Transparency Myanmar

transparency.myanmar@gmail.com

yangonchronicle 2011- (1)
yangonchronicle 2011- (1)

၂၃.၂.၂ဝ၁၂

ဘာသာပြန်သတင်းများ အပိုင်း(၁)

  1. ပြုပြင်ပြောင်းလဲမှုများ နှေးကွေး၍ ကျေနပ်ဖွယ် မရှိဟု ဦးရွှေမန်းပြော

(Peninsula မှ 23 Feb 2012 ရက်စွဲပါ Myanmar official says reforms sluggish and unsatisfactory ကို ဘာသာ ပြန်ဆိုသည်)

  1. ဒေါ်အောင်ဆန်းစုကြည် မြန်မာပြည်မြောက်ပိုင်းသို့ စည်းရုံးရေးဆင်း

(AFP မှ 23 Feb 2012 ရက်စွဲပါ Suu Kyi takes campaign to Myanmar's restive north ကို ဘာသာ ပြန်ဆိုသည်)

  1. အမေရိကန်နှင့် မြောက်ကိုရီးယားနျူကိစ္စ ဘေဂျင်းတွင် ဆွေးနွေး

(BBC News မှ 22 Feb 2012 ရက်စွဲပါ US and North Korea Hold Nuclear talks ကို ဘာသာ ပြန်ဆိုသည်)

  1. မြန်မာ့ပြုပြင်ပြောင်းလဲမှုကို တရုတ်ပြည်တံခါးဖွင့်မှုနှင့် နှိုင်းယှဉ်ပြ

(Bloomberg မှ 22 Feb 2012 ရက်စွဲပါ Investor Rogers Compares Myanmar Reforms to China's Opening ကို ဘာသာ ပြန်ဆိုသည်)

******************************************************************************************************

ပြုပြင်ပြောင်းလဲမှုများ နှေးကွေး၍ ကျေနပ်ဖွယ် မရှိဟု ဦးရွှေမန်းပြော

(Peninsula မှ 23 Feb 2012 ရက်စွဲပါ Myanmar official says reforms sluggish and unsatisfactory ကို ဘာသာ ပြန်ဆိုသည်)

မြန်မာနိုင်ငံ၏ လတ်တလော ပြုပြင်ပြောင်းလဲမှုများသည် နှေးကွေး၍ကျေနပ်အားရစရာ မရှိဟု လွှတ်တော် ထိပ်သီးခေါင်းဆောင်တစ်ဦး ဖြစ်သော သူရဦးရွှေမန်းက ဝေဖန်ပြောဆိုလိုက်ပြီး ပြည်သူလူထုအကျိုးအတွက် မြန်မြန်ဆန်ဆန် တွန်းအားပေး လှုပ်ရှားရန် အရပ်ဖက်အစိုးရကို တိုက်တွန်း ပြောကြားလိုက်သည်။

ပြီးခဲ့သောမတ်လက အာဏာလွှဲပြောင်းပေးခဲ့သော တပ်မတော်အစိုးရဟောင်းတွင် နံပါတ် ၃ အဆင့် တာဝန်ယူခဲ့ပြီး လက်ရှိအချိန်တွင် အောက်လွှတ်တော် ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်နေသူ ဗိုလ်ချုပ်ကြီးဟောင်း သူရဦးရွှေမန်းက အရပ်ဖက်ဝန်ထမ်းများ လစာတိုးရန် ဥပဒေကြမ်းကို လက်မခံသည့် ကိစ္စအတွက် သမ္မတ ဦးသိန်းစိန်အစိုးရကို ဝေဖန်ပြောဆိုခဲ့ပြီး ဆက်လက်ဆောင်ရွက်မည့် ပြုပြင်ပြောင်းလဲမှုများ အချိန် ပိုကြာသွားနိုင်သည်ဟု အကြံပြု ထောက်ပြ ပြောကြားခဲ့သည်။

