Transparency Myanmar

transparency.myanmar@gmail.com

yangonchronicle 2011- (1)
yangonchronicle 2011- (1)

၁၃.၂.၂၀၁၂

ဘာသာပြန်သတင်းများ အပိုင်း(၁)

  1. မြန်မာ့ ပြုပြင်ပြောင်းလဲမှုများအပေါ် အာဆီယံအကြီးအကဲစိုးရိမ်

(Monster and Critics မှ 12 Feb 2012 ရက်စွဲပါ Asean chief expresses concerns about Myanmar reforms ကို ဘာသာပြန်ဆိုသည်)

  1. အီးယူဖွံ့ဖြိုးရေးဆိုင်ရာ မဟာမင်းကြီး မြန်မာသို့ရောက်ရှိ

(Monster and Critics မှ 12 Feb 2012 ရက်စွဲပါ EU development commissioner arrived in Myanmar ကို ဘာသာ ပြန်ဆိုသည်)

  1. အာဆီယံလုပ်ငန်းရှင်များ မြန်မာနိုင်ငံ၌ ရင်းနှီးမြှုပ်နှံရေးကိုအားပေးထောက်ခံ

(Malacian Insider မှ 10 Feb 2012 ရက်စွဲပါ “CIMB Group Chief leads Asean support for Myanmar” သတင်းကို ဘာသာပြန်ဆိုသည်)

  1. ဂျာမန်ဖွံ့ဖြိုးတိုးတက်ရေးဝန်ကြီး မြန်မာနိုင်ငံသို့သွားမည်

(Deutsche Welle မှ 12 February 2012 ရက်စွဲပါ German minister begins landmark tour ကို ဘာသာ ပြန်ဆိုသည်)

*******************************************************************************************

မြန်မာ့ ပြုပြင်ပြောင်းလဲမှုများအပေါ် အာဆီယံအကြီးအကဲစိုးရိမ်

(Monster and Critics မှ 12 Feb 2012 ရက်စွဲပါ Asean chief expresses concerns about Myanmar reforms ကို ဘာသာပြန်ဆိုသည်)

မြန်မာနိုင်ငံတွင် ပြည်သူများကိုအသုံးချပြီး စီးပွားရေးအမြတ်ထုတ်မှုများဖြစ်ပေါ်လာမည်ကို စိုးရိမ်ပူပန်မိကြောင်း အရှေ့တောင်အာရှနိုင်ငံများ အဖွဲ့(အာဆီယံ) အထွေထွေ အတွင်းရေးမှူး ဆူရင်ပစ်ဆာဝမ်ကထုတ်ဖော်ပြောကြားသည်။ "ဘန်ကောက်(ထိုင်းနိုင်ငံ) နဲ့ စင်ကာပူတို့မှာ စုစည်းနေကြတဲ့သူတွေ၊ မြန်မာနိုင်ငံရဲ့ ရင်းမြစ်တွေနဲ့ အခွင့်အလမ်းတွေကို အမြတ်ထုတ်ဖို့ကြိုးစားနေတဲ့သူတွေနဲ့ပတ်သက်ပြီး ကျွန်တော်စိုးရိမ်မိပါတယ်" ဟု အာဆီယံ အထွေထွေ အတွင်းရေးမှူး ဆူရင်ပစ်ဆာဝမ်က Myanmar Times ဂျာနယ်သို့ ပြောကြားသည်။

နှစ်ပေါင်းများစွာ စစ်အာဏာရှင်စနစ်အောက်သို့ရောက်ရှိခဲ့သော မြန်မာနိုင်ငံသည် ပြီးခဲ့သည့် ၂၀၁၁ ခုနှစ်၊ သမ္မတဦးသိန်းစိန်အစိုးရ အာဏာ ရရှိလာသည့်အချိန်မှစ၍ ပြုပြင်ပြောင်းလဲမှုများကို အစွမ်းကုန်လုပ်ဆောင်ပြီး ဒီမိုကရေစီဖော်ဆောင်ရန် ကြိုးပမ်းလျက်ရှိရာ စောင့်ကြည့်လေ့လာသူများက လွန်စွာအံ့အားသင့်ခဲ့ကြသည်။ မြန်မာနိုင်ငံကို နှစ်ကာလကြာမြင့်စွာ ပိတ်ဆို့အရေးယူခဲ့ကြသော အနောက်နိုင်ငံများကလည်း ယခုအခါ ဦးသိန်းစိန်အစိုးရ၏ ပြုပြင်ပြောင်းလဲမှုများအား ဆုချသည့်အနေဖြင့် ယင်းပိတ်ဆို့အရေးယူမှုများဖယ်ရှားပေးရန် စဉ်းစားလျက်ရှိသည်။

