Transparency Myanmar

transparency.myanmar@gmail.com

yangonchronicle2011
yangonchronicle2011

.၂.၂၀၁၂

ပြည်တွင်းသတင်းများ

  1. ဘားအံနှင့် မြဝတီ စက်မှုဇုန်တည်ဆောက်ရန် ကျူးကျော်များအား ရှင်းလင်း
  2. အိမ်ခြေ ၄၀၀ ခန့် လှိုင်သာယာ၌ မီးလောင်ပျက်စီး

ပြည်တွင်းပါတီ၊ နိုင်ငံရေးသတင်းများ

  1. ပြည်တွင်း၌ ပြန်လည်ပူးပေါင်းကြရန် ပြည်ပအခြေစိုက် FDB အဖွဲ့အား ဦးအောင်မင်းပြောကြား
  2. အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ၏ ဒုတိယမြောက် နိုင်ငံရေးခရီးစဉ်အဖြစ် ပုသိမ်သို့ နေ့ချင်းပြန်သွားရောက်
  3. လယ်သမားတွေကို မြင်တွေ့ခဲ့ရခြင်းကြောင့် နိုင်ငံရေးတာဝန်ပို၍ ကြီးမားသွားပြီဟု ဒေါ်စုပြော

 သတင်းနှင့် ဆောင်းပါးများမှ ကောက်နှုတ်ချက်များ

*****************************************

ပြည်တွင်းသတင်းများ

ဘားအံနှင့် မြဝတီ စက်မှုဇုန်တည်ဆောက်ရန် ကျူးကျော်များအား ရှင်းလင်း

မြဝတီ-မဲဆောက် ကုန်သွယ်ရေးဇုန်အနီးတစ်ဝိုက်ရှိ ကျုးကျော် အဆောက်အအုံများနှင့် စိုက်ခင်းမြေအချို့အား ဘားအံနှင့် မြဝတီစက်မှုဇုန်များ တည်ဆောက်နိုင်ရန် အမိန့်ထုတ်ပြန်၍ စတင်ရှင်းလင်းဆောင်ရွက်နေပြီဖြစ်ကြောင်း သိရသည်။

လက်ရှိအချိန်တွင် ဘားအံနှင့် မြဝတီစက်မှုဇုန်များ တည်ဆောက်နိုင်ရန် စီမံချက်ဖြင့် ကျူးကျော်မြေနေရာများကို ရှင်းလင်းလျက်ရှိသော်လည်း ကျူးကျော်မြေနေရာများမှာ ရာနှင့်ချီ၍ ရှိသည့်အတွက် အနည်းဆုံး အချိန်တစ်လခန့် ပေးပြီးမှသာ လုံးဝရှင်းလင်းသွားနိုင်မည်ဖြစ်ကြောင်း ကရင်ပြည်နယ် ရှိ အစိုးရအဖွဲ့ဝင်တစ်ဦးက ပြောကြားခဲ့သည်။

ကရင်ပြည်နယ်အတွင်းရှိ ဘားအံစက်မှုဇုန်အား ဘားအံ-လှိုင်းဘွဲ့ ကားလမ်းပေါ်ရှိ မြေဧက ၁၀၀၀ ကျော်ကျယ်ဝန်းသည့်နေရာများတွင် ဆောက် လုပ်မည်ဖြစ်ပြီး မြဝတီစက်မှုဇုန်အား မြဝတီမြို့ရှိ သင်္ကန်းညီနောင်ကျေးရွာအုပ်စု၊ ရွာသစ်ကျေးရွာအနီးရှိ မြေဧက ၇၃၉ ကျယ်ဝန်းသည့် မြေနေရာများပေါ် တွင် တည်ဆောက်သွားမည်ဖြစ်ကြောင်း သိရသည်။