"တကယ်လို့ ရွှေရမယ့်သူက မရွှေ့ဘူးဆိုရင် တွန်းဖို့ တာဝန်ရှိသူတွေက ဆက်ပြီး တွန်းရမှာပေါ့" ဟု ဦးရွှေမန်းက သတင်းထောက်များပါ တက်ရောက်ကြသော စီးပွားရေးလုပ်ငန်းရှင်များ ဖိုရမ်တွင် ပြောကြားခဲ့ကြောင်း သိရှိရသည်။ "ဒီနှုန်းအတိုင်းသာဆိုရင် ပြန်လည်သုံးသပ်ရမယ့် ကိစ္စတွေ၊ လက်ရှိဥပဒေ ပြင်ဆင်ရေးကိစ္စတွေ၊ ဥပဒေသစ် ပြဋ္ဌာန်းဖို့ ကိစ္စတွေကို လက်ရှိ လွှတ်တော် ၅ နှစ်သက်တမ်းအတွင်းမှာ ပြီးစီးအောင် ဆောင်ရွက်နိုင်မှာ မဟုတ်ပါဘူး" ဟု ဦးရွှေမန်းက ဆက်ပြောသည်။

မြန်မာနိုင်ငံ၏ နိုင်ငံရေးအပြောင်းအလဲတွင် အဓိကကျသော ပြုပြင်ပြောင်းလဲရေးဝါဒီတစ်ဦးဟု နိုင်ငံတကာက သတ်မှတ်ထားသော ကြယ် ၄ ပွင့် ဗိုလ်ချုပ်ကြီးဟောင်း ဦးရွှေမန်း၏ မှတ်ချက်များသည် ယခင်က အာဏာလက်ဝယ် ရှိသူများအပေါ် ဝေဖန်မှုများကို ရက်စက်စွာနှိပ်ကွပ်ခဲ့ဖူးသော မြန်မာနိုင်ငံတွင် ထိပ်တန်းတာဝန်ရှိသူ တစ်ဦးက အစိုးရအဖွဲ့ကို ပထမဦးဆုံး လူသိရှင်ကြား ဝေဖန်လိုက်ခြင်းပင် ဖြစ်သည်။

ဦးရွှေမန်း၏ ရာထူးနေရာမှာ အောက်လွှတ်တော်ဥက္ကဋ္ဌဖြစ်သော်လည်း မြန်မာအစိုးရက နိုင်ငံတကာ အသိအမှတ်ပြု လက်ခံမှုရရှိရန်နှင့် အနောက်နိုင်ငံ အရေးယူမှုများ ရုတ်သိမ်းသွားစေရန် ကြိုးစားသည့်အနေဖြင့် ဒီမိုကရေစီ ပြောင်းလဲရေး ဆောင်ရွက်ချက်များကို ပြသရန် ကြိုးစားနေသည့် အလျှောက် အကဲခတ် လေ့လာသူများနှင့် သံတမန်များက ဦးရွှေမန်းအား သော့ချက်ကျသူတစ်ဦးအဖြစ် ရှုမြင်သတ်မှတ်ထားကြသည်။

ဥရောပသမဂ္ဂ ကိုယ်စားလှယ်အဖွဲ့က မြန်မာလွှတ်တော် အရပ်ရပ်သည် ဥပဒေပြုရေး ဆွေးနွေးငြင်းခုန်ခြင်း သာမကဘဲ အစိုးရ၏ လုပ်ရပ်များကိုပါ စုံစမ်းစစ်ဆေး သုံးသပ်နိုင်ရမည်ဟု ဦးရွှေမန်းအား တိုက်တွန်းပြောကြားသွားခဲ့ ပြီးနောက် တစ်ပတ်ခန့်အကြာတွင် အထက်ပါ မှတ်ချက်ပေး ဝေဖန်မှု ထွက်ပေါ်လာခြင်း ဖြစ်သည်။

လွှတ်တော်ကိုယ်စားလှယ်များအနေဖြင့် အာဏာရအစိုးရကို ပွင့်ပွင့်လင်းလင်းဝေဖန်ရန် ရဲရင့်မှုရှိကြရမည်ဟု အသက် ၆၅ နှစ်အရွယ် လွှတ်တော် ဥက္ကဋ္ဌက ပြောသည်။ "အတိတ်က အမှားတွေကို အပြစ်တင်နေမယ့်အစား အဲဒီကနေ သင်ခန်းစာယူပြီး ရဲရဲရင့်ရင့် ပြုပြင်သွားကြဖို့ လိုပါတယ်" ဟု သူရဦးရွှေမန်းက ပြောကြားသွားခဲ့သည်။

