Transparency Myanmar

transparency.myanmar@gmail.com

yangonchronicle 2011- (1)
yangonchronicle 2011- (1)

၃.၂.၂၀၁၂

ဘာသာပြန်သတင်းများ အပိုင်း(၁)

  1. လွတ်မြောက်နိုင်ငံရေးအကျဉ်းသား ဦးရေစာရင်း AI အဖွဲ့ထုတ်ပြန်

(New York Times သတင်းစာမှ 2 Feb 2012 ရက်စွဲပါ Myanmar: Total of Freed Political Prisoners Is Updated ကို ဘာသာပြန်ဆိုသည်)

  1. အရေးယူမှုများ မရုတ်သိမ်းရန် မြန်မာတက်ကြွလှုပ်ရှားသူများပြော

(The Washington Times မှ 2 February 2012 ရက်စွဲပါ Ashish Kumar Sen ရေးသားသော Activists: Don’t lift sanctions on Myanmar Just yet ကို ဘာသာပြန်ဆိုသည်)

  1. သြစတြေးလျနိုင်ငံခြားရေးဝန်ကြီးမကြာမီမြန်မာနိုင်ငံသို့ သွားရောက်ရန် မျှော်လင့်

(ABC Radio Australia မှ 2 February 2012 ရက်စွဲပါ Australian foreign mimister hopes visit Burma soon ကို ဘာသာ ပြန်ဆိုသည်)

  1. စင်ကာပူနှင့် ပူးပေါင်းဆောင်ရွက်မှုများပြုလုပ်ရန် မြန်မာလက်မှတ်ရေးထိုး

(Monster and Critics မှ 1 Feb 2012 ရက်စွဲပါ Myanmar signs cooperation agreements with Singapore ကို ဘာသာပြန်ဆိုသည်)

*************************************************************************************

လွတ်မြောက်နိုင်ငံရေးအကျဉ်းသား ဦးရေစာရင်း AI အဖွဲ့ထုတ်ပြန်

(New York Times သတင်းစာမှ 2 Feb 2012 ရက်စွဲပါ Myanmar: Total of Freed Political Prisoners Is Updated ကို ဘာသာပြန်ဆိုသည်)

မြန်မာနိုင်ငံတွင် နိုင်ငံရေးအကျဉ်းသား စုစုပေါင်း ၆၅၁ ဦးရှိသည့်အနက် ပြီးခဲ့သည့် ဇန်နဝါရီလအတွင်း အစိုးရက အကျဉ်းသားအနည်းဆုံး ၂၉၉ ဦး လွှတ်ပေးလိုက်သည်ကို တွေ့ရရှိသည်ဟု နိုင်ငံတကာလွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့(AI) က ရေတွက်ဖော်ပြနိုင်ပြီဖြစ်ကြောင်း AI မှ ဘန်ကောက်အခြေစိုက် သုတေသီ Benjamin Zawacki ကပြောကြားသည်။

မြန်မာ့နိုင်ငံရေးအကျဉ်းသားများကို သမ္မတဦးသိန်းစိန်အစိုးရ၏ ပြုပြင်ပြောင်းလဲရေးလုပ်ငန်းစဉ် တစ်စိတ်တစ်ပိုင်းအဖြစ် ပြီးခဲ့သည့် ဇန်နဝါရီလ ၁၃ ရက်နေ့တွင် လွတ်ငြိမ်းချမ်းသာခွင့်ပြုခဲ့သည်။ AI ၏နောက်ဆုံး ခန့်မှန်းချက်များအရ ဇန်နဝါရီလ ၁၃ ရက်နေ့တွင်လွတ်မြောက်လာသူ အယောက် ၃၀ ခန့်မှာ နိုင်ငံရေးအကျဉ်းသားများ ဖြစ်သည်။

AI သည် ထိုင်းနိုင်ငံအခြေစိုက် နိုင်ငံရေးအကျဉ်းသားများ အကူအညီပေးရေးအဖွဲ့(AAP) မှရေတွက်ထားသော လွတ်မြောက်ခွင့်ရရှိသည့် နိုင်ငံရေးအကျဉ်းသားများ စာရင်းနှင့် ချိန်ကိုက်ကြည့်သောအခါ တူညီလျက်ရှိကြောင်း Benjamin Zawacki ကပြောကြားသည်။ စာရင်းအရ ၂၉၉ ဦး လွတ်မြောက်ခွင့်ရထားသည်။ ထိုသို့ ဆင်တူဖြစ်နေရခြင်းမှာ AI အနေဖြင့် စာရင်းနှစ်ခုကို အတိအကျတိုက်ကြည့်မှုမပြုလုပ်ခဲ့သောကြောင့် ဖြစ်ကြောင်း ၎င်းက အီးမေးလ်ထဲတွင် ရေးသားထားသည်။ အဆိုပါစာရင်းတွင် နိုဗယ်လ်ငြိမ်းချမ်းရေးဆုရှင် ဒေါ်အောင်ဆန်းစုကြည်လည်းပါဝင်သည်။

