Transparency Myanmar

transparency.myanmar@gmail.com

yangonchronicle2011 Op-Ed
yangonchronicle2011 Op-Ed

၂၃.၂.၂၀၁၂

ဆောင်းပါးကဏ္ဍ

  1. မျိုးဆက်တစ်ခု၏အင်အား

*****************************************

ဆောင်းပါးကဏ္ဍ

မျိုးဆက်တစ်ခု၏အင်အား

မိုးမြင့်ငြိမ်း

၁၉၈၈ လူထုဆန္ဒပြပွဲကြီးမှာ ခေတ်သစ်မြန်မာ့နိုင်ငံရေးသမိုင်းတွင် မှတ်ကျောက်တင်ခံခဲ့ရသည့် ဒီမိုကရေစီ တော်လှန်ရေးကြီးဖြစ်သည်။ မြန်မာနိုင်ငံ၏ ဒီမိုကရက်တိုက်ဇေးရှင်းဖြစ်စဉ်ကို ၈၈ တော်လှန်ရေးမှ စတင်သည်ဟုသုံးသပ်၍ ရနိုင်ပါသည်။ ယင်းဆန္ဒပြပွဲကြီးတွင် ရှေ့တန်းမှ ပါဝင်ခဲ့ သည့် နိုင်ငံရေးလှုပ်ရှားတက်ကြွသူများမှာ ကျောင်းသားများပင်ဖြစ်သည်။ သူတို့မှာ ခေတ်ပြောင်း လှုပ်ရှားမှုအတွက် လူငယ်တို့၏အားမာန်ဖြင့် ရိုးသားစွာ ပါဝင်ခဲ့ကြသူများဖြစ်သည်။ ယင်းလှုပ်ရှားမှုကပင် လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် အပါအဝင်၊ မျိုးဆက်သစ် ခေါင်းဆောင်များကို မွေးဖွားပေး ခဲ့သည်။

ခါးသီးသည့် အမှန်တရား

သို့သော် တော်လှန်ရေးဆိုသည်မှာ အများထင်မှတ်ထားသလိုအောင်မြင်သွားလျှင် ပြည်သူအားလုံး၏ လိုအင်ဆန္ဒများ ပြည့်ဝသွားလေမည်ဟု ကံ သေ ကံမ ပြောလို့မရနိုင်ပေ။ လူထုတော်လှန်ရေးနည်းဖြင့် အာဏာရှင်စနစ်ကို ဖြိုချနိုင်ခဲ့သည့် နိုင်ငံများရှိပါသည်။ ဥပမာအားဖြင့် မားကို(စ်)လက်ထက် ဖိလစ်ပိုင်နိုင်ငံ၏ လူထုလှုပ်ရှားမှုနှင့် ယနေ့ အရှေ့အလယ်ပိုင်းနိုင်ငံများ၏ အာဏာရှင်စနစ် တော်လှန်ရေး လှုပ်ရှားမှုတို့မှာ နိုင်ငံရေးစနစ် အပြောင်းအလဲ ကို ရုတ်ခြည်းဖြစ်ပေါ်အောင် ဆောင်ရွက်နိုင်ခဲ့ပါသည်။ သို့နှင့် ပြည်သူများလိုလားသော လွတ်လပ်သည့် ဒီမိုကရေစီစနစ်သို့ လွယ်လင့်တကူ ကူးပြောင်း သွားနိုင်သည်တော့ မဟုတ်။ ပြည်သူ့အောင်ပွဲခံနိုင်ခဲ့သည့် ဖိလစ်ပိုင်နိုင်ငံမှာ ယခုအခါတွင် အစိုးရအတွင်း အကျင့်ပျက်လာဘ်စားမှုများ ရှိနေသေးသလို၊ အီ ဂျစ်နိုင်ငံတွင်လည်း ဘာသာရေးအခြေခံသည့် နိုင်ငံရေးအဖွဲ့အစည်းဖြစ်သော မူဆလင်ညီအကိုတော်များအဖွဲ့သည်လည်း နိုင်ငံဖြစ်စဉ်သစ်တွင် ယခင် ထက် သြဇာကြီးမားလာခဲ့သည်။ တနည်းဆိုရလျှင် တော်လှန်ရေးဆိုသည်မှာ နိုင်ငံတည်ဆောက်ရေးဟူသော ခါးသီးသည့် အမှန်တရားကို မျက်ကွယ်ပြု ထားသည်ဖြစ်ရာ ရောဂါရင့်လာမှ ဆေးခါးကြီးကိုသောက်ဖို့ အသိရချိန်တွင် များစွာနောက်ကျ ကျန်နေခဲ့ပြီဖြစ်သည်။