**************************************************************************

ဒေါ်အောင်ဆန်းစုကြည် မြန်မာပြည်မြောက်ပိုင်းသို့ စည်းရုံးရေးဆင်း

(AFP မှ 23 Feb 2012 ရက်စွဲပါ Suu Kyi takes campaign to Myanmar's restive north ကို ဘာသာ ပြန်ဆိုသည်)

ဒေါ်အောင်ဆန်းစုကြည်သည် သူမ၏ NLD ပါတီစည်းရုံးရေးခရီးစဉ်အဖြစ် တိုင်းရင်းသားများ၏ ထောက်ခံမှုကို ရရှိရန် အငြင်းပွားဇုန်များဖြစ်သော မြန်မာနိုင်ငံ မြောက်ပိုင်းသို့ ယနေ့ သွားရောက်ခဲ့သည်ဟု သိရသည်။

"ဒေါ်အောင်ဆန်းစုကြည် ဒီကိုလာတာ စည်းရုံးရေးကိစ္စတစ်ခုတည်းကြောင့် မဟုတ်ပါဘူး။ တိုင်းရင်းသားတွေနဲ့ ပေါင်းစည်းရေးကိစ္စလည်း ပါပါတယ်" ဟု NLD အဖွဲ့ဝင်တစ်ဦးဖြစ်သော ဝင်းမြမြက မြစ်ကြီးနားလေဆိပ်တွင် AFP သို့ ပြောသည်။ လေဆိပ်တွင် ဒေါ်အောင်ဆန်းစုကြည်အား လူထု ၂ဝဝ ခန့်က စောင့်ဆိုင်းကြိုဆိုခဲ့ကြသည်။

"ကျွန်မတစ်ခါမှ မမြင်ဖူးတဲ့ ဒေါ်အောင်ဆန်းစုကြည်ကို တွေ့ဖူးချင်ပါတယ်။ သူက ငြိမ်းချမ်းရေး နိုဘယ်ဆုရှင်လည်း ဟုတ်တယ်။ အမျိုးသမီး အာဇာနည် တစ်ဦးဆိုလည်း ဟုတ်တယ်" ဟု ကချင်လူမျိုး ထောက်ခံသူတစ်ဦး ဖြစ်သော Khaug Noi က ဆိုသည်။ "ငြိမ်းချမ်းရေးလမ်းစဉ်တွေနဲ့ ငြိမ်းချမ်းရေးကိုလည်း ရယူချင်ပါတယ်" ဟုလည်း သူမက ဆက်လက်ပြောသည်။

တိုင်းရင်းသားများ၏ ယုံကြည်မှုကို အပြည့်အဝမရရှိသေးဟု အချို့က ဆိုသော ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် ကချင်ပြည်နယ်မှ တိုက်ပွဲများ အဆုံးသတ်ရေးကို တောင်းဆိုထားခဲ့သေးသည်။ ဒေါ်အောင်ဆန်းစုကြည်၏ နှစ်ရက်တာခရီးစဉ်သည် တိုင်းရင်းသားလူနည်းစု၏ ထောက်ခံမှုကို ရရှိစေရန် ရည်ရွယ်သော ခရီးစဉ်ဖြစ်ပြီး စစ်မက်ဖြစ်ပွားနေသည့်နယ်မြေတွင် တိုက်ပွဲများအဆုံးသတ်ရေးကိစ္စကို သူမအနေဖြင့် တစ်နည်းနည်းဖြင့် ဆောင်ရွက် နိုင်လိမ့်မည် ဟုလည်း အများက မျှော်လင့်ထားသည်။