မြန်မာနိုင်ငံသို့လာမည့် ဖေဖော်ဝါရီလ ၁၉ ရက်မှ ၂၂ ရက်နေ့အထိလာရောက်လည်ပတ်ရန်ရှိသော မစ္စတာ ဆူရင်ပစ်ဆာဝမ်က "နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများ ဖြစ်ပေါ်လာအောင် အလျင်စလိုလုပ်ကိုင်မှုများကြောင့် ညီမျှမှုမရှိသည့် အကျိုးအမြတ်များ ဖြစ်ထွန်းလာမည်ကို မိမိအနေဖြင့် စိုးရိမ်မိကြောင်း" ပြောကြားသည်။ "မြန်မာနိုင်ငံရဲ့ မိတ်ဆွေတွေအနေနဲ့ လုပ်သင့်တာက မြန်မာပြည်သူတွေအတွက် လူမှုဖူလုံရေးစရိတ်စက ဘယ်လောက်များများ ရှိထားပြီလဲဆိုတဲ့အချက်ကို အသေအချာဖြစ်အောင်လုပ်ဖို့ပါပဲ" ဟု ၎င်းကဆိုသည်။ "စာသင်ကျောင်း၊ ဆေးရုံ၊ ဝန်ဆောင်လုပ်ငန်း၊ ရေကောင်းရေသန့် အစရှိတဲ့လိုအပ်ချက်တွေကို စွန့်ဦးတီထွင်လိုတဲ့စိတ်က လွှမ်းမိုးသွားလို့မဖြစ်ပါဘူး။ မညီမမျှမှုတွေနဲ့ အနှောက်အယှက်တွေ ပိုမို ဖြစ်ပေါ်စေမယ့် ပွင့်လင်းမှုမျိုးကို ကျွန်တော်တို့မလိုချင်ပါဘူး"ဟုလည်း ဆက်လက်ဆိုသည်။

မြန်မာနိုင်ငံတွင် ရွေးကောက်တင်မြှောက်မှုဖြင့် အာဏာရရှိလာသော အရပ်သားအစိုးရမှာ စစ်တပ်လိုလားသောအစိုးရတစ်ရပ်ဖြစ်သလို နှစ်ကာလ ကြာမြင့်စွာအုပ်ချုပ်ခဲ့သော စစ်အစိုးရအဖွဲ့ဝင်ဟောင်းများနှင့် ဖွဲ့စည်းထားခြင်းဖြစ်ရာ အလုံးအရင်းဖြင့်ဝင်ရောက်လာမည့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများမှ အကျိုးအမြတ်များကို ၎င်းတို့သာ ရရှိနိုင်သည့်အနေအထားတွင်ရှိသည်။ ယခုနှစ်ကုန်ပိုင်းတွင် အထွေထွေအတွင်းရေးမှူး သက်တမ်း ကုန်ဆုံးတော့မည် ဖြစ်သည့် မစ္စတာ ဆူရင်ပစ်ဆာဝမ်အား မြန်မာနိုင်ငံ၏ ပြုပြင်ပြောင်းလဲမှု မည်မျှအတိုင်းအတာအထိတာရှည်ခံနိုင်ခံနိုင်ခြင်း ရှိ၊ မရှိ ဟူသောကိစ္စကို မေးမြန်းရာ ၎င်းက "အပြောင်းအလဲတွေအားလုံးဟာ ထိပ်ပိုင်းကနေ အောက်ဘက်က အစိုးရအေဂျင်စီတွေအထိ သက်ရောက်မှုရှိမယ်ဆိုတဲ့ အချက်ပြမှုမျိုးကို ကျွန်တော်တို့တွေ့မြင်လိုပါတယ်။ အပြောင်းအလဲတွေ အသေအချာဖြစ်ပေါ်လာအောင်၊ ဖွံ့ဖြိုးလာအောင်လုပ်ဖို့လိုအပ်ပါတယ်၊ တွေ့မြင်ရဖို့လည်း လိုပါတယ်" ဟု ဖြေကြားသည်။

