Transparency Myanmar

transparency.myanmar@gmail.com

yangonchronicle2011 Op-Ed
yangonchronicle2011 Op-Ed

၂၂.၂.၂၀၁၂

ဆောင်းပါးကဏ္ဍ

  1. အုတ်ကျစ်ကျော်အေး မန္တလေးနှင့် မပြင်နိုင်သေးတဲ့အလွဲများ

*****************************************

ဆောင်းပါးကဏ္ဍ

အုတ်ကျစ်ကျော်အေး နှင့် မပြင်နိုင်သေးတဲ့အလွဲများ

သို့

အယ်ဒီတာ

(ရန်ကုန်ခရော်နီကယ် - YC)

ကျွန်တော်ကတော့ မွေးရပ်မြေကို စွန့်ခွာပြီး တစ်နယ်တစ်ကျေးမှာ အလုပ်လုပ်နေရတဲ့ မန္တလေးသားတစ်ယောက် ဖြစ်ပါတယ်။ ကျွန်တော့် အနေနဲ့ ဇာတိမြေကို ပြန်မရောက်နိုင်တာလည်း အတော်ကိုကြာခဲ့ပါပြီ။ လွန်ခဲ့တဲ့ တစ်ပတ်လောက်ကတော့ မိသားစုအရေးကိစ္စနဲ့ မန္တလေးကို တစ်ခေါက် ပြန်ခဲ့ရပြန်ပါတယ်။ ကျွန်တော့် မွေးရပ်မြေဟာ ထူးထူးခြားခြား ပြောင်းလဲသွားတာမျိုးတော့ ဘာမှမတွေ့ရသေးပါဘူး။  နိုင်ငံရေးနဲ့ ပတ်သက်ရင်တော့ အရင်အစိုးရ လက်ထက်ကထက်စာရင် လက်ဖက်ရည်ဆိုင်မှာတော့ နိုင်ငံရေးအကြောင်းတွေ ပြောရဲဆိုရဲ ရှိလာတာကို တွေ့ရပါတယ်။ ဒါပေမယ့် လေသံ ပြင်းထန်တဲ့ အသုံးအနှုန်းမျိုး ပါလာတာ၊ ဥပမာ ကျွန်တော်က “ဦးသန်းရွှေလက်ထက်ကတော့ စစ်အစိုးရမို့လို့ပေါ့၊ သမ္မတကြီး ဦးသိန်းစိန်အစိုးရ လက်ထက်မှာတော့ အရပ်သားအစိုးရ ဖြစ်လာပြီဆိုတော့”ဆိုတဲ့ စကားမျိုးများ ပါလာရင် ကျွန်တော့်ရဲ့ အပေါင်းအသင်းများက ဘေးဘီဝဲယာကို ကြည့်ပြီး ထိတ်လန့်တကြားနဲ့ “တိုးတိုးပြောပါကွ” လို့ လေသံခပ်အုပ်အုပ်နဲ့ သတိပေးကြပါတယ်။ ဆိုရရင် ကျွန်တော်တို့ မန္တလေးသားများဟာ ကျုံးသွင်းပြီး လေ့ကျင့်ထားတဲ့ ဆင်ဆိုးကြီးကို မဝံ့မရဲစမ်းကိုင်ကြည့်နေကြတဲ့ အနေအထားမှာပဲ ရှိသေးတယ်လို့ ပြောရမှာပါ။ “ဆင်ကြီးက အရင်လို မရိုင်းတော့ဘူး၊ ယဉ်သွားပြီ၊ မယုံရင် လာကိုင်ကြ” ဆိုလို့  သွားကိုင်ကြတဲ့ပုံစံပါ။ ဆင်ကြီး ယဉ်သွားပြီဆိုတာ သိပေမယ့် စိတ်ထဲမှာတော့ ငါ့ကိုများ နင်းသတ်လိုက်မလား ဆိုတဲ့ ကြောက်စိတ်လေးကတော့ ကျန်နေဆဲပါ။ ဆင်ကြီးကိုသွားပြီး ကျောသပ်ရင်သပ်လှုပ်နေတုန်း ဆင်ကြီးက နှာမောင်းကြီးမြှောက်ပြီး “ကျီ” လို့ အော်လိုက်ရင် လန့်ပြီးပြေးကြရောဆိုပါတော့။ ကျွန်တော်တို့ မန္တလေးသားတွေက အဲ့လို ဖြစ်နေကြဆဲပါ။ ဖြစ်အောင်လည်း အောက်ခြေအဆင့် အာဏာပိုင်အသေးစားလေးများက မှင်မောင်းကောင်းကောင်းနဲ့ ဟိန်းဟောက်နေဆဲ၊ ခြိမ်းခြောက်နေဆဲပါ။ ပြောရရင် ကျွန်တော်တို့ မန္တလေးဟာ မြန်မာပြည်ရဲ့ စီးပွားရေး ဗဟိုအချက်အခြာကြီး ဖြစ်တာကတစ်ကြောင်း၊ အလုပ်အကိုင်အခွင့်အလမ်းနဲ့ ဝင်ငွေတွေဟာ အခြားပြည်နယ်နဲ့ တိုင်းဒေသကြီး များထက် များပြားတာကတစ်ကြောင်းတို့ကြောင့် လူတွေက စီးပွားရေးဘက်မှာ လည်နေကြတာလည်း ပါမယ်ထင်ပါတယ်။ ကိုယ့်စီးပွားကိုရှာ၊ ကိုယ့် ထမင်း ကိုယ်စား၊ လူမှုရေးလေးကလည်း ကောင်းတတ်ကြ သူများဆိုတော့ နိုင်ငံရေးနိုးကြားမှုက နဲပါးတယ်ဆိုရမှာပါ။ နိုင်ငံရေး နိုးကြားမှုနဲလို့လည်း ၂၀၁၀ ရွေးကောက်ပွဲကို စိတ်ပါလက်ပါ မရှိခဲ့ကြပါဘူး။ မရှိခဲ့လို့ မဲလိမ်ခံရတော့လည်း အစတည်းက ထင်သားပဲဆိုတဲ့ မှတ်ချက်မျိုးနဲ့ နိုင်ငံရေးကို စိတ်ပျက်လက်ပျက် ဖြစ်နေခဲ့ကြတာပါ။ ဒီကြားထဲမှာပဲ အောက်ခြေအဆင့် အုပ်ချုပ်ရေးများရဲ့ ဖိနှိပ်မှုတွေက များလာလေတော့ နိုင်ငံရေးနဲ့ ပတ်သက်ရင် လဖက်ရည်ဆိုင်မှာ အပန်းဖြေရုံလောက်ပဲ သဘောထားကြပါတော့တယ်။ အောက်ခြေအဆင့် ဖိနှိပ်မှုတွေထဲက ကျွန်တော်သိခဲ့ရသမျှ အချို့ကို ဖောက်သည်ချပါရစေ။ ဒါမှလည်း လူတွေက ဘာလို့ ဒီလောက်တောင် ကြောက်နေကြသေးတာလဲဆိုတာ သိရမှာပါ။ ပြောရရင် ကျွန်တော်တို့ မန်းလေး သားများဟာ အုပ်ချုပ်ရေးပိုင်းက ပုဂ္ဂိုလ်တစ်ဦးဦးက လာဟောက်ရင် ဘာလို့ဟောက်တာလဲ၊ ဘာဥပဒေအရ ဖမ်းချင်ရတာလဲလို့ အပြန်အလှန် မေးခွန်းထုတ်ဝံ့တဲ့ အခြေအနေ မရှိကြသေးပါဘူး။ ရန်ကုန် မှာတော့ ပါတီကြီးတွေရဲ့ လှုံ့ဆော်အားကလည်းကောင်း ၊ မီဒီယာတွေကလည်း အင်အား ကောင်း၊ တိုင်းဒေသကြီး အစိုးရကလည်း ဆောင်ရွက်ချက်တွေကောင်း၊  လူတွေကလည်း နိုင်ငံရေး မျက်စိပွင့်ကြလေ တော့ မန်းလေးနဲ့ယှဉ်ရင် အောက်ခြေအာဏာပိုင်များဟာ ပြည်သူကို အရမ်းကာရော အကြောင်းမဲ့ မနှိပ်စက်ရဲကြပါဘူး။ မန်းလေးမှာတော့ နေရာတကာ တွေ့နေရဆဲပဲ ဖြစ်ပါတယ်။