ဘားအံနှင့် မြဝတီစက်မှုဇုန်တည်ဆောက်ရေးနှင့် ပတ်သက်၍ စီးပွားရေးပညာရှင်တစ်ဦးက "အခုလို အရင်က ပြည်တွင်းစစ်တွေဖြစ်ခဲ့တဲ့ ဘားအံနှင့် မြဝတီဒေသတွေမှာ စက်မှုဇုန်တွေ တည်ထောင်မယ်ဆိုတဲ့ ကိစ္စက ကြိုဆိုစရာပေါ့ဗျာ။ ဘာလို့လဲဆိုတော့ ဒီဒေသတွေမှာ ရှိတဲ့လူတွေအတွက် အလုပ်အကိုင်အခွင့်အလမ်းတွေ ပေါလာမယ်။ ဒီဒေသမှာရှိတဲ့ စီးပွားရေးက ပိုပြီး ဖွံ့ဖြိုးတိုးတက်လာတော့မှာပေါ့။ ဒီိလို စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုနဲ့ အတူ လမ်းပန်းဆက်သွယ်ရေးတွေကလဲ ကောင်းမွန်လာတော့မှာ ဆိုတော့ ကျွန်တော်တို့ ကြိုဆိုရမှာပေါ့" ပာု ပြောကြားခဲ့သည်။

ယခင် ကရင်ပြည်နယ်အတွင်း တိုင်းရင်းသားလက်နက်ကိုင်တပ်များနှင့် တပ်မတော်အကြားမကြာခဏတိုက်ပွဲများဖြစ်ပွားနေသည့်အတွက် အချို့ မြေနေရာများတွင် ရှင်းလင်းနိုင်ခြင်းမရှိဘဲ ယခု အစိုးရသစ်လက်ထက်၌ ကရင်ပြည်နယ်အတွင်းရှိ တိုင်းရင်းသားလက်နက်ကိုင်တပ်များနှင့် ငြိမ်းချမ်းရေး ရရှိခဲ့ပြီးဖြစ်သည့်အတွက် ဘားအံနှင့် မြဝတီစက်မှုဇုန်များတည်ဆောက်နိုင်ရန် မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်မှ ကျူးကျော် မြေကွက်နှင့် ဆောက်အ အုံပိုင်ရှင်များအား တန်ရာတန်ကြေးပေး၍ ဖယ်ရှားခိုင်းခြင်းဖြစ်ကြောင်း သိရသည်။

Ref:ကုမုဒြာ

-----------------------------------------------------------------------------------------------------------------------------------

အိမ်ခြေ ၄၀၀ ခန့် လှိုင်သာယာ၌ မီးလောင်ပျက်စီး 

  1. ရန်ကုန်တိုင်း လှိုင်သာယာမြို့နယ် လယ်ရွာ၌ ဖေဖော်ဝါရီ ၆ရက်နေ့တွင် အိမ်ခြေ ၄၀၀ ခန့် မီးလောင်ပျက်စီးသွားခဲ့ကြောင်း သိရသည်။
  2. နေ့လယ် ၁၂ နာရီခန့်မှ မွန်းလွဲ ၃ နာရီခန့်အထိ လောင်ကျွမ်းခဲ့သောအဆိုပါမီးကြောင့် ပျဉ်ထောင်အိမ် အလုံး ၃၀ကျော်နှင့် တဲအိမ်အမြောက် အများလောင် ကျွမ်းခဲ့ကြောင်း ရန်ကုန်တိုင်း မီးသတ်ဦးစီးဌာနမှ ထုတ်ပြန်ချက်အရသိရသည်။
  3. “ဘာမှကို ယူချိန်မရလိုက်ဘူး” ဟု နေအိမ်မီးလောင်သွားသော အိမ်ပိုင်ရှင်တစ်ဦးက ဝမ်းနည်းစွာပြောဆိုသည်။
  4. အဆိုပါ လယ်ရွာ၌နေထိုင်သူများသည် ယင်းမီးလောင်နေချိန်တွင် အလုပ်ခွင်ထဲ၌ရောက်ရှိနေကြ၍ ပိုင်ဆိုင်မှုပစ္စည်းများပြန်မရနိုင်သော်လည်း လူသေဆုံးမှု မရှိကြောင်း သိရသည်။
  5. မီးလောင်ရခြင်းအကြောင်းအရင်းကို မီးကြွင်းမီးကျန်မှ လောင်ကျွမ်းခြင်းဖြစ်ကြောင်း ရန်ကုန်တိုင်း မီးသတ်ဦးစီးဌာနက ထုတ်ပြန်ထားသည်။

