Transparency Myanmar

transparency.myanmar@gmail.com

yangonchronicle 2011- (1)
yangonchronicle 2011- (1)

၂၉.၁.၂၀၁၂

ဘာသာပြန်သတင်းများ

  1. တရုတ်ကုန်သွယ်ရေးနှင့်ပတ်သက်ပြီး ဘေဂျင်းအစိုးရကို အိုဘားမားဝေဖန်

(International Herald Tribune မှ 25 Jan 2012 ရက်စွဲပါ Obama gives China the Business ကို ဆီလျော်အောင် ဘာသာပြန်ဆိုသည်)

  1. မြန်မာပြည်မှာ ရင်းနှီးမြှုပ်နှံမယ်ဆိုရင် နာကျည်းစရာတွေအတွက် ခံနိုင်ရည်ရှိမှရမယ်

(Global Post မှ 25 Jan 2012 ရက်စွဲပါ Investing in Burma? Brace forpain ဆောင်းပါးတိုကို ဆီလျော်အောင် ဘာသာပြန်ဆိုသည်)

  1. ပုဂ္ဂလိကနှင့် အစိုးရ မဟာမိတ်ဖွဲ့ပူးပေါင်းဆောင်ရွက်မှုက မြန်မာ့ပြုပြင်ပြောင်းလဲရေးကို ကူညီနိုင်မည်ဟု ကုလသမဂ္ဂ သုံးသပ်

(UN News Center မှ UN official calls on Myanmar to foster private-public parterships to support reforms ကို ဘာသာပြန်ဆိုသည်)

*********************************

ဘာသာပြန်သတင်းများ

တရုတ်ကုန်သွယ်ရေးနှင့်ပတ်သက်ပြီး ဘေဂျင်းအစိုးရကို အိုဘားမားဝေဖန်

(International Herald Tribune မှ 25 Jan 2012 ရက်စွဲပါ Obama gives China the Business ကို ဆီလျော်အောင် ဘာသာပြန်ဆိုသည်)

တရုတ်နိုင်ငံ၏ ကုန်သွယ်ရေးဆိုင်ရာလုပ်ကိုင်ဆောင်ရွက်မှုများအပေါ် အမေရိကန်သမ္မတ ဘားရက်အိုဘားမားက နိုင်ငံတော် အခြေပြမိန့်ခွန်း (State of the Union Address) ပြောဆိုရာတွင် ထပ်ခါတလဲလဲ ဝေဖန်တိုက်ခိုက်သွားကြောင်း သတင်းဌာနများက ရေးသားဖော်ပြသည်။ သို့သော် အိုဘားမားက မြန်မာနိုင်ငံတွင် အသစ်တစ်ခုစတင်နေပြီဖြစ်ကြောင်း ခြွင်းချက်အနေဖြင့်ချီးမွမ်းပြောဆိုသည်။ ဂျပန်၊ အိန္ဒိယ သို့မဟုတ် ကိုရီးယားနှစ်နိုင်ငံ အကြောင်း အရေးတယူ ပြုပြောဆိုခဲ့ခြင်း မရှိပေ။

"သမ္မတအိုဘားမား အတိတ်ကာလမှာ တရုတ်နိုင်ငံကို အမေရိကန်ပြည်ထောင်စုအတွက် ကြီးမားတဲ့ယဉ်ပြိုင်မှု ဖြစ်ပေါ်စေတယ်ဆိုပြီး မိုဒယ်တစ်ခု အနေနဲ့ လေကြီးမိုးကြီး ချီးမွမ်းပြောဆိုမှုတွေ လျော့ကျသွားတယ်။ အခုမိန့်ခွန်းမှာတော့ တရုတ်နိုင်ငံရဲ့ စီးပွားရေးအင်အားကောင်းမွန်မှုက မမျှတမှုတွေ ဖြစ်ပေါ်စေတယ် သဘောမျိုး ထည့်သွင်းပြောဆိုတာ ဖြစ်ပါတယ်" ဟု တောင်ကိုရီးယားနိုင်ငံ၊ Yonsei University၏  Graduate School of International Studies မှ တရုတ်ရေးရာ ကျွမ်းကျင်သူ John Delury က ပြောကြားသည်။

