက်တာများ စွပ်စွဲ

ပြန်ကြားရေးဝန်ကြီး ဦးကျော်ဆန်းနှင့် အထူးနီးစပ်သူ ဦးဇော်မင်း ဥက္ကဋ္ဌအဖြစ် တာဝန်ယူထားသည့် မင်္ဂလာအုပ်စု၏ ချက်လှယ်နေမှုကြောင့် မြန်မာ့ ရုပ်ရှင်လောက ပြိုလဲလာခြင်းဟု ရုပ်ရှင်ဒါရိုက်တာတစ်ဦးက ပြောကြားသည်။

မြန်မာနိင်ငံတွင် ၂၀၁၂ ခုနှစ်ခုနှစ်တွင် ရိုက်ကူးပြီးစီးသော ဇတ်ကာကို လက်ရှိရုံတင်စနစ်အရ ၂၀၁၄ ခုနှစ်( ၂နှစ် နီးပါးကြာမှ) မှ ရုံတင်ခွင့်ရကြောင်း ရုပ်ရှင်ရုံများကို နှစ်ရှည်ငှားရမ်းလုပ်ကိုင်နေသော မင်္ဂလာအုပ်စုအနေဖြင့်  ဆင်ဆာခွင့်ပြုချက်ရ ကားတစ်ကားကို ပြသချိန်သုံးပတ်နှုန်း သတ်မှတ်ထားကြောင်း အထက်ပါ ဒါရိုက်တာက ဆိုသည်။

မင်္ဂလာအုပ်စုပိုင် သမ္မတရုပ်ရှင်ရုံ တစ်ပွဲရုံပြည့် (၁၀၆၄၁၀၀)၁၀သိန်းရပြီး တစ်နေ့ ငါးပွဲပြသလျှင် တစ်ပတ်ကို သိန်း (၃၇၂)ကျော် ဝင်ငွေရှိကြောင်း တပတ် ဝင်ငွေ ၆၀% သိန်း(၂၂၀) ကျော်ဝင်သည့် ကားကို သုံးပတ်ပြသခွင့်ပြုပြီး ၈၀% ကျော်သိန်း(၂၉၇)သိန်း ရသည့်ကားကို ၄ပတ် ပြသခွင့်ပြုကာ အကယ်ဒမီ ဆုရကားကို ၀င်ငွေ ၆၀% မကျော်လျှင် ၂ပတ်သာ ပြခွင့်ရှိကြောင်း လူငယ်ထုတ်လုပ်သူတစ်ဦးက ပြောကြားသည်။

ထုတ်လုပ်သူများအနေဖြင့် မင်္ဂလာအုပ်စုမှ သတ်မှတ်ထားသော ငွေဝင်စံချိန်မှီအောင် ရုပ်ရှင်လက်မှတ်မျာ ပြန်ဝယ်ကာ  မေတ္တာ လက်မှတ် ပေးဝေရ သဖြင့်  အမြတ်မရတော့ကြောင်း အထူးသဖြင့် သမ္မတရုံ ရှေ့ဆုံတန်း ၆၀၀ တန်း ၅ တန်းမှာ မော့ကြည့်ရသဖြင့် လူမဝင်သည်ကို ထုတ်လုပ်သူမှ ဝယ်ဖြည့်ရ သည်ဟု ၎င်းဆိုသည်။

၂နှစ်နီးပါကြာမှ ရုံတင်သည့် ပြဿနာကို ဖြေရှင်းလိုလျှင် နေပြည်တော်နှင့် ရှေ့ဆောင်များတွင် မြန်မာကားများ ပြသခြင်းဖြင့် ဖြေရှင်းနိုင်ကြောင်း နှစ်ရှည် ငှားရမ်းထားသော ရုံများအနေဖြင့် မြန်မာကားများကို ဦးစားပေးပြသရန် လိုအပ်ပြီး မြန်မာကားမရှိမှသာ နိုင်ငံခြားကား ရုံတင်မည်ဆိုလျှင် ရုပ်ရှင်လောက ပြန်လည် ခေါင်းမော့လာမည်ဟု ရုပ်ရှင်လောကသားများက ဆိုသည်။

