Transparency Myanmar

transparency.myanmar@gmail.com

yangonchronicle 2011- (1)
yangonchronicle 2011- (1)

၂၂.၂.၂ဝ၁၂

ဘာသာပြန်သတင်းများ အပိုင်း(၁)

  1. ကမ္ဘာ့ဘဏ်က မြန်မာနိုင်ငံအပေါ်အားတက်မှုရှိဟုဆို

(Business Recorder မှ 22 february 2012 ရက်စွဲပါ World Bank encouraged on Myanmar ကို ဘာသာ ပြန်ဆိုသည်)

  1. ကြားဖြတ်ရွေးကောက်ပွဲသို့ အိမ်နီးချင်း လေ့လာစောင့်ကြည့်သူများ ဝင်ရောက်ကြည့်ရှုခွင့်ပြုရေး မြန်မာအစိုးရ အလေးပေး စဉ်းစားမည်

(CNN သတင်းဌာနမှ 21 Feb 2012 ရက်စွဲပါ Myanmar to consider allowing neighbors to observe elections ကို ဘာသာ ပြန်ဆိုသည်)

  1. အိန္ဒိယ၊ တရုတ်၊ မြန်မာ၊ ဘင်္ဂလားဒေ့ရှ် စီးပွားရေးလုပ်ငန်းအဖွဲ့ထူထောင်

(Xinhua သတင်းဌာနမှ 20 Feb 2012 ရက်စွဲပါ Bangladesh, China, India, Myanmar set up business group to promote co-op ကို ဘာသာ ပြန်ဆိုသည်)

************************************************************************************************************

ကမ္ဘာ့ဘဏ်က မြန်မာနိုင်ငံအပေါ်အားတက်မှုရှိဟုဆို

(Business Recorder မှ 22 february 2012 ရက်စွဲပါ World Bank encouraged on Myanmar ကို ဘာသာ ပြန်ဆိုသည်)

ကမ္ဘာ့ဘဏ်သည် မြန်မာနိုင်ငံ၏ တံခါးဖွင့်မှုအသစ်ကို အားတက်မိကြောင်း၊ စီးပွားရေးပြုပြင်ပြောင်းလဲရေးများကို ကူညီလိုကြောင်း၊ သို့သော် ကြွေးမြီများဆပ်ရမည်ကို သတိထားရန်လိုကြောင်း အင်္ဂါနေ့က ပြောကြားခဲ့ပါသည်။

ကမ္ဘာ့ဘဏ်အနေဖြင့် မြန်မာနိုင်ငံနှင့် အလုပ်အတူလုပ်၍ ပြည်သူ့ရေးရာ ဝန်ဆောင်မှုလုပ်ငန်းများတိုးတက်ရန်၊ ခေတ်မမှီတော့သော ငွေရေးကြေးရေးနှင့် ဘဏ်လုပ်ငန်းကဏ္ဍကို အဆင့်မြှင့်ရန်နှင့် ပုဂ္ဂလိက ကဏ္ဍတွင်အခွင့်အလမ်းများ ဖန်တီးပေးရန် မျှော်လင့်နေလျက်ရှိသည်။ “ကျွန်တော်တို့ မြန်မာနိုင်ငံရဲ့ တိုးတက်မှုကို အားရပါတယ်။ ဒါကြောင့် မြန်မာနိုင်ငံနဲ့ ပြန်လည်ဆက်ဆံပြီး ဆင်းရဲနေတဲ့ မြန်မာပြည်သူတွေအကျိုးကို ဆောင်ရွက်နိုင်မယ့် ပြုပြင်ပြောင်းလဲရေးတွေကို ကူညီချင်ပါတယ်” ဟု ကမ္ဘာ့ဘဏ်၏ အရှေ့အာရှနှင့်ပစိဖိတ် ဒုဥက္ကဋ္ဌ Panela Cox က ပြောသည်။