Peace Press

*****************************************

ပြည်တွင်းပါတီ၊ နိုင်ငံရေးသတင်းများ

ပြည်တွင်း၌ ပြန်လည်ပူးပေါင်းကြရန် ပြည်ပအခြေစိုက် FDB အဖွဲ့အား ဦးအောင်မင်းပြောကြား

ဖေဖော်ဝါရီ ၆ရက်နေ့တွင် ငြိမ်းချမ်းရေးအဖွဲ့မှ မီးရထားဝန်ကြီး ဦးအောင်မင်းသည် ပြည်ပရှိ နိုင်ငံရေးအဖွဲ့များနှင့် တွေ့ဆုံ၍ မြန်မာနိုင်ငံသို့ ပြန်လာရန် ဖိတ်ခေါ်ခဲ့သည်ဟု သတင်းများအရ သိရသည်။

ထိုသို့ သွားရောက်တွေ့ဆုံမှုတွင် ထိုင်း-မြန်မာနယ်စပ်အခြေစိုက်မှ နိုင်ငံရေးအဖွဲ့ ၇ ဖွဲ့ပူးပေါင်းဖွဲ့စည်းထားသည့် မြန်မာနိုင်ငံ ဒီမိုကရက်တစ် အင်အားစု (FDB)တို့နှင့် တွေ့ဆုံစဉ် ပြောကြားခဲ့ခြင်းဖြစ်သည်ဟု FDB အဖွဲ့အတွင်းရေးမှုးချုပ် ဒေါက်တာနိုင်အောင်မှ ပြောသည်။

“အခုဆိုရင် မြန်မာနိုင်ငံဟာ ဒီမိုကရေစီလမ်းကြောင်းပေါ်လည်း ရောက်နေပါပြီ။ သမ္မတကြီးကလည်း ပြည်တွင်းငြိမ်းချမ်းရေးယူပြီး နိုင်ငံအတွက် အတူတကွ အလုပ်လုပ်ကြရန် ဖိတ်ခေါ်ထားပါတယ်”ဟု ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းမှ ပြောကြားသည်။

ထို့ပြင် FDBအဖွဲ့မှလည်း အပစ်ရပ်ပေးရန်၊ လူ့အခွင့်အရေးချိုးဖောက်မှုများ ရပ်ပေးရန်၊ ကျန်ရှိနေသေးသည့် နိုင်ငံရေးအကျဉ်းသားများ ထပ် လွှတ်ပေးရန်၊ ပြည်တွင်းနှင့် ပြည်ပရောက်နေသူများအားလုံး စိတ်ချမ်းသာစွာ နေနိုင်ရန် အခြေခံအုတ်မြစ်ချဖို့လိုကြောင်း တောင်းဆိုခဲ့သည်ဟု သိရသည်။

“အခုဆိုရင် ပြင်ပမှာရောက်နေတဲ့လူတွေ တောထဲကလူတွေ အားလုံးအတွက် ကောင်းကောင်းမွန်မွန်နေနိုင်အောင် လုပ်ပေးဖို့တွေလိုပါတယ်။ အဲဒီလိုဆိုရင် ဘယ်သူကမှလည်း လက်နက်မကိုင်တော့ဘူး။ တိုက်စရာလည်း မလိုတော့ဘူး”ဟု ဒေါက်တာအောင်နိုင်မှ ထပ်မံပြောကြားသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းမှ “နိုင်ငံရေးအကျဉ်းသားတွေနဲ့ ပတ်သက်ပြီးတော့ ယခုလုပ်ဆောင်နေတဲ့ ငြိမ်းချမ်းရေး ဆွေးနွေးမှု တွေပေါ်မှာ မူတည်ပါတယ်”ဟု ပြောကြားသည်။

