Transparency Myanmar

transparency.myanmar@gmail.com

yangonchronicle 2011- (1)
yangonchronicle 2011- (1)

၃.၂.၂၀၁၂

ဘာသာပြန်သတင်းများ အပိုင်း(၂)

  1. မြန်မာဒုက္ခသည်များ တရုတ်ဘက် ထွက်ပြေး

(Financial Time မှ 1 February 2012 ရက်စွဲပါ Gwon Robinson (Bangkok) နှင့် Kathrin Hille (Beijing) တို့ ရေးသားသော Myanmar refugees flee across Chinese border ကို ဘာသာပြန်ဆိုသည်)

  1. ထွန်းသစ်စ မြန်မာသို့ အပြေးအလွှား

(Asia Time Online မှ 1 February 2012 ရက်စွဲပါ Brian McCartan ရေးသားသော Premature rush for Myanmar riches ကို ဘာသာ ပြန်ဆိုသည်)

**************************************************************************************

မြန်မာဒုက္ခသည်များ တရုတ်ဘက် ထွက်ပြေး

(Financial Time မှ 1 February 2012 ရက်စွဲပါ Gwon Robinson (Bangkok) နှင့် Kathrin Hille (Beijing) တို့ ရေးသားသော Myanmar refugees flee across Chinese border ကို ဘာသာပြန်ဆိုသည် )

မြန်မာတပ်မတော်နှင့် ကချင် KIA တို့ တိုက်ပွဲများဆက်လက်ဖြစ်ပွားနေခြင်းကြောင့် ပြီးခဲ့သည့် ရက်သတ္တပတ်များအတွင်း ဒုက္ခသည် ထောင်ပေါင်းများစွာသည် တရုတ်သို့ နယ်စပ်မှ ဖြတ်ကျော်ထွက်ပြေးကြသည်ဟု ယူနန်ပြည်နယ်မှ အကူအညီပေးရေးလုပ်သားများအဆိုအရသိရှိရသည်။ ထိုသို့ ဒုက္ခသည်များတိုးလာခြင်းသည် ဦးသိန်းစိန်၏ အရပ်သားအစိုးရသည် နိုင်ငံတကာ၏ အထီးကျန်ပြုမှုမှ ရုန်းထွက်ရန် ကြိုးစားနေခြင်းအပေါ် များစွာထိခိုက်ကြောင်းသံတမန်များက ရှုမြင်သည်။

အမေရိကန်နှင့် ဥရောပသမဂ္ဂ တို့သည် တိုင်းရင်းသားပဋိပက္ခများရပ်ဆိုင်းရေးကို မြန်မာနိုင်ငံအပေါ် အရေးယူမှုများ ရုတ်သိမ်းရေးအတွက် လိုအပ်သော အခြေအနေများတွင် ထည့်သွင်းသတ်မှတ်ထားပါသည်။ အဆိုပါ ပဋိပက္ခများသည် ဆယ်စုနှစ်ပေါင်းများစွာ ကြာခဲ့ပြီဖြစ်ပြီး၊ ထောင်ပေါင်းများစွာသော လူများအိုးမဲ့အိမ်မဲ့ ဖြစ်ရခြင်း၊ စစ်တပ်မှ အဓမ္မပြုကျင့်ခြင်း၊ အဓမ္မစေခိုင်းခြင်း နှင့် နှိပ်စက်မှုများစသော ကျူးလွန်မှုများနှင့် ပတ်သက်၍ တိုင်ကြားမှုများလည်း ရှိခဲ့သည်။

ယခုအခါ အစိုးရသည် ကနဦးအပစ်အခတ်ရပ်စဲရေးသဘောတူညီမှုကို ကရင်သူပုန်များနှင့်လည်းကောင်း၊ ရှမ်း၊ ချင်းနှင့်အခြားအုပ်စုများနှင့် လည်းကောင်း လက်မှတ်ရေးထိုးခဲ့ပြီးဖြစ်သည်။ သို့သော် ကချင် KIA နှင့် ဆွေးနွေးမှုများမှာတိုက်ပွဲများဖြစ်ပွားနေခြင်းကြောင့် ကြန့်ကြာနေခဲ့သည်။ ဦးသိန်းစိန်က ဒီဇင်ဘာအစောပိုင်းတွင် စစ်တပ်အားပစ်ခတ်မှုများရပ်ဆိုင်းရန် ညွန်ကြားထားခဲ့သော်လည်း တိုက်ပွဲများ ဆက်လက်ဖြစ်နေဆဲ ဖြစ်သည်။ မြန်မာစစ်တပ်က ကချင်များက တိုက်ခိုက်လာခြင်းကြောင့် ခုခံခြင်းသာဖြစ်သည်ဟု ပြောနေပြီး KIA ကလည်း ၎င်းတို့၏ အခြေချတပ်များကို အစိုးရတပ်များက လာရောက်တိုက်ခိုက်သည်ဟု အပြန်အလှန် စွပ်စွဲလျက်ရှိသည်။

