Transparency Myanmar

transparency.myanmar@gmail.com

yangonchronicle2011
yangonchronicle2011

၂၂.၂.၂၀၁၂

ပြည်တွင်းသတင်းများ

  1. အာမခံဖြင့် တောင်သူများထံမှ ပဲမျိုးစုံဝယ်ယူရန် သမ္မတကြီးညွှန်ကြား
  2. မေတ္တာညွန့်ပေါက်ကွဲမှု ယမ်းကြောင့် ဖြစ်ဟုဆို

ပြည်တွင်းပါတီ၊ နိုင်ငံရေးသတင်းများ

  1. ပြည်သူ့ဝန်ထမ်းများ၏ လစာ ကျပ်တစ်သိန်းထိ တိုးမြှင့်ပေးရန် သူရဦးရွှေမန်း သဝဏ်လွှာပို့
  2. မြန်မာထိပ်တန်းခေါင်းဆောင်များ ပြည်ဝင်ခွင့်ဗီဇာ ပိတ်ထားမှု EU မှ ပြန်လည်ရုတ်သိမ်း
  3. ဟင်္သာတမြို့မှ ဒီမိုကရေစီ လိုလားသူများနှင့် ၈၈မျိုးဆက်ကျောင်းသားများ တွေ့ဆုံ

 သတင်းနှင့် ဆောင်းပါးများမှ ကောက်နှုတ်ချက်များ

*****************************************

ပြည်တွင်းသတင်းများ

အာမခံဖြင့် တောင်သူများထံမှ ပဲမျိုးစုံဝယ်ယူရန် သမ္မတကြီးညွှန်ကြား

မြန်မာနိုင်ငံမှ ထွက်ရှိသည့် ပဲမျိုးစုံအား စပါးဝယ်ယူသကဲ့သို့ အာမခံဈေးတစ်ခု သတ်မှတ်ကာ ဝယ်ယူရမည်ဖြစ်ကြောင်း ၂၀၁၂ ဖေဖော်ဝါရီ ၁၉ ရက်နေ့တွင် နေပြည်တော်၌ ပြုလုပ်ခဲ့သည့် ကုန်သည်စက်မှုအသင်းချုပ်၊ ဆန်စပါးလုပ်ငန်းရှင်အသင်းနှင့် မြန်မာနိုင်ငံ ပဲ၊နှမ်း အသင်းမှ တာဝန်ရှိသူများ တွေ့ဆုံပွဲတွင် သမ္မတကြီးမှ ညွှန်ကြား ခဲ့ခြင်းဖြစ်သည်။

ထိုသို့ သမ္မတကြီးမှ အာမခံဖြင့် တောင်သူများထံမှ ပဲမျိုးစုံ ဝယ်ယူရန် ညွှန်ကြားခဲ့သည့်အတွက် ဖေဖော်ဝါရီ ၂၀ ရက်နေ့တွင် UMFCCI ရုံး၌ မြန်မာနိုင်ငံ ပဲနှမ်းအသင်းနှင့် ပဲကုန်သည်များမှ ညှိနှိုင်းဆွေးနွေးပွဲတစ်ခုကို ပြုလုပ်ခဲ့ပြီး တောင်သူများထံမှ ပဲမျိုးစုံ ဝယ်ယူရာတွင် အများပိုင်ကုမ္ပဏီတစ်ခု စုဖွဲ့၍ ဝယ်ယူရန် သဘောတူခဲ့ကြကြောင်း သိရသည်။

ထို့ပြင် မြန်မာနိုင်ငံရှိ တောင်သူများတွက်ခြေကိုက်မည့် ဈေးနှုန်းတစ်ခု သတ်မှတ်ကာ နိုင်ငံတော် အရန်ပဲကို မကြာမီအချိန်အတွင်း ဝယ်ယူရန် အစီအစဉ်ရှိကြောင်း ဆန်စပါးရောင်းဝယ်ရေးကုမ္ပဏီတစ်ခုမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

ဆောင်းသီးနှံအဖြစ် စိုက်ပျိုးသော မတ်ပဲ တစ်ဧကလျှက် ပျှမ်းမျှကုန်ကျစရိတ် ကျပ် တစ်သိန်းခွဲခန့် ရှိပြီး ယခုနှစ်တွင် ပျှမ်းမျှ ၁၀ တင်းသာ ထွက်ရှိသဖြင့် မတ်ပဲတစ်တင်းလျှင် ကျပ် နှစ်သောင်းခန့်ရရှိမှ တောင်သူများအတွက် တွက်ခြေကိုက်မည်ဖြစ်ကြောင်း ပဲစိုက် တောင်သူတစ်ဦးက ပြောကြားသည်။

