Transparency Myanmar

transparency.myanmar@gmail.com

yangonchronicle 2011- (1)
yangonchronicle 2011- (1)

၂၃.၂.၂ဝ၁၂

ဘာသာပြန်သတင်းများ အပိုင်း(၂)

  1. မြန်မာ-တရုတ် ချစ်ကြည်ရင်းနှီးမှုတိုးမြှင့်မည်ဟု သူရဦးရွှေမန်းဆို

(Xinhua သတင်းဌာနမှ 22 Feb 2012 ရက်စွဲပါ Myanmar to promote friendly ties with China ကို ဘာသာ ပြန်ဆိုသည်)

  1. အလားအလာနှင့်ပြဿနာများကို ပြိုင်တူလက်ကမ်းပေးနေသော မြန်မာ

(Reuters မှ 22 Feb 2012 ရက်စွဲပါ Myanmar offers potential and problems ahead: Rogers ကို ဘာသာ ပြန်ဆိုသည်)

  1. တရုတ်ပုံစံ စီးပွားရေး အချိုးအကွေ့သို့ မြန်မာ ရောက်နေပြီလော

(Jakarta Globe မှ 22 February 2012 ရက်စွဲပါ Glenys Sim ရေးသားသော Is Burma on the verge of a Chinese style economic turnaround? ကို ဘာသာ ပြန်ဆိုသည်)

***********************************************************************************************************

မြန်မာ-တရုတ် ချစ်ကြည်ရင်းနှီးမှုတိုးမြှင့်မည်ဟု သူရဦးရွှေမန်းဆို

(Xinhua သတင်းဌာနမှ 22 Feb 2012 ရက်စွဲပါ Myanmar to promote friendly ties with China ကို ဘာသာ ပြန်ဆိုသည်)

ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းက ၎င်း၏ တရုတ်ပြည်သူ့သမ္မတနိုင်ငံခရီးစဉ်သည် ရှိနှင့်ပြီးသား နှစ်နိုင်ငံချစ်ကြည်ရင်းနှီးမှုနှင့် ပူးပေါင်း ဆောင်ရွက်မှုများ မြှင့်တင်ရန် ရည်ရွယ်ပါကြောင်း ဖေဖော်ဝါရီလ ၂၂ ရက်နေ့တွင် ပြောကြားလိုက်သည်။

Xinhua သတင်းဌာနနှင့် ရန်ကုန်မြို့၌ ခတ္တခဏတာမျှပြုလုပ်သော အင်တာဗျူးတွင် သူရဦးရွှေမန်းက အထက်ပါအတိုင်း ပြောကြားခြင်းဖြစ်ပြီး တရုတ်ပြည်သည် မြန်မာနိုင်ငံ၏ ရင်းနှီးမှုရှိသော မိတ်ဆွေနိုင်ငံဖြစ်ကြောင်း မှတ်ချက်ပေးသည်။ "ဘယ်လိုပဲ အရေးကြီးတဲ့ကိစ္စမျိုးဖြစ်ဖြစ် တရုတ်ပြည်ဟာ မြန်မာနိုင်ငံဘက်က အမြဲတမ်း ရပ်တည်ပေးပါတယ်" ဟု ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌဦးရွှေမန်းက ပြောကြားသည်။ တရုတ်-မြန်မာ အကြား အပြန်အလှန် နားလည်မှုပြည့်ဝသော မဟာဗျူဟာမိတ်ဖွဲ့မှုနှင့်ပတ်သက်၍ Xinhua သတင်းဌာနက မေးမြန်းရာတွင် ၎င်းက "မြန်မာနိုင်ငံသည် ပါတီစုံဒီမိုကရေစီစနစ်ကို ကျင့်သုံးလျက်ရှိကြောင်း၊ ဈေးကွက် အခြေခံသော စီးပွားရေးစနစ်ဖြင့် ငြိမ်းချမ်းမှုရှိပြီး ဖွံ့ဖြိုးတိုးတက်ကာ ကြွယ်ဝချမ်းသာသည့် နိုင်ငံတစ်ခုကို တည်ဆောက်မည် ဖြစ်ကြောင်း" ဖြေကြားသည်။