တရုတ်-မြန်မာနယ်စပ်တွင် ဒုက္ခသည်များအတွက် အလုပ်လုပ်ပေးနေသော ကချင်ကိုယ်စားလှယ်တစ်ဦးက ပြောကြားရာတွင် အင်္ဂါနေ့က တိုက်ပွဲများရပ်ဆိုင်းသွားသော်လည်း နှစ်ဖက်တပ်များ ရုတ်သိမ်းသွားခြင်း မရှိသေးသည့် အတွက် ဒုက္ခသည်များမပြန်နိုင်သေးသည့် အဓိပ္ပါယ်ဖြစ်ကြောင်း ပြောခဲ့သည်။ တရုတ်အကူအညီပေးရေးလုပ်သားများကပြောကြားရာတွင် ဒုက္ခသည်ဦးရေမှာ များစွာတိုးတက်လာခဲ့သည်ဟု ဆိုသည်။ “ဇန်နဝါရီလ(1) ရက်ကစပြီး တိုက်ပွဲတွေကြောင့် တရုတ်နယ်စပ်မှာ ဒုက္ခသည် လေးသောင်းလောက် လှည့်သွားနေပြီး၊ အဲဒီအထဲက 25000 လောက်ဟာ တရုတ်ယူနန်ထဲရောက်လာပြီး နေစရာ ရှာနေကြပါတယ်” ဟု ဒုက္ခသည်များအား အကူအညီပေးနေသော တရုတ်နိုင်ငံအတွင်း တရားမဝင် ဖွင့်လှစ်ထားသော ဘုရားကျောင်းဖြစ်သည့် Central Western Missionary Prayer Fellowship က ပြောသည်။ မြန်မာနယ်စပ် Yingjiang နယ်တွင် အကူအညီပေးနေသော Tao Meisi က ပြောကြားရာတွင် ထိုဒေသတွင် ဒုက္ခသည် လေးသောင်းခန့်ရှိရာ၊ Yingjiang နယ်တွင်ပင် နှစ်သောင်းခန့် ရှိသည်ဟုဆိုသည်။ “အများစုက အမျိုးသမီးများ၊ ကလေးများနဲ့ သက်ကြီးရွယ်အိုတွေဖြစ်ပြီး၊ ကိုယ်ဝန်ဆောင်တွေနဲ့ ကလေး နို့တိုက်နေတဲ့ အမေတွေပါ ပါတယ်” ဟု Ms. Tao က ပြောသည်။ “အများစုက ယာယီတဲတွေနဲ့ နေရတယ်။ အချို့ကလည်းနယ်စပ်ရွာတွေကကျောင်းတွေထဲတွေမှာရှာနေရတယ်” ဟု သူမက ပြောသည်။

ယခင်အကြိမ်များနှင့် မတူသောအချက်မှာတရုတ်အစိုးရသည် ဒုက္ခသည်များ ၎င်း၏ နိုင်ငံတွင်းသို့ စီးဝင်လာမှုကို ကန့်သတ်ရန် ကြိုးစားနေပုံရပြီး၊ သတင်းအမှောင်ချမှုကို ပြုလုပ်ထားသည်။ လက်တွေ့အကူအညီပေးနေသော လုပ်သားများက ပြောရာတွင် တရုတ်အစိုးရသည် ယခုလ၌ နယ်စပ်ကို မကြာခဏပိတ်ရန် ကြိုးစားခဲ့သည်ဟုဆိုသည်။ ထို့အပြင် 2009 ခုနှစ်က ဒုက္ခသည်များကို အကူအညီပေးရန် တောင်းဆိုခဲ့သော်လည်း၊ ယခုအကြိမ်တွင် လူသားချင်း စာနာသော အကူအညီများပေးရန် တောင်းဆိုခြင်းမပြုခဲ့ပေ။ ဒုက္ခသည်များခိုလှုံနေသော တရုတ်ရွာများအား မြန်မာတပ်များကပစ်ခတ်သည် ဟူသောသတင်းများနှင့် ပတ်သက်၍မေးမြန်းရာ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက ထိုသတင်း မကြားကြောင်း ပြောကြားခဲ့သည်။

မြန်မာအစိုးရသည် အခြားတိုင်းရင်းသားအုပ်စုများနှင့် ငြိမ်းချမ်းရေးစကားပြောရာတွင် တိုးတက်မှုများ ရှိသော်လည်း ကချင်နှင့် အခြေအနေမှာ သိသာစွာ ခြားနားနေသည်။ ကချင်နှင့် ပဋိပက္ခသည် ဦးသိန်းစိန်အတွက် တစ်ခုတည်းသော အကြီးဆုံးစိန်ခေါ်မှု ဖြစ်လာနိုင်ကြောင်းသံတမန်များက ပြောသည်။ အစိုးရ၏ ငြိမ်းချမ်းရေးအဖွဲ့ ခေါင်းဆောင် ဦးအောင်သောင်းကပင် ကချင်နှင့် ငြိမ်းချမ်းရေးဆွေးနွေးမှုမှာ သုံးနှစ်ခန့်ကြာနိုင်ကြောင်း ပြောသည်။

