Transparency Myanmar

transparency.myanmar@gmail.com

yangonchronicle2011
yangonchronicle2011

၎.၂.၂၀၁၂

ပြည်တွင်းသတင်းများ

  1. မြန်မာနိုင်ငံတွင် ကြွေးမြီ ကန်ဒေါ်လာသန်းပေါင်း ၁၁ သန်းကျော်ဆပ်ရန်ရှိ
  2. မြန်မာ့ရေပိုင်နက်နှင့် ဇာဒက်ကြီးကျွန်းကြားရှိ ရေပြင်တွင် ငါးမဖမ်းရန် ကြေညာချက် ထုတ်ပြန်

 

ပြည်တွင်းပါတီ၊ နိုင်ငံရေးသတင်းများ

  1. ကော်မရှင် ညွှန်ကြားချက်ဖြင့် ပါတီများ မဲဆွယ်စည်းရုံးရေးလုပ်ဆောင်ရမည်
  2. ပိတ်ဆို့မှုများမှ မိမိတို့နိုင်ငံအတွက် အပြောင်းအလဲဖြစ်စေတဲ့ ဖိအားဖြစ်ကြောင်း ဇာဂနာပြောကြား
  3. ကရင်ဒီမိုကရက်တစ်ပါတီမှတ်ပုံတင်ခွင့် ရရှိ

 သတင်းနှင့် ဆောင်းပါးများမှ ကောက်နှုတ်ချက်များ

*****************************************

ပြည်တွင်းသတင်းများ

မြန်မာနိုင်ငံတွင် ကြွေးမြီ ကန်ဒေါ်လာသန်းပေါင်း ၁၁ သန်းကျော်ဆပ်ရန်ရှိ

ဇန်န၀ါရီလ ၃၁ရက်နေ့၌ ကျင်းပပြုလုပ်သည့် ပြည်ထောင်စုလွှတ်တော် အစည်းအဝေးတွင် ဘဏ္ဍာရေးဝန်ကြီး ဦးလှထွန်းမှ ဦးနေဝင်း လက်ထက်မှ ယခင် နဝတ၊ နအဖ စစ်အစိုးရလက်ထက်အထိ ပြည်ပမှချေးယူခဲ့သော ကြွေးမြီစာရင်းမှာ အမေရိကန်ဒေါ်လာသန်းပေါင်း ၁၁၀၂၃.၂၉၈ သန်း ပေးရန်ရှိသည်ဟု ထုတ်ဖော်ပြော ကြားသွားသည်။

ထိုထဲတွင် ၁၉၈၈မတိုင်ခင်တွင် ပြည်ပမှ ချေးယူထားမှုများတွင် ဂျပန်နိုင်ငံအား သန်းပေါင်း ၆၀၀၀ ကျော် အများဆုံးပေးဆပ်ရမည် ဖြစ်ပြီး ၁၉၈၈နောက်ပိုင်းဖြစ်သည့် စစ်အစိုးရလက်ထက်တွင် တရုတ်အား ဒေါ်လာသန်း ၂၁၀၀ ကျော် ပေးရမည်ဟုလည်း ၎င်းမှ ထပ်မံပြောကြားသည်။

“အဲဒီလို ထုတ်ဖော်ပြောဆိုရခြင်းမှာ ရသုံးမှန်းခြေငွေစာရင်းနဲ့ ပတ်သက်ပြီး ပြည်ထောင်စုက ဥပဒေကြမ်းကို အသေးစိတ် ဖော်ပြရမှာဖြစ်ပြီး ထိုအကြွေးများနှင့် ပတ်သက်၍လည်း ဥပဒေဘောင်အတွင်းမှ သတ်မှတ်ထားသည့်နည်းလမ်းဖြင့် ဖြေရှင်းဆွေးနွေးသွားမှာ ဖြစ်တယ်”ဟု သင်္ဃန်းကျွန်း မြို့နယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးသိန်းညွန့်မှ ပြောကြားသည်။

