Transparency Myanmar

transparency.myanmar@gmail.com

yangonchronicle 2011- (1)
yangonchronicle 2011- (1)

၁၄.၂.၂၀၁၂

ဘာသာပြန်သတင်းများ အပိုင်း(၃)

  1. အာရှမဟာမိတ်နိုင်ငံများကို သတိထားလာသည့် တရုတ်ပြည်

(The Statesman သတင်းစာမှ 12 Feb 2012 ရက်စွဲပါ China getting wary of allies ကို ဆီလျော်အောင် ဘာသာ ပြန်ဆိုသည်)

  1. စီးပွားရေးနှင့် မဟာဗျူဟာမြောက်အကျိုးအမြတ်အတွက် ငြိမ်းချမ်းရေးဆွေးနွေးပွဲများတရုတ်လက်ခံကျင်းပ

(VOA News မှ 9 Feb 2012 ရက်စွဲပါ China Hosts Burma Rebel Peace Talks for economic strategic benefit သတင်းဆောင်းပါးကို ဘာသာ ပြန်ဆိုသည်)

**************************************************************************************

အာရှမဟာမိတ်နိုင်ငံများကို သတိထားလာသည့် တရုတ်ပြည်

(The Statesman သတင်းစာမှ 12 Feb 2012 ရက်စွဲပါ China getting wary of allies ကို ဆီလျော်အောင် ဘာသာ ပြန်ဆိုသည်)

အမေရိကန်ပြည်ထောင်စုက အာရှပစိဖိတ်ဒေသသို့ ချဉ်းကပ်ဝင်ရောက်လာကာ အိန္ဒိယနှင့် ဂျပန်ကဲ့သို့သော နိုင်ငံများနှင့် ချစ်ကြည်ရင်းနှီးမှုများ တိုးမြင့်အောင်လုပ်ဆောင်လျက်ရှိရာ တရုတ်ပြည်အနေဖြင့် ၎င်း၏  မဟာမိတ်နိုင်ငံများ ဖြစ်သည့် မြောက်ကိုရီးယား၊ ပါကစ္စတန်၊ မြန်မာတို့နှင့်ပတ်သက်၍ သတိထားရမည်ဖြစ်ကြောင်း နိုင်ငံပိုင်မီဒီယာက ဆောင်းပါးတစ်ပုဒ်ဖြင့် ရေးသားဖော်ပြသည်။ တရုတ်၏ အဆိုပါ မဟာမိတ်နိုင်ငံများသည်လည်း အနောက်၏ သြဇာလွှမ်းမိုးမှုကြောင့် ယိမ်းယိုင်နေပြီဖြစ်သည်ဟု ဆိုသည်။

"လက်ရှိအနေအထားတွင် ဂျပန်၊ အိန္ဒိယ၊ အာဆီယံနိုင်ငံများနှင့် တရုတ်နိုင်ငံဆက်ဆံရေးမှာ အတန်ငယ် တင်းမာလျက်ရှိသည်။ တစ်ချိန်တည်းမှာပင် ယခင် အနီးကပ်မဟာမိတ်များဖြစ်ကြသည့် မြောက်ကိုရီးယား၊ မြန်မာနှင့် ပါကစ္စတန်တို့သည် အနောက်နိုင်ငံများအတွက် တံခါးဖွင့်ပေးလျက် ရှိသည်" ဟု တရုတ်အစိုးရ၏ တရားဝင် ဝက်ဘ်ဆိုက်ဖြစ်သော China.org.cn မှဆောင်းပါးတစ်ပုဒ်တွင်ဖော်ပြထားသည်။ အထူးသဖြင့် အဆိုပါသုံးနိုင်ငံကို တရုတ်ပြည်က "ယခင်အနီးကပ်မဟာမိတ်"နိုင်ငံများအဖြစ် ဖော်ပြသည်ကိုတွေ့ရသည်။

