Transparency Myanmar

transparency.myanmar@gmail.com

yangonchronicle 2011- (1)
yangonchronicle 2011- (1)

၁၅.၂.၂၀၁၂

ဘာသာပြန်သတင်းများ အပိုင်း(၁)

  1. ဒေါ်အောင်ဆန်းစုကြည်က တရုတ်၊ အမေရိကန်တို့နှင့် ဆက်ဆံရေးပိုမိုကောင်းမွန်ရန်ဆို

(The Wall Street Journal မှ 14 February 2012 ရက်စွဲပါ Suu Kyi calls for better ties with China, U.S ကို ဘာသာ ပြန်ဆိုသည်)

  1. မြန်မာသည် လာမည့် အာရှစီးပွားရေးကျားပေါက်တစ်ကောင်လော

(The Atlantic မှ 14 February 2012 ရက်စွဲပါ Joshua Kurlantzick ရေးသားသော Is Burma the next asian Tiger cub economy ကို ဘာသာ ပြန်ဆိုသည်)

***********************************************************************************

ဒေါ်အောင်ဆန်းစုကြည်က တရုတ်၊ အမေရိကန်တို့နှင့် ဆက်ဆံရေးပိုမိုကောင်းမွန်ရန်ဆို

(The Wall Street Journal မှ 14 February 2012 ရက်စွဲပါ Suu Kyi calls for better ties with China, U.S ကို ဘာသာ ပြန်ဆိုသည်)

တရုတ်နိုင်ငံအနေဖြင့် မြန်မာနိုင်ငံအား တရုတ်ကုမ္ပဏီများ စီးပွားရေးလုပ်ရန်နေရာတစ်ခုထက် ပိုမိုကြည့်ရန် အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က တနင်္လာနေ့က ထုတ်ဝေသော မဂ္ဂဇင်းတစ်စောင်နှင့် အင်တာဗျူးတွင် တောင်းဆိုလိုက်သည်။ ထို့အပြင် မြန်မာနိုင်ငံကလည်း ဘေဂျင်းနှင့်လည်းကောင်း၊ ဝါရှင်တန်နှင့်လည်းကောင်း ဆက်ဆံရေး ကောင်းမွန်အောင် ကြိုးစားသင့်သည်ဟု သူမက ပြောကြားသည်။

“တရုတ်ပြည်သူတွေအနေနဲ့ ကျွန်မတို့ကို ပိုပြီးနားလည်မှုပေးနိုင်လိမ့်မယ်လို့ မျှော်လင့်ပါတယ်” ဟု ဒေါ်အောင်ဆန်းစုကြည်က Guangdongdong အခြေစိုက် Southern People Weekly မဂ္ဂဇင်းနှင့် အင်တာဗျူးတွင် ပြောကြားခဲ့သည်။ “နှစ်နိုင်ငံဆက်ဆံတဲ့အခါဖြစ်ဖြစ် ရင်းနှီးမြှုပ်နှံတဲ့အခါဖြစ်ဖြစ် ဒီအချက်ကို စိတ်ထဲမှာ ထည့်ထားနိုင်လိမ့်မယ်လို့ မျှော်လင့်ပါတယ်” ဟု သူမက ဆိုသည်။

မြန်မာနိုင်ငံသည် တရုတ်နှင့် အမေရိကန်တို့၏ မဟာဗျူဟာကျသော ပါဝါလွန်ဆွဲမှု၏ အလယ်တွင် ရောက်ရှိနေပြီး မြန်မာနိုင်ငံတွင် အနောက်နိုင်ငံအရေးယူမှုများ ရုတ်သိမ်းရေးကို ရည်ရွယ်၍ နိုင်ငံရေး ပြုပြင်ပြောင်းလဲမှုများကို လုပ်ဆောင်လျက်ရှိသည်။ ပြီးခဲ့သောနှစ်များအတွင်း စီးပွားရေးအရ အရေးယူမှုများသည် တရုတ်နိုင်ငံက မြန်မာနိုင်ငံအပေါ် အရေးကြီးသော ငွေရေးကြေးရေးနှင့် နိုင်ငံရေးအရ ကျောထောက် နောက်ခံ ပြုပေးသော နိုင်ငံတစ်ခု ဖြစ်လာရန် လမ်းခင်းပေးသကဲ့သို့ ရှိသည်။ သို့သော် တရုတ်ကုမ္ပဏီများသည် သယံဇာတများကို ထုတ်ယူရာတွင် အသာစီး ရယူမှုများကြောင့် ဆန့်ကျင်ရေးအုပ်စုများကို လှုပ်နှိုးလိုက်သကဲ့သို့ ဖြစ်သွားခဲ့ပြီး တရုတ်ဆန့်ကျင်ရေးစိတ်ဓာတ်များ မြန်မာနိုင်ငံတွင် ပျံ့နှံ့ကာ နိုင်ငံရေးအရ မငြိမ်သက်မှုများ ဖြစ်လာမည်ကို မြန်မာအစိုးရက စိုးရိမ်လာရသည်။