"ပြင်ညီကစားကွင်းဖြစ်နေသေးသရွေ့ အမေရိကန်ပြည်ထောင်စု အမြဲတမ်းအနိုင်ရမှာဖြစ်တယ်၊ လူဦးရေ ၁ ဒဿ မ ၃၅ ဘီလီယံရှိတဲ့ တရုတ် လူမျိုးတွေအကြား အမေရိကန်ဘယ်တော့မှ ရှုံးနိမ့်မှာမဟုတ်ဘူးဆိုတဲ့ကတိကို သမ္မတအိုဘားမား ပေးသွားတာတွေ့ရတယ်" ဟု ၎င်းက ဆက်လက် ပြောဆိုသည်။

တရုတ်ကုန်သွယ်ရေးလုပ်ငန်းစဉ်များအပေါ် သမ္မတအိုဘားမား၏ ထိုးနှက်တိုက်ခိုက်မှုများနှင့် ပတ်သက်၍ ဘေဂျင်းအစိုးရက ရုတ်ချည်းတုံ့ပြန် ပြောဆိုမှု တစုံတရာထွက်ပေါ်လာခြင်း မရှိသေးပေ။ အိုဘားမား၏ နိုင်ငံတော်အခြေပြမိန့်ခွန်း ပြောဆိုချိန်သည် တရုတ်ပြည်အပါအဝင် အာရှနိုင်ငံ အတော်များများ၌ တရုတ်ရိုးရာနှစ်သစ်ကူးပွဲတော်များ တစ်ပြိုင်နက်တည်း ကျင်းပနေချိန်လည်းဖြစ်သည်။

အိုဘားမားက မိမိတို့အုပ်ချုပ်ရေးအဖွဲ့အနေဖြင့် အာရှဒေသအပေါ် အလေးပေးမှုအသစ်များ ထပ်မံပြုလုပ်မည်ဖြစ်ကြောင်း ပြောဆိုသည်။ ပြီးခဲ့သည့် နိုဝင်ဘာလအတွင်း အရေးကြီးသည့် မူဝါဒဆိုင်ရာမိန့်ခွန်းပြောဆိုရာတွင် အိုဘားမားက "အာရှဒေသသည် ထိပ်တန်းဦးစားပေးဖြစ်ပြီး အမေရိကန် စီးပွားရေးတိုးတက်မှုအတွက် လုံးလုံးလျားလျား အခရာကျလျက်ရှိကြောင်း" ညွှန်းဆိုပြောကြားသည်။

"ကျွန်တော်တို့ရဲ့ ရေရှည် စီးပွားရေးတိုးတက်မှုကို ဘယ်လိုဒေသကမှ ဆောင်ကြဉ်းပုံဖော်ပေးနိုင်မှာမဟုတ်ပါဘူး" ဟု အိုဘားမားက အာရှပစိဖိတ် စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ ဖိုရမ်အပြီးတွင် ပြောဆိုသည်။ သမ္မတအိုဘားမား သည် ဖိလစ်ပိုင်နိုင်ငံနှင့် မဟာမိတ်ဖွဲ့ခဲ့ပြီး သြစတြေးလျနိုင်ငံတွင် အမေရိကန်တပ်ဖွဲ့ဝင်ပေါင်း ၂၅၀၀ ခန့်ချထားရန် သဘောတူညီမှု ရရှိခဲ့သည်။ ဝါရှင်တန်အစိုးရကလည်း ကာလကြာရှည်စွာ အထီးကျန်ဖြစ်အောင် ပြုလုပ်ထားခဲ့သည့် မြန်မာနိုင်ငံနှင့် ပုံမှန်သံတမန်ဆက်ဆံရေး ပြန်လည်ထူထောင်မည်ဟု မကြာသေးခင် ရက်သတ္တပတ်အတွင်း ကြေညာခဲ့သည်။ အိုဘားမားကမူ မြန်မာနိုင်ငံတွင် အသစ်တစ်ခု စတင်နေပြီဖြစ်သလို မျှော်လင့်ချက်သစ်များ ဖြစ်ထွန်းလာပြီဖြစ်ကြောင်း ပြောကြားသည်။