ထိုသို့ ပြည်ပမှ ချေးယူထားသည့် နိုင်ငံများမှာ ဂျပန်၊ တရုတ်၊ အေဒီဘီ၊ အိုင်ဒီအေ၊ ဒိန်းမတ်၊ ဂျာမနီ၊ ကနေဒါ၊ ဖင်လန်၊ ပြင်သစ်၊ နယ်သာလန်၊ နော်ဝေ၊ အီတလီ၊ သြစတြေီးယား၊ အင်္ဂလန်များနှင့် အာရှဒေသတွင်း နိုင်ငံများတို့ ဖြစ် သည်ဟုလည်း ဘဏ္ဍာရေးဝန်ကြီး ဦးလှထွန်းမှ ရှင်းပြသွားသည်။

ထို့ပြင် ချေးငွေများယူထားသည့် နိုင်ငံများနှင့်ပတ်သက်၍ လောလောဆယ်တွင် ချေးငွေယူခြင်းနှင့် အကူအညီပေးမှုများကို ရပ်ဆိုင်း ထားပြီ ဖြစ်ကြောင်းနှင့် ယခုအချိန်တွင် မြန်မာနိုင်ငံအနေဖြင့် ဖွံ့ဖြိုးရေးလုပ်ငန်း လုပ်ဆောင်နေခြင်း တို့ကြောင့်ဖြစ်သည်ဟု ၎င်းမှ ထပ်မံရှင်းပြသွားကြောင်း လွှတ်တော်ကိုယ်စားလှယ်တစ်ဦး၏ ပြောကြားချက်အရ သိရသည်။

ယခုအချိန်တွင် မြန်မာနိုင်ငံသည် ဒီမိုကရေစီစနစ် ကူးပြောင်းသောကာလဖြစ်သည့်အားလျော်စွာ ပြည်သူ့အုပ်ချုပ်ရေးနှင့် ပြည်သူ့ဘဏ္ဍာရေး ငွေစနစ်ဖြစ်ခြင်းကြောင့် ရသုံးမှန်းခြေငွေစာရင်းအား တိကျမှန်ကန်စွာ ထုတ်ပြန်မည်ဖြစ်ကြောင်းနှင့် ယင်းငွေများကို ပြန်လည်သုံးစွဲရာတွင်လည်း ပြည်သူ့ ဆန္ဒနှင့် ညီညွတ်စွာ အသုံးပြုမည်ဟု ဇန်နဝါရီလ ၁ရက်နေ့ ပြည်ထောင်စုလွှတ်တော် နာယက ဦးခင်အောင်မြင့်မှတွင် ပြောဆိုခဲ့သည်ဟု နိုင်ငံပိုင် သတင်းစာများမှ တွေ့ရှိရသည်။

ATM

-----------------------------------------------------------------------------------------------------------------------------------

မြန်မာ့ရေပိုင်နက်နှင့် ဇာဒက်ကြီးကျွန်းကြားရှိ ရေပြင်တွင် ငါးမဖမ်းရန် ကြေညာချက် ထုတ်ပြန်

မြန်မာ့ရေပိုင်နက် နယ်နိမိတ်နှင့် ဇာဒက်ကြီးကျွန်းကြားရှိ ရေပြင်တွင် ၂၀၁၂ ခုနှစ် ဇန်နဝါရီလမှ စတင်၍ သားငါးဖမ်းဆီးခြင်း မပြုလုပ်ရန် သက်ဆိုင်ရာမှ အမိန့်ကြေငြာစာအမှတ် ၁/၂၀၁၂ ဖြင့် ထုတ်ပြန်ကြေညာခဲ့ကြောင်း သိရသည်။

ယခုကဲ့သို့ နယ်နိမိတ်သတ်မှတ်၍ ပင်လယ်ပြင် သားငါးဖမ်းဆီးခြင်း ပိတ်ပင်ခဲ့ရခြင်းမှာ အဓိကအနေဖြင့် လုံခြုံရေးဆိုင်ရာ အခြေအနေများ ကြောင့်ဖြစ်ပြီး သတ်မှတ်ထားသည့် နယ်နိမိတ်များတွင် ငါးဖမ်းလုပ်ငန်း လုပ်ကိုင်မည့်သူများအား ထိရောက်စွာ အရေးယူ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ငါးလုပ်ငန်းဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