ယခုအခါ ဒေါ်အောင်ဆန်းစုကြည်သည် ပြည်သူ့လွှတ်တော်အတွက် ရွေးကောက်ပွဲဝင်ရန် အပြင်းအထန်စည်းရုံးရေး ဆင်းလျက်ရှိသည်။ နာမည်ကြီး Southern People Weekly နှင့် သူမ၏အင်တာဗျူးက အချက်ပေးလိုက်သည်မှာ မြန်မာနိုင်ငံ၏ လာမည့်လွှတ်တော်တွင် အနာဂတ်တရုတ် ရင်းနှီးမြှုပ်နှံမှု အတွက် ခက်ခဲလာမည် ဆိုသည်ကို ဖြစ်သည်။

ပြီးခဲ့သည့်ဩဂုတ်လက သူမသည် တရုတ်တို့ လုပ်ဆောင်နေသော မြစ်ဆုံရေလှောင်တမံ စီမံကိန်းကို ပတ်ဝန်းကျင်ဆိုင်ရာ ထိခိုက်မှုများနှင့် တိုင်းရင်းသား အုပ်စုများအနေနှင့် နေအိမ်များ ဖယ်ရှားပေးရခြင်းများ ရှိခြင်းကြောင့် ပြန်လည်ဆန်းစစ်ရန် တောင်းဆိုခဲ့သည်။ နောက်ပိုင်းတွင် မြန်မာ အစိုးရက အဆိုပါစီမံကိန်းကို ရပ်ဆိုင်းခဲ့သည်။ ထိုသို့သော နေပြည်တော်၏နိုင်ငံရေး ပြုပြင်ပြောင်းလဲမှုများကို အသိအမှတ်ပြုသောအားဖြင့် အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန်သည် ပြီးခဲ့သည့် ဒီဇင်ဘာက နှစ်ပေါင်းငါးဆယ်အတွင်း နိုင်ငံခြားရေးဝန်ကြီးတစ်ဦးအနေဖြင့် ပထမဆုံး လာရောက်ခဲ့ပြီး ဒေါ်အောင်ဆန်းစုကြည်နှင့်လည်း ညစာစားသုံးခဲ့သည်။

ဘေဂျင်းသည် ဝါရှင်တန်နှင့် ဆက်ဆံရေးကောင်းအောင် ကြိုးစားနေခြင်းအပေါ် သတိထား၍ တုန့်ပြန်လျက် ရှိသည်။ အမေရိကန်၏ မြန်မာ၊ ဗီယက်နမ်၊ ဖိလစ်ပိုင်နှင့် ဒေသတွင်း အခြားနိုင်ငံများနှင့် ဆက်ဆံလာခြင်းအပေါ် တရုတ်က အလေးအနက် စိုးရိမ်ပူပန်လျက် ရှိသည်။

“ကျွန်မတို့ တရုတ်နဲ့ မိတ်ဆွေဖြစ်ဖို့ မျှော်လင့်ပါတယ်။ အမေရိကန်နဲ့လည်း မိတ်ဆွေဖြစ်ဖို့ မျှော်လင့်ပါတယ်” ဟု ဒေါ်အောင်ဆန်းစုကြည်က အင်တာဗျူးတွင် ပြောကြားခဲ့သည်။