နိုင်ငံတော်မှ တောင်သူများထံမှ အရန်ဆန်ဝယ်ယူရာတွင် အချိန်ကြန့်ကြာမှုများဖြစ်ပေါ်ခဲ့သည့်အတွက် အချို့တောင်သူများမှာ အခက်အခဲ ကြုံတွေ့ခဲ့ရပြီး ယခု နိုင်ငံတော် အရန်ပဲ ဝယ်ယူရာတွင် အလားတူ အဖြစ်အပျက်များ မဖြစ်ပွားနိုင်စေရန် ဆောင်ရွက်ရမည်ဖြစ်ကြောင်း စီးပွား/ကူးသန်း ဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

                YC

-----------------------------------------------------------------------------------------------------------------------------------

မေတ္တာညွန့်ပေါက်ကွဲမှု ယမ်းကြောင့် ဖြစ်ဟုဆို

ပြီးခဲ့သည့် နှစ်ဆန်ပိုင်းက ရန်ကုန်မြို့လုံး တုန်းဟီးသွားခဲ့ရသော ပေါက်ကွဲမှုကြီးသည် ယမ်းမီးခြစ်ပြုလုပ်ရာတွင် အသုံးပြုသည့် ယမ်းများ ပေါက်ကွဲမှုကြောင့်ဖြစ်ကြောင်း အင်းစိန် CID ၏ အစီရင်ခံစာကို ကိုးကားပြီး အထူးစုံစမ်းစစ်ဆေး ရေး အရာရှိတစ်ဦးက ပြောကြားသည်။

မန္တလေးမြို့မှ ဖျက်သိမ်းလိုက်သည့် မီးခြစ်စကရုံမှ ယမ်းများကို ပေါချောင်ကောင်းဈေးနှင့် ဝယ်ယူထားပြီး ယင်းယမ်းများကို မီးရှုးမီးပန်း ထုတ်လုပ်ရာတွင်ဖြစ်စေ ပအို့တိုင်းရင်သားများ၊ ရှမ်းတိုင်းရင်းသားများ ကဆုန်လတွင် မိုးခေါ်ပွဲ အထိမ်းအမှတ်အဖြစ် ကျင်းပလေ့ရှိသည့် မီးရှးုပွဲလိုမျိုး အတွက်ဖြစ်စေ ဈေးကောင်းစောင့် ရောင်းချရန်သိုလှောင်ထားရမှ ပေါက်ကွဲခြင်းဖြစ်သည်ဟု အထက်ပါပုဂ္ဂိုလ်က သုံးသပ်ပြောဆိုသည်။

“ ဂျာနယ်တွေမှာပါသလို ဇ၀က်သာတို့ ပရဆေးတွေကြောင့် ပေါက်တာမဟုတ်ဘူး အဓိက မီးခြစ်ဆံယမ်းပဲ“ ဟု ၎င်းက ဆိုသည်။

ရန်ကုန်တစ်မြို့လုံးတုန်းခါခဲ့ရသော ယင်းပေါက်ကွဲမှုသည် စစ်ဖက်သုံး TNT ယမ်း တန်ဝက်ပေါက်ကွဲအားနှင့် ညီမျှပြီး ငလျှင်အင်အာဆိုလျှင် ၃ဒသမ၁ ရစ်ခ်ျစကေးနှင့် ညီမျှကြောင်း မြန်မာနိုင်ငံ မြေငလျှင်ကော်မတီမှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။

ပြီးခဲ့သည့် ၂၀၁၁ ခုနှစ် ဒီဇင်ဘာ၂၉ ရက်နေ့က မင်္ဂလာတောင်ညွန့်မြို့နယ် ကတို့ဆိပ်ရပ်ကွက် ကုန်လှောင်ရုံ ပေါက်ကွဲမှုကြောင့် မီးသတ် တပ်ဖွဲ့ဝင်ငါးဦး အပါအ၀င် လူ၁၈ ဦးသေဆုံးကာ ၈၀ ကျော် ဒဏ်ရာရရှိခဲ့သည်။

သမ္မတ ဦးစိုင်မောက်ခမ်းက စုံးစမ်းရေးကော်မရှင်ဖွဲ့ကာ စုံစမ်းခိုင်းထားပြီး အစိရင်ခံစာကို လူအများသိအောင် ထုတ်ပြန်ပေးရမည်ဖြစ်ကြောင်း ယခင်တပ်မတော်အစိုးရလက်ထက်ကို သတင်းမှောင်ချထိမ်ချန်ထားတာမျိုး မရှိသင့်ကြောင်း ပြည်သူအများကို အဖြစ်မှန်ကို ဖော်ထုတ်တင်ပြရန် တာဝန်ရှိကြောင်း အတွေ့အကြုံ ၁၂နှစ်ရှိသတင်း အယ်ဒီတာတစ်ဦးက ဆိုသည်။