ရုပ်ရှင်ထုတ်လုပ်သူများအနေဖြင့် ဇတ်ကားတစ်ကားပြသနိင်ရန် သိန်းထောင်းချီ ရင်းနှီးထားရချိန်တွင် မင်္ဂလာအုပ်စုအနေဖြင့် ရုပ်ရှင်ရုံတစ်ရုံ တစ်လ ရှစ်သိန်းဖြင့်  အစိုးထံမှ ငှားရမ်းလုပ်ကိုင်ခွင့်ရရှိနေသည်ဟု  မြန်မာ့ရုပ်ရှင်လုပ်ငန်းမှ သိရှိရသည်။

မင်္ဂလာ ကုမ္ပဏီမှနှစ်ရှည် ငှားရမ်းထားသော ရုပ်ရှင်ရုံများမှာ ရန်ကုန်တွင် သမ္မတ၊ သွင်၊ နေပြည်တော်၊ ရှေ့ဆောင်ရုံတို့ဖြစ်ပြီး မန္တလေးတွင် ဝင်းလိုက်၊ မြို့မရုပ်ရှင်ရုံဖြစ်ကာ မင်္ဂလာရုပ်ရှင်ရုံမှာ ကုမ္ပဏီပိုင်ဖြစ်ကာ အားလုံးရုံကောင်းများကို လက်ဝါးကြီးအုပ်ထားသည်။

MP

-----------------------------------------------------------------------------------------------------------------------------------

ရေအားလျှပ်စစ်စီမံကိန်း ဆောင်ရွက်ခြင်းမရှိသည့် ထိုင်းကုမ္ပဏီတစ်ခု တရားစွဲခံရ

မြန်မာ-ထိုင်း ဆက်သွယ်မည့် လျှပ်စစ်ဓာတ်အားလိုင်း စီမံကိန်းဖြစ်သည့် တာဆန်း ရေအားလျှပ်စစ်စီမံကိန်းကို အကောင်အထည်ဖော်     ဆောင်ရွက်နိုင်ခြင်း မရှိခဲ့သည့် ထိုင်းနိုင်ငံရှိ MDX ကုမ္ပဏီတစ်ခုအား တရားစွဲဆိုထားကြောင်း အမှတ် (၁) လျှပ်စစ်စွမ်းအား ဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။

တာဆန်းရေအားလျှပ်စစ်စီမံကိန်းသည် မြန်မာနိုင်ငံမှ တာဆန်းရေကာတာနှင့် ထိုင်းနိုင်ငံ မဲခေါင်လျှပ်စစ်လိုင်းကို ဆက်သွယ်မည့် လျှပ်စစ်စီမံကိန်း တစ်ခုဖြစ်ပြီး ၎င်း လျှပ်စစ်စီမံကိန်း ဆောင်ရွက်ရန် မြန်မာနိုင်ငံနှင့် ထိုင်းနိုင်ငံရှိ MDX ကုမ္ပဏီတို့ အကျိုးတူပူးပေါင်းဆောင်ရွက်မှု သဘောတူစာချုပ်ကို ချုပ်ဆို ထားကြောင်း သိရသည်။

ထိုသို့ သဘောတူစာချုပ် ချုပ်ဆိုထားသော်လည်း ထိုင်းနိုင်ငံရှိ MDX ကုမ္ပဏီသည် ၎င်း တာဆန်းရေအားလျှပ်စစ်စီမံကိန်းကို အကောင်အထည်ဖော် ဆောင်ရွက်ခြင်းမရှိသည့်အတွက် မြန်မာဘက်မှ တရားစွဲဆိုခဲ့ခြင်းဖြစ်ကြောင်း ၎င်းကဆက်လက်ပြောကြားခဲ့သည်။