မြန်မာအစိုးရသစ်သည် စတင်တာဝန်ယူကတည်းက နိုင်ငံရေးအကျဉ်းသားများ လွှတ်ပေးခြင်း၊ စာနယ်ဇင်း ကန့်သတ်ချက်များ ဖြေလျှော့ပေးခြင်းနှင့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ပိုမိုဆွဲဆောင်သော အခြားလုပ်ဆောင်မှုများလည်း ပြုလုပ်ခဲ့သည်။ ယခုလအစောပိုင်းက ဟီလာရီ ကလင်တန်သည် ကမ္ဘာ့ဘဏ်နှင့် အခြားနိုင်ငံတကာအဖွဲ့အစည်းများက မြန်မာနိုင်ငံသို့ အကူအညီပေးရေး လွယ်ကူစေရန် ကန့်သတ်ထားမှုကို ဖယ်ရှားပေးခဲ့သည်။ သို့သော် အမေရိကန်၏ အရေးယူမှု အများစုမှာ ယခင်အတိုင်း ရှိနေဆဲဖြစ်သည်။

*********************************************************************

မြန်မာသည် လာမည့် အာရှစီးပွားရေးကျားပေါက်တစ်ကောင်လော

(The Atlantic မှ 14 February 2012 ရက်စွဲပါ Joshua Kurlantzick ရေးသားသော Is Burma the next asian Tiger cub economy ကို ဘာသာ ပြန်ဆိုသည်)

မြန်မာနိုင်ငံတွင် အမေရိကန်နှင့်သံတမန် ဆက်ဆံရေး မြှင့်တင်လာခြင်း၊ နိုင်ငံရေးအရ ပြုပြင်ပြောင်းလဲမှုများ ပြုလုပ်လာခြင်းကြောင့် စီးပွားရေး လုပ်ငန်း အများစုက မျက်စိကျလာကြသည်။ မြန်မာနိုင်ငံအား အမေရိကန်၊ အီးယူနှင့် ဂျပန်တို့၏ အရေးယူမှုများကြောင့် အနောက်နိုင်ငံကုမ္ပဏီများက အထီးကျန်ပြုထားခဲ့ကြသည်။ ဂျပန်စီးပွားရေးဦးဆောင်သူ များကိုယ်စားလှယ်အဖွဲ့သည် မကြာမီက မြန်မာနိုင်ငံသို့ သွားရောက်ခဲ့ပြီး အလားတူ အမေရိကန် အဖွဲ့ကလည်း သွားရောက်ခဲ့သည်။ နာမည်ကြီးစီးပွားရေးလုပ်ငန်းရှင်နှင့် အလှူရှင်ဖြစ်သူ ဂျော့ဆိုရော့စ်ကလည်း မြန်မာနိုင်ငံသို့ သွားရောက်ခဲ့သည်။ (အမေရိကန်သည် ရင်းနှီးမြှုပ်နှံမှုများ ပြုလုပ်နိုင်ရန် အရေးယူမှုများ ရုတ်သိမ်းပေးရမည် ဖြစ်သည်။) Asia Sentinel ကလည်း ကော်ပိုရေးရှင်းကြီးများက မြန်မာနိုင်ငံအပေါ် စိတ်ဝင်စားသကဲ့သို့ စိတ်ဝင်စားမှုကို ပြသခဲ့သည်။

စာရေးသူသည် အနောက်နိုင်ငံစီးပွားရေး လုပ်ငန်းရှင်များက မြန်မာနိုင်ငံအပေါ် ကြီးမားသော အလားအလာများ တွေ့မြင်ထားသည်ဟု ပြောကြားမှုအား ကိုယ်တိုင်ကြားသိခဲ့ရသည်။ ယင်းတို့က လူဦးရေ ပမာဏများခြင်း၊ ဗြိတိသျှဥပဒေသမိုင်း၊ ကမ်းလွန်ရေနံအပါအဝင် အရေးပါသော သယံဇာတများကို တွေ့မြင်ကြပြီး ၁၉၉ဝ ခုနှစ် အစောပိုင်းက ဗီယက်နမ်နှင့် မြန်မာနိုင်ငံကို နှိုင်းယှဉ်ပြသခဲ့သည်။ ထိုစဉ်က ဗီယက်နမ်သည် အနောက်နိုင်ငံ ရင်းနှီးမြှုပ်နှံမှု များကို အလေးအနက် တံခါးဖွင့်ပေးခဲ့သည်။ သို့သော် ယခုအချိန်တွင် နှိုင်းယှဉ်မှုများမှာ ဆိုးဆိုးဝါးဝါးမှားယွင်းလျက်ရှိသည်။ မြန်မာနိုင်ငံတွင် စားသုံးသူ ဈေးကွက်ကြီး ရှိနေသော်လည်း ယင်း၏ဖွံ့ဖြိုးတိုးတက်မှု ညွှန်းကိန်းများကို ခြုံကြည့်လျှင် အာဖရိက၏ ဆာဟာရဒေသခွဲရှိ အချို့အဆင်းရဲဆုံး တိုင်းပြည်များထက် အနည်းငယ်သာ သာလွန်နေသည်။ တိုင်းပြည်၏ နေရာအတော်များများတွင် တိုင်းရင်းသားသူပုန်ထမှုများ ဆယ်စုနှစ်များနှင့် ချီ၍ရှိနေခြင်းကြောင့် အခြေခံအဆောက်အဦများ လုံးဝရှိမနေပါ။

