Transparency Myanmar

transparency.myanmar@gmail.com

yangonchronicle 2011- (1)
yangonchronicle 2011- (1)

၂၂.၂.၂ဝ၁၂

ဘာသာပြန်သတင်းများ အပိုင်း(၂)

  1. မနီလာတွင် ဖိလစ်ပိုင်နှင့် မြန်မာကုန်သွယ်ရေးဆွေးနွေးပွဲ ကျင်းပရန်စီစဉ်

(Gulf News မှ 21 Feb 2012 ရက်စွဲပါ Philippines and Myanmar schedule trade meeting in Manila ကို ဘာသာ ပြန်ဆိုသည်)

  1. ယမန်နှစ် ရေလွှမ်းမိုးမှုကြောင့် ထိုင်းစီးပွားရေး ၉ ရာခိုင်နှုန်း လျော့ကျ

(BBC သတင်းဌာနမှ 20 Feb 2012 ရက်စွဲပါ Thailand's economy shrinks 9% after flood disruptions ကို ဘာသာ ပြန်ဆိုသည်)

  1. မြန်မာ့ နွေဦးသို့ ရောက်ပြီ

(Khaleey Times မှ 22 February 2012 ရက်စွဲပါ “Myanmar’s own spring” ခေါင်းကြီးပိုင်းကို ဘာသာပြန်ဆိုသည် )

***************************************************************************************

မနီလာတွင် ဖိလစ်ပိုင်နှင့် မြန်မာကုန်သွယ်ရေးဆွေးနွေးပွဲ ကျင်းပရန်စီစဉ်

(Gulf News မှ 21 Feb 2012 ရက်စွဲပါ Philippines and Myanmar schedule trade meeting in Manila ကို ဘာသာ ပြန်ဆိုသည်)

အာဆီယံအဖွဲ့ဝင်နိုင်ငံများဖြစ်သော ဖိလစ်ပိုင်နှင့် မြန်မာနိုင်ငံတို့သည် စီးပွားကူးသန်း ဆက်ဆံမှု အားကောင်းလာစေရန်အတွက် ဇွန်လတွင် ကုန်သွယ်ရေး ဆွေးနွေးပွဲ ကျင်းပရန် စီစဉ်လျက်ရှိသည်။ ဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီး အဲလ်ဘတ် ဒယ်ရိုစာရီယိုနှင့် မြန်မာနိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင် တို့၏ ဖေဖော်ဝါရီလဆန်းက တွေ့ဆုံမှုတွင် လာမည့်ဇွန်လ ၅-၆ ရက်တွင် မနီလာ၌ နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်ရေး ပူးတွဲကော်မရှင် (JCBC) အစည်းအဝေးကျင်းပရန် သဘောတူညီမှု ရခဲ့သည်ဟု ဒယ်ရိုစာရီယိုက ထုတ်ပြန် ပြောကြားသည်။

အဆိုပါ JCBC ပူးတွဲကော်မရှင်သည် ဖိလစ်ပိုင်နှင့် မြန်မာ ၂ နိုင်ငံအတွက် ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှု ကိစ္စများ၊ လေကြောင်းဝန်ဆောင်မှုများ၊ ပညာရေး၊ နည်းပညာပူးပေါင်းဆောင်ရွက်ရေး၊ အခြားဒေသတွင်းနှင့် နိုင်ငံတကာကိစ္စရပ်များအပါအဝင် နှစ်နိုင်ငံကိစ္စရပ်များ ဆွေးနွေးနိုင်မည့် စနစ်တစ်ခု ဖြစ်သည်။ လာမည့်ဇွန်လဆွေးနွေးပွဲတွင် နှစ်နိုင်ငံဆက်ဆံရေး တိုးတက်စေမည့် လမ်းပြမြေပုံတစ်ခုကို ဖော်ထုတ်နိုင်လိမ့်မည်ဟု ဒယ်ရိုစာရီယိုက ဆိုသည်။ မြန်မာသမ္မတ ဦးသိန်းစိန်ကလည်း ဖိလစ်ပိုင်အခြေစိုက် လုပ်ငန်းရှင်များအား ရေနံနှင့်ဓာတ်ငွေ့ကဏ္ဍ၊ လယ်ယာစိုက်ပျိုးရေး၊ သတ္တုတူးဖော်ရေး၊ သစ်တော ထွက်ကုန်ကဏ္ဍ၊ ရေနက်ဆိပ်ကမ်းနှင့် အခြေခံအဆောက်အဦး ဖွံ့ဖြိုးရေးစီမံကိန်းများတွင် ရင်းနှီးမြှုပ်နှံကြရန် ဖိတ်ခေါ်ထားသည်ဟု ဆက်လက် ပြောကြားသည်။

