Transparency Myanmar

transparency.myanmar@gmail.com

yangonchronicle 2011- (1)
yangonchronicle 2011- (1)

၇.၂.၂၀၁၂

ဘာသာပြန်သတင်းများ အပိုင်း(၁)

  1. အမေရိကန်က မြန်မာသို့ အရေးယူမှုတစ်ခု ဖြေလျှော့ပေးမည်

(Associated Press မှ 6 February 2012 ရက်စွဲပါ US to issue sanctions waiver for Myanmar ကို ဘာသာ ပြန်ဆိုသည်)

  1. မြန်မာနိုင်ငံတွင် တရားမဝင်လူကုန်ကူးမှုတိုက်ဖျက်

(VOA သတင်းမှ 3 February 2012 ရက်စွဲပါ Fighting human trafficking in Burma ကို ဘာသာ ပြန်ဆိုသည်)

  1. အိမ်နီးချင်းက လျင်မြန်စွာနိုးထလာမှုကြောင့် ထိုင်း၏ အားနည်းမှုပိုမိုပေါ်လွင်လာ

(The Nation သတင်းစာမှ 6 February 2012 ရကါစွဲပါ Thailand falters as its neighbours rise rapidly ကို ဘာသာပြန်ဆိုသည်)

************************************************************************************************

အမေရိကန်က မြန်မာသို့ အရေးယူမှုတစ်ခု ဖြေလျှော့ပေးမည်

(Associated Press မှ 6 February 2012 ရက်စွဲပါ US to issue sanctions waiver for Myanmar ကို ဘာသာ ပြန်ဆိုသည်)

မြန်မာနိုင်ငံတွင် စတင်လုပ်ဆောင်နေသော နိုင်ငံရေးပြုပြင်ပြောင်းလဲမှုအတွက် ဆုလာဘ်အနေဖြင့် အမေရိကန်ပြည်ထောင်စုက မြန်မာနိုင်ငံ အပေါ် ချမှတ်ထားသော အရေးယူမှုများအနက် တစ်ခုကို ဖြေလျှော့ပေးတော့မည် ဖြစ်သည်။

ယခုဖြေလျှော့ပေးမှုမှာ အနည်းငယ်သာဖြစ်ပြီး အမေရိကန်၏ စီးပွားရေး၊ကုန်သွယ်ရေးနှင့် နိုင်ငံရေးအရ အရေးယူမှုများမှာ ဆက်လက်ရှိနေဦးမည် ဖြစ်သည်။ သို့သော် ယခု အမေရိကန်က ကန့်သတ်ထားမှု ရုတ်သိမ်းခြင်းတွင် ကမ္ဘာ့ဘဏ်နှင့် အခြားနိုင်ငံတကာ ငွေကြေး အဖွဲ့အစည်းများသည် မြန်မာနိုင်ငံသို့ အကူအညီပေးရာတွင် ပိုမို လွယ်ကူသွားမည် ဖြစ်သည်။ အမေရိကန်နိုင်ငံ၏ လူကုန်ကူးမှုဥပဒေများအရ အမေရိကန်သည် မြန်မာသို့ ငွေကြေး အထောက်အပံ့ပြုနေသော အဖွဲ့အစည်းများကို ဆန့်ကျင်ရမည်ဖြစ်သည်။ ရုတ်သိမ်းမည့်ကိစ္စကို တနင်္လာနေ့တွင် ဟီလာရီကလင်တန်က လက်မှတ် ရေးထိုးမည်ဟု မျှော်လင့်ရသည်။ သမ္မတအိုဘားမားသည် အဆိုပါကိစ္စအတွက် သောကြာနေ့က ခွင့်ပြုပြီးဖြစ်သည်။

အခြားအမေရိကန်အရေးယူမှုများသည် မြန်မာနိုင်ငံသို့ ချေးငွေပေးသော သို့မဟုတ် နည်းပညာအကူအညီ ပေးသော အဖွဲ့အစည်းများကို ဆန့်ကျင်နေဆဲဖြစ်သည်။

**************************************************************************

မြန်မာနိုင်ငံတွင် တရားမဝင်လူကုန်ကူးမှုတိုက်ဖျက်

(VOA သတင်းမှ 3 February 2012 ရက်စွဲပါ Fighting human trafficking in Burma ကို ဘာသာ ပြန်ဆိုသည်)