ထို့ပြင် ၎င်းက လာမည့်ဧပြီလ ၁ ရက်နေ့တွင်ကျင်းပမည့် ကြားဖြတ်ရွေးကောက်ပွဲတွင် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ(USDP) နှင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) အပါအဝင် နိုင်ငံရေးပါတီ အတော်များများ ပါဝင်ယှဉ်ပြိုင်ကြမည်ဖြစ်ကြောင်း၊ ၎င်းတို့သည် လွှတ်တော်၌ လစ်လပ်နေသည့် ကိုယ်စားလှယ် နေရာများ အတွက် မဲဆန္ဒနယ် ၄၈ ခုမှဝင်ရောက်ယှဉ်ပြိုင်ကြမည်ဖြစ်ကြောင်း ဆိုသည်။ အဆိုပါ ကြားဖြတ် ရွေးကောက်ပွဲကို ဂုဏ်သိက္ခာရှိစွာဖြင့် လွတ်လပ်ပြီး မျှတမှုရှိရှိ ကျင်းပပေးရန် အစိုးရ အာဏာပိုင်များကို တိုက်တွန်းထားသည်ဟုလည်း ၎င်းကဆိုသည်။ သူရဦးရွှေမန်းသည် ဖေဖော်ဝါရီလ ၂၂ ရက်နေ့မှ စတင်ကာ တရုတ်နိုင်ငံသို့ ငါးရက်တာချစ်ကြည်ရေးခရီးစဉ် သွားရောက်မည်ဖြစ်သည်။ သူရဦးရွှေမန်းသည် တရုတ်ပြည်သူ့ကွန်ဂရက်လွှတ်တော်၏ ဗဟိုကော်မတီ ဥက္ကဋ္ဌ Wu Bangguo ၏ ဖိတ်ကြားချက်အရ တရုတ်ပြည်သို့သွားရောက်မည်ဖြစ်ပြီး ၎င်းနှင့်အတူ ပါလီမန် လွှတ်တော် ကိုယ်စားလှယ်အဖွဲ့လည်း လိုက်ပါသွားမည်ဟု သိရသည်။

**************************************************************************

အလားအလာနှင့်ပြဿနာများကို ပြိုင်တူလက်ကမ်းပေးနေသော မြန်မာ

(Reuters မှ 22 Feb 2012 ရက်စွဲပါ Myanmar offers potential and problems ahead: Rogers ကို ဘာသာ ပြန်ဆိုသည်)

မြန်မာနိုင်ငံသည် လွန်ခဲ့သောနှစ် ၃ဝ ဘေဂျင်းအစိုးရက စီးပွားရေးစတင်ပြောင်းကာနီး တရုတ်နိုင်ငံနှင့် ဆင်ဆင်တူနေသော်လည်း ရင်းနှီးမြှုပ်နှံသူ များအတွက် ဥပဒေများနှင့် ဒုက္ခတွေ့နေသော ငွေကြေးစနစ်အပါအဝင် အန္တရာယ်များစွာ ရှိနေသည်ဟု နာမည်ကျော်ရင်းနှီးမြှုပ်နှံသူ ဂျင်မ်ရော်ဂျာ (Jim Rogers) က ဗုဒ္ဓဟူးနေ့တွင် ပြောကြားလိုက်သည်။

၁၉၇ဝ ခုနှစ်များအတွင်း Quantum Fund ကို ဂျော့ဆိုရော့စ်နှင့် ပူးတွဲတည်ထောင်ခဲ့သူ နာမည်ကျော် လုပ်ငန်းရှင်လည်းဖြစ်သူ ရော်ဂျာက "သူတို့မြန်မာနိုင်ငံမှာ ယုံကြည်စိတ်ချရတဲ့ ငွေကြေးစနစ်တောင် မရှိသေးပါဘူး" ဟု ရိုက်တာသတင်းဌာနနှင့် အင်တာဗျူးတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။ "အဲဒီ နိုင်ငံကို ရောက်အောင်သွားပြီး တိုက်ရိုက်ရင်းနှီးမြှုပ်နှံမှုတွေ မလုပ်ဘူးဆိုရင် ရင်းနှီးမြှုပ်နှံဖို့ မလွယ်ကူပါဘူး" ဟု ယင်းက ဆိုသည်။