ပထမဆုံး ဖြစ်ရပ်ကတော့  ချမ်းမြသာစည်ဘက်မှာ ရပ်ကွက်အုပ်ချုပ်ရေးမှူးနဲ့ ရဲတပ်ဖွဲ့ဝင်တွေက ကျောင်းသားလေးတွေကို ထိုးကြိတ်ရန်ရှာ ကြပါတယ်။ ဝင်ရောက်တားမြစ်တဲ့ ကျောင်းဆရာတွေ၊ ရပ်ကွက်က လူတွေကိုပါ ထိုးကြိတ်ပြန် ပါတယ်။ ဒီကိစ္စကို  ပြည်သူ့ဒီမိုကရေစီပါတီနဲ့ အခု ပျက်ပြယ်သွားပြီဖြစ်တဲ့ ၈၈ ပြည်သူ့အင်အားပါတီနှစ်ခုက လိုက်ပါဆောင်ရွက်ပေးလို့ ရပ်ကွက်အုပ်ချုပ်ရေးမှူးလည်း အလုပ်ပြုတ်၊ ရဲတပ်ဖွဲ့ဝင်တွေလည်း နေရာပြောင်းခံရနဲ့ ထိရောက်စွာတော့ အရေးယူနိုင်ခဲ့ပါတယ်။ ဒါပေမယ့် ဒီလိုမျိုးကိစ္စတွေဟာ လူမသိသူမသိ ဖြစ်နေတာတွေလည်း အများကြီး ကျန်နေပါတယ်။