"မြောက်ကိုရီးယားဟူသည် တရုတ်နိုင်ငံက ထောက်ပံ့မှုအများဆုံးပေးရသောနိုင်ငံဖြစ်သည်။ မည်သို့ပင်ဆိုစေ မြောက်ကိုရီးယားသည် တရုတ်အပေါ် အနီးကပ်မိတ်ဆွေအဖြစ်ဆက်လက်ရပ်တည်တော့မည်မဟုတ်ပေ။ တရုတ်အစား အမေရိကန်ပြည်ထောင်စုနှင့် တိုက်ရိုက်ဆက်ဆံရေး ထူထောင်ရန် ဆန္ဒရှိနေသည်" ဟု ဆောင်းပါးတွင်ရေးသားထားသည်။ မည်သို့သော အင်အားကြီးနိုင်ငံကမျှ တရုတ်နိုင်ငံလောက် မဟာမိတ်နိုင်ငံများအပေါ် စေတနာထားကာ လုပ်ဆောင်ပေးမည် မဟုတ်ကြောင်း၊ ယင်းအင်အားကြီးနိုင်ငံများဟူသည် ဂုဏ်ပြုမှု သို့မဟုတ် လေးစားမှုရရှိရန်သာ ကြိုးပမ်းကြ လိမ့်မည် ဖြစ်ကြောင်း ဆောင်းပါးကဆိုသည်။ "မြောက်ကိုရီးယားတွင် ကင်ဂျွန်အန်(ကင်ဂျုံအီလ်၏ အငယ်ဆုံးသား) တိုင်းပြည်ခေါင်းဆောင် ဖြစ်လာသောကြောင့် တရုတ်ပြည်အပေါ်မည်မျှအတိုင်းအတာအထိ လေးစားသမှု ပြုမည်ဟူသော အချက်ကို မတွေ့မြင်နိုင်သေးပေ" ဘေဂျင်းအစိုးရ အတွက် ပါးစပ်ဟောင်းလောင်းဖြစ်သွားစေသည့် နိုင်ငံတစ်နိုင်ငံမှာ မြန်မာပင်ဖြစ်သည်။ မြန်မာဟူသည် တရုတ်နိုင်ငံက စွမ်းအင်ပိုက်လိုင်း သွယ်တန်းရေးအတွက် ဒေါ်လာဘီလီယံအကုန်အကျခံကာ အခြေခံ အဆောက်အဦများ ဝင်ရောက်တည်ဆောက်နေသည့် နိုင်ငံလည်းဖြစ်သည်။

"ယခင်က တရုတ်ပြည်၏ အနီးကပ်မဟာမိတ်ဖြစ်ခဲ့သော မြန်မာနိုင်ငံသည် ယမန်နှစ်ကစ၍ အမေရိကန်ပြည်ထောင်စုအပေါ် ထားရှိသည့် သဘောထားကို စတင်ပြောင်းလဲပစ်ခဲ့သည်" ဟု ဆိုပြီး 'ကန်' နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန် ဒီဇင်ဘာလအတွင်း မြန်မာနိုင်ငံသို့ သမိုင်းဝင် ခရီးစဉ်အဖြစ် အလည်အပတ် ရောက်ရှိလာပုံကို ညွှန်းဆိုသည်။ "ယင်းဖြစ်ရပ်သည် မြန်မာနှင့် အမေရိကန် တစ်ဦးနှင့် တစ်ဦးချင်းကပ်နိုင်ရေးအတွက် သဘာဝကျနမှုရှိသော လှုပ်ရှားမှုတစ်ရပ်ဖြစ်သည်။ ဟီလာရီကလင်တန် မလာရောက်မီ မြန်မာအစိုးရက အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို နေအိမ်အကျယ်ချုပ်မှ လွတ်မြောက်ခွင့်ပေးခဲ့သည်။ ထို့နောက် မြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းတွင် တရုတ်ပြည် ဝင်ရောက် ရင်းနှီးမြှုပ်နှံမှုကို ရပ်ဆိုင်းပစ်သည်" ဟု ဆိုသည်။ "အကယ်၍ ယခုအတိုင်းသာဆက်သွားမည်ဆိုပါက မြန်မာအနေဖြင့် နောက်ဆုံးတွင် အနောက်၏ သြဇာအာဏာ အောက်၌ နစ်မြုပ်သွားမည်ဖြစ်ပြီး တရုတ်နယ်စပ်ဒေသများတစ်လျှောက် အမေရိကန်ပြည်ထောင်စု တပ်ဖြန့်နေရာယူရေးအတွက် နယ်ရုပ်တစ်ခု သဖွယ်ဖြစ်လာပေလိမ့်မည်" ဟု ဆိုသည်။ တရုတ်နိုင်ငံသည် မြန်မာနိုင်ငံတွင်း ဓာတ်ငွေ့ပိုက်လိုင်းသွယ်တန်းရေး၊ မီးရထားလမ်း ဖောက်လုပ်ရေးအစရှိသည့် အခွင့်အလမ်းများရရှိအောင် ကြိုးပမ်းလျက် ရှိသည်။