ဒေါ်လာနှင့်ချိတ်ဆက်၍ နှုန်းရှင်မျှောထားသည်ဟု ဆိုသော်ငြားလည်း အသုံးပြုမှု မရှိသလောက်နီးပါး ဖြစ်နေသော တရားဝင်နှုန်းထား၏ ၁၃၅ % ခန့် ရှိနေသော မှောင်ခိုဈေးနှုန်းမျိုးစုံဖြင့် ရောင်းဝယ်နေရသော မြန်မာကျပ်ငွေက်ု ရော်ဂျာက ရည်ညွှန်းပြောကြားခြင်း ဖြစ်သည်။

မြန်မာနိုင်ငံ၌ ဒီမိုကရေစီပြုပြင်ပြောင်းလဲမှုများကို အရှိန်မြှင့်လာခဲ့ပြီး နိုင်ငံရေးအကျဉ်းသား ၆ဝဝ ကျော် လွှတ်ပေးခြင်း၊ မီဒီယာဆင်ဆာများ ဖြေလျှော့ပေးခြင်း၊ တိုင်းရင်းသားလက်နက်ကိုင်များနှင့် အပစ်ရပ်ရန် ကြိုးစားခြင်း တို့ကို ဆက်တိုက်လုပ်ဆောင်လာခဲ့သည်။

မြန်မာအစိုးရသည် ယင်းတို့၏စီးပွားရေးပြဿနာများ၊ အထူးသဖြင့် ကျပ်ငွေကိစ္စကို ကိုင်တွယ်ဖြေရှင်းရန် အတွက် နိုင်ငံတကာငွေကြေးရံပုံငွေအဖွဲ့ IMF နှင့် အာရှဖွံ့ဖြိုးရေးဘဏ် ADB တို့ထံမှ အကူအညီရယူကာ ကြိုးစားလျက် ရှိသော်လည်း အဆိုပါငွေကြေးအဖွဲ့အစည်းများက အလွယ်တကူဖြေရှင်း၍ မရနိုင်ဟု ဆိုထားကြသည်။

အနောက်နိုင်ငံများက ချမှတ်ထားခဲ့သော အရေးယူမှုများ ရုတ်သိမ်းတော့မည့် အလားအလာများကြောင့် ယခုအခါ သယံဇာတကြွယ်ဝသော၊ ခရီးသွား လုပ်ငန်း အလားအလာကောင်းသော၊ အခြေခံအဆောက်အဦပိုင်း ကောင်းမွန်ရန် အရေးပေါ် လိုအပ်နေသော မြန်မာနိုင်ငံကို အာရှ၏ နောက်ဆုံးပေါ် ဈေးကွက်သစ်တစ်ခု အဖြစ် ရှုမြင်ကြသည့် ရင်းနှီးမြှုပ်နှံသူများစွာ၏ စိတ်ဝင်စားမှုများ တရှိန်ထိုး ကြီးမားလာနေသည်။ ဗြိတိန်နှင့် ပြင်သစ်နှစ်နိုင်ငံစာ ကျယ်ဝန်းပြီး တရုတ်၊ အိန္ဒိယနှင့် အရှေ့တောင်အာရှ အကြား မဟာဗျူဟာမြောက် တည်ရှိကာ အိန္ဒိယသမုဒ္ဒရာနှင့် အန်ဒမန် ပင်လယ် ဆိပ်ကမ်းများ ရှိနေသောမြန်မာနိုင်ငံသည် ယင်းအချက်များကြောင့်ပင် ဘေဂျင်း၏ အနောက် ကုန်းတွင်းပိတ် ပြည်နယ်များ၏ စွမ်းအင်ဖူလုံရေးအတွက် မျက်စိကျစရာ နယ်မြေတစ်ခု ဖြစ်လာခဲ့သည်။