ကမ္ဘာ့ဘဏ်က ၎င်းသည် လူထုအခြေပြုအဖွဲ့အစည်းများနှင့် အတူလုပ်ကိုင်ရန် မျှော်လင့်ပြီး တိုင်းရင်းသား ဒေသများတွင် ယခု လုပ်ဆောင်နေသော ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များကို ကူညီလိုကြောင်း ပြောကြားခဲ့သည်။ သို့သော် မြန်မာနိုင်ငံတွင် နိုင်ငံတကာငွေကြေးအဖွဲ့အစည်းများသို့ ပေးရန်ရှိသော ချေးငွေများပေးရန် ဦးစွာ စီစဉ်ရမည် ဖြစ်၍ ကမ္ဘာ့ဘဏ်အနေဖြင့် လတ်တလော ငွေကြေးကူညီရန် လုပ်ဆောင်ဦးမည် မဟုတ်ဟုဆိုသည်။ ကမ္ဘာ့ဘဏ်၏ စည်းမျဉ်းများတွင် ချေးငွေများဆပ်ရန်ရှိသော တိုင်းပြည်အားငွေကြေးထောက်ပံ့ခြင်း မပြုရန် ဖော်ပြထားသည်။ ၂ဝဝ၈ ခုနှစ် နာဂစ်ဆိုက်ကလုံး အပြီးတွင် ထိုစဉ်က ကမ္ဘာ့ဘဏ်မန်နေဂျင်းဒါရိုက် တာ Juan Jose Daboub က ကမ္ဘာ့ဘဏ်အနေဖြင့် မြန်မာနိုင်ငံတွင် ချေးငွေများ မဆပ်သေးသဖြင့် ငွေမချေးနိုင်ကြောင်း ပြောကြားခဲ့သည်။

ကမ္ဘာ့ဘဏ်အနေဖြင့် မြန်မာနိုင်ငံတွင် ပေးဆပ်ရန် ကြွေးမြီမည်မျှရှိသည်ဆိုသော ပမာဏကို ဖော်ပြခြင်းမရှိပေ။ တစ်ချိန်က အာရှ၏ဆန်အိုးကြီးဟု တင်စားခြင်းခံရသော မြန်မာနိုင်ငံသည် စီးပွားရေးအရမှားယွင်းစွာ စီမံခန့်ခွဲမှုများကြောင့် များစွာ ဆင်းရဲသွားခဲ့ရသည်။ မြန်မာနိုင်ငံတွင် ငွေကြေးစနစ်မှာလည်း များစွာ ရှုပ်ထွေးပြီး တရားမဝင်ငွေလဲလှယ်နှုန်းမှာ တရားဝင်နှုန်းထက် အဆတစ်ရာ မက ရှိနေသည်။ တရားဝင်ကိန်းဂဏန်း အချက်အလက် အများစုမှာလည်း ယုံကြည်ရခြင်း မရှိသည်ကို ပညာရှင်များက တွေ့ရှိခဲ့ပါသည်။ သို့သော် မြန်မာနိုင်ငံသည် အရပ်သားအစိုးရ တက်လာပြီးသည့် နောက်ပိုင်းတွင် လုပ်ဆောင်ခဲ့သော နိုင်ငံရေး ပြုပြင်ပြောင်းလဲမှုများကြောင့် စောင့်ကြည့်သူအများစုအား အံ့အားသင့်စေခဲ့သည်။ မြန်မာအစိုးရသည် စီးပွားရေးပြုပြင်မှုများ လုပ်ဆောင်ရန်လည်း မျှော်လင့်ထားရာ ဇန်နဝါရီလက နိုင်ငံခြား ရင်းနှီးမြှုပ်နှံသူများအား အခွန်ကင်းလွတ်ခွင့် ရှစ်နှစ်ပေးမည်ဟု ပြောဆိုခဲ့သည်။