"အကယ်၍ မြန်မာကသာ အမေရိကန်ပြည်ထောင်စုကို နွေးနွေးထွေးထွေးဆက်ဆံသွားမည်ဆိုပါက ယင်းကိစ္စသည် တရုတ်ပြည်၏ စွမ်းအင်ဆိုင်ရာ မဟာဗျူဟာအတွက် အနှောင့်အယှက်တစ်ခုဖြစ်လာပေလိမ့်မည်။ မြန်မာပြည်တွင်း စွမ်းအင်ဖွံ့ဖြိုးမှုသည် တရုတ်ပြည်အတွက် အကောင်းဆုံးသော အဖြေတစ်ခုအဖြစ် ဆက်လက် တည်ရှိနေမည်ဖြစ်သည်။ အကြောင်းမှာ မလက္ကာရေလက်ကြားအတွင်း အမေရိကန်ပြည်ထောင်စုနှင့် ပဋိပက္ခများ ရှောင်းရှားရန်ဖြစ်သည်" ဟု ဆိုသည်။ ထို့အတူ မိတ်ဆွေနိုင်ငံတစ်ခုဖြစ်သော ပါကစ္စတန်နှင့်ပတ်သက်၍လည်း စိုးရိမ်ကြောင့်စရာများ ရှိနေသည်။ ပါကစ္စတန်သည် တရုတ်ပြည်၏ အကောင်းဆုံးမိတ်ဆွေနိုင်ငံဖြစ်သည်ဟူသောအချက်မှာ သံသယဖြစ်ဖွယ်မရှိပေ။ ယင်းအချက်ကြောင့်ပင် ပါကစ္စတန်သည် အမေရိကန်ကာကွယ်ရေးမဟာဗျူဟာအတွက် ဆုံချက်တစ်ခု ဖြစ်လာခြင်းပင် ဖြစ်သည်" ဟု ဆောင်းပါးက ခပ်ပြင်းပြင်းဝေဖန်သည်။

"ယမန်နှစ် ဒီဇင်ဘာလအတွင်း ပါကစ္စတန်နယ်စပ်စခန်းများကို နေတိုးလေယာဉ်နှင့် ရဟတ်ယာဉ်တို့က ပစ်ခတ်တိုက်ခိုက်သွားခဲ့သည်။ ယင်းဖြစ်ရပ်ကိုကြည့်လျှင် တရုတ်၏ အိမ်နီးချင်းနိုင်ငံများအနေဖြင့် မည်သူမည်ဝါကို မိတ်ဆွေအဖြစ်ဆက်လက်ပေါင်းသင်းသင့်သည်ဟူသောအချက်ကို သတိပြုနိုင်သည်" ဟု ဆောင်းပါးက ထောက်ပြသည်။ "မျက်မှောက်ခေတ်တွင် အာရှနိုင်ငံများသည် တရုတ်ပြည်၏ ယဉ်ကျေးမှုနှင့် တန်ဖိုးများကို အသိအမှတ်ပြု လေးစားခြင်းမရှိကြပေ။ ၎င်းတို့သည် ယခင်တစ်ချိန်က ကုန်သွယ်ရေးအခွင့်အလမ်းများ ရယူရန်အလို့ငှာ တရုတ်ပြည်နှင့် စေ့စပ်ညှိနှိုင်းမှုများ ပြုလုပ်ခဲ့ကြသည်။ တရုတ်ပြည် စီးပွားရေးနှေးကွေးသွားသည်နှင့် တစ်ပြိုင်နက်တည်း တရုတ်ပြည်၏ ဆွဲဆောင်မှုမှာလည်း ကွယ်ပျောက်သွားမည်သာ ဖြစ်၏။ တရုတ်အနေဖြင့် ပါဝါအပျော့ကို အသုံးပြုပြီး အာရှသူ အာရှသားများ၏ နှလုံးသားကို ဖမ်းဆုပ်နိုင်ရန်အရေးကြီးသည်"