ယခုတွေ့ဆုံမှုတွင် ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းက FDB ၏ တောင်းဆိုမှုများအား နိုင်ငံတော်သမ္မတသို့ တင်ပြပေးမည်ဖြစ်ပြီး သဘော တူညီမှုလက်မှတ်ထိုးခြင်းကို ကြားဖြတ်ရွေးကောက်ပွဲ ပြီးမှသာ ဖြစ်နိုင်သည်ဟု FDB အဖွဲ့ဝင်များမှ ခန့်မှန်းပြောကြားသည်။

၎င်းတွေ့ဆုံပွဲသို့ အစိုးရအဖွဲ့မှ မီးရထားဝန်ကြီး ဦးအောင်မင်း၊ ငြိမ်းချမ်းရေး အကျိုးဆောင် ဦးလှမောင်ရွှေနှင့် ဦးတင်မောင်သန်းတို့မှ တက် ရောက်ခဲ့ကြပြီး FDB အဖွဲ့မှ အတွင်းရေးမှူးချုပ် ဒေါက်တာနိုင်အောင်၊ မနိုးနိုးထက်စံ၊ ကိုသွင်လင်းအောင်၊ မခင်ဥမ္မာနှင့် ကိုမင်းနိုင်တို့ တက်ရောက်ခဲ့ကြ သည်ဟုလည်း ယင်းပွဲသို့ တက်ရောက်သူတစ်ဦးထံမှ သိရသည်။

FDB အဖွဲ့အား မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများဒီမိုကရက်တစ်တပ်ဦး(ABSDF)၊ ဗကသများအဖွဲ့ချုပ်(နိုင်ငံခြားရေးရာကော်မတီ)၊ မြန်မာ့အမျိုးသမီး သမဂ္ဂ (BWU)၊ လူ့ဘောင်သစ် ဒီမိုကရက်တစ်ပါတီ(DPNS)၊ ဒီမိုကရေစီနှင့် ဖွံ့ဖြိုးတိုးတက်ရေးအင်အားစု(NDD)၊ People’s Defence Force(PDF)၊ ရောင်ခြည်ဦး အလုပ်သမားအဖွဲ့(YCOWA)တို့ဖြင့် ပေါင်းစပ်ဖွဲ့စည်းထားခြင်းဖြစ်သည်ဟု သိရသည်။

ATM

-----------------------------------------------------------------------------------------------------------------------------------

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ၏ ဒုတိယမြောက် နိုင်ငံရေးခရီးစဉ်အဖြစ် ပုသိမ်သို့ နေ့ချင်းပြန်သွားရောက်

ဖေဖော်ဝါရီလ ၇ရက်နေ့တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်သည် ၎င်း၏ ဒုတိယနိုင်ငံရေးခရီးစဉ်အဖြစ် ဧရာ ဝတီတိုင်းဒေသကြီး ပုသိမ်မြို့နယ်ရှိ “ကိုးသိန်း”တိုင်းဘောလုံးကွင်း တွင် နေ့လည် ၁၁နာရီကျော်တွင် ပါတီစည်းရုံးရေးအတွက် ပြည်သူလူထုအား မိန့်ခွန်း ပြောကြားခဲ့သည်ဟု သိရသည်။