အိုဘားမားက တရုတ်နိုင်ငံ၏ ကုန်သွယ်ရေး လုပ်ဆောင်ချက်များအပေါ် တိုက်ခိုက်ပြောဆိုချက်ကို ကြည့်လျှင် အမေရိကန် ပြည်တွင်း နိုင်ငံရေးတွင် ဖုံးကွယ်နေသော အကြောင်းအရင်းများမှာ ရှင်းရှင်းလင်းလင်း ပေါ်လွင်သွားသည်။ ရီပတ်ဘလီကန်ပါတီမှ အမတ်များ၊ အထူးသဖြင့် Mitt Rommey၊ တို့သည် အိုဘားမား၏ တရုတ်ပြည်ဆိုင်ရာ မူဝါဒများအပေါ် ဝေဖန်တိုက်ခိုက်ခဲ့ကြသည်။ "တရုတ်ပြည်ကို အခုလိုဝေဖန်ပြောဆိုတာကြောင့် သမ္မတအိုဘားမားအနေနဲ့ ရွေးကောက်ပွဲမှာ ထိခိုက်မှုတွေနဲ့ကြုံတွေ့ရလိမ့်မယ်။ တရုတ်အကြောင်းမပါဘဲ စီးပွားရေးနဲ့ အလုပ်အကိုင်အကြောင်း ပြောလို့ မရပါဘူး" ဟု အိုဟိုင်းယိုးပြည်နယ်၊ ဒီမိုကရက်တစ်ပါတီအမတ် Sherrod Brown က ပြီးခဲ့သည့် နိုဝင်ဘာလတွင် စာရေးသူကို ပြောပြသည်။

ယခုတစ်ကြိမ် ဇန်နဝါရီလ ၂၄ ရက်နေ့တွင် တရုတ်ပြည်အကြောင်း အိုဘားမားက ထပ်မံပြောဆိုပြန်သည်။ ဘေဂျင်းအစိုးရအနေဖြင့် ကုန်သွယ်ရေးဆိုင်ရာအရေးကိစ္စများမှ ပြဿနာများကို ဖြေရှင်းပြီး အလွဲသုံးစားပြုမှုများကို လျှော့ချနိုင်မည့် ကုန်သွယ်ရေး အေဂျင်စီသစ်တစ်ရပ် ထူထောင်ရန် အိုဘားမားက အဆိုပြုထားသည်။ မိမိတို့အုပ်ချုပ်ရေးအဖွဲ့သည် ယခင်အုပ်ချုပ်ရေးအဖွဲ့နှစ်ဆက်လက်ထက်ကထက် တရုတ်ပြည် ကုန်သွယ်ရေးနှင့် ပတ်သက်သော အမှုကိစ္စများကို နှစ်ဆနီးခန့် ဖော်ထုတ်နိုင်ခဲ့ကြောင်း အိုဘားမားကပြောဆိုပြီး ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့(WTO) မှ စိန်ခေါ်မှုများက ကွဲပြားခြားနားမှုများကို ဖြစ်ပေါ်စေကြောင်း ထောက်ပြပြောဆိုသည်။

**************************************************************************************

မြန်မာပြည်မှာ ရင်းနှီးမြှုပ်နှံမယ်ဆိုရင် နာကျည်းစရာတွေအတွက် ခံနိုင်ရည်ရှိမှရမယ်

(Global Post မှ 25 Jan 2012 ရက်စွဲပါ Investing in Burma? Brace forpain ဆောင်းပါးတိုကို ဆီလျော်အောင် ဘာသာပြန်ဆိုသည်)

ယခုအခါ အနောက်နိုင်ငံအစိုးရများက တစ်ချိန်က မြန်မာနိုင်ငံအပေါ် တင်းတင်းကြပ်ကြပ် ပိတ်ဆို့အရေးယူခဲ့သော မူဝါဒများကို မလွဲမသွေ လျှော့ချလာပြီဖြစ်ရာ မြန်မာနိုင်ငံတွင် စီးပွားရေး ရင်းနှီးမြှုပ်နှံမှုပြုရေးဟူသည့် အကြောင်းကိစ္စမှာ ထွန်းသစ်စဈေးကွက်များတွင် လောင်းကြေးထပ်လိုသူများ အတွက် ဆွဲဆောင်မှုတစ်ခုသဖွယ် ဖြစ်လာသည်။