မြန်မာနိုင်ငံသည် လာမည့် ၂၀၁၄ ခုနှစ်တွင် အာဆီယံအလှည့်ကျ ဥက္ကဌ ရာထူးကို ပထမဆုံးအကြိမ်အဖြစ် ပြောင်းလဲရယူမည်ဖြစ်သည်။

*******************************************************************************

အီးယူဖွံ့ဖြိုးရေးဆိုင်ရာ မဟာမင်းကြီး မြန်မာသို့ရောက်ရှိ

(Monster and Critics မှ 12 Feb 2012 ရက်စွဲပါ EU development commissioner arrived in Myanmar ကို ဘာသာ ပြန်ဆိုသည်)

ဥရောပသမဂ္ဂ(အီးယူ) ဖွံ့ဖြိုးရေးဆိုင်ရာ မဟာမင်းကြီး Andris Piebalgs သည် ဖေဖော်ဝါရီလ ၁၂ ရက်နေ့တွင် မြန်မာနိုင်ငံသို့ ရောက်ရှိလာပြီး ခရီးစဉ်အတွင်း ၎င်းအနေဖြင့် ဖွံဖြိုးရေးအကူအညီအတွက် ယူရိုသန်း ၁၅၀ ပေးအပ်မည့် အစီအစဉ်ကို အသိပေးကြေညာလိမ့်မည်ဟု မျှော်လင့်ရသည်။

မစ္စတာ Andris Piebalgs သည် ထိုနေ့က ရန်ကုန်မြို့သို့ ဦးစွာ ရောက်ရှိလာခြင်းဖြစ်ပြီး ဖေဖော်ဝါရီလ ၁၃ ရက်နေ့တွင် မြန်မာသမ္မတ ဦးသိန်းစိန်အပါအဝင် အစိုးရအရာရှိကြီးများနှင့်တွေ့ဆုံဆွေးနွေးရန် မြို့တော်နေပြည်တော်သို့ သွားရောက်မည်ဟု သိရသည်။ ထို့အတူ ဖေဖော်ဝါရီလ ၁၄ ရက်နေ့တွင် အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့်တွေ့ဆုံရန်လည်း စီစဉ်ထားသည်။ ယခုအီးယူဖွံ့ဖြိုးရေးဆိုင်ရာမဟာမင်းကြီး၏ မြန်မာပြည် ခရီးစဉ်သည် ပြီးခဲ့သည့် ၂၀၁၁ ခုနှစ် မတ်လတွင်အာဏာရရှိခဲ့သော သမ္မတဦးသိန်းစိန်အစိုးရ၏ ပြုပြင်ပြောင်းလဲရေးလုပ်ငန်းစဉ်များကို တုံ့ပြန်သည့်အနေဖြင့် ထွက်ပေါ်လာခြင်းဖြစ်သည်။ သမ္မတ ဦးသိန်းစိန်သည် ယခင်စစ်အစိုးရအဖွဲ့ဝင်ဟောင်းနှင့် ဗိုလ်ချုပ်ကြီးဟောင်းတစ်ဦး ဖြစ်ပြီး ၂၀၁၀ ပြည့်နှစ် နိုဝင်ဘာလရွေးကောက်ပွဲတွင် အနိုင်ရရှိခဲ့သည့်အချိန်မှစ၍ တိုးတက်ဖြစ်ထွန်းမှုများစွာကို ဆောင်ကြဉ်းပေးလာခဲ့သည်။