နိုင်ငံရေးရင့်ကျက်မှုရှိလာ

၁၉၈၈ ခုနှစ်နောက်ပိုင်း ဒီမိုကရေစီနိုင်ငံရေးအင်အားစုမှာ အဆိုပါ ဆေးခါးကြီးကိုသောက်ဖို့ တွန့်ဆုတ်နေခဲ့သည့်အတွက်ကြောင့် နိုင်ငံတည် ဆောက်ရေးကို ယခုမှစတင်၍ လုပ်ဆောင်နေရခြင်းဖြစ်သည်။ ၈၈ ဒီမိုကရေစီလှုပ်ရှားမှုမှ မွေးထုတ်ပေးလိုက်သည့် ကျောင်းသားများ သူတို့၏ ငယ်ရွယ်ပျို မျစ်သောအရွယ်ကို ပေးစပ်စတေးခဲ့ကြသူများသည်။ အစိုးရသစ်မှ အားလုံးပါဝင်သော နိုင်ငံရေးဖြစ်စဉ်တစ်ခုကို ဖော်ဆောင်နိုင်ရေးအတွက် သူတို့ကို လွတ် ငြိမ်းချမ်းသာခွင့် ပေးခဲ့ခြင်းကို စာရေးသူများစွာ ဝမ်းမြောက်ဝမ်းသာ ဖြစ်ရပါသည်။ သူတို့တွင် ငယ်ရွယ်နုပျိုသည့် ရုပ်အသွင်မျိုးမရှိတော့။ သူတို့ ကိုယ်တိုင် လည်း ကျောင်းသားအရွယ်မဟုတ်တော့ဟု ပြောကြားလာသည်။ ယခင်လို ရဲရဲတောက်ပြောကြားခြင်းများထက် တစ်စုံတစ်ရာ နိုင်ငံရေးရင့်ကျက်မှုရှိသည့် ပြောကြားမှုများလည်း တွေ့လာရသည်။ သူတို့မှာနောင်တစ်ချိန်တွင် ပြည်သူချစ်သောစွမ်းဆောင်ရည်မြင့်သည့် နိုင်ငံခေါင်းဆောင်များဖြစ်လာနိုင်ပါသည်။

ပညာဖြင့် နိုင်ငံကိုတည်ဆောက်ချင်သူများ

၈၈ မျိုးဆက်ကျောင်းသားလှုပ်ရှားသူများထဲတွင် ပြည်ပသို့ ထွက်ခွာသွားကြသူများလည်း ရှိပါသည်။ တချို့က လက်နက်ကိုင်တော်လှန်ကြပြီး တချို့က ပါတီဖွဲ့၍ နိုင်ငံရေးကိုဆက်လုပ်ကြသည်။ မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ ဒီမိုကရက်တစ်ကျောင်းသားတပ်ပေါင်းစုနှင့် လူ့ဘောင်သစ်ပါတီတို့ဖြစ်ပါ သည်။ သူတို့မှာလည်းအစပထမတွင် တော်လှန်ရေး ရိုးသားမှုများဖြင့် တက်ညီလက်ညီ ပူးပေါင်းဆောင်ရွက်ခဲ့ကြပါသည်။ သို့သော် ပါဝါသရဖူ၏ ယစ်မူးမှု နောက်တွင် အစိတ်စိတ်အမွှာမွှာ ပြိုကွဲခဲ့ပြီး ယခုအခါတွင် အင်အားစု အနည်းငယ်သာကျန်ရှိတော့သည်။ ပြည်ပထွက်ခွာသွားကြသူများတွင် နိုင်ငံတကာ အဆင့်မြင့်ပညာရပ်များကို လေ့လာခွင့်ရခဲ့သည်များလည်း ရှိပါသည်။ သူတို့မှာ ယခုနိုင်ငံရေးပြုပြင်ပြောင်းလဲမှုကြောင့် အမိမြန်မာနိုင်ငံသို့ နှစ်ပေါင်းများစွာ ကြာမြင့်ပြီးမှ ပြန်လည်ခြေချခွင့်ရခဲ့ကြသည်။ သူတို့သည် နိုင်ငံကိုပညာဖြင့် ပြန်လည်တည်ဆောက်မည်ဟူသော ရည်ရွယ်ချက်မျိုးဖြင့် ရောက်ရှိလာခြင်း ဖြစ်သည်။