အယ်ဒီတာလည်း တစ်လောက ဖေ့စ်ဘုတ်စာမျက်နှာတွေမှာ တွေ့လိုက်မှာပါ။ ဟိန္ဒူဘာသာဝင် မိသားစုတစ်စုကို အိုးအိမ်ဦးစီးဌာနနဲ့ စည်ပင်သာယာက ဝန်ထမ်းတွေက နေအိမ်ကနေ အတင်းဆွဲချပြီး အိမ်ကိုသိမ်းလိုက်တဲ့ ကိစ္စပါ။ ဒီကိစ္စဟာ အခုအချိန်မှာတော့ မန္တလေး အခြေစိုက် နိုင်ငံရေးပါတီများဖြစ်တဲ့ ပြည်သူ့ဒီမိုကရေစီပါတီ၊ ၈၈ကျောင်းသား လူငယ်များ (ပြည်ထောင်စု မြန်မာနိုင်ငံ)၊ ဒီမိုကရက်တစ်ပါတီ(မြန်မာ) တို့က လိုက်ပါ ဆောင်ရွက်ပြီး သမ္မတရုံးကို အယူခံဝင် ထားတယ်လို့ သိရပါတယ်။ ကျွန်တော်က ဒီကိစ္စကို ဂျာနယ်တွေကနေ တဆင့် သိနေခဲ့ပါတယ်။ ရောက်တုန်း ရောက်ခိုက် သေသေချာချာသွားပြီး စပ်စုကြည့်တော့မှ မန္တလေး စည်ပင်သာယာရေးကော်မတီနဲ့ အိုးအိမ်ဦးစီးဌာနတို့ဟာ  ဟိန္ဒူ မိသားစုအပေါ်မှာ မတရားသဖြင့် အနိုင်အထက်ပြုကျင့်ပြီး အိမ်ကိုသိမ်းယူလိုက်ကြမှန်း သိလာရပါတယ်။ ဖြစ်ပုံက ဒီလိုပါ။

မန္တလေးနဲ့ အထက်မြန်မာပြည် တလွှားက ဟိန္ဒူဘာသာဝင်တွေဟာ အများအားဖြင့် ဧည့်နိုင်ငံသား မှတ်ပုံတင်တွေပဲ ကိုင်ဆောင်ရလေ့ ရှိပါတယ်။ သူတို့နေထိုင်ရာ အိမ်တွေဟာလည်း ဘိုးစဉ်ဘောင်ဆက် ပိုင်ဆိုင် ကြတာမှန်ပေမယ့် ဧည့်နိုင်ငံသားများဖြစ်လေတော့ သူတို့ရဲ့ ဟင်ဒီစကားနဲ့ ပြောရရင် ထီခနာမရှိဘူး (အာမခံချက်မရှိဘူး)လို့ ဆိုရမှာ ဖြစ်ပါတယ်။ နောက်ပြီး မန္တလေးမြို့တော်ဆိုတာကလည်း မကြာခဏ မီးဘေး သင့်တတ် လေတော့ သူတို့ရဲ့ အိမ်မြေပိုင်ဆိုင်မှု အထောက်အထားများဟာ မီးလောင်ပျက်စီးကုန်ကြပါပြီ။ ဒီလိုနဲ့ပဲ သူတို့ဟာ အိုးအိမ်ဦးစီးဌာနနဲ့ စည်ပင်သာယာ ရေး ကော်မတီရဲ့ပစ်မှတ်တွေ ဖြစ်လာကြပါတယ်။ အိုးအိမ်က ဂရံလျှောက် စည်ပင်က ဂရံချပေးနဲ့ ဟိန္ဒူဘာသာဝင် မိသားစု ငါးစုလောက်ဟာ သူတို့ရဲ့ ဘိုးဘွားပိုင်ဆိုင်မှုတွေကို စွန့်လွှတ်ပြီး လမ်းဘေးရောက်ခဲ့ကြရပါတယ်။ အဲ့လိုသိမ်းယူပြီးရင်တော့ စည်ပင်သာယာနဲ့ အိုးအိမ်ဦးစီးတို့ဟာ အသိမ်းခံ မြေတွေ၊ အိမ်တွေကို တရုတ်တွေနဲ့ ကန်ထရိုက်တွေဆီကို ရောင်းချလိုက်ကြပါတယ်။ စည်ပင်နဲ့ အိုးအိမ်ကလူတွေအတွက်တော့ သူများရဲ့ အသိုက်အမြုံကို ဖျက်ပြီး ရတနာပုံကိန်း ဆိုက်သွား ကြတာပေါ့။ မန္တလေးမှာ မိသားစု ငါးစုလောက်နဲ့ လားရှိုးဘက်မှာ မိသားစု သုံးရာနီးပါးရဲ့ အိမ်ခြံ မြေတွေကို ဒီပုံစံအတိုင်း သိမ်းယူခဲ့ကြတာပါ။