“ပွင့်လင်းမြင်သာမှုဆိုတာ အားလုံးကောင်းပါသည်ဆိုတာမျိုး မဟုတ်ဘူး ပြည်သူအစိုးရဆို ပြည်သူကို အကောင်းအဆိုး အားလုံး တင်ပြရမယ် တာဝန်ရှိတယ် ဘာကြောင့်ဖြစ်တယ် ဘယ်သူမှာ တာဝန်ရှိတယ်ဆိုတာမျိုးပေါ့" ဟု ၎င်းက မှတ်ချက်ပြုပြောဆိုသည်။

MP

*****************************************

ပြည်တွင်းပါတီ၊ နိုင်ငံရေးသတင်းများ

ပြည်သူ့ဝန်ထမ်းများ၏ လစာ ကျပ်တစ်သိန်းထိ တိုးမြှင့်ပေးရန် သူရဦးရွှေမန်း သဝဏ်လွှာပို့

ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းက နိုင်ငံတော်အနေဖြင့် နိုင်ငံရှိ ပြည်သူ့ဝန်ထမ်းများ၏ လုပ်ခလစာအား တစ်လလျှင် ကျပ်တစ်သိန်းထိ တိုးမြှင့်ပေးသင့်ကြောင်း ၂၀၁၂ ဖေဖော်ဝါရီ ၂၁ ရက်နေ့၌ ကျင်းပခဲ့သည့် ပထမအကြိမ် ပြည်သူ့လွှတ်တော် တတိယပုံမှန်အစည်းအဝေး၌ ပြည်ထောင်စု လွှတ်တော် နာယက ဦးခင်အောင်မြင့်ထံသို့ သဝဏ်လွှာ ပေးပို့သည်။

နိုင်ငံတော်အနေဖြင့် ပြည်သူ့ဝန်ထမ်းများ၏ အနိမ့်ဆုံးလုပ်ခလစာ တိုးမြှင့်နိုင်ရေးနှင့် ပတ်သက်၍ အစိုးရ၏ စက်မှုဖွံ့ဖြိုးရေး စီမံကိန်းနှင့် နေပြည်တော် ဖွံ့ဖြိုးရေးစီမံကိန်းများ အပါအဝင် အချို့သော စီမံကိန်းများအား ငြင်းပယ်ခြင်း၊ ဆိုင်းငံ့ခြင်း၊ လျှော့ချ၍ ခွင့်ပြုခြင်းများ ပြုလုပ်ပေးရမည် ဖြစ်ကြောင်း သဝဏ်လွှာတွင် ထည့်သွင်းခဲ့သည်။

ထို့ပြင် နိုင်ငံတော်အနေဖြင့် ငွေကြေးလုံလောက်အဆင်ပြေပါက ဝန်ထမ်းများ၏လစာအား တစ်လကျပ် တစ်သိန်းနှုန်း ဝန်းကျင်(သို့) ရှစ်သောင်း၊ ကိုးသောင်း ဝန်းကျင်ခန့် တိုးမြှင့်သင့်ပြီး နိုင်ငံတော်မှ ငွေကြေးလုံလောက် အဆင်မပြေပါကလည်း တက်နိုင်သမျှ ဝန်ထမ်းများ၏ လုပ်ခလစာ တိုးမြှင့်ပေးသင့်ကြောင်း သူရဦးရွှေမန်း၏ ပြည်ထောင်စု လွှတ်တော် သို့ ပေးပို့သည့် သဝဏ်လွှာတွင် ထည့်သွင်းဖော်ပြခဲ့သည်။

ပြည်သူ့ဝန်ထမ်း လစာနှုန်းထားများ တိုးမြှင့်ရေးနှင့် ပတ်သက်၍ ဝန်ထမ်းတစ်ဦးက “ပြည်သူ့ဝန်ထမ်းတွေရဲ့ လစာနှုန်းထားကို တိုးမြှင့်ပေးဖို့ အတွက် ပြည်သူတွေအကုန်လုံးက မျှော်လင့်နေကြတာပါ။ ဒီလို လစာနှုန်းထားတွေ တိုးမြှင့်မှသာ အခြေခံပြည်သူလူထုရဲ့ စားဝတ်နေရေး ချောင်လည် လာနိုင်ပါမယ်။ ကျွန်တော်တို့ရဲ့ ဝန်ထမ်းတွေရဲ့လစာနှုန်းထားတွေကို အပြည့်မပာုတ်ရင်တောင် တစ်စိတ်တစ်ပိုင်းလောက် နိုင်ငံတော်အနေနဲ့ တိုးပေးသင့်ပါတယ်” ပာု ပြောကြားသည်။

