Transparency Myanmar

transparency.myanmar@gmail.com

yangonchronicle2011 Op-Ed
yangonchronicle2011 Op-Ed

၂၈.၁.၂၀၁၂

ဆောင်းပါးကဏ္ဍ

  1. မြန်မာတို့ ခေတ်မီကြရတော့မည်

************************************

ဆောင်းပါးကဏ္ဍ

မြန်မာတို့ ခေတ်မီကြရတော့မည်

နေသန်မောင်

(ဇန်နဝါရီ ၂၈ ထုတ် The Voice Weekly အတွဲ(၈) အမှတ် (၇) မှ ထုတ်ယူဖော်ပြသည်)

၂၀၁၂နှစ်ဆန်းသို့ရောက်သည်နှင့် မြန်မာပြည်အတွင်း နိုင်ငံရေး၊ စီးပွားရေးဆိုင်ရာပြုပြင်ပြောင်းလဲမှုများ အလျင်အမြန် ဆောင်ရွက်လိုက်သော မြန်မာအစိုးရ၏နိုင်ငံရေးစေတနာ  (Political Will)ကို အမေရိကန်ပြည်ထောင်စု အပါအဝင် ကမ္ဘာ့နိုင်ငံအများစုက ကောင်းချီးသြဘာပေးခြင်းဖြင့် ကြိုဆိုလိုက် သည်။ မြန်မာသည် ကမ္ဘာသို့ နောက်ထ ဘာပေးခြင်းဖြင့် ကြိုဆိုလိုက်သည်။ မြန်မာသည် ကမ္ဘာသို့ နောက်ထပ်တံခါးတစ်ချပ်ကို ဖွင့်လှစ်လိုက်သည်။

ထိုတံခါးချပ်သည် ၂၃နှစ်ကြာ လိပ်ခဲတည်းလည်းဖြစ်ခဲ့ရသည့် နိုင်ငံရေး၊ စီးပွားရေးဆိုင်ရာ ပြိုကွဲမှုကြီးကို ဖယ်ရှားလိုက်သည့် လုပ်ဆောင်ချက် ဖြစ်ခြင်းကြောင့် မြန်မာအပေါ်ပိတ်ထားသည့် အလားတူတံခါးချပ်များကို ကမ္ဘာ့အင်အားကြီး နိုင်ငံများကလည်း ပြန်လည်ဖွင့်လှစ်ပေးခဲ့သည်။

ယင်းမှာ နိုင်ငံရေးအရ ဖမ်းဆီးထိန်းသိမ်းထားသူများကို ပြန်လွှတ်ပေးသည့်အခါ မြန်မာအပေါ် ပိတ်ဆို့ဒဏ်ခတ်ထားမှုများကို ပြန်လည်ဖယ်ရှား ပေးသွားမည်ဆိုသည့် တုံ့ပြန်ဆောင်ရွက်ချက်များ ဖြစ်သည်။ ဥရောပသမဂ္ဂသည် မြန်မာအစိုးရ ခေါင်းဆောင်များအပေါ် ကန့်သတ်ထားမှုများကို ဖယ်ရှား ပေးလိုက်သည်။ အမေရိကန်ပြည်ထောင်စုကလည်း နာမည်ဆိုးဖြင့် ကျော်ကြားနေသော စီးပွားရေး၊ ဘဏ္ဍာရေး၊ ကုန်သွယ်ရေးဆိုင်ရာ ပိတ်ဆို့မှုများကို ဖယ်ရှားပေးဖို့ လေသံ ပစ်နေကြသည်။ ကွန်ဂရက်ခေါင်းဆောင်အချို့သည် ဘားမားအစားမြန်မာဟုပင် ပြောင်းလဲခေါ်ဝေါ် ချင်လာကြသည်။