"အမေရိကန်ပြည်ထောင်စုသည် အာရှကို မည်သည့်အခါမှ လက်လွှတ်လိမ့်မည်မဟုတ်ပေ။ သို့အတွက်ကြောင့် ဝါရှင်တန်နှင့် ဘေဂျင်းအနေဖြင့် အာရှဒေသတွင်း ငြိမ်းချမ်းစွာ တွဲဖက်နေနိုင်မည့်နည်းလမ်းများကို မဖြစ်မနေ သင်ယူရပေလိမ့်မည်" ဟု ဆောင်းပါးက သတိပေးရေးသားသည်။ တစ်ချိန်တည်းမှာပင် တရုတ်အနေဖြင့် အိမ်နီးချင်းနိုင်ငံများနှင့် အမေရိကန်ပြည်ထောင်စု ချစ်ကြည်ရေးအားနည်းသွားအောင် ရိုးရိုးရှင်းရှင်း လုပ်ဆောင်ခြင်းထက် ၎င်းတို့ကို ဆွဲဆောင်နိုင်မည့် နည်းလမ်းများကို ရှာဖွေသင့်ကြောင်း ရေးသားသည်ကိုတွေ့ရသည်။

*****************************************************************

စီးပွားရေးနှင့် မဟာဗျူဟာမြောက်အကျိုးအမြတ်အတွက် ငြိမ်းချမ်းရေးဆွေးနွေးပွဲများတရုတ်လက်ခံကျင်းပ

(VOA News မှ 9 Feb 2012 ရက်စွဲပါ China Hosts Burma Rebel Peace Talks for economic strategic benefit သတင်းဆောင်းပါးကို ဘာသာ ပြန်ဆိုသည်)

မြန်မာအစိုးရသည် တောင်တန်းဒေသမှ ကိုယ်ပိုင်အုပ်ချုပ်ခွင့်အတွက် တိုက်ပွဲဝင်နေကြသော တိုင်းရင်းသား လက်နက်ကိုင်များနှင့် အပစ်ရပ် လက်မှတ်ရေးထိုးမှုများကြောင့် ဝိုင်းဝန်းချီးကျူးခြင်း ခံနေရသော်လည်း ကချင်လွတ်မြောက်ရေး တပ်ဖွဲ့ KIA နှင့် တိုက်ပွဲပြန်လည် ဖြစ်ပွားနေခြင်းကြောင့် အရေးကြီးသောတရုတ် နိုင်ငံနှင့် နယ်စပ်ဒေသမှ ငြိမ်းချမ်းရေးကို ခြိမ်းခြောက်လျက်ရှိသည်။

သယံဇာတ ကြွယ်ဝသော နိုင်ငံမြောက်ပိုင်း ကချင်ပြည်နယ်တွင် ပြင်းထန်သောအချေအတင် ပဋိပက္ခများကြောင့် ၁၇ နှစ်ကြာ အပစ်ရပ်ငြိမ်းချမ်းရေး ပျက်ပြားသွားခဲ့ပြီးနောက် ဇွန်လမှ စ၍ နေရာအနှံ့တိုက်ပွဲများ ဖြစ်ပွားခဲ့သည်။ ယင်းတိုက်ပွဲများကြောင့် ဒေသခံရွာသား ထောင်ပေါင်းများစွာ နယ်စပ်ဖြတ်ကူး၍ တရုတ်နိုင်ငံထဲသို့ ထွက်ပြေးသွားခဲ့ကြသည်။ ကချင်ပြည်နယ်တွင်းနယ်စပ်ကုန်သွယ်ရေးနှင့် စွမ်းအင် စီမံကိန်းများတွင် ဒေါ်လာဘီလျံနှင့် ချီ၍ ရင်းနှီးမြှုပ်နှံထားသော ဘေဂျင်းကတင်းမာနေသော အနေအထားကို ကူညီဖြေရှင်းရန်အတွက် မြန်မာအစိုးရနှင့် ကချင်တပ်ဖွဲ့အကြား ငြိမ်းချမ်းရေးညှိနှိုင်းဆွေးနွေးပွဲများကို တိုးတိုးတိတ်တိတ် လက်ခံကျင်းပ ပေးခဲ့သည်။

မြန်မာနိုင်ငံနယ်စွန်နယ်ဖျားမှ ကလေးသူငယ်များ၏ အရေးကိုဦးစားပေးဆောင်ရွက်နေသော နိုင်ငံတကာခရစ်ယာန် ရန်ပုံငွေအဖွဲ့ Partners in Relief and Development မှ ဘရိုင်ယန်အဲရစ်ဆန်က မြောက်ပိုင်း နယ်စပ်ဒေသတစ်လွှား အိုးအိမ်စွန့်ခွာထွက်ပြေးသူအရေအတွက် ၆၀၀၀၀ ကျော်သည်ဟု ခန့်မှန်း ပြောကြားသည်။

