Transparency Myanmar

transparency.myanmar@gmail.com

yangonchronicle2011 Op-Ed
yangonchronicle2011 Op-Ed

၇.၂.၂၀၁၂

ဆောင်းပါးကဏ္ဍ

  1. ပြည်သူများတောင့်တနေသော…….

***************************************************************************************

ဆောင်းပါးကဏ္ဍ

ပြည်သူများတောင့်တနေသော…….

မိုးမြင့်ငြိမ်း

ဒါဗို့ဆောင်းရာသီ

ဥရောပနိုင်ငံတစ်ခုဖြစ်သော ဆွီဇာလန်နိုင်ငံ ဒါဗို့မြို့သည် နှင်းများတဖွဲဖွဲနှင့် ကျရောက်နေချိန်ဖြစ်သည်။ ထိုမြို့လေးမှာ ငြိမ်းချမ်းတိတ်ဆိတ် သောကြောင့် အပြင်ပန်းကြည့်လျှင် ဘာမျှထူးထူးခြားခြားဖြစ်ဟန်မရှိဟု ထင်မှတ်သွားနိုင်ပါသည်။ အမှန်စင်စစ် ထိုမြို့ကလေးမှာ ကမ္ဘာ့ခေါင်းဆောင်များ၊ ထိပ်သီးစီးပွားရေးလုပ်ငန်းကြီးများမှ အမှုဆောင်အရာရှိချုပ်များ၊ နာမည်ကျော်ပညာရှင်များ၊ ဂျာနယ်လစ်များ တစ်နှစ်တစ်ခါ တွေ့ဆုံနေကြနေရာ ဖြစ်ပါ သည်။ အဆိုပါ Global Elitesများ နှစ်စဉ်တွေ့ဆုံနေသည့် Davos မြို့သည် ကမ္ဘာကြီးအပြောင်းအလဲများနှင့်အတူ ပိုစည်းကားခဲ့ပါသည်။ ဥရောပ ကြွေးမြီပြဿနာအပါအဝင် ကမ္ဘာ့စီးပွားရေးအခက်အခဲပြဿနာ၊ အနာဂတ်အလားအလာနှင့် ပတ်သက်၍ ကမ္ဘာ့စီးပွားရေးဖိုရမ်တွင် ဆွေးနွေးငြင်းခုံခဲ့ ကြသည်။ မြန်မာနိုင်ငံမှာလည်းဒီမိုကရေစီအပြောင်းအလဲများနှင့်အတူကမ္ဘာ့စီးပွားရေးဖိုရမ်သို့ တက်ရောက်ခဲ့သည့် Davos manမှာ စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးလည်းဖြစ်၊ မြန်မာနိုင်ငံရင်းနှီးမြုပ်နှံမှုကော်မရှင် ဥက္ကဋ္ဌလည်းဖြစ်သူ ဦးစိုးသိန်း ဖြစ်သည်။

ဒေါ်အောင်ဆန်းစုကြည်၏ မိန့်ခွန်း                       

၂၀၁၂ ခုနှစ် ကမ္ဘာ့စီးပွားရေးဖိုရမ်တွင် ဒီမိုကရေစီအမှတ်အသားဖြစ်သောဒေါ်အောင်ဆန်းစုကြည်၏ မိန့်ခွန်းမှာလည်း အထူးစိတ်ဝင်စားဖွယ်ရာ ပင်ဖြစ်ပါသည်။ မိန့်ခွန်း၏ နိဒါန်းတွင် “မြန်မာနိုင်ငံမှာစိန်ခေါ်မှုများနှင့် ကြုံတွေ့နေရပြီဟု မနှစ်က ကျမပြောခဲ့ပါတယ်။ တရားဥပဒေစိုးမိုးရေး၊ အမျိုးပြန် လည်သင့်မြတ်ရေးနှင့် နိုင်ငံရေးတည်ငြိမ်မှုတို့ဟာ ကျွန်မတို့ရဲ့ အခြေခံလိုအပ်ချက်တွေပဲဖြစ်ပါတယ်။ ထိုလိုအပ်ချက်များဟာကျွန်မတို့ နိုင်ငံရဲ့ စစ်မှန်တဲ့ ဒီမိုကရေစီအသွင်ကူးပြောင်းရေး၊ လူ့သားဖွံ့ဖြိုးတိုးတက်ရေးနှင့် စီးပွားရေးဖွံ့ဖြိုးမှုကိုရယူနိုင်မှာဖြစ်ပါတယ်” ပြောကြားသွားခဲ့ပါသည်။ မိန့်ခွန်းဒုတိယပိုဒ် တွင် “ဝန်ကြီးဦးသိန်းစိုး ၂၀၁၂ ကမ္ဘာ့စီးပွားရေးဖိုရမ်သို့ တက်ရောက်ခဲ့ခြင်းဟာ ကျွန်မာတို့နိုင်ငံတွင် အပေါင်းလက္ခဏာဆောင်တဲ့ အပြောင်းအလဲများ ဖြစ်ပေါ်နေပြီဆိုတဲ့ အမှတ်အသားပဲဖြစ်ပါတယ်” ပြောကြားသွားခဲ့ပါသည်။ ယင်းမိန့်ခွန်းပါ ပြောကြားချက်များကို သုံးသပ်ကြည့်ပါက အစိုးရသစ်မှာလည်း အပြောင်းအလဲများလုပ်နေသလို သူမအနေနဲ့ အစိုးရသစ်နဲ့လက်တွဲ၍ နိုင်ငံ၏တရားဥပဒေစိုးမိုးရေး၊ အမျိုးသားပြန်လည်သင့်မြတ်ရေးလုပ်ငန်းများ လုပ် ဆောင်သွားမည်ဟူသည့် သဘောပင်ဖြစ်သည်။