မြန်မာသမ္မတကလည်း လက်ရှိအခြေအနေများမှ နောက်ပြန်မပြန်သွားကြောင်း ကတိပေးနေပြီး ပိတ်ဆို့မှုများကို ဖယ်ရှားပေးရန် တောင်းဆို ခဲ့သည်။ လာမည့်နွေရာသီသည် မျှော်လင့်ထားသောကြီးမားသည့် အပြောင်းအလဲကြီးများ ပေါ်ပေါက်လာဖို့ အချက်အလက်များကို မြင်တွေ့နေရသည်။ ဧပြီ ၁ ကြားဖြတ်ရွေးကောက်ပွဲသည်အများကလက်ခံသော သန့်ရှင်းမျှတမှုရှိကြောင်း သက်သေပြနိုင်သည်နှင့် ယခုထက်ထူးခြားသည့် အခြေအနေ ကောင်းများ ပေါ်ပေါက်လာတော့ မည်ဆိုသည်ကိုမူ မည်သူမျှသံသယမရှိကြ။ ထိုပြည်တွင်းရေးဆိုင်ရာ ပြုပြင်ပြောင်းလဲမှုများသည် ကြီးမားသော နိုင်ငံ တကာဆိုင်ရာ အနေအထားတစ်ရပ်ကိုလည်း ထူထောင်နေခြင်းဖြစ်သည်။ ဒီမိုကရေစီရေး ပြုပြင်ပြောင်းလဲမှုနှင့်အတူ ကျွဲကူးရေပါကိစ္စရပ်များ ဆက်တိုက်ပေါ်ပေါက် လာတော့မည်။ ထိုအချက်များမှာ မျှော်လင့်ချက်အတုများမဟုတ်ပါ။

အမေရိကန်ထိပ်တန်းခေါင်းဆောင်များ၏ မြန်မာခရီးစဉ်များ ဆက်တိုက်ပေါ်ပေါက်ပြီးနောက် အမေရိကား၏ အာရှ- ပစိဖိတ် ရာစုနှစ်ဆိုင်ရာ မျှော်မှန်းချက်တွင် မြန်မာသည် အရေးပါသောအနေအထားသို့ ရောက်လာသည်။ (အမေရိကားဟာ ပစိဖိတ်ရဲ့ပါဝါ ဖြစ်တယ်။ မြန်မာပြည်ရဲ့ စတင်မှု အသစ်တွေဟာ မျှော်လင့်ချက်အသစ်ကို ထွန်းညှိပေးလိုက်တာ ဖြစ်တယ်) ဟု အမေရိကန်ပြည်ထောင်စု သမ္မတဘားရက်အိုဘားမား၏ ဇန်န၀ါရီ ၂၄ ရက်နေ့ နိုင်ငံတော် အခြေပြမိန့်ခွန်း ၂၀၁၂၌ ထည့်သွင်းပြောဆိုချက်သည် အံ့သြဖွယ်ရာ ပြောင်းလဲနေသော မြန်မာနိုင်ငံအတွက် နောက်ထပ် ခွန်အားတစ်ခု တိုးမြှင့်ပေးလိုက်ခြင်းဖြစ်သည်။

ဆိုရသော် အန်ကယ်လ်ဆမ်တစ်ယောက် အာရှ-ပစိဖိတ်သို့ပြန်လာပါပြီဟု ကြွေးကြော်လိုက်ခြင်း၏ နောက်ကွယ်မှ မဟာဗျူဟာမြောက် အိပ်မက်အရ မဟာဗျူဟာမြောက်လမ်းဆုံကြီးပေါ် ခွထိုင်မိသားဖြစ်နေသော မြန်မာပြည်သည် ၀ါရှင်တန်၏ ပစိဖိတ်ရာစုနှစ်အတွက် မျှော်လင့်ချက်တစ်ခု ဖြစ်ကြောင်း ခိုင်ခိုင်မာမာ ပြောဆိုလိုက်ခြင်းဖြစ်သည်။ ထိုအချက်သည် အင်မတန်အရေးပါသည်။ ပစိဖိတ်ဒေသတွင် အမေရိကန်တို့ စိုးမိုးထားမှုကို အင်အားဖြည့်တင်းမည့် အစီအစဉ်၌ မြန်မာသည် အဘယ့်ကြောင့် အရေးပါသနည်းဆိုသည့်မေးခွန်းကို မြန်မာတို့ကိုယ်တိုင် စေ့စေ့ငုငု နားလည် သဘောပေါက် ထားရန် လိုအပ်ပါသည်။