ထိုသို့ မိန့်ခွန်းပြောဆိုရာတွင် ဒေါ်အောင်ဆန်းစုကြည်မှ ပြည်သူများအား လာမည့်ကြားဖြတ်ရွေးကောက်ပွဲတွင် ပြည်သူလူထုမှ တရားမျှတမှုရှိရန် ဝိုင်းဝန်းကာကွယ်သွားရမည်ဖြစ်ပြီး အားလုံးအတူတူ လက်တွဲလုပ်ဆောင်ရ မည်ဖြစ်သည်ဟု ပြောကြားသည်။

၎င်းမိန့်ခွန်းပြောသည့်နေရာတွင် ပုသိမ်ဒေသခံများမှလည်း ဒေါ်အောင်ဆန်းစုကြည်ပုံ တီရှပ်များနှင့် NLD အလံများအား လွှင့်ထူ၍ ကွင်းအတွင်း ၌ ပရိသတ်လူဦးရေ သောင်းကျော် ကြိုဆိုအားပေးခဲ့ကြသည်ဟု သိရသည်။

“ဒေါ်အောင်ဆန်းစုကြည်လာမယ်ဆိုလို့ ကျွန်တော်တို့ ပုသိမ်သားတွေက တစ်ရက်ကြိုပြီး ပြင်ဆင်မှုတွေ လုပ်ထားတာ ဖြစ်တယ်ဗျ။ ပြီးတော့ ဒေါ်စုက ဒီနေ့ နေ့လည် ၁၁နာရီကျော်ကျော်လောက်မှာ ကိုးသိန်း တိုင်းဘောလုံးကွင်းအတွင်း လာပြီး ပြည်သူလူထုတွေကို မိန့်ခွန်းပြောသွားတယ်။ အောက်က ပရိသတ်တွေက လည်း NLD အလံတွေ တံဆိပ်တွေ ဝှေ့ယမ်းပြီးတော့ ကြိုဆိုကြတယ်။ ပုသိမ်က ဘုန်းကြီးတွေလည်းပါတယ်”ဟု ယင်းပွဲသို့ သွားရောက်သူ ပုသိမ်ဒေသခံတစ်ဦးမှ ပြောသည်။

ဒေါ်အောင်ဆန်းစုကြည်သွားသည့် ပုသိမ်ခရီးစဉ်တွင် ကန့်သုံးဆင့်အား ပိတ်ထားသောကြောင့် ကွေ့ပတ်သွားခဲ့ရသည်ဟု လိုက်ပါသွားခဲ့သည့် NLD အဖွဲ့ဝင်တစ်ဦးမှ ပြောသည်။

ထို့ပြင် ဒေါ်အောင်ဆန်းစုကြည်သည် ပုသိမ်မြို့မှ မိုင် ၂၀အကွာတွင်တည်ရှိသည့် “ဒါးက”ရွာသို့ သွားရောက် ခဲ့ပြီး ပြည်သူများနှင့်အတူ လက်တွဲ လုပ်ကြရန် ကားပေါ်မှနေ၍ ကြိုဆိုသူ လူဦးရေ ၅၀၀ကျော်အား တိုက်တွန်း ပြောကြားသွားခဲ့သည်။

ပုသိမ်မှ နည်းပညာတက္ကသိုလ်ကျောင်းသား/သူများမှ ထွက်၍ NLD တံဆိပ်အမှတ်အသားများဖြင့် ကြိုဆိုကြ သောကြောင့် ၎င်းမှ ခေတ္တရပ်နား၍ စကားပြောခဲ့ပြီး မြောင်းမြသို့ ဆက်လက်ထွက်ခွာသွားခဲ့သည်ဟု သိရသည်။

ATM

-----------------------------------------------------------------------------------------------------------------------------------

လယ်သမားတွေကို မြင်တွေ့ခဲ့ရခြင်းကြောင့် နိုင်ငံရေးတာဝန်ပို၍ ကြီးမားသွားပြီဟု ဒေါ်စုပြော