မကြာသေးမီက နိုင်ငံရေးအကျဉ်းသားများ ရာဂဏန်းလွှတ်ပေးလိုက်ခြင်းသည် မြန်မာအစိုးရ၏ ဒီမိုကရေစီ ဦးတည်ပြောင်းလဲမှုများထဲမှ နောက်ဆုံး ဆောင်ရွက်ချက်တစ်ခု ဖြစ်သည်။ မြန်မာနိုင်ငံ၏ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်တွင် ပူးပေါင်းပါဝင်ရန် ကတိပြုထားသော အမေရိကန် ပြည်ထောင်စုကလည်း နောက်ထပ်အရေးကြီးသော လူ့အခွင့်အရေးကိစ္စတစ်ခုဖြစ်သည့် တရားမဝင် လူကုန်ကူးမှု ကိစ္စကို တိုးမြှင့်ဆွေးနွေးလျက် ရှိသည်။

လူကုန်ကူးမှုဆိုင်ရာ အမေရိကန်သံအမတ်ကြီး Luis CdeBaca က ယင်း၏ မြန်မာနိုင်ငံခရီးစဉ်တွင် “ဒီနိုင်ငံဟာ သဘာဝသယံဇာတတွေ အများကြီးကြွယ်ဝပေမဲ့ တန်ဖိုးအကြီးဆုံးကတော့ ပြည်သူတွေသာ ဖြစ်ပါတယ်။ သူတို့ဟာ ဒီမှာပဲဖြစ်စေ၊ ပြည်ပမှာဖြစ်စေ ခေတ်သစ်ကျွန်စနစ်ကနေ လွတ်မြောက်သင့်နေပါပြီ” ဟု ပြောကြားခဲ့သည်။ သံအမတ်ကြီး CdeBaca သည် ထိုခရီးစဉ်တွင် မြန်မာဘက်မှ တာဝန်ရှိသူများနှင့်တွေ့ဆုံကာ အဓမ္မစေခိုင်းမှု ကိစ္စ၊ လိင်ကုန်ကူးမှုကိစ္စ၊ ကလေးစစ်သားစုဆောင်းမှုကိစ္စများကို လွတ်လပ်ပွင့်လင်းစွာ ဆွေးနွေးခဲ့သည်ဟု ဆိုသည်။

သံအမတ်ကြီးက ယင်းအနေဖြင့်မြန်မာနိုင်ငံတွင် ပြဿနာကို ထုတ်ဖော်ဝန်ခံမှုနှင့် ဖြေရှင်းရန် ပွင့်လင်းလာမှုကို မြင်တွေ့ခဲ့ကြောင်း၊ မြန်မာအစိုးရ၏ ပြီးခဲ့သောလပိုင်းများအတွင်း ဆောင်ရွက်ချက်များကို ကျေနပ်အားတက်မိကြောင်း၊ သာဓကအားဖြင့် အစိုးရသည် ယခင်က လူကုန်ကူး ခံရသူများ ပြန်ရောက်လာလျှင် သီတင်းပတ် ၂ ပတ်ခန့် အကြောင်းပြချက်မရှိ ထိန်းသိမ်းထားတတ်သော လုပ်ထုံးလုပ်နည်းကို ပယ်ဖျက်သည့် အမိန့် ထုတ်ပြန်ခဲ့ကြောင်း ဆက်လက် ပြောကြားခဲ့သည်။ မြန်မာနိုင်ငံတွင် ဖိနှိပ်ချုပ်ချယ်သော ဥပဒေများကို ပြင်ဆင်ပြောင်းလဲနေပြီဖြစ်၍ အစိုးရကြီးမှူးသော အဓမ္မ လုပ်အားပေးခေါ်ခြင်းကို ခွင့်ပြုထားသည့် ဗြိတိသျှခေတ်ဥပဒေဟောင်းများကို ပြုပြင်ပြောင်းလဲပစ်ရန် မြန်မာအစိုးရကို သံအမတ်ကြီးက တောင်းဆိုထားသည်။ ယင်းဥပဒေများ၏ နယ်ပယ်ကို ကန့်သတ်သည့်အမိန့်ဒီဂရီအား ၁၉၉၉ ခုနှစ်တွင် အစိုးရက ထုတ်ပြန်ခဲ့ဖူးသော်လည်း မြန်မာ့ တပ်မတော်က လွတ်လွတ်ကင်းကင်း ဆက်လက်ကျူးလွန်နေခဲ့သည်။