ထို့ပြင် တာဆန်းရေအားလျှပ်စစ် စီမံကိန်းထက် ပိုမိုကောင်းမွန်နိုင်မည့် အထက်သံလွင်(မိုင်းတုံ) ရေအားလျှပ်စစ် စီမံကိန်းကို ပြည်ပနိုင်ငံနှစ်ခုဖြစ်သော တရုတ်နှင့် ထိုင်းနိုင်ငံမှ ကုမ္ပဏီ နှစ်ခု၊ ပြည်တွင်းတိုင်းရင်းသားကုမ္ပဏီနှင့် သက်ဆိုင်ရာဌာနတို့မှ အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

Ref: Hot News

                                 ************************************

ပြည်တွင်းပါတီ၊ နိုင်ငံရေးသတင်းများ

အမျိုးသားရေး ပူးပေါင်းဆောင်ရွက်မှုအတွက် တစညနှင့် ပြည်ခိုင်ဖြိုး ပါတီတွေ့ဆုံ

အမျိုးသားရေး ပူးပေါင်းဆောင်ရွက်နိုင်ရေးအတွက် ရည်ရွယ်၍ ၂၀၁၀ ရွေးကောက်ပွဲဝင်ပါတီများဖြစ်သည့် တိုင်းရင်းသား စည်းလုံးညီညွှတ်ရေးပါတီနှင့် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီတို့သည် ၂၀၁၁ ခုနှစ် ဒီဇင်ဘာလ ၂၂ ရက်နေ့တွင် တိုင်းရင်းသားစည်းလုံးညီညွှတ်ရေး ပါတီဌာနချုပ်၌ တွေ့ဆုံခဲ့ ကြောင်း သိရသည်။

တစည်ပါတီနှင့် ပြည်ခိုင်ဖြိုးပါတီတို့၏ ယခုတွေ့ဆုံဆွေးနွေးမှုသည် အမျိုးသားအရေးတွင် ပူးပေါင်းဆောင်ရွက်မှုများ ပြုလုပ်သွားနိုင်ရန် တွေ့ဆုံခဲ့ခြင်း ဖြစ်ပြီး အလုပ်သဘောအရ ဆွေးနွေးသွားရန် တွေ့ဆုံခဲ့ခြင်းမပာုတ်ကြောင်း တိုင်းရင်းသား စည်းလုံးညီညွှတ်ရေးပါတီမှ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။

"ပူးပေါင်းလုပ်ငန်းစဉ်ဆိုတဲ့ ခေါင်းစည်းတစ်ခုရှိတယ်။ အဲဒီခေါင်းစဉ်အရရော၊ နောက်တစ်ခုက ကိုယ်ငယ်ငယ်တုန်းက ဗိုလ်ချုပ်ကြီးထွန်းရီပာာ ကိုယ် တွေရဲ့ အကြီးအကဲဖြစ်ခဲ့တယ်။ ကိုယ့်တပ်မတော်ရဲ့ အကြီးအကဲပောာင်းကို သွားပြီး ဂါဝရပြုတာလည်း ပါတယ်။ ပြီးတော့ တို့ရဲ့ ၂၀၁၁ ခုနှစ်၊ ဖေဖော်ဝါရီ (၁၇) ရက်မှာ ထုတ်ထားတဲ့ ရွေးကောက်ပွဲ ကြေငြာချက်စာတမ်းပါ လုပ်ငန်းတွေထဲမှာ ပူးပေါင်းဆောင်ရွက်ရေး လုပ်ငန်းစဉ်ဆိုတာ တစ်ခုပါတယ်။ အဲဒီလုပ်ငန်းစဉ်မှာ ဖော်ပြထားတာက တရားဝင်ပါတီ အဖွဲ့အစည်း အင်အားစုအားလုံးကို အေးချမ်းသာယာပြီး ဖွံ့ဖြိုးတိုးတက်တဲ့ ဒီမိုကရေစီနိုင်ငံတော် တည်ဆောက်ရာမှာ လုပ်ဖော်ကိုင်ဖက်များအဖြစ် သဘောထားပြီး ဆက်ဆံသွားမယ်ဆိုတဲ့အချက်အရ တိုင်းရင်းသား စည်းလုံးညီညွှတ်ရေးပါတီနှင့် တွေ့ဆုံခဲ့တာပါ" ပာု ပြည်ခိုင်ဖြိုး ပါတီ၏ ဗပိာုအလုပ်အမှုဆောင်၊ ရန်ကုန် တိုင်းဒေသကြီးတာဝန်ခံနိုင်ငံရေးမှူးကြီး ဦးအောင်သိန်းလင်းက ပြောကြားခဲ့သည်။