ဖေဖော်ဝါရီလ ၆ရက်နေ့တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်သည် ၎င်း၏ ပါတီစည်းရုံးရေးအတွက် ဒုတိယ မြောက် နိုင်ငံရေးခရီးစဉ်ကို ပုသိမ်သို့သွားရောက်ခဲ့ပြီးနောက် ညနေ ၄နာရီတွင် မြောင်းမြမြို့ရှိ လူငါးသောင်းခန့်ဆန့်သော မီတာ ၄၀၀ အားကစားကွင်း တွင် ပြည်သူလူထုအား ဆယ့်ငါးမိနစ် ကြာ မိန့်ခွန်းပြောကြားခဲ့သည်ဟု သိရသည်။

“ဒေါ်အောင်ဆန်းစုကြည်က ပုသိမ်က ပြည်သူတွေကို ကားပေါ်ကနေ နှုတ်ဆက်ပြီး မြောင်းမြကို ဆက်သွားတာဗျ။ ဒေါ်အောင်ဆန်းစုကြည်လာ တယ်ဆိုပြီး မြောင်းမြတံတားထိပ်မှာ NLD တံဆိပ်တွေ ဒေါ်အောင်ဆန်းစုကြည်ပုံတွေ ဦးထုပ်တွေနဲ့ အလံတွေထောင်ပြီး ကြိုဆိုခဲ့ကြတယ်”ဟု ခရီးစဉ် တစ်လျှောက်လုံး အားပေးလိုက်ပါလာသည့် ပုသိမ်ဒေသခံတစ်ဦးမှ ပြောသည်။

ဒေါ်အောင်ဆန်းစုကြည်သည် မြောင်းမြမှ ပြည်သူလူထုအား “၎င်းတို့သည် နေပူထဲတွင် နှစ်နာရီမျှကြာအောင် စောင့်ဆိုင်းနေရခြင်းအတွက် တောင်းပန်ပါကြောင်း၊ မိမိလာသည့်လမ်းတွင် ပြည်သူများဆင်းရဲနေမှုများကို မြင်တွေ့ရပြီး ပိုဆိုးသည်မှာ တောင်သူလယ်သမားကြီးများ မည်သို့မည်ပုံ ဆင်းရဲနေသည်ကို တွေ့ရှိရသောကြောင့် သူမအနေဖြင့် ပို၍ နိုင်ငံရေးတာဝန်များအား ကြီးမားစွာထမ်းဆောင်ရမည်ဖြစ်သည်”၎င်း၏ မိန့်ခွန်းမှ ကောက် နုတ်ဖော်ပြလိုက်ရသည်။

ထို့နောက် ၎င်းတို့အဖွဲ့သည် ရန်ကုန်သို့ ၄နာရီခွဲအချိန်ခန့်တွင် ရန်ကုန်သို့ ပြန်လည်ထွက်ခွာခဲ့ကြောင်းသိရသည်။

ATM

*****************************************

သတင်းနှင့် ဆောင်းပါးများမှ ကောက်နှုတ်ချက်များ

“ဖွဲ့စည်းပုံအခြေခံဥပဒေဆိုတာ ပြည်သူနဲ့ အစိုးရကြားက ပဋိညာဉ်ပဲ။ ကြိုက်ကြိုက် မကြိုက်ကြိုက် ကိုယ့်ကို ဘယ်လိုအုပ်ချုပ်နေတယ်၊ ကိုယ့်မှာ ဘာလုပ် ပိုင်ခွင့်တွေရှိသလဲဆိုတာ သိဖို့ ဒေါ်အောင်ဆန်းစုကြည် ပြောသ လို အခြေခံဥပဒေကို လေ့လာထားသင့်တယ်”

ဖေဖော်ဝါရီ ၆ ထုတ် The Voice Weekly အတွဲ (၈) အမှတ် (၈) တွင်ပါသည့် “ဖွဲ့စည်းပုံ အခြေခံဥပဒေ လေ့လာရန် ဒေါ်အောင်ဆန်းစု ကြည်တိုက်တွန်း” သတင်းမှ ဒေါ်အောင်ဆန်းစုကြည်၏ ပြောကြားချက်မှ ကောက်နှုတ်ချက်