"မြန်မာနိုင်ငံမှာ သယံဇာတတွေ၊ လယ်ယာထွက်ကုန်တွေ၊ ဓာတ်သတ္တုနဲ့ စွမ်းအင်ရင်းမြစ်တွေ အများကြီး ရှိပေမဲ့ အကုန်လုံးသူတို့ ယူသွားပါပြီ။ လွန်ခဲ့တဲ့ နှစ် ၅ဝ က အရမ်းချမ်းသာခဲ့တဲ့ မြန်မာနိုင်ငံဟာ ဘာမှ မကျန်အောင် ဆင်းရဲသွားပါပြီ" ဟု ဆိုသည်။

ပုံမှန်အားဖြင့် လွယ်ကူချောမွေ့အောင် ပြုလုပ်ပေးရမည့် အရာမှန်သမျှကို ခက်ခဲကြန့်ကြာအောင် ပြုလုပ်ရာတွင် ထမင်းစားရေသောက် အသား ကျနေသော မြန်မာအစိုးရသည် ယခုအခါ ပြောင်းလဲနေပြီ ဖြစ်ကြောင်း နိုင်ငံတကာကို စည်းရုံးဆွဲဆောင်ရန်အတွက် အဟန့်အတားများကို စတင် ဖယ်ရှားနေပြီ ဖြစ်သောကြောင့် အနောက်နိုင်ငံများ၏ ကုန်သွယ်ရေး ပိတ်ဆို့အရေးယူမှုများ လာမည့် ၁ နှစ်၊ ၁ နှစ်ခွဲအတွင်း ရုတ်သိမ်းသွားဖွယ် ရှိနေသည်။ ထို့အပြင် နှစ်ပေါင်းများစွာ လှောင်ပိတ်မွန်းကြပ်နေသာ မြန်မာ့စီးပွားရေးကဏ္ဍကို အလုံးစုံ ပြင်ဆင်ရန် အတွက် နိုင်ငံတကာကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှု ဆိုင်ရာ အရေးယူ ပိတ်ဆို့ထားမှုများ ရုတ်သိမ်းသွားရန် လိုအပ်နေပေသည်။

သို့သော်လည်း ကုန်သွယ်ရေး ပိတ်ဆို့မှုများ ဖယ်ရှားရေးသည် ပြောသလောက် မလွယ်ကူသော ကိစ္စဖြစ်သည်။ အီးယူနှင့် အမေရိကန် နှစ်ဖွဲ့စလုံးသည် မြန်မာအာဏာပိုင်များအပေါ် နိုင်ငံရေးအရ ဖြေလျော့ပေးနိုင်သော်လည်း ကုန်သွယ်ရေးပိတ်ဆို့မှုများ ဖယ်ရှားပေးရန်အတွက် မှန်ကန်သော သုံးသပ်မှုနှင့် လွှတ်တော် အတည်ပြုမှုများကို လိုအပ်ပါလိမ့်မည်။ အဆိုပါ အရေးယူမှုများကြောင့် အထမနှေးကြရန် ရော်ဂျာက အာရှသား ရင်းနှီးမြှုပ်နှံသူ များကို အသိပေးထားသည်။

"မြန်မာနိုင်ငံကို အမေရိကန်တွေ မလာခင် မြန်မြန်သွားကြပါ။ အခုအချိန်မှာ အမေရိကန်တွေနဲ့ ပြိုင်ဖို့ မလိုသေးပါဘူး။ လောလောဆယ်မှာ အမေရိကန်တွေဟာ သူ့ခြေထောက်နဲ့သူ တုတ်မိနေလို့ ဒါဟာ ခင်ဗျားတို့အတွက် အခွင့်ကောင်းပါ" ဟု ရော်ဂျာက ပြောကြားသည်။