KIA သည် မြန်မာနိုင်ငံတွင် အင်အားအကောင်းဆုံးလက်နက်ကိုင်ပုန်ကန်မှု ဖြစ်လာသည်ဟုနောက်ဆုံးထုတ် Jane’s Terrorism and Security Monitor မဂ္ဂဇင်းတွင် ဖော်ပြထားသည်။ “၎င်းတွင် နယ်မြေတည်ငြိမ်မှု၊ စစ်အင်အားနှင့် နိုင်ငံရေး အတွေ့အကြုံတို့ကြောင့် အစိုးရသစ်အားစစ်ရေးအရရော၊ စီးပွားရေးအရပါ အရေးပါသော ခြိမ်းခြောက်မှုများ ပြုလုပ်လာနိုင်ပြီး အလေးထားလာစေနိုင်ပါသည်” ဟု ဖော်ပြထားသည်။

*****************************************************************************************************

ထွန်းသစ်စ မြန်မာသို့ အပြေးအလွှား

(Asia Time Online မှ 1 February 2012 ရက်စွဲပါ Brian McCartan ရေးသားသော Premature rush for Myanmar riches ကို ဘာသာ ပြန်ဆိုသည်)

မြန်မာနိုင်ငံတွင် ပြုပြင်ပြောင်းလဲရေးများ မြန်ဆန်ခြင်းကြောင့် အမေရိကန်နှင့် အီးယူတို့က ချမှတ်ထားသော အရေးယူမှုများ ရုတ်သိမ်းခြင်း ရှိမရှိပင် မဟုတ်တော့ဘဲ မည်သည့်အချိန်တွင် ရုတ်သိမ်းမည်ဆိုသည်ကို ခန့်မှန်းမှုများ မြင့်တက်လျက်ရှိသည်။ နိုင်ငံခြားရင်းနှီးမြှုပ်နှံသူများကလည်း မတို့ထိရသေးသော ဈေးကွက်ကြီးကိုကြည့်၍ စိတ်ဝင်စားမှုများ တိုးပွားလျက်ရှိနေသည်။ သို့သော် စီးပွားရေးနှင့်ငွေကြေးဆိုင်ရာ ပြုပြင်ပြောင်းလဲမှုများ ပိုမိုလုပ်ဆောင်ခြင်းမရှိဘဲ အမှန်တကယ်ရင်းနှီးမြှုပ်နှံမှုများ ဝင်မလာနိုင်သေးပေ။

သမ္မတဦးသိန်းစိန်၏ ကျယ်ကျယ်ပြန့်ပြန့်လုပ်ဆောင်နေသော ပြုပြင်ပြောင်းလဲမှုများတွင် စီးပွားရေး ပြုပြင်ပြောင်းလဲမှုများသည် ပြည်တွင်း ငွေကြေးစနစ် ပြဿနာများကြောင့်လည်းကောင်း၊ တရုတ်၏ စီးပွားရေးအရ လွှမ်းမိုးမှု ကြီးထွားလာခြင်းကို မကျေနပ်ခြင်းကြောင့်လည်းကောင်း၊ အနောက်နိုင်ငံ အရေးယူမှုများသည် စီးပွားရေးတွင် ထိခိုက်သည်ဟု အသိအမှတ် ပြုလာခြင်းကြောင့်လည်းကောင်း မီးထိုးနေခြင်းကြောင့် လုပ်ဆောင် လာရခြင်း ဖြစ်သည်။ နောက်ထပ်စေ့ဆော်သော အကြောင်းတစ်ခုမှာ ၂ဝ၁၅ တွင် သက်ရောက်လာတော့မည့် အာဆီယံစီးပွားရေး အသိုင်းအဝိုင်း၏ စည်းမျဉ်းများကို လိုက်နာရန် လိုအပ်လာသောကြောင့် ဖြစ်သည်။

အမေရိကန်နှင့် ဥရောပသမဂ္ဂတို့သည် ဦးသိန်းစိန်၏ ပြုပြင်ပြောင်းလဲမှု အချက်ပြခြင်းကြောင့် တုံ့ပြန်သည့်အနေဖြင့် အလျှော့ပေးလာခဲ့ရာ ယခုနှစ်ကုန်တွင် စီးပွားရေးနှင့် ငွေကြေးဆိုင်ရာအရေးယူမှုများ အားလုံး ဖယ်ရှားတော့မည့်သဘောကိုပင် တိုး၍တွေ့လာနေရသည်။ ထိုအလားအလာ များသည် ဒေါ်အောင်ဆန်းစုကြည်ပါဝင်မည့် ဧပြီလ (၁)ရက် ကြားဖြတ်ရွေးကောက်ပွဲတွင် လွတ်လပ်၍ တရားမျှတမှုရှိခဲ့လျှင် ပိုမိုကောင်းမွန် တိုးတက်လာမည် ဖြစ်သည်။