******************************************************************************

အမေရိကန်နှင့် မြောက်ကိုရီးယားနျူကိစ္စ ဘေဂျင်းတွင် ဆွေးနွေး

(BBC News မှ 22 Feb 2012 ရက်စွဲပါ US and North Korea Hold Nuclear talks ကို ဘာသာ ပြန်ဆိုသည်)

အမေရိကန်နှင့် မြောက်ကိုရီးယားကိုယ်စားလှယ်များသည် ပြုံးယမ်း၏ နျူကလီးယားအစီအစဉ်နှင့် ပတ်သက်၍ ဘေဂျင်းတွင် တွေ့ဆုံ ဆွေးနွေးလျက် ရှိရာ ယခုဆွေးနွေးမှုမှာ ဒီဇင်ဘာလက မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအီ သေဆုံးပြီးကတည်းက ပထမဦးဆုံးအကြိမ်ဖြစ်သည်။ အမေရိကန်က ပြောကြားရာတွင် ၎င်းအနေဖြင့် ခေါင်းဆောင် ကင်ဂျုံအန်လက်ထက်တွင် မြောက်ကိုရီးယားသည် ၎င်း၏ နျူကလီးယားလက်နက် စွန့်လွှတ်ရေး အတွက် ဆွေးနွေးရန် ဆန္ဒရှိမရှိ သိလိုကြောင်း ပြောသည်။

ရေရှည်ရည်မှန်းချက်မှာ ၂၀၀၉ ခုနှစ်က ရပ်ဆိုင်းသွားခဲ့သော ခြောက်နိုင်ငံလက်နက်ဖျက်သိမ်းရေး စကားပြောမှု ပြန်လည်စတင်ရန် ဖြစ်သည်။ အဆိုပါ ဆွေးနွေးပွဲသို့ မြောက်ကိုရီးယားကိစ္စအမေရိကန် စေ့စပ်ညှိနှိုင်းရေးမှူး Glyn Davies နှင့် ပြုံးယမ်း၏ နျူကလီးယားညှိနှိုင်းရေးအတွေ့အကြုံရှိသူ Kim Kye-gwan တို့ တက်ရောက်ကြမည်ဖြစ်သည်။

Mr Davis က ပြောကြားရာတွင် ၎င်းသည် ကင်ဂျုံအန် တိုင်းပြည်ကို အုပ်ချုပ်မည့်လမ်းကြောင်းကို ပိုမို ရှာဖွေနိုင်လိမ့်မည်ဟု မျှော်လင့်ကြောင်း ပြောသည်။

“ကျွန်တော့် မျှော်လင့်ချက်ကတော့ မြောက်ကိုရိးယားနဲ့ ရှေ့ဆက်သွားမယ့်လမ်းရှာဖွေနိုင်ဖို့ပါပဲ။ လူတိုင်းကလည်း နောက်တစ်ဆင့် ခြောက်နိုင်ငံ ဆွေးနွေးပွဲ ဖြစ်နိုင်ရေးကို စိတ်ဝင်စားနေပါတယ်” ဟု ၎င်းက ဗုဒ္ဓဟူးနေ့ Beijing သို့ ရောက်ရှိချိန်တွင် ပြောကြားခဲ့သည်။

၂၀၀၅ ခုနှစ်တွင် ခြောက်နိုင်ငံဆွေးနွေးပွဲ၏ အစိတ်အပိုင်းအရ အကူအညီများပေးခြင်းနှင့် နိုင်ငံရေး အရ ညှိနှိုင်းမှုများကြောင့် မြောက်ကိုရိးယားက အပြန်အလှန်အားဖြင့် နျူကလီးယားရည်မှန်းချက်များကို စွန့်လွှတ်မည်ဟု သဘောတူခဲ့သည်။ သို့သော် အဆိုပါ သဘောတူညီချက်မှာ ၂၀၀၉ ခုနှစ်တွင် ပျက်စီးသွားခဲ့သည်။ မြောက်ကိုရီးယားသည် ပထမဆုံးအကြိမ် နျူကလီးယားစမ်းသပ်မှုကို ၂၀၀၆ ခုနှစ်တွင် စတင်ပြုလုပ်ခဲ့ပြီး၊ ဒုတိယအကြိမ် ကို ၂၀၀၉ ခုနှစ်တွင် ပြုလုပ်ခဲ့သည်။ ၂၀၀၉ ခုနှစ်ဒုတိယအကြိမ်စမ်းသပ်မှုမပြုလုပ်မီ ခြောက်နိုင်ငံဆွေးနွေးပွဲမှ ထွက်ခွာသွားခဲ့ပြီး ထိုစဉ်ကတည်းက ကိုရီးယား ကျွန်းဆွယ်၊ အထူးသဖြင့် ကိုးရီးယားနှစ်နိုင်ငံသည် တင်းမာမှုများမြင့်တက်ခဲ့သည်။