၂၀၁၂ ဖေဖော်ဝါရီ ၂၂ ရက်နေ့တွင် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်၌ ဝန်ထမ်းများအား လစာတိုးမြှင့်ပေးပါက ဖြစ်ပေါ်လာနိုင်သော ကုန်ဈေးနှုန်းကြီးမြင့်မှုနှင့် ငွေကြေးဖောင်းပွမှုကိစ္စရပ်တို့ကို ပြည်သူ့လွှတ်တော် ဥပဒေရေးရာနှင့် အထူးကိစ္စရပ်များ လေ့လာဆန်းစစ်သုံးသပ်ရေး ကော်မရှင်မှ စီးပွားရေးလုပ်ငန်းရှင်များနှင့် တွေ့ဆုံဆွေးနွေးခဲ့သည်။

NT

                -----------------------------------------------------------------------------------------------------------------------------------

မြန်မာထိပ်တန်းခေါင်းဆောင်များ ပြည်ဝင်ခွင့်ဗီဇာ ပိတ်ထားမှု EU မှ ပြန်လည်ရုတ်သိမ်း

မြန်မာနိုင်ငံ အစိုးရသစ်၏ နိုင်ငံရေး၊ စီးပွားရေး ပြုပြင်ပြောင်းလဲမှုများကို ဥရောပသမဂ္ဂက အသိအမှတ်ပြုသည့်အနေဖြင့် ယခင် မြန်မာအစိုးရ ထိပ်တန်းခေါင်းဆောင် ၈၇ ဦး၏ ပြည်ဝင်ခွင့်ဗီဇာ ပိတ်ထားမှုကို ဥရောပသမဂ္ဂက  ပြန်လည်ရုတ်သိမ်းလိုက်ပြီဖြစ်ကြောင်း ၂၀၁၂ ဖေဖော်ဝါရီလ ၁၇ ရက် နေ့၌ ထုတ်ပြန်ကြေညာခဲ့သည်။

မြန်မာထိပ်တန်းခေါင်းဆောင်များအား ပြည်ဝင်ခွင့်ဗီဇာ ပြန်လည်ရုတ်သိမ်းလိုက်ခြင်းနှင့် ပတ်သက်၍ နိုင်ငံရေးလေ့လာနေသူတစ်ဦးက “အခုလို မြန်မာအစိုးရ ထိပ်တန်းခေါင်းဆောင်တွေရဲ့ ပြည်ဝင်ခွင့်ဗီဇာ ပိတ်ထားမှုကို ပြန်လည်ရုတ်သိမ်းလိုက်တယ် ဆိုတာ မြန်မာအစိုးရရဲ့ ပြုပြင်ပြောင်းလဲမှု တွေကို အသိအမှတ်ပြုလိုက်တာပါပဲ။ မြန်မာနိုင်ငံရဲ့ အနာဂါတ် ကောင်းဖို့အတွက် လမ်းစဖြစ်တယ်ဆိုရင်လည်း မမှားနိုင်ပါဘူး။ အခုလာမယ့် ကြားဖြတ်ရွေးကောက်ပွဲသာ လွတ်လပ်ပြီး တရားမျှတမှုရှိတယ်ဆိုရင် EU ရဲ့ စီးပွားရေး ပိတ်ဆို့အရေးယူမှုတွေပာာ အကုန်လုံး အဆုံးသတ်သွားနိုင်ပါ တယ်” ပာု ပြောကြားသည်။

မကြာသေးမီကာလအတွင်းကလည်း မြန်မာနိုင်ငံ အစိုးရသစ်၏ ပြုပြင်ပြောင်းလဲမှုများကို အသိအမှတ်ပြုသည့်အနေဖြင့် အမေရိကန်နိုင်ငံနှင့် ဥရောပသမဂ္ဂမှ ဖြေလျော့မှုအချို့ကို ပြုလုပ်ပေးခဲ့ပြီး နှစ်ပေါင်းများစွာ မြန်မာနိုင်ငံအပေါ် ဥရောပသမဂ္ဂ၏ စီးပွားရေး ပိတ်ဆို့အရေးယူမှုများ လုံးဝ ရုတ်သိမ်းရေးအတွက် ဧပြီလ ၁၄ ရက်နေ့တွင် အီးယူမှ အစည်းအဝေးခေါ်ယူကာ ဆုံးဖြတ်ချက်ချမည်ဖြစ်ကြောင်း သိရသည်။