ပြီးခဲ့သောလများအတွင်း အနောက်နိုင်ငံများမှ ထိပ်တန်းသံတမန်များစွာ မြန်မာနိုင်ငံသို့ သွားရောက်ခဲ့ကြသည်ကို တွေ့ရသည်။ ဒီဇင်ဘာလတွင် အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန်မှ စတင်သည့်နောက် ဗြိတိသျှနိုင်ငံခြားရေးဝန်ကြီး ဝီလျံဟေ့ဂ်၊ ဩစတြေးလျနိုင်ငံခြားရေးဝန်ကြီး ကယ်ဗင်ရပ်ဒ်နှင့် ပြင်သစ်နိုင်ငံခြားရေးဝန်ကြီး အလန်ယု(ပ်)တို့ ပါဝင်လာကြသည်။ ယင်းတို့ ပြန်သွားပြီးနောက် နေပြည်တော်၏ ပြုပြင်ပြောင်းလဲရေး ကြိုးပမ်းအားထုတ်မှုများကို ချီးကျူးသော အပေါင်းလက္ခဏာဆောင်သည့် မိန့်ခွန်းများကြောင့် အနောက်နိုင်ငံ အရေးယူမှုများ ရုတ်သိမ်းရေးအတွက် အင်အားများ ဖြစ်လာစေသည်။

ဇန်နဝါရီလ(၂၃)ရက်နေ့က အီးယူနိုင်ငံခြားရေးဝန်ကြီးများသည် မြန်မာခေါင်းဆောင်များအပေါ် ချမှတ်ထားသော ခရီးသွားလာခွင့် ပိတ်ပင်ထားခြင်းကို ရုတ်သိမ်းကြောင်း ကြေညာခဲ့ပြီး ဧပြီလ(၁)ရက် ကြားဖြတ်ရွေးကောက်ပွဲအပြီးတွင် ထပ်မံလျှော့ပေးရန် စဉ်းစားလျက်ရှိသည်။ ပြင်သစ် နိုင်ငံခြားရေးဝန်ကြီးကလည်း ခရီးစဉ်အပြီးတွင် မြန်မာနိုင်ငံသို့ ဖွံ့ဖြိုးတိုးတက်ရေး အကူအညီသုံးဆတိုး၍ တစ်နှစ်လျှင် ဒေါ်လာ ၃.၈၅ သန်းပေးမည်ဟု ကြေညာခဲ့သည်။ ဒိန်းမတ်ကလည်း ယင်း၏အကူအညီပေးငွေကို ၂ဝ၁၂ ခုနှစ်တွင် ဒေါ်လာ ၁၇ သန်းထိ တိုးမြှင့်ပေးသွားမည်ဟု ကြေညာခဲ့သည်။ ဩစတြေးလျကလည်း ဇန်နဝါရီအစောပိုင်းက ငွေကြေးနှင့် ခရီးသွားလာမှုဆိုင်ရာ အရေးယူမှုအချို့ကို ဖြေလျှော့ပေးမည်ဟု ကြေညာခဲ့သည်။

ဝါရှင်တန်အနေဖြင့် အရေးယူမှုကိစ္စကို လုပ်ဆောင်ရန် ရှက်ရွံ့ရွံ့ရှိနေသော်လည်း မြန်မာနိုင်ငံနှင့် သံတမန် ဆက်ဆံရေး ပုံမှန်လုပ်ဆောင်သည့် အနေဖြင့် သံအမတ်ကြီးအဆင့် ထားရှိရန် ဦးသိန်းစိန်က နိုင်ငံရေးအကျဉ်းသား ၃ဝဝ ခန့် လွှတ်ပေးအပြီး နာရီပိုင်းအတွင်း ကြေညာခဲ့သည်။

အမေရိကန်တို့၏ အရေးယူမှုများ ရုတ်သိမ်းရေးမှာ ကွန်ဂရက်မှသာ လုပ်ဆောင်ရမည်ဖြစ်၍ လာမည့်လအနည်းငယ်အတွင်း ဖြစ်နိုင်ခြေမရှိသေးပါ။ ကွန်ဂရက်တွင် မြန်မာနိုင်ငံအပေါ် ပြင်းထန်စွာ ဝေဖန်ခဲ့သူ အများစုသည် ဦးသိန်းစိန်၏ အရပ်သားအစိုးအပေါ် သဘောတူသည့်အမြင်များ စတင် ပြောင်းလဲလာနေသည်ကို တွေ့ရသည်။