                အခု သိမ်းလိုက်တဲ့ ဟိန္ဒိုမိသားစုကတော့ ဗမာရည်ကောင်းကောင်းလည်ပြီး ဆတ်ဆတ်အထိမခံတဲ့ အပြင် ဘိုးဘွားပိုင်ဆိုင်မှုတွေကို လုံခြုံစွာ သိမ်းဆည်းထားနိုင်ခဲ့လို့ ပိုင်ဆိုင်မှု အထောက်အထားတွေလည်း ပြနိုင်ပါတယ်။ သူတို့ဟာ ဧည့်နိုင်ငံသားအဖြစ်နေခဲ့ရတာ မှန်ပေမယ့် အစိုးရသစ် လက်ထက်မှာ နိုင်ငံသား အရည်အချင်း ပြည့်မီလို့ နိုင်ငံသားအဖြစ်လည်း သတ်မှတ်ခံရပြီးဖြစ်သလို နိုင်ငံသားစိစစ်ရေးကဒ်တွေလည်း ရှိနေကြပြီး ဖြစ်ပါတယ်။ ဒါ့အပြင် သူတို့ဟာ ရွေးကောက်ပွဲအပြီးမှာ တည်ထောင်တဲ့ ပြည်သူ့ဒီမိုကရေစီ ပါတီဝင်တွေလည်း ဖြစ်နေကြပြန်ပါတယ်။ အဲ့ဒီပါတီ ဟာလည်း တက်ကြွစွာလှုပ်ရှားနေတဲ့ ပါတီအသစ်ဖြစ်လေတော့ ဒီတစ်ခါမှာ စည်ပင်နဲ့ အိုးအိမ်ဦးစီးဌာနတို့ လည်ပင်းအစ်တဲ့ အခြေအနေ ရောက်သွားပါတယ်။

ဖြစ်ပုံက ဒီလိုပါ။ အိမ်အသိမ်းခံရတဲ့ ဟိန္ဒူမိသားစုဟာ အဲ့ဒီအိမ်ကို ၁၉၃၄ခုနှစ်တည်းက ပိုင်ဆိုင်လာကြတာ ဖြစ်ပြီး အင်္ဂလိပ်အစိုးရ လက်ထက်က ဒီအိမ်ကို ပိုင်ဆိုင်ကြောင်း စာချုပ်စာတမ်းနဲ့ ဂရံတွေလည်း အခုထိ မပျက်မစီး ရှိနေပါသေးတယ်။ အင်္ဂလိပ်အစိုးရလက်ထက်မှာ အဲ့ဒီ အိမ်ကို ပိုင်ဆိုင်ခဲ့ပြီး အခန်းတွေ ကန့်ပြီး ငှားရမ်းခဲ့ပါတယ်။ ဘီအိုစီ ကုမ္ပဏီကလည်း အဲ့ဒီအခန်းတွေထဲက နှစ်ခန်းကို ရုံးခန်းဖွင့်ဖို့ ငှားရမ်းခဲ့ပါတယ်။ ဒီလိုနဲ့ ဟိန္ဒူ မိသားစုက အိမ်ရှင်၊ ဘီအိုစီ ကုမ္ပဏီက အိမ်ငှားအဖြစ် စခန်းသွားခဲ့ကြရာက တော်လှန်ရေးကောင်စီတက်လာတော့ နိုင်ငံခြားသားပိုင် ပစ္စည်းတွေကို ပြည်သူပိုင်သိမ်းယူပါတယ်။ ဒီတော့ ဘီအိုစီကုမ္ပဏီ ရုံးခန်းဖွင့်ထားတဲ့ အခန်းနှစ်ခန်းလည်း ပြည်သူပိုင်သိမ်းတဲ့အထဲ ပါသွား တာပေါ့။ ဒါပေမယ့် တော်လှန်ရေးကောင်စီက ဘယ်လို သတ်မှတ်သလဲဆိုရင် “ ဘီအိုစီက အခန်းနှစ်ခန်းပဲ ပိုင်တယ်၊ ပိုင် တာတောင်မှ အခန်းကို မပိုင်ဘူး ငှားထားတာဆိုတော့ အခန်းနှစ်ခန်းငှားရမ်းခွင့်ကိုပဲ ပိုင်တာဖြစ်တယ်၊ ဒါကြောင့် ဘီအိုစီရဲ့ ငှားရမ်းပိုင်ခွင့်ကို တော်လှန်ရေးကောင်စီက ပြည်သူပိုင် သိမ်းတဲ့အတွက် တော်လှန်ရေးကောင်စီကို ဆက်ငှားရမယ်”လို့ ဆုံးဖြတ်ပေးခဲ့တာပါ။ တော်လှန်ရေးကောင်စီဟာ ဟိန္ဒူမိသားစုကို အိမ်ရှင်အဖြစ် ဆက်လက်အသိအမှတ် ပြုခဲ့သလို ဆိုင်ခန်းနှစ်ခန်းအတွက်လည်း ဘီအိုစီကုမ္ပဏီပေးချေတဲ့ လစာအတိုင်း ငှားရမ်းခပေးချေခဲ့ပါတယ်။ တော်လှန်ရေး ကောင်စီ လက်ထက်မှာ အဲ့ဒီအခန်းနှစ်ခန်း ငှားရမ်းခွင့်ကို မြန်မာ့ကုန်သွယ်ရေးကို လွှဲပေးခဲ့ပါတယ်။ မြန်မာ့ကုန်သွယ်ရေးကလည်း ဟိန္ဒူမိသားစုကို ဆိုင်ခန်းငှားရမ်းခ ဆက်လက်ပေးချေနေခဲ့ပါတယ်။