ယင်းနှစ်နိုင်ငံသည် ခရီးသွားလုပ်ငန်းပူးပေါင်း ဆောင်ရွက်ရေး၊ မူးယစ်ဆေးဝါးကုန်သွယ်မှု တားဆီးရေး ကိစ္စများကိုလည်း အားကောင်းမောင်းသန် ဆောင်ရွက်ကြရန် သဘောတူထားသည်။ မြန်မာနိုင်ငံအပေါ် ချမှတ်ထားသော စီးပွားရေး ဒဏ်ခတ်ပိတ်ဆို့မှုများ ရုတ်သိမ်းရေးကိစ္စကို ဖိလစ်ပိုင်က အားပေး ထောက်ခံခဲ့ခြင်းအတွက်လည်း သမ္မတဦးသိန်းစိန်က ကျေးဇူးတင်စကား ပြောကြားခဲ့သည်။

ဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီးက ယင်း၏ဖေဖော်ဝါရီလဆန်း တရားဝင်နေပြည်တော်ခရီးစဉ်ကို မြန်မာနိုင်ငံက မော်ကွန်းသစ်ထိုးမည့် သမိုင်းလမ်းဆုံတွင် ရောက်နေချိန်၌ သွားရောက်ခဲ့ခြင်းဖြစ်သည်ဟု တင်စားပြောဆိုသွားသည်။ ယခင်က ဖိလစ်ပိုင်နိုင်ငံသည် မြန်မာတပ်မတော် အစိုးရဟောင်းကို ပွင့်ပွင့်လင်းလင်းဝေဖန်သည့် အစဉ်အလာ ရှိခဲ့သည်။ မြန်မာနိုင်ငံ၌ ၂ဝ၁ဝ ရွေးကောက်ပွဲများအပြီး သမ္မတရာထူး ခန့်အပ်ခြင်းခံရသော ဦးသိန်းစိန်သည် နိုင်ငံရေးအကျဉ်းသားများကို လွှတ်ပေးခဲ့ပြီး ယခင်အစိုးရလက်ထက် အထိန်းသိမ်းခံ နိုင်ငံရေးပါတီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကိုလည်း နိုင်ငံရေးနယ်ပယ်၌ တရားဝင်လှုပ်ရှားခွင့် ပြုခဲ့သည်။