မြန်မာနိုင်ငံတွင် သမိုင်းကြောင်းအရ အရည်အသွေးရှိသော ပညာရေးနှင့် အင်္ဂလိပ်စာအသုံးပြုမှုများ ရှိခဲ့သော်လည်း စစ်အစိုးရသည် အကောင်းဆုံးဟု ဆိုရမည့် တက္ကသိုလ်များကို ပိတ်ပစ်ခဲ့သည်မှာ ဆယ်စုနှစ်များရှိပြီ ဖြစ်သည်။ ယင်းတို့သည် တက္ကသိုလ်များမှ အစိုးရဆန့်ကျင်ရေး ဆန္ဒပြမှုများကို စိုးရိမ်၍ ဖြစ်သည်။ ထိုအချက်သည် တိုင်းပြည်၏အနာဂတ်စီးပွားရေးအတွက် ဆိုးရွားစွာဖျက်ဆီးလိုက်ခြင်းပင် ဖြစ်သည်။ မကြာသေးမီ နှစ်များက အစိုးရသည် IT နှင့် ကွန်ပြူတာသိပ္ပံအကြောင်း ပြောလာခဲ့သော်လည်း အမှန်တကယ်တွင်မူ မြန်မာနိုင်ငံသည် အာရှ၌ မြောက်ကိုရီးယားပြီးလျှင် နည်းပညာတိုးတက်မှု အနည်းဆုံးနိုင်ငံဖြစ်သည်။ နိုင်ငံစုံ ကော်ပိုရေးရှင်းများအနေဖြင့် မြန်မာနိုင်ငံတွင် ရုံးဖွင့်၍ အလယ်အလတ် သို့မဟုတ် အဆင့်မြင့်နည်းပညာသုံး လုပ်ငန်းများ တည်ထောင်ရန် လောလောဆယ်တွင် မဖြစ်နိုင်သေးပေ။ ဖြစ်လာရန်အတွက်လည်း နိုင်ငံတကာရောက် မြန်မာများကို ပြန်လည်ခေါ်ယူ လုပ်ကိုင်ရမည် ဖြစ်သည်။

သဘာဝသယံဇာတ ထုတ်ယူခြင်းလုပ်ငန်းများသည် ဤအခက်အခဲများနှင့် မသက်ဆိုင်လှပေ။ သို့သော် ရေနံကုမ္ပဏီများသည် ပြဿနာများ ကြားမှ အကျိုးအမြတ်များ ရရှိခဲ့ကြသည်။ ထိုပြဿနာများမှာ ဗီယက်နမ်တွင် များများစားစား မရှိလှပေ။ သယံဇာတထုတ်ယူခြင်း လုပ်ငန်းတွင်ပင် အနောက်နိုင်ငံကုမ္ပဏီများ ဝင်ရောက်လာပါက မြန်မာနိုင်ငံတွင် ဆယ်နှစ်ခန့် အခြေကျနေပြီ ဖြစ်သော တရုတ်ကုမ္ပဏီများကို တစ်ပန်းရှုံးနေပြီ ဖြစ်သည်။

************************************************************************


Google Docs makes it easy to create, store and share online documents, spreadsheets and presentations.
Logo for Google Docs

0 comments:

Post a Comment