-----------------------------------------------------------------------------------------------------------------------------------

“နိုင်ငံတိုင်း အကြွေးမကင်းဘူး။ တို့နိုင်ငံလည်း ဒီလိုပါပဲ။ တိုင်းပြည်မှာ Natural resource (သဘာဝအရင်းအမြစ်) အများကြီးရှိပေမယ့် အကြွေးဆပ်ရတာနဲ့ စာချုပ်မိနေတာတွေရှိလို့ Natural resource ကို ပေးနေရသေးတယ်။ အခုထိတော့ အကြွေးသံသရာထဲလည်နေတုန်း။ အခု အစိုးရသစ်လက်ထက်မှာ တော့ မလိုလားအပ်တဲ့၊ အကျိုးမရှိတဲ့ အသုံးငွေတွေလျှော့ဖို့ ဆွေးနွေးနေတယ်”

ဖေဖော်ဝါရီ ၇ ထုတ် TRUE NEWS အတွဲ (၄) အမှတ် (၂၀) တွင်ပါသည့် “မြန်မာနိုင်ငံ၏ ၈၈ နောက်ပိုင်းချေး ငွေတွင် တရုတ်သို့ပေးဆပ် ရမည့် ချေးငွေ အများဆုံးဖြစ်” သတင်းမှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးခင်မောင်ရည် (ခ) ခိုင်မောင်ရည်၏ ပြောကြားချက်အပေါ် ကောက်နှုတ်ချက်

-----------------------------------------------------------------------------------------------------------------------------------

ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌသူရဦးရွှေမန်းသည် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ ဥက္ကဋ္ဌဒေါ်အောင်န်းစုကြည် လွှတ်တော်ရောက်လာသည်ကို ဝမ်းပန်းတ သာ ကြိုဆိုသည့် ပုဂ္ဂိုလ်ဖြစ်ပြီ၊ မကြာမီကျင်းပမည့် ကြားဖြတ်ရွေး ကောက်ပွဲကို လွတ်လပ်၍တရားမျှတသည့် ရွေးကောက်ပွဲတစ်ခုဖြစ်စေရန် မျှော်မှန်းထား သူဖြစ်သည်။

“ဥက္ကဋ္ဌကြီးကိုယ်တိုင်က အောက်ခြေပါတီဝင်တွေကို ဒီလိုညွှန်ကြားထားတာကြောင့် ကြားဖြတ်ရွေးကောက်ပွဲအတွက် ပါတီကထားရှိတဲ့ သဘောထားကို သိကြမှာပါ။ သို့သော် တစ်ချို့ဒေသတွေမှာ နိုင်ငံရေးပါတီတစ်ချို့ ကြုံရတဲ့ အခက်အခဲတွေ၊ ပြဿနာတွေဟာ ပါတီနဲ့ဘာမှ မသက်ဆိုင်ပါဘူး။ တစ်ဦးချင်းစီ ရဲ့ ဆန္ဒနဲ့သဘော ထားတွေပါ” ဟု ပြည်ခိုင်ဖြိုးပါတီ၏ အဆင့်မြင့်ပါတီဝင်တစ်ဦးကပြောသည်။

ဖေဖော်ဝါရီ ၉ ထုတ် ရန်ကုန်တိုင်းမ် အတွဲ (၈) အမှတ် (၆) တွင်ပါသည့် “လွတ်လပ်၍ တရားမျှတသော ရွေးကောက်ပွဲဖြစ်စေရန် ပြည်ခိုင်ဖြိုး ပါတီဝင်များကို သူရဦးရွှေမန်းတိုက်တွန်း” သတင်းမှ ကောက်နှုတ်ချက်

***************************************


Google Docs makes it easy to create, store and share online documents, spreadsheets and presentations.
Logo for Google Docs

0 comments:

Post a Comment