ထို့အပြင် လူ့အခွင့်အရေးကော်မရှင် ဖွဲ့စည်းခြင်း၊ အလုပ်သမားဥပဒေသစ်ထုတ်ပြန်ပေးခြင်း၊ တိုင်းရင်းသား လက်နက်ကိုင်အုပ်စုများနှင့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ် စတင်ခြင်း၊ မြန်မာနိုင်ငံကို တရားမဝင်သိမ်းပိုက်တော့မည့် အိမ်နီးချင်းတရုတ်နိုင်ငံကို ရုတ်တရက်တွန်းထုတ်ခြင်း စသည့် အံ့အားသင့်ဖွယ် အပြောင်းအလဲများကို ဆက်တိုက် ပြုလုပ်ခဲ့ခြင်းကြောင့် အမေရိကန်ပြည်ထောင်စုက မြန်မာနိုင်ငံနှင့် အပြည့်အဝ သံတမန်ဆက်ဆံမှု ပြန်လည် ထူထောင်တော့မည်ဟု ထုတ်ပြန်ကြေညာခဲ့သည်။ ထိုကဲ့သို့ ပထမအဆင့် ပြုပြင်ပြောင်းလဲမှုများ ပြုလုပ်ရန် ကတိပြုအပြီးတွင် အာဆီယံ အဖွဲ့အစည်းကလည်း မြန်မာနိုင်ငံအား ၂ဝ၁၄ အလှည့်ကျ ဥက္ကဋ္ဌ တာဝန်ပေးရန် သဘောတူခွင့်ပြုခဲ့ကြသည်။ အာဆီယံအဖွဲ့ဝင်နိုင်ငံများမှာ ဘရူနိုင်း၊ ကမ္ဘောဒီးယား၊ အင်ဒိုနီးရှား၊ လာအို၊ မလေးရှား၊ စင်ကာပူ၊ ထိုင်း၊ ဗီယက်နမ်၊ ဖိလစ်ပိုင်တို့ ဖြစ်ပြီး အာဆီယံအဖွဲ့နှင့် နှစ်စဉ်အစည်းအဝေး ပြုလုပ်နေကျ ဆွေးနွေးဖက် နိုင်ငံများမှာ ဩစတြေးလျ၊ တရုတ်၊ အီးယူနိုင်ငံများ၊ အိန္ဒိယ၊ ဂျပန်၊ ကိုရီးယား၊ နယူးဇီလန်၊ ရုရှားနှင့် အမေရိကန်ပြည်ထောင်စု တို့ဖြစ်သည်။

*************************************************************************

ယမန်နှစ် ရေလွှမ်းမိုးမှုကြောင့် ထိုင်းစီးပွားရေး ၉ ရာခိုင်နှုန်း လျော့ကျ

(BBC သတင်းဌာနမှ 20 Feb 2012 ရက်စွဲပါ Thailand's economy shrinks 9% after flood disruptions ကို ဘာသာ ပြန်ဆိုသည်)

ထိုင်းနိုင်ငံတွင် နှစ်ပေါင်း ၅၀ ကျော်ကာလအတွင်း အဆိုးဝါးဆုံးရေလွှမ်းမိုးမှုကြီးဖြစ်ပေါ်ခဲ့ပြီးနောက် ၂၀၁၁ ခုနှစ်၊ နှောင်းပိုင်း သုံးလတာ ကာလအတွင်း တိုင်းပြည်စီးပွားရေးမှာ သိသိသာသာကျဆင်းခဲ့ကာ ကုန်ထုတ်လုပ်မှု အခန်းကဏ္ဍကိုလည်း ထိခိုက်နစ်နာခဲ့သည်။ ၂၀၁၁ ခုနှစ်၊ ဒီဇင်ဘာလ မတိုင်မီ သုံးလတာကာလအတွင်း ထိုင်းနိုင်ငံ၊ ဂျီဒီပီမှာ ယခုနှစ်ဆန်းပိုင်းကာလနှင့် နှိုင်းယှဉ်ပါက ၉ ရာခိုင်နှုန်းကျဆင်းခဲ့သည်ကိုတွေ့ရကြောင်း ထိုင်း အမျိုးသားစီးပွားရေးနှင့် လူမှုဖွံ့ဖြိုးရေးဆိုင်ရာ ဘုတ်အဖွဲ့(NESDB) ကဆိုသည်။ ယခင် ၂၀၁၀ ပြည့်နှစ်နှောင်းပိုင်း သုံးလတာကာလနှင့် နှိုင်းယှဉ်မည် ဆိုပါက ၁၀ ဒဿမ ၇ ရာခိုင်နှုန်း ကျဆင်းခဲ့သည်ဟုဆိုသည်။