အထက်ပါ မြန်မာနိုင်ငံအတွင်းမှ ဒုက္ခသည်များသည် အစာရေစာလုံလောက်မှုမရှိသည့်အပြင် ရာသီဥတု အအေးဒဏ်ကြောင့် ဖြစ်ပွားသော အသက်ရှုလမ်းကြောင်းဆိုင်ရာ ရောဂါများကိုခံစားနေကြရသည်။ “ဒီလိုအရေအတွက် ထောင်ပေါင်းများစွာရှိတဲ့ ဒုက္ခသည်တွေဟာ မြန်မာတပ်မတော်နဲ့ တိုက်ရိုက်တိုက်ပွဲတွေ၊ မြေယာပိုင်ဆိုင်မှုဥစ္စာ၊ အပြင်လူတွေကိုပါ အဓမ္မသိမ်းပိုက်ခံရတဲ့ တိုက်ရိုက်ဘေးအန္တာရယ်တွေ ကြောင့် ထွက်ပြေးလာကြရတာပါ။ သူတို့ဟာ ကျည်ဆံတွေ ပတ်လည်ဝိုင်းနေတဲ့အနေအထားကြားက ကြောက်ရွံ့စွာ ထွက်ပြေးလာသူတွေဖြစ်ပါတယ်” ဟုလည်း ဆိုသည်။

နိုင်ငံတကာအဖွဲ့အစည်းများနှင့် သတင်းထောက်များသည် ကချင်ပြည်နယ်အတွင်းသို့သွားရောက်ရန် ကန့်သတ်ချက်ရှိနေသောကြောင့် ပြဿနာ အနေအထား၏ အသေးစိတ်အချက်များကိုအတည်ပြုရန် ပိုမိုခက် ခဲစေခဲ့သည်။ ဒုက္ခသည် ပြဿနာမှန်သမျှကိုအသိအမှတ်ပြုခြင်း မရှိသော တရုတ် အာဏာပိုင်များသည် တင်းမာနေသော အုပ်စုနှစ်ခုအကြား စေ့စပ်ဆွေးနွေးမှုများကိုမူအိမ်ရှင်အဖြစ် လက်ခံကျင်းပပေးခဲ့သော်လည်း ယင်းတို့ဖက်မှလည်း အသေးစိတ် သတင်းအချက်အလက်များ မရရှိပါ။

ယခုကဲ့သို့ ကြားဝင်ဖြတ်ဖြေသူအဖြစ် တရုတ်နိုင်ငံပါဝင်လာရခြင်းမှာ ၂၀၀၉ ခုနှစ်ကယင်းတို့၏ အကျိုးစီးပွားများ အလားတူပျက်စီးဆုံးရှုံးခဲ့ရသည့် ကိုးကန့်ပြဿနာ၏ ရလဒ်ဖြစ်သည်ဟုပြောကြားသူမှာထိုင်ဝမ် National Chengchi University မှ သုတေသနပညာရှင် ရာပီပရာဆတ်နာရာယာနမ် ဖြစ်သည်။ “အခုတစ်ကြိမ်ဘေဂျင်းက စိတ်ဝင်တစားပါဝင်လာတာဟာ ၂၀၀၉ ခုနှစ်ကိုးကန့်ပြဿနာရဲ့ သင်ခန်းစာကြောင့်ပါပဲ။ လောလောဆယ် တရုတ်-မြန်မာ နယ်စပ်မှာဒုက္ခသည် ပြဿနာဖြစ်ပေါ်နေပါပြီ။ ဒီကိစ္စဟာ ဒေသအာဏာပိုင်တွေကို သာမကပဲ ဘေဂျင်းကအာဏာပိုင်တွေကိုပါ မရှုနိုင်မကယ်နိုင် ဖြစ်စေပါတယ်။ ဒါကြောင့် ဒီစည်းဝိုင်းထဲကနေ သူတို့ ဘေးရောက်မသွားသင့်ဘူး။ မိပြီးသားငါးလွတ်မသွားအောင် ကာကွယ်ရမယ် လို့ ဘေဂျင်းက အာဏာပိုင်တွေခံစားနေရပါပြီ” ဟု ယင်းကသုံးသပ်ပြောကြားသည်။