“ဒီဥပဒေတွေဟာ အခြေခံအားဖြင့် ဖော်ပြထားတာကတော့ မြူနီစပယ်အစိုးရ သို့မဟုတ် စစ်တပ်ဟာ အဓမ္မလုပ်အားပေး လုပ်သားတွေ အသုံးပြုဖို့ တရားဝင်တယ် ဆိုတဲ့အချက်ပါပဲ။ ဒီအချက်ကြောင့် မြန်မာအစိုးရဟာ အဓမ္မလုပ်သား စေခိုင်းခွင့်ရှိနေဆဲ ဖြစ်ပါတယ်။ ဒီလိုဆိုရင် နိုင်ငံတကာ စံညွှန်းတွေ နဲ့အညီ ပြောင်းလဲတိုးတက်လာဖို့ အလွန် ခက်ခဲပါလိမ့်မယ်” ဟု CdeBaca က ဆက်လက်ပြောကြားသည်။ သံအမတ်ကြီးက ဆက်လက်၍ လူကုန်ကူးခံရသူများကို စိစစ်ခြင်း၊ စောင့်ရှောက်ခြင်း ပြုလုပ်မည့်အစီအစဉ်များ တိုးမြှင့်ရန်နှင့် တရားမဝင်လူကုန်ကူးသည့် ရာဇဝတ်မှုများကို စုံစမ်း အပြစ်ပေးမှုများ တိုးမြှင့်ရန် တောင်းဆိုခဲ့သည်။

အမေရိကန်နိုင်ငံခြားရေးဌာနက သီးသန့်ထုတ်ပြန်သော လူကုန်ကူးမှုဆိုင်ရာ နှစ်လည်အစီရင်ခံစာတွင် မြန်မာနိုင်ငံသည် ဆိုးဝါးသော အဆင့် သတ်မှတ်မှုများကို လက်ခံရရှိထားသည်။ သံအမတ်ကြီး Cde Baca က အနာဂတ်တွင် ဤအနေအထား တိုးတက်လာမည်ဟု မျှော်လင့်ကြောင်းလည်း ပြောသည်။ “မြန်မာအစိုးရ ရှေ့ဆက်သွားနေတဲ့ လမ်းကြောင်းမှာ ပိုမိုပြုပြင်ပြောင်းလဲမှုတွေ၊ ပိုကောင်းတဲ့မူဝါဒတွေကို ပိုပြီး တွေ့မြင်ရဖို့ ကျွန်တော်တို့ မျှော်လင့်နေပါတယ်။ ပြီးတော့ အစိုးရအတွက် အနိမ့်ဆုံးစံနှုန်းတွေနဲ့ညီတဲ့အထိ တိုးတက် ဆောင်ရွက်မှုတွေ ဆက်လုပ်ဖို့ အချိန်တွေ အများကြီးရပါတယ်” ဟု သံအမတ်ကြီးက ဆိုသည်။

*****************************************************************************

အိမ်နီးချင်းက လျင်မြန်စွာနိုးထလာမှုကြောင့် ထိုင်း၏ အားနည်းမှုပိုမိုပေါ်လွင်လာ

(The Nation သတင်းစာမှ 6 February 2012 ရကါစွဲပါ Thailand falters as its neighbours rise rapidly ကို ဘာသာပြန်ဆိုသည်)

ပထမကမ္ဘောဒီးယား၊ ထို့နောက် ဗီယက်နမ်နှင့် လာအို၊ ဆယ်စုနှစ်သုံးခုအပြီးတွင် မြန်မာနိုင်ငံသည် လွန်ခဲ့သော ခြောက်လကစ၍ ဒေသတွင်း ပေါ်ပြူလာ ဖြစ်လာခဲ့သည်။ တစ်ချိန်က အပယ်ခံနိုင်ငံသည် ပြုပြင်ပြောင်းလဲရေးလမ်းကြောင်းပေါ်သို့ ရောက်ရှိလာသောအခါ အရှေ့တောင်အာရှ၏ မဟာဗျူဟာအသစ် အကောင်းတရားများတွင် ကြီးမားသောစိန်ခေါ်မှုများကြုံတွေ့ရတော့ မည်ဖြစ်ပြီး၊ အတိအကျဆိုရသော် မြန်မာနိုင်ငံနှင့် နယ်နိမိတ်ချင်း ထိစပ်နေသော အိန္ဒိယနှင့် တရုတ်သို့ပြောင်း၍ အာရုံပြုမှုများ ဖြစ်သည်။ ၎င်းသည် အနောက်ဦးဆောင်သော ကမ္ဘာလုံးဆိုင်ရာ လုံခြုံရေး ပုံဖော်မှုကို တိုက်ရိုက် သက်ရောက်နိုင်ပြီး၊ အမေရိကန်ဦးဆောင်သော ဒေသတွင်းလုံခြုံရေးအဆင့် တစ်ခုကို သက်ရောက်မှုများရှိစေမည့် ပုံစံသစ်တစ်ခု ဖြစ်လာစေမည် ဖြစ်ပါသည်။