****************************************************************************

အရေးယူမှုများ မရုတ်သိမ်းရန် မြန်မာတက်ကြွလှုပ်ရှားသူများပြော

(The Washington Times မှ 2 February 2012 ရက်စွဲပါ Ashish Kumar Sen ရေးသားသော Activists: Don’t lift sanctions on Myanmar Just yet ကို ဘာသာပြန်ဆိုသည်)

လက်ရှိအားဖြင့် အမေရိကန်နှင့် မြန်မာတို့၏ ဆက်ဆံရေးသည် နွေးထွေးနေသော်လည်း အရေးယူပိတ် ဆို့မှုများ ရုတ်သိမ်းရန် စောသေးကြောင်း မြန်မာနိုင်ငံမှ လှုပ်ရှားသူများက ပြောသည်။ “အမေရိကန်နဲ့ ဥရောပအရေးယူမှုတွေဟာ ကျွန်တော်တို့တိုင်းပြည်ပြောင်းလဲရေးအတွက် ကိရိယာကောင်း တစ်ခုပါပဲ။ အစိုးရရဲ့ စိတ်ဓာတ်ကို ပြောင်းလဲစေပါတယ်” ဟု ဇာဂနာက ဆိုသည်။ အမျိုးသားဒီမိုကရေစီအင်အားစုမှ ကချင်တိုင်းရင်းသူဒေါ်ဘောက်ဂျာက လက်ရှိအခြေအနေတွင် အရေးယူမှုများ ရုတ်သိမ်းမည်ဆိုပါက တိုင်းရင်းသားများ အကျိုးခံစားခွင့်ရလိမ့်မည် မဟုတ်ကြောင်း ပြောသည်။ “အခု အရေးယူမှုတွေ ရုတ်သိမ်းဖို့ သိပ်စောပါသေးတယ်”ဟု သူမက ဝါရှင်တန်ရှိ National Endowment for Democracy တွင် ပြုလုပ်သော အစည်းအဝေးတွင် ပြောကြားခဲ့သည်။

နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန်သည် ပြီးခဲ့သည့်လက အမေရိကန်နှင့် မြန်မာတို့သည် သံအမတ်ကြီးအဆင့် လဲလှယ်မှုများ စတင်မည် ဖြစ်ကြောင်း ကျေညာခဲ့သည်။ သို့သော် အိုဘားမားအစိုးရသည် အရေးယူမှုများ ရုတ်သိမ်းရေးကို လုပ်ဆောင်ခြင်းမရှိသေးပေ။ မြန်မာအစိုးရအနေဖြင့် အမေရိကန်နှင့် ဆက်ဆံရေးတိုးတက်ကောင်းမွန်အောင် ကြိုးစားလျက်ရှိရာ နိုင်ငံရေး အကျဉ်းသားများရာနှင့်ချီ၍ လွှတ်ပေးခြင်း၊ တိုင်းရင်းသားသူပုန်များနှင့် အပစ်အခတ်ရပ်စဲရေး လက်မှတ် ရေးထိုးခြင်း အပါအဝင် အနောက်နိုင်ငံများ၏ အဓိကတောင်းဆိုမှုများကို ဖြည့်ဆည်းပေးလျက်ရှိသည်။ အစိုးရသည် ဧပြီလ(၁) ရက်နေ့တွင် ကြားဖြတ်ရွေးကောက်ပွဲပြုလုပ်မည်ဖြစ်ကြောင်း ကျေညာခဲ့ပြီ အကြီးဆုံး အတိုက်အခံပါတီ ဖြစ်သော NLD နှင့် ၎င်း၏ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်တို့ပါဝင်နိုင်ရန် ခွင့်ပြုခဲ့သည်။

 *************************************************************************************************

သြစတြေးလျနိုင်ငံခြားရေးဝန်ကြီးမကြာမီမြန်မာနိုင်ငံသို့ သွားရောက်ရန် မျှော်လင့်

(ABC Radio Australia မှ 2 February 2012 ရက်စွဲပါ Australian foreign mimister hopes visit Burma soon ကို ဘာသာ ပြန်ဆိုသည်)