မြန်မာ့ကုန်သွယ်ရေးကို ဖျက်သိမ်းအပြီးမှာတော့ အဆိုပါ ဆိုင်ခန်းနှစ်ခန်းငှားရမ်းခွင့်ကို အိုးအိမ်ဦးစီးဌာနကို လွှဲပြောင်းပေးခဲ့ပါတယ်။ ဒီနေ့မှာတော့ ကျွန်တော်အထက်က တင်ပြခဲ့သလိုပဲ အိုးအိမ်ဦးစီးဌာနဟာ ဥပဒေကို လက်တစ်လုံး ခြားလုပ်ပြီး ဆိုင်ခန်းနှစ်ခန်း ငှားရမ်းခွင့်ကိုသာမက ဆိုင်ခန်းနှစ်ခန်း တည်ရှိရာမြေကို အိုးအိမ်ဦးစီးဌာန အမည်နဲ့ ဂရံဖောက်ပေးဖို့ မန္တလေး စည်ပင်သာယာရေးကော်မတီထံ လျှောက်ထားခဲ့ပါတယ်။ မန္တလေး စည်ပင်သာယာရေးကော်မတီကလည်း အိုးအိမ်ဦးစီးနဲ့ လက်ဝါးချင်းရိုက်ပြီး ဂရံချထာပေးခဲ့ပါတယ်။ စည်ပင်သာယာရေးကော်မတီအနေနဲ့ အဲ့ဒီလို လုပ်ပိုင်ခွင့် လုံးဝမရှိပါ။ ဒီအဆောက်အအုံကြီးတစ်ခုလုံးမှာ ရှိတဲ့ အခန်းတွေများစွာထဲက အခန်းနှစ်ခန်းရဲ့ ငှားရမ်းခွင့်ကိုသာ ပိုင်တဲ့ အိုးအိမ်ကို ဘာလို့များ အဆောက်အအုံကြီးတစ်ခုလုံးရဲ့ မြေဂရံကို ချထားပေးလိုက်တာလဲ၊ အိုးအိမ်ဦးစီးဌာနကို လွှဲပြောင်း ပေးလိုက်ရတာလဲဆိုတာက တော့ စဉ်းစားလို့မရတဲ့အချက်ပဲ ဖြစ်ပါတယ်။