ခြောက်နိုင်ငံဆွေးနွေးပွဲ ပြန်လည်စတင်ရန် ရည်ရွယ်ပြီး အမေရိကန်နှင့် မြောက်ကိုရီးယားတို့သည် ၂၀၁၁ ဇူလိုင်လတွင် စတင် ဆက်သွယ်ခဲ့ကြသည်။ ယခုဘေဂျင်း၌ ဆွေးနွေးမှုမှာ တတိယအကြိမ်ဖြစ်ပြီး မြောက်ကိုရီးယားသို့ ဆွေးနွေးပွဲ စားပွဲဝိုင်းသို့ ပြန်လည်ခေါ်ဆောင်နိုင်ရန် နည်းလမ်း ရှာဖွေလျက်ရှိသည်။

********************************************************************************

မြန်မာ့ပြုပြင်ပြောင်းလဲမှုကို တရုတ်ပြည်တံခါးဖွင့်မှုနှင့် နှိုင်းယှဉ်ပြ

(Bloomberg မှ 22 Feb 2012 ရက်စွဲပါ Investor Rogers Compares Myanmar Reforms to China's Opening ကို ဘာသာ ပြန်ဆိုသည်)

မြန်မာနိုင်ငံတွင် လက်ရှိ အကောင်အထည်ဖော်လျက်ရှိသော ပြုပြင်ပြောင်းလဲမှုများသည် လွန်ခဲ့သည့် ဆယ်စုနှစ် အစောပိုင်းကာလများအတွင်း တရုတ်နိုင်ငံ၏ ပြုပြင်ပြောင်းလဲမှုမျိုးဖြစ်ပြီး သဘာဝရင်းမြစ်များကြွယ်ဝချမ်းသာသည့် မြန်မာအတွက် အလားအလာကောင်းများရှိနေကြောင်း နာမည်ကျော် Rogers Holdings မှ ဥက္ကဋ္ဌနှင့် ရင်းနှီးမြှုပ်နှံသူ Jim Rogers က သုံးသပ်ပြောဆိုသည်။

"တကယ်လို့ မြန်မာပြည်ထဲကို ကျွန်တော့်ရဲ့ငွေကြေးတွေ အားလုံးပုံအောပြီး ရင်းနှီးမြှုပ်နှံနိုင်တယ်ဆိုရင် ကျွန်တော်လုပ်ပစ်မှာပဲ" ဟု စင်ကာပူ နိုင်ငံ၌ ဖေဖော်ဝါရီလ ၂၂တွင် ကျင်းပပြုလုပ်သော ကွန်ဖရင့်၌ Jim Rogers က ပြောကြားသည်။ "မြန်မာပြည်ဟာ ၁၉၇၉ ခုနှစ် တရုတ်ရခဲ့တဲ့ နေရာမျိုးကို ရောက်နေပါတယ်။ အဲဒီတုန်းက တရုတ်ခေါင်းဆောင် တိန့်ရှောင်ဖိန်က ကျုပ်တို့အသစ်တစ်ခုခုလုပ်ကြရလိမ့်မယ်လို့ပြောခဲ့တယ်။ ယခု မြန်မာနိုင်ငံ တံခါး ပွင့်နေပါပြီ" ဟုလည်း ဆိုသည်။