ဒါဗို့ရောက်ပြည်ထောင်စုဝန်ကြီး

ပြည်ထောင်စုဝန်ကြီးဦးစိုးသိန်းမှာလည်းဒါဗို့အရောက်တွင် ဗြိတိန်ဝန်ကြီးချုပ်ဟောင်းတိုနီဘလဲစသော နိုင်ငံ့ခေါင်းဆောင်များအပါအဝင် စီးပွား ရေးလုပ်ငန်းကြီးများမှအမှုဆောင်အရာရှိချုပ်များနှင့် တွေ့ဆုံသွားခဲ့ပါသည်။ ထိုသို့ တွေ့ဆုံစဉ် ဦးစိုးသိန်းမှ နိုင်ငံခြားလုပ်ငန်းရှင်များ မြန်မာနိုင်ငံတွင် ရင်းနှီးမြုပ်နှံပါက ၈နှစ်စာအခွန်ကင်းလွတ်ခွင့် ပေးအပ်သွားမည်ဖြစ်ပါကြောင်းနှင့် မြန်မာနိုင်ငံမှာဟိုက်ဒရိုပါဝါထုတ်လုပ်မှု၊ ငါးဖမ်းလုပ်ငန်းများရှိကြောင်း မက်လုံးပေးသွားခဲ့ပါသည်။ စင်စစ် ဦးစိုးသိန်းသည် မြန်မာနိုင်ငံမှာစီးပွားရေးလုပ်ကွင်းလုပ်ကွက်တွေ အမြောက်အမြားရှိသည့် Virgin land ဟုပြောကြား သွားခြင်းသာ ဖြစ်ပါသည်။        

သွေးစုပ်ခံချင်တာတောင်

           ထိုသို့ စီးပွားရေးလုပ်ကွင်းလုပ်ကွက်များကို ဝန်ကြီးကမက်လုံးများပေးသွားသည့်တိုင် စီးပွားရေးသမားတစ်ဦးအနေဖြင့် စဉ်းစားလျှင် စွန့်စားမှု နည်းပြီးအမြတ်ရနိုင်မှ စီးပွားရေးလာရောက်လုပ်ကိုင်မည်ဖြစ်သည်။ မြန်မာနိုင်ငံတွင် နိုင်ငံခြားရင်းနှီးမြုပ်နှံမှု ဥပဒေရှိနေသော်လည်း ခေတ်နှင့်လျှော်ညီ အောင် ပြင်ဆင်စရာများစွာကျန်ရှိနေရုံမျှမက ရှိပြီးသားဥပဒေများအသက်ဝင်အောင်ပင် များစွာအားထုတ်ရပါဦးမည်။ နိုင်ငံ၏ စီးပွားရေးတိုးတက်မှုအတွက် အဓိကလိုအပ်သည့် အရင်းအနှီးစုဆောင်းမှုလိုကိစ္စရပ်မျိုးကိုဖော်ဆောင်ခြင်း၏ အရေးကြီးလုပ်ဆောင်ချက်ဖြစ်သော အများပိုင်ကုမ္ပဏီတစ်ခု တည်ထောင် နိုင်ရန်ပင် လွန်စွာခက်ခဲသည့် အနေအထားမျိုးတွင်ရှိနေသော မြန်မာနိုင်ငံကိုအဘယ်သို့သောရင်းနှီးမြုပ်နှံမှုများကဝင်ရောက်လာနိုင်မည်နည်း။ စာရေး သူနှင့်သိသော စာရေးဆရာတစ်ဦးက ယင်းဖြစ်ရပ်နှင့်ပတ်သက်ပြီး ဟာသလေးနှောပြီးမှတ်ချက်ချခဲ့ဖူးသည်။ “မြန်မာနိုင်ငံမှာကွန်မြူနစ်တွေကြီးစိုးတဲ့ အခါ တုန်းကအနောက်ကရင်းနှီးမြုပ်နှံမှုတွေကို သွေးစုပ်တာလို့ ခံပြင်းကျတယ်။ အခုတော့ သွေးစုပ်ခံချင်ပါတယ် ဆိုရင်တောင်မှ သူတို့ကစုပ်သင့်၊ မစုပ်သင့် စဉ်းစားနေသေးတယ်”…..ဟူ၍…..။