ဒီပြဿနာကို ကြည့်ရင် ဟိန္ဒူမိသားစုဟာ ဒီအိမ်ကို ပိုင်ဆိုင်ကြောင်း အင်္ဂလိပ်ခေတ်က အထောက်အထားရှိတယ်၊ တော်လှန်ရေးကောင်စီ လက်ထက်က ဆိုင်ခန်းနှစ်ခန်းငှားရမ်းခွင့်ကို ပြည်သူပိုင်သိမ်းယူကြောင်းနဲ့ ကျသင့်တဲ့ ဆိုင်ခန်းနှစ်ခန်းအတွက် ပေးဆောင်ရတဲ့ လခတွေကို မြန်မာ့ ကုန်သွယ်ရေးက အိမ်ပိုင်ရှင် မိသားစုထံ ပေးဆောင်တဲ့  ငွေပေးချလံဖြတ်ပိုင်းတွေ ရှိတယ်၊ ၁၉၈၇ခုနှစ်မှာ ဒီအိမ်ကြီးမီးလောင်တော့ အိမ်ကို ပြန်ဆောက်ဖို့ စည်ပင်မှာ လျှောက်ထားခဲ့လို့ အိမ်ပြန်ဆောက်ခွင့်ပေးခဲ့တဲ့ အထောက်အထားလည်း ရှိတယ်။ အဓိက အကျဆုံးကတော့ ဒီအိမ်ဟာ ပြည်သူပိုင်သိမ်းယူတဲ့ စာရင်းထဲမှာ မပါပါဘူးလို့ သမ္မတရုံးရဲ့ အတည်ပြုခြင်း ခံထားရပါတယ်။ ဒီလောက် အထောက်အထား ပြည့်စုံပါရဲ့သားနဲ့ အိုးအိမ်နဲ့ စည်ပင်ဟာ ဘယ်လိုအကြောင်းနဲ့များ သိမ်းယူလိုက် တာလဲဆိုတာ စဉ်းစားလို့ မရအောင်ပါဘဲ။ သူတို့အနေနဲ့ ယခင်သိမ်းယူခဲ့တဲ့ အိမ်များလို လွယ်လွယ်နဲ့ ရမယ်ထင်ပြီး လုပ်လိုက်ပုံရပါတယ်။ ဒါပေမယ့် ဒီနေ့ခေတ်ဟာ ဒီမိုကရေစီ အရပ်သားအစိုးရဖြစ်လေတော့ မတရားမှုကို လက်မခံတဲ့ နိုင်ငံရေးပါတီများနဲ့ မီဒီယာများကြောင့် ဒီကိစ္စဟာ ဟိုးလေးတကြော် ဖြစ်လာပါပြီ။ သူတို့ခမျာ အင်္ဂလိပ်အစိုးရလက်ထက်လည်း အသိုက်အမြုံမပျက်၊ ဦးနေဝင်းလက်ထက်လည်း ဟန်မပျက်၊ နယက လက်ထက်မှာလည်း အေးချမ်းစွာနေထိုင်ခဲ့ရပြီးကာမှ ဒီမိုကရေစီ အစိုးရလက်ထက်ရောက်မှပဲ အိုးမဲ့ အိမ်မဲ့ ဖြစ်ရပြီလို့ အသိမ်းခံရတဲ့ မိသားစုက ဆိုပါတယ်။ အိုးအိမ်အနေနဲ့ကတော့ သူတို့ဟာ ဥပဒေအတိုင်း ဆောင်ရွက်နေတာ ဖြစ်ကြောင်း၊ ပြည်သူပိုင် သိမ်းတာမဟုတ်ဘဲ မြို့ပြအင်္ဂါရပ်နဲ့အညီ ပြန်လည်တည်ဆောက်ခြင်းသာ ဖြစ်ကြောင်း အကြောင်းပြန်ခဲ့ပါတယ်။ မြို့ပြအင်္ဂါရပ်နဲ့ ညီညွတ်အောင် ယိုယွင်းပျက်စီးနေတဲ့အိမ်ကို အသစ်ပြန်တည် ဆောက်ပြီးလို့ မူလပိုင်ရှင် ဟိန္ဒူမိသားစုထံ ပြန်လည်ပေးအပ်မယ်ဆိုရင်တော့ အိုးအိမ်ဦးစီးဌာနရဲ့ စေတနာတွေကို သာဓုခေါ်ရမယ့်ကိန်းပါ။ ဒါပေမယ့် ခိုင်လုံတဲ့ သတင်းများအရ အိုးအိမ်နဲ့စည်ပင်ဟာ အိမ်ကိုဖြိုချပြီး အိုးအိမ်ဦးစီးဌာနက ပြန်လည် တည်ဆောက်နေခြင်း ဖြစ်ပါတယ်လို့ အကြောင်းပြထားသော်လည်း မြေကိုလည်း ကန်ထရိုက်တာတွေကို ရောင်းချထားတယ်လို့လည်း သိရပါတယ်။

လတ်တလောမှာတော့ အိမ်ကနေ ဖယ်ရှားခ့ရတဲ့ ဟိန္ဒူမိသားစုကို နိုင်ငံရေးပါတီများနဲ့ ဟိန္ဒူဘာသာရေးအဖွဲ့ ခွဲတို့က ဝိုင်းဝန်းစောင့်ရှောက် ထားပြီး အမ်ဘီကာ မယ်တော်ကြီး ဟိန္ဒူဘုရားကျောင်းမှာ နေရာချပေးထားပါတယ်။ နိုင်ငံရေးပါတီတွေကလည်း မတရားမှုအတွက် ဆက်လက် တိုက်ပွဲဝင်ဆဲပါ။