မြန်မာသမ္မတသည် အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံရေးဒိုင်ယာလော့ခ်များပြုလုပ်ပြီး လာမည့် ဧပြီလ ၁ ရက်နေ့တွင် ကျင်းပမည့် ကြားဖြတ်ရွေးကောက်ပွဲသို့ သူမအနေဖြင့်ဝင်ရောက်ယှဉ်ပြိုင်နိုင်အောင်လည်း လမ်းဖွင့်ပေးခဲ့သည်။ ထို့ပြင် သမ္မတသည် နိုင်ငံရေးအကျဉ်းသား ၆၀၀ ခန့်ကို လွတ်ငြိမ်းချမ်းသာခွင့်ပြုခြင်း၊ တိုင်းရင်းသားလက်နက်ကိုင်အုပ်စုများနှင့် အပစ်အခတ်ရပ်စဲရေး သဘောတူစာချုပ်ချုပ်ဆိုခြင်း အစရှိသည် တို့ကိုလည်း လုပ်ဆောင်ခဲ့သည်။ "မြန်မာနိုင်ငံရဲ့ ပြောင်းလဲမှု အရှိန်က အင်မတန်ထူးခြားပြီးစိတ်ဝင်စားစရာကောင်းပါတယ်။ ယခုလိုအချိန်မှာ မြန်မာနိုင်ငံ အတွက် လိုအပ်တာတွေအားလုံးကို အထောက်အပံ့ပေးဖို့လိုမယ်လို့ အီးယူကသဘောပေါက်ထားပါတယ်" ဟု မြန်မာနိုင်ငံသို့မသွားရောက်မီ ဘရပ်ဆဲလ်မြို့၌ မစ္စတာ Andris Piebalgs ကပြောကြားသည်။ ၎င်းသည် ခရီးစဉ်အတွင်း မြန်မာ့ဒီမိုကရေစီပြုပြင်ပြောင်းလဲမှုများကို ထောက်ပံ့နိုင်ရေး အတွက် အကူအညီပေးမည့်အစီအစဉ်ကိုကြေညာဖွယ်ရှိသည်။

အီးယူဝန်ကြီးများသည် ယခင်က မြန်မာခေါင်းဆောင်များအပေါ် သတ်မှတ်ထားသော ခရီးသွားလာခွင့်ဗီဇာ ပိတ်ပင်မှုများကို ဖယ်ရှားရန် ဆုံးဖြတ်ခဲ့သည်။ သို့သော်လည်း မြန်မာပြည်အပေါ်ချမှတ်ထားသည့် အခြား ပိတ်ဆို့အရေးယူမှုများမှာ ဆက်လက်ကျန်ရှိနေဆဲပင်ဖြစ်သည်။ အီးယူသည် မြန်မာနိုင်ငံရှိ နိုင်ငံပိုင်လုပ်ငန်းများတွင် ရင်းနှီးမြှုပ်နှံမှုများ၊ မြန်မာပြည်သို့ ကုန်ပစ္စည်းတင်ပို့မှုများ၊ မြန်မာနိုင်ငံမှ ကုန်ပစ္စည်းများတင်သွင်းမှုများကို ပိတ်ပင်ထားသည်။

ဘရပ်ဆဲလ်အခြေစိုက် သံတမန်သတင်းရင်းမြစ်အဆိုအရ လာမည့် ဧပြီလ ၂၃ ရက်နေ့တွင် အီးယူဝန်ကြီးများအနေဖြင့် မြန်မာပြည်အပေါ် ပိတ်ဆို့အချို့လျှော့ချရေး သို့မဟုတ် ပိတ်ဆို့မှုများအားလုံးအဆုံးသတ်ရေးကို စဉ်းစားဆုံးဖြတ်ကြမည်ဖြစ်ပြီး အီးယူအဖွဲ့သည် ရန်ကုန်မြို့၌ ရုံးခွဲ ဖွင့်လှစ်ရန်လည်း စီစဉ်လျက်ရှိသည်။

******************************************************************************

အာဆီယံလုပ်ငန်းရှင်များ မြန်မာနိုင်ငံ၌ ရင်းနှီးမြှုပ်နှံရေးကိုအားပေးထောက်ခံ

(Malacian Insider မှ 10 Feb 2012 ရက်စွဲပါ “CIMB Group Chief leads Asean support for Myanmar” သတင်းကို ဘာသာပြန်ဆိုသည်)

မလေးရှားဘဏ်လုပ်ငန်းရှင် ဒါတွတ်ဆရိုနာဇာရာဇတ်ဦးဆောင်သော စီးပွားရေးလုပ်ငန်းရှင်များ ကိုယ်စားလှယ် အဖွဲ့က နိုင်ငံရေး၊ စီးပွားရေး အသွင်ပြောင်းမှုများ ပြုလုပ်နေသော မြန်မာနိုင်ငံအား အလားအလာကောင်းသော ရင်းနှီးမြှုပ်နှံမှု စီးပွားဖက် အဖြစ် အားပေးထောက်ခံသွားမည်ဟု ကတိပြုခဲ့သည်။