မြန်မာနိုင်ငံတွင် အနောက်နိုင်ငံအရေးယူမှုများရှိ နေဆဲဖြစ်သည်။ သို့သော် အမေရိကန်ပြည်ထောင်စု က နိုင်ငံတကာ ငွေကြေးအဖွဲ့အစည်းများ မြန်မာနိုင်ငံနှင့် ဆက်ဆံရေးပြုလုပ်ခြင်းကို ကန့်သတ်ထားခြင်းအား ပယ်ဖျက်ပေးခဲ့သည်။ ထို့အပြင် ဝါရှင်တန်က တိုးတက်မှုများပိုမိုရှိပါက နောက်ထပ် တုန့်ပြန်မှုများ ပြုလုပ်ရန် ဆန္ဒရှိသည်ဟု ပြောကြားခဲ့ပြီး ဖြစ်သည်။

******************************************************************************

ကြားဖြတ်ရွေးကောက်ပွဲသို့ အိမ်နီးချင်း လေ့လာစောင့်ကြည့်သူများ ဝင်ရောက်ကြည့်ရှုခွင့်ပြုရေး မြန်မာအစိုးရ အလေးပေး စဉ်းစားမည်

(CNN သတင်းဌာနမှ 21 Feb 2012 ရက်စွဲပါ Myanmar to consider allowing neighbors to observe elections ကို ဘာသာ ပြန်ဆိုသည်)

လာမည့် ဧပြီလ ၁ ရက်နေ့တွင်ကျင်းပပြုလုပ်မည့် ဒီမိုကရေစီရွေးကောက်ပွဲသို့ အိမ်နီးချင်းနိုင်ငံများမှ စောင့်ကြည့်လေ့လာသူများ ဝင်ရောက် ကြည့်ရှုခွင့်ပြုမည့်ကိစ္စအား မြန်မာအစိုးရက အလေးအနက်ထား စဉ်းစားသွားမည် ဖြစ်ကြောင်း အာဆီယံအဖွဲ့က ဖေဖော်ဝါရီလ ၂၁ ရက်နေ့တွင် ပြောကြားလိုက်သည်။

အရှေ့တောင်အာရှနိုင်ငံများအဖွဲ့(အာဆီယံ) နှင့်ပြုလုပ်သည့်ဆွေးနွေးပွဲတွင် မြန်မာသမ္မတ ဦးသိန်းစိန်က ၎င်းအနေဖြင့် အာဆီယံ အဖွဲ့ဝင်နိုင်ငံများမှ လေ့လာသူများအား ကြားဖြတ်ရွေးကောက်ပွဲ စောင့်ကြည့်လေ့လာခွင့် ပြုမည့်ကိစ္စကို ထည့်သွင်း စဉ်းစားသွားမည် ဖြစ်ကြောင်းပြောကြားသည်။

"ယခုလို ရွေးကောက်ပွဲစောင့်ကြည့်လေ့လာခွင့်ပြုမည့်ကိစ္စက ပွင့်လင်းမြင်သာမှုကို ပိုမိုဖြစ်ထွန်းစေမည် ဖြစ်သလို နိုင်ငံတကာအသိုင်းအဝိုင်း၏ မြန်မာအပေါ် ထားရှိသည့် စိတ်စေတနာကို ရရှိစေနိုင်မည်ဖြစ်သည်ဟု ခေါင်းဆောင်နှစ်ဦး သဘောတူညီခဲ့ကြသည်" ဟု အာဆီယံအဖွဲ့က ထုတ်ပြန်သော ကြေညာချက်တွင်ဖော်ပြထားသည်။