ထိုင်းနိုင်ငံတွင် ယမန်နှစ်ကဖြစ်ပေါ်ခဲ့သော အဆိုပါ ရေလွှမ်းမိုးမှုကြီးကြောင့် လူပေါင်း ၇၀၀ ကျော်သေဆုံးခဲ့ပြီး တိုင်းပြည် သုံးပုံနှစ်ပုံခန့် ရေမြုပ်ခဲ့ရသည်။ လေ့လာဆန်းစစ်သူများကမူ ယခုထွက်ပေါ်လာသော ကိန်းဂဏန်းများအားရစရာမရှိသော်ငြား အနာဂတ်ကာလ ထိုင်းစီးပွားရေး အလားအလာမှာ ဆိုးဆိုးရွားရွားမရှိကြောင်းပြောကြားသည်။ "၂၀၁၁ ခုနှစ် တတိယသုံးလပတ်အတွက် ထွက်လာတဲ့ ကိန်းဂဏန်းတွေက ထင်မှတ်ထားတာထက် ဆိုးရွားလှတဲ့ရေလွှမ်းမိုးမှုကြောင့်ဖြစ်တဲ့ ဂယက်ရိုက်ခတ်မှုတွေကို ထင်ဟပ်လျက်ရှိပါတယ်။ ဒါပေမဲ့ တစ်နှစ်ပတ်လုံး အတိုင်းအတာကို ဆက်ကြည့်မယ်ဆိုရင်တော့ ပြန်လည် ကောင်းမွန်လာမှာပါ" ဟု Kasikorn Research Center မှ Pimonwan Mahujchariyawong က ပြောကြားသည်။

NESDB ၏ ၂၀၁၂ ခုနှစ်အတွက်ခန့်မှန်းချက်အရ ယခုနှစ်အတွင်း အများပြည်သူနှင့် ပုဂ္ဂလိကဆိုင်ရာ သုံးစွဲမှုများတွင် ပြန်လည် မြင့်တက်လာမည်ဖြစ်သည်။ ထိုင်းနိုင်ငံတွင် အဆိုပါရေလွှမ်းမိုးမှုကြီး ပြီးဆုံးသွားပြီးနောက် ဝန်ကြီးချုပ် ရင်းလတ်ရှင်နာဝပ်ထရာက အခြေခံ အဆောက်အဦများ ဆိုင်ရာအခန်းကဏ္ဍအတွက် ဘတ်ငွေ ၃၅၀ ဘီလီယံ သုံးစွဲသွားမည်ဖြစ်ကြောင်း ကြေညာသည်။ NESDB ကမူ ယခုနှစ် ထိုင်းစီးပွားရေးမှာ ၅ ဒဿမ ၅ ရာခိုင်နှုန်း နှင့် ၆ ဒဿမ ၅ ရာခိုင်နှုန်းခန့်ဖြင့် ကြီးမားလာမည်ဖြစ်သည်ဟု မျှော်မှန်းသည်။ ပြီးခဲ့သည့် နိုဝင်ဘာလကမူ ၄ ဒဿမ ၅ ရာခိုင်နှုန်း နှင့် ၅ ဒဿမ ၅ ရာခိုင်နှုန်းခန့်ဖြင့် ကြီးမားလာမည်ဟု NESDB ကခန့်မှန်းခဲ့သည်။

ထိုင်းဗဟိုဘဏ်ကမူ ပြီးခဲ့သည့် ဇန်နဝါရီလတွင် အတိုးနှုန်းများကို ဒုတိယအကြိမ်ထပ်မံလျှော့ချပစ်ခဲ့သည်။ ထိုင်းနိုင်ငံ ကုန်ထုတ်လုပ်မှု အခန်းကဏ္ဍတွင်ရေးပါသော ကုမ္ပဏီကြီးများဖြစ်ကြသည့် Honda၊ Sonyနှင့် Western Digital အပါအဝင် အခြားသော ကုမ္ပဏီကြီးများသည် ယမန်နှစ် ရေလွှမ်းမိုးမှုကြောင့် ပြည်ပတင်ပို့မှုလုပ်ငန်းများတွင် ဆိုးရွားစွာ ထိခိုက်နစ်နာခဲ့ကြသည်။ ထိုဖြစ်ရပ်ကြောင့် ယမန်နှစ် ဒီဇင်ဘာလတွင် ထွက်ပေါ်လာသော ကုန်ထုတ်လုပ်မှုဆိုင်ရာ ညွှန်းကိန်း၌ ပြည်ပတင်ပို့မှုများလျော့ကျခဲ့သည်ကိုတွေ့ရသည်။ ကုန်ထုတ်လုပ်သည့် စက်ရုံများထိခိုက်နစ်နာခဲ့သောကြောင့် Honda၊ Toshiba နှင့် Fujitsu တို့ကလည်း အမြတ်ရရှိမှုခန့်မှန်းချက်များကို လျှော့ချပစ်ခဲ့သည်။ ထိုင်းစီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက ယခုနှစ်အတွင်း ပို့ကုန်တင်ပို့မှု ၁၅ ရာခိုင်နှုန်းမြင့်တက်လာရန် ရည်မှန်းထားသည်။ မည်သို့ပင်ဆိုစေကာမူ လျော့ကျလျက်ရှိသည့် ကမ္ဘာလုံးဆိုင်ရာ ဝယ်လိုအားက ထိုင်းနိုင်ငံ၏ ပို့ကုန်တင်ပို့မှုကို ချိန်ညှိသွားလိမ့်မည်ဖြစ်ကြောင်း လေ့လာဆန်းစစ်သူများက ဆိုသည်။