မြန်မာနိုင်ငံသို့ မကြာသေးမီက သွားရောက်ပြီး အစိုးရတာဝန်ရှိသူများနှင့်လည်းကောင်း၊ ဒေါ်အောင်ဆန်းစုကြည် နှင့်လည်းကောင်း တွေ့ဆုံခဲ့သူ ဆီနိတ်တာ မစ်ခ်ျမက်ကော်နဲက ယင်း၏ လုပ်ဖော်ကိုင်ဖက်များအား မကြာမီက ပြောကြားခဲ့ရာတွင် ပြုပြင်ပြောင်းလဲမှုများသည် အမှန်တကယ် ဖြစ်သည်ဟု ခံစားရကြောင်း၊ နောက်ထပ် လုပ်စရာများ ဆက်လုပ်ရဦးမည် ဖြစ်ကြောင်း ပြောကြားခဲ့သည်။ ယင်းသည် အရေးယူမှု ဥပဒေများ ထွက်ပေါ်ဖြစ်အောင် ကွန်ဂရက်တွင် လှုံ့ဆော်ခဲ့သူတစ်ဦးဖြစ်သည်။ ဆီနိတ်တာ မက်ကိန်းကလည်း ကြားဖြတ် ရွေးကောက်ပွဲများ လွတ်လပ်၍ တရားမျှတခဲ့ပါက အရေးယူမှုများ ဖြေလျှော့ရေးအတွက် တွန်းအားတစ်ခုဖြစ်မည်ဟု ပြောကြားခဲ့သည်။

ကာလရှည်ကြာကပင် မြန်မာနိုင်ငံကို စောင့်ကြည့်နေသူများကမူ နေပြည်တော်၏ ခြေလှမ်းများ၏ ရိုးသားမှုကို စောင့်ကြည့်နေကြဆဲ ဖြစ်သည်။ မြန်မာအစိုးရသည် ပြုပြင်ပြောင်းလဲမှုများ အဆက်မပြတ် ဖြစ်နေစေရန် သက်သေပြနိုင်ခြင်း မရှိဘဲနှင့်လည်းကောင်း၊ အငြင်းပွားဖွယ်ဥပဒေများ ပြင်ဆင်ခြင်း မရှိဘဲနှင့်လည်းကောင်း အရေးယူမှုများ ရုတ်သိမ်းရန်မှာ မဖြစ်နိုင်ကြောင်း၊ မလောသင့်ကြောင်း သတိပေးကြသည်။ မြန်မာစစ်တပ်မှ အုပ်စိုးသူများသည် ဟန်ဆောင်လုပ်ပြတတ်သည်ဟု နာမည်ဆိုးထွက်သည်များဖြစ်သည်။

စီးပွားရေးသုံးသပ်သူများက ပြောကြားရာတွင် မြန်မာနိုင်ငံ၌ စွမ်းအင်၊ စိုက်ပျိုးရေး၊ ထုတ်လုပ်ရေးနှင့် အခြေခံ အဆောက်အဦကဏ္ဍများတွင် ရင်းနှီးမြှုပ်နှံမှု အခွင့်အလမ်းရှိကြောင်း ဆိုသည်။ ထို့အပြင် ခရီးသွားကဏ္ဍကလည်း အဓိက တိုးတက်ရန် မျှော်လင့်နိုင်ပေသည်။ နိုင်ငံတကာ ငွေကြေး ရံပုံငွေအဖွဲ့ (IMF)ကလည်း မြန်မာနိုင်ငံသို့ နှစ်ပတ်ကြာ အကဲဖြတ်ခရီးစဉ်ပြီးဆုံးပြီးနောက် မြန်မာနိုင်ငံအား တိုးတက်ကြီးထွားနိုင်မှုနှုန်း မြင့်မားသော အလားအလာများရှိခြင်းကြောင့် အာရှ၏ နောက်ထပ် စီးပွားရေး အင်အားကြီးနိုင်ငံတစ်ခု ဖြစ်လာနိုင်ကြောင်း ညွှန်းဆိုခဲ့သည်။ ယခုလောလောဆယ် IMF သည် မြန်မာနိုင်ငံတွင် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုကို အဓိက တားဆီးနေသော ဆိုးရွားသည့် ငွေလဲလှယ်နှုန်းအပါအဝင် ငွေကြေးစနစ်ကြီးတစ်ခုလုံး ပြုပြင်ရန် အစိုးရနှင့် အလုပ်လုပ်ကိုင်နေလျက် ရှိသည်။