အဓိကပလေယာများမှာ မြန်မာနိုင်ငံမှာ အချိုးအကွေ့အဖြစ်အပျက်များအပေါ် အဖြေရှာနေဆဲဖြစ်ပြီး နိုင်ငံတကာ၏ တုန့်ပြန်မှုများကို စောင့်ကြည့်ဆဲ ဖြစ်သောကြောင့် ယနေ့အခြေအနေတစ်ခုလုံးကို ခြုံကြည့်လျှင် ထင်ရှားသော ပါဝါအစီအစဉ်ကို ထင်ရှားစွာတွေ့မြင်ရခြင်းမရှိသေးပေ။ ၎င်းတို့သည် နေရာမှန်တွင် ခြေကုတ်ရရေးအတွက် အလျင်အမြန်ကြိုးစားနေကြပါသည်။ ယခုအခါ မကြာခဏမေးနေကြသော မေးခွန်းတစ်ခုမှာ မည်သည့် တိုင်းပြည်က ထိုကြိုးစားအားထုတ်မှုများအတွက် တောင်းဆိုနေသနည်း သို့မဟုတ် မည်သူက အကြီး အမှူးလည်းဟူ၍ ဖြစ်သည်။ အဖြေမှာ သင်သွားရောက် မေးမြန်းဆွေးနွေးသည့် ပုဂ္ဂိုလ်သို့မဟုတ် နိုင်ငံအပေါ်တွင် မူတည်ပေသည်။

သမ္မတဦးသိန်းစိန်၏ အရပ်သားတစ်ပိုင်းအစိုးရအတွက်မူ ယခုအချိန်များသည် ၎င်းတို့၏ ဂုဏ်အယူရဆုံး အချိန်များ ဖြစ်သည်။ အဘယ်ကြောင့် ဆိုသော် ၎င်းတို့သည် ၂၀၀၃ သြဂုတ်လက ရေးဆွဲခဲ့သော လမ်းပြ မြေပုံ(၇)ချက်ကို အကောင်အထည်ဖော်နိုင်ခဲ့၍ ဖြစ်သည်။ ထိုအဖြစ်အပျက်မှာ မြန်မာနိုင်ငံ၏ ပြည်တွင်းဖြစ်ပေါ်တိုးတက်မှုတွင် ဖြစ်ပျက်ခဲ့သော အရှိတရားဖြစ်သည်။ လွန်ခဲ့သော ဆယ်နှစ်အတွင်း အဆိုပါလမ်းပြမြေပုံသည် မပြောင်းမလဲ ဆက်လက်အကောင်အထည်ဖော်ခဲ့ရာ ၂၀၁၁ သြဂုတ်လ(၁၉)ရက် သမ္မတသီးသိန်းစိန်က ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ ဆုံချိန်သည် အထွဋ်အထိပ်ပင်ဖြစ်သည်။ ၎င်းတို့သည် ညင်ညင်သာသာနှင့် ငြိမ်းချမ်းစွာ ကိုင်တွယ်နိုင်ခဲ့ပြီး နိုင်ငံရေးအကျဉ်းသားများလွှတ်ပေးခြင်းနှင့် လွတ်လပ်စွာ ဖော်ထုတ်ခွင့်များ တိုးပေးခဲ့ခြင်းစသည့်မြင်သာသော ပြုပြင် ပြောင်းလဲမှုများကို လုပ်ဆောင်နိုင်ခဲ့ပါသည်။