မစ္စတာ Jim Rogers ၏ သုံးသပ်ချက်က "အာရှ၏ စီးပွားရေးနယ်မြေသစ်"(နိုင်ငံတကာငွေကြေးရန်ပုံငွေအဖွဲ့- IMF ၏အဆိုအရ ညွှန်းဆိုခြင်း ဖြစ်သည်)  ဖြစ်လာဖွယ်ရှိသည့် မြန်မာနိုင်ငံ၏ စီးပွားရေးအခန်းကဏ္ဍတွင် ရင်းနှီးမြှုပ်နှံလိုသူများ တိုးပွားလျက်ရှိသည်ဟူသော အချက်ကို ကွက်ကွက် ကွင်းကွင်း ဖြစ်သွားစေသည်။ သမ္မတ ဦးသိန်းစိန် ဦးဆောင်သော အစိုးရသစ်က ဒေါ်အောင်ဆန်းစုကြည်နှင့် စေ့စပ်ညှိနှိုင်းမှုများပြုလုပ်ခြင်း၊ နိုင်ငံရေး အကျဉ်းသားများ လွှတ်ပေးခြင်း အစရှိသည်တို့လုပ်ကိုင်ခဲ့သောကြောင့် အမေရိကန်ပြည်ထောင်စု နှင့် ဥရောပသမဂ္ဂ(အီးယူ) တို့က မြန်မာအပေါ် ပိတ်ဆို့ အရေးယူမှုများအား ပြန်လည်သုံးသပ်နေချိန်တွင် IMF ကလည်း မြန်မာ့ဘဏ္ဍာရေးစနစ်ကြီး တစ်ခုလုံးအား ပြုပြင်ပြောင်းလဲပစ်ရန် တွန်းအားပေးလျက် ရှိသည်။

"မြန်မာနိုင်ငံဟာ တရုတ်နဲ့ အိန္ဒိယအကြားမှာရှိနေတယ်။ လူဦးရေက သန်းခြောက်ဆယ်၊ သဘာဝရင်းမြစ် အမြောက်အမြားရှိပြီး လယ်ယာ စိုက်ပျိုးရေးလည်း ကောင်းစွာ လုပ်ကိုင်နိုင်တယ်။ မြန်မာအနေနဲ့ အာရှအတွက် လိုအပ်တာတွေ အားလုံးထောက်ပံ့ပေးနိုင်တယ်။ သူ့မှာ သတ္တုတွေရှိတယ်၊ စွမ်းအင် ရှိတယ်၊ အစစအရာရာရှိတယ်ဗျာ" ဟု နယူးယောက်အခြေစိုက် INTL FCStone Inc. က ကြီးမှူးကျင်းပသည့် ကွန်ဖရင့်၌ မစ္စတာ Jim Rogers က ပြောကြားသည်။

တရုတ်ခေါင်းဆောင်ကြီး တိန့်ရှောင်ဖိန်သည် ၁၉၇၀ ပြည့်နှစ်များအတွင်း အရင်းရှင်စီးပွားရေး ပြုပြင်ပြောင်းလဲမှုများကို စတင်ပြုလုပ်ခဲ့ရာ တရုတ်ပြည်သူ သန်း ၂၀၀ ခန့် ဆင်းရဲတွင်းမှ ရုန်းထွက်နိုင်ခဲ့သည်။ ၎င်း၏ လုပ်ရပ်ကြောင့် တရုတ်ပြည်သည်လည်း ကမ္ဘာ့ဒုတိယအကြီးဆုံး စီးပွားရေးနိုင်ငံ အဆင့်သို့ တက်လှမ်းနိုင်ခဲ့သလို စတီး၊ ကြေးနီ နှင့် ကျောက်မီးသွေးအများဆုံးသုံးစွဲသည့် နိုင်ငံဖြစ်လာသည်။ ကြွယ်ဝသော နိုင်ငံ "၁၉၆၂ ခုနှစ်တုန်းက မြန်မာနိုင်ငံဟာ အာရှမှာ ကြွယ်ဝအချမ်းသာဆုံးသော နိုင်ငံ ဖြစ်ခဲ့တယ်။ အခုတော့ ဆင်းရဲနွမ်းပါးဆုံးနိုင်ငံ ဖြစ်နေတယ်။ ဘာဖြစ်လို့လဲဆိုတော့ နှစ်ပေါင်း ၅၀ အတွင်း စီမံခန့်ခွဲမှုတွေ ညံ့ဖျင်းခဲ့လိုပါပဲ။ ဒါပေမဲ့ သူတို့အခုပြောင်းလဲနေပါပြီ" ဟု Jim Rogers က ၁၉၆၂ ခုနှစ် စစ်ဘက်အုပ်ချုပ်ရေးစနစ် စတင်ခဲ့ချိန်ကို ညွှန်းဆိုသည်။