အမှန်စင်စစ် အရေးယူမှုများထက် ကြောက်စရာကောင်းသော ဖွံ့ဖြိုးမှုအတားအဆီးများမှာ ယုတ္တိမဲ့လွန်းသော ငွေလဲနှုန်းစနစ်၊ စုတ်ပြတ်နေသော အခြေခံ အဆောက်အဦး၊ ချွတ်ယွင်းချက်များလွန်းသော ရင်းနှီးမြှုပ်နှံမှု ဥပဒေများ၊ ခေတ်နောက်ကျနေသော ဘဏ်စနစ်၊ နာတာရှည်ဖြစ်နေသော စီမံခန့်ခွဲမှု အလွဲများနှင့် ကျွမ်းကျင်လုပ်သား ရှားပါးမှု စသော ပြဿနာများပင် ဖြစ်သည်။ ရော်ဂျာက "မြန်မာနိုင်ငံသည် ပြုပြင်ပြောင်းလဲမှုများဖြင့် အမီလိုက်ရန်နှင့် တရုတ်နိုင်ငံ၏ အသွင်ပြောင်းကာလကို ထပ်တူလိုက်ရန်အတွက် အချိန်နှောင်းလွန်းနေပြီ" ဟု ယင်းအနေဖြင့် ယူဆမိကြောင်း ထုတ်ဖော်ပြောဆိုသည်။ "တိန်ရှောက်ဖိန် တံခါးဖွင့်ခဲ့တဲ့အချိန်နဲ့ တူနေတယ်လို့ ထင်ရပေမဲ့ အခါနှောင်းနေပြီလို့ ကျွန်တော် ထင်မြင် ယူဆပါတယ်" ဟုလည်း ပြောသည်။ ထို့အပြင် ယခုအချိန်၌ မြန်မာနိုင်ငံသို့ဝင်ရာတွင် လူပေါင်းမှားသည့် ပြဿနာကြုံရနိုင်သည်ဟု ရော်ဂျာက သတိပေးသည်။ နိုင်ငံခြားရင်းနှီးမြှုပ်နှံသူများနှင့် မြန်မာလုပ်ငန်းရှင်များအကြား စီးပွားရေးအရ ဆက်ဆံရာတွင် စီးပွားဖက်အဖြစ်လည်းကောင်း၊ ကြားပွဲစားအဖြစ်လည်းကောင်း၊ များသောအားဖြင့် ပါဝင်ပတ်သက်ကြသူများမှာ ယခင် စစ်အစိုးရရောင်းရင်းများဖြစ်ပြီး အများစုမှာ အမေရိကန်နှင့် ဥရောပတွင် နာမည်ပျက်စာရင်းဝင်သူများ ဖြစ်သည်။

ပြီးခဲ့သော ၂ဝ၁ဝ ရွေးကောက်ပွဲမတိုင်ခင် သင်္ဘောလိုင်းများ၊ လောင်စာဆီ အရောင်းဆိုင်များ၊ အစိုးရပိုင်မြေများ အပါအဝင် နိုင်ငံပိုင်လုပ်ငန်းများကို လက်သိပ်ထိုး ပုဂ္ဂလိကပိုင် ပြုလုပ်ရာတွင် အဆိုပါ ရောင်းရင်း စီးပွားရေးသမားများသာလျှင် အဓိက အမြတ်ထွက်ခဲ့သည်ဟု ဆိုသည်။ "မြန်မာနိုင်ငံဟာ အခွင့်အလမ်းကောင်းတွေ ရှိနေပေမဲ့ လူပေါင်းမှားရင်တော့ ခင်ဗျားရဲ့ပိုက်ဆံတွေ ဆုံးရှုံးသွားနိုင်တယ်" ဟု ရော်ဂျာက မှတ်ချက်ပေး ပြောကြားသွားသည်။

**********************************************************************

တရုတ်ပုံစံ စီးပွားရေး အချိုးအကွေ့သို့ မြန်မာ ရောက်နေပြီလော

(Jakarta Globe မှ 22 February 2012 ရက်စွဲပါ Glenys Sim ရေးသားသော Is Burma on the verge of a Chinese style economic turnaround? ကို ဘာသာ ပြန်ဆိုသည်)