ပြုပြင်ပြောင်းလဲရေး၏ ထိပ်ဆုံးဦးစားပေးအဖြစ် နေပြည်တော်သည် မီဒီယာဆင်ဆာအချို့ကို မဟာဗျူဟာကျကျ ဖြေလျော့ပေးခဲ့ရာ ချက်ခြင်း လက်ငင်းပင် တိုင်းပြည်တွင်း၌ရော ကမ္ဘာတစ်လွှား၌ပါ သတင်းကောင်းဖြစ်လာသည်။ မြောက်ကိုရီးယားမှလွဲ၍ မြန်မာနိုင်ငံသည် အာရှတွင် နိုင်ငံတကာ မီဒီယာများ၌ ပုံမှန်သတင်းမဖော်ပြနိုင်သော တစ်ခုတည်းသော နိုင်ငံဖြစ်သည်။ ယခင်ကလည်း ဝေဖန်သူများနှင့် မီဒီယာလွတ်လပ်ခွင့် အတွက် လှုပ်ရှားသူများသည် ထိုင်းနိုင်ငံနှင့် အခြား အာဆီယံ တိုင်းပြည်များရှိ   ပျက်ယွင်းနေသော ပတ်ဝန်းကျင်နှင့်ယှဉ်၍ မြန်မာနိုင်ငံ၏ မီဒီယာလွတ်လပ်ခွင့်ကို အပေါင်း လက္ခဏာဆောင်သော ဝေဖန်မှုများပြုလုပ်ခဲ့ကြသည်။ ယခုမီဒီယာများလမ်းပွင့်လာခြင်းကြောင့် ပြည်ပရောက် မြန်မာများ၏ မီဒီယာများသည် မြန်မာနိုင်ငံသို့ သွားရောက်၍ ပြည်တွင်းမီဒီယာများနှင့် ဆက်သွယ်ခြင်း၊ ပုံနှိပ်ခွင့်လိုင်စင်အတွက် လျှောက်ထားခြင်းများ ပြုလုပ်ခဲ့သည်။

အိန္ဒိယအခြေစိုက် မဇ္စျိမမီဒီယာသည် ယခုအခါ ထိုအမည်ဖြင့် မြန်မာနိုင်ငံတွင် ပုံနှိပ်ထုတ်ဝေခွင့်ရရှိပြီးဖြစ်သည်။ ချင်းမိုင်တွင် နေထိုင်သော ဧရာဝတီမဂ္ဂဇင်း၏ အယ်ဒီတာချုပ်အောင်ဇော်သည်လည်း ယခုအပတ်တွင် မြန်မာနိုင်ငံသို့ ငါးရက်ကြာ သတင်းထောက်ဗီဇာဖြင့် သွားရောက်မည်ဖြစ်သည်။ ယခု လောလောဆယ်ုတွင် ပြည်တွင်းကရော နိုင်ငံတကာကပါ ဧပြီလ(၁)ရက်နေ့ကြားဖြတ်ရွေးကောက်ပွဲကို အာရုံပြုကျရောက်လျက်ရှိနေပါသည်။ ပြီးခဲ့သည့်အပတ်အတွင်း ဒေါ်အောင်ဆန်းစုကြည် စည်းရုံးရေးခရီးထွက်မှုနှင့် ပတ်သက်၍ ပြင်ပကဏ္ဍတွင် သတင်းခေါင်းစဉ်များ၌ နေရာယူခဲ့ရာ မြန်မာနိုင်ငံအတွက် လိုအပ်နေသော ပို၍ ကြည့်ကောင်းသော အခြေအနေကိုဖြစ်ပေါ်စေသည်။ အဆိုပါဒီမိုကရေစီသစ်ပုံရိပ်သည် များမကြာမီအချိန်အတွင်း နိုင်ငံခြားအကူအညီများ၊ ရင်းနှီးမြှုပ်နှံမှုများကို သေချာပေါက်ဆွဲဆောင်နိုင်မည်ဖြစ်သည်။ အကယ်၍ ဒေါ်အောင်ဆန်းစုကြည် ရွေးကောက် တင်မြောက် ခံရပါက သူမ၏သြဇာလွှမ်းမိုးမှုမှာ အကန့်အသတ်များ ရှိနေသော်လည်း ထင်ရှားသောဇာတ်ကောင်တစ်ခု ဖြစ်လာမည် ဖြစ်သည်။ တချိန်တည်းမှာပင် မြန်မာနိုင်ငံ၏ ပုံရိပ်သည် ဆက်လက်တိုးတက်လာနေမည်ဖြစ်ပြီး၊ အနောက်တိုင်းပြည်များ ၎င်းတို့၏အရေးယူမှုများကို ဖယ်ရှားရေးအရှိန်မြှင့်ရန် ဖိအားပေးခံလာရမည် ဖြစ်သည်။ သို့သော်လူနည်းစုက လက်ရှိ ကချင်နှင့် တိုက်ပွဲများနှင့် တိုင်းရင်းသားများအပေါ် လူ့အခွင့်အရေးချိုးဖောက်နေမှု များကြောင့်၊ အရေးယူမှုများဖယ်ရှားရန် လုပ်သင့်သလောဟု မေးခွန်းထုတ်လိမ့်ဦးမည်ဖြစ်သည်။