ထို့ပြင် တစညပါတီနှင့် ပြည်ခိုင်ဖြိုးပါတီတို့ ယခုတစ်ကြိမ်တွေ့ဆုံမှုသည် လုပ်ဖော်ကိုင်ဖက်၊ ရဲဘော်ရဲဘက်များအဖြစ် သဘောထား ဆက်ဆံရန် မိတ်ဆက်ခြင်းဖြစ်ကြောင်း တစညပါတီနှင့် ပြည်ခိုင်ဖြိုးပါတီတို့ အမျိုးသားအကျိုးရှိနိုင်မည့် နေရာများတွင် ပူးပေါင်း၍ လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ၎င်းက ဆက်လက် ပြောကြားခဲ့သည်။

တစညပါတီနှင့် ပြည်ခိုင်ဖြိုးပါတီတို့ ယခုတွေ့ဆုံမှုသည် ဦးအောင်သိန်းလင်းမှ ယခင်တပ်မတော်အကြီးအကဲများကို ဂါဝရပြုချင်သည်ပာု ခွင့်တောင်း လာသည့်အတွက် တွေ့ဆုံခြင်းဖြစ်ပြီး အလုပ်သဘောအရ တွေ့ဆုံခြင်းမပာုတ်ကြောင်း၊ ယနေ့ခေတ်သည် ပါတီစုံဒီမိုကရေစီခေတ် ဖြစ်သည့်အတွက် ပါတီတိုင်း သီးခြားရပ်တည်၍ မရတော့သည့်အတွက် တစညပါတီအနေဖြင့် ပြည်ခိုင်ဖြိုးပါတီနှင့်သာမက အခြားပါတီများနှင့်လည်း တမျိုးသားလုံးအရေးအတွက် ပူးပေါင်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း တိုင်းရင်းသားစည်းလုံးညီညွှတ်ရေးပါတီမှ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။

                Ref: Hot News

-----------------------------------------------------------------------------------------------------------------------------------

မြန်မာ-အင်ဒို ပူးပေါင်းဆောင်ရွက်ရေး ဒုတိယအကြိမ်မြောက် စည်းဝေးပွဲပြုလုပ်

၂၀၁၁ ခုနှစ် ဒီဇင်ဘာလ ၂၈ ရက်နေ့တွင် မြန်မာ-အင်ဒို နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မှု ကော်မရှင်၏ ဒုတိယအကြိမ်မြောက် အစည်းအဝေးကို ရန်ကုန်မြို့ရှိ ဆီဒိုးနားပိာုတယ်၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

၎င်း အစည်းအဝေးအခမ်းအနား၌ အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီး ဒေါက်တာမာတီနာတာလီဂါဝါ တက်ရောက်ခဲ့ပြီး မြန်မာလူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် နေ့လည်ပိုင်းတွင် တွေ့ဆုံကာ ညနေပိုင်းအချိန်တွင် ဆီဒိုးနားပာိုတယ်၌ သတင်းစာရှင်းလင်းပွဲတစ်ရပ်ပြုလုပ်ခဲ့ကြောင်း သိရသည်။

အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီး ဒေါက်တာမာတီနာတာလီဂါဝါသည် မြန်မာနိုင်ငံသို့ အောက်တိုဘာလအတွင်း၌ မြန်မာအာဆီယံဥက္ကဋ္ဌ တာဝန်ယူရေး ကိစ္စရပ်နှင့် ပတ်သက်၍ တစ်ကြိမ်လာရောက်ခဲ့ဘူးပြီး ယခုတစ်ကြိမ် လာရောက်မှုသည် မြန်မာ-အင်ဒို နှစ်နိုင်ငံပူးတွဲဆောင်ရွက်မှု ပူးတွဲကော်မရှင်၏ ဒုတိယ အကြိမ်မြောက်အစည်းအဝေးအတွက် လာရောက်ခြင်းဖြစ်ကြောင်း အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီး ဒေါက်တာမာတီနာတာလီဂါဝါ ကပြောကြားခဲ့သည်။

မြန်မာ-အင်ဒို နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မှု ကော်မရှင်၏ ပထမအကြိမ်မြောက်အစည်းအဝေးကို ပြီးခဲ့သည့် ၂၀၀၇ ခုနှစ်တွင် ပြုလုပ်ခဲ့ပြီး ယခု ကျင်းပ ခဲ့သည့် ဒုတိယအကြိမ်မြောက်အစည်းအဝေးတွင် နှစ်နိုင်ငံဆက်ဆံရေးကို ပြန်လည်သုံးသပ်ရန်နှင့် တိုးမြှင့်ဆောင်ရွက်နိုင်ရေး ကိစ္စရပ်များကို ညှိနှိုင်းဆွေးနွေး ခဲ့ကြကြောင်း သိရသည်။

ထို့ပြင်  မြန်မာ-အင်ဒို နှစ်နိုင်ငံကြား ကုန်သွယ်မှုများကို ၂၀၁၅ ခုနှစ်တွင် သန်း ၅၀၀ ပြည့်မီရေး ကိစ္စရပ်များကို ဆွေးနွေးမှုများပြုလုပ်ခဲ့ပြီး ၂၀၁၂ ခုနှစ် တွင် မြန်မာနိုင်ငံ၏ သစ်တော၊ လယ်ယာ၊ မွေးမြူရေး၊ သယ်ယူပို့ဆောင်ရေး၊ အိုင်စီတီနှင့် ဘဏ်လုပ်ငန်းဆိုင်ရာ ကဏ္ဍများတွင် အင်ဒိုနီးရှားနိုင်ငံမှ ကူညီ ထောက်ပံ့မှုများ ပြုလုပ်ပေးနိုင်ရန်နှင့် မြန်မာ-အင်ဒို နှစ်နိုင်ငံအကြား ခရီးသွားလာရေးကဏ္ဍကို မြှင့်တင်သည့်အနေဖြင့် ပုဂံနှင့် Borobudur ခရီးသွားလာရေး ပူးတွဲမြှင့်တင်သည့် ကိစ္စရပ်များကိုလည်း ဆွေးနွေးခဲ့ကြောင်း သိရသည်။

Ref: Bi Weekly Eleven

**********************************

သတင်းနှင့် ဆောင်းပါးများမှ ကောက်နှုတ်ချက်များ

မေး။ အစိုးရကစီးပွားရေးပြုပြင်ပြောင်းလဲမှုကိုဦးစားပေးအဖြစ် ရည်ရွယ်ထားပြီး ပြည်ပလုပ်ငန်းတွေကလည်း လာပြီးရင်းနှီးမြှုပ်နှံဖို့ ကြည့်နေကြပြီ။ ဒီနောက်ပိုင်းမှာ လူ့အဖွဲ့အစည်းရဲ့ ဖွံ့ဖြိုးတိုးတက်မှုကိုပုံစံအမျိုးမျိုးနဲ့ စဉ်းစားကြတာလည်းရှိတဲ့အတွက် ဆရာ့အနေနဲ့ နိုင်ငံမှာ ဘယ်လိုဖွံ့ဖြိုးတိုးတက်မှုမျိုး ရတာကို မြင်ချင်ပါ သလဲ။