မြန်မာသမ္မတဦးသိန်းစိန်သည် အာဆီယံအထွေထွေအတွင်းရေးမှူး ဆူရင်ပစ်ဆာဝမ်နှင့် နေပြည်တော်၌ တွေ့ဆုံ ဆွေးနွေးခဲ့ကြသည်။ အဖွဲ့ဝင် ၁၀ နိုင်ငံပါဝင်သည့် အာဆီယံ၏ ရည်မှန်းချက်ပန်းတိုင်မှာ စီးပွားရေး တိုးတက်ဖွံ့ဖြိုးမှုနှင့် ဒေသတွင်းတည်ငြိမ်မှုကို မြှင့်တင်သွားရန်ဖြစ်သည်။ မြန်မာနိုင်ငံသည် နှစ်ပေါင်းများစွာ စစ်အုပ်ချုပ်ရေးအောက်သို့ရောက်ရှိခဲ့ပြီးနောက် အစိုးရသစ်က လတ်တလော လုပ်ကိုင်ဆောင်ရွက်လျက် ရှိသည့် ပြုပြင်ပြောင်းလဲမှုများကို နိုင်ငံတကာ အသိုင်းအဝိုင်းက ချီးမွမ်း ကြိုဆိုခဲ့သည်။ လူ့အခွင့်အရေးချိုးဖောက်မှုများကြောင့် အနောက်နိုင်ငံများ၏ ပိတ်ဆို့အရေးယူမှုခံခဲ့ရပြီးနောက် ယခုအခါ မြန်မာစစ်ဗိုလ်ချုပ်ကြီးများက ၎င်းတို့ဆုပ်ကိုင်ခဲ့သော အာဏာကိုတဖြည်းဖြည်းချင်းလျှော့ချလာသည်။ အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် သူမ၏ အမျိုးသားဒီမိုကရေစီပါတီ(NLD) သည်လည်း ပြီးခဲ့သည့် ၂၀၁၀ ပြည့်နှစ်ရွေးကောက်ပွဲကို ပြင်းပြင်းထန်ထန် ရှုတ်ချကန့်ကွက်ခဲ့သော်လည်း ယခုအခါ ကြားဖြတ် ရွေးကောက်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်ရန် ပြင်ဆင်လျက်ရှိသည်။ ဒေါ်အောင်ဆန်းစုကြည်သည် ကော့မှူးမြို့နယ်မှ ရွေးကောက်ပွဲဝင်ရောက်ယှဉ်ပြိုင်ရန် ရွေးကောက်ပွဲကော်မရှင်၌ မှတ်ပုံတင်ခဲ့ပြီးဖြစ်သည်။ ထိုသို့လုပ်ကိုင်လာခြင်းမှာ စစ်တပ် ကျောထောက် နောက်ခံ အစိုးရသစ်က နိုင်ငံရေးအကျဉ်းသားများလွှတ်ပေးခြင်း၊ တိုင်းရင်းသား လက်နက်ကိုင် အုပ်စုများနှင့် ငြိမ်းချမ်းရေး ဆွေးနွေးခြင်း အစရှိသည်တို့လုပ်ကိုင်ပြသခဲ့သောကြောင့်ပင်ဖြစ်သည်။

NLD ပါတီအနေဖြင့် လွှတ်တော်အမတ်နေရာ ၄၈ နေရာအတွက်ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်သည်။ ဒေါ်အောင်ဆန်းစုကြည်နှင့် သူမကို ထောက်ခံသူများ အပါအဝင် နိုင်ငံတကာမှ နိုင်ငံရေးခေါင်းဆောင်ကြီးများက အဆိုပါ ရွေးကောက်ပွဲကို လွတ်လပ်မျှတစွာကျင်းပပေးရန် ဦးသိန်းစိန်အစိုးရအား တိုက်တွန်းပြောဆိုထားကြသည်။ ပြီးခဲ့သည့် ၂၀၁၀ ပြည့်နှစ်ရွေးကောက်ပွဲ ကာလအတွင်း မြန်မာနိုင်ငံသို့ လောရောက်ခဲ့သော အာဆီယံအဖွဲ့ဝင်နိုင်ငံများမှ ကိုယ်စားလှယ်များအနေဖြင့် ရွေးကောက်ပွဲဖြစ်စဉ်ကို အတွင်းကျကျ လေ့လာစောင့်ကြည့်မှု မပြုလုပ်နိုင်ခဲ့ကြောင်း ထိုင်းနိုင်ငံအခြေစိုက် မြန်မာအစိုးရအတိုက်အခံမီဒီယာ ဖြစ်သော ဧရာဝတီမှ အယ်ဒီတာ အောင်ဇော်က ပြောကြားသည်။