အနောက်နိုင်ငံများက မြန်မနိုင်ငံသို့ အပြေးအလွှားသွားရောက်လျက်ရှိခြင်းမှာ ထူးဆန်းသော်လည်း အမှန်ပင်ဖြစ်သည်။ စစ်တပ်အာဏာရှင် ဗိုလ်ချုပ်သန်းရွှေသည် ပါလီမန်ကိုသာမက နေ့စဉ်နိုင်ငံရေးတွင်ပါ ချုပ်ကိုင်ထားနိုင်ဆဲဖြစ်ရာ လက်ရှိတိုးတက်မှုများအားလုံးသည် အချိန်မရွေး ပြောင်းသွားနိုင်ပေသည်။ ပြောရမည့် အချက်တစ်ခုမှာ ယခုနောက်ဆုံးဒေါ်အောင်ဆန်းစုကြည်က ၂၀၀၈ အခြေခံဥပဒေကို ပြင်ဆင်ရန် ပြောလာမှုသည် လက်ရှိ အာဏာဆုပ်ကိုင်ထားသူများကို ကြီးစွာသော စိန်ခေါ်မှုပင်ဖြစ်ပါသည်။

ဒေါ်အောင်ဆန်းစုကြည်၏ စည်းရုံးရေးဆင်းခြင်းသတင်းများ ကျယ်ကျယ်ပြန့်ပြန့်ပါနေခြင်းသည် နေပြည်တော်၏ ခွင့်ပြုနိုင်သည့်အတိုင်းအတာကို လည်းကောင်း၊ မီဒီယာဥပဒေသစ်၏ သဘာဝကိုဖော်ထုတ်ခြင်း တမျိုးလည်းကောင်းနှင့် အခြားပြုပြင်ပြောင်းလဲရေးများအတွက် စမ်းသပ်မှုပင်ဖြစ်သည်။ ယခုလို စိုးရိမ်ရမှု အဆင့်မြင့်မားနေချိန်တွင်၊ ယခုလက်ရှိပြုပြင်ပြောင်းလဲရေးများ ဆက်လက်ထိန်းသိမ်းထားနိုင်ရေးမှာ ဦးသိန်းစိန်နှင့် အုပ်စုအား မပြောင်းမလဲ ထောက်ခံကူညီပေးနေရန် နည်းလမ်းတစ်ခုသာရှိကြောင်း အနောက်ကယုံကြည်လျက်ရှိသည်။ အရေးယူမှုများ ဖယ်ရှားပြီး၊ ရင်းနှီးမြှုပ်နှံမှုများ၊ နည်းပညာများ အကူအညီများပေး၍၊ မြန်မာနိုင်ငံကို နိုင်ငံတကာ ကွန်ယက်နှင့် ပြန်လည် ချိတ်ဆက်ပေးရေး ဖြစ်ပါသည်။ အမေရိကန်အတွက်မူ အိုဘားမားအစိုးရသည် နိုင်ငံခြားရေးမူဝါဒတွင် လက်ဆုပ်လက်ကိုင်အောင်မြင်မှုများ ရရှိလိုနေချိန်၌ မြန်မာနိုင်ငံနှင့်ဆက်ဆံရေး တိုးတက်လာခြင်းသည် သံတမန်ရေးအရ အောင်မြင်မှုတစ်ခုပင် ဖြစ်သည်။ မြန်မာနိုင်ငံနှင့် အောင်မြင်မှုကို သမ္မတရွေးကောက်ပွဲတွင် အသုံးချ၍မရနိုင်သော်လည်း၊ ယခု အချိန်အထိမူ အပေါင်းလက္ခဏာဆောင်သော တိုးတက်မှုတစ်ခုဖြစ်သည်။ အဆိုပါတိုးတက်မှုသည် ဝါရှင်တန်က နေပြည်တော်နှင့် ဆက်ဆံရေးတွင် နျူကလီးယားမပြန့်ပွားရေးနှင့် ဒုံးကျည်နည်းပညာ၊ လူ့အခွင့်အရေးကိစ္စများ စောင်းပေးရခြင်းအတွက် ရှင်းပြရာတွင်အထောက်အကူဖြစ်သည်။ ဦးသိန်းစိန် အစိုးရ၏ ထိပ်တန်းပုဂ္ဂိုလ်များက အမေရိကန်သို့ပေးသော ကတိကဝတ်များသည်လည်း နှစ်နိုင်ငံပုံမှန်ဆက်ဆံရေးအတွက် ခိုင်မာသော ခြေလှမ်းများဖြင့် ပိုမို လျင်မြန်စေပါသည်။