ယခင် နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီလက်ထက်၌ ငါးမဖမ်းရန် နယ်နိမိတ်သတ်မှတ်ရာတွင် ကာကွယ်ရေးဦးစီးချုပ် (ကြည်း)၏ ညွှန်ကြားချက်ဖြင့် ၁၉၉၉ မတ်လ ၁၉ ရက်နေ့တွင် အမိန့်ကြေငြာစာအမှတ် ၅/၉၉ ဖြင့် မြောက်လတ္တီတွင် ၁၁ ဒီဂရီမိနစ်အောက်တွင် ငါးဖမ်းဆီးခွင့် မပြုကြောင်း ထုတ်ပြန်ကြေငြာခဲ့သည်။

ထို့ပြင် ပင်လယ်ငါးဖမ်းကမ်းဝေးရေယာဉ်များ စည်းကမ်းဖောက်ဖျက်ပါက ပထမအကြိမ် ကျပ်သိန်း ၂၀၊ ဒုတိယအကြိမ် ဒဏ်ကြေးနှစ်ဆ ပေးဆောင်ရန် သတ်မှတ်ခဲ့သော်လည်း ယခုအခါ ၎င်းရေယာဉ်များ စည်းကမ်းဖောက်ဖျက်ပါက ဒဏ်ကြေး ပေးဆောင်ခြင်းများအပြင် ပြည်သူ့ဘဏ္ဍာအဖြစ် သိမ်းဆည်းခြင်းကိစ္စရပ်များကိုပါ ပြုလုပ်တော့မည်ဖြစ်ကြောင်း မြန်မာနိုင်ငံငါးလုပ်ငန်းဦးစီးမှ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။

သက်ဆိုင်ရာတာဝန်ရှိသူများမှ ရေလုပ်ငန်းသားများအဆင်ပြေနိုင်စေရန် ၂၀၁၂ ခုနှစ် ဇန်နဝါရီလ ၁၃ ရက်နေ့တွင် ရန်ကုန်အခြေပြု ကမ်းဝေး ငါးဖမ်းရေယာဉ်များအား ငါးဖမ်းရက် ၉၀ ခွင့်ပြုပေးခြင်း၊ နိုင်ငံသားပိုင် ကမ်းဝေးငါးဖမ်း ရေယာဉ်များအနေဖြင့် ကြိုက်နှစ်သက်သည့် ငါးဖမ်းကွက် လိုင်စင်ရယူ၍ ငါးဖမ်းဆီးခြင်းနှင့် သက်ဆိုင်ရာ စစ်ဆေးရေးစခန်းများသို့ သတင်းပို့ အစစ်ဆေးခံ ဆောင်ရွက်သွားခြင်းများကို ခွင့်ပြုပေးခဲ့ကြောင်း သိရသည်။

ထိုသို့ ခွင့်ပြုပေးထားသောလည်း ရေလုပ်သားများအနေဖြင့် တရားမဝင်နည်းလမ်းဖြင့် ငါးရောင်းချခြင်းနှင့် ပိတ် ပင်ထားသည့် ဧရိယာများတွင် ငါးဖမ်းဆီးခြင်းများရှိပါက မြန်မာ့ပင်လယ်ငါးလုပ်ငန်းဥပဒေနှင့်အညီ လုပ်ငန်းရပ် ဆိုင်းခြင်း၊ ဒဏ်တပ်ခြင်းနှင့် ပြည်သူ့ဘဏ္ဍာအဖြစ် သိမ်းဆည်းခြင်းတို့ကို ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

YC

*****************************************

ပြည်တွင်းပါတီ၊ နိုင်ငံရေးသတင်းများ

ကော်မရှင် ညွှန်ကြားချက်ဖြင့် ပါတီများ မဲဆွယ်စည်းရုံးရေးလုပ်ဆောင်ရမည်

ဧပြီလ ၁ ရက်နေ့၌ ကျင်းပမည့် ကြားဖြတ်ရွေးကောက်ပွဲများတွင် နိုင်ငံရေး ပါတီအသီးသီးမှ လွှတ်တော် ကိုယ်စားလှယ်လောင်းများ အနေဖြင့် မဲဆွယ် စည်းရုံးခြင်း၊ စုဝေးပောာပြောခြင်းများ ပြုလုပ်ရာတွင် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်၏ ဥပဒေညွှန်ကြားချက်နှင့်အညီ လုပ်ဆောင်ရမည် ဖြစ်ကြောင်း ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်မှ ဇန်နဝါရီလ ၃၁ ရက်နေ့တွင် အသိပေး ကြေညာခဲ့သည်။