ထို့ပြင် မြန်မာနိုင်ငံ၏ ၂၀၁၀ ရွေးကောက်ပွဲအပြီးတက်လာသည့် အရပ်သားအစိုးရသစ်မှ နိုင်ငံရေး၊ စီးပွားရေး ပြုပြင်ပြောင်းလဲမှုများကို လုပ်ဆောင်ပြသခဲ့သည့်အတွက် ဥရောပသမဂ္ဂမှ စီးပွားရေးလုပ်ငန်းရှင်အချို့မှာ မြန်မာနိုင်ငံအတွင်း စီးပွားရေးရင်းနှီးမြှုပ်နှံမှုများ ပြုလုပ်သွားရန် စီစဉ်လျက်ရှိပြီး ဥရောပသမဂ္ဂမှ မြန်မာနိုင်ငံအပေါ် ပံ့ပိုးပေးထားသည့် အကူအညီပေးရေး အစီအစဉ်များကို စီမံခန့်ခွဲရန်နှင့် နိုင်ငံရေးအခန်းကဏ္ဍကို ဆောင်ရွက်ရန် ရန်ကုန်မြို့၌ ဥရောပသမဂ္ဂ၏ ကိုယ်စားလှယ်ရုံးခွဲများကို ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံအပေါ် နှစ်ပေါင်းများစွာ စီးပွားရေးပိတ်ဆို့ အရေးယူမှုများသည် လာမည့် ၂၀၁၂ ဧပြီလ ၃၀ ရက်နေ့တွင် သက်တမ်း ကုန်ဆုံးမည်ဖြစ်ကြောင်း သိရသည်။

YC

-----------------------------------------------------------------------------------------------------------------------------------

ဟင်္သာတမြို့မှ ဒီမိုကရေစီလိုလားသူများနှင့် ၈၈မျိုးဆက်ကျောင်းသားများ တွေ့ဆုံ

ဖေဖော်ဝါရီလ ၂၀ရက်နေ့ နေ့လည် ၁နာရီတွင် ဟင်္သာတမြို့နယ်ရှိ ဦးအောင်မြတ်ကျော်သူ ပြည်လုံးချမ်းသာခန်းမ၌  “ပွင့်လင်းလူ့အဖွဲ့အစည်း မိတ်ဆက်ဆွေးနွေးပွဲ”အား ဒီမိုကရေစီ လိုလားသည့် ပြည်သူများနှင့်တွေ့ဆုံ၍ ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ဦးမင်းကိုနိုင်နှင့်အဖွဲ့တို့ သွားရောက်ကျင်းပပြုလုပ်ခဲ့သည်ဟု သတင်းများအရ သိရ သည်။

                “ဟင်္သာတမှာရှိတဲ့ ပြည်လုံးချမ်းသာက ခန်းမတစ်ခုမှာ ကိုမင်းကိုနိုင်တို့ရဲ့ ၈၈မျိုဆက် ကျောင်းသား ခေါင်းဆောင် တွေက ဒီမြို့နယ်မှာရှိတဲ့ ဒီမိုကရေစီလိုလားတဲ့ လူတွေကို လာတွေ့တာဖြစ်ပါတယ်။ ဒီလိုမျိုးတွေ့ဆုံမှုဟာ ပထမဆုံးအကြိမ် ဖြစ်ပါတယ်။ ကိုမင်းကိုနိုင်တို့ ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင်တွေ လာတယ်ဆိုတော့ ဟင်္သာတက လူတွေကလည်း သောင်းသောင်းဖျဖျကြိုဆိုကြတယ်။ ပြီးတော့ ကိုမင်းကိုနိုင်တို့က နိုဘယ် အခမဲ့ပညာရေးကျောင်း ထူထောင်ထားတဲ့ ပရဟိတဆရာတော် ဦးဥာဏလင်္ကာရနဲ့ တွေ့ဆုံခဲ့တယ်”ဟု ဟင်္သာတမြို့နယ်မှ ဒေသခံတစ်ဦးက ပြောကြားသည်။