ပူးပေါင်းဆောင်ရွက်ကြလျှင်

လွတ်ငြိမ်းချမ်းသာခွင့်နှင့် လွတ်မြောက်လာကြသူရော၊ မြန်မာနိုင်ငံသို့ လာရောက်ခွင့်ရခဲ့ကြသူများပါ ၈၈ ဒီမိုကရေစီလှုပ်ရှားမှုကြီးမှ မွေးဖွားလာ ခဲ့ကြသည့် ညီအကိုများ ဖြစ်ကြပါသည်။ လွတ်ငြိမ်းချမ်းသာခွင့်နှင့် လွတ်မြောက်လာကြသူများတွင် လက်တွေ့နိုင်ငံရေးအသိများ၊ အကျိုးစီးပွား ပဋိပက္ခ များကို ဘဝနှင့်ရင်း၍ သင်ကြားတက်မြောက်လာခဲ့သလို နိုင်ငံတကာ အဆင့်မြင့်ပညာရပ်များ သင်ကြားလာခဲ့ရသူများသည်လည်း နိုင်ငံတည်ဆောက်ရေး အတက်ပညာကို အထူးကျွမ်းကျင် တက်မြောက်လာခဲ့ပြီဖြစ်သည်။ သူတို့မှာ မြန်မာနိုင်ငံ ဒီမိုကရေစီထွန်းကားရေးနှင့် စီးပွားရေး ဖွံ့ဖြိုးတိုးတက်ဖို့အတွက် အလွန်ရေးပါသည့် လူသားအရင်းအမြစ်များ ဖြစ်ကြပါသည်။ နိုင်ငံ၏ စီးပွားရေးတည်ဆောက်ရန် အဆင့်မြင့်ပညာရပ်များ သဘောပေါက် သိရှိရမှာဖြစ်သ လို ပြုပြင်ပြောင်းလဲသင့်သည်များကို နိုင်ငံရေးဆုံးဖြတ်ချက်ပေးရာတွင် လက်တွေ့နိုင်ငံရေးအသိများလည်း လိုအပ်မည်ဖြစ်ပါသည်။

အဆင့်မြင့်ပညာရပ်များ တက်မြောက်လာသူများမှ မတက်မြောက်သူများကို နှိမ့်ချဆက်ဆံမသင့်သလို လက်တွေ့နိုင်ငံရေးကို တက်ကျွမ်းနား လည်သူများကလည်း ကျွမ်းကျင်သူများကို အခွင့်အရေးသမားများဟု မြင်၍မသင့်ပါ။ ကိုယ့်မှာမရှိသည့် အရည်အချင်းမှာ သူ့မှာရှိသည့်အတွက် နိုင်ငံတည် ဆောက်ရေးကို ပူးပေါင်း၍ လုပ်ဆောင်နိုင်ရမည်ဖြစ်သည်။ အခြားနိုင်ငံများကို အမီလိုက်ရန် အစွမ်းကုန် လုပ်ဆောင်ရမည်ဟူသောအသိဖြင့် ပူးပေါင်း ဆောင်ရွက်နိုင်လျှင် နိုင်ငံအတွက် အပေါင်းလက္ခဏာထက် အမြောက်လက္ခဏာ တိုးတက်ဖြစ်ထွန်းမှုများ တွေ့ကြုံလာမည်ဖြစ်သည်။ စာရေးသူအနေဖြင့် မျိုးဆက်တစ်ခုကို အင်အားများ အဟောသိကံ ဖြစ်သွားမည်ကို မလိုလားပါ။ ၈၈မျိုးဆက်သည် နိုင်ငံတည်ဆောက်ရေးကို အင်အားအပြည့်ဖြင့် အားသွန် ခွန်စိုက် လုပ်ဆောင်နေခြင်းကို စာရေးသူအပါအဝင်၊ ပြည်သူများပါ တွေ့မြင်လိုလားသည်ကို သိစေချင်ပါသည်။

*****************************************


Google Docs makes it easy to create, store and share online documents, spreadsheets and presentations.
Logo for Google Docs

0 comments:

Post a Comment