IMF ၏အဆိုအရ မြန်မာ့စီးပွားရေးသည် ၂၀၁၁-၂၀၁၂ ခုနှစ်ဘဏ္ဍာရေးနှစ်အတွင်း ၅ ဒဿမ ၅ ရာခိုင်နှုန်း တိုးမြင့်လာဖွယ်ရှိပြီး ၂၀၁၂-၂၀၁၃ ခုနှစ် ဘဏ္ဍာရေးနှစ်များ၌ ၆ ရာခိုင်နှုန်းဖြင့် တိုးမြင့်ဖွယ်ရှိသည်။ "မြန်မာနိုင်ငံဟာ သူ့ရဲ့သဘာဝရင်းမြစ်တွေနဲ့ တရုတ်၊ အိန္ဒိယထိစပ်နေမှုကို အကျိုးရှိရှိ အသုံးပြုမယ်ဆိုရင် အာရှဒေသရဲ့ နောက်ထပ် စီးပွားရေးနယ်ပယ်သစ် တစ်ခုဖြစ်လာနိုင်ပါတယ်" ဟု ဇန်နဝါရီလအတွင်း မြန်မာနိုင်ငံသို့လာရောက်ခဲ့သော IMF ကိုယ်စားလှယ်အဖွဲ့ ခေါင်းဆောင် Meral Karasulu ကပြောကြားသည်။

မြန်မာနိုင်ငံသို့လာရောက်လည်ပတ်ခဲ့သူ ဘီလီလျံနာနှင့် ရင်းနှီးမြှုပ်နှံသူ ဂျော့ဆိုရော့စ် (George Soros) ကလည်း မြန်မာသမ္မတဦးသိန်းစိန်နှင့် သူ၏ အစိုးရအဖွဲ့ဝင် ဝန်ကြီးများသည် ပွင့်လင်းလာမှုကို အမှန်တကယ် လိုလားလျက် ရှိကြောင်း ဇန်နဝါရီလအတွင်းပြောဆိုခဲ့သည်။ မြန်မာနိုင်ငံ ဆန်လုပ်ငန်းရှင်များ အသင်း၏ ခန့်မှန်းချက်အရ ယခုနှစ်အတွင်း ဆန်တင်ပို့မှုမှာ ယမန်နှစ်ကထက် နှစ်ဆကျော်ခန့်မြင့်တက်လာဖွယ်ရှိပြီး တန်ချိန် ၁ ဒဿမ ၅ သန်းခန့် ရှိမည်ဖြစ်သည်။ ၂၀၁၁ ခုနှစ်အတွင်း မြန်မာနိုင်ငံက ဆန်တန်ချိန် စုစုပေါင်း ၇ သိန်းတင်ပို့ခဲ့သည်။

အိမ်နီးချင်း တရုတ်နှင့် အိန္ဒိယတို့နှင့် မြန်မာနိုင်ငံအကြား နယ်စပ်ဒေသမှာ ကီလိုမီတာ ၃၆၀၀(၂၂၀၀ မိုင်) ရှည်လျားသည်။ အဆိုပါ နိုင်ငံများသည် မြန်မာနိုင်ငံမှ အရန်သဘာဝဓာတ်ငွေ့များပိုမိုရရှိနိုင်မည့် နည်းလမ်းများကို တိုးမြှင့် ရှာဖွေလျက် ရှိသည်။

*****************************************************************************


Google Docs makes it easy to create, store and share online documents, spreadsheets and presentations.
Logo for Google Docs

0 comments:

Post a Comment