ထိုဆွေးနွေးပွဲတွင် ၈၈မျိုးဆက် ကျောင်းသားခေါင်းဆောင် တစ်ဦးဖြစ်သူ ကိုကိုကြီးမှ “ကျွန်တော်တို့ မြန်မာလူမျိုးတွေက အထက်ကနေပြီးတော့ အောက်ကို စေခိုင်းတဲ့ ဓလေ့ပဲရှိတယ်။ အောက်ကနေ အထက်ကိုတင်ပြတဲ့ ပုံစံမျိုး မရှိတဲ့အတွက် အောက်ကနေပြီးတော့မှ အထက်ကိုတင်ပြနိုင်အောင် ပြုလုပ်ရန် လိုအပ်ပြီး အထက်နဲ့အောက် ကွာဟနေတာကိုလည်း အာဏာပိုင်အဖွဲ့အစည်းတွေနဲ့ ပေါင်းပြီးတော့ ကျွန်တော်တို့တွေကနေပြီး တံတားခင်း ပေးသွားမှာ ဖြစ် တယ်”ဟု ပြောကြားသည်။

ထို့ပြင် မြန်မာနိုင်ငံ ဒီမိုကရေစီစနစ် ဖြစ်ပေါ်လာရေးအတွက် အရပ်သားအဖွဲ့အစည်းများ အားကောင်းရန် အရေးကြီးကြောင်းနှင့် တိုင်းပြည် အနာဂတ်ကောင်းမွန်ရန် ဆောင်ရွက်နေသည့် ပြည်သူလူထုအား အာဏာပိုင်များမှ မကြောက်လန့်သင့်ဘဲ ပူးပေါင်းဆောင်ရွက်သင့်ကြောင်း၊ ထို့နောက် ပြီးခဲ့သည့် ဧရာဝတီမြစ်ဆုံစီမံကိန်းနှင့် ပတ်သက်၍ ယင်းကိစ္စတွင် အရပ်သားများ ပူးပေါင်းဆောင်ရွက်ကြသောကြောင့် အောင်မြင်ကြောင်း ဥပမာပေး၍ ပြောကြားသွားခဲ့သည် ဟု သိရသည်။

ယင်းသတင်းစာရှင်းလင်းပွဲ၌ ၈၈ကျောင်းသားများအနေဖြင့် လာမည့်အနာဂတ်တွင် ဆောင်ရွက်ရန် ကိစ္စရပ်များအား ကိုယ်စီကိုယ်ငှ တာဝန်ခွဲ ဝေပြီး ဖြစ်ကြောင်းနှင့် ယခုလို ပွင့်လင်းသည့်အချိန်အခါသို့ ရောက်ရှိလာသည့်အတွက် အဖွဲ့အစည်းများ လွတ်လပ်စွာဖွဲ့စည်းခွင့်၊ လွတ်လပ်စွာ တွေးခေါ်ခွင့်နှင့် လွတ်လပ်စွာ သဘောထားကွဲလွဲခွင့်များအား နိုင်ငံသားတစ်ဦးချင်းစီတွင် လေ့ကျင့်သွားရန် လိုအပ်ကြောင်း ၈၈မျိုးဆက်ကျောင်းသား ခေါင်းဆောင် ကိုဌေးကြွယ်မှ ပြောကြားသည်။

ထိုဆွေးနွေးပွဲအခမ်းအနားသို့ ပရိသတ်ပေါင်း သောင်းချီတက်ရောက်ခဲ့ပြီး နေ့လည် ၁နာရီမှ ၃နာရီအထိ ကျင်းပပြုလုပ်ခဲ့သည်ဟု သတင်းရရှိသည်။ ထို့ပြင် ယင်းဆွေးနွေးပွဲ၌ မြန်မာနိုင်ငံ ကဗျာဆရာများသမဂ္ဂမှ ပေးပို့ခဲ့သည့် သဝဏ်လွှာ အားဖတ်ပြခြင်း၊ မြို့ခံတစ်ဦးမှ နှုတ်ခွန်းဆက် ကျေးဇူးတင်စကားပြောခြင်း၊ စာရေးဆရာမ မသီတာ (စမ်းချောင်း)နှင့် မျိုးဆက်သစ် လူငယ်များ အစည်းအရုံး(GW) အဖွဲ့တို့လည်း ပါဝင်ဆွေးနွေး တင်ပြခဲ့ပြီး ကဗျာဆရာ မြတ်ခိုင်ဦးမှ ယင်းအခမ်းအနားကို ဦးဆောင်ကျင်းပခဲ့သည်ဟုလည်း သတင်းများအရ သိရသည်။

ထို့နောက် ယင်း၈၈မျိုးဆက်ကျောင်းသားခေါင်းဆောင်အဖွဲ့သည် ဓနုဖြူမြို့ရှိ သမိုင်းဝင် ကျိုက္ကလွန်ပွန်းစေတီတော်အား သွားရောက်ဖူးမြော် ခဲ့ပြီး ဒေသခံများနှင့် ရင်းနှီးစွာ နှုတ်ဆက်ခဲ့ကြသည်ဟုလည်း သတင်းများအရ သိရသည်။