အဆိုပါ Asean Business Club (ABC) အဖွဲ့သည် ယခုသီတင်းပတ် အစောပိုင်းတွင် မြန်မာနိုင်ငံ၏ ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ အာဏာပိုင်များ၊ မြန်မာပြည်တွင်းလုပ်ငန်းရှင်များ၊ နိုင်ငံရေးခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် စသူတို့နှင့် ရန်ကုန်မြို့တွင် တွေ့ဆုံကာ မြန်မာနိုင်ငံသားများ ပြည်ပသို့ ရွှေ့ပြောင်း လုပ်ကိုင်နေရသည့်အလျှောက် မြန်မာနိုင်ငံ၌ ရင်းနှီးမြှုပ်နှံမှုများအဆက်မပြတ်ရှင်သန်အောင် အားဖြည့်ကြမည်ဖြစ်ကြောင်း ကတိပြု ပြောဆိုခဲ့ကြသည်။

အထက်ပါ ကိုယ်စားလှယ်အဖွဲ့ကအာဆီယံစီးပွားရေးအသိုင်းအဝိုင်းတွင် ပြုပြင်ပြောင်းလဲနေသော မြန်မာနိုင်ငံသည် မဟာဗျူဟာမြောက်သော ကဏ္ဍမှ ပါဝင်နိုင်မည်ဖြစ်ကြောင်းပြောကြားခဲ့ပြီးအဆိုပါ ဆက်စပ်ယှက်နွယ်မှုကို အာဆီယံကုမ္မဏီများက ထောက်ခံပံ့ပိုးအားပေးနိုင်မည့် နည်းလမ်းများကိုလည်း ဆွေးနွေးခဲ့ကြသည်။ မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင် ကိုယ်စားရပို့ဆောင်ရေးဌာနဒုတိယဝန်ကြီးသူရဦးသောင်းလွင်က နိုင်ငံခြား ရင်းနှီးမြှုပ်နှံများအတွက် ဥပဒေကြောင်းနှင့် အခွန်ပိုင်းဆိုင်ရာခေတ်မီ တိုးတက်အောင် အစိုးရက ဆောင်ရွက်နေကြောင်း ကတိပြု ပြောကြားခဲ့ပြီးအထူးစီးပွားရေးဇုံများအတွက် ပြင်ဆင်နေသောအစီအစဉ်များကိုရှင်းလင်းပြောဆိုခဲ့သည်။

အဆိုပါ ABC ကိုယ်စားလှယ်အဖွဲ့တွင် CIMB အုပ်စုဥက္ကဌတန်ဆရီနော်ယူဆွတ်၊ Air Asia Bhd အကြီးအကဲ တန်ဆရီတိုနီဖာနန်ဒက်၊ မလေးရှားရင်းနှီးမြှုပ်နှံမှုလုပ်ငန်းအမှုဆောင်ဒါရိုက်တာတင်ဂူအစ်စမေးရာရာအဗ္ဗဒိုအဇစ်၊ စင်ကာပူ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းTemasek Holding ဒါရိုက်တာဂိုယူလင်းတို့ ပါဝင်သည်ဟုသိရှိရသည်။

*****************************************************************************************************************

ဂျာမန်ဖွံ့ဖြိုးတိုးတက်ရေးဝန်ကြီး မြန်မာနိုင်ငံသို့သွားမည်

(Deutsche Welle မှ 12 February 2012 ရက်စွဲပါ German minister begins landmark tour ကို ဘာသာ ပြန်ဆိုသည်)

မြန်မာနိုင်ငံသည် နိုင်ငံတကာအသိုင်းအဝိုင်းနှင့် ပြန်လည်ဆက်ဆံလာခြင်းနှင့် ဒီမိုကရေစီပြုပြင်ပြောင်းလဲရေး လုပ်ငန်းများ လုပ်ဆောင်လာခြင်း တို့ကြောင့် ဘာလင်ထံမှ အကူအညီပိုမိုမျှော်လင့်နိုင်ကြောင်း ဂျာမနီ၏ ဖွံ့ဖြိုး တိုးတက်ရေးဝန်ကြီးက ပြောကြားခဲ့သည်။