ဖြေ။ နံပါတ်တစ် ဦးစားပေးကတော့ ဆင်းရဲနွမ်းပါးခြင်းလျော့ကျဖို့ ဖြစ်ရမှာပဲ။ အရေအတွက် သန်းဆယ်ချီတဲ့ သိပ်ဆင်းရဲနေသူတွေ မသေရုံတမယ်ပဲ ဖြစ်နေကြ တယ်။ ကျန်းမာရေးကိစ္စပေါ်ရင် ဆေးကုစရာ မရှိဘူး။ သားသမီးတွေဟာ များသောအားဖြင့် ကျောင်းကို တစ်နှစ်၊ နှစ်နှစ်ပဲ တက်ကြတယ်။ စားစရာုံလောက်တယ် ဆိုဦး ကလေးတွေအတ်ွကလိုအပ်တဲ့ အာဟာရပြည့် အစားအသောက်တွေ မဟုတ်ဘူးအကြွေးပိနေသူ သန်းချီရှိနေတယ်။ နောက်ထပ်လူသန်းပေါင်းများစွာလည်း နိုင်ငံကနေထွက်ပြီး ပြည်ပမှာ အလုပ်ရှာကြရတယ်။ တစ်ခေါက် သွားရင် နှစ်အတော်ကြာမိသားစုနဲ့ ဝေးနေရတယ်။

ကျွန်တော် ပထမဦးဆုံးမြင်ချင်တာကနိုင်ငံမှာဒီလူဆင်းရဲတွေအတွက် အထောက်အကူဖြစ်မယ်၊ နောက် ကျေးလက်ဆိုင်ရာ သက်မွေးလုပ်ငန်းနဲ့ အစား အသောက်ဖူလုံရေးအပိုင်းကိုတိုးတက်စေမယ့် လက်တွေ့နဲ့ကိုက်ပြီး အခြေခိုင်တဲ့ခြေလှမ်းတွေကိုပဲ။ ကုန်ဈေးနှုန်းကို ကြီးမလာစေဘဲ တစ်ချိန်တည်းမှာ မြို့ကြီး တွေမှာ အလုပ်အကိုင်တွေ  ကျွန်တော်တို့ ဖန်တီးဖို့လိုတယ်။ ဆိုလိုတာက ကျွန်တော်တို့ရဲ့ မက်ခရိုစီးပွားရေးမူဝါဒတွေ လမ်းမှန်ကျဖို့လို့ အဓိပ္ပယ်ရောက်တာပဲ။

ဒီဇင်ဘာ ၃၀ ထုတ် မြန်မာတိုင်းမ် အတွဲ (၂၈) အမှတ် (၅၅၀) တွင်ပါသည့် “သမိုင်းပညာရှင် စာရေးစရာ ဒေါက်တာ သန့်မြင့်ဦးနှင့် အင်တာဗျူး” ကောက်နှုတ်ချက်

-----------------------------------------------------------------------------------------------------------------------------------

“၂၀၁၀ ပြည့်နှစ်အထိ အထက်တန်းရှေ့နေတွေဟာ တိုင်းနဲ့ပြည်နယ် တရားလွှတ်တော်မှာ အမှုလိုက်ပါဆောင် ရွက်ခွင့်ရခဲ့ပါတယ်။ အထက်တန်းရှေ့နေအဖြစ် ထုတ်ပေးထားတဲ့ လိုင်စင်မှာလည်း တိုင်းနဲ့ပြည်နယ်အဆင့်ထိ လိုက်ခွင့်ပါတယ်လို့ ခွင့်ပြုထားပြီးသားပါ။ ဒါပေမယ့် အစိုးရသစ်တက်ပြီး တရားလွှတ်တော်တွေ ပြင်ဆင်ဖွဲ့စည်းလိုက်ချိန်မှာ ကျွန်တော်တို့ အထက်တန်းရှေ့နေတွေကို တိုင်းဒေသကြီးနဲ့ ပြည်နယ်အဆင့် တရားလွှတ်တော်တွေမှာ အမှုလိုက်ခွင့်မရတော့ဘူး”