"အဲဒီတုန်းက အာဆီယံကိုယ်စားလှယ်တွေကို မဲရုံတွေဆီကိုပဲခေါ်သွားတာ၊ အဲဒီလောက်ပဲလုပ်ပေးခဲ့တာ" ဟု ၎င်းကဆိုသည်။ ထိုနောက်ပိုင်းကာလ မြန်မာအစိုးရသစ်က နိုင်ငံရေးပြုပြင်ပြောင်းလဲမှုများအပါအဝင် အပြုသဘော ဆောင်သည့်လုပ်ကိုင်ဆောင်ရွက်မှုများပြုလုပ်ခဲ့ရာ အမေရိကန်ပြည်ထောင်စုက များစွာအသိအမှတ်ပြုခဲ့သည်။ နှစ်ပေါင်းများစွာ နှိမ်ချခဲ့သည့် သံတမန်ဆက်ဆံရေး ပြန်လည်မြှင့်တင်ပေးသည့်အနေဖြင့် မြန်မာနိုင်ငံသို့ အမေရိကန်သံအမတ်ကြီး ပြန်လည်ခန့်အပ်ထားရှိမည်ဖြစ်ကြောင်း ဝါရှင်တန်အစိုးရကကြေညာခဲ့သည်။

သို့သော် လာမည့် ဧပြီလတွင် ကျင်းပမည့် အဆိုပါကြားဖြတ်ရွေးကောက်ပွဲသည် မြန်မာအစိုးရအနေဖြင့် ပြုပြင်ပြောင်းလဲမှုများပြုလုပ်ပါမည်ဟု ပေးထားသော ကတိကဝတ်များကို စမ်းသပ်မည်ဖြစ်သည်။ ကြားဖြတ်ရွေးကောက်ပွဲအပေါ်နိုင်ငံတကာအသိုင်းအဝိုင်းက များစွာအာရုံစိုက်လာခြင်းကြောင့် မြန်မာအစိုးရ အနေဖြင့် ရွေးကောက်ပွဲစောင့်ကြည့်လေ့လာသူများကို ဝင်ရောက်ခွင့်ပြုလာရန်ရှိကြောင်း အောင်ဇော်ကပြောဆိုသည်။ ဥပမာအားဖြင့် ထိုင်းအခြေစိုက် Asian Network for Free Elections ကဲ့သို့သော အဖွဲ့မျိုးကို မြန်မာနိုင်ငံသို့ ဝင်ရောက်လေ့လာနိုင်အောင် အာဆီယံအနေဖြင့် ထောက်ပံ့မှုများ ပြုလုပ်နိုင်ကြောင်း ၎င်းကဆက်လက်ပြောဆိုသည်။

*************************************************************

အိန္ဒိယ၊ တရုတ်၊ မြန်မာ၊ ဘင်္ဂလားဒေ့ရှ် စီးပွားရေးလုပ်ငန်းအဖွဲ့ထူထောင်

(Xinhua သတင်းဌာနမှ 20 Feb 2012 ရက်စွဲပါ Bangladesh, China, India, Myanmar set up business group to promote co-op ကိုဘာသာပြန်ဆိုသည်)

ဘင်္ဂလားဒေ့ရှ်၊ တရုတ်၊ အိန္ဒိယ၊ မြန်မာ အစရှိသည့်နိုင်ငံများမှ စီးပွားရေးလုပ်ငန်းအုပ်စုများသည် ယင်းနိုင်ငံများ အကြား စီးပွားရေး၊ ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံရေး ပိုမိုကောင်းမွန်အောင် ပူးပေါင်းဆောင်ရွက်ရေးနှင့် ချစ်ကြည်ရင်းနှီးမှုတိုးမြှင့်ရေး တို့ကို အင်အားကောင်းမွန်စွာ လုပ်ကိုင်ဆောင်ရွက်ရန် အိန္ဒိယနိုင်ငံ၊ ကာလကတ္တားမြို့၌ သဘောတူစာချုပ် တစ်ရပ်ကို လက်မှတ်ရေးထိုးခဲ့ကြကြောင်းသိရသည်။