သြစတြေးလျနိုင်ငံခြားရေးဝန်ကြီး ကယ်ဗင်ရပ်ဒ်က ၎င်းသည် မြန်မာနိုင်ငံရှိ သြစတြေးလျဖွံ့ဖြိုးတိုးတက်မှု အကူအညီများကို စစ်ဆေးကြည့်ရှုရန် လာမည့်လ အနည်းငယ်အတွင်း မြန်မာနိုင်ငံသို့ သွားရောက် လည်ပတ်နိုင်မည်ဟု မျှော်လင့်ကြောင်းပြောကြားခဲ့သည်။

မစ္စတာရပ်ဒ်က ရေဒီယိုသြစတြေးလျ မြန်မာပိုင်းအစီအစဉ်သို့ စကားပြောကြားရာတွင် သြစတြေးလျရဲ့ သံတမန်ရေးအရ ရည်မှန်းချက်ကတော့ မြန်မာနိုင်ငံမှာ ဒီမိုကရေစီ အပြည့်အဝဖြစ်ရေးဖြစ်ပြီး၊ မြန်မာသည် အာဆီယံနှင့် သာမက နိုင်ငံတကာအသိုင်းအဝိုင်းအပြည့်အဝဆက်ဆံသည်ကို ဖြစ်စေလိုကြောင်း ပြောကြားခဲ့သည်။

**********************************************************************************************************

စင်ကာပူနှင့် ပူးပေါင်းဆောင်ရွက်မှုများပြုလုပ်ရန် မြန်မာလက်မှတ်ရေးထိုး

(Monster and Critics မှ 1 Feb 2012 ရက်စွဲပါ Myanmar signs cooperation agreements with Singapore ကို ဘာသာပြန်ဆိုသည်)

မြန်မာနိုင်ငံသမ္မတဦးသိန်းစိန်သည် ၎င်း၏ နိုင်ငံရေးနှင့် စီးပွားရေးပြုပြင်ပြောင်းလဲမှု အစီအစဉ်အတွက် စင်ကာပူနိုင်ငံက ထောက်ပံ့ပေးရန် သဘောတူညီချက်များ ရယူနိုင်ခဲ့ပြီးနောက် သုံးရက်တာ စင်ကာပူခရီးစဉ်ကို အောင်မြင်စွာ အဆုံးသတ်နိုင်ခဲ့သည်။

မြန်မာအုပ်ချုပ်ရေးယန္တရားမှ ဝန်ထမ်းများကိုလေ့ကျင့်သင်ကြားပေးရေး၊ မြို့တွင်းဖွံ့ဖြိုးရေး၊ စီးပွားရေးစီမံကိန်း ရေးဆွဲရေး၊ ခရီးသွားလုပ်ငန်းနှင့် ဥပဒေစနစ်ကောင်းများ ထွက်ပေါ်ရေး အစရှိသည်တို့တွင် လိုအပ်သည့်အကူအညီများ ပေးအပ်မည်ဟု သမ္မတဦးသိန်းစိန်၏ ခရီးစဉ်အတွင်း စင်ကာပူ အစိုးရထံမှ ကတိကဝတ်များရရှိခဲ့သည်။ “အရည်အချင်းပြည့်ဝသော လုပ်သားများပြုစုပျိုးထောင်ရန် မြန်မာနိုင်ငံ၏ကြိုးပမ်းချက်များအတွက် စင်ကာပူနိုင်ငံ အနေဖြင့် နည်းပညာနှင့် အသက်မွေးဝမ်းကျောင်းဆိုင်ရာ ပညာလေ့ကျင့်မှုများ ပေးအပ်သွားမည်ဖြစ်သည်” ဟု နိုင်ငံခြားရေးဝန်ကြီးဌာနက ဆိုသည်။

ရေရှည်ဦးတည်ချက်များမှာ မြန်မာနိုင်ငံအနေဖြင့် ခေတ်မီဘဏ်စနစ်၊ လုံခြုံမှုရှိသော ကုန်သွယ်ရေးစနစ် တို့နှင့်အတူ ဒီမိုကရေစီ သဘောတရားများ အပေါ် အခြေခံပြီး ပွင့်လင်းသောစီးပွားရေးစနစ်ဆီသို့ ဦးတည်နိုင်ရေးအတွက် အင်စတီကျူးရှင်းများဖွံ့ဖြိုးလာရန်ဖြစ်ကြောင်း မြန်မာသမ္မတ ဦးသိန်းစိန်က ပြောကြားသည်။