လစ်လပ်မဲဆန္ဒနယ်အသီးသီးရှိ သက်ဆိုင်ရာ ကော်မရှင်အဖွဲ့ခွဲများမှ ၂၀၁၂ ခုနှစ် ဖေဖော်ဝါရီလ ၆ ရက်နေ့မှ ၁၀ ရက်နေ့အတွင်း ဧပြီလ ၁ ရက် နေ့၌ ကျင်းပမည့်ကြားဖြတ်ရွေးကောက်ပွဲများတွင် ဝင်ရောက်ယှဉ်ပြိုင်မည့် လွှတ်တော် ကိုယ်စားလှယ်လောင်းများကို စိစစ်အတည်ပြုမည် ဖြစ်ကြောင်း ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်၏ ကြေညာချက်၌ ဖော်ပြပါရှိသည်။

လွှတ်တော်ကိုယ်စားလှယ်လောင်းများအနေဖြင့် မဲဆွယ်စည်းရုံးခြင်းနှင့် စုဝေးပောာပြောခြင်းများကို ၎င်းတို့၏ သက်ဆိုင်ရာ ပါတီဌာနချုပ်နှင့် ပါတီရုံးခွဲများတွင် ပြုလုပ်ပါက ကော်မရှင်သို့ ခွင့်ပြုချက် လျှောက်ထားရန်မလိုဘဲ အသိပေးရန်သာ လိုအပ်ကြောင်း၊ သို့သော် (ပါတီရုံးများမှအပ) အခြားနေရာ ဒေသများတွင် စုဝေးပောာပြောလိုပါက ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်၏ သတ်မှတ်စည်းကမ်းနှင့်အညီ သက်ဆိုင်ရာကော်မရှင် အဖွဲ့ခွဲသို့ ခုနှစ်ရက် ကြိုတင် အကြောင်းကြား လျှောက်ထားပြီး ခွင့်ပြုမိန့်ရရှိမှသာ ကိုယ်စားလှယ်လောင်းများအနေဖြင့် မဲဆွယ်စည်းရုံးခွင့်နှင့် စုဝေး ပောာပြောခွင့် ရရှိမည်ဖြစ်ကြောင်း သိရသည်။

လက်ရှိအချိန်တွင် မြန်မာနိုင်ငံ တစ်ဝန်းလုံး၌ လွှတ်တော်တွင်းလစ်လပ်မဲဆန္ဒနယ် (၄၈) နေရာရှိကြောင်း သိရ သည်။

YC

-----------------------------------------------------------------------------------------------------------------------------------

ပိတ်ဆို့မှုများမှ မိမိတို့နိုင်ငံအတွက် အပြောင်းအလဲဖြစ်စေတဲ့ ဖိအားဖြစ်ကြောင်း ဇာဂနာပြောကြား

ဖေဖော်ဝါရီလ ၂ရက်နေ့တွင် ဝါရှင်တန်ဒီစီတွင် National Endowment for Democracy (NED) မှ ဦးစီးကျင်းပသည့် မြန်မာ့အရေး ဆွေးနွေးပွဲတွင် မြန်မာနိုင်ငံမှ ရုပ်ရှင်သရုပ်ဆောင် ကိုဇာဂနာမှ မြန်မာနိုင်ငံအပေါ် ပိတ်ဆို့တားဆီးမှုများမှာ ရှိသင့်ကြောင်းနှင့် ထိုကဲ့သို့ ပိတ်ဆို့တားဆီးမှုများ ရှိမှသာ ပြုပြင်ပြောင်းလဲမှုတစ်ခုဖြစ်ပွားလာမည်ဟု ပြောကြားသည်။

“အမေရိကန်နဲ့ ဥရောပသမ္မဂအဖွဲ့တွေက ပိတ်ဆိုးအရေးယူမှုတွေဟာ မြန်မာနိုင်ငံ ပြောင်းလဲစေရန်အတွက် ပိုပြီးအသုံးတည့်သည့် ဖိအား ဖြစ်ကြောင်း” ၎င်းမှ ပြောကြားသည်။