ကချင်ပြည်နယ်တွင် တိုက်ပွဲများဆက်လက်ဖြစ်ပွားနေခြင်းသည် နယ်စပ်ငြိမ်းချမ်းရေးကိုသာမကပဲတရုတ်တို့၏ နယ်စပ်ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှုကဏ္ဍမှ ဒေါ်လာဘီလျံများစွာကိုလည်း ခြိမ်းခြောက်လျက် ရှိသည်။ ဒေါ်လာ ၃.၅ ဘီလျံတန် အငြင်းပွားဖွယ် မြစ်ဆုံရေလှောင်တမံ စီမံကိန်းအနီးတွင် ပစ်ခတ်မှုဖြစ်ပွားလာချိန်တွင် သမတဦးသိန်းစိန်က တမံစီမံကိန်းကို ရုတ်တရက်ရပ်ဆိုင်းလိုက်သောအခါ တရုတ်တို့ အံအားသင့်ကာ ဒေါသထွက်ခဲ့ကြသည်။

ဘေဂျင်းသည် ကချင်ပြည်နယ်တွင် ရေအားလျှပ်စစ်စီမံကိန် ၇ ခုတည်ဆောက်ရန် သဘောတူထားပြီးထွက်ရှိသမျှ ဓာတ်အားအများစုကို တရုတ်နိုင်ငံသို့ တင်သွင်းရန် စီစဉ်ထားသည်။ ထို့အပြင် မြန်မာ့ဓာတ်သတ္ထု၊ ကျောက်မျက်ရတနာနှင့် သစ်လုပ်ငန်းနယ်ပယ် (တရားမဝင် ရောင်းဝယ်မှုများရှိ) များတွင် ရင်းနှီးမြှုပ်နှံ၊ ဝယ်ယူလျက်ရှိပြီးအပြန်အလှန်အားဖြင့် ဈေးပေါပေါထုတ်လုပ်ထားသောကုန်ပစ္စည်းများကို ပြန်လည် တင်ပို့ရောင်းချသည်။

ရွှေလီအခြေစိုက် စစ်ရေးအကဲခတ် ဦးအောင်ကျော်ဇောက တရုတ်နိုင်ငံသည် ယင်း၏ စီးပွားရေး အကျိုးအမြတ်များကို ကာကွယ်ရန်အတွက် ငြိမ်းချမ်းရေးဆွေးနွေးပွဲများကို လက်ခံကျင်းပနေခြင်းဖြစ်သည် ဟု မှတ်ချက်ပေးသည်။ “မြောက်ပိုင်းဒေသ၊ အထူးသဖြင့် KIA နယ်မြေဟာအစိုးရအတွက် ငွေတွင်းဖြစ်သလို တရုတ်အစိုးရအတွက်လည်း ငွေတွင်းဖြစ်နေပါတယ်။ ဒါကြောင့် သူတို့အတွက် ငြိမ်းချမ်းရေးလိုအပ်တယ်”ဟု ယင်းက သုံးသပ် ပြောကြားသည်။

တရုတ်နှင့် မြန်မာတို့ ပူးပေါင်းသွယ်တန်းနေကြသောရေနံနှင့် ဓာတ်ငွေ့ပိုက်လိုင်းများသည် အရာအားလုံးအနက် အရေးကြီးဆုံးဖြစ်သည်ဟု ပြောကြားသူမှာ London School of Economics မှ မောင်ဇာနည် ဖြစ်သည်။ ယာဉ်ကြောထူထပ်၍ ပင်လယ်ဓားပြရန် ကြောက်ရသော မလက္ကာ ရေလက်ကြားကို ရှောင်လွှဲရန်အတွက် မဟာဗျူဟာမြောက်လမ်းကြောင်းအဖြစ် စီစဉ်ထားသောရခိုင်ကမ်းရိုးတမ်းမှ သွယ်တန်းယူလာမည့် ရေနံနှင့် ဓာတ်ငွေ့ ပိုက်လိုင်းများ ရောက်ရှိမည့် ရွှေလီသည် ယခုတိုက်ပွဲများဖြစ်ပွားနေသောကချင်ပြည်နယ်နှင့် မဝေးလှပေ။ ယင်းပိုက်လိုင်းများသည် တရုတ် အာဏာပိုင်များအား မြန်မာအစိုးရနှင့် ကချင်တပ်များ ငြိမ်းချမ်းရေးရအောင် စေ့စပ်ပေးရန် တိုက်တွန်းစေခိုင်နေသည်ဟု မောင်ဇာနည်က တင်စားသည်။