******************************************************************************

မြန်မာ့ နွေဦးသို့ ရောက်ပြီ

(Khaleey Times မှ 22 February 2012 ရက်စွဲပါ “Myanmar’s own spring” ခေါင်းကြီးပိုင်းကို ဘာသာပြန်ဆိုသည် )

မြန်မာနိုင်ငံတစ်လွှားတွင် တစ်မူထူးခြားသော ဟန်ပန်ဖြင့် နွေဦးရာသီသို့ ကူးပြောင်းလျက်ရှိသည်။ တပ်မတော်အစိုးရသစ်သည် ဒီမိုကရေစီ ကူးပြောင်းမှု လုပ်ငန်းစဉ်ကို ကျယ်ကျယ်ပြန့်ပြန့် အကောင်အထည်ဖော်ရန် ဖြည်းဖြည်းမှန်မှန် လုပ်ဆောင်နေပြီး နိုင်ငံရေးချီတက်ပွဲများ ပိတ်ပင်မှုကို ရုတ်သိမ်းပေးသော နောက်ဆုံး ဆုံဖြတ်ချက်မှာမူ အပြောင်မြောက်ဆုံးပင် ဖြစ်လေသည်။

လွှတ်တော်အရပ်ရပ်အတွင်း လစ်လပ်နေသော အမတ် ၄၈ နေရာအတွက် ကျင်းပရန် စီစဉ်နေသော လာမည့် ကြားဖြတ်ရွေးကောက်ပွဲများသည် ဒီမိုကရေစီ ကူးပြောင်းမှု လုပ်ငန်းစဉ် ခိုင်မာလာမှုနှင့် ဆက်လက် ပြုပြင်ပြောင်းလဲရေးကို စိတ်ဝင်တစား ရှိနေကြသည့် အာဏာရဗိုလ်ချုပ်များ၏ အတွင်းသရုပ်ကို ထင်ဟပ်နေသည်ဟု အများစုက သုံးသပ် ရှုမြင်ထားကြသည်။ လူကြိုက်များ နိုင်ငံရေးခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ပါတီ တရားဝင် ပြန်လည်ပေါ်ထွန်းလာခြင်းသည်လည်း ကြိုဆိုရမည့် တိုးတက်မှုတစ်ခုပင် ဖြစ်သည်။ ထို့အပြင် တပ်မတော် နှင့် နိုင်ငံရေးပါတီများအကြား ပြောင်းလဲဖြစ်ပေါ်လာသော ဆက်ဆံရေးနွေးထွေးမှုသည် နိုင်ငံတွင်းအကြမ်းဖက်မှုနှင့် ခါးသီးသော သင်ခန်းစာများဆီသို့ လုံးဝ နောက်ပြန်မလှည့်တော့သည့်အလျောက် ကမ္ဘာတလွှား အခြားထူးခြားဆန်းပြား ကိစ္စများအနက် အားကျအတုယူစရာ တန်းဖိုးရှိသောဖြစ်ရပ်တစ်ခုဟု နိုင်ငံတကာက ရှုမြင်သတ်မှတ်လာကြသည်။