မြန်မာနိုင်ငံသည် ပြုပြင်ပြောင်းလဲရေးလုပ်ငန်းများကို လုပ်ကိုင်လျက်ရှိရာ ဆယ်စုနှစ်များက တရုတ် လုပ်ကိုင်ခဲ့သည့် ပုံအတိုင်း ဖြစ်ပြီး မြန်မာနိုင်ငံ၏ အလားအလာများအတွက် အကောင်းမြင်ကြောင်း Rogers Holdings မှ ဥက္ကဋ္ဌ Jim Rogers က ပြောကြားခဲ့သည်။

“ကျွန်တော် ငွေတွေ အားလုံး ရင်နှီးလို့ရမယ်ဆိုရင် မြန်မာနိုင်ငံမှာ ရင်းနှီးမြှုပ်နှံလိုပါတယ်” ဟု Rogers က စင်္ကာပူတွင် ကျင်းပသော ကွန့်ဖရင့်တွင် ဗုဒ္ဓဟူးနေ့က ပြောကြားခဲ့သည်။ “မြန်မာနိုင်ငံဟာ 1979 ခု အစောပိုင်းကာလ တရုတ်ပြည်နဲ့ ဆင်တူပါတယ်။ အဲဒီအချိန်တုန်းက တိန်ရှောက်ဖိန်က အသစ် တစ်ခု လုပ်ရမယ်လို့ ပြောခဲ့ပါတယ်။ မြန်မာနိုင်ငံကလည်း အခု တံခါးဖွင့်နေပါပြီ။” ဟု ၎င်းက ပြောသည်။

Rogers က နိုင်ငံတကာငွေကြေးရန်ပုံငွေအဖွဲ့ (IMF) က ဆိုထားသော မြန်မာနိုင်ငံသည် အာရှ၏ နောက်ထပ် စီးပွားရေး ရှေ့တန်း ရောက်လာနိုင်သည့် နိုင်ငံ ဆိုခြင်းကြောင့် ရင်းနှီးမြှုပ်နှံသူများတိုး၍ စိတ်ဝင်စားမှုအား မီးမှောင်းထိုး၍ မှတ်ချက်များပေးခဲ့သည်။ IMF က မြန်မာနိုင်ငံ၏ ငွေရေး ကြေးရေးကို အစအဆုံး ပြန်လည်ပြုပြင်ရန် တွန်းအားပေးနေသည်။

“မြန်မာနိုင်ငံဟာ လူဦးရေသန်း (60) ရှိပြီး၊ တရုတ်နဲ့ အိန္ဒိယကြားမှာ သယံဇာတများစွာရှိတယ်။ စိုက်ပျိုးရေး လုပ်နိုင်တယ်” ဟု Rogers က ကွန့်ဖရင့် တွင်ပြောသည်။ “သူတို့မှာ သတ္တုတွေရှိတယ်၊ စွမ်းအင်တွေရှိတယ်၊ အရာရာရှိတယ်။ အာရှ အတော်များများကို ပေးနိုင်ပါတယ်” ဟု ၎င်းက ပြောသည်။

တရုတ်နိုင်ငံတွင် တိန်ရှောင်ဖိန်သည် 1970 ခုနှစ်များ နောက်ပိုင်းတွင် တရုတ်ပြည်အား အရင်းရှင်စနစ်သို့ ဦးတည်သော ပြုပြင် ပြောင်းလဲရေးများနှင့် စတင် မိတ်ဆက်ပေးခဲ့ရာ လူသန်း 200 ကျော်အား ဆင်းရဲမွဲတေမှုမှ ကယ်တင်နိုင်ခဲ့ပြီး တရုတ်နိုင်ငံကိုလည်း ကမ္ဘာပေါ်တွင် ဒုတိယ အကြီးဆုံး စီးပွားရေး ဖြစ်စေခဲ့သည်။ ကမ္ဘာပေါ်တွင် သံမဏီ၊ ကြေးနီနှင့် ကျောက်မီးသွေး တို့အများဆုံး သုံးသော နိုင်ငံဖြစ်လာသည်။