သဘောတူလက်မှတ် ရေးထိုးသည့်အဖွဲ့တွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ စက်မှုကုန်သည်ကြီးများ အသင်းချုပ် (FBCCI)၊ တရုတ်ပြည် နိုင်ငံတကာ ကုန်သွယ်ရေး မြှင့်တင်မှုကောင်စီ(CCPIT)နှင့် ယူနန်ပြည်နယ်ပူးတွဲကောင်စီ၊ အိန္ဒိယ အရှေ့မြောက်ပိုင်း စက်မှုလုပ်ငန်းဆိုင်ရာအသင်း(CII)၊ မြန်မာနိုင်ငံ စက်မှုလက်မှုလုပ်ငန်းရှင်များနှင့် ကုန်သည်ကြီးများ အသင်း (UMFCCI)တို့ပါဝင်ကြောင်း၊ ယင်းသဘောတူညီချက်မှာ ဘင်္ဂလားဒေ့ရှ်၊ တရုတ်၊ အိန္ဒိယ၊ မြန်မာ စီးပွားရေးလုပ်ငန်း ကောင်စီ(BCIM) တည်ထောင်ရန်ဖြစ်ကြောင်း Xinhua သတင်းဌာနကရေးသားသည်။

BCIM အနေဖြင့် စီးပွားရေးကိုယ်စားလှယ်အဖွဲ့များအလည်အပတ်သွားရောက်ခွင့်ရရှိရေး၊ စီးပွားရေး သတင်း အချက်အလက်များ အလဲအလှယ် ပြုလုပ်ရေး၊ စီးပွားရေးဆိုင်ရာ နိုင်ငံတကာကွန်ဖရင့်ကြီးများ လက်ခံကျင်းပရေး၊ ကုန်စည်ပြပွဲနှင့် စက်မှုလက်မှုလုပ်ငန်းဆိုင်ရာ ပြပွဲများခင်းကျင်းပြသရေး အစရှိသည်တို့ကို ဦးဆောင်လုပ်ကိုင်ရမည် ဖြစ်ကြောင်း သဘောတူစာချုပ်ပါအချက်အလက်များအရသိရသည်။

ထို့ပြင် BCIM ၏ တရားဝင်အင်တာနက်ဝက်ဘ်ဆိုက်ကို လွှင့်တင်မည်ဖြစ်သလို အဖွဲ့ဝင်နိုင်ငံများ၌ BCIM ၏ စီးပွားရေးဆိုင်ရာ ရုံးခွဲများ ဖွင့်လှစ်ထားရှိမည်ဖြစ်သည်။ သဘောတူလက်မှတ်ရေးထိုးပွဲသို့ တက်ရောက်လာကြသူ များတွင် ဘင်္ဂလားဒေ့ရှ်(FBCCI) မှ ဥက္ကဋ္ဌဟောင်း Annisul Huq၊ တရုတ်(CCPIT) မှ ဒုတိယ အထွေထွေ အတွင်းရေးမှူး Tan Yun၊ Maulana Abul Kalam Azad Institute of Asian Studies မှ ဒါရိုက်တာ Dreradha Datta၊ အိန္ဒိယနိုင်ငံ(CII) မှ ဒေသဆိုင်ရာဒါရိုက်တာ Saugat Mukherjee ၊ မြန်မာနိုင်ငံ UMFCCI မှ ဒုတိယဥက္ကဋ္ဌ ဦးထွန်းအောင်တို့ ဖြစ်ကြသည်။

*************************************************************************


Google Docs makes it easy to create, store and share online documents, spreadsheets and presentations.
Logo for Google Docs

0 comments:

Post a Comment