ကမ္ဘာပေါ်တွင် သက်ဆိုးအရှည်ဆုံးသော အာဏာရှင်အစိုးရဖြစ်သည့် မြန်မာစစ်အစိုးရသည် မြန်မာနိုင်ငံကို ဆယ်စုနှစ် ၆ ခုတာမျှ တံခါးပိတ်ခဲ့ကာ တင်းကြပ်ဖိနှိပ်သော နည်းစနစ်များဖြင့် အုပ်ချုပ်ခဲ့သည်။ အနောက်နိုင်ငံကြီးများကမူ မြန်မာများနှင့် စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုများ မပြုရန် တင်းကြပ်စွာ ပိတ်ဆို့အရေးယူခဲ့သည်။ ထိုသို့ပိတ်ပင်ရာတွင် စစ်အစိုးရခေါင်းဆောင်များနှင့် တိုက်ရိုက်ဆက်သွယ်မှု မရှိသော မြန်မာနိုင်ငံသားများနှင့် စီးပွားရေးပူးပေါင်း ဆောင်ရွက်မှု မပြုရန်အထိပင် ပိတ်ပင်ခဲ့ကြခြင်းဖြစ်သည်။

ယခုအခါ မြန်မာနိုင်ငံသည် ပြုပြင်ပြောင်းလဲမှုများဖြင့် တံခါးပွင့်လာပြီဖြစ်ပြီး ယခင်ကချိတ်ဆက်မှုမရှိခဲ့သော ကမ္ဘာ့ဈေးကွက်ကြီးများနှင့် ချိတ်ဆက်မှုရရှိရန် ကြိုးပမ်းလာပြီ ဖြစ်သည်။ သို့သော် Reuters သတင်းဌာနက ပေးပို့ထားသည့် အကြောင်းအရင်းအချို့က မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံ မှုများ မပြုလုပ်ရန် ဟန့်တားလျက် ရှိနေသေးသည်ကို တွေ့ရသည်။

ယင်းတို့မှာ-

၁။ မြန်မာနိုင်ငံ၏ လက်ရှိငွေကြေးစနစ်က ရင်းနှီးမြှုပ်နှံမှုများကို အဟန့်အတားသဖွယ်ဖြစ်နေပြီး လိမ်လည်မှုများ ပြုလုပ်ရန် အားပေးသကဲ့သို့ ရှိသည်။

၂။ မြန်မာလူဦးရေ အတော်များများမှာ ကြောက်ရွံ့ထိတ်လန့်မှုဖြင့် နေထိုင်ကြရသည်။ “လူတွေဟာ ရဲရဲတင်းတင်းနဲ့ သတ္တိရှိရှိ ဦးစီးဦးဆောင် လုပ်ကိုင်မှု မပြုနိုင်အောင် နှိပ်ကွပ်ခံထားကြရတယ်” ဟု ပြည်တွင်း၌ အကူအညီပေးရေး လုပ်ငန်းလုပ်ကိုင်သူတစ်ဦးက Reuters သတင်းဌာနသို့ ပြောကြားသည်။ “ဆန်းသစ်တီထွင်ပြတာတို့၊ အပြောင်းအလဲ လုပ်တာတို့ မလုပ်ရဲကြဘူး”။