မြန်မာနိုင်ငံတွင် အောက်တိုဘာလက ပထမအကြိမ်နိုင်ငံရေးအကျဉ်သားများ လွှတ်ပေးစဉ်က၊ အမေရိကန်သည် စိတ်ပျက်လျက်ထပ်မံ၍ လွှတ်ပေးရန် ဖိအားပေးခဲ့ရာ ၂၀၁၂ ဇန်နဝါရီလတွင် ပိုမိုလွှတ်ပေးခဲ့ရာ အမေရိကန် သံအမတ်ကြီးအဆင့်ဆက်ဆံရေး တိုးမြှင့်မည်ဟု လိုလားစွာ ဖော်ပြခဲ့သည်။ ထိုသို့လုပ်ဆောင်လိုက်ခြင်းသည် အခြားအနောက်နိုင်ငံများ ပါဝင်လုပ်ဆောင်လာရေး အားဆေးတစ်ခွက်ဖြစ်သည်။ ဆယ်စုနှစ်နှစ်စုခန့် အရေးယူမှုများ ချမှတ်ထားသော ဥရောပအသိုင်းအဝိုင်းကလည်း အမေရိကန်နှင့်အတူ မြန်မာနိုင်ငံသို့ဝင်ရောက်နေပြီဖြစ်သည်။

ဥရောပသမဂ္ဂတွင် နေပြည်တော်အား ဆန့်ကျင့်ရာတွင် အပြင်းထန်ဆုံးဖြစ်သူ ဗြိတိန်တို့သည် ၎င်း၏ ကိုလိုနီ နိုင်ငံဟောင်းအား အဆက်အသွယ် ဟောင်းများကို အသုံးချ၍ ပြည်လည်ဝင်ရောက်နေပြီဖြစ်သည်။ ဂျပန်နိုင်ငံမှ ထိပ်တန်းတာဝန်ရှိသူများနှင့် အမှုဆောင်များကလည်း ထိုနည်းနှင်နှင်ပင် ဖြစ်ပါသည်။

ထိုင်းနိုင်ငံသည် ယင်းလတ်၏ ခေါင်းဆောင်မှုအောက်တွင် ဒေသတွင်းအရေးမပါသော ပလေယာတစ်ဦးအဖြစ် နောက်ဆုတ်ခဲ့ပြီး၊ ရေတို စီးပွားရေး ပြန်လည်ထူထောင်ရေးကို အာရုံပြုခဲ့သည်။ ယခုအချိန်ထိမူ သူမသည် ထိုင်းနိုင်ငံ ရင်ဆိုင်နေရသော မဟာဗျူဟာကျသော ကိစ္စရပ်များကို လုပ်ဆောင်နိုင်ခြင်း မရှိသေး။ ပြည်တွင်းတွင် သူမ၏ အစိုးရသည် ပြည်သူနှင့် ဆက်ဆံရေးကို လှုပ်ရှားလျက်ရှိသည်။ လက်ရှိအားဖြင့် ခေါင်းဆောင်မှု၏ မကျွမ်းကျင် မပိုင်နိုင်မှုကို သတင်းကြီးများတွင် တွေ့ရသည်။ အမျိုးသားဖွံ့ဖြိုးတိုးတက်ရေးသည် နှစ်ငါးဆယ်ခန့် ထိန်းမနိုင်သိမ်းမရ ဦးဆောင်နိုင် ခဲ့သော်လည်း ယနေ့ ထိုအခွင့်အရေးများ ထိုင်းနိုင်ငံတွင် မရနိုင်တော့ပေ။