ဂျာမနီသည် မြန်မာ၏ဖွံ့ဖြိုးတိုးတက်မှုတွင် ပိုမိုပါဝင်ရန်နှင့် အကူအညီတိုးမြှင့်ပေးရန် ရှိကြောင်း ဖွံ့ဖြိုးတိုးတက်ရေး ဝန်ကြီး Dirk Niebel ၏အဆိုအရ သိရှိရသည်။ ယင်းသည်မြန်မာနှင့်လာအိုနိုင်ငံတို့သို့ တနင်္ဂနွေနေ့တွင် စတင်သွားရောက်မည်ဖြစ်သည်။

မြန်မာနိုင်ငံတွင် တံခါးဖွင့်ပြီးကတည်းက ဂျာမန်ကက်ဘိနက်ဝန်ကြီး၏ ပထမဆုံးခရီးစဉ်ဖြစ်သည်။ ကက်ဘိနက်ဝန်ကြီး Niebel က မြန်မာနိုင်ငံသည် လက်ရှိနိုင်ငံရေးလမ်းကြောင်းကို ဆက်လက်ထိန်းသိမ်းနိုင်ပါက နိုင်ငံတကာအရေးယူမှုများ ဆက်လက်ဖြေလျော့ရေးအတွက် မျှော်လင့်နိုင်သည်ဟု ပြောသည်။ “ကျွန်တော့်ခရီးစဉ်အတွင်း အခုလက်ရှိ အများက အကောင်းမြင်မှုတွေ သေချာပြီလို့ ပြောနိုင်ပြီဆိုရင် ကျွန်တော်တို့ဟာ ဂျာမနီရဲ့ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆက်ဆံရေးကိုတစ်ဆင့်ပြီးတစ်ဆင့် တိုးချဲ့ဖို့ စတင်နိုင်ပါလိမ့်မယ်”ဟု Niebel က ပြောသည်။

၁၉၉ဝ ခုနှစ်များအစောပိုင်းကတည်းက ချမှတ်ထားသော ဥရောပသမဂ္ဂ၏အရေးယူမှုများသည် ဂျာမနီနိုင်ငံ၏ မြန်မာအစိုးရနှင့် ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများ တိုက်ရိုက်လုပ်ကိုင်မှုကို တားမြစ်ထားသည်။ Niebel နှင့်အတူ စီးပွားရေးလုပ်ငန်းကိုယ်စားလှယ်အဖွဲ့လည်း ပါဝင်မည်ဖြစ်သည်။ ယင်းခရီးစဉ်တွင် အကူအညီပေးရေးနှင့် ဖွံ့ဖြိုးတိုးတက်မှု NGO များဖြစ်သော Malteser International and Welthungerhilfe တို့၏ ပရောဂျက်များ ကိုလည်း ကြည့်ရှုမည် ဖြစ်သည်။

Niebel သည် မြန်မာနိုင်ငံတွင် လုပ်ဆောင်နေသောအဖွဲ့အစည်းများကိုဆက်လက်ကူညီရန် အစီအစဉ်များ ရေးဆွဲထားသေးသည်။ ဖွံ့ဖြိုး တိုးတက်ရေး ဝန်ကြီးဌာနသည် ကျန်းမာရေး၊ ပညာရေး၊ စားနပ်ရိက္ခာနှင့် ကျေးလက် ဖွံ့ဖြိုးရေးတို့အတွက် မြန်မာနိုင်ငံတွင် လုပ်ဆောင်နေသော NGO စီမံကိန်းများကို ငွေကြေးထောက်ပံ့ရန် စီစဉ်ထားသည်။ အဆိုပါဝန်ကြီးဌာနသည် ၂ဝ၁ဝ-၁၃ ကာလအတွက် ဘတ်ဂျက်ယူရို ၁၉ သန်း(ဒေါ်လာ ၂၄ သန်း) လျာထားလျက်ရှိသည်။ ခရီးစဉ်အတွင်း Niebel သည် ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံရန်လည်း စီစဉ်ထားသည်ဟု သိရသည်။

***************************************************************************


Google Docs makes it easy to create, store and share online documents, spreadsheets and presentations.
Logo for Google Docs

0 comments:

Post a Comment