အခု ခိုင်လုံတဲ့ သတင်းများအရတော့ အိုးအိမ်ဦးစီးဌာနနဲ့ စည်ပင်သာယာပေါင်းပြီး အလားတူ အိမ်ခြံမြေတွေ သိမ်းယူဖို့ စီစဉ်ထားတာ အိမ် အလုံးငါးဆယ်လောက်ရှိပါသတဲ့။ လတ်တလောကိစ္စက ဟိုးလေးတကြော် ဖြစ်လာလို့ ဆက်မလုပ်သေးတာလို့လည်း ဆိုပါတယ်။ နိုင်ငံသား မှတ်ပုံတင် မကျသေးရှာတဲ့၊ ပိုင်ဆိုင်မှု အထောက် အထားတွေ ပျောက်ဆုံးနေကြတဲ့ အိမ်ပိုင်ရှင်တွေအတွက်တော့ ရတက်ပွေရဦးမှာ ဖြစ်ပါတယ်။

အိုးအိမ်အကြောင်းပြီးတော့ စည်ပင်သာယာရဲ့ လုပ်စားကွက်လေးတွေ ပြောစရာက ရှိလာပြန်ပါတယ်။ မြို့တော်ဝန် ဦးဘုန်းဇော်ဟန် တက်လာတုန်းက မန်းလေးလူထုက သဘောကျတော်မူကြသတဲ့ဗျ။ သူရောက်လာမှ မန္တလေးကလမ်းတွေ အတော်ပြင်လိုက်တာကိုး။ ဦးအောင်သိန်းလင်းလိုတော့ တစ်ဝက်တည်းခင်းတာ မဟုတ်ဘူးဗျ။ အမှန်အကန်ကို ခင်းပေးတာ၊ ခင်းပေးတာမှ ရွေးကောက်ပွဲဆိုတာ ဘယ်ဆီနေမှန်း မသိခင်တည်းက ခင်းပေးတာပါ။ မြို့ခံလူထုကတော့ မောင်မင်းကြီးသား ဦးဘုန်းဇော်ဟန် ကျန်းမာချမ်းသာ ပါစေပေါ့။ ပြည်သူက မရိုင်းဘူးခင်ဗျ။ ရွေးကောက်ပွဲကျတော့ တိုင်းဒေသကြီး လွှတ်တော်မှာ ကိုယ်စားပြုဝင်ပြိုင်တဲ့ ဦးဘုန်းဇော်ဟန်တစ်ယောက် မဲလိမ်စရာမလိုဘဲ အနိုင်ရခဲ့ပါတယ်။ ( တိတိ ကျကျသိသူ ပြည်ခိုင်ဖြိုးနဲ့ တစည ပါတီဝင်အချို့ရဲ့ ပြောကြားချက်အရ ဦးဘုန်းဇော်ဟန်ဟာ ပြိုင်ဘက်ဖြစ်သူ ဦးဖြိုးဝေသက်ဆိုတဲ့ ချာတိတ်လေးကို ရွေးကောက်ပွဲမှာ ဝင်မပြိုင်တော့ဘို့နဲ့ ကုန်ကျစရိတ်တွေအပြင် ပိုက်ဆံပါ ထပ်ပေးမယ်လို့ ညှိနှိုင်းခဲ့ သေးတယ်။ ဦးဖြိုးဝေသက်က အဘရေ နာမည်စာရင်း သွင်းပြီးသွားလို့ မရတော့ဘူးဗျ၊ ကျွန်တော် စည်းရုံးရေးမဆင်းတော့ပါဘူးလို့ ညှိလိုက်သတဲ့၊ (ဒါနဲ့ပဲ ရွေးကောက်ပွဲအပြီးကျင်းပတဲ့ ဖြိုးဝေသက်ရဲ့ မင်္ဂလာဆောင်မှာ မန္တလေး စည်ပင်သာယာရေး ကော်မတီအမည်ပါတဲ့ လက်ဖွဲ့ငွေဆယ်သိန်း ရလိုက်ပါသတဲ့)။ ဘယ်လိုနည်းနဲ့ပဲဖြစ်ဖြစ် ဦးဘုန်းဇော်ဟန် တစ်ယောက် မဲမသမာမှုတွေ ဘာတွေ စွပ်စွဲခံရခြင်းမရှိဘဲ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်နေရာအတွက် အနိုင်ရလာခဲ့ပါ တယ်။ တိုင်းဒေသကြီးအစိုးရအဖွဲ့မှာလည်း မြို့တော်ဝန်ပဲ ပြန်ဖြစ်လာခဲ့ပါတယ်။ သိပ်မကြာပါဘူး၊ အလွဲသုံးစားလုပ်မှုတွေနဲ့ မြို့တော်ဝန်ဘုန်းဇော်ဟန်ကို ထိန်းသိမ်းထားတယ်ဆိုတဲ့ သတင်းတွေ ထွက်လာခဲ့ပါတယ်။ သိပ်မကြာပါဘူး မန္တလေး စည်ပင်သာယာရဲ့ မြို့တော်တည်ဆောက်ရေး လုပ်ငန်းတွေ လည်း လက်ညိုးထိုးပြဖို့ ရှားပါးလာပါတယ်။ ဒါပေမယ့် စည်ပင် အခွန်တွေကတော့ ဆက်တိုက် မြင့်တက်လာသလို ကောက်ခံမှုတွေကလည်း ပိုများလာ ပါတယ်။ တိုင်းဒေသကြီးရဲ့ ရပိုင်ခွင့်အရ စည်ပင်ခွန်ကို စိတ်တိုင်းကျ ကောက်ခွင့်ရလာတော့ မန္တလေးက မိန်းလမ်းမကြီးတွေ ဘယ်နားရပ်ရပ် ယာဉ် ရပ်နားခ တောင်းမယ့်သူက အဆင်သင့်ပါပဲ၊ မော်တော်ဆိုင်ကယ်လေး မရပ်လိုက်နဲ့ ငွေတစ်ရာကျပ်၊ ကန်ထရိုက်ယူ ထားတဲ့ ယာဉ်ရပ်နားရာ နေရာတွေ ကလည်း လာသမျှ ဆိုင်ကယ်တွေ၊ ကားတွေ အလွတ်မပေးတမ်း ကောက်ပါတယ်။ နာမည်ကြီး ဘုရားပုထိုးတွေနဲ့ တောင်သမန်အင်းလို နေရာတွေမှာ ဆိုင်ကယ် တစ်စင်းအပ်ခ ၃၀၀ ကျပ်ကနေ ၅၀၀ ကျပ်အထိ ကောက်ပါတယ်။ ယခင်က ရတနာပုံတက္ကသိုလ်မှာ ၅၀ ကျပ်သာ ကောက်ခံ တာပါ။ ဆိုင်ကယ် အပ်ခတွေကလည်း ယခင်က ၁၀၀ ကျပ်သာ ကောက်ခံပါတယ်။ အခုတော့ သုံးဆကနေ ငါးဆအထိ တိုးလာတာတွေ့ရတယ်။ လမ်းဘေးဈေး သည်များလည်း ပုံစံအမျိုးမျိုးနဲ့ လာသမျှ ဈေးကောက်တွေကို အခွန်တော်ဆက်သရပါတယ်။ အခြားသော အကြောင်းပြချက်နဲ့ ကောက်ခံတဲ့ စည်ပင်ခွန်တွေကလည်း များလှပါတယ်။