“ကချင်ပြည်နယ်ဟာ ပိုက်လိုင်းလုံခြုံရေးသာမကပဲ နယ်စပ်ကုန်သွယ်ရေးနဲ့ပါ ဆက်စပ်နေတဲ့အတွက် နေပြည်တော်နှင့် ဘေဂျင်းအတွက် အသက်တစ်မျှ အရေးကြီးလာပါတယ်”ဟုမောင်ဇာနည်ကဆိုပါသည်။ ထို့အပြင် တရုတ်နိုင်ငံသည် အရှေ့တောင်အာရှ၏ အကြီးဆုံးမူးယစ်ဆေးဝါး အဖွဲ့အစည်းဟု သတ်မှတ်ခံရသော၊ ခန့်မှန်း လက်နက်ကိုင်အင်အား ၃ သောင်းခန့်ရှိသော ဝ သူပုန်တပ်ဖွဲ့ UWSA ကိုလည်း အဓိကလက်နက်များ ထောက်ပံ ဖြည့်ဆည်းပေးလျက် ရှိသည်ဟု စစ်ရေးအကဲခတ်လေ့လာသူများက ပြောကြားသည်။ သို့သော် ဟန်ချက်ထိန်းသည့် အနေဖြင့် မြန်မာ့ တပ်မတော်အတွက်လည်း လက်နက်များရောင်းချပေးခဲ့သည်ဟုဆိုသည်။

မောင်ဇာနည်က ဆက်လက်၍ “အခု မြန်မာ့စီးပွားရေးတံခါးဖွင့်လိုက်တာဟာဘီဂျင်းနဲ့ နေပြည်တော် ဆန္ဒချင်း ထပ်တူကျသွားတာပါ။ ဘီဂျင်းနဲ့ နေပြည်တော် ဆန္ဒခြင်းထပ်တူကျသွားတာပါ။ တရုတ်တွေဟာသူတို့ ရဲ့ အကျိုးစီးပွားကိုကာကွယ်ရမယ့်အချိန်မှာတိုင်းရင်းသားလက်နက်ကိုင်တပ်တွေ၊ အထူးသဖြင့် ဝ နဲ့ ကချင် တပ်ဖွဲ့တွေကို ဖိအားပေးထားပါလိမ့်မယ်။ ဘီဂျင်းရဲ့ အားထုတ်မှုဟာအပြုသဘောဆောင်မှာလား၊ မြန်မာအစိုးရဘက်ကို လိုက်မှာလား ဆိုတာကိုတော့ ပြောလို့မရသေးပါဘူး။ အခုလိုအချိန်မှာတရုတ်တွေဟာသူပုန်တွေနဲ့ နယ်စပ်မှာငါးမျှားတာထက် နေပြည်တော်မှာ ငါးကြီးကြီးမျှားဖို့ ပိုပြီးသဘောတူမှာပါ”ဟုသုံးသပ်ပြော ကြားသည်။

တိုင်းရင်းသားလက်နက်ကိုင်များနှင့် တိုက်ပွဲများအဆုံးသတ်ရေးသည် မြန်မာနိုင်ငံအပေါ် စီးပွားရေး Sanctions များချမှတ်ထားသော အနောက်နိုင်ငံများက သတ်မှတ်ထားသော အဓိကတောင်းဆိုချက်များထဲတွင်လည်းပါဝင်သည်။

ယခုအခါ မြန်မာအစိုးရသည် ဝ၊ ကရင်နီ၊ ရှမ်း၊ ချင်းစသောအဖွဲ့များနှင့် သဘောတူညီမှုများရရှိထားပြီးဖြစ်ပြီး နှစ်ပေါင်း ၆၀ ဆက်တိုက် တိုက်ပွဲဝင်ခဲ့သောကရင်အုပ်စုနှင့်လည်းသမိုင်းဝင် အပစ်ရပ်စဲမှု လက်မှတ်ရေးထိုးနိုင်ခဲ့သည်။

*****************************************************************************


Google Docs makes it easy to create, store and share online documents, spreadsheets and presentations.
Logo for Google Docs

0 comments:

Post a Comment