ယင်းဆွေးနွေးပွဲသို့ အမေရိကန်မှ ဒီမိုကရေစီလူ့အခွင့်အရေးနှင့် အလုပ်သမားရေးရာ လက်ထောက် နိုင်ငံခြားရေးဝန်ကြီး တစ်ဦးဖြစ်သူ မစ္စတာ မိုက်ကယ်ပို့စ်နာ တက်ရောက်ခဲ့ပြီး မြန်မာနိုင်ငံ၏ လက်ရှိပြောင်းလဲနေမှုအား ယုံကြည်နေရ ခြင်းမှာ ၎င်းတို့အနေဖြင့် သက်သေခိုင်လုံမှုရှိသောကြောင့်ဖြစ်ပြီး ထိုသက်သေခိုင်လုံမှုများ မရှိပါက အမေရိကန်အစိုးရ အနေဖြင့်လည်း ဆက်ဆံရေး မူဝါဒဟာ အလျင်အမြန် ပြောင်းသွားဖို့ မရှိဘူးဟုလည်း ပါဝင်ဆွေးနွေး ပြောဆိုသွားသည်။

ထိုမြန်မာ့အရေးဆွေးနွေးဟောပြောပွဲသို့ မြန်မာနိုင်ငံမှ ရုပ်ရှင်သရုပ်ဆောင် ကိုဇာဂနာနှင့် အမျိုးသားဒီမိုကရေစီ အင်အားစုပါတီ (NDF)မှ ဒေါ်ဘောက်ဂျာတို့ ပါဝင်တက်ရောက်ဆွေးနွေးခဲ့သည်ဟု သတင်းဆိုက်များမှ သိရသည်။

ATM

-----------------------------------------------------------------------------------------------------------------------------------

ကရင်ဒီမိုကရက်တစ်ပါတီမှတ်ပုံတင်ခွင့် ရရှိ

ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်မှ နိုင်ငံရေး ပါတီများ မှတ်ပုံတင်ခြင်း ဥပဒေနှင့်အညီ ဦးစောသန်းကျော်ဦးမှ ဦးဆောင်၍ ပါတီမှတ်ပုံတင် ခွင့်ပြုချက်လျှောက်ထားလာသည့် ကရင်ဒီမိုကရက်တစ်ပါတီအား ၂၀၁၂ ဖေဖော်ဝါရီလ ၁ ရက်နေ့ ရက်စွဲဖြင့် နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ခွင့်ပြု လိုက်ကြောင်း နိုင်ငံပိုင်သတင်းစာများတွင် ဖော်ပြပါရှိသည်။

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှ ကရင်ဒီမိုကရက်တစ်ပါတီအား ကြေညာချက်အမှတ်(၆/၂၀၁၂) ဖြင့် နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေပုဒ်မ ၉ နှင့်အညီ မှတ်ပုံတင်ခွင့်ပြုခဲ့ပြီး ကရက်ဒီမိုကရက်တစ်ပါတီ၏ ပါတီ မှတ်ပုံတင်အမှတ်စဉ်မှာ (၅၁) ဖြစ်ကြောင်း သိရသည်။

ကရင်ဒီမိုကရက်တစ်ပါတီ၏ ပါတီရုံးချုပ်အား ကရင်ပြည်နယ်၊ ဘားအံမြို့နယ်၊ အမှတ်(၉)ရပ်ကွက်(ရေကျော်)၊ ဗိုလ်ချုပ်လမ်းမကြီး၊ အမှတ်(၂၅၄) တွင် ဖွင့်လှစ်ထားကြောင်း သိရသည်။

၂၀၁၀ ခုနှစ် နိုဝင်ဘာလဆန်းတွင် ပါတီစည်းကမ်းဖောက်ဖျက်မှုဖြင့် ဖလုံ-စဝေါ် ဒီမိုကရက်တစ်ပါတီအား ဖြုတ်ချရန် ပါတီဝင်များမှ ဆွေးနွေး ညှိနှိုင်းခဲ့ပြီး လစ်လပ်သွားသော ဖလုံ-စဝေါ် ဒီမိုကရက်တစ်ပါတီ ဥက္ကဋ္ဌနေရာတွင် ကရင်ပြည်နယ်လှိုင်းဘွဲ့နယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးစောသိန်းအောင်အား အစားထိုး တင်မြှောက်ခဲ့ကြောင်း သိရသည်။