မြန်မာနိုင်ငံသည် စီးပွားရေးတိုးတက်နေသော အိန္ဒိယ၊ တရုတ်နှင့် အရှေ့တောင်အာရှတို့ မဟာဗျူဟာကျသော နေရာ၌ တည်ရှိလျက်ရှိရာ ကျောက်ဖြူတွင် တည်ဆောက်နေသော ဆိပ်ကမ်းသည် တရုတ်နိုင်ငံ၊ ယူနန်ပြည်နယ်အတွက် ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှုအား တံခါးဖွင့်ပေးပြီး ယူနန်သို့ ဆက်သွယ်သည့် ရေနံနှင့် ဓာတ်ငွေ့ပိုက်လိုင်း အတွက်လည်း အရေးပါနေသည်။ ထို့အပြင် ပို၍ ကြီးသော ထားဝယ်ရှိ ဘီလျံဒေါ်လာတန် ဆိပ်ကမ်းစီမံကိန်းမှာ မြန်မာနိုင်ငံကို ထိုင်းနိုင်ငံနှင် ဆက်သွယ်ပေးရုံမက အရှေ့တောင်အာရှ တစ်ခုလုံးကို တရုတ်တောင်ပိုင်းနှင့် ဆက်သွယ်ပေးသည်။ ယင်းသည် စွမ်းအင်နှင့် ကုန်ပစ္စည်းများသယ်ယူရာတွင် ပို၍ြုမန်ပြီး မလက္ကာရေလက်ကြားနှင့် စင်ကာပူကို သွားရန် မလိုသော စရိတ်သက်သာသည့် လမ်းကြောင်း ဖြစ်သည်။ အဆိုပါ ဆိပ်ကမ်းတွင် ရင်းနှီးမြှုပ်နှံသူသည် ယင်းနှင့်ဆက်စပ်နေသော အခြေခံအဆောက်အဦ တိုးတက်မှုလုပ်ငန်းများနှင့် အထူးစီးပွားရေးဇုန်တို့တွင်လည်း ရင်းနှီးမြှုပ်နှံနိုင်သည်။

အမျိုးသားစီမံကိန်းနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု ဝန်ကြီးဌာနသည် ရင်းနှီးမြှုပ်နှံသူများအား ဥပဒေအရ အကာအကွယ်ပေးပြီး ယင်းတို့ကို ဆွဲဆောင်နိုင်ရန် ရင်းနှီးမြှုပ်နှံမှုဥပဒေအား မကြာခင်က ပြန်လည်သုံးသပ်လျက် ရှိသည်။ ရထားပို့ဆောင်ရေး ဒုဝန်ကြီး ဦးသောင်းလွင်က အိမ်နီးချင်းများအား ဆွဲဆောင်နိုင်ရန် ဥပဒေရေးဆွဲရေးအတွက် နိုင်ငံခြားသား ပညာရှင်များအား ငှားရမ်းထားကြောင်း သတင်းထောက်များအား မကြာမီက ပြောကြားခဲ့သည်။ အဆိုပါ ဥပဒေသစ်ကို စက်တင်ဘာလက ပါလီမန်သို့ တင်ပြခဲ့ရာ ဖေဖော်ဝါရီလကုန်တွင် ဥပဒေအဖြစ် အတည်ပြုနိုင်လိမ့်မည်ဟု ဦးသောင်းလွင်၏ အဆိုအရ သိရှိရသည်။

ယခု တတိယအကြိမ် လွှတ်တော်အစည်းအဝေးကို ဇန်နဝါရီလ ၂၆ ရက်နေ့တွင် စတင်နေပြီဖြစ်ရာ ဘတ်ဂျတ်ကိစ္စနှင့် အကျင့်ပျက်ခြစားမှု တိုက်ဖျက်ရေးကိစ္စများကို အဓိကထားမည်ဟု ယူဆရသည်။ ရင်းနှီးမြှုပ်နှံမှုဥပဒေသစ်တွင် ယခင်က ရင်းနှီးမြှုပ်နှံသူများသည် အစိုးရ၊ စစ်တပ်နှင့် ရင်းနှီးသော ဩဇာရှိသော စီးပွားရေးသမားများမှတစ်ဆင့်သာ လုပ်ကိုင်ရခြင်းများ လွှမ်းမိုးနေမှုကို ဖယ်ရှားနိုင်လိမ့်မည်ဟုလည်း မျှော်လင့်ရသည်။ ဥပဒေသစ်အရ နိုင်ငံခြားသားရင်းနှီးမြှုပ်နှံသူများအတွက် အခွန်ကင်းလွတ်ခွင့် ၈ နှစ်ပေးမည်ဟု နေပြည်တော်က စနေနေ့က ကြေညာခဲ့သည်။

တိုင်းပြည်၏ နိုင်ငံတကာပုံရိပ် တိုးတက်ကောင်းမွန်လာသည်နှင့်အမျှ ပြည်တွင်းရှိ စီးပွားရေးလုပ်ငန်းရှင်များသည်လည်း ရေမြင့်၍ ကြာတင့်လာမည် ဖြစ်ရာ နိုင်ငံခြားကုမ္ပဏီများက ပြည်တွင်းပါတနာရှာရာတွင် အထောက်အကူပြုမည် ဖြစ်သည်။ ဦးတေဇ၊ ဦးဇော်ဇော် စသည့် ထင်ရှားသည့် စီးပွားရေးလုပ်ငန်းရှင်များအား ယခင် စစ်အစိုးရ၏ အခွင့်ထူးခံများအဖြစ် အများက ရှုမြင်ကြပြီး အချို့စီးပွားရေးလုပ်ငန်းရှင်များကိုလည်း မူးယစ်ဆေးဝါး ရောင်းဝယ်မှုနှင့်ပတ်သက်သူများအဖြစ် ရှုမြင်ကြသည်။ မကြာသေးခင်က နိုင်ငံတကာတွင် မြန်မာနိုင်ငံ၏ အပေါင်းလက္ခဏာဆောင်သော ကောင်းသတင်းများကြောင့် ယင်းတို့၏ ပုံရိပ်သည်လည်း ကောင်းလာနိုင်ပါသည်။