အခုတစ်မျိုးတော်ကြာတစ်မျိုး        

စီးပွားရေးပညာရှင်များက နိုင်ငံ၏ စီးပွားရေးဖွံဖြိုးတိုးတက်ဖို့ဆိုလျှင် ပထမဦးစားပေးအဆင့်အနေဖြင့် လုပ်ဆောင်သင့်သည့်အရာမှာ-

(၁)  အမျိုးသားမက်ခရိုစီးပွားရေးဝန်းကျင်တည်ငြိမ်မှု ပြန်လည်တည်ဆောက်ရေး၊

(၂) ဈေးကွက်ဖွင့်သည့်ကိစ္စများကို ပိုမိုကောင်းမွန်စွာဆောင်ရွက်ပြီး စီးပွားရေးလုပ်ငန်းများနှင့် ပိုမိုမိတ်ဖက်သဟဇာတဖြစ်စေမည့် ထိန်းချုပ်မှုစည်းမျဉ်း များ၊ ဥပဒေမူများချမှတ်လျှင် ပြည်တွင်း၊ ပြည်ပရင်းနှီးမြုပ်နှံမှုလုပ်ငန်းများပိုမိုတိုးတက်လာစေရန် အားပေးရေး၊

(၃) ကနဦးစီးပွားဖွံ့ဖြိုးမှုလုပ်ငန်းများကိုအထောက်အကူပြုနိုင်မည့် အခြေခံအဆောက်အဦးများကို ပြန်လည်ပြင်ဆင်ရေးနှင့် ပိုမိုတိုးတက်လာစေရန် ပြုပြင် တည်ဆောက်သွားရေး စသည်တို့ဖြစ်သည်။ ယခုအခါတွင်တော့ အစိုးရမှ ငွေရေးကြေးရေးမူဝါဒများကိုတစ်ဆင့်ပြီးတစ်ဆင့် ပြင်ဆင်လာပြီး အမျိုး သားမက်ခရိုစီးပွားရေးတည်ငြိမ်မှုရှိလာအောင် တည်ဆောက်နေသည်။ မူဝါဒချမှတ်သူများက စီးပွားရေးစီမံခန့်ခွဲမှုများကို နိုင်ငံရေးဆုံးဖြတ်ချက်ပေးရာတွင် ဆီလျှော်လျောက်ပတ်သည့် မဟာဗျူဟာဖြစ်ရန်နှင့် စဉ်ဆက်မပြတ်ဖြစ်ထွန်းတိုးတက်ရန် အထူးလိုအပ်ပါသည်။ သို့မဟုတ်ပါက ယခင်အစိုးရများလို “ခု တစ်မျိုး၊ တော်ကြာတစ်မျိုး” မူဝါဒဖြင့် စီးပွားရေးကိုလွှဲမှားစွာစီမံခန့်ခွဲနေခဲ့ခြင်းမျိုးမှ ကင်းလွတ်နိုင်မည်ဖြစ်သည်။

နိုင်ငံစီးပွားရေးကို ဖွံ့ဖြိုးတိုးတက်အောင်ဆောင်ရွက်ရာတွင် အရှေ့အာရှနိုင်ငံများ၏ ဖွံ့ဖြိုးရေးခရီးလမ်းကို ပညာရှင်များက ဥပမာပေး ညွှန်းကြ သည်။ ယင်းဥပမာမှာ ဗျိုင်းအုပ်ဖွံ့ဖြိုးရေးပုံစံ ဖြစ်သည်။ ဂျပန်နိုင်ငံ၏ ဖွံ့ဖြိုးရေးမဟာဗျူဟာကို ကျန်အာရှနိုင်ငံများဖြစ်သော တောင်ကိုရီးယား၊ ထိုင်ဝမ်၊ စင်ကာပူနှင့် ဟောင်ကောင်တို့ကလိုက်လံတုပအသုံးပြုခဲ့ကြသည်။ မြန်မာနိုင်ငံသည်လည်း အရှေ့အာရှနိုင်ငံများ၏ ဖွံ့ဖြိုးရေးမူဝါဒများအတိုင်း အတုယူ လုပ်ဆောင်သင့်ပါသည်။ ထို့အပြင် မြန်မာနိုင်ငံသည် ကမ္ဘာ့စီးပွားရေးအင်အားကြီးနိုင်ငံ နှစ်ခုဖြစ်လာမည့် တရုတ်နှင့် အိန္ဒိယနိုင်ငံကြားတွင် တည်ရှိနေသည့် အတွက်ကြောင့် မဟာဗျူဟာမှန်ကန်ပါက လာမည့်ဆယ်စုနှစ်တစ်စုစာအတွင်း ဖွံ့ဖြိုးတိုးတက်မှုကိုရရှိလာနိုင်မည်ဖြစ်သည်။

***************************************************************************************


Google Docs makes it easy to create, store and share online documents, spreadsheets and presentations.
Logo for Google Docs

0 comments:

Post a Comment