ထို့ပြင် ကရင်ဒီမိုကရက်တစ်ပါတီမှ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သို့ ပါတီတည်ထောင်ခွင့်ပြုချက် လျှောက်ထားရာ၌ ဖလုံ-စဝေါ်ပါတီမှ ပါတီအမည်တူသည့်အတွက် ကရင်ဒီမိုကရက်တစ်ပါတီအမည်အား ကန့်ကွက်ခဲ့ ကြောင်း သိရသည်။

YC

*****************************************

သတင်းနှင့် ဆောင်းပါးများမှ ကောက်နှုတ်ချက်များ

''PPP နဲ့ လုပ်တာပဲဖြစ်ဖြစ်၊ BOT နဲ့လုပ်တာပဲဖြစ်ဖြစ် ဥပဒေ၊ နောက်ထပ် အရေးအကြီးဆုံးက နည်းဥပဒေမရှိဘူးဆိုရင် အများပြည်သူနဲ့ ဆက်စပ်တဲ့ လုပ်ငန်းတွေမှာ ပြဿနာရှိလာရင် ဖြေရှင်းရခက်ပါတယ်။ နည်းဥပဒေမရှိရင် အရေးယူတာလုပ်လို့ မရဘူး၊ အခုလည်းနည်းဥပဒေ မရှိသေးတဲ့အတွက် PPP လုပ်လို့မရသေးဘူးလို့ ပညာရှင်တွေက ထောက်ပြထားတယ်။ ဥပမာ FDA စား သောက်ကုန်တွေ မစစ်တာ မဟုတ်ဘူး၊ စစ်တယ်။ ခဏခဏ စစ်တယ်။ ဒါပေမယ့် နည်းဥပဒေ အခုထိမရှိလို့ ထိရောက်တဲ့ အရေးယူမှုမပြုနိုင်ဘူး။ ဒီတော့ လုပ်တဲ့သူက ဆက်လုပ်နေရော၊ ခဏခဏ ပြန်စစ်ရရော။ ဒါမျိုးဖြစ်လို့ မရဘူး။ အဲဒါကြောင့် အခုဆို BOT စနစ်နဲ့ ပေးထားတာက အများနဲ့ဆိုင်တာချည်းပဲ လွတ်ကင်းတာ တစ်ခုမှမရှိဘူး။ နေ့စဉ် အများပြည်သူက ပေးပြီး သုံးစွဲရမယ့် အပိုင်းချည်းပဲ။ အများပြည်သူနဲ့ဆိုင်တဲ့အတွက် နည်းဥပဒေကိုတော့ တိကျစွာထားပြီး ထိန်းသိမ်းဖို့လိုတယ်''

ဇန်နဝါရီ ၃၁ ထုတ် Weekly ELEVEN အတွဲ (၄) အမှတ် (၄၄) တွင်ပါသည့် “မြန်မာတစ်နိုင်ငံလုံးတွင် BOT စနစ်ဖြင့် လုပ် ကိုင်နေသည့် စီမံကိန်းလုပ်ငန်း ၆၄ ခုထိရှိလာ၊ လမ်း၊ လေဆိပ်၊ ဆိပ်ကမ်း၊ လျှပ်စစ်စွမ်းအားကဲ့သို့ အများပြည်သူထံမှ နေ့စဉ်ဝင်ငွေရရှိသော လုပ်ငန်းများဖြစ်နေပြီး နိုင်ငံခြားသား လုပ်ငန်းရှင်များမှ ၈ ခု၊ နိုင်ငံသားလုပ်ငန်းရှင်များမှ ၅၆ ခု လုပ်ကိုင်နေ” သတင်းမှ PPP ဆိုင်ရာ ဆွေးနွေးပွဲသို့ တက်ရောက်လာသော ပညာရှင်တစ်ဦး၏ ပြောကြားချက်အပေါ် ကောက်နှုတ်ချက်

-----------------------------------------------------------------------------------------------------------------------------------