၃။ နိုင်ငံတော် အခွန်ဘဏ္ဍာစနစ်မှာလည်း ပဟေဠိဆန်ဆန်ဖြစ်သည်။ လေ့လာဆန်းစစ်သူများ အဆိုအရ အခွန်ဘဏ္ဍာမှာ စာအုပ်စာတမ်းနှင့် စာရင်းထဲတွင်သာရှိသည်။ ငွေသားများမှာမူ ယခင်စစ်အစိုးရခေါင်းဆောင်များနှင့် ၎င်းတို့၏ရောင်းရင်းများ ပိုင်ဆိုင်သော ဘဏ်စာရင်း (ပြည်ပရှိ)ထဲတွင် သာရှိသည်ဟု ယုံကြည်ရသည်။ ဟားဗက်တက္ကသိုလ်မှ ပညာရှင်ဂုရုကြီးတစ်ဦးအဆိုအရ အနာဂတ်မြန်မာနိုင်ငံသို့ ရောက်လာမည့် ဖွံ့ဖြိုးရေး လှိုင်းလုံးကြီး များသည် တစ်နေ့လျှင် ဝင်ငွေ ၁ ဒေါ်လာအောက်တွင်ရှိသော လူအများစု၏ဘဝကို ကယ်တင်နိုင်လိမ့်မည် မဟုတ်ပေ။ “မြန်မာနိုင်ငံမှာ ဖြစ်လာမယ့် ဖွံ့ဖြိုးရေးဖြစ်စဉ်ဟာ အင်မတန်ထိတ်လန့်စရာကောင်းတဲ့ အရာတစ်ခု ဖြစ်လိမ့်မယ်။ အဲဒီဖွံ့ဖြိုးရေးက အာဏာရှင် တစ်ပိုင်း နီယိုလစ်ဘရယ်လစ်ဇင် သဘောတရားကို ဖြစ်ပေါ်စေပြီး အနာဂတ်ကာလ နိုင်ငံရေး၊ စီးပွားရေးနဲ့ တိုးတက်ဖွံ့ဖြိုးမှုတွေဟာ အပေါ်ပိုင်းက အီလစ်တွေလက်ထဲမှာပဲ ရှိနေပါလိမ့်မယ်” ဟု အဆိုပါပညာရှင်က ပြောကြားသည်။

**************************************************************************************

ပုဂ္ဂလိကနှင့် အစိုးရ မဟာမိတ်ဖွဲ့ပူးပေါင်းဆောင်ရွက်မှုက မြန်မာ့ပြုပြင်ပြောင်းလဲရေးကို ကူညီနိုင်မည်ဟု ကုလသမဂ္ဂ သုံးသပ်

(UN News Center မှ UN official calls on Myanmar to foster private-public parterships to support reforms ကို ဘာသာပြန်ဆိုသည်)

မြန်မာနိုင်ငံ၏ လတ်တလော ပြုပြင်ပြောင်းလဲမှုများ အပါအဝင် ဖွံ့ဖြိုးရေး၊ အလုပ်အကိုင်များ ဖန်တီးနိုင်ရေး အစရှိသည်တို့ကို ထောက်ပံ့နိုင်ရေး အတွက် ပုဂ္ဂလိကနှင့် အစိုးရအကြား မဟာမိတ်ဖွဲ့ပူးပေါင်း ဆောင်ရွက်မှုမြှင့်တင်သွားရန် ကုလသမဂ္ဂ အရာရှိကြီးတစ်ဦးက မြန်မာအစိုးရသစ်ကို တိုက်တွန်း ပြောကြားလိုက်သည်။

"မြန်မာနိုင်ငံဟာ အစပျိုးမှုအသစ်တစ်ခုကို စတင်ကြုံတွေ့နေရပြီ ဖြစ်ပါတယ်။ အဲဒီအစပျိုးမှုဟာ ဆင်းရဲနွမ်းပါးတဲ့သူတွေ၊ လူတန်းစားကွဲပြားမှုတွေ အတွက် မမျှော်လင့်တဲ့ အခွင့်အလမ်းတွေ ပေါ်ထွန်းလာစေမယ့် သဘောမျိုး ရှိပါတယ်" ဟု အာရှပစိဖိတ်ဒေသဆိုင်ရာ ကုလသမဂ္ဂ လူမှုစီးပွား ကော်မရှင် (UNESCAP) မှ Executive Secretary ဖြစ်သူ Ms Noeleen Heyzer က မြန်မာနိုင်ငံသမ္မတ ဦးသိန်းစိန်နှင့် တွေ့ဆုံရာတွင် ပြောကြားသည်။