ဒီဇင်ဘာ ၃၀ ထုတ် မြန်မာတိုင်းမ် အတွဲ (၂၈) အမှတ် (၅၅၀) တွင်ပါသည့် “တိုင်းနှင့်ပြည်နယ် တရားလွှတ်တော်များတွင် ယခင်အတိုင်းအမှုလိုက်ခွင့် ရရန် အထက်တန်းရှေ့နေများလိုလား” သတင်းမှ ရှေ့နေဦးခင်ဇော် (မရမ်းကုန်း)၏ ပြောကြား ချက်အပေါ် ကောက်နှုတ်ချက်

-----------------------------------------------------------------------------------------------------------------------------------

“လွှတ်တော်ကတော့ ဥပဒေတွေကို ပြဋ္ဌာန်းတယ်။ ဥပဒေတွေ အမှန်တကယ်အသက်ဝင်ရေးက နည်းဥပဒေတွေ ထွက်လာဖို့ လိုပါတယ်။ ဥပဒေပြဋ္ဌာန်းပြီးရင် နည်းဥပဒေ ထုတ်ရမှာက သက်ဆိုင်ရာဝန်ကြီးဌာန အဖွဲ့အစည်းဖြစ်တဲ့အတွက် အချိန်အတိုင်းအတာ မပါပါဘူး။ ဥပဒေတွေ အမှန်တကယ် အသက်ဝင်အောင် ပြည်ထောင်စုလွှတ်တော်နဲ့ ပြည်ထောင်စု အစိုးရက ပူးပေါင်းဆောင်ရွက်နိုင်ဖို့ လိုပါတယ်။ သက်ဆိုင်ရာကနေ နည်းဥပဒေတွေ ထွက်မလာတဲ့အတွက် ဥပမာ ငြိမ်းချမ်းစွာ စုဝေးခွင့်နှင့် ငြိမ်းချမ်းစွာစီတန်းလှည့်လည်ခွင့်ဆိုင်ရာ ဥပဒေနဲ့ လယ်ယာမြေဥပေဒဆိုရင် လွှတ်တော်ထဲမှာ အကြိတ်အနယ် ဆွေးနွေးအတည်ပြုထား ပေမယ့် အသက်မဝင်ဘူးဖြစ်နေတယ်”

ဒီဇင်ဘာ ၃၀ ထုတ် BiWeekly ELEVEN အတွဲ(၄) အမှတ် (၃၉) တွင်ပါသည့် “လွှတ်တော်တတိယ ပုံမှန်အစည်းအဝေးများ ၂၀၁၂ခုနှစ် ဇန်နဝါရီလ တတိယ ပတ်အတွင်း ပြည်လည်စတင်မည်။ နိုင်ငံခြားငွေကြေးကိုင်တွယ်မှုဥပဒေ၊ အကောက်ခွန် ဥပဒေနှင့် သွင်းကုန်ထုတ်ကုန်ဥပဒေများ အပါအဝင် စီးပွားရေးဆိုင်ရာ ဥပဒေများကို ပြန်လည်ပြင်ဆင်ရေးဆွဲတင်သွင်းနိုင်ရန် ဆောင်ရွက်မည်” သတင်းမှ ပြည်သူ့လွှတ်တော်မှ အကြီးတန်း အရာရှိတစ်ဦး၏ ပြောကြားချက်အပေါ် ကောက်နှုတ်ချက်

***************************************************************************************

 

 

 

 

 

 

 

 

 


Google Docs makes it easy to create, store and share online documents, spreadsheets and presentations.
Logo for Google Docs