 “လက်ရှိအပြောင်းအလဲကာလအကြောင်းကို ဥပမာပြောရရင် တစ်ခါက လူတစ်စုဟာ သူတို့အဆောက်အအုံရဲ့တံခါးက ကြာလို့ ဟောင်းပြီး ဖွင့်လိုက် ပိတ်လိုက်တိုင်း တကျွိကျွိနဲ့ မြည်နေတာကို ကြားနေခဲ့ရသလိုပေါ့။ သူတို့က အဲသလို မမြည်အောင် ဆီထည့်ရမယ်ဆိုတာကို မေ့လျော့နေခဲ့ကြတယ်။ ဒါနဲ့ တစ်ယောက်က ဆီထည့်လိုက်တော့ ကျွီကျွီအသံက မကြားရတော့ဘူး။ အဲဒီမှာ အမြဲတမ်းကြားနေရတော့ အဲဒီ ကျွိကျွိကျွိကျွိဆိုတဲ့ အသံမကြားရတဲ့အခါ အဲဒီလူတွေ တစ်ခုခုဟာနေ သလိုဖြစ်နေတယ်။ စည်းမျဉ်းတွေများစွာနဲ့ လုပ်လာရာကနေ ရုတ်တရက် ဖြေလျှော့မှုတွေလုပ်လိုက်တဲ့အခါမှာ ဟုတ်မှ ဟုတ်ရဲ့လားဆိုပြီး တစ်ခုခုလိုနေသလို ကျွိကျွိကျွိကျွိပြဿနာပါ”

ဖေဖော်ဝါရီ ၂ ထုတ် ရန်ကုန်တိုင်းမ် အတွဲ (၈) အမှတ် (၅) တွင်ပါသည့် “ဘာတွေလုပ်ပြီးပြီလဲ၊ ဘာတွေလုပ်နေလဲ၊ ဘာတွေ လုပ်ဖို့ ကျန်သေးလဲ” သတင်းဆောင်းပါးမှ မြန်မာ့ရင်းနှီးမြှုပ်နှံမှုကော်မရှင် ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးအောင်နိုင် ဦး၏ ပြောကြားချက်အပေါ် ကောက်နှုတ်ချက်

-----------------------------------------------------------------------------------------------------------------------------------

ရေနံနှင့် သဘာဝဓာတ်ငွေ့တို့၏ လုပ်ငန်းသဘောသဘာဝအရ ရင်းနှီးမြှုပ်နှံမှုနှင့် အရှုံးအမြတ်ကြီးစားခြင်းတို့ အပါအဝင် စွန်းစားရခြင်းတို့ကြောင့် ကုန်းတွင်းနှင့် ကမ်းလွန်လုပ်ကွက်များ၌ နိုင်ငံသားလုပ်ငန်းရှင်များအနေဖြင့် တိုက်ရိုက်ရင်းနှီးမှုကို ပြုလုပ်ခဲ့ကြခြင်းမရှိခဲ့ရာမှ ထိုကဲ့သို့ပြည်ပနှင့် ပူးပေါင်း ဆောင်ရွက်နိုင်သည့် အစီအမံထားရှိခြင်းတို့ကြောင့် မကြာမီ စဉ်းစားရွေးချယ်မှုများ ဆက်တိုက်ပြုလုပ်လာနိုင်မည်ဟု ရန်ကုန်မြို့ရှိ စီးပွားရေးလုပ်ငန်း ရှင်တစ်သီးက ဆိုသည်။

“ဒါ သိပ်ကောင်းတဲ့ အစီအစဉ်ပါ။ ကြိုဆိုပါတယ်။ မြန်မာလုပ်ငန်းရှင်တွေကို အခွင့်အရေးပေးတဲ့သဘောလည်း သက်ရောက်သွားပါတယ်”ဟု ၎င်းက ပြောသည်။

ဖေဖော်ဝါရီ ၂ ထုတ် Popular News အတွဲ (၄) အမှတ် (၅) တွင်ပါသည့် “ရေနံနှင့်သဘာဝဓာတ်ငွေ့ လုပ်ငန်းများတွင် ပြည်တွင်းလုပ်ငန်းရှင်များ ရင်းနှီး မြှုပ်နှံတော့မည်” သတင်းမှ ကောက်နှုတ်ချက်

***************************************

 


Google Docs makes it easy to create, store and share online documents, spreadsheets and presentations.
Logo for Google Docs

0 comments:

Post a Comment