ထိုသို့ အခွန်တွေ ကောက်ခံနေသော်ငြား အထက်မှာ ကျွန်တော်တင်ပြခဲ့သလို ဒီငွေတွေကို တိုင်းဒေသကြီးရဲ့ ဘယ်လို အရေးကိစ္စတွေမှာ သုံးနေမှန်း မသိရတော့ပါဘူး။ ပိုပြီးဆိုးတာက အခုလို အိုးအိမ်ဦးစီးဌာနနဲ့ ပေါင်းပြီး လုပ်စား လာတာမျိုးတွေပါ။ မသူတော် ဌာနနှစ်ခု သတင်းလွေ့လွေ့ ပေါင်းဖက်တွေ့တဲ့ဒဏ်ကို ပြည်သူတွေ လှိမ့်ခံနေရဦးမယ့် ကိစ္စတွေပါပဲ။

အယ်ဒီတာခင်ဗျား။ စာရှည်သွားလို့ ဒီမှာပဲရပ်ခွင့်ပြုပါတော့ခင်ဗျာ။ ကျွန်တော်ပြောချင်တာကတော့ ကျွန်တော်တို့ မန္တလေးမှာ အောက်ခြေ အဆင့် အုပ်ချုပ်ရေးပိုင်းတွေက ပြည်သူကို ညှဉ်းပန်းနှိပ်စက်မှုတွေ ပိုများလာနေတယ်၊ အရင် စစ်အစိုးရ လက်ထက်ကလိုပဲ အုပ်ချုပ်ရေးပိုင်းတွေရဲ့ ရိုင်းစိုင်း၊မောက်မာမှုတွေကို တွေ့နေရဆဲဖြစ်တယ်၊ ပြည်သူတွေအနေနဲ့လည်း ကြောက်စိတ်တွေက ကျန်နေကြသေးတော့ လက်ရှိ နိုင်ငံရေး အပြောင်းအလဲတွေရဲ့ ကောင်းကျိုးတွေကို မန္တလေး ပြည်သူတွေခမျာ ထိထိရောက်ရောက် မခံစားရရှာပါဘူးလို့ပဲ ဆိုပါရစေတော့ခင်ဗျား။

*****************************************


Google Docs makes it easy to create, store and share online documents, spreadsheets and presentations.
Logo for Google Docs

0 comments:

Post a Comment