“လောလောဆယ် အဲဒီနယ်ပယ်တွေမှာ အရည်အချင်းပြည့်ဝစွာလုပ်ကိုင်ဆောင်ရွက်နိုင်တာမျိုးမရှိသေးပါဘူး။ နိုင်ငံတကာငွေကြေး အဖွဲ့အစည်း ကြီးတွေဆီက နည်းပညာဆိုင်ရာအကူအညီအထောက်အပံ့တွေရရှိနိုင်ဖို့ ကျွန်တော်တို့ နည်းလမ်းရှာနေပါတယ်” ဟု ဦးသိန်းစိန်က The Straits Times သတင်းစာသို့ ပြောကြားသည်။ ထို့ပြင် မြန်မာနိုင်ငံသည် မြောက်ကိုရီးယားနှင့် ပူးပေါင်းပြီး နျူကလီးယားအစီအစဉ်များ လုပ်ကိုင်ဆောင်ရွက်နေသည် ဟူသော စွပ်စွဲ ပြောဆိုချက်များနှင့် သတင်းပေးပို့ချက်များကို ၎င်းက မဟုတ်မမှန်ကြောင်း ငြင်းပယ်လိုက်သည်။

အနောက်မီဒီယာအချို့၏ သတင်းပေးပို့ချက်များအရ မြန်မာစစ်အစိုးရသည် ပြုံယမ်းအစိုးရထံမှ နျူကလီးယား နည်းပညာများရရှိရန် ကြိုးပမ်းလျက် ရှိသည်ဟု ဆိုသည်။ မြန်မာနှင့် မြောက်ကိုရီးယားအကြား ဆက်သွယ်မှုမှာ ရိုးရှင်းသော သံတမန်ဆက်ဆံရေးမျှသာဖြစ်ပြီး မိမိတို့နိုင်ငံအနေဖြင့် ကုလသမဂ္ဂ၏ နျူလက်နက်မပြန့်ပွားရေးဆုံးဖြတ်ချက်အတိုင်း လိုက်ပါပြုမူနေထိုင်လျက်ရှိကြောင်း တစ်ချိန်တစ်ခါက စစ်ဗိုလ်ချုပ်ကြီး ဖြစ်ခဲ့ဖူးသူ ဦးသိန်းစိန်က ပြောသည်။

မြန်မာနိုင်ငံ၏ နိုင်ငံရေးနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုများသည် သမ္မတဦးသိန်းစိန်ဦးဆောင်သော အရပ်သားအစိုးရ အာဏာရရှိလာသည့် အချိန်မှစ၍ အရှိန်အဟုန်မြင့်တက်လာခဲ့သည်။ အစိုးရ၏ ပြုပြင်ပြောင်းလဲရေး လုပ်ရပ်များတွင် နိုင်ငံရေးအကျဉ်းသားများကိုလွှတ်ပေးခြင်း၊ အတိုက်အခံ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အား ပင်မနိုင်ငံရေးစီးကြောင်းထဲသို့ ဝင်ရောက်နိုင်ရေးအတွက် ကြားဖြတ်ရွေးကောက်ပွဲတွင် ဝင်ရောက် ယှဉ်ပြိုင်နိုင်အောင် ခွင့်ပြုခြင်း အစရှိသည်တို့ပါဝင်သည်။ ထို့ပြင်မြန်မာအစိုးရသည် တိုင်းရင်းသားလက်နက်ကိုင်အုပ်စုများနှင့် နှစ်ကာလ ကြာရှည်စွာ ဖြစ်ပေါ်ခဲ့သော ပဋိပက္ခများနှင့် စစ်မက်ဖြစ်ပွားမှုများ အဆုံးသတ်နိုင်ရေးအတွက် ငြိမ်းချမ်းရေးဆွေးနွေးမှုများ ပြုလုပ်လျက်ရှိသည်။

လတ်တလောအနေအထားတွင် အမေရိကန်ပြည်ထောင်စုက နှစ်ပေါင်း ၂၄ နှစ်အတွင်း ပထမဆုံးအကြိမ်အဖြစ် သံအမတ်ကြီး ပြန်လည် ခန့်အပ်ရန် ဆုံးဖြတ်ထားပြီး ဥရောပသမဂ္ဂ(အီးယူ) ကလည်း မြန်မာအပေါ်ပိတ်ဆို့အရေးယူမှု အချို့အား လျှော့ချပေးခဲ့သည်။

****************************************************************************


Google Docs makes it easy to create, store and share online documents, spreadsheets and presentations.
Logo for Google Docs

0 comments:

Post a Comment