အကယ်၍ ရင်းနှီးမြှုပ်နှံမှု ဥပဒေသစ် အတည်ပြုပြီးသည့်တိုင် စိုးရိမ်ဖွယ် အချက်များ ကျန်ရှိနေသေးရာ ဥပဒေစိုးမိုးမှု အားနည်းခြင်း၊ ကျွမ်းကျင်မှု မရှိခြင်းနှင့် လွတ်လပ်မှု မရှိခြင်းတို့ ဖြစ်သည်။ မြန်မာနိုင်ငံတွင် အမြစ်တွယ်နေသော အကျင့်ပျက်ခြစားမှုကလည်း အဓိက ကိစ္စတစ်ခုဖြစ်သည်။ Transparency International ၏ ပြီးခဲ့သည့်နှစ်က အကျင့်ပျက်ခြစားမှုညွှန်းကိန်းများတွင် မြန်မာနိုင်ငံသည် ကမ္ဘာပေါ်တွင် မြောက်ကိုရီးယားနှင့် ဆိုမာလီယာ တို့ပြီးလျှင် တတိယလိုက်ခဲ့သည်။

လက်ရှိအာဏာရှိနေသေးသော စစ်တပ်နှင့် တံခါးဖွင့်လာသော ရင်းနှီးမြှုပ်နှံမှုတို့၏ ဆက်ဆံရေးသည် မည်သို့ ရှိနေမည်မှာ မသဲကွဲလှပေ။ အထူးသဖြင့် နယ်များတွင် ဖြစ်သည်။ မြန်မာစစ်တပ်မှ တိုင်းမှူးများသည် ယင်းတို့၏ ဒေသများတွင် စစ်ဘုရင်များ အသွင်ဖြင့် နေထိုင်၍ စီးပွားရေး အကျိုးစီးပွားများကို ထူထောင်ထားကြသည်။ နေပြည်တော်နှင့် အခြားမြို့ကြီးများနှင့် ဝေးရာဒေသများတွင် စစ်တပ်နှင့် အရပ်ဘက်တာဝန်ရှိသူများသည် ရင်းနှီးမြှုပ်နှံမှုဥပဒေကို တလွဲအဓိပ္ပာယ်ကောက် လုပ်ဆောင်မှုများပေါ်လာမည်ကို တွေ့မြင်နေရသည်။

အချို့ရင်းနှီးမြှုပ်နှံသူများက ယင်းတို့၏ စီမံကိန်းများနှင့် လူ့အခွင့်အရေးချိုးဖောက်မှုများ၏ ဆက်စပ်မှု ဖြစ်နိုင်ခြေများကို စိုးရိမ်ကြသည်။ အတိအကျ ဆိုရသော် အတင်းအကျပ် လုပ်အားပေး စေခိုင်းမှုများနှင့် ဆိုးရွားသော လုပ်ရကိုင်ရသော အခြေအနေများ ဖြစ်သည်။ ရှမ်းပြည်နယ်ရှိ စိုက်ပျိုးရေးနှင့် ပတ်သက်သော လုပ်ငန်းများမှာ ရွာများ ရွှေ့ပြောင်းပေးရသည်နှင့် ဆက်စပ်နေနိုင်သည်။ လမ်းဖောက်လုပ်ရေးလုပ်ငန်းများမှာ အတင်းအကြပ် လုပ်အားပေး စေခိုင်းမှုများကို အသုံးပြုကြသည်။ ဖားကန့်ရှိ ကျောက်စိမ်းတွင်းများတွင် လုပ်ရကိုင်ရသော အခြေအနေမှာ ဆိုးရွားလှပြီး လုပ်ခနည်းခြင်း၊ နာရီပေါင်းများစွာ အလုပ်လုပ်ရခြင်း၊ လက်နက်ကိရိယာများမပြည့်စုံခြင်းနှင့် မူးယစ်ဆေးဝါး အသုံးပြုခြင်းကြောင့် HIV/AIDS ကူးစက်မှုနှုန်းမြင့်မားခြင်းတို့ ရှိနေသည်။