ပထမအချက်မှာ အိန္ဒိယ-တရုတ်နှစ်နိုင်ငံကြား မဟာဗျူဟာမြောက် လမ်းဆုံကြီးပေါ်ရှိ မြန်မာသည် ပထဝီနိုင်ငံရေး၏ လှည့်စားမှုကို ပက်ပင်း ရင်ဆိုင်လိုက်ရချိန် ထိုအနေအထားသစ်သည် အန်ကယ်လ်ဆမ်အတွက် ပစိဖိတ်စိုးမိုးရေး မဟာဗျူဟာအတွင်း ဒုတ်ဒုတ်ထိ ရောက်နေပြီဆိုသောအချက် ဖြစ်သည်။ ဒုတိယအချက်မှာ မြန်မာသည် ကပ္ပလီပင်လယ်နှင့် တောင်တရုတ်ပင်လယ်ကို ဆက်သွယ်ပေးမည့် ပင်မ Gateway ကြီးဖြစ်လာခြင်းပင် ဖြစ်သည်။ ပထမအချက်နှင့် ဒုတိယအချက်တို့အရ မြန်မာသည် အင်အားကြီးနှစ်နိုင်ငံကြားက တံတားကြီးဖြစ်သလို ပင်လယ်ကြီးနှစ်ခုကို ဆက်သွယ်မည့် ဆိပ်ကမ်းကြီး တစ်ခု ဖြစ်နေခြင်းကြောင့် ဝါရှင်တန်သည် မြန်မာကို မရှိမဖြစ်ချစ်တင်းနှောလိုခြင်း ဖြစ်သည်။

အတိုချုပ်ဆိုရသော် ပစိဖိတ်ဒေသကို လွှမ်းမိုးထားနိုင်ရေးအိပ်မက်အတွက် အာရှ၏အနေအထားသစ်ကို ပိုင်ဆိုင်ထားသည့် မြန်မာ၏ အနာဂတ်သည် အမေရိကန်ပြည်ထောင်စု၏ အနာဂတ်ဖြစ်ကြောင်း ရှင်းလင်းစွာ ဆုံးဖြတ်ချက်ချလိုက်ခြင်း ဖြစ်သည်။ မြန်မာသည် အမေရိကန် ပြည်ထောင်စုနှင့် လက်ချင်းချိတ်ထားဖို့ မရှိမဖြစ် လိုအပ်ပါသည်။ အကြောင်းမှာ  ဒေသတွင်း ပထ၀ီနိုင်ငံရေး အခင်းအကျင်းသစ်ကြောင့် အကျိုးစီးပွားများ ခြေချင်းလိမ်လာချိန်တွင် အစစအရာရာ ပြန်လည်နာလန်ထူရန် ကြိုးပမ်းနေရသော မြန်မာသည်အန်ကယ်လ်ဆမ်နှင့်အတူ Dinner တည်ခင်းရန် အရေးကြီးပါသည်။

ထိုအရာသည်လည်း မြန်မာ့အမျိုးသား အကျိုးစီးပွားတစ်ခုပင် ဖြစ်သည်။ မကြာမီ နွေဦးရောက်တော့မည်။ လစ်ဘရယ်ဒီမိုကရေစီ အခင်းအကျင်း သစ်တစ်ခုကို စတင်လျှောက်လှမ်းနေသော မြန်မာနိုင်ငံ၌ နိုင်ငံသားတိုင်း တိုင်းပြည်ပြန်လည်ထူထောင်ရေး၊ နိုင်ငံတော်သစ်တစ်ခု ပီပီပြင်ပြင် တည်ဆောက်ရေးတို့အတွက် လူတိုင်း အလုပ်လုပ်ကြရမည့် ခေတ် ဖြစ်သည်။ ပျင်းရိလေးတွဲ့ဖွယ်ရာ ဖိနှိပ်အုပ်ချုပ်သည့်ခေတ် ကုန်ဆုံးသွားပြီဖြစ်ကြောင်း နိုင်ငံသားတိုင်း သက်သေပြဖို့ရာ အချိန်ကောင်းကြီး ဖြစ်သည်။ ထိုအချိန်သည် ဂလိုဘယ်လမ်းကြောင်းကြီးပေါ် တိုင်းပြည်ကို ဆွဲမတင်ရမည့် အချိန် ဖြစ်သည်။

ဥပဒေစိုးမိုးရေးနှင့် ဒီမိုကရေစီ၊ လူ့အခွင့်အရေးများ ပြည့်ဝမှုရှိရေးသည် ခေတ်မီရေး ဖြစ်သည်။ မြန်မာတို့ မကြာခင် ခေတ်မီကြရတော့မည်။

*******************************************************************************

 

 


Google Docs makes it easy to create, store and share online documents, spreadsheets and presentations.
Logo for Google Docs

0 comments:

Post a Comment