ရင်းနှီးမြှုပ်နှံမှုများသည် သမ္မတဦးသိန်းစိန်၏ ပြုပြင်ပြောင်းလဲရေးအစီအစဉ်နှင့် မြန်မာ့လူမှု စီးပွားရေးဖွံ့ဖြိုးရေး ဦးတည်ချက်များကို အထောက်အပံ့ပြုရာတွင် လွန်စွာအရေးပါသည့် အခန်းကဏ္ဍမှ ပါဝင်ကြောင်း၊ သက်ဆိုင်သူများ အားလုံးအကြား အောင်မြင်ဖြစ်ထွန်းမှုရှိသည့် ဒိုင်ယာလော့ခ် မဖြစ်မနေပေါ်ထွန်းလာရေးအတွက် မဟာမိတ်ဖွဲ့ ပူးပေါင်းဆောင်ရွက်ရန်လိုအပ်ကြောင်း ၎င်းကတိုက်တွန်းပြောဆိုသည်။ Ms Noeleen Heyzer သည် ရန်ကုန်မြို့၌ အစိုးရနှင့် ESCAP ကပူးပေါင်းဦးစီးကာ နှစ်ရက်တာမျှ ကျင်းပသောဖိုရမ်တွင် ထိုသို့မှတ်ချက်ပေးပြောဆိုခြင်းလည်း ဖြစ်သည်။

"ယခုဆွေးနွေးပွဲဟာ မြန်မာနိုင်ငံရဲ့ ပုဂ္ဂလိကနဲ့ အစိုးရအခန်းကဏ္ဍတို့ တစ်ဦးရဲ့ လုပ်ဆောင်နိုင်စွမ်းကို တစ်ဦးက အပြန်အလှန် လေးစားမှုတွေ ဖြစ်ပေါ်လာဖို့ အကူအညီပေးနိုင်မယ်လို့ ကျွန်မမျှော်လင့်ပါတယ်"ဟု သူမက ဆိုသည်။ မြန်မာသမ္မတ ဦးသိန်းစိန်ကမူ အမျိုးသားဖွံ့ဖြိုးရေးနှင့် အလုံးစုံ တိုးတက်မှုအတွက် ပုဂ္ဂလိကအခန်းကဏ္ဍတွင် ရင်းနှီးမြှုပ်နှံရန်လိုအပ်ကြောင်း၊ ESCAP သည်လည်း မြန်မာနိုင်ငံဖွံ့ဖြိုးရေးတွင် ပုဂ္ဂလိက-အစိုးရ မဟာမိတ်ဖွဲ့ ပူးပေါင်းဆောင်ရွက်မှု ပေါ်ထွန်းရေးအတွက် မူဘောင်တစ်ရပ်ပေါ်ထွက်အောင် အကူအညီပေးမည့် မဟာမိတ်အဖွဲ့အစည်းအဖြစ် ဆက်လက် ရပ်တည်လုပ်ကိုင်ပေးသွားမည်ဟု မျှော်လင့်ကြောင်း ပြောကြားသည်။

ယင်း ဆွေးနွေးပွဲသို့ အစိုးရဝန်ကြီးဌာနများနှင့် ပုဂ္ဂလိကအခန်းကဏ္ဍမှ အဖွဲ့ဝင်ပေါင်း ၁၃၀ ကျော် တက်ရောက်ခဲ့သည်။ ဆွေးနွေးပွဲသည် အခြေခံ အဆောက်အဦကိစ္စကို အဓိကဖိုးကပ်စ်လုပ်သည့် ပထမဆုံးသော ဆွေးနွေးပွဲတစ်ရပ် ဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံ၏ အနာဂတ်ဖွံ့ဖြိုးရေးအလားအလာနှင့်ပတ်သက်၍ ပြောဆိုရာတွင် Ms Heyzer က "အကယ်၍ နိုင်ငံတကာက မြန်မာနိုင်ငံတွင်း ရင်းနှီးမြှုပ်နှံမှုများအပေါ် ကန့်သတ်ပိတ်ပင်မှုများ ဖယ်ရှားပေးလိုက်ချိန်တွင် ESCAP ၏အာရှပစိဖိတ်ဒေသဆိုင်ရာ အထူးဆွေးနွေးပွဲတစ်ရပ်ကို ဆင့်ခေါ် သွားမည် ဖြစ်ကြောင်း" ပြောဆိုသည်။

**************************************************************************************


Google Docs makes it easy to create, store and share online documents, spreadsheets and presentations.
Logo for Google Docs

0 comments:

Post a Comment