ATM

****************************************

သတင်းနှင့် ဆောင်းပါးများမှ ကောက်နှုတ်ချက်များ

“နိုင်ငံတည်ဆောက်ရေးဆိုသည်မှာ အခြေခံအားဖြင့် နိုင်ငံနှင့်နိုင်ငံသားများ၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်ရန် ဆောင်ရွက်ခြင်း ဖြစ်ပါသည်။ အိမ်နီးချင်း နိုင်ငံများတွင်ပင် အခမဲ့နီးနီးရနေသည့် မိုဘိုင်းလ်ဖုန်း SIM ကတ်မျိုးကို ထိုက်သင့်သည့် ဈေးနှုန်းတစ်ခု ပေးဝယ်ရန် အသင့်ဖြစ်နေသော ပြည်သူလူထု၏ နေ့စဉ်ဘဝများ ယခုထက်ပိုမို အဆင်ပြေ ချောမွေ့စေရန်သော် လည်းကောင်း၊ ထိုပြည်သူလူထုအား ထိုက်သင့်သည့် ဝန်ဆောင်ခယူ၍ ဝန်ဆောင်ပေး ကြမည့် ပုဂ္ဂလိကကုမ္ပဏီများအကျိုး စီးပွားအတွက်သော်လည်းကောင်း၊ ကောင်းမွန်သော အုပ်ချုပ်ရေးစနစ်ကို ပံ့ပိုးကူညီပေးရမယ့် Regulator နေရာတွင်ရှိသူ ပြည်သူ့ရေးရာ ဝန်ဆောင်မှုနယ်ပယ် မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း၏ ဂုဏ်သိက္ခာအတွက်သော် လည်းကောင်း၊ နိုင်ငံတကာတွင် ရှိသည့် ဆက်သွယ်ရေး လုပ်ငန်းများ၏ ပြည်သူ့ရေးရာဝန်ဆောင်မှု ဥပဒေများကို အတုယူကာ မျှတ၍ စနစ်ကျသော မိုဘိုင်းလ်တယ်လီဖုန်းဆိုင်ရာ ဥပဒေတစ်ရပ် ဆောလျင်စွာရေးဆွဲပြဋ္ဌာန်းရန် လိုအပ်နေပါသည်။ ထိုဥပဒေ မည်သည့်အချိန်ကာ လအတွင်း ထွက်ပေါ်လာမည်ဆိုသည်ကိုမူ စာတိုက်၊ ကြေးနန်းနှင့် ဆက်သွယ်ရေးဝန်ကြီး၏ အကျိုးစီးပွားကို မည်မျှလိုလားသနည်းဆိုသော အချက်ပေါ်တွင်သာ မူတည်နေပါသည်။

ဖေဖော်ဝါရီ ၂၀ ထုတ် The Voice Weekly အတွဲ (၈) အမှတ် (၁၀) တွင်ပါသည့် “ကျပ်ငါးထောင်တန်တယ်လီ ဖုန်းနှင့် သန်းခြောက်ဆယ်၏ အကျိုးစီးပွား” အယ်ဒီတာအာဘော်မှ ကောက်နှုတ်ချက်

-----------------------------------------------------------------------------------------------------------------------------------

“ပြည်သူတွေမှာ အဲဒီဓလေ့က အရိုးစွဲသလိုဖြစ်နေတာ။ ဥပဒေမှာက ပေးသူရောယူသူကိုပါ အရေးယူဖို့ လိုအပ်တယ်လို့ ပြဋ္ဌာန်းပြီးသားပါ။ အခုလက်ရှိ အရေးယူခဲ့တဲ့အပိုင်းမှာလည်း လာဘ်ယူတဲ့သူကိုပဲ အရေးယူခဲ့တာ။ ပေးတဲ့သူကို အရေးယူတာမျိုး မရှိခဲ့တော့ လာဘ်ပေးသူတွေက ကိုယ့်မှာ အပြစ် မရှိဘူးလို့ ထင်နေကြတယ်။ တချို့အကြောင်းအရာတွေမှာ စေတနာအရ ပေးတာမျိုးရှိပေမယ့် တချို့ကိစ္စတွေမှာက ဝန်ထမ်းက တမင်ကြန့်ကြာအောင် လုပ်တော့ ငွေပေးလိုက်ရင်ပြီးရော ကိုယ့်ကိစ္စ မြန်မြန်ပြီးပြတ်အောင် ပေးလိုက်ကြတယ်။ ပြည်သူတွေကို ဥပဒေအကြောင်း ပညာပေးမှုတွေ များများလုပ်ဖို့ လိုအပ်တယ်။ ဒါမှ သန့်ရှင်းတဲ့အစိုးရအဖွဲ့ကို တည်ဆောက်ရာမှာ ပိုပြီးတော့ မြန်ဆန်အောင်မြင်လာမှာ”