“1962 ခုနှစ်က မြန်မာနိုင်ငံဟာ အာရှမှာ တစ်ခုတည်းသော အချမ်းသာဆုံးနိုင်ငံ ဖြစ်ခဲ့ပါတယ်” ဟု Rogers က ပြောသည်။ “အခုတော့ တိုင်းပြည်ဟာ အဆင်းရဲဆုံးနိုင်ငံ ဖြစ်နေပါတယ်။ ဘာလို့လဲဆိုတော့ နှစ်ပေါင်းငါးဆယ် ဆိုးရွားစွာ စီမံခန့်ခွဲခဲ့လို့ပါပဲ။ ဒါပေ့မယ် အခုတော့ ဒါကို သူတို့ ပြောင်းလဲ နေပါတယ်” ဟု ၎င်းက ပြောသည်။ မြန်မာနိုင်ငံသည် 2011-12 တွင် 5.5% တိုးတက်မည်ဖြစ်ပြီး ကုန်ပစ္စည်းတင်ပို့မှုများနှင့် ရင်းနှီးမြှုပ်နှံမှု တက်လာခြင်းကြောင့် 2012-13 တွင် 6% ထိ တိုးတက်နိုင်ကြောင်း IMF က ပြီးခဲ့သည့်လက ပြောကြားခဲ့သည်။ အကယ်၍ မြန်မာနိုင်ငံသည် ၎င်း၏ သဘာဝ သယံဇာတများ၊ တရုတ်နှင့် အိန္ဒိယ ထက်စာလျှင် နုပျိုသော လုပ်သားအင်းအား တို့ကို သေချာစွာ ကိုင်တွယ်နိုင်လျှင် အာရှ၏ လာမည့် စီးပွားရေးမျက်နှာစာ တစ်ခုဖြစ်လာနိုင်ကြောင်း မြန်မာနိုင်ငံသို့ ဇန်နဝါရီလက သွားရောက်ခဲ့သော IMF မစ်ရှင်ခေါင်းဆောင် Meral Karasulu က ပြောကြားခဲ့သည်။

မြန်မာနိုင်ငံတွင် ဆန်တင်ပို့မှုမှာ ယခင်က ထက်နှစ်ဆတိုး၍ ယခုနှစ်တွင် ဆန် 1.5 သန်း မက်ထရစ်တန် တင်ပို့နိုင်လိမ့်မည်ဟု မြန်မာနိုင်ငံဆန်စပါး ထုတ်လုပ်သူများအသင်းက ပြီးခဲ့သည့်လက ခန့်မှန်းခဲ့သည်။ 2011 ခုနှစ်တွင် ဆန်တန်ချိန် (7) သိန်း တင်ပို့ခဲ့သည်။ တရုတ်နှင့် အိန္ဒိယ နိုင်ငံတို့သည် မြန်မာနိုင်ငံနှင့် ကီလိုမီတာ (3600) ရှည်သော နယ်စပ်ထိစပ်လျက်ရှိကြပြီး၊ မြန်မာပြည်၏ (64) သန်းသော လူဦးရေသည် တစ်ရက်လျှင် ပျှမ်းမျှ ဒေါ်လာ (2.25) သာ ဝင်ငွေရှိသည်ဟု IMF က ခန့်မှန်းသည်။ မြန်မာနိုင်ငံ၏ အဆိုပါ အိမ်နီးချင်းနှစ်နိုင်ငံသည် မြန်မာနိုင်ငံ၏ သဘာဝဓါတ်ငွေ့ ရယူရန် တိုး၍ ကြိုးစားနေကြသည်။

*****************************************************************************************************************


Google Docs makes it easy to create, store and share online documents, spreadsheets and presentations.
Logo for Google Docs

0 comments:

Post a Comment