ရင်းနှီးမြှုပ်နှံသူများသည် မြန်မာနိုင်ငံ၏ အခြေအနေမကောင်းသော အခြေခံအဆောက်အဦးကိုလည်း ကြည့်ရဦးမည် ဖြစ်သည်။ တိုင်းပြည်တစ်ဝှမ်းတွင် လျှပ်စစ်ဓာတ်အား လုံလောက်မှုလည်း မရှိပေ။ လမ်းများ၊ ရထားလမ်းများမှာ ပြုပြင်ထိန်းသိမ်းမှု အားနည်းခြင်း၊ ဆိပ်ကမ်းများမှာ ပစ္စည်းပြည့်စုံမှု မရှိခြင်းများကိုလည်း တွေ့ရမည် ဖြစ်သည်။

စွမ်းအင်နှင့် သယ်ယူပို့ဆောင်ရေးကဏ္ဍတွင် ဖွံ့ဖြိုးတိုးတက်အောင် ကြီးမားစွာ လုပ်ဆောင်ခြင်းမရှိပါက ရင်းနှီးမြှုပ်နှံသူများသည် အမြတ် ရနိုင်သော ထုတ်လုပ်မှုလုပ်ငန်းများ ထူထောင်ရန် ခက်ခဲမည်ဖြစ်ပြီး ထုတ်ကုန်များအား ဈေးကွက်သို့ အချိန်မီ ပို့နိုင်ရန် မဖြစ်နိုင်ပေ။ တရုတ်ကုမ္မဏီများ အပါအဝင် မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံမည်သူ အများစုသည် စွမ်းအင်ကဏ္ဍနှင့် သယံဇာတ ထုတ်ယူရေးတွင်သာ အာရုံစိုက်ကြသည်။ ထိုသို့သော လုပ်ငန်းများသည် စီးပွားရေးလုပ်ငန်းရှင်အတွက် ကြီးမားသော အမြတ်အစွန်းရနိုင်သော်လည်း တိုင်းပြည်မှ သေချာစွာ စီမံခန့်ခွဲခြင်းနှင့် ထိရောက်စွာ အခွန်ကောက်နိုင်ခြင်း မရှိပါက ယခုအစိုးရကရော အတိုက်အခံကပါ ပြောနေသော အလုံးစုံစီးပွားရေး တိုးတက်မှုမျိုးရနိုင်မည် မဟုတ်ပေ။

တိုင်းရင်းသားဒေသများတွင် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု အလွန်အမင်း လိုအပ်လျက် ရှိရာ တိုင်းရင်းသားပြည်နယ်များတွင်း ရင်းနှီးမြှုပ်နှံမည့် သူများသည် ဗဟိုအစိုးရနှင့် အဆိုပါတိုင်းရင်းသားတို့ကြား သယံဇာတ ပိုင်ဆိုင်ခွင့် အငြင်းပွားမှုကို ကြုံတွေ့ရမည် ဖြစ်သည်။ အချို့တိုင်းရင်းသားများသည် မကြာမီက အပစ်အခတ် ရပ်စဲခဲ့သော်လည်း လက်နက်ကိုင်ဆောင်ထားဆဲ ဖြစ်သည်။

အဆိုပါ တိုင်းရင်းသားအုပ်စုများသည် ပြည်တွင်းစစ်ကြောင့် ဖွံ့ဖြိုးတိုးတက်ရန် လိုအပ်နေသော ယင်းတို့၏ ဒေသများတွင် ရင်းနှီးမြှုပ်နှံမှုသည် များစွာ အထောက်အကူပြုသည်ဟု ရှုမြင်ကြသည့်နည်းတူ ပတ်ဝန်းကျင်ဆိုင်ရာ တိုးတက်မှုအတွက် အန္တရာယ်ရှိသည်ကိုလည်း သိမြင်နေကြသည်။

အနောက်တိုင်းက မြန်မာနိုင်ငံ၏ တောက်ပသောအလားအလာများကို စိတ်ဝင်တစား ကြည့်ရှုနေသော်လည်း အာရှမှ ကုမ္မဏီအများစုသည် ယခင်ကတည်းက မြန်မာနိုင်ငံသို့ ဝင်ရောက်ပြီး ဖြစ်သည်။

နိုင်ငံတွင်း လောလောဆယ် ဥပဒေ၏ အကာအကွယ်ပေးမှုနှင့် အခြေခံအဆောက်အဦများ မရှိသေးဘဲနှင့်ပင် စီးပွားရေးလုပ်ဆောင်မည့်သူများက သံသယများရှိနေဆဲ ဖြစ်သော်လည်း မြန်မာနိုင်ငံသည်အာရှ၏ နောက်ထပ် အင်အားကြီးတစ်နိုင်ငံ အဖြစ်သို့ လျင်မြန်စွာ ရောက်ရှိနေပြီ ဖြစ်သည်။

 *****************************************************************************************************************


Google Docs makes it easy to create, store and share online documents, spreadsheets and presentations.
Logo for Google Docs

0 comments:

Post a Comment