ဖေဖော်ဝါရီ ၂၂ ထုတ် The Myanmar Post အတွဲ (၄) အမှတ် (၈) တွင်ပါသည့် “လာဘ်ပေးလာဘ်ယူမှုများကို ဆောင်ရွက်ရာ၌ လာဘ်ယူသူသာ အရေးယူမည်မဟုတ်၊ လာဘ်ပေးသူကိုအရေးယူနိုင်ကြောင်း ပြည်သူများသိရှိရန် ပညာပေးမှုများ အထူးလိုအပ်” သတင်းမှ NGO/INGO အပြင် ဥပဒေ ရေးရာ ကျွမ်းကျင်သူများမှ ပြည်သူများကို အသိပညာပေးရန် လိုအပ်လာကြောင်း တရားလွှတ်တော်ရှေ့နေဦးမြင့်သန်း၏ ပြောကြားချက်အပေါ် ကောက်နှုတ်ချက်

-----------------------------------------------------------------------------------------------------------------------------------

“လစာတိုးမယ်လို့ သတင်းထွက်လာကတည်းက အခြေခံစားသောက် ကုန်တွေရဲ့ဈေးနှုန်းက နည်းနည်းချင်း တက်နေပြီ။ ဒီနှစ်လစာ မတိုးသေးဘူး ဆိုတော့ အခုတက်နေတဲ့ ကုန်ဈေးနှုန်းနဲ့ရတဲ့ လစာနဲ့ အဆင်မပြေနိုင်ပါဘူး။ သူရဦးရွှေမန်း တင်သွင်းတဲ့ အတိုင်းဝန်ထမ်းတွေလစာ တိုးခဲ့မယ်ဆိုရင် တောင်မှ ၃ နှစ် လောက်ကြာရင် ကုန်ဈေးနှုန်း ပြန်တက်လာတာနဲ့ ဒီတိုင်းပဲ ပြန်ဖြစ်သွားမှာ။ အဲဒီတော့ လစာကိုလည်း တိုးပေးမယ်။ တစ်ဖက်ကနေပြီး ကုန်ဈေးနှုန်း မတက်အောင်လည်း ထိန်းထားနိုင်မှ အဆင်ပြေလိမ့်မယ်။ ဇာတိရပ်မှာ အလုပ်မလုပ်ရတဲ့သူတွေဆိုရင် အထွေထွေ ကုန်ကျစရိတ်တွေနဲ့ လက်ရှိ ရတဲ့လစာနဲ့ ဘယ်လိုမှ အဆင်မပြေဘူး။ ကျွန်တော်တို့ ကထိက တစ်ယောက်လစာက တစ်သိန်းကျော်ပဲ ရတယ်။ အိမ်ထောင်သည် ၀န်ထမ်း မပြောနဲ့ လူလွတ်ဝန်ထမ်း တစ်ယောက်တောင် လစာတစ်သိန်းကျော်နဲ့ ရပ်တည်ဖို့ မလွယ်ဘူး။ ကျန်းမာရေးတစ်ခုခုဖြစ်လို့ ခွင့်ယူရင် လစာဖြတ်ခံရတဲ့ အတွက် ဆေးကုသတဲ့ စရိတ်လည်း ကုန်တဲ့အပြင် အကြွေးပါ တင်သေးတယ်။ ၀န်ထမ်းတွေအတွက် ကျန်းမာရေးစောင့်ရှောက်မှု ဆိုတာလည်း မရှိဘူး”

ဖေဖော်ဝါရီ ၂၂ ထုတ် Weekly ELEVEN အတွဲ (၇), အမှတ် (၂၁) တွင်ပါသည့် “နိုင်ငံ့ဝန်ထမ်းများအား လစာတိုးမြှင့်ပေးဦးမည် မဟုတ်ဟု ပြည်ထောင်စုဝန်ကြီး ရှင်းလင်း၊ မီဒီယာနှင့် အများပြည်သူကြား ဝေဖန်မှုအမြင် အမျိုးမျိုးရှိနေ” သတင်းဆောင်းပါးမှ တက္ကသိုလ်ကထိက တစ်ဦး၏ ပြောကြားချက်အပေါ် ကောက်နှုတ်ချက်

 **************************************

 


Google Docs makes it easy to create, store and share online documents, spreadsheets and presentations.
Logo for Google Docs

0 comments:

Post a Comment