အခြားအိမ်နီးချင်းများ အထူးသဖြင့် တစ်ချိန်က အင်ဒိုချိုင်းနားတိုင်းပြည်များသည် ငြိမ်းချမ်းမှုနှင့် တည်ငြိမ်မှု၏ ရလဒ်ကိုခံစားနေရပြီး ကမ္ဘာလုံး ဆိုင်ရာ သယံဇာတများ၊ ပညာရပ်များကိုသာတူညီမျှရရှိကာ တစ်ဦးချင်းအဆင့်မြင့်လာကာ နိုင်ငံတည်ဆောက်ရေးကို ပိုမိုမြန်ဆန်စေချိန်တွင် ထိုင်းနိုင်ငံသည် ကိုယ့်ကိုယ်ကိုပျက်စီးရာပျက်စီးကြောင်းဖြစ်စေသော နိုင်ငံရေးကစားပွဲများတွင် စိတ်ဝင်စားလျက်ရှိရာ၊ ဒေသတွင်း သြဇာလွှမ်းမိုးမှုကို ကျဆင်းလာစေပြိး ဖွံ့ဖြိုးတိုးတက်မှုများကို နှေးကွေးစေပါသည်။

အကယ်၍သာ မြန်မာနိုင်ငံသည် ၂၀၁၄ အာဆီယံဥက္ကဌ တာဝန်ယူသည်အထိ လက်ရှိ ပြုပြင်ပြောင်းလဲရေးများကို စစ်မှန်စွာ ထိန်းသိန်း၍ ဆက်လုပ်နိုင်ခဲ့လျှင်၊ မြန်မာနိုင်ငံသည် လုံခြုံရေးနှင့် ဒီမိုကရေစီတိုးတက်မှုများကို ပေါင်းစည်း၍ ဒေသတွင်း ပုံစံကြီး ပုံပေါ်လာစေရန် အထောက်အကူ ပြုသည့် နိုင်ငံတစ်ခုဖြစ်လာမည်ဖြစ်သည်။ မြန်မာနိုင်ငံက အဓိကအင်အားကြီးများ အပေါ် ရုတ်တရက်ပြောင်းလဲမှုများ လုပ်ခဲ့သောအခါ အာဆီယံ အဖွဲ့ဝင်များ၏ ထောက်ခံမှုရနေဆဲဖြစ်ပါသည်။ အကယ်၍သာ မြန်မာနိုင်ငံတွင် ဒီမိုကရေစီ ဆက်လက် ဆုပ်ကိုင်ထားနိုင်မည် ဆိုလျှင် အာဆီယံအတွင်း အင်ဒိုနီးရှား၏ ဒီမိုကရေစီပြောင်းလဲနိုင်မှုနည်းတူ နိုင်ငံရေးအရ ချိန်ခွင်လျှာညီမှုကို ရရှိနိုင်ပါသည်။

မြန်မာနိုင်ငံသည် အခြားအရှေ့တောင်အာရှနိုင်ငံများနှင့်မတူဘဲ ဆန့်ကျင်ဘက်အင်အားစုများကြားတွင် အားကောင်းသော မျှခြေ(Dynamic equilibrium) ဖြစ်သည့်အတွက် သံတမန်ကစားပွဲကို ကောင်းစွာကစားနိုင်ခဲ့ပါသည်။ အဆိုပါ Dynamic equilibrium ဆိုသည့် စကားလုံးကို အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီး Marty Natalegawa က အသုံးပြုခဲ့ခြင်းဖြစ်သည်။ အမှန်တကယ်ပင် မြန်မာနိုင်ငံက တရုတ်၏ မြစ်ဆုံရေလှောင်တမံစီမံကိန်းကို ယမန်နှစ် က ရပ်ပစ်သလိုမျိုး မည်သည့်အရှေ့တောင်အာရှနိုင်ငံမျှ မလုပ်နိုင်သည်မှာ အမှန်ပင်ဖြစ်သည်။

*********************************************************************************************************


Google Docs makes it easy to create, store and share online documents, spreadsheets and presentations.
Logo for Google Docs

0 comments:

Post a Comment