ရန်ကုန်မြို့တော်၏ ကတ္တီပါခန်းစီးကို မ၍ ကြည့်လျှင် အာဆီယံအဖွဲ့နှင့် ကုလသမဂ္ဂ အပါအဝင် ဆိုင်ရာဆိုင်ရာ အဖွဲ့အစည်းများက သတိကြီးစွာ ထား၍ စစ်မှန်သော ပြန်လည်သင့်မြတ်မှုကို အကျိုးဆောင်ပေးလျက်ရှိသည်ကို တွေ့ရလိမ့်မည်။ ဤအခြေအနေသည် ယခင်က တပ်မတော်နှင့် စေ့စပ်ရေးကို လုံးဝလက်မခံခဲ့သော ဒေါ်အောင်ဆန်းစုကြည်က ယခုအခါ အစိုးရ၏ ဝါဒဖြန့်စကားလုံးကို ဆိုလိုခြင်းမဟုတ်သော ပြည်သူ့သဘောထားကို အားပေး အားမြှောက်ပြုမည့်အစား နိုင်ငံတည်ငြိမ်ဖွံ့ဖြိုးမှုကို စိတ်ဝင်စားကြောင်း ကတိပြုခြင်းဖြင့် တပ်မတော်နှင့် ဆက်ဆံရန် ရွေးချယ်ခဲ့ခြင်းနှင့်လည်း အဓိက ဆက်စပ်ပတ်သက်နေသည်။ ဒေါ်အောင်ဆန်းစုကြည်သည် သူမအပေါ် နိုင်ငံတကာ အသိအမှတ်ပြု ထောက်ခံမှုနှင့်အတူ ဒေသတွင်း အေးချမ်းမှု အရှိဆုံး သမိုင်းဝင် ကူးပြောင်းမှုဟု ရှုမြင်ကြသော ဖြစ်ရပ်ကို ပူးတွဲဖန်းတီးခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည်နှင့် သူမ၏ လစ်ဘရယ် အမတ်လောင်းများ အနေဖြင့် ကြားဖြတ်ရွေးကောက်ပွဲတွင် အနိုင် ရရှိသည့်တိုင်အောင် ဆုံးဖြတ်ခွင့် အာဏာအပြောင်းအလဲကို ရနိုင်ဦးမည် မဟုတ်ပဲ သီးခံစိတ်ရှည်စွာ ပျိုးထောင်ရမည့် ယဉ်ကျေးမှု တစ်ခုကို တွန်းအားပေးသည့် ခရီးရှည်ကို လျှောက်ရဦးမည် ဖြစ်သည်။ အလားတူပင် တပ်မတော်သည်လည်း ယင်းတို့၏ ခံတပ်ကို ရေရှည်ထိန်းရန် မလွယ်ကြောင်း သိရှိလာကာ ကိုယ့်ကိုကို ပြန်လည် သုံးသပ်မှု ပြုလုပ်နေပေပြီ။ ဖိနှိပ် ချုပ်ချယ်ထားမှုများကို ဖြေလျှော့ပေးခြင်းဖြင့် အရပ်ဖက်အုပ်ချုပ်ရေးအပေါ် လက်ဝါးကြီးအုပ်ထားမှုများကို သိသိသာသာ ဖယ်ရှားပေးနေပြီ ဖြစ်သည်။ လွှတ်တော်အာဏာတည်ရေးအတွက် ဖြည်းဖြည်းနှင့်မှန်မှန် လျှောက်ရမည့် လမ်းကြောင်းပေါ်တွင် ယခုအခါ ဒေါ်အောင်ဆန်းစုကြည်နှင့် တပ်မတော်တို့ အတူတကွ ရောက်နေကြပြီ ဖြစ်သည်။

*************************************************************************


Google Docs makes it easy to create, store and share online documents, spreadsheets and presentations.
Logo for Google Docs

0 comments:

Post a Comment